ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၈၈-စာ. ၉၆ ပိုဒ်. ၂
  • ကျွန်တော် ဒီနေရာကနေ စချင်တယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်တော် ဒီနေရာကနေ စချင်တယ်
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဂျာဗားကျွန်းမှာ ဟောပြောခြင်း
  • ဆူမားတြားကျွန်းမှာ သတင်းကောင်းကြားရ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၈၈-စာ. ၉၆ ပိုဒ်. ၂
ဂျာဗားကျွန်း၊ ဆမာရမ်မြို့က သက်သေခံများ (၁၉၃၇ ခုနှစ်ခန့်)

ဂျာဗားကျွန်း၊ ဆမာရမ်မြို့က သက်သေခံများ (၁၉၃၇ ခုနှစ်ခန့်)

အင်ဒိုနီးရှားနိုင်ငံ

“ကျွန်တော် ဒီနေရာကနေ စချင်တယ်”

ဩစတြေးလျ ဌာနခွဲအမှုထမ်း အလက်ဇန္ဒား မက်ဂီလာဗရေးဟာ ကိစ္စတစ်ခုကိုစဉ်းစားရင်း ရုံးခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ အဲဒီကိစ္စကြောင့် ဦးနှောက်ခြောက်နေတာ ရက်အတော်ကြာပြီ။ နောက်ဆုံးတော့ အဖြေတွေ့သွားတယ်။ အခု ညီအစ်ကိုဖရန့် ရိုက်စ်နဲ့ စကားပြောရတော့မယ်။

၁၉၃၁ ကနေ ၁၉၅၀ ပြည့်နှစ်အထိ အင်ဒိုနီးရှားရဲ့ ကြေညာသူနဲ့ ရှေ့ဆောင် အရေအတွက် ဖော်ပြတဲ့ဇယား

အသက် ၂၈ နှစ်ရှိတဲ့ ဖရန့်ဟာ ကော်လ်ပေါ်တာ (ရှေ့ဆောင်) ဖြစ်ပြီး ဌာနခွဲရုံးကိုရောက်နေတာ အပတ်အတော်ကြာပြီ။ ဆယ်ကျော်သက်အရွယ်မှာ အမှန်တရားသိလာပြီး မကြာခင်မှာ ကော်လ်ပေါ်တာ စလုပ်ခဲ့တယ်။ မြင်း၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ နောက်တွဲယာဉ်တွေနဲ့ ဩစတြေးလျတစ်ခွင် ခရီးလှည့်လည်ပြီး ၁၀ နှစ်ကျော် ဟောပြောခဲ့တယ်။ အခု ဌာနခွဲရုံးမှာ ခဏနားပြီး နောက်တာဝန်အသစ်အတွက် အဆင်သင့်ဖြစ်နေပြီ။

ညီအစ်ကို မက်ဂီလာဗရေးက ဖရန့်ကို ရုံးခန်းထဲခေါ်ပြီး ဩစတြေးလျမြောက်ပိုင်းက ကျွန်းတွေရဲ့မြေပုံကို ပြတယ်။ ပြီးတော့ “ဒီနေရာမှာ ဟောပြောခြင်းလုပ်ငန်းကို စလုပ်ရမယ်။ ခင်ဗျား ဘယ်လိုသဘောရသလဲ။ ဒီကျွန်းတွေမှာ သက်သေခံတစ်ယောက်မှ မရှိသေးဘူး” လို့ပြောတယ်။

ဖရန့်က အိန္ဒိယသမုဒ္ဒရာထဲမှာ ပုလဲလုံးတွေလိုတောက်ပနေတဲ့ နယ်သာလန်အရှေ့အင်ဒီးစ် (အခု အင်ဒိုနီးရှား)a ကျွန်းစုတန်းကို စိတ်ဝင်တစားကြည့်နေတယ်။ ဒီကျွန်းတွေမှာ နိုင်ငံတော်သတင်းကောင်း မကြားရသေးသူ သန်းပေါင်းများစွာ ရှိနေတာ။ ဖရန့်က မြို့တော်ဘာတာဗီးယား (အခု ဂျကာတာ) ကိုထောက်ပြပြီး “ကျွန်တော် ဒီနေရာကနေ စချင်တယ်” လို့ပြောလိုက်တယ်။

