ဖိလစ်ပိုင်
အုန်းပင်များ၊ ထူထပ်စွာပေါက်ရောက်နေသော အပူပိုင်းသစ်ပင်များ၊ အဖြူရောင် သဲသောင်ကမ်းခြေများ၊ လှပသောပင်လယ်ပြင်များ—ယင်းတို့အားလုံးသည် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလုံးနီးပါးတွင် ပေါင်းစုတည်ရှိနေသည်။ ကျွန်းပေါင်း ၇,၁၀၀ ခန့်ရှိသော ဤကျွန်းစုကို အရှေ့တိုင်းပင်လယ်ပြင်မှပုလဲဟု ခေါ်ဆိုခဲ့ကြသည်။ ယင်း၏ဆွဲဆောင်မှုကို အားဖြည့်ပေးသည့်အရာမှာ အဆိုအကကို အလွန်နှစ်သက်ခုံမင်ကြသော ခပ်ပျော်ပျော်နေတတ်သည့် လူများဖြစ်သည်။ ဤကျွန်းနိုင်ငံသို့ သင်လည်ပတ်ဖူးမည်ဆိုလျှင် ထိုတွင်နေထိုင်ကြသည့် ဖော်ရွေပြီး ချောမောလှပသူများတင်ပြသော ထူးခြားသည့် ဧည့်ဝတ်ကျေပွန်မှုကို သင်ဘယ်တော့မျှမေ့မည်မဟုတ်ပါ။
သို့သော် လူများစွာသည် ဖိလစ်ပိုင်နိုင်ငံကို လုံးလုံးကွဲပြားခြားနားသောအမြင်ဖြင့်—ဘေးသင့်နေသည့်ဒေသဟု ရှုမြင်ကြသည်။ ပင်နာတူဘို မီးတောင်ပေါက်ကွဲ၍ ယင်းမှစီးဆင်းလာသော ရွှံ့နွံချော်ရည်များကြောင့် မြို့များ ပျက်စီးခဲ့သည့်အဖြစ်ကို သင်မှတ်မိကောင်းမှတ်မိပေမည်; သို့မဟုတ် ဒေါန့်န် ပေါ့စ် ကူးတို့ရေယာဉ်နှင့် ရေနံတင်သင်္ဘောတိုက်မိ၍ လူထောင်နှင့်ချီသေဆုံးခဲ့သည့် ကမ္ဘာ့အဆိုးရွားဆုံး ပင်လယ်ဘေးဒုက္ခကြီးကို သင်သတိရပေမည်။ ဘယ်လ်ဂျီယံနိုင်ငံ ဘေးဒုက္ခသုတေသနအဖွဲ့ချုပ်က ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဘေးဒုက္ခအများဆုံး ကြုံရသောနိုင်ငံဟူ၍ ဖော်ပြခဲ့သည်။ တိုင်ဖွန်းမုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများ၊ မြေငလျင်များနှင့် မီးတောင်ပေါက်ကွဲမှုများသည် ဖြစ်နေကျအရာများဖြစ်သည်။ ထို့ပြင် ပြည်သူအများစုမှာ စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်၊ ထိုအခက်အခဲများရှိသည့် လှပသောတိုင်းပြည်ကို သင်ပုံဖော်ကြည့်ပါ။
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလုံးရှိ ယေဟောဝါသက်သေများသည် ထိုနိုင်ငံတွင် နေထိုင်ကြသူ ၈၀,၀၀၀,၀၀၀ ကိုကျမ်းစာသမ္မာတရားသိစေသည့်လုပ်ငန်း၌ အလုပ်များနေကြသည်။ ယင်းသည် လွယ်ကူသောအလုပ် မဟုတ်ပါ။ သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုကို မဆိုထားနှင့်၊ အလွန်များသော ကျွန်းငယ်များ၊ အလွန်ဝေးလံသောဒေသရှိ တောင်တန်းများ၊ တောနက်များ၌ နေထိုင်ကြသော လူတို့ထံရောက်ရှိရန် စိန်ခေါ်ချက်များစွာရှိ၏။ သို့တိုင် အမှုတော်ကို ဆောင်ရွက်နေကြသည်။ ယေဟောဝါ၏လူမျိုးသည် အခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့ရသော်လည်း အခြေအနေနှင့် လိုက်လျောညီထွေနေတတ်သော ထူးခြားသည့်အရည်အချင်းကို တင်ပြခဲ့ကြသည်။ ထို့ကြောင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ယေဟောဝါ၏ကောင်းချီးကို သူတို့ခံစားခဲ့ကြသည်။
ဖိလစ်ပိုင်ရှိသက်သေခံများသည် ယေရုရှလင်မြို့၌ စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်လိုသော ရှေးခေတ်ဣသရေလလူမျိုးနှင့် အချို့သောအနေအထားများတွင် ဆင်တူသည်။ ဣသရေလလူမျိုးသည် “ထာဝရဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ဝမ်းမြောက်ကြလော့” ဟူသော နေဟမိ၏စကားများမှ ခွန်အားရရှိခဲ့ကြသည်။ (နေ. ၈:၁၀) စိန်ခေါ်ချက်များကို ရင်ဆိုင်ခဲ့ကြရသော်လည်း ဣသရေလလူမျိုးသည် ယေဟောဝါ၏ဝတ်ပြုရေး မြှင့်တင်ခြင်းလုပ်ငန်းတွင် ရွှင်လန်းစွာ ဆက်ဆောင်ရွက်ခဲ့ကြသည်။ နေဟမိခေတ်က ဣသရေလလူမျိုးနည်းတူ ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလုံးရှိ ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ညွှန်ကြားခြင်းခံနေကြသည်။ သူတို့သည်လည်း ယေဟောဝါပေးတော်မူသောအခွင့်နှင့် အားယူ၍ဝမ်းမြောက်နေကြသည်။
သမ္မာတရားအလင်း ဦးဆုံးထွန်းလင်းပုံ
ဖိလစ်ပိုင်နိုင်ငံသည် အာရှတိုက်တွင် ရိုမန်ကက်သလစ်စိုးမိုးသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ခြင်းမှာ ထူးခြားသည်။ မူလက ဖိလစ်ပိုင်လူမျိုးများ၌ တိုင်းရင်းသားဘာသာရှိသည်၊ သို့သော် အနှစ် ၃၀၀ ကျော် စပိန်တို့၏အုပ်ချုပ်မှုကြောင့် ကက်သလစ်အယူဝါဒ လွှမ်းမိုးခဲ့သည်။ အခြားဘာသာရေးပုံစံသို့ ဝင်ရောက်စေနိုင်သည့် အမေရိကန်ပြည်ထောင်စု၏ ရာစုနှစ်ဝက်ကြာ အုပ်ချုပ်မှုရှိခဲ့သော်လည်း ပျံ့နှံ့နေပြီဖြစ်သော ကက်သလစ်ဘာသာမှာ ဆက်လက်တည်ရှိခဲ့သည်။ ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်သည် ထိုဘာသာကို သက်ဝင်ယုံကြည်ကြသည်။
၁၉၁၂ ခုနှစ်တွင် ယေဟောဝါသက်သေများကို ကျမ်းစာကျောင်းသားများအဖြစ် သိရှိခဲ့ကြပြီး သူတို့တွင် ဦးဆောင်သူ ချားလ်စ် တီ. ရပ်စယ်လ်သည် ကမ္ဘာလှည့်ဟောပြောသည့်ခရီးစဉ်တွင် မနီလာမြို့၌ ရပ်နားခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်တွင် သူသည် မနီလာမြို့ရှိ ဂရင်းဇာတ်ရုံတွင် “လူသေများ အဘယ်နေရာတွင်ရှိသနည်း” အကြောင်းကို ဟောပြောခဲ့သည်။ တက်ရောက်သူများကို စာပေများ ဝေငှခဲ့သည်။
၁၉၂၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ကနေဒါမှ ညီအစ်ကို ဝီလျံ တင်နီ သည် ကျမ်းစာကျောင်းသားများ၏ ကိုယ်စားလှယ်အဖြစ် ရောက်လာချိန်တွင် ပို၍များသော ကျမ်းစာသမ္မာတရားမျိုးစေ့များကို ကြဲခဲ့သည်။ သူသည် ကျမ်းစာလေ့လာမှု သင်တန်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ကျန်းမာရေးမကောင်းသောကြောင့် သူသည် ကနေဒါသို့ပြန်သွားခဲ့ရသော်လည်း စိတ်ဝင်စားသော ဖိလစ်ပိုင်လူမျိုးများသည် ကျမ်းစာလေ့လာမှုသင်တန်းကို ဆက်ပြုလုပ်ခဲ့ကြသည်။ စာပေစာတမ်းများကို စာတိုက်ဖြင့် ပို့ပေးခဲ့ခြင်းဖြင့် လူများ၏နှလုံး၌ သမ္မာတရားဆက်ရှင်သန်စေရန် အကူအညီဖြစ်ခဲ့သည်။ ထိုအခြေအနေသည် ၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းအထိ ရှိခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် သမ္မာတရားသတင်းကို ဖိလစ်ပိုင်နိုင်ငံ ကေဇက်အာရ်အမ် ရေဒီယိုအသံလွှင့်ဌာနမှ ထုတ်လွှင့်ပေးခဲ့သည်။
ထိုနှစ်တွင်ပင် ဂျိုးဇက် ဒိုစ် စန့်တိုစ် သည် ကမ္ဘာတစ်ဝန်း ဟောပြောခြင်းခရီးကို ဟာဝိုင်ယီမှ စတင်ခဲ့သည်။ သူသည် ဖိလစ်ပိုင်တွင် ဦးဆုံးရပ်နားခဲ့သည်၊ သို့သော် ဆက်၍ ခရီးမထွက်တော့ပါ။ ညီအစ်ကို ဒိုစ် စန့်တိုစ် သည် ထိုနိုင်ငံ၌ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ရန်နှင့် ဌာနခွဲရုံးတည်ထောင်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ဌာနခွဲရုံးကို ၁၉၃၄၊ ဇွန် ၁ တွင်စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ညီအစ်ကို ဒိုစ် စန့်တိုစ် သည် ယေဟောဝါအမှုတော်ဆောင်လိုသော ဒေသခံအနည်းငယ်နှင့်အတူ ဟောပြောခြင်းနှင့် စာပေစာတမ်းဝေငှခြင်းတွင် အလုပ်များနေခဲ့သည်။ ဆန့်ကျင်မှုများရှိသော်လည်း ၁၉၃၈ ခုနှစ်တွင် ထိုနိုင်ငံ၌ ကြေညာသူ ၁၂၁ ယောက်ရှိခဲ့ပြီး သူတို့ထဲမှ ၄၇ ယောက်သည် ရှေ့ဆောင်များအဖြစ် အမှုဆောင်ခဲ့ကြသည်။
အမေရိကန်တို့သည် လူများကို အင်္ဂလိပ်စာ သင်ပေးခဲ့ကြသော်လည်း သူတို့၏တိုင်းရင်းသားဘာသာစကားဖြင့် သမ္မာကျမ်းစာသင်ယူခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ညီအစ်ကိုများ သတိပြုမိခဲ့ကြသည်။ ယင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်ခဲ့သည်၊ အကြောင်းမှာ ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားဘာသာစကား ၉၀ နီးပါးခန့် ပြောဆိုကြသောကြောင့်ဖြစ်သည်။ သို့ရာတွင် စာပေစာတမ်းများကို အဓိကဘာသာစကားအချို့သို့ ဘာသာပြန်ရန် ကြိုးစားခဲ့ကြသည်။ ၁၉၃၉ ခုနှစ်တွင် ဌာနခွဲရုံးသည် ဤသို့မှတ်တမ်းပို့ခဲ့သည်– “ယခု ကျွန်ုပ်တို့သည် [ကျမ်းစာဟောပြောချက်များကို] တဂါးလော့ဂ်စကားဖြင့် အသံသွင်းနေကြသည်၊ ယင်းတို့ကို အသံချဲ့စက်၊ ဓာတ်ပြားစက်များနှင့်တွဲသုံးခြင်းဖြင့် သခင်၏ဘုန်းတော်ကို ပိုထင်ရှားစေမည်ဟု မျှော်လင့်ပါသည်။” ဘဏ္ဍာအမည်ရှိစာအုပ်ကို တဂါးလော့ဂ်ဘာသာသို့ ဘာသာပြန်ဆိုမှုလုပ်ငန်းအကြောင်းကိုလည်း ဖော်ပြခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် အဓိကဖိလစ်ပိုင်ဘာသာစကား အခြားလေးမျိုးဖြင့် စာအုပ်ငယ်များ ဘာသာပြန်ဆိုခြင်း ပြီးစီးခဲ့သည်၊ ထို့ကြောင့် နိုင်ငံတော်သတင်းကို ထိုနိုင်ငံအတွင်းရှိ လူအများစုနားလည်ရန် လမ်းပွင့်ခဲ့သည်။
ထိုနှစ်များအတွင်း သမ္မာတရားသတင်းကို တုံ့ပြန်သူများထဲတွင် ကျောင်းဆရာတစ်ဦးဖြစ်သူ ဖလိုရန်တီနို ခင်န်တိုစ် ပါဝင်သည်။ ၁၉၁၂ ခုနှစ်၊ မနီလာတွင် ညီအစ်ကို ရပ်စယ်လ်၏ဟောပြောချက်ကို ကိုယ်တိုင်တက်ရောက်ခဲ့သူတစ်ဦးနှင့် စကားစမြည်ပြောခဲ့ရာမှ ယေဟောဝါလူမျိုး၏ လုပ်ငန်းတချို့အကြောင်း သူဦးဆုံးစသိခဲ့ခြင်းဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် ဖလိုရန်တီနိုသည် ယေဟောဝါသက်သေတစ်ဦးထံမှ ကျမ်းစာအကြောင်း ဆွေးနွေးဖော်ပြထားသော အရောင်တောက်တောက်အဖုံးများဖြင့် ဖုံးထားသည့်စာအုပ် ၁၆ အုပ် ရရှိခဲ့သည်။ သို့ရာတွင် ဖလိုရန်တီနိုသည် ဆရာတစ်ဦးအဖြစ် အလုပ်များနေသောကြောင့် အရောင်မျိုးစုံရှိသော စာအုပ်များရှိသော်လည်း တော်တော်နှင့်မဖတ်ဖြစ်ခဲ့ပါ။ ထို့နောက် ရုတ်တရက်စစ်ဖြစ်လာပြီး ဂျပန်တပ်များ ကျူးကျော်ဝင်ရောက်လာသောကြောင့် ပုံမှန်လုပ်ငန်းဆောင်တာများ ရပ်တန့်သွားသည်။ ယခု ဖလိုရန်တီနိုတွင် စာဖတ်ချိန်ရှိနေပြီဖြစ်၍ ဖတ်ရှုခဲ့သည်။ အချိန်တိုအတွင်း သူသည် ဘဏ္ဍာ၊ ရန်သူများ၊ နှင့် ကယ်တင်ခြင်းစာအုပ်များကို ဖတ်ပြီးခဲ့သည်။ ဂျပန်လက်မှ ထွက်ပြေးဖို့လိုအပ်လာ၍ သူ၏ဖတ်ရှုမှု တစ်ဖန် ရပ်သွားပြန်သည်၊ သို့သော် သမ္မာတရားမျိုးစေ့သည် သူ၏နှလုံးတွင် အပင်ပေါက်လာခဲ့ပြီဖြစ်သည်။
ကမ္ဘာစစ်အကြား အလျင်အမြန်တိုးတက်မှု
ဒုတိယကမ္ဘာစစ်သည် ကျွန်းစုတစ်ခုလုံးတွင်ရှိသော ယေဟောဝါ၏ကျေးကျွန်များအတွက် စိန်ခေါ်ချက်အသစ်များကို ဖြစ်ပေါ်စေခဲ့သည်။ စစ်ကြီးအစတွင် ဖိလစ်ပိုင်၌ သက်သေခံ ၃၇၃ ယောက်ရှိခဲ့သည်။ လူနည်းစုသာဖြစ်ကြသော်လည်း စင်ကြယ်သောဝတ်ပြုရေး မြှင့်တင်ဖို့ သူတို့ကြိုးစားအားထုတ်ရာတွင် ထူးခြားသောဇွဲထက်သန်မှုနှင့် ပြောင်းသာလွှဲသာရှိမှုတို့ကို တင်ပြခဲ့ကြသည်။
မနီလာမြို့မှ ညီအစ်ကိုအချို့သည် အခြားမြို့ငယ်များသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုဒေသတွင် ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ခဲ့ကြသည်။ စစ်ဖြစ်နေ၍ ကျမ်းစာစာပေများကို တင်သွင်းရန် မဖြစ်နိုင်ခဲ့ချေ၊ သို့သော် ညီအစ်ကိုများသည် စစ်မဖြစ်မီ သီးခြားအိမ်များတွင် စာပေများကို သိုလှောင်ခဲ့ကြသဖြင့် ဝေငှနိုင်ခဲ့ကြသည်။ သိုလှောင်ထားသောစာပေများ ကုန်သွားသည့်အခါ လူများကို စာအုပ်ငှားပေးခဲ့ကြသည်။
အချိန်ပြည့် သတင်းကောင်းကြွေးကြော်ရန် ကျောင်းဆရာအလုပ်မှထွက်ခဲ့သူ ဆာလ်ဗေဒေါ လီဝေ့ဂ် သည် စစ်ဖြစ်ချိန်တွင် မင်ဒင်နာအို ကျွန်းတွင် ရှိနေခဲ့သည်။ သူနှင့် အခြားညီအစ်ကိုများသည် တောနက်ထဲနှင့် တောင်ပေါ်ဒေသများသို့ ထွက်ပြေးခဲ့ကြသည်။ သူတို့သည် ထိုဒေသများတွင် သီအိုကရက်တစ်လုပ်ငန်းဆောင်တာများကို ဆက်လုပ်ဆောင်ခဲ့ကြသည်။ ဂျပန်စစ်တပ်၏ စစ်မှုမထမ်းမနေရအမိန့်ကို ရှောင်နိုင်ရန် သူတို့၏လုပ်ဆောင်မှုကို သတိကြီးစွာထား၍ ရွှေ့ပြောင်းလုပ်ဆောင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဂျပန်ဆန့်ကျင်ရေးပြောက်ကျားများက ညီအစ်ကိုများကို ဂျပန်သူလျှိုများဟု မယုံသင်္ကာဖြစ်ခဲ့ကြသည်။
အံ့ဩစရာမှာ ဂျပန်များ သိမ်းပိုက်ထားချိန်အတွင်း စည်းဝေးပွဲငယ်များကို ကျင်းပနိုင်သည့်အခွင့်အရေးများ ရှိခဲ့သည်။ မနီလာမြို့တွင် တိုက်နယ်စည်းဝေးပွဲတစ်ခုကျင်းပခဲ့ပြီး လူများစွာ တက်ရောက်ခဲ့သည်။ နောက်တစ်ခုကို လင်ဂင်ရန်မြို့တွင် ကျင်းပခဲ့သည်။ မြို့သူမြို့သားများသည် ကုန်တင်ကားများဖြင့်ရောက်ရှိလာကြသော လူစိမ်းများကိုတွေ့မြင်ရ၍ အံ့သြခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ အနှောင့်အယှက်မပေးခဲ့သောကြောင့် စည်းဝေးပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြသည်။
ယေဟောဝါသည် ယင်းလုပ်ဆောင်မှုအားလုံးအပေါ် ကောင်းချီးပေးခဲ့ပြီး သက်သေခံအရေအတွက် တိုးများလာခဲ့သည်။ စစ်ကြီးအစတွင် ယေဟောဝါအား ချီးမွမ်းသူ ၃၇၃ ယောက်သည် နောက်လေးနှစ်အတွင်းမှာပင် ၂,၀၀၀ ကျော်ဖြစ်လာသည်။
ညီအစ်ကို ဒိုစ် စန့်တိုစ် သည် ဖိလစ်ပိုင်ရှိ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း စီစဉ်ဖွဲ့စည်းမှုကို ဦးဆောင်ရန် တာဝန်ရရှိခဲ့သည်ကို အမှတ်ရပါ။ ၁၉၄၂၊ ဇန်နဝါရီတွင် သူ့ကို မနီလာရှိ ဂျပန်အကျဉ်းစခန်းတွင် အကျယ်ချုပ်နှင့် ထားခဲ့ကြသည်။ သို့ရာတွင် သူသည်လည်း ထက်သန်သောစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ “စခန်းထဲမှာ ကျွန်တော်တတ်နိုင်သလောက် လူများများကို သတင်းကောင်းဟောခဲ့တယ်” ဟုသူပြောခဲ့သည်။ စခန်းထဲနေထိုင်ရသည့်အခြေအနေသည် ခက်ခဲကြမ်းတမ်းပြီး လူများစွာသည် အစာငတ်သေဆုံးခဲ့ကြသည်။ ညီအစ်ကို ဒိုစ် စန့်တိုစ်ကို ထောင်ချသည့်အချိန်က အလေးချိန် ၁၃၅ ပေါင်ရှိခဲ့သော်လည်း ထောင်မှလွတ်ချိန်တွင် ပေါင် ၈၀ သာရှိတော့သည်။
အမေရိကန်တို့သည် ၁၉၄၅ ခုနှစ်တွင် အကျဉ်းသားများကို လွှတ်ပေးခဲ့ကြပြီး ညီအစ်ကိုဒိုစ် စန့်တိုစ်အား နေရင်းပြည်ဖြစ်သော ဟာဝိုင်ယီသို့ပြန်ရန် ကမ်းလှမ်းခဲ့သော်လည်း သူငြင်းဆိုခဲ့သည်။ အဘယ်ကြောင့်နည်း။ နိုင်ငံတော်လုပ်ငန်းတွင် သူပျော်မွေ့နေပြီး ဖိလစ်ပိုင်တွင် ယင်းလုပ်ငန်းရှေ့ဆက်တိုးတက်သည်ကို တွေ့မြင်ဖို့ သူလုပ်ဆောင်လိုခဲ့သည်။ ထို့ပြင် သူ့နေရာတွင် အစားဝင်မည့်သူလည်း မရောက်လာသေးပါ။ “အစားထိုးမယ့်ညီအစ်ကို မရောက်မချင်း ကျွန်တော်ဆက်နေဦးမယ်” ဟု ညီအစ်ကို ဒိုစ် စန့်တိုစ် ပြောခဲ့သည်။ ဂျိုးဇက် ဒိုစ် စန့်တိုစ် နှင့်ပတ်သက်၍ ဟီလာ့ရီအွန် အမိုရာဇ်က ဤသို့ဖော်ပြခဲ့သည်– “သူဟာ တကယ့်ကို အလုပ်ကြိုးစားတဲ့သူဖြစ်ပြီး ညီအစ်ကိုတွေရဲ့ ဝိညာဉ်ရေးလိုအပ်ချက်တွေအတွက် စိတ်ဝင်စားခဲ့တယ်။”
သာသနာပြုများ ရောက်ရှိလာ
ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုများသည် အထူးလေ့ကျင့်မှု မရရှိခဲ့ကြသော်လည်း စစ်ကြီးမဖြစ်မီနှင့် စစ်ဖြစ်စဉ်အတွင်း အစွမ်းကုန် လုပ်ဆောင်ခဲ့ကြသည်။ သို့ရာတွင် စစ်ကြီးပြီး၍ မကြာမီအချိန်တွင် အကူအညီရရှိခဲ့သည်။ ဂိလဒ်ကျောင်းဆင်းများဖြစ်သော အားလ် စတူးဝပ်၊ ဗစ်တာ ဝိုက်တ်နှင့် လိုရန်ဇို အယ်လ်ပီချီတို့သည် ၁၉၄၇၊ ဇွန် ၁၄ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြသည်။ နောက်ဆုံးတွင် ညီအစ်ကို ဒိုစ် စန့်တိုစ် နေရာတွင် အစားထိုးမည့်သူ ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် သူသည် ၁၉၄၉ တွင် သူ၏ဇနီး၊ ကလေးများနှင့်အတူ ဟာဝိုင်ယီသို့ ပြန်သွားခဲ့သည်။
ညီအစ်ကို စတူးဝပ်သည် ဌာနခွဲအမှုထမ်းအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုအစောပိုင်းနှစ်များတွင် ရောက်ရှိလာသော သာသနာပြုအများစုမှာ လယ်ကွင်းတွင် အမှုဆောင်ရန် တာဝန်ရရှိခဲ့ကြသည်။ သာသနာပြုများသည် ဂိလဒ်တွင် လေ့ကျင့်မှုရရှိထားသော အကျိုးကျေးဇူးအကြောင်း ဂိလဒ်ကျောင်းမှ ဖိလစ်ပိုင်သို့ စေလွှတ်ခြင်းခံရသူ ဗစ်တာ အမိုရာစ်က ဤသို့ပြန်ပြောပြသည်– “အမှုဆောင်လုပ်ငန်း စီစဉ်ဖွဲ့စည်းရာမှာ ဂိလဒ်ကျောင်းက အကူအညီအများကြီးဖြစ်စေခဲ့တယ်။ ညီအစ်ကိုတွေဟာ ဂိလဒ်ကျောင်းဆင်းတွေဆီက သင်ယူခဲ့ကြတယ်။ အကျိုးရလဒ်ကတော့ တိုးတက်မှုပါပဲ။ ၁၉၄၆ ခုနှစ်တုန်းက ကြေညာသူ ၂,၆၀၀ ပဲရှိခဲ့ပေမဲ့ ၁၉၇၅ မတိုင်မီ ၇၇,၀၀၀ နီးပါးအထိ ရှိလာခဲ့တယ်။” ညီအစ်ကိုသုံးဦး ဦးဆုံးရောက်လာပြီးနောက်ပိုင်းတွင် တခြားသာသနာပြုများ ရောက်ရှိလာခဲ့ကြသည်၊ သူတို့ထဲတွင် စီဘူးမြို့၌ အမှုဆောင်ခဲ့ကြသော ညီအစ်ကိုနှင့် ညီအစ်မ ဘရောင်း၊ ညီအစ်ကိုနှင့် ညီအစ်မ ဝေးလက်စ်၊ ဒယ်ဗာအိုမြို့တွင် အမှုဆောင်ခဲ့သော ညီအစ်ကိုနှင့် ညီအစ်မ အန်ဒါစန်စ်တို့ ပါဝင်သည်။ ထို့ပြင် ညီအစ်ကိုနှင့် ညီအစ်မ စတီးလ်၊ ညီအစ်ကိုနှင့် ညီအစ်မ စမစ်စ်၊ ညီအစ်ကို ဟက်တယ်နှင့် ဘရွန်းတို့လည်း ပါသည်။ နီးလ် ခေါအဝေးသည် ၁၉၅၁ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်။ သူသည် နောက်ပိုင်းတွင် ဒေသခံညီအစ်မတစ်ဦးဖြစ်သူ နေနီးတာနှင့် လက်ထပ်ခဲ့ပြီး သူသေဆုံးသည့် ၁၉၈၅ ခုနှစ်အထိ ဖိလစ်ပိုင်တစ်ဝန်းလုံးနီးပါးတွင် အမှုဆောင်ခဲ့ကြသည်။ ဗြိတိန်မှ ဒန်တန် ဟော့ပ်ကင်စင်နှင့် ရေမွန် လိချ်တို့သည် ၁၉၅၄ ခုနှစ်တွင် ရောက်ရှိလာခဲ့ကြပြီး သူတို့သည် ဖိလစ်ပိုင်တွင် အမှုဆောင်ခြင်းလုပ်ငန်း၌ ၄၈ နှစ်ကျော် ဆက်တိုက်ပါဝင်ခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်းခြင်း၊ တိုးချဲ့ခြင်းတို့တွင် နိုင်ငံခြားသား ဂိလဒ်ကျောင်းဆင်းများသာ လုပ်ဆောင်ခဲ့ကြခြင်းမဟုတ်ပါ။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုများသည်လည်း ဂိလဒ်ကျောင်းတက်ရန် ဖိတ်ခေါ်ခံခဲ့ရပြီး သူတို့အားလုံးနီးပါးသည် မိမိတို့နိုင်ငံတွင် အမှုဆောင်ရန် ပြန်လာခဲ့ကြသည်။ ဦးဆုံးသုံးဦးမှာ ဆာလ်ဗေဒေါ လီဝေ့ဂ်၊ အဒေါလ်ဖို ဒီအိုနီစ်ယိုနှင့် မက်ကာယို ဘစဝယ်လ်တို့ဖြစ်သည်။ အစပိုင်းတွင် ဖော်ပြခဲ့သော ဗစ်တာ အမိုရာစ်သည် သူလေ့ကျင့်သင်ယူခဲ့ရာကို နယ်လှည့်လုပ်ငန်းနှင့် ဗေသလတွင် အသုံးပြုခဲ့သည်။ သူသည် နောက်ပိုင်းတွင် မိသားစုကို ကြည့်ရှုခဲ့ရသော်လည်း အချိန်ပြည့်လုပ်ငန်းတွင် ပြန်လည်ပါဝင်ခဲ့သည်။ သူသည် နယ်လှည့်ကြီးကြပ်မှူးအဖြစ်နှင့် နောက်ပိုင်းတွင် သူ၏ဇနီး လိုလီတာနှင့်အတူ လဂွာနာပြည်နယ်တွင် အသက် ၈၀ နီးပါးအထိ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များတစ်လျှောက်
လုပ်ငန်းတော်သည် လျင်မြန်စွာတိုးတက်လာခဲ့သောကြောင့် ကြေညာသူအရေအတွက်သည် ၁၉၇၅ ခုနှစ်တွင် ၇၇,၀၀၀ ကျော်သို့ ဆက်တိုးတက်ခဲ့သည်။ အားလုံးကိုခြုံကြည့်မည်ဆိုလျှင် ယေဟောဝါ၏ကျေးကျွန်များသည် မိမိတို့၏ဝိညာဉ်ရေးကို ထိန်းသိမ်းခဲ့ကြပြီး ဘုရားသခင့်အမှုတော်ကို သစ္စာရှိစွာ ဆက်လက်ထမ်းဆောင်ခဲ့ကြသည်။ သို့ရာတွင် ၁၉၇၅ ခုနှစ်တွင် အစီအစဉ်စနစ်အဆုံး မရောက်လာသောကြောင့် များစွာသောသူတို့သည် ယေဟောဝါ၏အမှုဆောင်ခြင်းမှ ရပ်ဆိုင်းခဲ့ကြသည်။ ၁၉၇၉ ခုနှစ်တွင် ကြေညာသူအရေအတွက်သည် ၅၉,၀၀၀ အထိ ကျသွားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့သော ကော်နီလီယို ကနက်တက်က ဤသို့ပြောခဲ့သည်– “တချို့သူတွေဟာ ၁၉၇၅ ခုနှစ်ကြောင့် နှစ်ခြင်းခံခဲ့ပြီး သမ္မာတရားထဲမှာ နှစ်အနည်းငယ် နေခဲ့ကြတယ်။ ၁၉၇၅ ခုနှစ်နောက်ပိုင်းမှာ သူတို့ဟာ သမ္မာတရားကို ကျောခိုင်းသွားခဲ့ကြတယ်။”
သို့သော် အများစုမှာ ခရစ်ယာန်အမှုဆောင်ခြင်းအပေါ် တော်မှန်သောအမြင် ဆက်ရှိရန် အားပေးမှုသာ လိုအပ်ခဲ့သည်။ ထို့ကြောင့် ဌာနခွဲရုံးသည် အထူးဟောပြောချက်များပေးရန် စီစဉ်ခဲ့သည်။ ရလဒ်အနေနှင့် တက်ကြွလှုပ်ရှားနေသူများ အားပေးမှုခံရသည်သာမက တက်ကြွလှုပ်ရှားမှုမရှိသူများသည်လည်း ယေဟောဝါအား တက်တက်ကြွကြွ ချီးမွမ်းသူများဖြစ်လာကြရန် ကူညီပေးခြင်း ခံခဲ့ရသည်။ ဘုရားသခင့် အမှုတော်ဆောင်ခြင်းသည် ရက်စွဲတစ်ခုပေါ်မူမတည်ဘဲ ထာဝစဉ်အမှုဆောင်ရန်ဖြစ်ကြောင်း ညီအစ်ကိုများ သဘောပေါက်လာခဲ့ကြသည်။ ထိုအချိန်တွင် အရေအတွက် ခေတ္တလျော့နည်းသွားခဲ့သော်လည်း နိုင်ငံတော်ကြေညာများ သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။ စိတ်ဓာတ်ကျခြင်းဖြင့် ယေဟောဝါ၏ ကောင်းမြတ်မှုအားလုံးကို မေ့လျော့သွားခွင့်မပြုခဲ့ကြသူများသည် အမှန်ပင် ကောင်းချီးခံစားခဲ့ရသည်!
ဝေးခေါင်သောဒေသ—တောင်ပေါ်ဒေသများတွင် စတင်သက်သေခံခြင်း
ဖိလစ်ပိုင်နိုင်ငံအဖြစ် ဖွဲ့စည်းထားသော ထောင်နှင့်ချီသည့်ကျွန်းများသည် ပင်လယ်ပြင်ထဲတွင် ပြန့်ကျဲစွာတည်ရှိပြီး မြောက်မှ တောင်သို့ မိုင် ၁,၁၅၀ ရှိပြီး အရှေ့မှ အနောက်သို့ မိုင် ၇၀၀ ရှိသည်။ အချို့သောကျွန်းများတွင် လူမနေပါ၊ ကျွန်းအများစုသည် မြေမျက်နှာပြင်ကြမ်းတမ်းသော တောင်ထူသည့် ကျွန်းများဖြစ်သည်။ ထိုသို့သော ဝေးလံသည့်ဒေသများရှိ လူများထံရောက်ရှိရန်မှာ စိန်ခေါ်ချက်တစ်ခုဖြစ်သည်။
ထိုဒေသများထဲမှ တစ်ခုမှာ ကလင်းဂါ-အက်ပရာ့ဥပြည်နယ်ဖြစ်သည်။ မြောက်ပိုင်းလူဇုန်ကျွန်းရှိ ခေါဒီလဲရာဗဟိုတောင်တန်းတွင် လူများသည် လူမျိုးနွယ်စုအလိုက်၊ ရွာအလိုက် ကွဲပြားနေထိုင်ကြသည်၊ သူတို့တွင် ကိုယ်ပိုင်ဘာသာစကားနှင့် ထုံးတမ်းများ ရှိကြသည်။ ၂၀ ရာစုတွင် ခေါင်းဖြတ်သည့်ဓလေ့ကို စွန့်ခဲ့ကြပြီဖြစ်သော်လည်း ရွာအချင်းချင်းကြားတွင် ရန်လိုမှုများရှိပြီး အချင်းချင်းရန်မူတိုက်ခိုက် သတ်ဖြတ်ကြသည်။ ဟေရိုနီမို လက်စ်တီမော့က ဤသို့ပြောပြ၏– “အစောပိုင်းနှစ်တွေတုန်းက အဲဒီဒေသတွေဘက် အထူးရှေ့ဆောင်တွေကို စေလွှတ်ဖို့ မလွယ်ခဲ့ဘူး။ ဒေသခံလူတွေက ညီအစ်ကိုတွေကိုသတ်ဖို့ လိုက်ဖမ်းကြလိမ့်မယ်။”
ထို့ကြောင့် ထိုဒေသသို့ ညီအစ်မများကို စေလွှတ်ခဲ့သည်။ ဟေရိုနီမို ဤသို့ရှင်းပြခဲ့သည်– “သူတို့ဟာ အမျိုးသမီးတွေကိုတော့ မဖမ်းကြဘူး။ ထုံးတမ်းထဲမှာ အမျိုးသမီးတွေကို ထိခိုက်နာကျင်အောင် မလုပ်သင့်ဘူးဆိုတဲ့ သွန်သင်ချက်ပါတယ်။” ညီအစ်မများသည် ဒေသခံလူများကို သမ္မာတရားသင်ကြားပေးရာတွင် အကျိုးရှိခဲ့သည်။ သို့ဖြင့် နောက်ပိုင်းတွင် ဒေသခံများသည် နှစ်ခြင်းခံခဲ့ကြပြီး ရှေ့ဆောင်များဖြစ်လာခဲ့ကြသည်။ သူတို့သည် မိမိလူမျိုး၏ ယဉ်ကျေးမှုကို နားလည်သဘောပေါက်ပြီး မည်သို့ထိရောက်စွာ သက်သေခံရမည်ကို သိကြသည်။ သို့ဖြင့် ထိုတောင်တန်းများ တစ်လျှောက်လုံးတွင် “မုဆိုးများ” ပျံ့ နှံ့သွားခဲ့သည်—သမ္မာတရားကို အလိုရှိသူများအား ရှာဖွေရန်ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ကလင်းဂါ–အက်ပရာ့ဥပြည်နယ်တစ်ခုလုံးတွင် သက်သေခံအနည်းငယ်သာ ရှိခဲ့သည်; ယခုမူ ထိုဒေသတွင် တိုက်နယ်နှစ်ခုဖြစ်နေပြီ။
အလားတူပင်၊ နယ်ချင်းစပ်လျက်ရှိသော တောင်တန်းဒေသ အဖူဂါအိုပြည်နယ်၌ ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် သက်သေခံတစ်ယောက်မျှပင် မရှိခဲ့ချေ။ ရာစုနှစ်ချီ၍ လှေကားထစ်စိုက်ခင်းများကြားတွင် နေထိုင်ကြသူများထံ ဟောပြောရန် မှန်မှန်ရှေ့ဆောင်သုံးဦးကို တာဝန်ပေးခဲ့သည်။ အချိန်တန်သည့်အခါ ဒေသခံလူများသည် သမ္မာတရားကို စတင်လက်ခံခဲ့ကြသည်။ ယနေ့ ထိုဒေသတွင် ကြေညာသူ ၃၁၅ ယောက်ရှိသော အသင်းတော် ၁၈ ခုရှိနေပြီဖြစ်သည်။
သာ၍ဝေးသော မြောက်ပိုင်းအယ်ဘရာတောင်တန်းတွင် သက်သေခံတစ်ယောက်မျှ မရှိသေးသော ရွာများသို့ရောက်ရှိရန်မှာခက်ခဲသည်။ ထိုဝေးခေါင်သောဒေသများတွင် သတင်းကောင်းဟောပြောလိုစိတ်ပြင်းပြသော တိုက်နယ်ကြီးကြပ်မှူးတစ်ဦးသည် ထီးနက်ဒ်မြို့အနီးတွင် မိမိနှင့်အတူဟောပြောရန် အခြား ၃၄ ဦးကို ဖိတ်ခေါ်ခဲ့သည်။ (တ. ၁:၈) ထိုဒေသတွင် လူထုသယ်ယူပို့ဆောင်ရေး မရှိသောကြောင့် အုပ်စုသည် အိမ်ခြေ ၂၅၀ နီးပါးခန့်ရှိသော ရွာဆယ်ရွာသို့ရောက်ရှိရန် တောင်တန်းများကိုဖြတ်ကျော်၍ ခုနစ်ရက်ကြာ လမ်းလျှောက်ခဲ့ရသည်။
တိုက်နယ်ကြီးကြပ်မှူး ဤသို့ပြန်ပြောပြ၏– “လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကိုသယ်ပြီး တောင်ပေါ်လမ်းတွေတစ်လျှောက်သွားရတာဟာ တကယ့်စိန်ခေါ်ချက်ဖြစ်ခဲ့တယ်။ ခရီးစဉ်ခြောက်ညကြာတဲ့အထဲမှာ လေးညကို တောင်လေတိုက်တဲ့ လေဟာပြင်နဲ့ မြစ်ကမ်းနံဘေးမှာ အိပ်ခဲ့ရတယ်။” အချို့ရွာများသည် သတင်းကောင်းကိုမကြားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ တစ်နေရာတွင် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့ရာ ထိုသူက ဤသို့ပြောပြ၏– “လွန်ခဲ့တဲ့ နှစ်ဆယ့်ခုနစ်နှစ်က ယေဟောဝါသက်သေတွေ ကျွန်တော့်အဖေကို ဟောပြောခဲ့တယ်။ အဖေက ယေဟောဝါသက်သေတွေဆီမှာ သမ္မာတရားရှိတယ်လို့ ပြောခဲ့တယ်။” အားလုံးပေါင်းလိုက်လျှင် ထိုအုပ်စုသည် စာအုပ်ကြီး ၆၀၊ မဂ္ဂဇင်း ၁၈၆ စောင်၊ ဘရိုရှာ ၅၀ နှင့်ဝေစာ ၂၈၇ စောင်ဝေငှခဲ့ပြီး ကျမ်းစာသင်အံမှုကျင်းပပုံကို ပြသပေးခဲ့ကြသည်။
အခြားဝေးခေါင်သောဒေသများတွင် သက်သေခံခြင်း
ပလောန်ကျွန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ရှည်လျားကျဉ်းမြောင်းသောကျွန်းဖြစ်ပြီး မိုင် ၂၇၀ ရှည်သည်။ လူဦးရေပိုမိုထူထပ်သော ကျွန်းများ၏အဝေးတွင် တည်ရှိသောကြောင့် ပလောန်ကျွန်းသည် နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့လာသူများအပါအဝင် အမျိုးမျိုးသောလူမျိုးစုများနှင့် သီးခြားအခြေချနေထိုင်သူများစွာအတွက် သစ်တောအိမ်ရာဖြစ်သည်။ မည်သည့်တာဝန်ကိုမဆို လက်ခံရန်အသင့်ရှိသော သာသနာပြု ရေမွန် လိချ်သည် တိုက်နယ်ကြီးကြပ်မှူးအဖြစ် ထိုဒေသသို့ စေလွှတ်ခံခဲ့ရသည်။ ထိုဒေသတွင် သက်သေခံအနည်းငယ်သာရှိပြီး ခရီးဝေးနှင်ခဲ့သည်။ သူက ဤသို့ပြန်ပြောပြ၏– “၁၉၅၅ ကနေ ၁၉၅၈ အထိ အဲဒီဒေသမှာ ကျွန်တော်တာဝန်ကျခဲ့တယ်၊ ပလောန်ကျွန်းမှာ ကြေညာသူ ၁၄ ယောက်ပဲရှိတယ်။ သူတို့ဆီလည်ပတ်ဖို့ ရက်သတ္တပတ်ငါးပတ်ကြာတယ်။”
ထိုအချိန်မှစ၍ ခက်ခဲသောနယ်မြေဒေသဖြစ်သော်လည်း တိုးတက်မှုများရှိခဲ့သည်။ ယခု အသက် ၄၀ ကျော်ရှိပြီဖြစ်သည့် ဖီးဘီ လောတာသည် ပလောန်ကျွန်းတွင် အထူးရှေ့ဆောင်အဖြစ် ၁၉၈၄ ခုနှစ်တွင် စတင်အမှုဆောင်ခဲ့သည်။ သူသည် ဒူးမာရန်ကျွန်းတွင် အမှုဆောင်စဉ် ဖြစ်ပျက်ခဲ့သည့်အရာကို ဤသို့ပြန်ပြောပြသည်– “ဒီအိမ်ဟာ နောက်ဆုံးအိမ်ပဲဖြစ်မယ်ဆိုပြီး ကျွန်မတို့ သွားကြတယ်။ နောက်ထပ်အိမ် ရှိမယ်လို့မထင်ခဲ့ဘူး၊ ဒါပေမဲ့ နောက်တစ်အိမ် ရှိနေသေးတယ်!” ထိုအိမ်၏အနောက်ဘက် အုန်းပင်များကြားတွင် အုန်းခြံ၌ အလုပ်,လုပ်ကိုင်သော ဇနီးမောင်နှံ နေထိုင်ကြသည်။ ထို့ပြင် သူတို့သည် ကျမ်းစာကို စိတ်ဝင်စားခဲ့ကြသည်!
“ဒီအလုပ်ဟာ ယေဟောဝါရဲ့အမှုတော်ဆောင်ခြင်းမဟုတ်ဘူးဆိုရင် အဲဒီနေရာကို ကျွန်မ ဘယ်တော့မှ ပြန်သွားမှာမဟုတ်ဘူး။” ထိုနေရာသို့ရောက်ရန် ဖီးဘီနှင့် သူ၏အဖော်သည် အုန်းခြံများကိုဖြတ်၍ သဲနှင့် ကျောက်ပေါများသော ကမ်းခြေတစ်လျှောက် တစ်နေကုန် လမ်းလျှောက်သွားခဲ့ရသည်။ ဒီရေတက်ချိန်တွင် သူတို့သည် ဒူးလောက်ရှိသောရေတွင် လမ်းလျှောက်ခဲ့ရသည်။ အလှမ်းဝေးသောကြောင့် တစ်လလျှင် တစ်ခါသာသွားပြီး ရက်အတော်ကြာကြာနေရန် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ ယင်းကြောင့် အစားအစာ၊ စာအုပ်များ၊ မဂ္ဂဇင်းများနှင့် အဝတ်အပိုများကို သယ်ဆောင်သွားခဲ့ရသည်။
သူမ ဤသို့ပြောပြ၏– “နေပူပူ၊ ဆူးတွေကြားမှာ ပိုးမွှားတွေအကိုက်ခံရတဲ့အတွက် ကျွန်မတို့ တကယ့်ကို အနစ်နာခံခဲ့ရတယ်။ ကျွန်မတို့ဟာ ချွေးတွေစိုရွှဲပြီး ရောက်သွားတယ်။” သို့သော် စိတ်ဝင်စားသူထိုမောင်နှံသည် ကျမ်းစာလေ့လာမှုတွင် လျင်မြန်စွာတိုးတက်လာသည်ကို တွေ့ရသောကြောင့် သူတို့ပင်ပန်းရကျိုးနပ်ခဲ့ပါသည်။
ထိုမောင်နှံသည် သက်သေခံများနှင့် လေ့လာနေသည်ကို နှစ်ခြင်းအသင်းသားတစ်ဦးဖြစ်သူ မန်နေဂျာက သိရှိသွားသည့်အခါ အုန်းခြံအလုပ်မှ အတင်းထွက်ခိုင်းခဲ့သည်။ နောက်ပိုင်းတွင် ဖီးဘီသည် ဇနီးသည်ဖြစ်သူနှင့် ပြန်ဆုံတွေ့ရသည့်အခါ အံ့သြဝမ်းသာဖြစ်ခဲ့ရသည်။ သူသည် နှစ်ခြင်းခံပြီးရုံမျှသာမကပါ၊ ဖီးဘီပြောပြသည့်အတိုင်း “သူဟာ ခရိုင်စည်းဝေးကြီးမှာကျင်းပတဲ့ ရှေ့ဆောင်စည်းဝေးမှာ ကျွန်မနဲ့အတူထိုင်ခဲ့တယ်။” အလုပ်,လုပ်ဆောင်သူ၏ အသီးကောင်းကို တွေ့မြင်ရခြင်းသည် ရွှင်လန်းဖွယ်ပါတကား!
ဖိလစ်ပိုင်တောင်ပိုင်း မင်ဒနာအိုကျွန်းကြီးပေါ်တွင် ရောက်ရှိရန်ခက်ခဲသည့် ဒေသများစွာရှိသည်။ နေသန် စေဘော့လျိုစ်သည် ဇနီးနှင့်အတူ ထိုဒေသတွင် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်။ အသင်းတော်များထံ မလည်ပတ်သည့် သီတင်းပတ်များအတွင်း သူတို့သည် သီးခြားရပ်ကွက်များတွင် ဟောပြောရန် ကြိုးစားခဲ့ကြသည်။ အခြား ညီအစ်ကို၊ ညီအစ်မများကိုလည်း လိုက်ရန် ဖိတ်ခေါ်ခဲ့ကြသည်။ တစ်ခါက ထိုအုပ်စုသည် ရွာများစွာထံရောက်ရှိရန် မော်တော်ဆိုင်ကယ် ၁၉ စီးကို အသုံးပြုခဲ့သည်။ လမ်းများသည် ခက်ခဲကြမ်းတမ်းပြီး ရွှံ့ပေါများသည်၊ သက်သေခံများသည် တံတားမရှိသော မြစ်များ၊ ချောင်းများစွာကို ဖြတ်ကူးခဲ့ရသည်။ ထိုဒေသရှိ လူများသည် ငွေမရှိသော်လည်း ညီအစ်ကိုများ ယူလာပေးသော စာပေများအတွက် ကျေးဇူးတင်သည့်အနေနှင့် အိမ်လုပ်တံမြက်စည်းအနုများကို လှူဒါန်းကြသည်။ ညီအစ်ကိုများ အိမ်ပြန်ကြသောအခါ သူတို့၏မော်တော်ဆိုင်ကယ်တွင် တံမြက်စည်းများ သယ်ဆောင်လာသည်ကို မြင်ယောင်ကြည့်ပါ! နေသန် ဤသို့ပြောပြ၏– “ကျွန်တော်တို့အားလုံးဟာ မောပန်းနွမ်းနယ်စွာနဲ့ အိမ်ပြန်လာခဲ့ကြပေမဲ့ ယေဟောဝါရဲ့ အလိုတော်ကို ဆောင်ရွက်နေတယ်ဆိုတဲ့အသိကြောင့် ရွှင်လန်းမှုအပြည့်အဝ ခံစားခဲ့ကြတယ်။”
သတင်းကောင်းဟောပြောရန် ရနိုင်သမျှ နည်းမျိုးစုံကို အသုံးပြုခြင်း
မကြာသေးမီနှစ်များအတွင်း ယေဟောဝါအဖွဲ့အစည်းသည် နိုင်ငံတော်ဟောပြောသူများအား သက်သေခံခွင့်ရတိုင်း သက်သေခံရန် အားပေးခဲ့သည်။ ယင်းသည် ဤနိုင်ငံရှိ လူဦးရေထူထပ်သောဒေသများနှင့် အထူးသင့်လျော်ခဲ့သည်။ ဒယ်ဗာအို၊ စီဘူးကဲ့သို့သော မြို့ကြီးများနှင့် မနီလာမြို့တော်တွင် ကမ္ဘာတစ်ဝန်းရှိ အခြားမြို့ကြီးများနည်းတူ စီးပွားရေးလုပ်ငန်းများ၊ ရုံးများ၊ တိုက်ခန်းများနှင့် လုံခြုံရေးအစောင့်များရှိသော အိမ်ရာများရှိသည်။ ထိုနေရာများရှိ လူများထံရောက်ရှိရန် အဘယ်အရာ လုပ်ဆောင်ခဲ့ကြသနည်း။
မက်ကက်တီသည် မကြာသေးမီအချိန်အထိ မာလင် နက်ဗာရို အမှုဆောင်ခဲ့သော တိုက်နယ်ထဲတွင် ပါဝင်ခဲ့သည်။ ဓမ္မအမှုသင်တန်းကျောင်းဆင်း လူငယ်တစ်ဦးဖြစ်သူ မာလင်သည် အသင်းတော်သုံးခုက တာဝန်ယူရသော မက်ကက်တီစီးပွားရေးနယ်မြေတွင် ဟောပြောခြင်းလုပ်ငန်း စီစဉ်ဆောင်ရွက်ရန် ကြိုးစားအားထုတ်ခဲ့သည်။ ရှေ့ဆောင်များစွာပါဝင်သော ညီအစ်ကို၊ ညီအစ်မများကို ရွေးချယ်ခဲ့ပြီး ထိုဒေသတွင် ထိရောက်စွာလုပ်ဆောင်ရန် လေ့ကျင့်ပေးခဲ့သည်။ ကျမ်းစာသင်အံမှုများကို ထိုမြို့ထဲရှိ ဆိုင်စင်္ကြံများနှင့် ပန်းခြံများတွင် ကျင်းပကြသည်၊ ကျမ်းစာသင်သားအချို့သည် အစည်းအဝေးများကို တက်ရောက်နေကြပြီဖြစ်သည်။
ကိုရီ စန့်တိုစ်နှင့် သူမ၏သား ဂျက်ဖရီတို့နှစ်ဦးစလုံးသည် ရှေ့ဆောင်များဖြစ်ကြသည်။ သူတို့သည် နံနက်ပိုင်း လမ်းပေါ်သက်သေခံခြင်းလုပ်ငန်းတွင် ပါဝင်လေ့ရှိကြသည်၊ တစ်ခါတစ်ရံ နံနက် ၆ နာရီအချိန်တွင်ဖြစ်သည်။ ထိုအချိန်တွင် စက်ရုံ၌ ညဆိုင်းတာဝန်ကျ၍ အိမ်ပြန်သူများနှင့် သူတို့တွေ့ဆုံခဲ့သည်။ ဤလမ်းပေါ်သက်သေခံခြင်းကို ပြုလုပ်စဉ် သူတို့သည် ကျမ်းစာသင်အံမှုများကိုပင် ကျင်းပခဲ့ကြသည်။ ထိုနည်းဖြင့် အစပြုတွေ့ဆုံခဲ့သူအချို့သည် နှစ်ခြင်းခံသည်အထိ တိုးတက်ခဲ့ကြပြီ။
မြို့ပြင်တွင်လည်း ကြေညာသူများသည် အခြားသူများအား သက်သေခံဖို့ အခွင့်အလမ်းများရှာတွေ့ရန် နိုးနိုးကြားကြားရှိခဲ့ကြသည်။ အထူးရှေ့ဆောင်အဖြစ် ၂၈ နှစ်ကျော်အမှုဆောင်ခဲ့သူ နော်မ ဘလ်မက်စေဒက် သည် ကားစောင့်နေသော အမျိုးသမီးတစ်ဦးနှင့် စကားပြောခဲ့သည်။ နော်မ က “ဘယ်သွားမလို့လဲ” ဟုထိုအမျိုးသမီးကို မေးလိုက်သည်။
အမျိုးသမီးက “ကွာရီနို နယ်ကိုသွားမလို့” ဟုပြန်ဖြေသည်။
“ရှင်က အဲဒီဒေသကလား။”
“မဟုတ်ပါဘူး၊ ဒီအဖူဂါအိုမှာ စားဝတ်နေရေးသိပ်ခက်ခဲလို့ ကျွန်မရဲ့ခင်ပွန်းက အဲဒီကိုပြောင်းဖို့ ရည်ရွယ်ထားတယ်။”
ဤအခြေအနေက လူ့ပြဿနာများကို ဖြေရှင်းပေးမည့် ဘုရားသခင့်နိုင်ငံတော်အစိုးရနှင့်ပတ်သက်သော သတင်းကောင်းဝေမျှရန် နော်မအား လမ်းဖွင့်ပေးခဲ့သည်။ ထို့နောက် သူတို့လမ်းခွဲခဲ့ကြသည်။ နှစ်များကြာပြီးနောက် တိုက်နယ်စည်းဝေးပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦးသည် နော်မထံချဉ်းကပ်ပြီး နော်မနှင့် စကားပြောခဲ့သူဖြစ်ကြောင်း မိမိကိုယ်ကိုမိတ်ဆက်ခဲ့သည်။ သူမသည် ယခု နှစ်ခြင်းခံပြီးသူဖြစ်ပြီး သူမ၏ သမီးနှစ်ယောက်နှင့် ခင်ပွန်းသည် ကျမ်းစာသင်အံမှုတွင် ပျော်မွေ့နေကြသည်။
ကွေဇုန်စီးတီးရှိ ဌာနခွဲရုံးမှ ညီအစ်ကိုများသည် သက်သေခံဖို့ အခွင့်အရေးတိုင်းကို အသုံးပြုရန် နိုးနိုးကြားကြားရှိကြသည်။ ဥပမာ၊ ဖေလိခ်စ် စက်လန်ဂိုသည် အခြားသူများအား ဟောပြောရာတွင် သူ၏ဇွဲထက်သန်မှုကြောင့် လူသိများသည်။ ဗေသလတွင် အမှုဆောင်နေရင်းနှင့် မကြာခဏ အရန်ရှေ့ဆောင်လုပ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်အတွင်း နောက်ထပ်လူနေအဆောက်အအုံကို ဆောက်လုပ်နေစဉ် ဖေလိခ်စ်သည် အဆောက်အအုံအပြင်ဘက်၌ အလုပ်လုပ်ရန် ငှားထားသော အလုပ်သမားများကို စောင့်ကြည့်ခဲ့ရသည်။ သူသည် အင်ဂျင်နီယာချုပ်ထံ ချဉ်းကပ်ပြီး အလုပ်သမားများနှင့် စကားပြောခွင့် တောင်းဆိုခဲ့သည်။ ဖေလိခ်စ်ဤသို့ပြောပြ၏– “သူတို့နေ့လယ်စာစားပြီးတဲ့နောက် အင်ဂျင်နီယာက အလုပ်သမား ၁၀၀ ကျော်စုဝေးပေးထားတဲ့နေရာကို ကျွန်တော်သွားခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းအကြောင်းနဲ့ ကြီးစွာသောဒုက္ခမှာ ကပ်ကျော်ဖို့အတွက် အသိပညာလိုအပ်ကြောင်း ကျွန်တော်ပြောပြခဲ့တယ်။ ဘရိုရှာထည့်ထားတဲ့စာအုပ်ပုံးနဲ့ အသိပညာစာအုပ်ထည့်ထားတဲ့ စာအုပ်ပုံးတွေကိုပါ ကျွန်တော်ယူသွားတယ်။ အလုပ်သမားတွေဟာ ဘုရားသခင့် နှုတ်ကပါဌ်တော်လေ့လာဖို့ စိတ်ဝင်စားမယ်ဆိုရင် တစ်ယောက်တစ်အုပ်ယူနိုင်တယ်လို့ ကျွန်တော်ရှင်းပြခဲ့တယ်။” ဖေလိခ်စ်သည် ယေဟောဝါသက်သေများ၏ လုပ်ငန်းကို ကမ္ဘာတစ်ဝန်းတွင် မည်သို့ထောက်မကြောင်း ရှင်းပြခဲ့ပြီး အနီးရှိ အုန်းပင်တွင် စာပေစာတမ်းများနှင့် စာအိတ်တစ်ခုကို ချထားပေးခဲ့သည်။ အလုပ်သမားများစွာသည် စာအုပ် သို့မဟုတ် ဘရိုရှာတစ်စောင် ယူကြပြီး အများစုသည် အလှူငွေများကိုလည်း စာအိတ်ထဲတွင် ထည့်ခဲ့ကြသည်။
အင်ဂျင်နီယာချုပ်အပါအဝင် အချို့သူများသည် ကျမ်းစာလေ့လာဖို့ စိတ်ဝင်စားခဲ့ကြသည်။ ဖေလိခ်စ်သည် အင်ဂျင်နီယာချုပ်နှင့်အတူ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်းဘရိုရှာဖြင့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ နေ့လယ်နားချိန်အတွင်း ကျမ်းစာလေ့လာကြရန် စီစဉ်ခဲ့ကြသည်။ အင်ဂျင်နီယာက “ကျွန်တော် ဒီကနေသိလာတဲ့အကြောင်းတွေကို ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်မိတ်ဆွေတွေကို ရှင်းပြတယ်” ဟု ဖေလိခ်စ်ကို ပြောခဲ့သည်။ ထိုတွင် အလုပ်လုပ်သော အခြားအင်ဂျင်နီယာ နှစ်ယောက်အပြင် လုံခြုံရေးအမှုထမ်း၊ အတွင်းရေးမှူးမလေးနှစ်ယောက်တို့သည်လည်း ကျမ်းစာလေ့လာလိုကြသည်။ မှန်ပါသည်၊ အခွင့်အရေးရတိုင်း သက်သေခံခြင်းသည် ယေဟောဝါ၏ ကောင်းချီးများကို ခံစားရစေသည်။
သာသနာပြုများစွာ ရောက်ရှိလာ
နှစ်များတစ်လျှောက်တွင် လေ့ကျင့်မှုခံယူထားသော နိုင်ငံခြားသား သာသနာပြု ၆၉ ဦးသည် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် အကူအညီပေးရန် ဖိလစ်ပိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် နည်းမျိုးစုံ အသုံးပြုခဲ့ကြသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သော ဒန်တန် ဟော့ပ်ကင်စင်နှင့် ရေမွန် လိချ်တို့သည် အစပိုင်းတွင် သာသနာပြုများအဖြစ်နှင့် နောက်ပိုင်းတွင် နယ်လှည့်ကြီးကြပ်မှူးများအဖြစ် လယ်ကွင်းအမှုဆောင်ရန် တာဝန်ရရှိခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့သည် ဌာနခွဲရုံးတွင် တာဝန်ရရှိခဲ့ကြသည်။
၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အသစ်တပ်ဆင်ထားသော ပုံနှိပ်စက်လည်ပတ်ရာတွင် အကူအညီပေးဖို့ ဂိလဒ်ကျောင်းဆင်းများစွာ ရောက်ရှိလာသည်။ သူတို့ထဲတွင် ယခင်က အင်္ဂလန်နှင့် အိုင်ယာလန်တွင် အမှုဆောင်ခဲ့ကြသော ရော့ဘတ် ပေ့ဗ်နှင့် သူ၏ဇနီး ပက်ထရီကာတို့ ပါဝင်သည်။ ရော့ဘတ်သည် ဖိလစ်ပိုင်ဌာနခွဲရုံး စာပေပြုစုရေးဌာနကို တည်ထောင်ရာတွင် အကူအညီပေးခဲ့သူဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် သူတို့ကို ကမ္ဘာ့ဌာနချုပ်ရှိရာ အမေရိကန်ပြည်ထောင်စု၊ ဘရွတ်ကလင်၊ နယူးယောက်တွင် အမှုဆောင်ရန် ခေါ်လိုက်သောကြောင့် သူတို့ထွက်ခွာသည်ကို တွေ့သောသူတိုင်း ဝမ်းနည်းခဲ့ကြသည်။
ဒင်းန်နှင့် ကာရန်း ဂျေစက်ခ်တို့သည် ၁၉၈၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ရောက်လာခဲ့ကြသည်၊ လဂွာနာပြည်နယ်တွင် တဂါးလော့ဂ်ဘာသာစကားကို ခေတ္တသင်ယူပြီးနောက် ဌာနခွဲတွင် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၈၃ တွင် ထပ်ဆင့်လေ့ကျင့်မှုအချို့ရပြီးနောက် သူတို့သည်—ဒေသခံနှင့် အနီးအနားရှိ ကျွန်းသား—ညီအစ်ကိုများကို ယေဟောဝါသက်သေများ တီထွင်ထားသော ကွန်ပျူတာစနစ် အသုံးပြုပုံ သင်ပေးရာတွင် အကူအညီပေးခဲ့ကြသည်၊ ယင်းက ဒေသခံဘာသာစကားများဖြင့် ကျမ်းစာ,စာပေစာတမ်းများကို ထုတ်ဝေရာတွင် အထူးအထောက်အကူပြုခဲ့သည်။
ဟူဘာတူ့စ် (ဘက်တ်) နှင့် ဂျနီးန် ဟူးဖ်နားဂျဲလ်တို့သည် ၁၉၈၈ ခုနှစ်တွင် နယ်သာလန်မှ ရောက်ရှိလာကြသည်။ ဌာနခွဲသည် ဆောက်လုပ်ရေးစီမံကိန်းကြီးကို စတင်တော့မည့်အချိန်တွင်ဖြစ်သည်။ ထိုမောင်နှံသည် ယခင်က ဌာနခွဲဆောက်လုပ်ရေးတွင် အတွေ့အကြုံရှိခဲ့သူများဖြစ်ကြပြီး ဘက်တ်သည် အကြီးစားစက်ကိရိယာများကို ကိုင်တွယ်ရာတွင် အကျွမ်းတဝင်ရှိသောကြောင့် ထိုစီမံကိန်းတွင် အကူအညီပေးရန် တာဝန်ရရှိခဲ့သည်။ ဘက်တ်သည် စက်ကိရိယာများကို ကိုင်တွယ်ခဲ့သည့်အပြင် အခြားသူများကိုလည်း လေ့ကျင့်ပေးခဲ့သည်။ သူဤသို့ပြောပြ၏– “အစပိုင်းမှာ ကျွန်တော်ဟာ ဒေသခံညီအစ်ကိုတွေကို ထရပ်ကား၊ မြေတူးစက်၊ မြေသယ်စက်၊ ကရိန်းတွေ မောင်းတတ်အောင် သင်ပေးခဲ့ရတယ်။ နောက်ပိုင်းမှာ အကြီးစားစက်ကိရိယာတွေနဲ့ အလုပ်လုပ်တဲ့သူ ၂၀၊ ၂၅ ယောက်အုပ်စုအဖွဲ့ ဖြစ်လာခဲ့တယ်။”
နောက်ပိုင်းတွင် အခြားဂိလဒ်ကျောင်းဆင်း လေးဦး—ဂျာမနီမှ ပေတာနှင့် ဘေအာ့တီ ဗေလန်၊ အမေရိကန်ပြည်ထောင်စုမှ ဂယ်ရီနှင့် ထရေစီ ဂျိန်းန် မယ်လ်တန်—တို့သည် သူတို့နှင့် ပူးပေါင်းခဲ့ကြသည်။ ဗေလန်တို့ဇနီးမောင်နှံသည်လည်း ဌာနခွဲဆောက်လုပ်ရေးတွင် အတွေ့အကြုံရှိသူများဖြစ်ပြီး မယ်လ်တန်ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စု ဗေသလတွင် ငါးနှစ်အမှုဆောင်ခဲ့သူများဖြစ်သည်။ သူတို့အားလုံးသည် ဌာနခွဲဆောက်လုပ်ရေးလုပ်ငန်းတွင် အကူအညီပေးနိုင်ခဲ့ကြသည်။
အစောပိုင်းနှစ်ဖြစ်သော ၁၉၆၃ ခုနှစ်တွင် နောက်ဆုံးသာသနာပြုအိမ်ကို ပိတ်ခဲ့သည်၊ အကြောင်းမှာ အရည်အချင်းပြည့်မီသော ဖိလစ်ပိုင်လူမျိုးရှေ့ဆောင်များက လယ်ကွင်းလုပ်ငန်းကို တာဝန်ယူကြည့်ရှုနိုင်ပြီ ဖြစ်သည်။ သို့သော် ၁၉၉၁ ခုနှစ်တွင် အုပ်ချုပ်ရေးအဖွဲ့သည် သာသနာပြုခြောက်ဦးကို လယ်ကွင်းသို့စေလွှတ်ရန် စီစဉ်ခဲ့သည်။ ဤသာသနာပြုများသည် ဌာနခွဲလုပ်ငန်းတွင် အတွေ့အကြုံရှိပြီးဖြစ်သော်လည်း လယ်ကွင်းတွင် အကျိုးရှိရှိအသုံးချနိုင်သည့် အတွေ့အကြုံလည်းရှိထားကြသည်။ ဥပမာ၊ ဂျနီးန် ဟူးဖ်နားဂျဲလ်သည် အသက် ၁၈ နှစ်တွင် အထူးရှေ့ဆောင်စလုပ်ခဲ့သည်။ ယခု သူသည် သူ၏အတွေ့အကြုံနှင့် ဖျတ်လတ်တက်ကြွသော သူ၏ပင်ကိုစရိုက်ကို အသုံးပြုကာ ညီအစ်ကိုများနှင့် လူသစ်များကို အားပေးနိုင်ခဲ့သည်။ သူ့ခင်ပွန်း ဘက်တ်က အခြားအကျိုးကျေးဇူးများကို ဤသို့ပြောပြခဲ့သည်– “လယ်ကွင်းမှာ သာသနာပြုတွေရှိနေခြင်းဟာ ကျွန်တော်တို့ရဲ့ အပြည်ပြည်ဆိုင်ရာလုပ်ငန်းအကြောင်း လူတွေနားလည်သဘောပေါက်အောင် အကူအညီဖြစ်စေတယ်။” ထိုအတောအတွင်း သာသနာပြုအချို့သည် ဌာနခွဲတွင် စီမံခန့်ခွဲရေးနှင့် အခြားတာဝန်များကို ဆက်လုပ်ဆောင်ခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံသည် သာသနာပြုများဝင်ရောက်လာသော နိုင်ငံမျှသာမဟုတ်ပါ၊ သာသနာပြုများစွာ ထွက်ခွာသော နိုင်ငံလည်းဖြစ်သည်။
သာသနာပြုများ ထွက်ခွာ