ဂျာဗားကျွန်းမှာ ဟောပြောခြင်း

၁၉၃၁ ခုနှစ်မှာ ဖရန့်ဟာ ဂျာဗားကျွန်းရဲ့ လူစည်ကားတဲ့မြို့တော် ဂျကာတာကို ရောက်လာတယ်။ မြို့လယ်ကောင်နားမှာ အိမ်ခန်းငှားပြီး စာအုပ်ပုံးတွေ အပြည့်ထည့်ထားတော့ အိမ်ရှင်အမျိုးသမီးလည်း အံ့သြနေတာပေါ့။

ဂျကာတာမြို့မှာ ဖရန့် ရိုက်စ်နဲ့ ကလယ်မ် ဒေးရှမ်

ဂျကာတာမြို့မှာ ဖရန့် ရိုက်စ်နဲ့ ကလယ်မ် ဒေးရှမ်

ဖရန့် ဒီလိုပြောပြတယ်– “အစမှာတော့ အိမ်ကိုသိပ်လွမ်းတယ်။ တခြားသူတွေက အဖြူရောင်ချည်သားဝတ်စုံနဲ့ ဖော့ဦးထုပ်ဆောင်းပြီး ပေါ့ပေါ့ပါးပါးသွားလာနေချိန်မှာ ကျွန်တော်ကတော့ ပူအိုက်တဲ့ ဩစတြေးလျဝတ်စုံကြီးနဲ့လေ။ ဒတ်ချ်စကားလည်းမတတ်၊ အင်ဒိုနီးရှားစကားလည်းမတတ်။ ဒါနဲ့ ယေဟောဝါဆီ ဆုတောင်းပြီး စီးပွားရေးရပ်ကွက်ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ အင်္ဂလိပ်စကားပြောတတ်တဲ့သူ တစ်ယောက်ယောက်တော့ ရှိမှာပဲ။ အဲဒီနေရာကနေ စဟောလိုက်တာ အခုဆို ဒီနိုင်ငံမှာ သီးပွင့်ဖြစ်ထွန်းနေပြီ။”

ဒေသခံတွေက ဒတ်ချ်စကားပြောတော့ သူလည်း ဒတ်ချ်စကားသင်ယူပြီး တစ်အိမ်တက်ဆင်း စဟောတယ်။ အင်ဒိုနီးရှားစကားကိုလည်း တဖြည်းဖြည်း သင်ယူခဲ့တယ်။ သူဒီလိုပြောပြတယ်– “အဓိကပြဿနာက အင်ဒိုနီးရှားစကားနဲ့ စာပေတွေမရှိတာပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့လမ်းညွှန်မှုကြောင့် အမှန်တရားစိတ်ဝင်စားတဲ့ အင်ဒိုနီးရှားကျောင်းဆရာတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာရှိနေကြသလဲ စာအုပ်ငယ်ကို ဘာသာပြန်ပေးတယ်။ နောက်ပိုင်း တခြားစာအုပ်ငယ်တွေကိုလည်း ဘာသာပြန်ပေးတယ်။ ဒါကြောင့် အင်ဒိုနီးရှားစကားပြောသူတွေ အမှန်တရားကို စိတ်ဝင်စားလာကြတယ်။”

၁၉၃၁၊ နိုဝင်ဘာလမှာ ဩစတြေးလျက ရှေ့ဆောင်နှစ်ယောက်ဖြစ်တဲ့ ၂၅ နှစ်အရွယ် ကလယ်မ် ဒေးရှမ်နဲ့ ၁၉ နှစ်အရွယ် ဘီလ် ဟမ်တာတို့ ဂျကာတာမြို့ကို ရောက်လာတယ်။ သူတို့နဲ့အတူ နောက်တွဲယာဉ်တစ်စီးလည်း ပါလာတယ်။ ဒါဟာ အင်ဒိုနီးရှားမှာတော့ ဦးဆုံးနောက်တွဲယာဉ်ပဲ။ ဒတ်ချ်စကားနည်းနည်း သင်ယူပြီးတာနဲ့ ဂျာဗားကျွန်းပေါ်က မြို့ကြီးတွေမှာ သူတို့ စဟောတော့တယ်။

စက်ဘီးနဲ့နောက်တွဲယာဉ်ဘေးမှာ ရပ်နေတဲ့ ချားလ် ဟားရစ္စ

အောက်ညာ– စက်ဘီးနဲ့နောက်တွဲယာဉ်သုံးပြီး သက်သေခံနေတဲ့ ချားလ် ဟားရစ္စ

ကလယ်မ်နဲ့ ဘီလ်တို့ရောက်လာပြီး မကြာခင် ဩစတြေးလျက ထက်သန်တဲ့ရှေ့ဆောင် ချားလ် ဟားရစ္စ ရောက်လာတယ်။ ၁၉၃၅ ခုနှစ်ကစပြီး ချားလ်ဟာ စက်ဘီးနဲ့နောက်တွဲယာဉ်သုံးပြီး ဂျာဗားကျွန်းအနှံ့ ဟောတယ်။ အာရဘီ၊ တရုတ်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ အင်ဒိုနီးရှားဘာသာစကားနဲ့ စာပေတွေ ဝေငှတယ်။ တချို့နှစ်တွေမှာ စာပေ ၁၇,၀၀၀ လောက် ဝေငှတယ်။

ချားလ် ဝေငှတဲ့စာပေတွေ များလွန်းလို့ လူတွေသတိထားမိလာတယ်။ တစ်ကြိမ်မှာ ဂျကာတာမြို့က အရာရှိတစ်ယောက်က ကလယ်မ် ဒေးရှမ်ကို “အရှေ့ဂျာဗားမှာ မင်းတို့လူတွေ ဘယ်နှယောက်ရှိလဲ” လို့မေးတယ်။

“တစ်ယောက်တည်းပါ” လို့ပြန်ဖြေတော့

အရာရှိက “ငါမယုံဘူး။ နေရာတကာမှာ မင်းတို့စာပေတွေ ရောက်နေတာကိုကြည့်ရင် အဖွဲ့ဝင်တွေအများကြီးရှိရမယ်” လို့ ဒေါသတကြီးပြောတယ်။

ရှေ့ဆောင်တွေဟာ လူများနိုင်သမျှ များများဆီရောက်ဖို့ မနားတမ်းလုပ်ဆောင်ခဲ့ကြတယ်။ “ကျွန်းရဲ့တစ်ဖက်စွန်းကနေ နောက်တစ်ဖက်စွန်းအထိ ဟောကြတယ်။ တစ်ယောက်ယောက်ကို နှစ်ခါဟောတာမျိုးတောင် မရှိသလောက်ပဲ” လို့ ဘီလ် ဟမ်တာပြောတယ်။ လမ်းတစ်လျှောက် သူတို့ကြဲခဲ့တဲ့ အမှန်တရားမျိုးစေ့တွေဟာ နောက်ပိုင်းမှာ အကြီးအကျယ် သီးပွင့်ဖြစ်ထွန်းလာတယ်။—ဒေ. ၁၁:၆; ၁ ကော. ၃:၆။

ဆူမားတြားကျွန်းမှာ သတင်းကောင်းကြားရ

၁၉၃၆ ခုနှစ်လောက်မှာ ဂျာဗားကျွန်းကရှေ့ဆောင်တွေဟာ ဆူမားတြားကျွန်းမှာ လုပ်ငန်းတိုးချဲ့ဖို့ ဆွေးနွေးကြတယ်။ ဆူမားတြားကျွန်းဟာ ကမ္ဘာပေါ်မှာ ခြောက်ခုမြောက်အကြီးဆုံးကျွန်းပါ။ ကျောက်ဆောင်ပေါများပြီး အီကွေတာမျဉ်းကို ခွလျက်တည်ရှိတယ်။ မြို့ကြီးတွေ၊ ဥယျာဉ်ခြံတွေ၊ စိမ့်တောကြီးတွေနဲ့ မိုးသစ်တောကြီးတွေ ရှိတယ်။

ရှေ့ဆောင်တွေက ညီအစ်ကိုဖရန့်ကိုသွားခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့ရဲ့ ရှိစုမဲ့စုငွေကို လမ်းစရိတ်သုံးဖို့ ပေးလိုက်ကြတယ်။ ဖရန့်လည်း အမှုဆောင်အိတ်နှစ်လုံး၊ စာအုပ်ပုံး ၄၀၊ ငွေနည်းနည်းနဲ့ ဆူမားတြားမြောက်ပိုင်း မီဒမ်မြို့ကိုရောက်လာတယ်။ သူက ယုံကြည်ခြင်းခိုင်ခံ့တဲ့သူပါ။ ဒီတာဝန်ကိုလုပ်ဆောင်နိုင်ဖို့ လိုအပ်တာတွေကို ယေဟောဝါ ပြင်ဆင်ပေးမယ်ဆိုတာ ယုံကြည်ပြီး ချက်ချင်းစဟောတော့တယ်။—မ. ၆:၃၃။