ဖိလစ်ပိုင်နိုင်ငံသို့ သာသနာပြုများ ဝင်ရောက်လာနေဆဲအချိန်တွင် အခြားနိုင်ငံများရှိ သာသနာပြုလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် ဖိလစ်ပိုင်လူမျိုး ရှေ့ဆောင်များကို စတင်စေလွှတ်ခဲ့ကြသည်။ ဒေသခံရှေ့ဆောင်များသည် ဂိလဒ်ကျောင်းဆင်းများကဲ့သို့ အဖွဲ့အစည်းဆိုင်ရာလေ့ကျင့်မှု မရရှိခဲ့ကြသော်လည်း အလွန်ထူးချွန်သော ဒေသခံရှေ့ဆောင်များစွာ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် ပတ်ဝန်းကျင်နိုင်ငံများထက် ပို၍လျင်မြန်စွာ တိုးတက်ခဲ့သည်။ ထို့ကြောင့် ၁၉၆၄ ခုနှစ်မှစ၍ အရည်အချင်းပြည့်မီသော ဖိလစ်ပိုင်လူမျိုး ရှေ့ဆောင်များသည် အာရှနှင့် ပစိဖိတ်ကျွန်းများတစ်လျှောက် သာသနာပြုလုပ်ငန်း၌ ပါဝင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။ အိမ်ထောင်သည်မောင်နှံအချို့ စေလွှတ်ခြင်းခံရသော်လည်း အများစုမှာမူ အချိန်ပြည့်ဓမ္မအမှုတွင် ဆယ်စုနှစ် သို့မဟုတ် ထိုထက်မကအတွေ့အကြုံရှိသော တစ်ကိုယ်ရေရှေ့ဆောင်များဖြစ်ကြသည်။ ၂၀၀၂ ခုနှစ်၊ နှစ်လယ်အထိ ၁၄၉ ဦးကို ၁၉ နိုင်ငံသို့ စေလွှတ်ခဲ့ပြီးဖြစ်သည်။ သူတို့ထဲမှ ၇၄ ဦးသည် မိမိတို့၏တာဝန်ကို ဆက်လက်ထမ်းဆောင်လျက်ရှိသည်။ လိုအပ်သော စာရွက်စာတမ်းများအတွက် စောင့်ဆိုင်းနေစဉ် သာသနာပြုလောင်းများသည် ဌာနခွဲတွင် နေထိုင်ခဲ့ကြပြီး သူတို့၏တာဝန်ထမ်းဆောင်ရာတွင် အထောက်အကူပြုမည့် လေ့ကျင့်မှုနှင့် အတွေ့အကြုံများ ရယူကြသည်။ ဟောပြောခြင်းလုပ်ငန်းတွင် နှစ်ပေါင်းများစွာပါဝင်ရန် ထိုသာသနာပြုများကို အဘယ်အရာက အထောက်အကူပြုသနည်း၊ အဘယ်စိန်ခေါ်ချက်နှင့် ရွှင်လန်းမှုများကို တွေ့ကြုံခဲ့ကြသနည်း။
ရို့စ် ကက်ဂွန်ဂရို (ယခု၊ အန်ဂလာ) နှင့် ကလယ်ရာ ဒလက် ခရုစ် (ယခု၊ အယ်လ်ရူရီယာ) တို့သည် ဦးဆုံးစေလွှတ်ခံရသူများဖြစ်သည်။ သူတို့တာဝန်ကျသည့်နေရာမှာ ထိုင်းနိုင်ငံဖြစ်သည်။ တစ်နှစ်ခန့်ကြာသောအခါ အန်ဟလီတာ ဂက်ဗီနိုသည် သူတို့နှင့်အတူ တာဝန်ကျပူးပေါင်းခဲ့သည်။ အခြားသာသနာပြုများနည်းတူ ဘာသာစကားသင်ယူခြင်းသည် ကြီးမားသော စိန်ခေါ်ချက်ဖြစ်ခဲ့သည်။ အန်ဟလီတာက ထိုင်းစကားသင်ယူမှုအကြောင်း ဤသို့ပြောပြသည်– “အစပိုင်းရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်မ စိတ်ဓာတ်ကျခဲ့တယ်၊ စာအုပ်ထဲမှာ ရေးမှတ်ထားတာတွေအားလုံးဟာ ကျွန်မအတွက် ‘တီကောင်တွန့်’ တွေလို့ပဲ မြင်တယ်၊ ဘာသာစကားအတားအဆီးကြောင့် အစည်းအဝေးတွေမှာ ကျွန်မတို့ ဘယ်သူနဲ့မှ စကားမပြောနိုင်ခဲ့ဘူး။” သို့သော် သူတို့သည် ဘာသာစကားကို သင်ယူခဲ့ကြပြီး အခြားသူများအား ကူညီပေးရန် သင်ယူထားသည့်ဘာသာစကားအသစ်ကို ဆက်လက်အသုံးပြုနေကြသည်။
ထိုအနည်းငယ်ကို စေလွှတ်ပြီးနောက်ပိုင်းတွင် တလိုတလားစိတ်ရှိသော ရှေ့ဆောင်များကို နိုင်ငံအသီးသီးသို့ အဆက်မပြတ်စေလွှတ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပေါဖာရိုနှင့် အီဗန်ဂျလင်း ဟွန်းဝုဒ်တို့ကို ကိုရီးယားသို့ စေလွှတ်ခဲ့သည်။ သူတို့သည် ဘာသာစကားကို ကောင်းစွာသင်ယူတတ်မြောက်ခဲ့ကြပြီး သာသနာပြုလယ်ကွင်း၌ နှစ်နှစ်ခွဲအမှုဆောင်ပြီးနောက် ဟွန်းဝုဒ်ဇနီးမောင်နှံမှာ တိုက်နယ်လုပ်ငန်းအတွက် ဖိတ်ခေါ်ခံခဲ့ရသည်။
၁၉၇၀ ပြည့်နှစ်တွင်၊ စယ်လ်ဗာ့စ်ရွန် ရက်ဂျီလက် (ယခု၊ အရေး) သည် ဟောင်ကောင်တွင် သာသနာပြုလုပ်ငန်းစတင်ရန် ရောက်ရှိလာသော ဖိလစ်ပိုင်လူမျိုး ညီအစ်မကိုးဦးထဲမှ တစ်ဦးဖြစ်သည်။ ကန်တုံဘာသာစကား သင်ယူခြင်းသည် သူမအတွက် ဦးဆုံးစိန်ခေါ်ချက်ဖြစ်ခဲ့သည်။ ကန်တုံဘာသာစကားတွင် အသံနေအသံထား ကိုးမျိုးရှိသည်။ အသံနေအသံထား ပြောင်းသွားသည်နှင့် အဓိပ္ပာယ်ပါ ပြောင်းသွားသည်။ စက်ဗာ့စ်ရွန်သည် ထိုအသံနေအသံထားကို ကြိုးစားရင်းနှင့် တစ်ခါက သူ၏ကျမ်းစာသင်သားတစ်ဦးအား သူတို့အိမ်ပြောင်းရသည့်အကြောင်းမှာ “အိမ်ငှားခဈေးကြီးလို့” ဟုပြောလိုသော်လည်း “သရဲခြောက်လို့” ဟုပြောမိသည်ကို အမှတ်ရဆဲဖြစ်သည်။ နောက်ဆုံးတွင် သူသည် ဘာသာစကားကို တတ်မြောက်ခဲ့သည်။ စက်ဗာ့စ်ရွန်သည် လူ ၂၀ ကျော်အား ကျမ်းစာသမ္မာတရား သိရှိလာအောင် အကူအညီပေးခဲ့သည်။ ယခု သူသည် ဟောင်ကောင်၌ အိမ်မှုအလုပ်,လုပ်ကိုင်ကြသော အင်ဒိုနီးရှားလူမျိုးများစွာနှင့် တွေ့ဆုံနေရသည်၊ ထို့ကြောင့် သူသည် ယခု အင်ဒိုနီးရှားဘာသာစကားကို ကြိုးစားသင်ယူနေသည်။
ပြတ်သားသော်လည်း ဖော်ရွေသောညီအစ်ကို ရိုဒိုလ်ဖို အဆောန်းသည် ၁၉၇၉ ခုနှစ်တွင် ပါပူဝါ နယူးဂီနီ၌ တာဝန်ခန့်အပ်ခံရချိန်တွင် လုံးဝကွဲပြားခြားနားသော အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သူသည် ဘာသာစကားကို ကြိုးစားပမ်းစားသင်ယူခဲ့ခြင်းကြောင့် ထိုနိုင်ငံသို့ရောက်ပြီး အချိန်တိုအတွင်း ကောင်းစွာပြောတတ်လာရာ သူ့ကို နယ်လှည့်ကြီးကြပ်မှူးအဖြစ် စေလွှတ်ခဲ့သည်။ သို့ရာတွင် ပါပူဝါ နယူးဂီနီရှိ အသင်းတော်များထံသို့ လည်ပတ်ခြင်းသည် ဖိလစ်ပိုင်တွင်လည်ပတ်ခြင်းနှင့် အလွန်ကွဲပြားခြားနားမှုရှိသည်။ သူဤသို့ပြောပြ၏– “ကျွန်တော်ဟာ ဒေသခံတွေလုပ်သလို တစ်ယောက်တည်းလှော်ရတဲ့ သစ်သားလှေလေးကို မတ်တတ်ရပ်ပြီး ဘယ်လိုလှော်ခတ်ရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။”
စည်းဝေးပွဲများနှင့်ပတ်သက်၍ ရိုဒိုလ်ဖို ဤသို့ပြန်ပြောပြ၏– “နယ်မြေဒေသကဝေး၊ သယ်ယူပို့ဆောင်ရေးက မရှိတဲ့အတွက် စည်းဝေးပွဲတွေကို အများကြီးခွဲလုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ ကျွန်တော်တက်ခဲ့ဖူးသမျှထဲမှာ လက်ရီမီးယားရွာမှာကျင်းပတဲ့ စည်းဝေးပွဲဟာ လူအနည်းဆုံးပဲ။ စုစုပေါင်းတက်ရောက်သူ ၁၀ ယောက်ပဲရှိခဲ့တယ်။” အခြားအဖြစ်အပျက်တစ်ခုမှာ အော့ဂီရွာတွင်ကျင်းပသော စည်းဝေးကြီးတွင် သူသည် စည်းဝေးကြီး ကြီးကြပ်မှူးအဖြစ် တာဝန်ရရှိခဲ့သည်။ သူဤသို့ပြောပြ၏– “ကျွန်တော်ဟာ စည်းဝေးကြီး သဘာပတိ၊ အသံချဲ့စက်ဌာန၊ အစားအသောက်ဌာန၊ ပြဇာတ်ကိုဦးစီးဖို့နဲ့ ဘုရင်ဒါဝိဒ်နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ တာဝန်တွေကို ရရှိခဲ့တယ်။” သူသည် ထိုတာဝန်များကို ကြိုးစားပမ်းစားထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း စော်လမွန်ကျွန်းစုတွင် သာသနာပြုလုပ်ငန်း၌ ပျော်မွေ့ခဲ့သည်။
၁၉၈၂ ခုနှစ်တွင် လူဇုန်ကျွန်းမှ ညီအစ်ကို အော့ရ်တူရို ဗီယော့စန်သည် အခြေအနေနှင့်အညီ လိုက်လျောညီထွေနေတတ်သူဖြစ်ပြီး စော်လမွန်ကျွန်းစုသို့ စေလွှတ်ခြင်းခံခဲ့ရသည်။ သူသည် ထိုတွင် တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့ပြီး ဒေသအခြေအနေသည် ဖိလစ်ပိုင်နှင့် အတော်ပင် ကွဲပြားခြားနားကြောင်း တွေ့မြင်ခဲ့သည်။ ကျွန်းများစွာသို့ရောက်ရှိရန် လေယာဉ်ပျံငယ်ဖြင့် သွားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သူဤသို့ ပြန်ပြောပြ၏– “တစ်ခါက ကျွန်တော်တို့စီးလာတဲ့ လေယာဉ်ပျက်ကျသွားတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံး အသက်ရှင် လွတ်မြောက်ခဲ့ကြတယ်။ နောက်တစ်ကြိမ်မှာ သဲသဲကွဲကွဲမမြင်ရတဲ့အတွက် တောင်နံရံကို တိုက်မိလုနီးပါးဖြစ်ခဲ့တယ်။” အသင်းတော်တချို့သို့ လည်ပတ်ခြင်းအကြောင်း သူဤသို့ ပြောပြခဲ့သည်– “ကျွန်တော်တို့ဟာ ဘိုးဘေးကိုးကွယ်တဲ့ တောခေါင်ခေါင်လူတွေကြားမှာရှိတဲ့ အသင်းတော်တွေဆီလည်ပတ်ဖို့ မိုးသစ်တောတစ်လျှောက် ရွှံ့လမ်းမှာဖြတ်လျှောက်ပြီး မတ်စောက်တဲ့တောင်တွေကို တက်ခဲ့ရတယ်။” အော့ရ်တူရို သည် ၂၀၀၁ ခုနှစ်တွင် ကျန်းမာရေးချို့ယွင်းကာ ရုတ်တရက် သေဆုံးသွားခဲ့သော်လည်း သစ္စာရှိသာသနာပြုတစ်ဦးအနေဖြင့် သူ့ကို သတိရနေကြဦးမည်ဖြစ်သည်။
အာရှနှင့် ပစိဖိတ်ကျွန်းများရှိ သာသနာပြုလယ်ကွင်းသို့ စေလွှတ်ခဲ့သော ဖိလစ်ပိုင်လူမျိုးညီအစ်ကို၊ ညီအစ်မများထံတွင် ထိုကဲ့သို့သောတွေ့ကြုံမှု များစွာရှိသည်။ စိန်ခေါ်ချက်များရှိသော်လည်း တလိုတလားစိတ်ဓာတ်၊ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိသော ယေဟောဝါ၏ ထိုသစ္စာရှိကျေးကျွန်များသည် ထိုနိုင်ငံများရှိ ဟောပြောခြင်းလုပ်ငန်းကို ထူးထူးခြားခြားပါဝင်ကူညီပေးခဲ့ကြသည်။
ယေဟောဝါကို မိမိတို့၏ခိုလှုံရာဖြစ်စေရန်အခြားသူများအား ကူညီပေးခြင်းမှ ရွှင်လန်းမှု
ယေဟောဝါ၏ ကောင်းချီးမင်္ဂလာသည် ရွှင်လန်းမှုကို ဖြစ်စေသည်။ (သု. ၁၀:၂၂) ၁၉၇၄ ခုနှစ်တွင် ထိုင်ဝမ်သို့ စေလွှတ်ခံရသူ အော့ဒဲလ်ရီဒေါ့ ကလက်တေနာ့ ဤသို့ပြောပြ၏– “ဒီမှာရှိတဲ့ အမှုဆောင်လုပ်ငန်းကို ယေဟောဝါကောင်းချီးပေးပြီး အဲဒီလုပ်ငန်းမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်၊ ကိုယ်တော်ကို ကျေးဇူးတင်တယ်။”
ယခု မာရှယ်ကျွန်းစုတွင် အမှုဆောင်နေသော ပေါလ်နှင့် မရီးနာ တက်ဘူနီဂါးအူတို့ ဤသို့ပြော၏– “ကျွန်တော်တို့ဟာ လူပေါင်း ၇၂ ယောက်ကို ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ ကူညီပေးခဲ့ကြတယ်။ သူတို့ထဲက အများစုဟာ အကြီးအကဲ၊ ဓမ္မအမှုထမ်း၊ အထူးရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်၊ တက်ကြွတဲ့ အသင်းတော်ကြေညာသူတွေဖြစ်နေကြတဲ့အတွက် ကျွန်တော်တို့ တကယ်ရွှင်လန်းဝမ်းမြောက်တယ်။”
၁၉၈၀ ပြည့်နှစ်မှစ၍ ပါပူဝါ နယူးဂီနီတွင် အမှုဆောင်ခဲ့သူ လစ်ဒီယာ ပက်မ်ပလိုနက်သည် လူပေါင်း ၈၄ ဦးကို ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံသည်အထိ ကူညီပေးခဲ့သည်။ သူသည် လူ ၁၆ ယောက်နှင့် ကျမ်းစာသင်အံမှုကျင်းပနေကြောင်း မကြာသေးမီက မှတ်တမ်းပေးပို့ခဲ့သည်၊ သင်သားအများစုသည် ယခု အစည်းအဝေးများကို တက်ရောက်နေကြသည်။ သူကိုယ်တိုင်၏မှတ်ချက်တွင် သာသနာပြုအများစု၏ ခံစားချက်ကို ဤသို့အကျဉ်းချုပ် ဖော်ပြထား၏– “ကျွန်မကို အပ်နှင်းထားတဲ့ ဓမ္မအမှုလုပ်ငန်းအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့ဘုန်းထင်ရှားဖို့အတွက် ကျွန်မတို့ရဲ့ ဓမ္မအမှုကို ကိုယ်တော်ဆက်ပြီး ကောင်းချီးပေးပါစေ။”
မိမိတို့ရပ်ကွက်တွင် ဖိလစ်ပိုင်လူမျိုး သာသနာပြုများကို စေလွှတ်ပေးမှုကြောင့် ထိုဒေသမှ ဌာနခွဲရုံးများက ကျေးဇူးတင်ကြသည်။ ထိုင်းနိုင်ငံဌာနခွဲရုံးက ဤသို့စာရေးခဲ့သည်– “ဖိလစ်ပိုင်နိုင်ငံမှရောက်လာသော သာသနာပြုများသည် ချီးမွမ်းဖွယ်ကောင်းလောက်အောင် လုပ်ဆောင်ကြသည်။ ထိုင်းနိုင်ငံ၌ သူတို့ရှိနေသည့် နှစ်များတစ်လျှောက် သစ္စာရှိပုံသက်သေကောင်းကို ပြသကြသည်။ အသက်အရွယ်ကြီးလာသည့်တိုင် သူတို့၏အလုပ်တွင် စွဲမြဲကြသည်။ သူတို့သည် ထိုင်းနိုင်ငံနှင့် ထိုင်းလူမျိုးများကို ချစ်မြတ်နိုးကြသည်; ဤနိုင်ငံကို သူတို့၏နေရင်းပြည်အဖြစ် သတ်မှတ်ကြသည်။ သာသနာပြုကောင်းများကို ကျွန်ုပ်တို့ထံ ပို့ပေးသောကြောင့် ကျေးဇူးများစွာတင်ပါသည်။”
နိုင်ငံတော်ဓမ္မအမှုကျောင်းက အကြီးအကဲများအား အရည်အချင်းပြည့်မီရန် ထောက်ကူ
ရှေ့ဆောင်များကို ဖိလစ်ပိုင်နိုင်ငံမှ အခြားနိုင်ငံများတွင် အမှုဆောင်ရန် ဦးဆုံးစေလွှတ်ခဲ့သည့် အချိန်လောက်တွင် ယေဟောဝါ၏အဖွဲ့အစည်းသည် ဒေသခံအသင်းတော်တာဝန်များကို ထမ်းဆောင်ရန် တိုးများလာသည့် အရည်အချင်းရှိ ညီအစ်ကိုများအတွက် လေ့ကျင့်ပေးမှုအစီအစဉ် ပြုလုပ်ခဲ့သည်။ နိုင်ငံတော်ဓမ္မအမှုကျောင်းသည် ယင်းလေ့ကျင့်ပေးမှုကို အထမြောက်စေသည့် အဓိကနည်းလမ်းတစ်ခုဖြစ်ခဲ့သည်။
ပထမဦးဆုံးသင်တန်းကို တစ်လကြာသင်တန်းအဖြစ် ၁၉၆၁ ခုနှစ်တွင် စတင်ခဲ့သည်။ ဂိလဒ်သင်တန်းပို့ချသူတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဗီယက်နမ်၌ သာသနာပြုအဖြစ် အမှုဆောင်ခဲ့သူ ဂျက်ခ် ရက်ဖော့ဒ်သည် ဖိလစ်ပိုင်ရှိ ထိုသင်တန်းကို ပို့ချရန် တာဝန်ရရှိခဲ့သည်။ ဦးဆုံးကျောင်းကို ဌာနခွဲတွင်ကျင်းပခဲ့ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် သင်တန်းပေးခဲ့သည်။
အချို့သူတို့သည် အင်္ဂလိပ်စကားကို နားလည်ကြသော်လည်း အများသုံးဘာသာစကားများနှင့် ဖိလစ်ပိုင်ရှိ တိုင်းရင်းသားဘာသာစကားများပြောသော အခြားသူတို့ကို ထောက်ထားရန် လိုအပ်သည်။ အကြီးအကဲများစွာသည် သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် ကျင်းပသည့် သင်တန်းမှ ပို၍အကျိုးရရှိမည်ဖြစ်သည်။ ထို့ကြောင့် ၁၉၆၅ ခုနှစ်မှစ၍ သင်တန်းကို ဘာသာစကားအတော်များများဖြင့် ကျင်းပပေးခဲ့သည်။ ကော်နီလီယို ကနက်တက်သည် ဗစ်စာယန်ကျွန်းများနှင့် မင်ဒနာအိုကျွန်းတို့တွင် သင်တန်းပို့ချရန် တာဝန်ရရှိခဲ့သည်ကို ပြန်ပြောင်းသတိရခဲ့သည်။ “ကျွန်တော် သင်တန်းပို့ချခဲ့တုန်းက စီဘွာနို၊ ဟီလီဂေယွန်၊ စာမာ-လေတီစတဲ့ ဘာသာစကားသုံးခုနဲ့ သင်တန်းပေးခဲ့ရတယ်” ဟုပီတိအပြုံးနှင့် ပြန်ပြောပြသည်။
နှစ်များတစ်လျှောက် သင်တန်းအစီအစဉ်ဇယားအပါအဝင် သင်တန်းများကို ပြောင်းလဲပြင်ဆင်ခဲ့သည်။ မကြာသေးမီက သင်တန်းကို စနေ၊ တနင်္ဂနွေနေ့များတွင် ကျင်းပခဲ့သည်၊ အကြီးအကဲများအတွက် သင်တန်းတစ်ရက်ခွဲနှင့် ဓမ္မအမှုထမ်းများအတွက် တစ်ရက်သင်တန်းဖြစ်သည်။ သို့ရာတွင် သင်တန်းကျောင်းကို ဘာသာစကားရှစ်မျိုးဖြင့် ပို့ချရသည့် စိန်ခေါ်ချက် ရှိနေဆဲဖြစ်သည်။ ထိုဘာသာစကား တတ်ကျွမ်းသောအကြီးအကဲများကို ဌာနခွဲမှ စေလွှတ်ပြီး နယ်လှည့်ကြီးကြပ်မှူးများကို သင်တန်းကျောင်း ကျင်းပပေးသည်။ တစ်ဖန် နယ်လှည့်ကြီးကြပ်မှူးများက အသင်းတော်အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအတွက် ယခုလောလောဆယ် သင်တန်းပို့ချနေကြသည်။ နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီးသည့်အထိ အကြီးအကဲ ၁၃,၀၀၀ နှင့် ဓမ္မအမှုထမ်း ၈,၀၀၀ တို့သည် ဤသင်တန်းကျောင်းမှ အကျိုးရရှိခဲ့ကြသည်။
ရှေ့ဆောင်များအတွက် အကူအညီ
နောက်ပိုင်းတွင် ရှေ့ဆောင်များလည်း ထပ်ဆင့်လေ့ကျင့်မှုများ စတင်ရရှိခဲ့ကြသည်။ ၁၉၇၈ ခုနှစ်တွင် ပထမဦးဆုံး ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းကို ကျင်းပပေးခဲ့သည်။ ထိုသင်တန်းကို တက်ရောက်ရန် အထူးရှေ့ဆောင်များအပါအဝင် ထိုအချိန်က ရှေ့ဆောင်များအဖြစ် အမှုဆောင်နေသူအားလုံး စာရင်းသွင်းခဲ့ကြသည်။ ထိုအချိန်မှစ၍နောက်ပိုင်း ၁၉၇၉ နှင့် ၁၉၈၁ ခုနှစ်မှလွဲ၍ သင်တန်းကျောင်းကို နှစ်စဉ်ကျင်းပခဲ့သည်။
ရှေ့ဆောင်များသည် ထိုကျောင်းမှ အကျိုးကျေးဇူးများစွာရရှိခဲ့သည်၊ သို့သော် သင်တန်းကျောင်းတက်ရန် စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ခဲ့ကြသည်။ အချို့သည် သင်တန်းကျောင်းတက်ဖို့ ငွေကြေးစွန့်လွှတ်မှုများ ပြုခဲ့ကြသည်။ အခြားသူများမှာမူ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။
စန်တီယာဂိုမြို့တွင်ကျင်းပသော သင်တန်းကျောင်း တက်ရောက်သူများသည် မမျှော်လင့်သောအခြေအနေနှင့် ကြုံတွေ့ခဲ့ကြသည်။ တိုက်နယ်ကြီးကြပ်မှူး ရိုဒိုလ်ဖို ဒီ ဗက်ရာ့ ဤသို့ပြောပြခဲ့သည်– “၁၉၈၉၊ အောက်တိုဘာလ ၁၉ မှာ စန်တီယာဂိုနဲ့ အစ်စဘဲလာမှာ တစ်နာရီ ၁၂၇ မိုင်နှုန်းနဲ့တိုက်ခတ်တဲ့ စူပါတိုင်ဖွန်းလေပြင်းမုန်တိုင်းဟာ သတိပေးချက်မရှိဘဲ တိုက်ခတ်ခဲ့တယ်။ နိုင်ငံတော်ခန်းမမှာ သင်တန်းစတဲ့ နံနက်ပိုင်းအချိန်မှာ မိုးရွာပြီး လျှပ်စီးပြက်ရုံလောက်ပဲ၊ ဒါကြောင့် ကျွန်တော်တို့ ရှေ့ဆောင်ကျောင်းကို ဆက်ကျင်းပခဲ့ကြတယ်။ ဒါပေမဲ့ လေကပိုပြင်းလာပြီး အဆောက်အအုံ လှုပ်ခါလာတယ်။ သိပ်မကြာလိုက်ဘူး၊ ခေါင်းမိုးလွင့်ထွက်သွားတယ်။ ကျွန်တော်တို့ အပြင်ထွက်ချင်ကြပေမဲ့ ပစ္စည်းတွေလွင့်နေတဲ့အတွက် အပြင်မှာ ပိုအန္တရာယ်များတယ်ဆိုတာ တွေ့ခဲ့ရတယ်။” အဆောက်အအုံသည် တစ်ပိုင်းစီ ကျိုးပဲ့သွားသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာမရခဲ့ကြပါ။ သူတို့လွတ်မြောက်ကြခြင်းမှာ ယေဟောဝါကိုသာမကဘဲ နိုးလော့!မဂ္ဂဇင်းတွင်ပါရှိသော အကြံပေးချက်များအတိုင်း လေပြင်းတိုက်နေချိန်တွင် စားပွဲ သို့မဟုတ် ခုံများအောက်တွင် အကာအကွယ်ယူခဲ့ကြသောကြောင့်ဖြစ်သည်။ ညီအစ်ကို ဒီဗက်ရာ့ ဤသို့ပြောပြခဲ့သည်– “ကျွန်တော်တို့ဟာ စားပွဲတွေအောက်မှာ အကာအကွယ်ယူခဲ့ကြတယ်။ တိုင်ဖွန်းမုန်တိုင်းပြီးသွားတဲ့အခါ ကျွန်တော်တို့အပေါ်မှာ သစ်ကိုင်းကျိုးတွေ၊ အိမ်မိုးသွပ်ပြားတွေ ဖုံးအုပ်နေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံး စားပွဲခုံတွေအောက်မှာ ဘာမှထိခိုက်မှုမရှိခဲ့ဘူး။”
နှစ်စဉ် သင်တန်းကျောင်းကို ဘာသာစကား ခုနစ်မျိုးဖြင့် ကျင်းပခဲ့သည်။ ၂၀၀၂ ခုနှစ်အထိ သင်တန်းကျောင်း ၂,၇၈၇ ခုကျင်းပခဲ့ပြီး ရှေ့ဆောင်စုစုပေါင်း ၄၆,၆၅၀ တက်ရောက်ပြီးဖြစ်သည်။ ရှေ့ဆောင်များသည် ‘ဤလောကတွင် အလင်းဆောင်သူများအဖြစ် ဆက်၍ထွန်းလင်း’ နေကြစဉ် သူတို့၏စွမ်းရည်တိုးတက်စေရန်နှင့် ယေဟောဝါအား အကြွင်းမဲ့ယုံကြည်ကိုးစားရန်ကူညီပေးရာတွင် ယင်းသင်တန်းကျောင်းများသည် အလွန်ကောင်းသောအစီအစဉ်ဖြစ်ခဲ့သည်!—ဖိ. ၂:၁၅-၁၆။
အော့ဖ်စက်ပုံနှိပ်စက်ဖြင့် အစောပိုင်းကြိုးစားလုပ်ဆောင်မှုများ
လယ်ကွင်းနှင့် အသင်းတော်လုပ်ဆောင်မှုအားလုံးတွင် အလွန်ကောင်းမွန်သောကျမ်းစာစာပေများ မရှိလျှင် အခက်အခဲများစွာ ကြုံတွေ့ရပေမည်။ ဖိလစ်ပိုင်လယ်ကွင်းအတွက် ပုံနှိပ်ထုတ်ဝေပေးမှုကို ဘရွတ်ကလင်မှ နှစ်ပေါင်းများစွာ လုပ်ဆောင်ပေးခဲ့သည်။ သို့ရာတွင် ၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ကွေဇုန်စီးတီးရှိ ဌာနခွဲခြံဝင်းတွင် စက်ရုံတစ်ခုကို ဆောက်လုပ်ခဲ့သည်။ ဘရွတ်ကလင်တွင်သုံးသော စက်နှင့်တူသည့် စာပုံနှိပ်စက်ကို တပ်ဆင်ခဲ့သည်။ ယင်းကြောင့် မဂ္ဂဇင်းအားလုံးကို ဌာနခွဲတစ်နေရာတည်းတွင် ပုံနှိပ်နိုင်ခဲ့သည်။
ထိုဆယ်စုနှစ်အတွင်း အော့ဖ်စက်ပုံနှိပ်စက်များ ခေတ်စားလာပြီး သတ္တုရည်ပူနည်းစနစ်သုံးကာပုံနှိပ်သည့် စာပုံနှိပ်စက်နေရာတွင် အစားထိုးနေရာယူလာသည်။ ကမ္ဘာ့ဌာနချုပ်မှ ညွှန်ကြားမှုအရ ကျွန်ုပ်တို့သည် ထိုသို့တဖြည်းဖြည်းပြောင်းလဲမည်ဖြစ်ကြောင်း ဖော်ပြသည်။
၁၉၈၀ ပြည့်နှစ်တွင် ဌာနခွဲရုံးသည် ပြင်ပမှဓာတ်ပုံစာစီစနစ်စက်ကို ဝယ်ယူခဲ့သည်။ တောင်အာဖရိကဌာနခွဲသည်လည်း ထိုသို့သောစက်ကို အသုံးပြုနေသောကြောင့် သူတို့၏အတွေ့အကြုံကို ဖိလစ်ပိုင်အား ဝေမျှပေးခဲ့သည်။ ဤကွန်ပျူတာစာစီစနစ်ကို ထိုအချိန်ခန့်အတွင်း ဝယ်ယူခဲ့သော စာရွက်ချပ်သုံး အော့ဖ်စက်ပုံနှိပ်စက်ငယ်နှင့် တွဲသုံးခဲ့သည်။
ဤအသေးစားစက်ကြောင့် ညီအစ်ကိုများသည် အော့ဖ်စက်ပုံနှိပ်စက် အသုံးပြုပုံနည်းပညာများကို သင်ယူခဲ့ကြသည်။ စာပုံနှိပ်စက်အတွက် လိုင်နိုတိုက်ပ်စက်ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိပြီးသူဖြစ်သော ဒေးဗစ် နေမိုကာသည် ဓာတ်ပုံစာစီစနစ်သုံးသည့်စက် မည်သို့ကိုင်တွယ်ရမည်ကို သင်ယူခဲ့သည်။ အခြားညီအစ်ကိုများသည် အော့ဖ်စက်ပုံနှိပ်ပြားများပြုလုပ်ပုံနှင့် အသစ်ဝယ်ထားသောစက်တွင် မည်သို့ပုံနှိပ်ပုံတို့ကို သင်ယူခဲ့ကြသည်။ သို့ဖြင့် ၁၉၈၀ ပြည့်နှစ်ကုန်ခါနီးတွင် ဌာနခွဲရုံးသည် အော့ဖ်စက်နည်းကို အသုံးပြုကာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်များနှင့် စောင်ရေအနည်းငယ်သာလိုအပ်သော ဘာသာစကားများအတွက် မဂ္ဂဇင်းများကို ပုံနှိပ်ခဲ့သည်။
အော့ဖ်စက်ပုံနှိပ်စက်ကို ပြောင်းလဲအသုံးပြုခြင်းက ဘာသာပြန်အလုပ်နှင့် ပုံနှိပ်ရန်ပြင်ဆင်ပေးသောအလုပ်တို့ကို လုပ်ဆောင်သူညီအစ်ကိုများအား အထောက်အကူဖြစ်စေရန် ကွန်ပျူတာများကို အသုံးပြုစေခဲ့သည်။ တဖြည်းဖြည်းနှင့် ညီအစ်ကိုများသည် အတွေ့အကြုံနှင့် ယုံကြည်စိတ်ချမှုရှိလာခဲ့ကြသည်။ နောက်ဆုံးတွင် ထိုနည်းစနစ်ကိုအသုံးပြု၍ ပုံနှိပ်ခြင်းသည် အရည်အသွေးတွင်ရော အရေအတွက်တွင်ပါ တိုးတက်လာခဲ့သည်။ အမှန်ပင်၊ ၁၉၈၂ ခုနှစ်တွင် ညီအစ်ကိုများသည် တိုးတက်လိုစိတ်ပြင်းပြလွန်းကြသဖြင့် အရောင်တစ်မျိုးသာရသည့် အော့ဖ်စက်ပုံနှိပ်စက်ကို အသုံးပြုကာ လေးရောင်ခြယ်စာပေဖြစ်သော နိုင်ငံတော်သတင်းနံပါတ် ၃၁ ကို ပုံနှိပ်ခဲ့ကြသည်။ စာရွက်သည် ပုံနှိပ်စက်ကို ခြောက်ကြိမ်ဖြတ်သန်းရသည်—လေးကြိမ်သည် လေးရောင်ခြယ်အပိုင်းအတွက်ဖြစ်ပြီး နှစ်ကြိမ်သည် နှစ်ရောင်ခြယ်အပိုင်းအတွက်ဖြစ်သည်။ ယင်းသည် အလုပ်ကြီးဖြစ်ခဲ့ပြီး အရည်အသွေးမှာ စိတ်တိုင်းကျမဖြစ်ခဲ့ချေ; သို့သော် ကိုယ်ပိုင်စက်ဖြင့် လေးရောင်ခြယ် နိုင်ငံတော်သတင်းဝေစာရရှိ၍ လူတိုင်းဝမ်းမြောက်ခဲ့ကြသည်။
ထိုအစီအစဉ်ဖြင့် အစပြုလုပ်ဆောင်ခဲ့သော်လည်း ကွန်ပျူတာဓာတ်ပုံစာစီခြင်းနှင့် အော့ဖ်စက်ပုံနှိပ်ခြင်းကို မည်သို့ အပြည့်အဝကူးပြောင်း လုပ်ဆောင်ကြမည်နည်း။ ယေဟောဝါ၏အဖွဲ့အစည်းသည် တစ်စုံတစ်ရာရည်ရွယ်ထားခဲ့ပြီး ဖိလစ်ပိုင်ဌာနခွဲသည် မကြာမီ ယင်းမှ အကျိုးရရှိမည်ဖြစ်သည်။
ယေဟောဝါ၏အဖွဲ့အစည်းက MEPS စနစ်ကိုပြင်ဆင်ပေး
အုပ်ချုပ်ရေးအဖွဲ့သည် သတင်းကောင်းကို ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေဖြန့်ချိရာတွင် အထူးလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်မည့် ကွန်ပျူတာဓာတ်ပုံစာစီစနစ်ထုတ်လုပ်ခွင့် ပေးခဲ့သည်။ ဘာသာစကားစုံ အီလက်ထရွန်းနစ် ဓာတ်ပုံစာစီစနစ် (MEPS) ကိုဘရွတ်ကလင်တွင် တီထွင်ထုတ်လုပ်ခဲ့သည်။ ဌာနခွဲရုံးက တဒင်္ဂအသုံးပြုသော ပြင်ပစက်ကိရိယာသည် ကွန်ပျူတာများနှင့် အော့ဖ်စက်ပုံနှိပ်စက်အသုံးပြုမှုကို အကန့်အသတ်ဖြင့် အစပြုပေးခဲ့သော်လည်း MEPSကိုအသုံးပြုခြင်းက ဖိလစ်ပိုင်ဌာနခွဲကို ကမ္ဘာတစ်ဝန်းရှိ အခြားဌာနခွဲများနှင့်ရင်ပေါင်တန်း တိုးတက်သွားစေမည်ဖြစ်သည်။
ဝေါလ်ကီးလ်၊ နယူးယောက်မှ အိမ်ထောင်သည်မောင်နှံနှစ်စုံကို ဖိလစ်ပိုင်သို့ ဖိတ်ခေါ်ခဲ့သည်။ ညီအစ်ကိုများသည် MEPS ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့် ပုံနှိပ်ဖို့ပြင်ဆင်သည့် MEPS ပရိုဂရမ်လုပ်ဆောင်ခြင်းတို့ကို သင်ယူခဲ့ရသည်။ နောက်မောင်နှံစုံဖြစ်သော ဖလိုရီဇယ်လ် နော့ကိုနှင့် သူ၏ဇနီးတို့သည် ဘရွတ်ကလင်တွင် နေထိုင်ခဲ့ကြကာ ညီအစ်ကိုနော့ကိုမှာ M.A.N. အော့ဖ်စက်ပုံနှိပ်စက် မည်သို့လည်ပတ်ဆောင်ရွက်ပုံကို သင်ယူခဲ့သည်။ ယင်းသည် ပုံနှိပ်ရန် ကွန်ပျူတာဖြင့်ကြိုတင်ပြင်ဆင်သောအလုပ်နှင့် အော့ဖ်စက်ပုံနှိပ်စက်ကို အပြည့်အဝအသုံးပြုဖို့ ဖိလစ်ပိုင်ဌာနခွဲ လိုအပ်နေသည့်အရာဖြစ်ခဲ့သည်။
၁၉၈၃ ခုနှစ်တွင် M.A.N. အော့ဖ်စက်ပုံနှိပ်စက်သည် ဖိလစ်ပိုင်သို့ ရောက်ရှိလာခဲ့သည်။ ဩစတြေးလျဌာနခွဲမှ လိုင်နယ်လ် ဒစ်ဂယ်လ်၏အကူအညီဖြင့် ထိုစက်ကို တပ်ဆင်ခဲ့ကြသည်။ ညီအစ်ကို နော့ကိုသည် ဘရွတ်ကလင်တွင် သူသင်ယူခဲ့ရာများကို ဒေသခံညီအစ်ကိုများအား စတင်သင်ကြားပေးခဲ့သည်။ ၁၉၈၃ နှစ်ကုန်ပိုင်းတွင် ဤစက်ဖြင့် ပထမဦးဆုံး မဂ္ဂဇင်းများကို ပုံနှိပ်ခဲ့သည်။ သို့ရာတွင် နည်းစနစ်ကို အပြည့်အဝအသုံးမပြုနိုင်သေးသောကြောင့် မဂ္ဂဇင်းများကို သတ္တုရည်ပူသုံးနည်းစနစ်နှင့် အော့ဖ်စက်ပုံနှိပ်စက်ကို ပေါင်း၍ ခေတ္တထုတ်လုပ်ခဲ့ကြသည်။
သို့သော် နည်းစနစ်ကို အပြည့်အဝအသုံးပြုရန် သိပ်မကြာခဲ့ပါ။ ၁၉၈၃ နှစ်ကုန်ပိုင်းတွင် ဦးဆုံး MEPS ကွန်ပျူတာရောက်ရှိလာသည်၊ ဝေါလ်ကီးလ်တွင် လေ့ကျင့်မှုယူခဲ့ကြသော ညီအစ်ကိုနှစ်ဦးသည် MEPS နှင့်ဆိုင်သည့်ပစ္စည်းများကို မည်သို့ကိုင်တွယ်၊ ထိန်းသိမ်းပုံကို အခြားသူများအား သင်ပေးခဲ့ကြသည်။ အချိန်တိုအတွင်း ထုတ်ဝေမှု တိုးတက်လာခဲ့ကြသည်။ ဒါဇင်နှင့်ချီသော ဗေသလအိမ်သားများသည် ဘာသာပြန်၊ စာရိုက်၊ စာစီ၊ ဓာတ်ပုံစာစီခြင်းတို့အတွက် ဤစနစ်အသုံးပြုနည်းအပြင် ကွန်ပျူတာများ ပြုပြင်နည်းတို့ကိုပါ အသေးစိတ်သင်ယူခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဘာသာစကားအတော်များများရှိသောကြောင့် လေ့ကျင့်ပေးမှုအစီအစဉ်ကို ခက်ခဲစေသည်။ ကင်းမျှော်စင်တစ်ခုတည်းကို အင်္ဂလိပ်ဘာသာမပါဘဲ ခုနစ်ဘာသာဖြင့် ပြင်ဆင်ပေးရသည်။ MEPS သည် ယင်းအတွက် အသင့်တော်ဆုံးဖြစ်ခဲ့သည်။
စာပေစာတမ်းထုတ်ဝေမှု အရည်အသွေးသည် မှတ်သားဖွယ်ကောင်းလောက်အောင် တိုးတက်ခဲ့သည်။ စာပေစာတမ်းပုံနှိပ်ခြင်းနှင့်ပတ်သက်၍ စက်ရုံတွင်အလုပ်လုပ်သော စီဆာ ကက်စတယ်လာနိုက ဤသို့ပြောပြ၏– “ညီအစ်ကိုအများစုဟာ လယ်သမားတွေဖြစ်ကြတယ်။ တချို့သူတွေဟာ ဘာနည်းပညာကျွမ်းကျင်မှုမှ မရှိခဲ့ကြဘူး။ ယေဟောဝါဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ညီအစ်ကိုတွေကို ပုံနှိပ်လုပ်ငန်းအပါအဝင် အရာတော်တော်များများ လုပ်ဆောင်နိုင်စေခဲ့တာကိုတွေ့ရတာ စိတ်စွဲမှတ်စရာပါပဲ။” ညီအစ်ကိုများသည် တတ်သိလာသည်နှင့် လယ်ကွင်းရှိ ကြေညာသူများသည် နှစ်လိုဖွယ်ကောင်းသည်ထက်ကောင်းလာသော စာပေစာတမ်းများကို လက်ခံရရှိခဲ့ကြသည်။ သို့သော် ပုံနှိပ်နည်းစနစ်များတွင် နည်းပညာတိုးတက်မှုများကြောင့် ရရှိခဲ့သည့် ပိုမိုအရေးကြီးသောအကျိုးကျေးဇူးမှာ—ဝိညာဉ်ရေး—ဖြစ်သည်။
တစ်ချိန်တည်းရရှိသော ဝိညာဉ်အစာ
ဖိလစ်ပိုင်နိုင်ငံအတွက် မဂ္ဂဇင်းများကို ဘရွတ်ကလင်မှ ပုံနှိပ်ပေးခဲ့ချိန်က ဖိလစ်ပိုင်ဘာသာစကားများဖြင့် ထုတ်ဝေရာတွင် အင်္ဂလိပ်မဂ္ဂဇင်းများတွင်ပါရှိရာထက် ခြောက်လ သို့မဟုတ် ထိုထက်မက ပို၍နောက်ကျခဲ့သည်။ မဂ္ဂဇင်းများကို နိုင်ငံအတွင်းတွင် ဘာသာပြန်ဆိုခဲ့ကြသော်လည်း စာမူများကိုပို့ပေးခြင်း၊ ထို့နောက် စာပြင်ရန်အတွက် ပို့လိုက်ယူလိုက်ဖြင့် နောက်ဆုံး ပုံနှိပ်ထားသော မဂ္ဂဇင်းများကို ထုပ်ပို့သည်အထိ အချိန်များစွာကုန်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် မဂ္ဂဇင်းပုံနှိပ်ခြင်းကို ဖိလစ်ပိုင်သို့ ရွှေ့ပြောင်းလိုက်သောအခါ အချိန်ကုန်သက်သာခဲ့သော်လည်း မဂ္ဂဇင်းပါအကြောင်းအရာများသည် အင်္ဂလိပ်လထုတ်များထက် ခြောက်လ နောက်ကျနေဆဲဖြစ်သည်။ ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုများစွာက ‘တိုင်းရင်းသားဘာသာစကားဖြင့်မဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာနှင့် တစ်ချိန်တည်းရနိုင်လျှင် အလွန်ကောင်းမည်’ ဟုစဉ်းစားခဲ့ကြသည်။ နှစ်ပေါင်းများစွာအထိ ယင်းသည် အိပ်မက်မျှသာဖြစ်ခဲ့သည်။
သို့ရာတွင် MEPSကိုတီထွင်ပြီး ထုတ်လုပ်မှုနည်းပညာများ ပြုပြင်ပြောင်းလဲလာခြင်းနှင့်အတူ ယခင်ကအိပ်မက်သည် အမှန်တကယ်ဖြစ်လာခဲ့သည်။ အုပ်ချုပ်ရေးအဖွဲ့က အကြောင်းအရာတစ်ခုကို တစ်ချိန်တည်းတွင်လေ့လာခြင်းသည် ယေဟောဝါ၏လူမျိုးအားလုံးကို ထူးခြားသောစည်းလုံးမှုဖြစ်စေမည်ကို သိရှိလာခဲ့သည်။ ယင်းပန်းတိုင်ကိုမီဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြသဖြင့် ၁၉၈၆၊ ဇန်နဝါရီလတွင် စီဘွာနို၊ ဟီလီဂေယွန်၊ အီလိုကို၊ တဂါးလော့ဂ် ဘာသာစကားလေးမျိုးဖြင့် ကင်းမျှော်စင်ကို အင်္ဂလိပ်နှင့် တစ်ပြိုင်တည်း ရရှိနိုင်ခဲ့သည်။ မကြာမီ အခြားဘာသာစကားများဖြင့်လည်း ရရှိခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ် စည်းဝေးကြီးများတွင် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်ကို တိုင်းရင်းသားဘာသာစကားသုံးမျိုးဖြင့် အင်္ဂလိပ်နှင့် တစ်ပြိုင်တည်း ရရှိခဲ့ကြရာ အံ့ဖွယ်ရာဖြစ်ခဲ့သည်! ညီအစ်ကိုများသည် စိတ်ဝင်စားသူများအား အရည်အသွေးမြင့်စာပေများကို ဝေငှနိုင်သောကြောင့်သာမက၊ ကမ္ဘာတစ်ဝန်းရှိ သူတို့၏ညီအစ်ကို အများစုနှင့်အတူ တစ်ချိန်တည်းတွင် ဝိညာဏအစာတစ်မျိုးတည်းကို သုံးဆောင်နိုင်သည့် အကျိုးကျေးဇူးအတွက် ရွှင်လန်းဝမ်းမြောက်ခဲ့ကြသည်။
နိုင်ငံတွင်းရှိအချို့ဒေသများ၌ ဆူပူအုံကြွမှုများဖြစ်ချိန်တွင် ထိုပုံနှိပ်စာပေများ တိုးတက်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စာပေများက ယေဟောဝါအား မိမိတို့၏ခိုလှုံရာဖြစ်စေဖို့လိုကြောင်း အားလုံးကို မပြတ်တမ်းအလေးပေးခဲ့ပေမည်။
စစ်တပ်/သူပုန် ရင်ဆိုင်တိုက်ခိုက်မှုများ
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံဒေသများစွာတွင် သူပုန်အုပ်စုများ၏ ထကြွလှုပ်ရှားမှုများ ပြင်းထန်ခဲ့သည်။ အချို့မှာ ကွန်မြူနစ်လှုပ်ရှားမှုများနှင့် ဆက်နွှယ်ခဲ့သည်။ အစိုးရစစ်တပ်များနှင့် သူပုန်တပ်များအကြား တိုက်ခိုက်မှုများသည် သာမန်အရာဖြစ်လာသည်။ ထိုဆိုင်ပြိုင်တိုက်ခိုက်မှုများက ယေဟောဝါအပေါ် ညီအစ်ကိုများ၏ ယုံကြည်ကိုးစားမှုကို စမ်းသပ်ခဲ့သည်။
ကြေညာသူ ၆၂ ဦးရှိသည့် အသင်းတော်တည်ရှိရာ ဒေသတစ်ခုတွင် ညီအစ်ကိုများ တစ်ခုသောနံနက် အိပ်ရာမှနိုးထလာသည့်အခါ သူပုန်နှင့်စစ်တပ် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ညီအစ်ကိုများ၏ အိမ်များသည် စစ်မြေပြင်အလယ်တည့်တည့်တွင်ဖြစ်နေသည်။ အကြီးအကဲတစ်ဦးသည် သူပုန်တပ်သို့သွားပြီး နောက်တစ်ဦးသည် အစိုးရတပ်ဘက်သို့သွားခဲ့သည်။ သူတို့က ပြည်သူများစွာ ထိခိုက်နိုင်သောကြောင့် မတိုက်ခိုက်ကြပါရန် တောင်းဆိုခဲ့ကြသည်။ သူတို့၏တောင်းဆိုချက်မှာ လျစ်လျူရှုခံခဲ့ရသည်။ ထွက်ပြေးရန် မဖြစ်နိုင်သောကြောင့် ညီအစ်ကိုများသည် နိုင်ငံတော်ခန်းမတွင် စုဝေးခဲ့ကြသည်။ အကြီးအကဲတစ်ဦးက အပြင်ဘက်ရှိ အစိုးရစစ်တပ် ကောင်းစွာကြားနိုင်သည့်အသံဖြင့် အတော်ရှည်သော ဆုတောင်းချက်ကို အားလုံးအတွက် ဦးဆောင်ဆုတောင်းပေးခဲ့သည်။ ညီအစ်ကိုများ မျက်စိဖွင့်သည့်အခါ နှစ်ဖက်စလုံးသည် စစ်မတိုက်တော့ဘဲ ထွက်ခွာသွားကြသည်ကို တွေ့ခဲ့ကြရသည်။ ထိုညီအစ်ကိုများသည် မိမိတို့အား ယေဟောဝါကာကွယ်ပေးခဲ့ကြောင်း ယုံကြည်စိတ်ချခဲ့ကြသည်။
ဒီအိုနီစ်ယို ကာပန်တရိုသည် သူ၏ဇနီးနှင့်အတူ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ၁၆ နှစ်ကျော် အမှုဆောင်ခဲ့သည်။ သူသည် ဖိလစ်ပိုင် တောင်ဘက်အလယ်ပိုင်းဒေသဖြစ်သော နေဂရော့ အိုရီရန်တယ်လ်ပြည်နယ်၌ တိုက်နယ်လုပ်ငန်းတွင် ပထမဆုံးပါဝင်ခဲ့သည့်နှစ်အတွင်း ဖြစ်ပျက်ခဲ့ရာကို သတိရဆဲဖြစ်သည်။ သူဤသို့ပြန်ပြောပြ၏– “ကျွန်တော်တို့ လီနန်တူရန်အသင်းတော်ကို လည်ပတ်ခဲ့ကြတယ်။ ဗုဒ္ဓဟူးနေ့ လယ်ကွင်းလုပ်ငန်းမှာ ကြေညာသူအယောက် ၄၀ ပါဝင်တဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ခဲ့ကြတယ်။ ဒါပေမဲ့ သူပုန်တပ်က ကျွန်တော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကို စောင့်ကြည့်နေမှန်း သတိမထားမိခဲ့ကြဘူး။ သူတို့ပုန်းအောင်းနေတဲ့နေရာက နိုင်ငံတော်ခန်းမနားမှာ ဖြစ်နေတယ်။ သူတို့ထဲက လေးယောက်ဟာ မနက် ၄ နာရီလောက်မှာ ကျွန်တော်တို့တည်းခိုတဲ့နေရာကိုလာပြီး ကျွန်တော်တို့အကြောင်း မေးမြန်းစုံစမ်းခဲ့ကြတယ်။ အဲဒီက အကြီးအကဲတစ်ဦးက ကျွန်တော်ဟာ တိုက်နယ်ကြီးကြပ်မှူးဖြစ်ပြီး သူတို့ရဲ့အသင်းတော်ကို ခြောက်လတစ်ကြိမ်လည်ပတ်ကြောင်း ရှင်းပြခဲ့တယ်။”
ထိုသူတို့သည် ရှင်းပြချက်ကို မယုံကြည်ပုံရသည်။ သူတို့က ဒီအိုနီစ်ယိုအား စစ်တပ်ထဲမှဖြစ်သည်ဟု မယုံသင်္ကာဖြစ်ပြီး သူ့ကိုသတ်ရန်ထုတ်ပေးဖို့ အကြီးအကဲအား မရမကတောင်းဆိုခဲ့သည်။ အကြီးအကဲက မိမိအားဦးစွာသတ်ပြီးမှ ရနိုင်မည်ဟု ပြန်ဖြေခဲ့သည်။ သို့နှင့် သူတို့ထွက်သွားခဲ့ကြသည်။
ဒီအိုနီစ်ယို ဆက်၍ဤသို့ပြော၏– “တစ်ညလုံးခွေးတွေဟောင်တယ်၊ အဲဒါက သူပုန်တွေရောက်နေတယ်ဆိုတာကိုပြတယ်။ ကျွန်တော်တို့ကို ယေဟောဝါလမ်းပြပေးဖို့အတွက် အဲဒီညမှာ ကျွန်တော်တို့ လေးကြိမ်ဆုတောင်းခဲ့တယ်။ အဲဒီနောက် ခြောက်သွေ့ရာသီဖြစ်နေပေမဲ့ မိုးအကြီးအကျယ်ရွာခဲ့တယ်။ ကျွန်တော်တို့ကို သတ်ဖို့စောင့်နေတဲ့သူတွေ ပြန်သွားခဲ့ကြတယ်။”
တနင်္ဂနွေနေ့စည်းဝေးပြီးနောက် ဒီအိုနီစ်ယိုက အကြီးအကဲများအား သူနှင့်သူ၏ဇနီးသည် အခြားအသင်းတော်သို့ ထွက်ခွာသွားကြမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့ရာတွင် သူတို့သည် သူပုန်များပုန်းအောင်းနေသည့်နေရာကို ဖြတ်ရမည်ဖြစ်သည်။ ဒီအိုနီစ်ယို ဤသို့ပြောပြ၏– “သူပုန်တစ်ယောက်က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်နေခဲ့တယ်။ ကျွန်တော်တို့ ပြန်တော့မယ့်အကြောင်းကိုတောင် သူ့ကိုပြောခဲ့သေးတယ်။ ဒါပေမဲ့ ည ၈ နာရီမှာ သူပုန်တွေဟာ နိုင်ငံတော်ခန်းမကိုသွားပြီး ကျွန်တော်တို့ကို သွားရှာခဲ့ကြတယ်။ အကြီးအကဲက သူတို့ထွက်သွားကြပြီ၊ ခင်ဗျားတို့နေတဲ့နေရာကနေတောင် ဖြတ်သွားကြတယ်လို့ ပြောပြခဲ့တယ်။ အံ့ဩစရာက သူတို့ ကျွန်တော်တို့ကို မတွေ့ခဲ့ကြဘူး။ ဒီအတွေ့အကြုံကနေ ယေဟောဝါကို ကိုးစားဖို့နဲ့ အခက်အခဲဒုက္ခကြုံရတဲ့အခါ သတ္တိရှိဖို့ ကျွန်တော်တို့ သင်ယူရရှိခဲ့ကြတယ်။” သူ၏ဇနီးနှင့်အတူ ဒီအိုနီစ်ယိုသည် လုပ်ငန်းတော်တွင် ရွှင်လန်းစွာ ဆက်အမှုဆောင်နေသည်။
ရံဖန်ရံခါ ထိုသို့သောပုန်ကန်ထကြွမှုများသည် သက်သေခံခြင်းကို အခက်တွေ့စေခဲ့သည်။ ထိုဒေသများတွင် မရှိသင့်သောအချိန်မှာ တိုက်ပွဲဖြစ်နေချိန်ဖြစ်သည်။ သို့ရာတွင် တချို့အခြေအနေများတွင် တစ်ဖက် သို့မဟုတ် အခြားတစ်ဖက်က တိုက်ပွဲဖြစ်မည့်အကြောင်းကို ညီအစ်ကိုများအား ကြိုအကြောင်းကြားခဲ့ကြသည်။ ထိုအချိန်မျိုးတွင် ညီအစ်ကိုများသည် တိုက်ပွဲပြီးသွားသည့်အထိ သက်သေခံရန်အတွက် ပိုမိုငြိမ်သက်သည့်နေရာကို ရွေးချယ်ခဲ့ကြသည်။ သို့ဖြစ်စေကာမူ နိုင်ငံတော်သက်သေခံခြင်းလုပ်ငန်းသည် ဆက်တိုးတက်နေပြီး ညီအစ်ကိုများသည် ယေဟောဝါကို အားကိုးအားထားပြုတတ်လာခဲ့ကြသည်။
ကြားနေမှုဆိုင်ရာ စမ်းသပ်မှုများ
ယေရှုက မိမိ၏နောက်လိုက်များနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူခဲ့၏– “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံ” ကြပါ။ (ယော. ၁၇:၁၄) အခြားနိုင်ငံများရှိ ယေဟောဝါသက်သေများကဲ့သို့ပင် ဖိလစ်ပိုင်ရှိ ယေဟောဝါသက်သေများသည် လောကနိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများတွင် မပါဝင်ခဲ့ကြချေ။ သူတို့သည် “ဓားကိုကိုင်သောသူ” မဟုတ်ကြပါ; ယင်းအစား သူတို့သည် လက်နက်များကို စွန့်လွှတ်ပြီး ယေဟောဝါ၏ သွန်သင်မှုကိုခံယူရင်း ငြိမ်သက်ခြင်းလမ်းစဉ်ကို လိုက်စားခဲ့ကြသည်။ (မ. ၂၆:၅၂; ဟေရှာ. ၂:၄) ယင်းသို့ကြားနေရပ်တည်မှုကို ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလုံးတွင် လူသိများသည်၊ ယေဟောဝါသက်သေများသည် မိမိတို့အား အန္တရာယ်မပြုကြောင်း အုပ်စုအသီးသီးမှလူများ အသိအမှတ်ပြုကြသည်။ သို့ရာတွင် ယေဟောဝါ၏ကျေးကျွန်များသည် ယင်းကိစ္စရပ်အပေါ် သူတို့၏ရပ်တည်မှုကို ထင်ရှားစွာတင်ပြခဲ့ရသည့်အချိန်များ ရှိခဲ့သည်။ ယင်းက သူတို့အတွက် အကာအကွယ်ဖြစ်ခဲ့သည်။
နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအနေနှင့် ဝေဖရယ်ဒို အရယ်ရက်နိုသည် အေးချမ်းသောနယ်မြေနှင့် အေးချမ်းမှုမရှိသောနယ်မြေ ဒေသအသီးသီးတွင် အမှုဆောင်ခဲ့ခြင်းကြောင့် အတွေ့အကြုံများစွာရှိသည်။ သူသည် ၁၉၈၈ ခုနှစ်တွင် ဖိလစ်ပိုင် တောင်ဘက်အလယ်ပိုင်းရှိ အသင်းတော်တစ်ခုထံ လည်ပတ်ခဲ့သည်။ ထိုဒေသတွင် ညီအစ်ကိုများသည် အစိုးရကိုဆန့်ကျင်ပုန်ကန်သည့် အဖွဲ့ထဲဝင်ရန် ဖိအားပေးခြင်းခံခဲ့ကြသည်။ ညီအစ်ကိုများသည် အခိုင်အမာ ငြင်းဆိုခဲ့ကြသည်။
ဝေဖရယ်ဒိုက အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို ဤသို့ပြောပြ၏– “ကျွန်တော် လည်ပတ်တဲ့အချိန်အတွင်းမှာ အစိုးရစစ်တပ်တွေက အသင်းတော်ရပ်ကွက်မှာ လှုပ်ရှားနေကြတယ်။ သူတို့ဟာ ပုန်ကန်တဲ့အဖွဲ့တွေကို ချေမှုန်းဖို့အတွက် ပြည်သူ့စစ်တွေ ဖွဲ့ချင်ကြတယ်။ အစိုးရကိုယ်စားလှယ်တွေနဲ့ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ညီအစ်ကိုတွေဟာ သူပုန်အုပ်စု ဒါမှမဟုတ် အစိုးရပြည်သူ့စစ်ထဲ မဝင်ရတဲ့အကြောင်းရင်းကို ရှင်းပြခွင့်ရခဲ့ကြတယ်။ ဒေသခံပြည်သူတချို့က ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို ဆန့်ကျင်ခဲ့ကြပေမဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူတွေက ကျွန်တော်တို့ကို ထောက်ခံပေးခဲ့ကြတယ်။”
ဝေဖရယ်ဒိုသည် နောက်ထပ် အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို ဤသို့ပြောပြ၏– “ညီအစ်ကိုတစ်ယောက်ဟာ အစည်းအဝေးပြီးလို့ သူ့ရဲ့ခြံကို ပြန်လာတဲ့အခါ လက်နက်ကြီးတွေကိုင်ဆောင်ထားတဲ့ လူတစ်စုနဲ့ တွေ့ခဲ့တယ်၊ သူတို့ဟာ လူနှစ်ယောက်ကို ဖမ်းထားပြီး မျက်နှာဖုံးထားတယ်။ အစိုးရအစည်းအဝေးကို တက်မတက် ညီအစ်ကို,ကို မေးမြန်းကြတယ်၊ ညီအစ်ကိုကလည်း တက်တယ်ဆိုပြီး အမှန်အတိုင်းပဲဖြေခဲ့တယ်။ လက်နက်ကိုင်လူစုက ညီအစ်ကိုဟာ ပြည်သူ့စစ်ထဲ ဝင်မဝင်ကို သိချင်ခဲ့တာ၊ ညီအစ်ကိုက သူ့ရဲ့ကြားနေရပ်တည်မှုအကြောင်း ရှင်းပြခဲ့တယ်။ ဒါနဲ့ သူ့ကို အိမ်ပြန်ခွင့်ပြုခဲ့တယ်။ နောက်မိနစ်အနည်းငယ်အကြာမှာ သေနတ်သံနှစ်ချက်ကြားလိုက်ရတယ်၊ မျက်နှာဖုံးအုပ်ထားတဲ့ လူနှစ်ယောက် အသတ်ခံလိုက်ရပြီဆိုတာကို သိခဲ့ရတယ်။”
၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းကာလအတွင်း ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံသားအားလုံး မဲမထည့်မနေရဥပဒေကို ထုတ်ပြန်ခဲ့သည်။ အမိန့်ချိုးဖောက်သူများကို ထောင်ချခဲ့သည်။ ယင်းက ယေဟောဝါ၏လူမျိုးသည် ဘုရားသခင်အပေါ် မိမိတို့၏သစ္စာစောင့်သိမှုကို တင်ပြရန် အခွင့်အရေးဖြစ်စေခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သူတို့၏ခရစ်ယာန်ညီအစ်ကိုများနည်းတူ ဖိလစ်ပိုင်ရှိ ယေဟောဝါကျေးကျွန်များသည် “ဤလောကနှင့်မဆက်ဆံ” ခြင်းဖြင့် နိုင်ငံရေးတွင်ကြားနေသော သူတို့၏အနေအထားကို ထိန်းသိမ်းခဲ့ကြသည်။—ယော. ၁၇:၁၆။
၁၉၈၆ ခုနှစ်တွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် မဲပေးရန်တောင်းဆိုချက်ကို ပယ်ဖျက်သည့် နိုင်ငံ၏အခြေခံဥပဒေကို ပြန်လည်ပြုပြင်ပြောင်းလဲခဲ့သည်။ ယင်းကြောင့် ညီအစ်ကိုများ သက်သာရာရခဲ့သည်။ သို့ရာတွင် လူများစွာ၊ အထူးသဖြင့် ကျောင်းတက်နေသူများသည် အခြားစမ်းသပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
“နောက်တစ်ဖန် စစ်အတတ်ကို မသင်ရကြ”
အိုင်ရင်း ဂေ့စီးအာသည် လူဇုန်အလယ်ပိုင်း ပမ်ပန်ဂါပြည်နယ်တွင် ကြီးပြင်းလာခဲ့သည်။ သူမသည် လူငယ်များစွာအတွက် စမ်းသပ်မှုတစ်ခု ဖြစ်နေဆဲဖြစ်သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ အထက်တန်းကျောင်းတွင် စစ်သင်တန်းကို သင်ယူရသည်။ သို့ရာတွင် ယေဟောဝါသက်သေကျောင်းသားများသည် စစ်အတတ်ကို သင်ပေးသော ထိုအစီအစဉ်တွင် မပါဝင်ရန် ကိုယ်ပိုင်ဆုံးဖြတ်ခဲ့ကြသည်။ ဦးဆုံး အိုင်ရင်းသည် အကူအညီအတွက် ယေဟောဝါထံ ဆုတောင်းခဲ့သည်။ ပြီးနောက် ပရောဖက်ဒံယေလခေတ်က သစ္စာရှိဟေဗြဲလူငယ်သုံးဦးကို စိတ်ထဲထားပြီး စစ်သင်တန်းပေးသော စစ်ဗိုလ်ထံသွားကာ ဤသင်တန်းမှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ (ဒံ.၊ အခန်းကြီး ၃) သူမ၏ရပ်တည်ချက်ကို အပြည့်အဝနားမလည်သော်လည်း စစ်ဗိုလ်သည် သူမ၏ရှင်းပြချက်ကို လေးမြတ်တန်ဖိုးထားကြောင်း တင်ပြခဲ့သည်။ သို့ရာတွင် သင်တန်းတွင် သူမ,မပါဝင်သောကြောင့် အမှတ်နည်းမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ “ရပါတယ်။ တခြားဘာသာရပ်တွေကို ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားမှာပါ” ဟုအိုင်ရင်းပြန်ဖြေခဲ့သည်။ သူမကို စစ်သင်တန်းအစား တခြားအလုပ်ကို လုပ်ခိုင်းခဲ့သည်။ သူမ ဤသို့ပြောခဲ့၏– “တခြားသက်သေခံကလေးတွေလည်း ကင်းလွတ်ခွင့်တောင်းဆိုတဲ့အခါ ဘာပြဿနာမှ မဖြစ်တော့ဘူး၊ ကျွန်မက အတော်ဆုံးဆယ်ယောက်ထဲမှာပါပြီး ကျောင်းပြီးခဲ့တယ်။”
စစ်သင်တန်းပေးရေး စစ်ဗိုလ်တိုင်းက ကင်းလွတ်ခွင့် မပေးခဲ့ကြပါ။ စစ်ဗိုလ်တချို့သည် ကျောင်းသားများကို အတန်းအောင်ဖို့ အခက်တွေ့စေခဲ့ကြသည်။ သို့တိုင် ယေဟောဝါ၏မူများကို စွဲစွဲမြဲမြဲလိုက်လျှောက်ခြင်းဖြင့် ထောင်နှင့်ချီသောလူငယ်များသည် အရေးကြီးသော ဤသင်ခန်းစာကို သင်ယူရရှိခဲ့ကြသည်– ယေဟောဝါ၏နိုင်ငံတော်ဘက်တွင် ခိုင်မြဲစွာရပ်တည်ပြီး ဤလောကအရေးကိစ္စများတွင် ကြားနေခြင်းကို ထိန်းသိမ်းထားခြင်းက ယေဟောဝါ၏ ကာကွယ်မှုနှင့် ကောင်းချီးများကိုဖြစ်စေသည်။—သု. ၂၉:၂၅။
စည်းဝေးကြီးများအရေအတွက် တိုးများလာ
ယခု ယေဟောဝါလူမျိုးတော်၏ ဝိညာဉ်ရေးဆိုင်ရာ စုဝေးမှုများအကြောင်း သုံးသပ်ကြည့်ကြစို့။ ယင်းစုဝေးမှုများသည် အစဉ်ရွှင်လန်းမှုပေးသော အခါသမယများဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နိုင်ငံအတွင်း သက်သေခံအနည်းငယ်သာရှိသောကြောင့် စစ်ကြီးပြီးသည်အထိ ကြီးမားသောစုဝေးမှုများ မရှိခဲ့ပါ။ သို့သော် ကြီးမားသောစုဝေးမှုများပြုလုပ်၍ ညီအစ်ကိုများကို တည်ဆောက်အားပေးရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ အမှန်ပင်၊ ၁၉၄၁ ခုနှစ်၊ နှစ်ချုပ်စာအုပ်၌ ၁၉၄၀ ပြည့်နှစ် မတ်လတွင် မနီလာမြို့၌ကျင်းပခဲ့သော စည်းဝေးကြီးတစ်ခုအကြောင်း ဖော်ပြထားသည်။
ဂျပန်တို့ အကျဉ်းချခဲ့သော ဂျိုးဇက် ဒိုစ် စန့်တိုစ်ကို သင်အမှတ်ရပေမည်။ နောက်ဆုံးတွင် သူသည် ၁၉၄၅ ခုနှစ်အစောပိုင်း၌ အမေရိကန်စစ်တပ်ကြောင့် လွတ်မြောက်ခဲ့သည်။ သူသည် ညီအစ်ကိုများ၏ ဝိညာဉ်ရေးအကျိုးကို အလွန်စိတ်ဝင်စားခဲ့သည်၊ ယင်းညီအစ်ကိုများစွာမှာ အဖွဲ့အစည်းတွင် လူသစ်များဖြစ်ကြသည်။ အိမ်တွင်းကျမ်းစာသင်အံမှုအားဖြင့် အခြားသူများအား ကျမ်းစာသမ္မာတရားကို ထိရောက်စွာ မည်သို့သွန်သင်ပေးရမည်ကို သိရှိလာအောင် သူတို့ကိုကူညီပေးဖို့ အစီအစဉ်များကို ပြုလုပ်ပေးခဲ့သည်။ ၁၉၄၅ နှစ်ကုန်ပိုင်းတွင် လင်ဂင်ရန်၊ ပန်ဂါစီနန်တွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးသည် ယင်းသို့ကူညီပေးရန် နည်းလမ်းတစ်ခုဖြစ်ခဲ့သည်။ လူ ၄,၀၀၀ ခန့်တက်ရောက်ခဲ့ခြင်းက ထိုအချိန်တွင် စိတ်ဝင်စားသူများစွာရှိကြောင်း ဖော်ပြသည်။ စစ်ကြီးလည်း ပြီးဆုံးသွားပြီဖြစ်၍ ရွှင်လန်းဖွယ်အခါသမယဖြစ်ခဲ့သည်!