မီဒမ်မြို့မှာဟောပြောတဲ့ နောက်ဆုံးအပတ်အတွင်း ဖော်ရွေတဲ့ ဒတ်ချ်လူကြီးတစ်ယောက်နဲ့တွေ့တယ်။ သူနဲ့အတူ ကော်ဖီသောက်ရင်း တစ်ကျွန်းလုံးမှာ သတင်းကောင်းဟောဖို့ ကားတစ်စီးလိုတဲ့အကြောင်း ဖရန့်ပြောပြတယ်။ အဲဒီလူက ခြံထဲမှာရှိတဲ့ကားပျက်ကိုပြပြီး “ဒီကားကို ခင်ဗျားပြင်နိုင်ရင် ဂိလ်ဒါ ၁၀၀b နဲ့ယူသွား” လို့ပြောတယ်။

“ကျွန်တော့်မှာ ဂိလ်ဒါ ၁၀၀ မရှိဘူး” လို့ ဖရန့်ပြောလိုက်တယ်။

အဲဒီလူက ဖရန့်ကို စိုက်ကြည့်ပြီး “ဆူမားတြားတစ်ကျွန်းလုံးမှာ ခင်ဗျားတကယ်ဟောချင်တာလား” လို့မေးတယ်။

“ဟောချင်တာပေါ့” လို့ဖြေတော့

“ဒါဆို ဒီလိုလုပ်၊ ကားကိုပြင်နိုင်ရင် ယူသွားဗျာ။ ပိုက်ဆံကတော့ နောက်အဆင်ပြေမှပေး” လို့ပြောတယ်။

ဖရန့်လည်း ကားကိုပြင်လိုက်တော့ ကောင်းကောင်းမောင်းလို့ရသွားတာပေါ့။ “ဒါနဲ့ ကားထဲမှာ စာပေအပြည့်၊ ဆီအပြည့်ထည့်ပြီး ယုံကြည်ခြင်းအပြည့်နဲ့ ဆူမားတြားကျွန်းသားတွေကို ဟောဖို့ထွက်လာတယ်” လို့သူရေးခဲ့တယ်။

ဆူမားတြားမှာ ဟင်နရီ ကတ်ခ်မန်း၊ ကလယ်မ် ဒေးရှမ်နဲ့ ဂျန် (၁၉၄၀ ပြည့်နှစ်)

ဆူမားတြားမှာ ဟင်နရီ ကတ်ခ်မန်း၊ ကလယ်မ် ဒေးရှမ်နဲ့ ဂျန်၊ ၁၉၄၀ ပြည့်နှစ်

တစ်နှစ်အကြာမှာ တစ်ကျွန်းလုံးကို ဟောပြီးသွားလို့ ဂျကာတာမြို့ကို ပြန်လာတယ်။ ကားကို ဂိလ်ဒါ ၁၀၀ နဲ့ရောင်းပြီး မီဒမ်မြို့က ဒတ်ချ်လူကြီးဆီ ငွေပို့ပေးလိုက်တယ်။

အပတ်အနည်းငယ်ကြာတော့ ဩစတြေးလျက စာတစ်စောင် ရောက်လာတယ်။ ဖရန့်ကို တာဝန်အသစ်ခန့်အပ်တဲ့စာပေါ့။ သူလည်း ချက်ချင်းအထုပ်အပိုးပြင်ပြီး အင်ဒိုချိုင်းနား (အခု ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်) မှာ လုပ်ငန်းစဖို့ ထွက်သွားတယ်။

a အရင်တုန်းက ဒတ်ချ်အရှေ့အင်ဒီးစ်လို့လည်း ခေါ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ဒတ်ချ်တွေဟာ အမြတ်အစွန်းများတဲ့ ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်ရေးကို အခြေခံပြီး ဒီနိုင်ငံမှာ ကိုလိုနီနယ်မြေ တည်ထောင်ခဲ့တယ်။ ဒီစာအုပ်မှာတော့ အခုခေတ်သုံး နာမည်တွေကိုပဲ သုံးသွားပါမယ်။

b ဟော်လန်နိုင်ငံသုံးငွေဖြစ်ပြီး ယူအက်စ်ဒေါ်လာ ၁,၁၀၀ နဲ့ညီမျှတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