ထိုအချိန်မှစ၍ ကြေညာသူအရေအတွက် တိုးများလာသည်နှင့်အညီ စည်းဝေးကြီးတက်ရောက်သူများ တဖြည်းဖြည်းတိုးများလာခဲ့သည်။ ၁၇ နှစ်ခန့်ကြာပြီးနောက် တက်ရောက်သူမှာ ၄,၀၀၀ မှ ၃၉,၆၅၂ အထိဖြစ်လာခဲ့သည်။ သို့ဖြစ်၍ စည်းဝေးကြီးများကို တစ်နေရာတည်းတွင်မဟုတ်ဘဲ ခုနစ်နေရာ ခွဲကျင်းပခဲ့သည်။ နောက် ၁၅ နှစ်အကြာ (၁၉၇၇) တွင် ခရိုင်စည်းဝေးကြီးတက်ရောက်သူ ၁၀၀,၀၀၀ ကျော်ဖြစ်လာသည်။ ထိုအချိန်မှစ၍ နိုင်ငံတစ်ဝန်းလုံးတွင် စည်းဝေးကြီး ၂၀ ကိုကျင်းပခဲ့သည်။ ရှစ်နှစ်ကြာပြီးနောက် တက်ရောက်သူ ၂၀၀,၀၀၀ ကျော်လာခဲ့ပြီး ၁၉၉၇ တွင် ခရိုင်စည်းဝေးကြီးများကို တက်ရောက်သူအရေအတွက်သည် ၃၀၀,၀၀၀ ကျော်ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ယခင်ကထက် အများဆုံးအရေအတွက်ဖြစ်သော စည်းဝေးကြီးပေါင်း ၆၃ ခုကျင်းပရန် စီစဉ်ခဲ့ကြသည်။ ကျွန်းများတွင် ခရီးသွားလာခြင်းသည် အခက်အခဲများရှိပြီး တစ်ခါတစ်ရံ စရိတ်စကများနိုင်သည်။ ဒေသများစွာတွင် စည်းဝေးကြီးများကို ခွဲကျင်းပပေးခြင်းက ညီအစ်ကိုများအတွက် စည်းဝေးကြီးကျင်းပသည့်နေရာနှင့် ပိုနီးစေပြီး တက်ရောက်ရန် ပိုလွယ်ကူစေသည်။ ရလဒ်အနေနှင့် ပို၍များသောသူများသည် ထိုဝိညာဏစားပွဲကြီးမှ အကျိုးရရှိနေကြသည်။
တက်ရောက်ရန် ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေး
စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို တက်ရောက်ရန်မှာ မလွယ်ကူခဲ့ပါ။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံ၏မြောက်ပိုင်းဒေသမှ ညီအစ်ကိုများသည် ကမ်းရိုးတန်းဒေသရှိ ဗီဂန့်တွင်ကျင်းပသော တိုက်နယ်စည်းဝေးပွဲကို တက်ရောက်ရန်အတွက် အက်ဘရာမြစ်ကို ဖောင်နှစ်ခုဖြင့် စုန်ဆင်းခဲ့ကြသည်။ မြစ်ဝသို့ရောက်သောအခါ သူတို့သည် လိုအပ်သော ကားလက်မှတ်များကိုဝယ်ရန် ဖောင်ကိုဖျက်ပြီး သစ်များကိုရောင်းခဲ့ကြသည်၊ စည်းဝေးပွဲပြီးနောက် တောင်ပေါ်ဒေသသို့ ပြန်ကြရသည်။ သူတို့သည် ဆန်အိတ်ကြီးများ၊ ထင်းစည်းများ၊ ဖျာများ၊ ကလေးများနှင့် နွေးထွေးသောအပြုံးများကို မိမိတို့နှင့်အတူ သယ်ဆောင်လာခဲ့ခြင်းကြောင့် စည်းဝေးပွဲကို ပို၍ကြီးကျယ်စေသည်။ ဆန်၊ ထင်း၊ မီးသွေးမီးဖိုတစ်ခုနှင့် ဖျာရှိလျှင် သူတို့အတွက် လုံလောက်ပြီဖြစ်သည်။
၁၉၈၃ ခုနှစ်တွင် ဖိလစ်ပိုင်တောင်ပိုင်း ဒက်ဗဥ ဒယ်လ် ဆာရ်ပြည်နယ်၊ ကက်ဘူးရန့်အသင်းတော်မှ အုပ်စုတစ်စုသည် အနီးဆုံးသမ္ဗန်ဆိပ်သို့ ရောက်ရှိရန် တောင်များကိုဖြတ်ကာ သုံးရက်လမ်းလျှောက်ခဲ့ကြသည်။ ထို့နောက် စည်းဝေးကျင်းပသည့်မြို့သို့ရောက်ရန် တစ်ရက် သမ္ဗန်ဖြင့်ခရီးဆက်ခဲ့ကြသည်။ “နိုင်ငံတော်စည်းလုံးမှု” ခရိုင်စည်းဝေးကြီးတွင် အခြားသူများနှင့် ရွှင်လန်းဖွယ်ပေါင်းသင်းမှု ရရှိခဲ့ခြင်းကြောင့် အပင်ပန်းခံ၊ အကုန်အကျခံရကျိုးနပ်သည်ဟု သူတို့ခံစားခဲ့ကြသည်။
၁၉၈၉ ခုနှစ်တွင် နှစ်နှစ်နှင့် လေးနှစ်အရွယ် ကလေးနှစ်ယောက်ရှိသော မိသားစုတစ်စုသည် တိုက်နယ်စည်းဝေးပွဲတက်ရောက်ရန် ပလောန်ကျွန်းရှိ အယ်လ် နီဒိုမြို့မှ မိုင် ၄၀ နီးပါး လမ်းလျှောက်ခဲ့ကြသည်။ သူတို့သည် လမ်းပြအမှတ်အသား အနည်းငယ်သာရှိသော တောနက်ထဲတွင် နှစ်ရက်လမ်းလျှောက်ခဲ့ကြသည်။ သူတို့လမ်းလျှောက်သွားရင်း သူတို့ကိုယ်ခန္ဓာတွင် တွယ်ကပ်နေသော ကျွတ်များကိုခွာချခဲ့ကြသည်။ ပို၍ဆိုးသည်မှာ နှစ်ရက်လုံးလုံး မိုးအဆက်မပြတ်ရွာသွန်းခဲ့သည်။ တံတားမရှိသော ချောင်းငယ်လေးများနှင့် မြစ်များကို ဖြတ်ခဲ့ရသည်။ ဤအခက်အခဲများကြားမှ ထိုမိသားစုသည် ဘေးကင်းစွာ ရောက်ရှိလာခဲ့သည်။ ညီအစ်ကိုများနှင့် ပေါင်းသင်းခြင်းမှ သူတို့အလွန်ရွှင်လန်းခဲ့ကြသည်!
အချို့ဒေသများတွင် ငွေကြေးချို့တဲ့ခြင်းကြောင့် စည်းဝေးကြီးများကိုတက်ရောက်ရန် ငွေအလုံအလောက်ရရှိဖို့ မိသားစုများအတွက် အခက်အခဲဖြစ်စေခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ရေမွန် ရိုဒရီဂူ့ဇ်သည် ထိုပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်။ သူသည် လူဇုန်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းရှိ ပေါလီယိုကျွန်းတွင် သူ၏မိသားစုနှင့်အတူ နေထိုင်သည်။ ရေမွန်သည် တံငါသည်တစ်ဦးဖြစ်သည်။ စည်းဝေးကြီးမတိုင်မီ တစ်ပတ်အလိုအထိ သူ၏မိသားစုဝင်ခုနစ်ဦးတွင် စည်းဝေးကြီးတက်ရောက်ရန် တစ်ယောက်အတွက်သာ ငွေရှိခဲ့သည်။ သူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါထံ ဆုတောင်းပြီး ရေမွန်နှင့် ၁၂ နှစ်အရွယ်သားသည် ငါးဖမ်းထွက်ခဲ့သည်။ ပင်လယ်ထဲသို့ လှေလှော်ထွက်ပြီး ပိုက်ချကြသော်လည်း ငါးမရခဲ့ပါ။ အချိန်အတန်ကြာပြီးနောက် သားဖြစ်သူက အိမ်နှင့်နီးရာသို့ပြန်ပြီး ပိုက်ချကြည့်ရန် ပြောခဲ့သည်။ ထိုနေရာတွင် နောက်တစ်ကြိမ်ပိုက်ချခဲ့ကြသည်။ ရေမွန် ဤသို့ပြောပြ၏– “မျှော်လင့်မထားပေမဲ့ ပိုက်ကိုဆွဲတင်လိုက်တဲ့အခါ ငါးအပြည့်ပါနေတယ်၊ ငါးတွေများလွန်းလို့ လှေပြည့်သွားတယ်။” သူတို့သည် ငါးအချိန် ပေါင် ၁,၁၀၀ ကျော်ဖမ်းမိခဲ့ကြသည်! ငါးရောင်း၍ရသောငွေသည် စည်းဝေးကြီးတက်ရောက်ရန် ရိုဒရီဂူ့ဇ်မိသားစုတစ်ခုလုံးအတွက် လိုအပ်သောငွေထက် ပိုလျှံခဲ့သည်။
နောက်နေ့ညတွင် စည်းဝေးကြီးတက်ရောက်လိုသော အခြားညီအစ်ကိုများလည်း ထိုနေရာတွင်ပင် ပိုက်ချခဲ့ကြရာ နောက်ထပ် ငါးပေါင်ချိန် ၂၀၀ ဖမ်းမိခဲ့ကြသည်။ ရေမွန် ဤသို့ဆက်ပြောပြ၏– “တစ်ချိန်တည်းမှာပဲ သက်သေခံမဟုတ်တဲ့ တံငါသည်တွေဟာ အဲဒီနေရာမှာ ပိုက်ချခဲ့ကြပေမဲ့ သူတို့ကျတော့ တစ်ကောင်မှမမိတဲ့အတွက် အံ့သြခဲ့ကြတယ်။ အဲဒီတံငါသည်တွေက ‘သူတို့ စည်းဝေးကြီးသွားတက်ကြမှာဖြစ်တဲ့အတွက် သူတို့ရဲ့ဘုရားသခင်က သူတို့ကို ကောင်းချီးပေးတာ’ လို့မှတ်ချက်ချခဲ့ကြတယ်။” ဖိလစ်ပိုင်လူမျိုးသက်သေခံ မိသားစုများသည် ဘဝအသက်တာတွင် ဝိညာဉ်ရေးရာကို ဦးစားထားပြီး ဆုတောင်းချက်များနှင့်အညီ ပြုမူနေထိုင်ခြင်းက ရွှင်လန်းမှုနှင့် ယေဟောဝါ၏ကောင်းချီးများကို ရရှိခံစားစေကြောင်း ထပ်ခါထပ်ခါ သင်ယူရရှိခဲ့ကြသည်။
မှတ်သားဖွယ် စည်းဝေးကြီးများ
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူမျိုးသည် အတိတ်ကစည်းဝေးကြီးများကို တဖွဖွပြောဆိုအမှတ်ရနေကြဆဲဖြစ်သည်။ ဖိလစ်ပိုင်ရှိ ညီအစ်ကိုများလည်း ထိုနည်းတူပင်ဖြစ်သည်။ စည်းဝေးကြီးအစီအစဉ်အားလုံးကို တန်ဖိုးထားကြသော်လည်း အချို့သည် အထူးအဓိပ္ပာယ်ရှိပြီး စိတ်နှလုံးတွင် ပိုမိုစွဲထင်စေခဲ့သည်။ တစ်ခါတစ်ရံ ယင်းတို့မှာ အပြည်ပြည်ဆိုင်ရာ စုဝေးမှုများ သို့မဟုတ် သာသနာပြုများ မိမိတို့နေရင်းပြည်သို့ပြန်လာကာ သူတို့နှင့်အတူစုဝေးပြီး သူတို့၏အတွေ့အကြုံများကို ဝေမျှပေးသော စည်းဝေးကြီးများဖြစ်နိုင်ပါသည်။
အစပိုင်းတွင် ကျွန်ုပ်တို့သိခဲ့ရသည့်အတိုင်း ဖိလစ်ပိုင်လူမျိုးညီအစ်ကို၊ ညီအစ်မ အတော်များများသည် အခြားအာရှနိုင်ငံများနှင့် ကျွန်းများတွင် သာသနာပြုများအဖြစ် အမှုဆောင်နေကြသည်။ အကြိမ်အတော်များများပင် ကမ္ဘာတစ်ဝန်းရှိ သက်သေခံများသည် သာသနာပြုများ မိမိတို့၏နေရင်းပြည်သို့ပြန်ပြီး ထိုတွင်စည်းဝေးကြီးတက်နိုင်ရန် ရန်ပုံငွေများထည့်ဝင်ခြင်းဖြင့် အကူအညီပေးခဲ့ကြသည်။ ဖိလစ်ပိုင်လူမျိုးသာသနာပြုများသည်လည်း ထိုမေတ္တာပါသော အစီအစဉ်မှ အကျိုးခံစားခဲ့ရသည်။ ၁၉၈၃၊ ၁၉၈၈၊ ၁၉၉၃၊ ၁၉၉၈ ခုနှစ်တို့တွင် ဒါဇင်နှင့်ချီသောသူများသည် ဖိလစ်ပိုင်သို့ပြန်ကာ သူတို့၏မိသားစုများ၊ မိတ်ဆွေများနှင့်အတူ စည်းဝေးကြီးများတွင် ပျော်မွေ့ဖို့ အကူအညီရရှိခဲ့ကြသည်။ ၁၉၈၈ ခုနှစ်မှတ်တမ်းအရ ၁၂ နိုင်ငံတွင်အမှုဆောင်နေကြသော သာသနာပြု ၅၄ ဦးသည် ဖိလစ်ပိုင်ရှိစည်းဝေးကြီးများကို တက်ရောက်ခဲ့ကြောင်း ဖော်ပြသည်။ ထိုအချိန်က ထိုသာသနာပြု ၅၄ ဦး၏ ပျမ်းမျှအချိန်ပြည့်လုပ်ငန်းသက်တမ်းမှာ ၂၄ နှစ်ဖြစ်သည်။ အစီအစဉ်တွင် သူတို့၏ပြောဆိုချက်များ၊ တွေ့ကြုံမှုများကို တင်ဆက်ခဲ့ကြသောကြောင့် ယောက်တိုင်း ပျော်ရွှင်ခဲ့ကြသည်။
စည်းဝေးကြီးများနှင့်ဆက်နွှယ်သော ဖြစ်ရပ်များနှင့် အဆင်မပြေမှုများကြားမှ ဆက်ကျင်းပလုပ်ဆောင်သွားဖို့ ညီအစ်ကိုများ၏ ခိုင်မာသောဆုံးဖြတ်ချက်ကြောင့် အခြားသူများသည် စည်းဝေးကြီးများကို အမှတ်ရကြသည်။ ဥပမာ၊ ၁၉၈၆ ခုနှစ်တွင် မင်ဒနာအိုကျွန်းရှိ စုရီဂဥတွင်ကျင်းပသည့် “ဘုရားရေးရာ ငြိမ်သက်ခြင်း” ခရိုင်စည်းဝေးပွဲ မတိုင်မီလေးတွင် တစ်နာရီ မိုင် ၁၀၀ နှုန်းဖြင့် တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်။ အားကစားကွင်းအမိုး အကြီးအကျယ်ပျက်စီးသွားသည်။ မြို့၏လျှပ်စစ်အားလုံးပြတ်တောက်သွားရာ စည်းဝေးကြီးပြီးသည်အထိ လျှပ်စစ်မရခဲ့ချေ။ ရေကို လေးမိုင်ဝေးသောနေရာမှ သယ်ယူခဲ့ရသည်။ ယင်းတို့က သက်သေခံများ စုဝေးမှုကို မရပ်တန့်စေခဲ့ပါ။ လမ်းဘေးပလက်ဖောင်းတွင် ကျနေသော အပျက်အစီးအပိုင်းအစများကို ကောက်သိမ်းကာ အားကစားကွင်း၏ဘေးတွင် အဆောက်အအုံတစ်ခုကို တည်ဆောက်ကြသည်။ သူတို့သည် မီး၊ အသံချဲ့စက်နှင့် အစားအသောက်ဌာနရှိ ရေခဲသေတ္တာအတွက် မီးစက်တစ်လုံးကို ငှားခဲ့သည်။ လူပေါင်း ၅,၀၀၀ တက်ရောက်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း စည်းဝေးကြီးကို အများဆုံး ၉,၉၃၂ ယောက်တက်ရောက် ပျော်မွေ့ခဲ့ကြသည်! ထိုသူတို့သည် အခွင့်သာမှ ကြိုးစားသည့် ခရစ်ယာန်များမဟုတ်ကြပါ။
အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများသည် အထူးသဖြင့် အမှတ်ရစရာဖြစ်သည်။ ၁၉၉၁ နှင့် ၁၉၉၃ ခုနှစ်တို့တွင် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများကို မနီလာ၌ကျင်းပရန် အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးခဲ့သည်။ ကိုယ်စားလှယ်များသည် ထိုမြို့အတွက် အကြီးအကျယ်အမှတ်ရစရာ ဖြစ်ခဲ့သည်။ ဖိလစ်ပိုင်လူမျိုး ညီအစ်ကို၊ ညီအစ်မအများစုသည် အခြားနိုင်ငံများသို့ ခရီးသွားလည်ပတ်ကြခြင်းမရှိသောကြောင့် ယင်းစည်းဝေးကြီးက မှတ်သားဖွယ်ကောင်းသော အပြန်အလှန်အားပေးမှုကို ဖြစ်စေခဲ့သည်! (ရော. ၁:၁၂) နိုင်ငံခြားမှ ကိုယ်စားလှယ်များသည် ဖိလစ်ပိုင်လူမျိုးညီအစ်ကိုများ တင်ပြကြသော နွေးထွေးဖော်ရွေသည့် ဧည့်ဝတ်ကျေမှုကို စိတ်စွဲမှတ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုမှ ဇနီးမောင်နှံတစ်စုံက ဤသို့စာရေးခဲ့သည်– “သင်တို့ရဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုအတွက် အထူးကျေးဇူးတင်ပါတယ်။ သင်တို့ဟာ ကျွန်တော်တို့အားလုံးကို မေတ္တာပါစွာ ရင်းရင်းနှီးနှီး ကြိုဆိုလက်ခံခဲ့ကြတယ်!”
၁၉၉၃ ခုနှစ်တွင် မနီလာရှိ အားကစားကွင်းသုံးခုကို အသုံးပြုခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဟောပြောချက်ပေးသည့်အခါတိုင်း သုံးနေရာစလုံးကို တယ်လီဖုန်းလိုင်းဖြင့် ချိတ်ဆက်ခဲ့သည်။ တက်ရောက်သူ ကိုယ်စားလှယ်များသည် ခရစ်ယာန်ဂရိကျမ်းစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တဂါးလော့ဂ်ဘာသာစကားဖြင့် ထုတ်ဝေခဲ့ချိန်တွင် အလွန်ဝမ်းသာပီတိဖြစ်ခဲ့ကြသည်! ညီအစ်မငယ်တစ်ဦး ဤသို့ပြောခဲ့၏– “ကျွန်မအရမ်းပျော်တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တဂါးလော့ဂ်ဘာသာစကားနဲ့ ရမယ့်အချိန်ကို ကျွန်မမျှော်နေခဲ့တာ။ ရပြီလည်းဆိုရော အံ့သြသွားတာပဲ!”
၁၉၉၈ ခုနှစ်တွင် အခြေအနေများ ပြောင်းလဲခဲ့သည်။ ၁၉၅၈ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်သည် အခြားနိုင်ငံများသို့ ကိုယ်စားလှယ်များစေလွှတ်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းရိုးတန်းတွင်ကျင်းပသော စည်းဝေးကြီးတစ်ခုတွင် ၁၀၇ ဦးတက်ရောက်ခဲ့သည်။ စက်တင်ဘာလတွင် အခြား ၃၅ ဦးသည် ကိုရီးယားတွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးတစ်ခုကို တက်ရောက်ရသည့် အခွင့်ထူးရရှိခဲ့ကြသည်။ ထိုစည်းဝေးကြီးများသည် ယေဟောဝါ၏လူများကို ပညာပေး၊ စည်းလုံးစေပြီး ယေဟောဝါအား မိမိတို့၏ခိုလှုံရာဖြစ်စေရန် လူအားလုံးကို ကူညီပေးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ အမှန်ပင်ပါဝင်ခဲ့သည်။
ယခု လယ်ကွင်းလုပ်ငန်းအကြောင်းဘက်သို့ အာရုံစိုက်ကြည့်ကြစို့။ ဘာသာစကား အလွန်များပြားသော နိုင်ငံတွင် အောင်မြင်အောင် မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။
သတင်းကောင်းကို ဘာသာစကားများစွာဖြင့် တင်ဆက်ခြင်း
အစောပိုင်းတွင် ဖော်ပြခဲ့သကဲ့သို့ မိမိတို့၏တိုင်းရင်းသားဘာသာစကားဖြင့် သမ္မာတရားကိုလေ့လာခြင်းသည် လူများစွာအတွက် ပိုလွယ်ကူလေ့ရှိသည်။ ယင်းသည် ဖိလစ်ပိုင်နိုင်ငံအတွက် စိန်ခေါ်ချက်တစ်ခုဖြစ်သည်၊ အကြောင်းမှာ ဘာသာစကားများစွာ ပြောဆိုကြသောကြောင့်ဖြစ်သည်။ သို့သော် ယေဟောဝါသက်သေများသည် သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် သက်သေခံခြင်း၊ ဘာသာစကားအမျိုးမျိုးဖြင့် ကျမ်းစာစာပေများကို ပြင်ဆင်ပေးခြင်းတို့ဖြင့် လူများ၏လိုအပ်ရာများကို ဖြေရှင်းပေးရန် ကြိုးစားခဲ့ကြသည်။
အများအားဖြင့် သက်သေခံတစ်ဦးသည် သူတတ်ကျွမ်းထားသော ဘာသာစကားပြောသည့် အုပ်စုတစ်စု ပေးအပ်ခြင်း ခံရနိုင်သည်။ အချို့နေရာများတွင် သက်သေခံအနည်းငယ်သာ ဘာသာစကားတတ်ကျွမ်းကြသဖြင့် ဇွဲထက်သန်သော ကြေညာသူများနှင့် ရှေ့ဆောင်များသည် ယင်းဘာသာစကားကို ကြိုးစားသင်ယူခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” လာသူ တမန်တော်ပေါလုကို အတုယူခဲ့ကြသည်။—၁ကော. ၉:၂၂။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသောနိုင်ငံများထဲတွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သော်လည်း ယင်းစကားသည် လူအများစု၏ တိုင်းရင်းသားဘာသာစကား မဟုတ်ပါ။ လူတိုင်း အင်္ဂလိပ်စာကို ကောင်းစွာမဖတ်တတ်ကြသောကြောင့် ဖိလစ်ပိုင်ဘာသာအတော်များများဖြင့် စာပေများ လိုအပ်သည်။ နှစ်များတစ်လျှောက် ယေဟောဝါသက်သေများသည် ကျမ်းစာစာပေများကို အနည်းဆုံး ၁၇ ဘာသာဖြင့် ဘာသာပြန်ဆိုခဲ့ကြပေပြီ။ အချို့ကို ဘရိုရှာတစ်စောင်၊ နှစ်စောင်မျှသာ ဘာသာပြန်ခဲ့သည်—တောင်ပိုင်းဒေသရှိ အစ္စလာမ်ဘာသာဝင်များအတွက် တဦးစော့ဂျ်ဘာသာစကား၊ နိုင်ငံ၏မြောက်ဖျားပိုင်းဒေသရှိ လူမျိုးစုငယ်တစ်စု ပြောဆိုသော အီဘက်နက်ဂ်ဘာသာစကားတို့ဖြစ်သည်။ လူအများစုသည် အဓိကဘာသာစကားခုနစ်မျိုးထဲမှ တစ်မျိုးမျိုးကို နားလည်ပြောဆိုတတ်ကြသည်။ ကင်းမျှော်စင်ကို ယင်းဘာသာစကားများဖြင့် ဘာသာပြန်ဆိုသည်။ သို့ဖြစ်၍ နိုင်ငံတော်ခန်းမများ သို့မဟုတ် စည်းဝေးပွဲများ၊ စည်းဝေးကြီးများတွင် ဝိညာဏအစီအစဉ်များကို ထိုဘာသာစကားများဖြင့် အဓိကတင်ဆက်လျက်ရှိသည်။
မကြာသေးမီနှစ်များအတွင်း အစိုးရက တဂါးလော့ဂ်ဘာသာစကားနှင့် ဆင်တူသော ဖိလစ်ပီနိုဘာသာစကားကို အသုံးပြုရန် အားပေးခဲ့သည်။ လူမျိုးဆက်တစ်ဆက်အပေါ် ယင်းအကျိုးဆက်သည် မှတ်သားဖွယ်ဖြစ်ခဲ့သည်။ ဖိလစ်ပီနိုဘာသာစကား ပြောဆိုမှုနှင့် ပုံနှိပ်ထုတ်ဝေမှု အလွန်တိုးများလာခဲ့သည်၊ သို့သော် အခြားဘာသာစကား အသုံးပြုမှုတွင် အပြောင်းအလဲ သို့မဟုတ် လျော့နည်းခြင်းမရှိခဲ့ပါ။ ယင်းသည် ကင်းမျှော်စင်ပုံနှိပ်သည့် ကိန်းဂဏန်းတွင် အကျိုးသက်ရောက်မှုရှိခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တဂါးလော့ဂ်ဘာသာစကားဖြင့် တစ်မျိုးကို စုစုပေါင်းစောင်ရေ ၂၉,၆၆၇ စောင်ထုတ်ဝေခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ယင်းကိန်းဂဏန်း၏လေးဆဖြစ်သော စောင်ရေ ၁၂၅,၁၀၀ သို့တိုးလာခဲ့သည်။ တစ်ချိန်တည်းတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောင်းလဲမှုအနည်းငယ်ရှိပြီး အခြားဖိလစ်ပိုင်ဘာသာစကားများဖြင့် စောင်ရေ အနည်းငယ်တိုးများလာသည်။
ဗေသလမိသားစုသည် လယ်ကွင်းလုပ်ငန်းကို ထောက်မပေး
အချိန်ပြည့်ဓမ္မအမှုဆောင် ၃၈၀ ယောက်သည် မနီလာမြို့တော်၏ မြို့တော်အစိတ်အပိုင်းတစ်ခုဖြစ်သော ကွီဇုန်စီးတီးရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတွင် အမှုဆောင်နေကြသည်။ ၆၉ ဦးသည် တိုင်းရင်းသားဘာသာစကား စာပေစာတမ်းများအတွက် ဘာသာပြန်ခြင်း၊ စာပြင်ခြင်းအလုပ်ကို လုပ်ဆောင်ကြသည်။ သူတို့ထဲမှအချို့သည် ဟေဗြဲကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို စီဘွာနို၊ အီလိုကို၊ တဂါးလော့ဂ်စသည့် ဘာသာစကားသုံးမျိုးဖြင့် မကြာသေးမီက ဘာသာပြန်ပြီးဖြစ်သည်။ ယင်းကျမ်းစာ၏ ဂရိကျမ်းစာစောင်များကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီးချိန်မှစ၍ ညီအစ်ကိုများသည် ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကိုရရှိရန် စောင့်မျှော်ခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင်ကျင်းပသော ခရိုင်စည်းဝေးကြီးတွင် တဂါးလော့ဂ်ဘာသာစကားဖြင့် ထုတ်ဝေပေးခဲ့၍ အလွန်ဝမ်းမြောက်ခဲ့ကြသည်! များမကြာမီ စီဘွာနို၊ အီလိုကိုဘာသာစကားများဖြင့်လည်း ရရှိခဲ့သည်။ ယခုအချိန်တွင် လယ်ကွင်းတွင်ရှိသော သိန်းနှင့်ချီသည့်သူများသည် ရှင်းလင်း၊ တိကျပြီး တစ်သမတ်တည်းပြန်ဆိုထားသည့် ဤသန့်ရှင်းသောကျမ်းစာစောင်များမှ အကျိုးရရှိနိုင်ကြပြီ။
ဖိလစ်ပိုင်ဗေသလမိသားစုဝင်များသည် ကွဲပြားခြားနားသော တိုင်းရင်းသားဘာသာစကား ၂၈ မျိုးပြောသည့် နောက်ခံအမျိုးမျိုးမှ လာကြသူများဖြစ်သည်။ ထို့ကြောင့် အများစုသည် ကျမ်းစာအခြေပြုစာပေများကို ဘာသာပြန်ရန် ကောင်းစွာအရည်အချင်းပြည့်မီကြသည်။ သို့သော် ဘာသာပြန်ခြင်းသည် ဗေသလတွင်လုပ်ဆောင်သော အလုပ်များထဲတွင် တစ်စိတ်တစ်ဒေသသာဖြစ်သည်။
ဗေသလမှ စေတနာ့ဝန်ထမ်းများသည် လယ်ကွင်းရှိ အလွန်အရေးကြီးသော ဟောပြောခြင်းလုပ်ငန်းကို ထောက်မပေးသည့် လုပ်ငန်းအသီးသီးတွင် အမှုဆောင်နေကြသည်။ ညီအစ်ကိုအချို့သည် မဂ္ဂဇင်းများနှင့် အခြားစာပေများကို ပုံနှိပ်ကြသည်။ စေတနာ့ဝန်ထမ်းများသည် ယင်းတို့ကို လူဇုန်ကျွန်းပေါ်ရှိ ဒေသအသီးသီးသို့လည်း ပို့ပေးကြသည်။ များစွာသောသူတို့သည် ဗေသလအိမ်တွင် ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းခြင်းစသည့် တာဝန်များကို လုပ်ဆောင်ထောက်ပံ့ကြသည်။ အခြားသူများသည် အသင်းတော်များ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် လယ်ကွင်းတွင်ရှိသော အချိန်ပြည့်ကျေးကျွန်များအား အကူအညီပေးရန် ဘာသာစကားမျိုးစုံဖြင့် စာပေးစာယူလုပ်ရသည့် လုပ်ငန်းတော်ဌာနတွင် လုပ်ဆောင်ကြသည်။ ကျွန်းစုတစ်ခုလုံးရှိ အသင်းတော် ၃,၅၀၀ မှ လက်ခံရရှိသောစာ မည်မျှများမည်သို့ မြင်ယောင်ကြည့်ပါ!
ဌာနခွဲရုံးကို စတင်တည်ထောင်သော ၁၉၃၄ ခုနှစ်မှစ၍ ၁၉၇၅ ခုနှစ်အထိ ဌာနခွဲလုပ်ငန်းဆောင်တာများသည် ဌာနခွဲအမှုထမ်း သို့မဟုတ် ဦးစီးကြီးကြပ်မှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ ဂျိုးဇက် ဒိုစ် စန့်တိုစ် ဟာဝိုင်ယီသို့ပြန်သွားပြီးနောက် ကနေဒါမှလာသော သာသနာပြု အားလ် စတူးဝပ်က ထိုတာဝန်ကို ၁၃ နှစ်ခန့်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အခြားညီအစ်ကိုနှစ်ဦးသည် အချိန်တိုအတွင်း အမှုဆောင်ခဲ့သည်။ ထို့နောက် ၁၉၅၄ ခုနှစ်တွင် ရောက်ရှိလာခဲ့သော ဒန်တန်ဟော့ကင်စင်သည် ၁၉၆၆ ခုနှစ်တွင် ဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူသည် ယေဟောဝါ၏အဖွဲ့အစည်းက ကမ္ဘာတစ်ဝန်းရှိ ဌာနခွဲများကို ကြီးကြပ်ရေးအတွက် အစီအစဉ်အသစ်ကို အကောင်အထည်ဖော်ရန် သင့်တော်ချိန်ကို မတွေ့ရှိမီအထိ ဆယ်နှစ်ခန့်ကောင်းစွာအမှုဆောင်ခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ဌာနခွဲများသို့ပေးသော ညွှန်ကြားချက်နှင့်အညီ ၁၉၇၆ ဖေဖော်ဝါရီလတွင် လူတစ်ဦးတစ်ယောက်ကြီးကြပ်ခြင်းမှ ဌာနခွဲကော်မတီအားဖြင့် ကြီးကြပ်ခြင်းသို့ ပြောင်းလဲခဲ့သည်။ အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အောက်တွင်ရှိသော အရည်အချင်းရှိသည့် ထိုအမျိုးသားအဖွဲ့သည် လယ်ကွင်းနှင့် ဌာနခွဲရုံးလုပ်ငန်းကို အကျိုးသက်ရောက်သည့် ဆုံးဖြတ်ချက်များချရန် တာဝန်ရှိမည်ဖြစ်သည်။ ယခင်က ဖိလစ်ပိုင်နိုင်ငံရှိ ဌာနခွဲကော်မတီကို ငါးဦးဖြင့်ဖွဲ့စည်းခဲ့ကြသည်။ မူလကော်မတီဝင်အများစုသည် နိုင်ငံခြားသား သာသနာပြုများဖြစ်ကြသောကြောင့် နောက်ပိုင်းတွင် ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုများ ထပ်ပါဝင်စေခြင်းသည် ပညာရှိကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ သို့ဖြင့် နှစ်အတန်ကြာသော် ကော်မတီအဖွဲ့ဝင် ခုနစ်ဦးရှိခဲ့သည်။
ဤဌာနခွဲကော်မတီအစီအစဉ်မှရသော အကျိုးကျေးဇူးကို အလျင်အမြန်တွေ့မြင်ခဲ့ရသည်။ ယခု ဌာနခွဲကော်မတီ ညှိနှိုင်းရေးမှူးအဖြစ် အမှုဆောင်နေသော ဒန်တန် ဟော့ကင်စင်က ဤသို့သတိပြုမိသည်– “နောက်ကြောင်းပြန်ကြည့်တဲ့အခါ အဲဒီအပြောင်းအလဲဟာ ပညာရှိရာကျပြီး အချိန်တန်ပြောင်းလဲမှုဖြစ်တယ်ဆိုတာကို တွေ့နိုင်သည်။ အလုပ်ပမာဏနဲ့ အဖွဲ့အစည်းရဲ့ အရွယ်အစားကြောင့် လူတစ်ယောက်တည်းနဲ့ အရာအားလုံးကို မစီမံနိုင်ဘူး။ အခု အဲဒီကြီးလေးတဲ့တာဝန်တွေကို ပိုပြီးညီတူမျှတူ ခွဲဝေလုပ်ဆောင်ကြတယ်။”
သုတ္တံ ၁၅:၂၂ ကဤသို့ဆို၏– “တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။” အခြားသူများနှင့်တိုင်ပင်ခြင်းဖြင့် အဖိုးတန်သော ဉာဏ်ပညာကို အလွယ်တကူရရှိနိုင်သည်။ ဖိလစ်ပိုင်ဌာနခွဲကော်မတီသည် ထိုမူကို လိုက်နာကြသည်။ ညီအစ်ကို ဟော့ကင်စင်ကို ဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံသည့်အချိန်မှစ၍ ဗေသလအမှုထမ်းအရေအတွက်နှင့် လုပ်ငန်းပမာဏမှာ ဆယ်ဆတိုးများလာသည်။ ယခုလောလောဆယ် ဌာနခွဲကော်မတီတွင် လုပ်သက်ရင့်ယေဟောဝါ၏ကျေးကျွန် ငါးဦးပါရှိသည်။ သူတို့တစ်ဦးစီသည် အချိန်ပြည့်လုပ်ငန်းတွင် ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၅၀ ကျော်အမှုဆောင်ခဲ့ကြသည်။ သူတို့၏စုစုပေါင်းအတွေ့အကြုံသည် ကျွန်းစုအားလုံးတွင် လုပ်ဆောင်နေသောအမှုတော်ကို ယေဟောဝါ၏လမ်းညွှန်မှုအောက် အရှိန်အဟုန်ဖြင့် ရွှေ့လျားတိုးတက်စေရန် အမှန်ပင် အကူအညီဖြစ်ခဲ့သည်။ ဌာနခွဲကော်မတီနှင့် ဗေသလမိသားစုဝင်အားလုံးသည် ယင်းလုပ်ငန်းအားထောက်မပေးရခြင်းကို အခွင့်ထူးတစ်ခုအဖြစ် သတ်မှတ်ကြသည်။
“လူအပေါင်းတို့” ထံ သမ္မာတရားဆောင်ကြဉ်းပေး
ဟောပြောခြင်းလုပ်ငန်းကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေ” လိုသော ဘုရားသခင်၏အလိုတော်နှင့် အမှန်ပင်ညီညွတ်ပါသည်။ (၁ တိ. ၂:၄) ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလုံးရှိ ဇွဲထက်သန်သော ဟောပြောသူများကြောင့် အဘယ် ‘လူမျိုး’ များ အကူအညီရရှိခဲ့ကြသနည်း။
မာလွန်သည် အမြဲပြဿနာတက်နေတတ်သော လူစားမျိုးဖြစ်သည်။ သူ၏ရွာတွင် သူသည် ဆေးလိပ်သောက်၊ အရက်မူး၊ မူးယစ်ဆေးဝါးသုံးသူ၊ မကောင်းသောသူများနှင့် ပေါင်းသင်းသူအဖြစ် နာမည်ဆိုးများစွာ ရရှိထားသူဖြစ်သည်။ သက်သေခံများ ရောက်လာချိန်တွင် မာလွန်၏မိခင်သည် နိုင်ငံတော်သတင်းကို စိတ်ဝင်စားခဲ့သည်။ ရှေ့ဆောင်များသည် သူမနှင့်အတူ သင်အံမှုကျင်းပရန် ဖုန်ထူ၊ ရွှံ့ပေါသောလမ်းများတွင် လမ်းလျှောက်ခဲ့ကြရသည်။ အစပိုင်းတွင် မာလွန်သည် သင်အံမှုတွင်ပါဝင်ရန် စိတ်ဝင်စားမှု မပြခဲ့ပါ၊ ထိုင်လိုက်၊ ထသွားလိုက်သာ ပြုခဲ့သည်။ သို့ရာတွင် သူ၏မိခင်နှင့် သင်အံမှုကျင်းပနေသော ညီအစ်ကိုများသည် သူ့ကို စိတ်ဝင်စားမှု တင်ပြခဲ့ကြသည်။ အချိန်တန်သောအခါ သူသည် သင်အံမှုစတင်ခဲ့ရုံမျှသာမကပါ၊ နိုင်ငံတော်ခန်းမတွင် အစည်းအဝေး ဦးဆုံးတက်ရောက်ရန်အတွက် သူ၏ခါးအထိရှည်သော ဆံပင်ကိုပါ ဖြတ်ပစ်ခဲ့သည်။ သူသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူ၏ဘဝပုံစံ အကြီးအကျယ်ပြောင်းလဲမှုကြောင့် လူများ အံ့သြခဲ့ကြသည်။ ယခု မာလွန်သည် အခြားသူများထံ သမ္မာတရားယူဆောင်ပေးနေသည့် အချိန်ပြည့်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နေသည်။ သမ္မာတရားကို လက်ခံရန် သူ့ကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ သူ၏မိခင်ကို သင်အံမှုပြုလုပ်ရန် လာကြသော ရှေ့ဆောင်များ၏ စွဲမြဲမှုက သူတို့တွင် သမ္မာတရားရှိမည်ဟု သူယုံကြည်စိတ်ချခဲ့ကြောင်း ပြောပြသည်။
လူတချို့သည် သမ္မာတရား လက်ခံလာမည့်လူစားမျိုးဖြစ်ဟန်မတူဘဲ ဖြစ်ကြပေမည်။ သို့သော် သတင်းကောင်းကြွေးကြော်သူများသည် လူများကို ကြိုတင်မဆုံးဖြတ်ကြဘဲ သတင်းကောင်းကြားနာခွင့် ပေးကြသည်။ မာရင်ဒူခီကျွန်းငယ်လေးပေါ်တွင် အထူးရှေ့ဆောင်တစ်ဦးသည် အိမ်တစ်အိမ်တွင် သက်သေခံခဲ့သည်။ သက်သေခံပြီးသောအခါ ထိုအိမ်တွင် အခြားနေထိုင်သူရှိမရှိ မေးမြန်းခဲ့သည်။ အိမ်ရှင်က အပေါ်ထပ်တွင် နေထိုင်သူရှိကြောင်း၊ သို့သော် “ဒုက္ခခံပြီးမသွားပါနဲ့၊ အဲဒီလူဟာ ကြမ်းတမ်းပြီး စိတ်တိုလွယ်တယ်” ဟုပြန်ပြောခဲ့သည်။ သို့သော် ရှေ့ဆောင်က ထိုသူကို နိုင်ငံတော်သတင်းကြားနာခွင့်ပေးသင့်သည်ဟု ယူဆခဲ့သည်။ တံခါးပေါက်သို့ တက်သွားသောအခါ ထိုသူသည် ရှေ့ဆောင်ညီအစ်မကို စောင့်နေဘိသကဲ့သို့ တွေ့လိုက်ရသည်။ သူမက ပြုံးပြလိုက်ပြီး အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းခဲ့သည်။ ထိုသူ ကာလို့စ်သည် ကမ်းလှမ်းမှုကို ဝမ်းသာအားရလက်ခံသည့်အတွက် သူမအလွန်အံ့သြခဲ့ရသည်။ ထိုသူတို့ဇနီးမောင်နှံနှင့်အတူ ကျမ်းစာသင်အံမှု စတင်ကျင်းပခဲ့သည်။
ရှေ့ဆောင်ဖြစ်သူ ဒုတိယအကြိမ် လည်ပတ်ချိန်တွင် ကာလို့စ်က သူနှင့် သူ၏ဇနီးတွင် ကြီးလေးသောပြဿနာတက်နေပြီး ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည့်အထိပင်ဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောပြခဲ့သည်။ ရှေ့ဆောင်ညီမ အိမ်အောက်ထပ်တွင် ဦးဆုံးလည်ပတ်ခဲ့ချိန်က ကာလို့စ်သည် ကြမ်းပြင်နှင့်ကပ်၍ နားထောင်ခဲ့သည်၊ အိမ်ရှင်က အိမ်ပေါ်ထပ်သို့မတက်ဖို့ တားနေသည်ကို သူကြားခဲ့ရသည်။ ယင်းကို သူကြားသည့်အခါ အပေါ်ထပ်မတက်ဖို့ အကြံပေးချက်ကို ရှေ့ဆောင်ဖြစ်သူ လျစ်လျူရှုပြီး အပေါ်ထပ်တက်လာခဲ့ရန် သူဆုတောင်းခဲ့သည်၊ အကြောင်းမှာ စိတ်ငြိမ်သက်မှုရဖို့ သူတို့၏တောင်းဆိုချက်အတွက် အဖြေဖြစ်တန်ရာ၏ဟု ယူဆခဲ့သောကြောင့်ပင်။ ကျမ်းစာသင်အံမှုက သူတို့ကို စိတ်ငြိမ်သက်မှုရရှိစေခဲ့ပါသည်။ သူတို့နှစ်ဦးစလုံး အတူနှစ်ခြင်းခံခဲ့ပြီး ကာလို့စ်၏ဇနီးသည် ယခု မှန်မှန်ရှေ့ဆောင်အဖြစ် ဓမ္မအမှုဆောင်နေသည်။
နောက်တစ်ဦးဖြစ်သူ ဗစ်တာသည် ဗုဒ္ဓဘာသာနှင့် ကက်သလစ်ဘာသာသွန်သင်ချက်များကို ကြားနာခဲ့သည်။ ကမ္ဘာပေါ်တွင် ဘာသာတရားများ အဘယ်ကြောင့် ဤမျှများပြားရသည်ကို သူစတင်တွေးတောလာခဲ့သည်။ သူသည် သမ္မာတရားကို ကိုယ်တိုင် စတင်ရှာဖွေခဲ့သည်။ အစ္စလာမ်၊ ရှင်တို၊ ကွန်ဖြူးရှပ်၊ ဆင့်ကဲအယူဝါဒနှင့် အခြားအတွေးအခေါ်တို့ကို ဆန်းစစ်လေ့လာပြီးနောက် ယင်းတို့အနက်တစ်ခုမျှ သူ့ကိုစိတ်ကျေနပ်မှုမပေးကြောင်း တွေ့မြင်ခဲ့သည်။ သူရှာဖွေခဲ့သည့်အထဲတွင် သမ္မာကျမ်းစာတစ်ခုတည်း၌သာ တိကျမှန်ကန်သော ပရောဖက်ပြုချက်ပါဝင်ကြောင်း တွေ့မြင်ခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ရှာဖွေမှုကို သမ္မာကျမ်းစာပေါ်တွင် အာရုံနစ်မြုပ်ထားခဲ့သည်။ ကျမ်းစာကို ဆန်းစစ်လေ့လာခြင်းဖြင့် သူနှင့် သူ၏ရည်းစားဖြစ်သူ မက်ရီဘလ်တို့သည် သုံးပါးပေါင်းတစ်ဆူ၊ ငရဲမီးနှင့် ငရဲကလေးစသည်တို့သည် မှားယွင်းသော သွန်သင်ချက်များဖြစ်ကြောင်း မိမိတို့ဘာသာ ကောက်ချက်ချခဲ့ကြသည်။ သို့တိုင် တစ်ခုခု လိုနေသကဲ့သို့ ဖြစ်နေသည်။
သူနှင့် မက်ရီဘလ်တို့ လက်ထပ်လိုက်ပြီးနောက် တစ်ချိန်တွင် ဗစ်တာသည် သက်သေခံတစ်ဦးနှင့် စကားပြောခဲ့ပြီး ဘုရားသခင့်နာမတော် အသုံးပြုရန် လိုအပ်ကြောင်း သူသိရှိလာခဲ့သည်။ ယင်းကို သူ၏ကျမ်းစာတွင် စစ်ဆေးပြီးနောက် ဗစ်တာသည် သူ၏ဆုတောင်းချက်များတွင် ယေဟောဝါ၏နာမတော်ကို ချက်ချင်းစတင်အသုံးပြုခဲ့သည်။ မကြာမီ သူသည် နိုင်ငံတော်ခန်းမ၌ အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး ဝိညာဉ်ရေးတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူနှင့် မက်ရီဘလ်နှစ်ဦးစလုံးသည် ၁၉၈၉၊ မေလတွင် နှစ်ခြင်းခံခဲ့ကြပြီး ယခု ဗစ်တာသည် အသင်းတော်များကို အားပေးတည်ဆောက်နေသော နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုဆောင်နေသည်။
ရှေ့ဆောင်များသည် အခြေအနေအမျိုးမျိုးရှိသော လူများကို ကူညီပေးခဲ့ကြသည်။ လူဇုန်ကျွန်းတောင်ပိုင်းရှိ အထူးရှေ့ဆောင်တစ်ဦးဖြစ်သူ ပရီမီတီဗက် လက်ကန်စန်ဒီလီသည် ရွာထဲမှ မောင်နှံတစ်စုံနှင့် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ ထိုမောင်နှံတွင် ကလေးနှစ်ဦးရှိသည်။ သူတို့သည် ဆင်းရဲကြသည်။ တစ်ခါက ပရီမီတီဗက်သည် သူတို့နှင့် ကျမ်းစာသင်အံမှုကျင်းပရန် ရောက်သွားချိန်တွင် ကလေးအကြီးကို ဂုန်နီအိတ်ထဲထည့်ကာ ချိတ်ဆွဲထားသောကြောင့် ငိုနေသည်ကို ထိတ်လန့်ဖွယ် တွေ့မြင်လိုက်ရသည်။ ပရီမီတီဗာ ဤသို့ပြောပြ၏– “အမေဖြစ်သူက ဓားတစ်ချောင်းကို ကိုင်ထားပြီး ကလေးကို သတ်တော့မလို့။ ကျွန်မက သူ့ကို တားလိုက်ပြီး ဘာကြောင့် ဒီလိုလုပ်ရတဲ့အကြောင်းရင်းကို မေးခဲ့တယ်။ အမေဖြစ်သူက သူတို့ရဲ့ ငွေကြေးအခက်အခဲကြောင့်လို့ ရှင်းပြတယ်။” ပရီမီတီဗက်သည် သူတို့၏ပြဿနာနှင့်ပတ်သက်၍ ကျမ်းစာမှ ဩဝါဒစကားများကို ဖော်ပြခဲ့ပြီး ကလေး၏အသက်ကို ကယ်တင်ခဲ့သည်။ သူတို့သည် ဆက်၍ကျမ်းစာလေ့လာခဲ့ကြပြီး စည်းဝေးကျင်းပသည့်နေရာသို့ရောက်ရန် ငါးမိုင်လမ်းလျှောက်ရသော်လည်း အစည်းအဝေးများကို စတင်တက်ရောက်ခဲ့ကြသည်။ ဇနီးမောင်နှံသည် တိုးတက်လာခဲ့ကြပြီး နှစ်ခြင်းခံခဲ့ကြသည်၊ ယခု ခင်ပွန်းဖြစ်သူသည် အသင်းတော်တွင် အကြီးအကဲတစ်ဦးဖြစ်နေပါသည်။ ပရီမီတီဗက် ဤသို့ပြောပြ၏– “အသတ်ခံရခါနီးဖြစ်တဲ့ ကလေးဟာ အခု မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်နေတယ်။ အမှန်ပါပဲ၊ မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါပေးထားတဲ့လုပ်ငန်းက အခုအချိန်မှာရော အနာဂတ်မှာပါ အသက်ကယ်တင်စေတယ်။”
သာ၍လိုအပ်သောနေရာတွင် အမှုဆောင်ခြင်း
နိုင်ငံတော်သတင်းကြွေးကြော်သူ အနည်းငယ်သာရှိသည့် ဒေသများစွာ ရှိနေဆဲဖြစ်သည်။ ရှေ့ဆောင်များနှင့် ကြေညာသူများသည် ယင်းဒေသများသို့သွား၍ စေတနာအလျောက် အမှုဆောင်ခဲ့ကြသည်။ ပက်စူကာနှင့် မာရီးယာ တက်တွိုင် တို့သည် မှန်မှန်ရှေ့ဆောင်များ ဖြစ်ကြသည်။ သူတို့သည် အထူးရှေ့ဆောင်ဖြစ်သော အင်ဂျလင်တို ဘယ်လ်ဘိုရာနှင့်အတူ ဖိလစ်ပိုင်နိုင်ငံအနောက်ပိုင်း ကောရုန်ကျွန်းပေါ်ရှိရပ်ကွက်တွင် စေတနာအလျောက် သွားရောက်အမှုဆောင်ခဲ့ကြသည်။ မိမိတို့ကိုယ်ကိုထောက်ပံ့ရန် ပက်စူကာသည် အခြားညီအစ်ကိုနှင့်အတူ ငါးဖမ်းခဲ့ပြီး မာရီးယာမှာမူ ကောက်ညှင်းမုန့်လုပ်၍ ရောင်းခဲ့သည်။
တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ချိန်တွင် တိုက်နယ်က ကူလ်ရောန်ကျွန်းတွင် အကူအညီလိုကြောင်း သူတို့ကို ပြောပြခဲ့သည်။ ထိုဒေသတွင် အနူရပ်ကွက်တစ်ခုရှိပြီး ထိုတွင် ကြေညာသူ လေးဦးသာရှိသည်။ တိုက်နယ်ကြီးကြပ်မှူးက ထိုဒေသတွင်အမှုဆောင်ရန် တက်တွိုင်ဇနီးမောင်နှံကို ဖိတ်ခေါ်ခဲ့သည်။ ပက်စူကာနှင့် မာရီးယာတို့သည် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သည်၊ သူတို့၏ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးခဲ့ပါသည်။ ကူလ်ရောန်ကျွန်းရှိ ကြေညာသူလေးယောက်သည် ယခု အသင်းတော်နှစ်ခုဖြစ်နေပြီ။
၁၉၇၅ ခုနှစ်တွင် လူမြောက်မြားစွာသည် စက်လှေများဖြင့် ဗီယက်နမ်မှ ထွက်ပြေးခဲ့ကြရာ အများစုသည် ဖိလစ်ပိုင်တွင် အခြေချနေထိုင်ခဲ့ကြသည်။ သို့ဖြစ်၍ ဒုက္ခသည်စခန်းများကို နှစ်ပေါင်း ၂၀ ခန့်အထိဖွင့်ပေးခဲ့သည်။ ပလောန်ကျွန်းတွင် ဒုက္ခသည်စခန်းကြီးတစ်ခု တည်ရှိခဲ့သည်။ ဖိလစ်ပိုင်ညီအစ်ကိုအချို့သည် ထိုလူများထံ စေတနာအလျောက် သမ္မာတရားဆောင်ကြဉ်းပေးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုမှ ဗီယက်နမ်စကားပြော ညီအစ်ကိုတစ်ဦး လာရောက်ကူညီပေးခဲ့သည်။ စခန်းထဲမှအချို့သည် သမ္မာတရားကို လက်ခံခဲ့သည်။ အခြားသူများသည် တခြားတစ်နေရာသို့ မပြောင်းရွှေ့မီ ယေဟောဝါနာမတော်အကြောင်းနှင့် ကိုယ်တော့်သက်သေခံများအကြောင်း အကျွမ်းတဝင်ရှိသွားခဲ့ကြသည်။
အထူးရှေ့ဆောင်များသည် ဖိလစ်ပိုင်နိုင်ငံ၏ ဝေးလံသီခေါင်သောဒေသများစွာတွင် အမှုဆောင်နေကြသည်။ သူတို့သည် ဝေးလံသောဒေသများသို့ သွားရောက်အမှုဆောင်သည့်အခါ အခြားကြေညာသူများ၊ ရှေ့ဆောင်ချင်းများကို ခေါ်သွားလေ့ရှိကြသည်။ နော်မ ဘာလ်မာ့စီဒါ့သည် အဖူဂါအို တောင်ပေါ်ဒေသများတွင် မည်သို့အမှုဆောင်သည်ကို ဤသို့ပြောပြ၏– “ကျွန်မတို့ဟာ အများအားဖြင့် တနင်္လာနေ့မှာ ထွက်ကြတယ်၊ အနည်းဆုံး စနေနေ့မနက်အထိ လုံလောက်မယ့် စာအုပ်စာတမ်းတွေ၊ အဝတ်အစားတွေ၊ အစားအစာတွေအပြည့်ပါတဲ့အိတ်ကို သယ်သွားကြရတယ်။ စနေနေ့မွန်းလွဲပိုင်းမှာ အသင်းတော်အစည်းအဝေးအတွက် ပြန်လာကြတယ်။”
အသင်းတော်အချို့သည် အထူးသဖြင့် ရာသီဥတုကောင်းမွန်သောအချိန်တွင် အုပ်စုလိုက်ဟောပြောရန် စီစဉ်ကြသည်။ သူတို့သည် ကုန်းတွင်းပိုင်းဒေသရှိ ကျေးလက်ဒေသရပ်ကွက်များသို့ ရက်အနည်းငယ် သို့မဟုတ် တစ်ပတ်ကြာ သွားရောက်အမှုဆောင်ကြသည်။ ယခု ဗေသလတွင် အမှုဆောင်နေသူ နစ်ကန်နော် အေဗန်ဟေလက်တာက ထိုသို့အမှုဆောင်ခဲ့သည်ကို အမှတ်ရကာ ဤသို့ပြောပြ၏– “ကျေးလက်ဒေသက ဖိလစ်ပိုင်လူမျိုးတွေရဲ့ ထုံးစံအရ သူတို့စိတ်ဝင်စားတယ်ဆိုရင် ‘ခင်ဗျား ကျွန်တော်တို့အိမ်မှာ တည်းနိုင်ပါတယ်။ ဒီမှာပဲ ချက်ပြုတ်စားနိုင်တယ်’ လို့ပြောပါလိမ့်မယ်။ ရှေ့ဆောင်တွေဟာ စိတ်ဝင်စားတဲ့သူတွေရဲ့ အိမ်မှာပဲ တည်းကြတဲ့အတွက် တစ်ခါတလေ ရှေ့ဆောင်တွေက စိတ်ဝင်စားတဲ့သူတွေနဲ့ ညဉ့်နက်သန်းခေါင်အထိ ကျမ်းစာသင်ပေးကြတယ်။”
အာ့တာလူမျိုးများ သမ္မာတရားသင်ယူကြ
ယေဟောဝါ၏ကျေးကျွန်များသည် လူအမျိုးမျိုးကို သက်သေခံဖို့ ကြိုးစားရာတွင် အာ့တာလူမျိုး သို့မဟုတ် ကပ္ပလီလူပုဟု အခေါ်ခံရသူတချို့နှင့် ထိတွေ့ဆက်သွယ်မိခဲ့ကြသည်။ အာ့တာလူမျိုးသည် မူလဖိလစ်ပိုင်တိုင်းရင်းသားများဖြစ်သည်ဟု ယူမှတ်ကြသည်။ သူတို့သည် လူနည်းစုဖြစ်ပြီး သူတို့နှင့် ဆက်သွယ်မိရန် အမြဲမလွယ်ကူပါ။ အကြောင်းမှာ သူတို့အများစုသည် အမဲလိုက်ခြင်း၊ သစ်သီးဝလံများ၊ ဟင်းရွက်များကို ရှာဖွေခြင်းဖြင့် တောထဲတောင်ထဲတွင် ခြေသလုံးအိမ်တိုင် သွားလာနေထိုင်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် အာဖရိကတိုက်ရှိ အရပ်ငါးပေမပြည့်၊ အသားမဲပြီး ဆံပင်လိမ်ကောက်သည့် ပစ်ဂမီလူမျိုးနှင့် ဆင်တူချက်တချို့ရှိသည်။ သူတို့ထဲမှအချို့သည် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေ နေထိုင်ခဲ့ကြပြီး အခြားသူတို့မှာမူ လူဦးရေများသောဒေသအနီးတွင် အိုးအိမ်အတည်တကျ အခြေချနေထိုင်ကြသည်။ အများစုမှာ ပင်နာတူဘိုတောင်အနီးတစ်ဝိုက်ရှိ တောင်တန်းများတွင် နေထိုင်ခဲ့ကြသော်လည်း မီးတောင်ပေါက်ကွဲမှုကြီးကြောင့် အခြားဒေသများသို့ ပြောင်းရွှေ့ခဲ့ကြသည်။
အခြားအာ့တာအုပ်စုသည် ဖိလစ်ပိုင်အလယ်ပိုင်း ပန်နေးကျွန်းတွင် နေထိုင်ကြသည်။ လိုဒီဘစ်ကို အန်နိုနှင့် သူ့မိသားစုသည် ထိုဒေသတွင်နေထိုင်သော အာ့တာလူမျိုးဖြစ်သည်။ လိုဒီဘစ်ကိုသည် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းကြောင့် အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သည်။ သူဤသို့ပြန်ပြောပြ၏– “အရင်တုန်းက ကျွန်တော့်ဆီမှာ အကျင့်ဆိုးတွေအများကြီးပဲ– ကွမ်းဝါးတယ်၊ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ လောင်းကစားတယ်။ ခက်ထန်ကြမ်းတမ်းတဲ့သူလည်းဖြစ်တယ်။ ကျွန်တော်တို့မိသားစုဘဝဟာ ပျော်စရာမကောင်းခဲ့ဘူး။ အဲဒီအကျင့်ဆိုးတွေကိုသာ မဖျောက်ခဲ့ဘူးဆိုရင် ကျွန်တော် သေသွားလောက်ပြီ။ အခု ကျွန်တော့်ကိုယ်ခန္ဓာ သန့်ရှင်းလာတယ်။ အရင်တုန်းက နီကြင်ကြင်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့သွားတွေ အခုဖြူလာပြီ။ ကျွန်တော်ဟာ အသင်းတော်မှာ အကြီးအကဲတစ်ယောက်လည်းဖြစ်တယ်။ ဒီကောင်းချီးတွေအားလုံးကို ယေဟောဝါဘုရားသခင်ဆီက ကျွန်တော်ရခဲ့တယ်။” ဤအာ့တာမိသားစုကဲ့သို့ပင် အခြားလူမျိုးစုငယ်လေးများမှ လူများသည်လည်း ယေဟောဝါ၏နည်းလမ်းတော်ကို လိုက်လျှောက်ခြင်းကြောင့် လွတ်မြောက်မှု ခံစားကြရသည်။—ယော. ၈:၃၂။
လွတ်လပ်မှုမရှိသူများကို လွတ်မြောက်စေခြင်း
အကူအညီရရှိသည့် လူတန်းစားနောက်တစ်မျိုးမှာ ထောင်ကျနေသူများဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက ယေဟောဝါသက်သေများသည် အုတ်တံတိုင်းနောက်ကွယ်ရှိသူများထံ လည်ပတ်ရန် အထူးကြိုးစားအားထုတ်ခဲ့ကြသည်။ သမ္မာတရားလမ်းကိုလက်ခံလာစေရန် လူများစွာကို ကူညီပေးခဲ့သည်။
လူငယ်တစ်ယောက်အနေနှင့် စိုဖရွန်ရို ဟန့်နီကက်တိုသည် အစိုးရဆန့်ကျင်ပုန်ကန်မှုတွင် ပါဝင်ခဲ့သည်။ သူသည် အဖမ်းခံရပြီး ခြောက်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ လူဇုန်မြို့ရှိ ဘီလီဘစ်ဒ် အကျဉ်းထောင်သစ်၌ ထောင်ကျနေစဉ် အကျဉ်းသားများအတွက် ပြုလုပ်ပေးသော ဘာသာရေးဝတ်ပြုပွဲများကို မတက်သည့် အကျဉ်းသားတစ်ဦးကို သူသတိထားမိခဲ့သည်။ ထိုသူသည် ယေဟောဝါသက်သေဖြစ်လာခဲ့ကြောင်း သူသိရှိခဲ့သည်။ သို့နှင့် ကျမ်းစာအကြောင်း နေ့တိုင်းလိုလို ဆွေးနွေးဖြစ်ခဲ့သည်။ စိုဖရွန်ရို ဤသို့ပြောပြ၏– “အရင်တုန်းက ကျွန်တော်ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့အရာဟာ လူ့ဘောင်အဖွဲ့အစည်းကို အမှန်တတယ်မပြောင်းလဲနိုင်သလို ပိုကောင်းအောင်လည်း မလုပ်ဆောင်ပေးနိုင်ဘူးဆိုတာကို ကျွန်တော်ယုံကြည်စိတ်ချလာခဲ့တယ်။” ဘုရားသခင့်နိုင်ငံတော်တစ်ခုတည်းကသာ မိမိအလိုရှိသော အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်ကြောင်း သူသိရှိခဲ့သည်။ စိုဖရွန်ရိုသည် အနီးအနားရှိ အသင်းတော်တစ်ခုမှ ညီအစ်ကိုများ၏အကူအညီဖြင့် ဝိညာဉ်ရေးတွင် တိုးတက်လာခဲ့ပြီး အပင်များရေလောင်းရန်အတွက် အသုံးပြုသည့် ထောင်ရေကန်ငယ်တစ်ခုတွင် နှစ်ခြင်းခံခဲ့သည်။
ထောင်ဒဏ်ကျခံပြီးနောက် စိုဖရွန်ရိုသည် မှန်မှန်ရှေ့ဆောင်၊ နောက်ပိုင်းတွင် အထူးရှေ့ဆောင်ဖြစ်လာခဲ့သည်။ သူ၏အချိန်ပြည့်အမှုဆောင်ချိန်အတွင်း လူပေါင်း ၁၅ ယောက်ကို သမ္မာတရားလမ်းစဉ်လက်ခံလာစေရန် ကူညီပေးနိုင်ခဲ့သည်။ အိမ်ထောင်ပြုပြီးနောက် သားသမီးခြောက်ယောက် ထွန်းကားခဲ့သည်။ သားသုံးယောက်သည် အချိန်ပြည့်လုပ်ငန်းတွင် ပါဝင်နေကြပြီး တစ်ဦးမှာ တိုက်နယ်ကြီးကြပ်မှူးဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် သူ၏သားနှစ်ဦးသည် ဓမ္မအမှုလေ့ကျင့်ရေးကျောင်းကို တက်ရောက်ခဲ့ကြသည်။ သမ္မာတရားသည် စိုဖရွန်ရိုနှင့် သူ၏မိသားစု၊ သူကူညီပေးခဲ့သော အခြားသူတို့ကို စစ်မှန်သောလွတ်လပ်မှု ရရှိစေခဲ့သည်။
အထူးရှေ့ဆောင်များသည် ပလောန်ပြည်နယ်၊ အီဝေ့ဟစ်ဂျ် ထောင်ထဲမှ အကျဉ်းသားများကို ဟောပြောခဲ့ကြပြီး ထောင်ဝင်းအတွင်း နိုင်ငံတော်ခန်းမငယ်လေးတစ်လုံး ဆောက်လုပ်ခွင့်ကိုပင် ရရှိခဲ့ကြသည်။ မီးရှို့မှု၊ ခိုးမှုနှင့် လူသတ်မှုအတော်များများ ကျူးလွန်ခဲ့သော ထောင်သားတစ်ဦးသည် ကျမ်းစာစတင်လေ့လာခဲ့သည်။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်မှ သူလေ့လာသိရှိခဲ့ရာကို လက်တွေ့ကျင့်သုံးရန် ကူညီပေးခြင်းခံရသောအခါ သူ၏အသက်တာတွင် အပြောင်းအလဲကြီးဖြစ်ခဲ့သည်!
ထောင်ချခံရပြီး ၂၃ နှစ်ကျော်ကြာပြီးနောက် သူထောင်မှလွတ်တော့မည်ဖြစ်ကြောင်း အသိပေးခံခဲ့ရသည်။ ထိုမျှလောက် အချိန်ကြာပြီးနောက်မှ သူသည် မိသားစုဝင်များနှင့် တစ်ဖန်ပြန်တွေ့ဆုံလိုခဲ့သည်။ သို့ရာတွင် သူ့မိသားစုမှာ အလွန်ရှက်သည့်အပြင် သူ့ကိုလည်းကြောက်ကြသောကြောင့် “ကျေးဇူးပြု၍ ပြန်မလာပါနဲ့” ဟုစာရေးအကြောင်းကြားခဲ့ကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ထိုသူ၏ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့ကြောင်း သူတို့မသိခဲ့ကြပါ။ အေးဆေး၊ တည်ငြိမ်မှုရှိသော ခရစ်ယာန်တစ်ဦးအဖြစ် မိမိနေရပ်သို့ ပြန်လာသည်ကို သူတို့အလွန်အံ့အားသင့်ခဲ့ကြသည်!
မနီလာမြို့တော်၊ မန်ဒက်လူးယုန်ဂ်တွင် အကြီးဆုံးအမျိုးသမီးအကျဉ်းထောင် တည်ရှိသည်။ နှစ်ပေါင်းများစွာအတွင်း ယေဟောဝါသက်သေများသည် ထိုအဆောက်အအုံသို့ အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ရခဲ့သည်။ သို့ရာတွင် ကျမ်းစာလေ့လာခဲ့ပြီးသော အမျိုးသမီးတစ်ဦး ထိုထောင်သို့ ပြောင်းရွှေ့ခံရချိန်တွင် အပြောင်းအလဲဖြစ်ခဲ့သည်။ အာဏာပိုင်များက ထောင်အတွင်းရှိ ဘာသာရေးအုပ်စုတစ်ခုနှင့် ပေါင်းရန်ပြောသော်လည်း သူမက မပေါင်းနိုင်ကြောင်း၊ ယေဟောဝါသက်သေများနှင့်သာ ဝတ်ပြုကိုးကွယ်လိုကြောင်း ရှင်းပြပြောဆိုခဲ့သည်။ သို့နှင့် အာဏာပိုင်များက သက်သေခံများအား ထိုအဆောက်အအုံသို့ ပတ်တိုင်းလည်ပတ်ခွင့် ပေးခဲ့သည်။ ထိုအချိန်မှစ၍ အမျိုးသမီးများစွာ နှစ်ခြင်းခံခဲ့ကြပြီး အနီးအနားရှိအသင်းတော်သည် စိတ်ဝင်စားသော အမျိုးသမီးအကျဉ်းသူများ၏ အကျိုးအတွက် ကင်းမျှော်စင်သင်တန်းနှင့် အခြားအစည်းအဝေးများကို ပုံမှန်ကျင်းပပေးကြသည်။
သမ္မာတရားသတင်းသည် သံတိုင်များနောက်ကွယ်ရှိ အချို့သူတို့ကို တစ်မူထူးသောလွတ်လပ်မှု ပေးခဲ့သည်။ သူတို့ကိုလည်း ယေဟောဝါတန်ဖိုးထားတော်မူသဖြင့် ကိုယ်တော်၏လူမျိုးသည် ထိုသို့သောသူများကို ဝမ်းမြောက်ဝမ်းသာကူညီပေးကြသည်။
သက်တမ်းရင့်ကျေးကျွန်များ ဆက်အမှုဆောင်ကြ
သုတ္တံကျမ်းတစ်ချက်၌ ဤသို့ဆို၏– “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏။” (သု. ၁၆:၃၁) မှန်ပါသည်၊ ယေဟောဝါပေးသော ရွှင်လန်းခြင်းကို နှစ်ပေါင်းများစွာ မိမိတို့၏ခိုလှုံရာဖြစ်စေခဲ့သူများကို တွေ့မြင်ရခြင်းသည် အလွန်တင့်တယ်လှပေသည်!
ဒုတိယကမ္ဘာစစ်မဖြစ်မီက ဖိလစ်ပိုင်နိုင်ငံရှိ သီအိုကရက်တစ်အဖွဲ့အစည်းသည် အဖွဲ့အစည်းငယ်လေးဖြစ်ခဲ့သည်။ ထိုအချိန်က လုပ်ငန်းတော်အကြောင်းကို ပြောပြနိုင်သူ အနည်းငယ်သာရှိသည်။ ထို့ကြောင့် လီယိုဒါဂါးရီယို ဘားလန်းနှင့် တွေ့ဆုံရခြင်းသည် အတော်ခွန်အားဖြစ်စေသည်။ သူသည် ၁၉၃၈ ခုနှစ်ကတည်းက အချိန်ပြည့်လုပ်ငန်းတွင် လုပ်ဆောင်ခဲ့သည်။ စစ်ကြီးအတွင်း သူနှင့်သူ၏အပေါင်းပါတို့သည် ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသည်၊ သို့သော် သူတို့ဟောပြောမြဲဟောပြောနေခဲ့ကြသည်။ စစ်ကြီးပြီးသည့် နောက်ပိုင်းတွင် သူ၏ဇနီး နာတီဗီဒဒ်နှင့်အတူ အချိန်ပြည့်လုပ်ငန်းတွင် ဆက်လက်ပါဝင်ခဲ့ပြီး နောက်ဆုံး နယ်လှည့်လုပ်ငန်းအတွက် ဖိတ်ခေါ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူတို့သည် ပန်ဂါစီနန် ပြည်နယ်တွင် မသန်စွမ်းသောအထူးရှေ့ဆောင်များအဖြစ် အမှုဆောင်ခဲ့ကြသည်။ နာတီဗီဒဒ်သည် ၂၀၀၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သော်လည်း လီယိုဒါဂါးရီယိုမှာမူ မိမိ၏တာဝန်ကျရာနေရာတွင် ဆက်လက်အမှုဆောင်နေသည်။ သူအမြဲလုပ်ဆောင်ခဲ့သော ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ရန် သူ၏စိတ်ပိုင်းဖြတ်မှုသည် လူတိုင်းကို အားပေးမှုဖြစ်စေသည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် သက်သေခံခြင်းလုပ်ငန်း အလျင်အမြန် တိုးတက်ကြီးပွားလာခဲ့သည်။ ထိုအချိန်က သမ္မာတရားသိလာခဲ့ကြသူများသည် ယခုအချိန်ထိပင် ဆက်အမှုဆောင်နေကြသည်။ ဥပမာ၊ စစ်ကြီးအတွင်းက ပက်စီဖီကို ပန်တာ့စ်သည် သူ၏အိမ်နီးချင်း သက်သေခံများ၏ ကျမ်းစာစာပေများကို ဖတ်ရှုခဲ့သည်။ သူဤသို့ပြောပြ၏– “ကျွန်တော် စပြီး အစည်းအဝေးတွေကို တက်ခဲ့တယ်။ ပြီးတာနဲ့ အထွေထွေ [ယခု၊ မှန်မှန်] ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာတင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်နှစ်ခြင်းမခံရသေးဘူး။ ကျွန်တော့်ကို နှစ်ခြင်းခံဖို့ပြောကြတဲ့အတွက် ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။” ယင်းသည် ၁၉၄၆ ခုနှစ်ကဖြစ်သည်။ ပက်စီဖီကိုသည် တိုင်းပြည်အတွင်းရှိ ဒေသအတော်များများတွင် ရှေ့ဆောင်လုပ်ခဲ့သည်။ သူသည် အခြားအခွင့်ထူးများကိုလည်း ရရှိခဲ့သည်။ သူဤသို့ပြောပြ၏– “၁၆ ကြိမ်မြောက် ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ်ခံခဲ့ရပြီး ၁၉၅၀ ပြည့်နှစ် နယူးယောက်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးကို တက်ရောက်နိုင်ခဲ့တယ်။ ကျောင်းဆင်းပြီးတာနဲ့ အမေရိကန်ပြည်ထောင်စု၊ မင်နက်စိုတာပြည်နယ်နဲ့ ဒါကိုတာမြောက်ပိုင်းမှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခွင့်ရခဲ့တယ်၊ အဲဒီနောက် ဖိလစ်ပိုင်ကိုပြန်လာပြီး မနီလာမြို့၊ ပစေ့ဂျ်မြစ်ရဲ့တောင်ဘက်ခြမ်းကနေ မင်ဒနာအိုတစ်လျှောက်လုံးမှာ ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။”
နောက်ပိုင်းနှစ်များတွင် ညီအစ်ကို ပန်တာ့စ်သည် ဗေသလတွင်နှင့် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပက်စီဖီကိုသည် ၁၉၆၃ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့သည်။ သူနှင့် သူ့ဇနီးတွင် ကလေးရှိလာသောကြောင့် မိသားစုကို ကျွေးမွေးပြုစုရန် အခြေတကျနေထိုင်ဖို့ လိုအပ်လာခဲ့သည်။ သူတို့သည် မိသားစုလိုက် ယေဟောဝါအမှုတော်ကို ဆက်ဆောင်ခဲ့ကြသဖြင့် သူ၏သားသုံးဦးစလုံးမှာ ယေဟောဝါအားချီးမွမ်းသူများအဖြစ် ကြီးပြင်းလာခဲ့ကြသည်။ ထိုသားသုံးဦးစလုံးသည် အကြီးအကဲများအဖြစ် အမှုဆောင်နေကြပြီး တစ်ဦးမှာ ဓမ္မအမှုလေ့ကျင့်ရေးကျောင်းဆင်းဖြစ်သည်။ အခြားတစ်ဦးမှာ ဗေသလတွင် အမှုဆောင်နေသည်။ ညီအစ်ကို ပန်တာ့စ်သည် ဇရာအရွယ်တွင်ပင် အသင်းတော်၌ အပြုသဘောပါပါသြဇာညောင်းနေဆဲဖြစ်သည်။
ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန်အတွက် သင့်တော်သောခန်းမများ
ဖိလစ်ပိုင်ရှိ ယေဟောဝါ၏လူမျိုးသည် ဝတ်ပြုကိုးကွယ်ရန်နေရာအဖြစ် နိုင်ငံတော်ခန်းမများကို မကြာသေးမီကမှ ရရှိခဲ့ကြသည်။ အများစုသည် နှစ်ပေါင်းများစွာအတွင်း ညီအစ်ကိုများ၏အိမ်တွင် စုဝေးခဲ့ကြသည်။ ပထမရာစု၌ပင် ခရစ်ယာန်များသည် အစည်းအဝေးများကျင်းပရန် အိမ်များကို အသုံးပြုခဲ့ကြသည်။ (ရော. ၁၆:၅) သို့သော် မျက်မှောက်ခေတ်အချိန်တွင် အသင်းတော်များ တိုးများလာသည်နှင့်အမျှ လူများစွာ ဝင်ဆံ့နိုင်သည့် သက်သောင့်သက်သောရှိသောနေရာများ လိုအပ်လာခဲ့သည်။
ဒေးဗစ် လက်ဘက်တား ဤသို့ပြောခဲ့၏– “အများစုမှာ ငွေကြေးအခက်အခဲရှိတဲ့အတွက် ဒီလိုအပ်ချက်ကိုလုပ်ဆောင်ဖို့ဆိုတာ အရမ်းခက်ခဲခဲ့တယ်။ မြို့ကြီးဖြစ်တဲ့ မနီလာမြို့တော်ထဲမှာတောင် အသင်းတော်ပိုင်မြေပေါ်မှာဆောက်ထားတဲ့ နိုင်ငံတော်ခန်းမတစ်ခုပဲရှိခဲ့တယ်။ နိုင်ငံတော်ခန်းမရှိတဲ့ နေရာတိုင်းလိုလိုမှာ အဆောက်အအုံကို အသင်းတော်ကပိုင်ပေမဲ့ မြေကိုတော့မပိုင်ဘူး။” ညီအစ်ကိုများ၏ဝင်ငွေ အလွန်နည်းသောကြောင့် အသင်းတော်များသည် မြေမဝယ်နိုင်ခဲ့ကြပါ။
ထို့ကြောင့် ညီအစ်ကိုများသည် သူတို့တတ်နိုင်သည့်နည်းလမ်းတိုင်းကို အသုံးချခဲ့ကြသည်။ သူတို့ပိုင်ဆိုင်ရာကို လိုလိုလားလား ဝေမျှခဲ့ကြသည်။ ဥပမာ၊ ဒန်တန် ဟော့ကင်စင်သည် စန်တိုစ် ကာပီစထာနိုကို အမှတ်ရဆဲဖြစ်သည်၊ ထိုညီအစ်ကိုသည် မနီလာမြို့ရှိ သူ၏အိမ်အပေါ်ထပ်ကို နိုင်ငံတော်ခန်းမအဖြစ် နှစ်ပေါင်း ၄၀ ခန့်အသုံးပြုခွင့်ပေးခဲ့သည်။ ညီအစ်ကို ဟော့ကင်စင် ဤသို့ပြောပြ၏– “ညီအစ်ကို ကာပီစထာနိုရဲ့ဇနီး ဆုံးသွားပြီးတဲ့နောက် သူ့ရဲ့သားသမီးတွေက အောက်ထပ်မှာ လာနေကြတယ်။ အိမ်အပေါ်ထပ်ကို နိုင်ငံတော်ခန်းမလုပ်ထားတဲ့အတွက် သူ့အတွက် အခန်းသေးသေးလေးပဲရှိတော့တယ်၊ အဲဒါတောင် တစ်ခြမ်းက မီးဖိုချောင်ဖြစ်တယ်။ အိမ်အပေါ်ထပ်တစ်ခုလုံးနီးပါးကို နိုင်ငံတော်ခန်းမအဖြစ် ပေးသုံးထားတယ်။ သူ့အတွက် အဆင်ပြေမှာမဟုတ်ဘူးလို့ ယူဆနိုင်ပေမဲ့ အဲဒီလိုအသုံးပြုခွင့်ပေးရတာကို သူပျော်ရွှင်ခဲ့တယ်။ အဲဒါ ညီအစ်ကိုတွေရဲ့ စိတ်သဘောထားပါပဲ။”
နောက်ဆုံးတွင် အသင်းတော်ပိုင်မြေကွက်များပေါ်တွင် နိုင်ငံတော်ခန်းမများကို ဆောက်လုပ်နိုင်ခဲ့သည်။ [ဖိလစ်ပိုင်နိုင်ငံသုံး] ပီဆိုငွေတန်ဖိုး မြှင့်တက်လာပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် လုပ်ခအနည်းငယ်တိုးလာသောကြောင့် ငွေချေးရန် လမ်းစပွင့်ခဲ့သည်။ ရလဒ်အနေနှင့် အသင်းတော်အနည်းငယ်သည် ချေးငွေများရရှိခဲ့ကြသည်။
နောက်ပိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့ အစပြုလိုက်သော မေတ္တာပါအစီအစဉ်တစ်ခုကြောင့် အပြောင်းအလဲကြီး ဖြစ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့တွင် နိုင်ငံတော်ခန်းမရန်ပုံငွေနှင့်ပတ်သက်သည့် ကြေညာချက်များထုတ်ပြန်ခဲ့ပြီး များမကြာမီအချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံတော်ခန်းမများဆောက်လုပ်ရေး အထူးရည်ရွယ်ချက်အတွက် အလှူငွေများမှ အကျိုးရရှိခဲ့သည်။ ဤအစီအစဉ်သည် “အညီအမျှဖြစ်စေခြင်းငှာ” ဟူသောမူနှင့်ကိုက်ညီပြီး ချေးငွေအစီအစဉ်ကို ဖြစ်မြောက်စေသည်။ (၂ ကော. ၈:၁၄၊ ၁၅) တဖြည်းဖြည်းအစပြုခဲ့သော်လည်း ဤအစီအစဉ်၏ အကျိုးဖြစ်ထွန်းမှုကိုကြားကြသောကြောင့် မိမိတို့တွင်လည်း နိုင်ငံတော်ခန်းမတစ်ခုပိုင်ဆိုင်ရန် ကြိုးစားဖို့ ညီအစ်ကိုများအတွက် အားပေးမှုပိုမိုဖြစ်ခဲ့သည်။
ယင်းအစီအစဉ်မှာ ထူးခြားလှပါသည်! နိုင်ငံတော်ခန်းမချေးငွေနှင့်ပတ်သက်၍ ဌာနခွဲရုံးက ဤသို့မှတ်တမ်းပို့သည်– “နိုင်ငံတော်ခန်းမစီမံချက်ပေါင်း ၁,၂၀၀ ကျော်ရှိခဲ့သည်။ ယင်းအစီအစဉ်ကို နိုင်ငံတစ်ဝန်းလုံးတွင် အကောင်အထည်ဖော်ခဲ့ကြသည်။” အစပိုင်းတွင် ရန်ပုံငွေအများစုသည် အခြားနိုင်ငံများမှ ဖြစ်သော်လည်း နောက်ပိုင်းတွင် ဖိလစ်ပိုင်ညီအစ်ကိုများသည် မိမိတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့် ထောက်ပံ့နိုင်ခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဌာနခွဲရုံးက ဤသို့တင်ပြ၏– “နိုင်ငံတော်ခန်းမဆောက်လုပ်ရေး စီမံကိန်းတွင်လိုသော ငွေကြေးအားလုံးကို ဖိလစ်ပိုင်နိုင်ငံတွင်းရှိ ညီအစ်ကိုများ၏ ချေးငွေပြန်ဆပ်ငွေနှင့် အလှူငွေများဖြင့် လုပ်ဆောင်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ ယင်းက စီးပွားရေးကျနေသောဒေသများတွင်ပင် ငွေကို စုပေါင်းမတည်ထည့်ဝင်ကြသည့်အခါ များစွာအကျိုးဖြစ်ထွန်းနိုင်ကြောင်း တင်ပြသည်။”
ယခု အသင်းတော်အများစုသည် နိုင်ငံတော်ခန်းမများ ရှိနေပြီဖြစ်သည်။ နိုင်ငံအတွင်း အသင်းတော် ၃,၅၀၀ ခန့်ရှိပြီး ကိုယ်ပိုင်အစည်းအဝေးကျင်းပသည့်နေရာ လိုအပ်နေသည့် အသင်းတော်များ ရှိနေဆဲဖြစ်သည်။ သို့သော် ထိုအသင်းတော်များထဲမှ အသင်းတော် ၅၀၀ ခန့်မှာ ကြေညာသူ ၁၅ ယောက်မပြည့်သောကြောင့် နိုင်ငံတော်ခန်းမချေးငွေ မရရှိနိုင်ကြပါ။ ထို့ကြောင့် အသင်းတော်များပေါင်းလိုက်ခြင်းသည် နိုင်ငံတော်ခန်းမရရှိရန် ပိုလက်တွေ့ကျသည်ဟု မကြာသေးမီက အားပေးခဲ့သည်။
အစည်းအဝေးအစီအစဉ်များအပေါ် ရှုမြင်ပုံပြုပြင်ပြောင်းလဲမှုများ
ကိုယ်ပိုင်နိုင်ငံတော်ခန်းမ,ရှိသော၊ ကိုယ်ပိုင်နိုင်ငံတော်ခန်းမ မရှိသော အသင်းတော်အချို့သည် ဝေးခေါင်သောဒေသများတွင် တည်ရှိသည်။ ညီအစ်ကိုများသည် အစည်းအဝေးကျင်းပသည့်နေရာသို့ရောက်ရန် ခက်ခဲကြမ်းတမ်းသောနယ်မြေတွင် နှစ်နာရီ၊ လေးနာရီ၊ ထိုထက်ပင်ကြာကြာ လမ်းလျှောက်ရသည်။ သို့ဖြစ်၍ အစည်းအဝေးကျင်းပသည့်နေရာသို့ တစ်ပတ်လျှင် တစ်ကြိမ်ထက်မက လာရောက်စုဝေးရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ထိုအသင်းတော်အများစုသည် အသင်းတော်စာအုပ်ကြီးသင်တန်းမှလွဲ၍ အစည်းအဝေးအားလုံးကို တစ်ရက်တည်းတွင် ကျင်းပခဲ့ကြသည်။ ညီအစ်ကိုများသည် အစည်းအဝေးလေးခုတွင်ပါဝင်ရန် ပြင်ဆင်ခဲ့ကြရသည်။ သူတို့သည် နေ့လယ်စာ ယူဆောင်လာခဲ့ကြသည်။ ဤနည်းအားဖြင့် အစည်းအဝေးကျင်းပသည့်နေရာနှင့် ဝေးသောသူများသည် တစ်ပတ်လျှင် တစ်ကြိမ်သာ လာရန်လိုအပ်ခဲ့ပြီး လယ်ကွင်းလုပ်ငန်းကဲ့သို့သော အခြားလုပ်ဆောင်မှုများကို အခြားနေ့များတွင် ဒေသခံရပ်ကွက်၌ လုပ်ဆောင်ခဲ့ကြသည်။
၁၉၈၀ ပြည့်လွန်နှစ်များတွင် ဝေးခေါင်သည့်ဒေသမဟုတ်သော မြို့ပေါ်ဒေသရှိအသင်းတော်များ၌ပင် ယင်းအလေ့အထကို စတင်လုပ်ဆောင်ခဲ့ကြသည်။ စီးပွားရေးခက်ခဲသောကြောင့် ငွေကြေးချွေတာသည့်နည်းဟု တချို့ကို ယူမှတ်စေနိုင်ပေသည်။ အစည်းအဝေးလုပ်သည့်ရက် နည်းသွားခြင်းက သွားလာမှုနည်းသွားစေပြီး အကုန်အကျသက်သာစေသည်။ သို့သော် အခြားညီအစ်ကိုများသည် ကြားရက်များကို ပညာရေး သို့မဟုတ် လောကီလုပ်ငန်းကဲ့သို့သော ကိုယ်ရေးကိုယ်တာလိုက်စားမှုများအတွက် အဆင်ပြေရေးကိုသာ အလွန်အမင်းအာရုံစိုက်လာခဲ့ကြသည်။
တစ်ရက်တည်းတွင် အစည်းအဝေးလေးခုကျင်းပသည့် အသင်းတော် များသည်ထက်များလာပြီး အချို့အသင်းတော်များသည် အစည်းအဝေးငါးခုစလုံးကိုပင် တစ်ရက်တည်းကျင်းပလာကြသည်! ယင်းကြောင့် ဖိလစ်ပိုင်ရှိ အသင်းတော်များသည် အစည်းအဝေးများကို တစ်ပတ်အတွင်း သုံးရက်ခွဲပြီးကျင်းပကြသည့် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူမျိုးအများစု ပြုလုပ်သည့်လမ်းစဉ်မှ တဖြည်းဖြည်း ဝေးသည်ထက်ဝေးလာခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ညီအစ်ကိုများသည် မျှတမှုမရှိ ဖြစ်လာခဲ့ကြသည်။ ၁၉၉၁ ခုနှစ်၊ ဇုန်ကြီးကြပ်မှူး လည်ပတ်ချိန်တွင် ယင်းကိစ္စကို အလေးထားသုံးသပ်ခဲ့သည်။ ၎င်းနောက် အုပ်ချုပ်ရေးအဖွဲ့က ဆွေးနွေးသုံးသပ်ပြီး ဤသို့တုံ့ပြန်ခဲ့သည်– “အလွန့်အလွန်ထောက်ထားစရာ အခြေအနေမျိုးမဟုတ်လျှင် ယင်းသည် ကောင်းသောလုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့ မယူမှတ်ပါ။” ဤသတင်းကို ဦးဆုံး မြို့နေညီအစ်ကိုများထံနှင့် နောက်ပိုင်း ဝေးခေါင်သောဒေသများရှိ ညီအစ်ကိုများထံ ပေးပို့ခဲ့သည်။
ယင်းစာတွင် အစည်းအဝေးများအတွက် သတ်မှတ်ထားသော ကမ္ဘာတစ်ဝန်းရှိအစီအစဉ်များနှင့် ကိုက်ညီစေရန်ဖော်ပြထားချက်အပြင် အကြောင်းအရာအားလုံးကို သုံးနာရီခွဲမှ လေးနာရီအတွင်း တနင့်တပိုးစားရသည်ထက် အစည်းအဝေးများကို ခွဲ၍ကျင်းပခြင်းသည် ဝိညာဉ်ရေးအရ ပို၍အကျိုးရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသို့ တစ်ရက်တည်းတွင်ကျင်းပခြင်းသည် ကလေးငယ်များနှင့် စိတ်ဝင်စားသူလူသစ်များအတွက် ခက်ခဲသောအစီအစဉ်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ အကြီးအကဲများသည် အကြောင်းအရာများစွာကို ပြင်ဆင်ရမည့်အစား အစည်းအဝေးတစ်ခု သို့မဟုတ် နှစ်ခုအတွက်ပြင်ဆင်ရသည့်အခါ ပို၍အရည်အသွေးရှိသော ဟောပြောချက်များကို ပြင်ဆင်စေနိုင်သည်ဟု ဖော်ပြခဲ့သည်။
အသင်းတော်များသည် ဤအကြံပေးချက်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ အသင်းတော်အများစုသည် ကြားရက်များတွင်ကျင်းပသည့် အစည်းအဝေးများအတွက် ပြုပြင်ပြောင်းလဲမှုများကို ချက်ချင်းပြုလုပ်ကြခြင်းဖြင့် အပြုသဘောပါစွာ တုံ့ပြန်ခဲ့ကြသည်။ ယခု အလွန်ဝေးခေါင်သောဒေသများရှိ အသင်းတော်များမှလွဲ၍ အသင်းတော်အများစုသည် ပို၍မျှတမှုရှိသော ပတ်စဉ်ဝိညာဏအစီအစဉ်ကို ပျော်မွေ့နေကြသည်။
စည်းဝေးပွဲခန်းမများ
နှစ်ပေါင်းများစွာအတွင်း တိုက်နယ်များသည် စည်းဝေးပွဲများကိုကျင်းပရန် ကျောင်းအားကစားကွင်း၊ အားကစားရုံများ၊ အပြေးပြိုင်ကွင်း သို့မဟုတ် အခြားပြည်သူပိုင် အဆောက်အအုံများကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ အဆင်မပြေမှု အနည်းငယ်ရှိသော်လည်း ညီအစ်ကိုများသည် ရွှင်လန်းဖွယ်ပေါင်းသင်းမှုရရှိရေးအတွက် ထိုအခွင့်အရေးများကို တန်ဖိုးထားလေးမြတ်ခဲ့ကြသည်။
နိုင်ငံတော်ခန်းမများကဲ့သို့ စည်းဝေးပွဲခန်းမများရရှိပိုင်ဆိုင်ရန်မှာ မလွယ်ကူခဲ့ချေ။ စီးပွားရေးအကန့်အသတ်ဖြစ်မှုက ဤအတွက်လည်း အနှောင့်အယှက်ဖြစ်ခဲ့သည်။ သို့သော် တိုက်နယ်များစွာသည် အစည်းအဝေးကျင်းပသည့် ကိုယ်ပိုင်နေရာများ ပိုင်ဆိုင်လိုစိတ် ပြင်းပြခဲ့ကြသည်။ သို့ဖြင့် အတော်အသင့်ကောင်းမွန်သော စည်းဝေးပွဲခန်းမများကို တည်ဆောက်ခဲ့ကြသည်။ အခြားတိုင်းပြည်များစွာတွင် ပြုလုပ်သကဲ့သို့ တိုက်နယ်များကို အုပ်စုဖွဲ့၍မဟုတ်ဘဲ အများအားဖြင့် တိုက်နယ်တစ်ခု၊ နှစ်ခုအတွက်သာ ယင်းခန်းမများကို အသုံးပြုကြသည်။ အခြေအနေများစွာတွင်၊ အထူးသဖြင့် ကျေးလက်ဒေသများ၌ မြေကို ပေးလှူကြသည် သို့မဟုတ် သင့်တင့်သောအဖိုးဖြင့် ဝယ်ခဲ့ကြသည်။ သို့နှင့် ညီအစ်ကိုများသည် မိမိတို့၏အလှူငွေများကို စုပေါင်းမတည်ထည့်ဝင်ကြပြီး အဆောက်အအုံရိုးရိုးလေးတစ်ခုကို ဆောက်လုပ်ခဲ့ကြသည်—အများအားဖြင့် ကွန်ကရစ်အခင်း၊ စင်မြင့်၊ ထိုင်ခုံများနှင့် ပရိသတ်အရိပ်ရရန် အမိုးသာရှိပြီး အကာမရှိသော ခန်းမများဖြစ်သည်။
မနီလာမြို့တော်ဧရိယာတွင် မြေဈေးကြီးသည့်အပြင် မြို့တော်အင်္ဂါရပ်နှင့်ညီသော အဆောက်အအုံဆောက်လုပ်ရန် အကုန်အကျများလွန်းသောကြောင့် ကိုယ်ပိုင်ခန်းမရှိရန် မဖြစ်နိုင်ခဲ့ပါ။ ထိုဒေသရှိအသင်းတော်များသည် ခန်းမပိုင်ဆိုင်ရန်ရည်ရွယ်ချက်ဖြင့် ရန်ပုံငွေထည့်ဝင်လှူဒါန်းခဲ့ကြသော်လည်း ရရှိသောပမာဏမှာ မြေဝယ်ဖို့အတွက်ပင် မလောက်ဘဲဖြစ်ခဲ့သည်။ ၁၉၇၀၊ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များတစ်လျှောက်တွင် မနီလာမြို့တော်၌ကျင်းပသော စည်းဝေးပွဲများကို ကျောင်းများ၊ အားကစားရုံများ၊ အခြားနေရာများတွင် ဆက်ကျင်းပခဲ့ကြသည်။
ထိုအတောအတွင်း မနီလာမြို့တော်ရှိ အသင်းတော်အရေအတွက်၊ တိုက်နယ်အရေအတွက် ဆက်၍တိုးများလာခဲ့သဖြင့် စည်းဝေးပွဲခန်းမတစ်ခု အလွန်လိုအပ်လာသည်။ သင့်တော်သော မြေနေရာကို စတင်ရှာဖွေခဲ့ကြသည်။ ဆောက်လုပ်ရေးအစီအစဉ်အတွက် ငွေကြေးထောက်ပံ့နိုင်သည့် အခွင့်အရေးရှိကြောင်း ဖော်ပြထားသည့်စာများကို အသင်းတော်များထံ ပေးပို့ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မနီလာမြို့တော်၏ မြောက်ဘက်စွန်း၊ လာ့ဂရိုခရိုင်အနီးတွင် ၁၅ ဧကကျယ်သော မြေကွက်ကို တွေ့ရှိခဲ့ကြသည်။
မနီလာမြို့တော်ရှိ အသင်းတော်များသည် အလှူငွေများပေးပို့ခြင်း၊ စေတနာ့ဝန်ထမ်းများစေလွှတ်ခြင်းဖြင့် ဆောက်လုပ်ရေးအစီအစဉ်ကို ထောက်ပံ့ခဲ့ကြသည်။ ဆောက်လုပ်ရေးတွင်အကူအညီပေးရန် နိုင်ငံအတော်များများမှ အပြည်ပြည်ဆိုင်ရာအမှုထမ်းများ ရောက်လာခဲ့ကြသည်။ သူတို့ထဲမှတစ်ဦးမှာ နယူးဇီလန်မှ ရော့စ် ပရက်တ်ဖြစ်ပြီး သူဤသို့ပြန်ပြောပြ၏– “၁၉၉၇၊ မတ်လမှာ လုပ်ငန်းစတင်ဖို့ ဘရွတ်ကလင်ကနေ ခွင့်ပြုချက်ရခဲ့တယ်။ မြေကြီးအတော်များများကို တူးထုတ်ဖို့လိုတဲ့ အလုပ်ကြီးဖြစ်တယ်၊ အဆောက်အအုံနေရာပြင်ဆင်ရာမှာ ၃၈,၀၀၀ ကုဗကိုက်ရှိတဲ့ မြေကြီးတွေကို တူးထုတ်ခဲ့ရတယ်။ အမြဲတမ်းလုပ်သား ၅၀ ကနေ ၆၀ ရှိခဲ့တယ်။ ၁၉၉၈၊ နိုဝင်ဘာလမှာ စည်းဝေးပွဲခန်းမပြီးသွားတယ်။” ၎င်းနောက်မကြာမီ ထိုခန်းမကို အပ်နှံခဲ့သည်။ ခန်းမကို လူပေါင်း ၁၂,၀၀၀ ဆံ့အောင် ပုံစံဆွဲထားသောကြောင့် ခရိုင်စည်းဝေးကြီးများကိုလည်း ကျင်းပနိုင်သည်။ ဤစည်းဝေးပွဲခန်းမသည် အကာမဲ့ခန်းမဖြစ်သောကြောင့် အစီအစဉ်နားထောင်နေသော ပရိသတ်သည် အပူပိုင်းဒေသ၏လေပြေလေညင်းကို ထိတွေ့ခံစားကြရသည်။ မနီလာမြို့တော်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ တိုက်နယ် ဆယ့်ခြောက်ခုသည် ယခု ဤခန်းမတွင်ကျင်းပသော ဝိညာဏအစီအစဉ်များကို မှန်မှန်ရရှိပျော်မွေ့နေကြသည်။
နောက်ထပ် ဌာနခွဲအဆောက်အအုံ
လယ်ကွင်းရှိ အသင်းတော်အရေအတွက်နှင့် တိုက်နယ်အရေအတွက် တိုးများလာသည်နှင့်အမျှ ဌာနခွဲတွင်လုပ်ဆောင်ရသော အလုပ်များ တိုးများလာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် လယ်ကွင်း၌ ကြေညာသူ ၆၀,၀၀၀ ခန့်ရှိခဲ့သည်။ ဆယ်နှစ်မပြည့်မီ ဖိလစ်ပိုင်နိုင်ငံသည် ကြေညာသူ ၁၀၀,၀၀၀ ကျော်သည့် နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုကာလအတွင်း ဗေသလမိသားစုသည် ၁၀၂ ဦးမှ ၁၅၀ သို့တိုးများလာခဲ့သည်။ သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းတွင်ပင် ဌာနခွဲမှာ ကျဉ်းကျပ်နေပြီဖြစ်သည်။ ထို့ကြောင့် နေရာထိုင်ခင်းများစွာ လိုအပ်ခဲ့သည်။
အုပ်ချုပ်ရေးအဖွဲ့က ပို၍ကြီးသောမြေကွက်ရှာရန် ညွှန်ကြားခဲ့သည်။ အဘယ်အရာဆက်ဖြစ်သည်ကို ဖေလိခ်စ် ဖဟာဒို ဤသို့ပြောပြ၏– “ဗေသလအနားမှာ ရောင်းမယ့်မြေကွက်ရှိမရှိသိရအောင် တစ်အိမ်ပြီးတစ်အိမ် သွားခဲ့ကြတယ်။ ဖိလစ်ပိုင်လူမျိုးနဲ့ တရုတ်လူမျိုးဖြစ်တဲ့ အိမ်ပိုင်ရှင်တွေက သူတို့ရဲ့မြေကို မရောင်းတဲ့အကြောင်း ပြန်ပြောခဲ့ကြတယ်။ အိမ်ရှင်တစ်ယောက်ဆိုရင် အသံခပ်မာမာနဲ့ ‘တရုတ်လူမျိုးတွေက မရောင်းဘူး။ ငါတို့က ဝယ်ပဲဝယ်တာ။ ဘယ်တော့မှမရောင်းဘူး’ လို့ပြောခဲ့တယ်။” ထို့ကြောင့် ထိုအချိန်က မူလဌာနခွဲအနီးတစ်ဝိုက်တွင် မရနိုင်သည့်ပုံ ဖြစ်ခဲ့သည်။
မြေနေရာကို အခြားနေရာများတွင် ရှာဖွေခဲ့ကြသည်။ လိုအပ်မည်ဆိုလျှင် ဌာနခွဲရုံးကို မြို့ပြင်သို့ပင် ပြောင်းရွှေ့ရပေမည်။ အနီးအနားရှိ ဒေသများတွင် မြေနေရာများစွာ တွေ့ရှိခဲ့ကြသည်။ သင့်တင့်သောနှုန်းထားဖြင့် ညီအစ်ကိုတစ်ဦးရောင်းပေးသော လဂွာနာမြို့၊ စန် ပက်ဒရိုအနီးရှိ မြေကွက်ကြီးကို အုပ်ချုပ်ရေးအဖွဲ့က အထူးစိတ်ဝင်စားခဲ့သည်။ ယင်းမြေကွက်ကို ဝယ်ရန် ခွင့်ပြုချက်ရခဲ့သည်။ ထိုမြေပေါ်တွင် ရုံးခန်းအဆောက်အအုံများ၊ ဗေသလအိမ်တစ်အိမ်နှင့် စက်ရုံတစ်ရုံဆောက်လုပ်ရန် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။ သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ ထိုနေရာသို့ရွှေ့ပြောင်းခြင်းကို ယေဟောဝါအလိုရှိပုံမရချေ။ ထိုဒေသတွင် တယ်လီဖုန်းဝန်ဆောင်မှုမရှိချေ၊ လမ်းလည်းမကောင်းသည့်အပြင် လုံခြုံရေးအတွက် စိတ်မချရသော ဒေသဖြစ်သည်။ ထိုမြေနေရာသည် ဌာနခွဲရုံးအတွက် အကောင်းဆုံးနေရာမဟုတ်ကြောင်း ထင်ရှားလာခဲ့သည်။ ထို့ကြောင့် ဗေသလမိသားစု လိုအပ်ရာများကို ထောက်ပံ့ရန်အတွက် စိုက်ပျိုးရေးခြံအဖြစ် ပြုစုခဲ့ကြသည်။ သို့တိုင် ဌာနခွဲရုံးဆောက်ရန် လိုအပ်သောမြေနေရာကိစ္စကိုမူ မဖြေရှင်းနိုင်ခဲ့ကြသေးချေ။
မမျှော်လင့်သောအပြောင်းအလဲအဖြစ်အပျက်များက ယေဟောဝါ၏ညွှန်ကြားချက် ဖြစ်ပုံရသည်။ ဖေလိခ်စ် ဤသို့ဆက်ပြောပြ၏– “မမျှော်လင့်ဘဲ ကျွန်တော်တို့နဲ့ အနီးဆုံးအိမ်နီးချင်းက ‘မြေစတုရန်းကိုက် ၁,၂၀၀ ရောင်းမယ်။ ခင်ဗျားတို့ကိုပဲ ရောင်းချင်တယ်’ လို့ပြောလာတယ်။ အုပ်ချုပ်ရေးအဖွဲ့က အဲဒီမြေကိုဝယ်ခိုင်းတယ်။ ကျွန်တော်တို့က ဒီလောက်ဆိုလောက်ပြီလို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဆောက်အအုံပုံစံကို ဌာနချုပ်ကိုတင်သွင်းတဲ့အခါ ‘နောက်ထပ်မြေကွက် ရှာပါဦး။ မြေနေရာ နည်းနည်းလိုနေတယ်’ လို့ပြောပါတယ်။
“သိပ်မကြာခင်မှာပဲ ဆရာဝန်တစ်ယောက်နဲ့ ရှေ့နေတစ်ယောက်ရောက်လာပြီး ‘ကျွန်တော်တို့ရဲ့မြေကွက် ခင်ဗျားတို့ကို ရောင်းချင်ပါတယ်’ လို့ပြောတယ်။ အဲဒီမြေကွက်ကလည်း ၁,၂၀၀ စတုရန်းကိုက်ရှိတယ်။ အဲဒီနောက် ဘေးချင်းကပ်မြေကွက်က အမျိုးသမီးကလည်း ၂.၅ ဧကရောင်းချင်ခဲ့တယ်။ ဈေးသက်သက်သာသာနဲ့ သူ့မြေကွက်ကို ရောင်းပေးခဲ့တယ်။ အခု အတော်ကျယ်တဲ့မြေနေရာရှိပြီလို့ ကျွန်တော်တို့ထင်ခဲ့တာ။ ဒါပေမဲ့ ဌာနချုပ်က ‘နောက်ထပ်နည်းနည်း ထပ်ရှာကြည့်ပါ’ လို့ပြောခဲ့တယ်။
ထို့နောက် မမျှော်လင့်သောအကူအညီ ရရှိလာသည်။ ကျွန်ုပ်တို့အား မြေရောင်းပေးခဲ့သော ဆရာဝန်နှင့် ရှေ့နေတို့က အခြားအိမ်နီးချင်းများထံသွားကာ သူတို့၏မြေကိုရောင်းရန် ပြောပေးခဲ့ကြသည်။ မိမိတို့မြေကိုရောင်းလိုကြောင်း တစ်ဦးပြီးတစ်ဦး ဌာနခွဲသို့ ကမ်းလှမ်းခဲ့သည်။ အနီးအနားရှိ မြေကွက်အားလုံးနီးပါးကို ဝယ်ပြီးနောက်တွင် ဌာနချုပ်သို့ နောက်ထပ်အစီရင်ခံစာတင်ခဲ့သည်။ တစ်ဖန် သူတို့၏အဖြေမှာ ‘နောက်ထပ်လိုနေသေးသည်’ ဟူ၍ဖြစ်သည်။ ညီအစ်ကိုများက ‘ယခု မည်သည့်နေရာတွင် ထပ်ရှာမည်နည်း။ အနီးရှိ မြေကွက်အားလုံးကို မေးမြန်းစုံစမ်းပြီးပြီ’ ဟုစဉ်းစားနေခဲ့ကြသည်။
ထိုအချိန်လောက်တွင် ယခင်က “တရုတ်လူမျိုးတွေက မရောင်းဘူး” ဟုပြောခဲ့သော စီးပွားရေးသမားဖြစ်သူပိုင်ဆိုင်သည့် မြေနှင့်ပတ်သက်၍ ဖုန်းဆက်သွယ်မှုရရှိခဲ့သည်။ ယခုဖုန်းခေါ်သည်မှာ မြေရောင်းလို၍ဖြစ်သည်! ဖေလိခ်စ် ဤသို့ရှင်းပြ၏– “အဲဒီမြေကွက်ကို တခြားဘယ်သူကမှ စိတ်မဝင်စားခဲ့ကြဘူးဆိုတာကို ညီအစ်ကို လိချ်နဲ့ ကျွန်တော် သိခဲ့ရတယ်။ ဒါကြောင့် ဈေးပေါပေါနဲ့ ကျွန်တော်တို့ရခဲ့ကြတယ်။ ဒီကိစ္စအပေါ်မှာ ယေဟောဝါရဲ့လက်တော် ရှိခဲ့တယ်။” နောက်ထပ်မြေကွက် ၂.၅ ဧကကို ထပ်ရလိုက်သည့်အခါ ဌာနချုပ်က “အဆောက်အအုံစဆောက်ရန် မြေလုံလောက်ပြီ” ဟုဆိုခဲ့သည်။
အချိန်များကုန်လွန်ခဲ့ပြီး အခြေအနေများ ပြောင်းလဲခဲ့သည်နှင့်အမျှ စန် ပက်ဒရိုရှိ စိုက်ပျိုးရေးခြံမှာ မလိုအပ်တော့ကြောင်း ထင်ရှားလာခဲ့သည်။ ဗေသလမိသားစုအတွက် လိုအပ်သောအစားအစာ အများစုကို ခြံတွင်စိုက်ပျိုးသည့် ကုန်ကျစရိတ်ထက် သက်သာသောနှုန်းထားဖြင့် လိုသလောက်ဝယ်ယူနိုင်သည်။ ထို့ကြောင့် ထိုခြံကိုရောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၉၁ ခုနှစ်တွင် ပိုင်ရှင်သစ်လက်သို့ လွှဲအပ်ခဲ့သည်။ ရောင်း၍ရသောငွေကို ဌာနခွဲအဆောက်အအုံသစ် ဆောက်လုပ်သည့် ကုန်ကျစရိတ်တွင် အသုံးပြုခဲ့သည်။
ဌာနခွဲအဆောက်အအုံသစ်များ ဆောက်လုပ်ခြင်း
ယခု ဌာနခွဲပိုင်မြေသည် ယခင် ၁၉၄၇ ခုနှစ်က ဝယ်ခဲ့သောမူလမြေကွက် ၂.၅ ဧက၏ သုံးဆကျော်ပိုကျယ်ဝန်းသည်။ ယေဟောဝါသက်သေများ၏ ဂျပန်ဌာနခွဲမှ ဒေသန္တရအင်ဂျင်နီယာရုံး၏ အကူအညီဖြင့် ပုံစံများကို ရေးဆွဲခဲ့ပြီး မြေနေရာပြင်ဆင်ခြင်းလုပ်ငန်းကို ၁၉၈၈ နှစ်လယ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ သစ်သားအိမ်ဟောင်းတချို့ကို ဖြိုဖျက်ခဲ့သည်။ အဆောက်အအုံသစ်များတွင် ၁၁ ထပ်ရှိသော လူနေအိမ်နှင့် ၂ ထပ်ရှိသည့် စက်ရုံတစ်ရုံတို့ပါဝင်သည်။ ထိုမြေပေါ်တွင် နိုင်ငံတော်ခန်းမတစ်လုံးကိုလည်း ဆောက်လုပ်ခဲ့သည်။
အကူအညီပေးရန် တာဝန်ပေးအပ်ခံရသော ဂိလဒ်ကျောင်းဆင်းများအပြင် အပြည်ပြည်ဆိုင်ရာအမှုထမ်းများနှင့် ယာယီစေတနာ့ဝန်ထမ်းအဖြစ် နိုင်ငံငါးနိုင်ငံမှ ညီအစ်ကို၊ ညီအစ်မ ၃၀၀ နီးပါးသည် ဤစီမံကိန်းကို အကူအညီပေးရန် ရောက်ရှိလာကြသည်။ အနီးတစ်ဝိုက်တွင်နေထိုင်သူများသည် အခြားနိုင်ငံများမှ လာရောက်ကူညီပေးကြသူများကို တွေ့မြင်ရ၍ အံ့သြခဲ့ကြသည်။ အများစုသည် ကိုယ်ပိုင်စရိတ်ဖြင့် လာကြခြင်းဖြစ်ကြောင်း သိသွားကြသောအခါ ပို၍အံ့သြခဲ့ကြသည်! ဒေသခံ ညီအစ်ကို၊ ညီအစ်မများသည် အပြည်ပြည်ဆိုင်ရာ စည်းလုံးမှုဝန်းကျင်ကို ထပ်ဆင့်အားဖြည့်ခဲ့ကြသည်။
မြေကွက်ရရှိခဲ့စဉ်ကအတိုင်း ဆောက်လုပ်ရေးအပိုင်းတွင်လည်း ယေဟောဝါ၏လမ်းညွှန်မှုကို တွေ့ခဲ့ရသည်။ ဥပမာ၊ အဆောက်အအုံများအတွက်လိုအပ်သော အမိုးကို ဖိလစ်ပိုင်နိုင်ငံတွင် ကုမ္ပဏီတစ်ခုတည်းကသာ ထုတ်လုပ်သည်။ သို့ရာတွင် ဌာနခွဲ၏ပစ္စည်းအမှာစာသည် ကုမ္ပဏီ၏ စောင့်ဆိုင်းစာရင်းထဲတွင် ၃၀၁ ခုမြောက်ဖြစ်သည်! ညီအစ်ကိုများသည် ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌနှင့် တိုက်ရိုက်စကားပြောရန် အချိန်းအချက်ပြုလုပ်ခဲ့ပြီး ကျွန်ုပ်တို့၏စေတနာ့ဝန်ထမ်းလုပ်ငန်းအကြောင်း ရှင်းပြခဲ့ကြသည်။ ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့က ညီအစ်ကိုများ၏ တောင်းဆိုချက်ကို သဘောတူခွင့်ပြုခဲ့ပြီး အမှာစာရင်းကို နံပါတ်တစ်နေရာသို့ ရွှေ့ပေးခဲ့ကြသည်။ ပစ္စည်းများရရှိပြီး များမကြာမီတွင် ထိုကုမ္ပဏီမှအလုပ်သမားများ သပိတ်မှောက်ခဲ့ကြသည်။
ဌာနခွဲဆောက်လုပ်ရေးစီမံကိန်းတွင် ပါဝင်ခဲ့ကြသည့် ညီအစ်ကိုများစွာသည် မွန်မြတ်သောစိတ်ဓာတ်ကို တင်ပြခဲ့ကြသည်။ အနီးပတ်ဝန်းကျင်အသင်းတော်များမှ စေတနာ့ဝန်ထမ်း ၆၀၀ ခန့်သည် အပတ်စဉ် လာရောက်ကူညီပေးခဲ့ကြသည်။ အမှန်မှာ၊ လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ထိုစေတနာ့ဝန်ထမ်းများ လုပ်ဆောင်ခဲ့ကြသည်။
မြင့်မားသောဆောက်လုပ်ရေးစံနှုန်းများအတိုင်း လုပ်ဆောင်ခဲ့ကြသည်။ ဖိလစ်ပိုင်ကျွန်းများသည် မြေငလျင်ကြောတစ်ခုပေါ်တွင် တည်ရှိသောကြောင့် ညီအစ်ကိုများသည် ၁၁ ထပ်ရှိသော အဆောက်အအုံကို ပြင်းထန်သောလှုပ်ခါမှုကိုခံနိုင်ရန် အသေအချာ လုပ်ဆောင်ခဲ့ကြသည်။ ဤအရည်အသွေးမြင့်အဆောက်အအုံများသည် ၁၉၂၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံအပါအဝင် ယခင်အဆောက်အအုံများနှင့်နှိုင်းယှဉ်လျှင် အလွန်ကွာခြားသည်! အဆောက်အအုံသစ်ဆောက်ရန် မြေနေရာအတွက် အိမ်ဟောင်းများကို ဖျက်ခဲ့ကြသည်။
နောက်ဆုံး၊ ၁၉၉၁၊ ဧပြီ ၁၃ ရက်တွင် ဌာနခွဲအပ်နှံပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။ အုပ်ချုပ်ရေးအဖွဲ့မှ ညီအစ်ကို ဂျွန် ဘားက ပရိသတ် ၁,၇၁၈ ယောက်ကို အပ်နှံပွဲဟောပြောချက် ပေးခဲ့သည်။ ယေဟောဝါ၏အမှုတော်ကို နှစ်ပေါင်း ၄၀ ကျော်ထမ်းဆောင်ခဲ့ကြသော ညီအစ်ကို၊ ညီအစ်မများသည် အစီအစဉ်တက်ရောက်ရန် ဖိတ်ခေါ်ခံရကြပြီး ၁၀ နိုင်ငံမှလာသော ဧည့်သည်များနှင့်အတူ ပျော်မွေ့ခဲ့ကြသည်။ နောက်နေ့တွင် လူပေါင်း ၇၈,၅၀၁ ဦးသည် ဝိညာဉ်ရေး တည်ဆောက်မှုဖြစ်စေသော အစီအစဉ်မှ အကျိုးရရှိခဲ့ကြသည်၊ ယင်းအစီအစဉ်ကို ကျွန်းစုတစ်လျှောက်လုံးရှိ အခြားခြောက်နေရာတွင် တယ်လီဖုန်းလိုင်းဖြင့် ဆက်သွယ်ပေးခဲ့သည်။
ဖိလစ်ပိုင်လူမျိုးများ အပြည်ပြည်ဆိုင်ရာအမှုထမ်းများအဖြစ် အမှုဆောင်ကြ
ဌာနခွဲဆောက်လုပ်ချိန်အတွင်း အခြားနိုင်ငံများမှလာသော အပြည်ပြည်ဆိုင်ရာအမှုထမ်းများသည် ဖိလစ်ပိုင်ညီအစ်ကိုများကို သူတို့ကျွမ်းကျင်သည့် အတတ်ပညာများ ဝေမျှပေးခဲ့ကြသည်။ အခြားသူများကို လေ့ကျင့်ပေးခဲ့သူ ဟူဘာတူ့စ် ဟူးဖ်နားဂျဲလ် ဤသို့ပြောပြ၏– “ဒေသခံညီအစ်ကိုတွေဟာ ဇွဲသိပ်ကောင်းကြတယ်၊ သူတို့သင်ထားတဲ့အတိုင်း လုပ်တတ်ကိုင်တတ်ကြတယ်။” ရလဒ်အနေနှင့် ဖိလစ်ပိုင်ဆောက်လုပ်ရေးစီမံကိန်း ပြီးစီးသွားသောအခါ လေ့ကျင့်ခံထားရသူတချို့သည် အခြားနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှရှိ ဌာနခွဲဆောက်လုပ်ရေးစီမံကိန်းများတွင် အကူအညီပေးရန် အပြည်ပြည်ဆိုင်ရာအမှုထမ်းများအဖြစ် အမှုဆောင်နိုင်ခဲ့ကြသည်။
ကွေဇုန်ပြည်နယ်မှ ဂျိုးလ် မိုရာယ်သည် ထိုသူတို့ထဲမှ တစ်ဦးဖြစ်သည်။ သူသည် အစက မနီလာမြို့ရှိ ဌာနခွဲဆောက်လုပ်ရေး စီမံကိန်းတွင် တစ်ပတ်လုပ်အားပေးမည်ဟူသောစိတ်ကူးဖြင့် လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူ၏အကူအညီလိုအပ်သောကြောင့် ဆက်လုပ်ဆောင်ရန် တောင်းဆိုခံခဲ့ရသည်။ သူသည် ဆောက်လုပ်ရေးတွင် အတွေ့အကြုံရှိသူမဟုတ်သော်လည်း ဌာနခွဲဆောက်လုပ်ရေးတွင် တိုင်းတစ်ပါးအပြည်ပြည်ဆိုင်ရာအမှုထမ်းများထံမှ သင်ယူခြင်းကြောင့် ချက်ချင်းကျွမ်းကျင်လာခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်ဆောက်လုပ်ရေးစီမံကိန်း မပြီးခင်ကတည်းက ထိုင်းနိုင်ငံဌာနခွဲသစ်တွင် အကူအညီလိုနေခဲ့သည်။ ဂျိုးလ် ဤသို့ပြောပြ၏– “ကျွန်တော်မျှော်လင့်မထားခဲ့ပေမဲ့ ထိုင်းနိုင်ငံကိုသွားဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ကျွန်တော့်ရဲ့ ဖိလစ်ပိုင်ဆောက်လုပ်ရေးအတွေ့အကြုံက အပြည်ပြည်ဆိုင်ရာလုပ်ငန်းအတွက် လိုအပ်တဲ့အရည်အချင်းရှိလာအောင် အများကြီးထောက်ကူပေးခဲ့တယ်။” သူသည် ထိုင်းနိုင်ငံဆောက်လုပ်ရေးတွင် အကူအညီပေးရန် တစ်နှစ်ကျော်နေထိုင်ခဲ့သည်။
ဂျော်ရှဝါနှင့် စယ်ရာ အက်စပီရေတုတို့သည် ဖိလစ်ပိုင်ဌာနခွဲဆောက်လုပ်ရေးတွင် နှစ်ဦးစလုံးလုပ်အားပေးကြရာမှ တစ်ဦးနှင့်တစ်ဦး သိကျွမ်းလာခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ဌာနခွဲအပ်နှံပွဲပြီးနောက် မကြာမီအချိန်တွင် လက်ထပ်လိုက်ကြပြီး အပြည်ပြည်ဆိုင်ရာအမှုထမ်းများအဖြစ် အတူတကွအမှုဆောင်ရန်ဟူသော သူတို့၏ပန်းတိုင်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။ လအနည်းငယ်ကြာပြီးနောက် အခြားနိုင်ငံများရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်ရန် သူတို့ဖိတ်ခေါ်ခံခဲ့ရသည်။ ထိုအချိန်ကတည်းက သူတို့သည် နိုင်ငံငါးနိုင်ငံတွင် အမှုဆောင်ခဲ့ကြသည်– အာရှတိုက်တွင် သုံးနိုင်ငံနှင့် အာဖရိကတိုက်တွင် နှစ်နိုင်ငံဖြစ်သည်။ ဂျော်ရှဝါသည် ဖိလစ်ပိုင်တွင်ရှိစဉ် သူ၏အတွေ့အကြုံကို ဤသို့ပြောပြ၏– “တခြားနိုင်ငံက ညီအစ်ကိုတွေနဲ့အတူ လုပ်ဆောင်ရတဲ့အတွက် ကျွန်တော်တို့ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ကိုင်တတ်လာခဲ့ကြတယ်။ အခု ကျွန်တော်တို့ တခြားသူတွေကို ဝေမျှနိုင်ပြီ။” သူတို့ကို အခြားနိုင်ငံများသို့ စေလွှတ်သည့်အခါ သူတို့က ဒေသခံညီအစ်ကိုများကို ဤသို့ပြောကြသည်– “ကျွန်တော်တို့ ဒီမှာ အမြဲနေမှာမဟုတ်ဘူး။ နောက်ပိုင်း ဒီအလုပ်ကို ခင်ဗျားတို့ ဆက်လုပ်ရလိမ့်မယ်။” အခြားနိုင်ငံများသို့သွားသည့်အခါ သူ၏ပန်းတိုင်နှင့်ပတ်သက်၍ ဤသို့ရှင်းပြ၏– “ကျွန်တော်တို့ဟာ အလုပ်လုပ်ဖို့လောက်ပဲ သွားကြတာမဟုတ်ဘူး၊ ညီအစ်ကိုတွေကို ကြိုးစားပြီး သင်ပေးဖို့လည်းဖြစ်တယ်။”
စင်စစ်အားဖြင့် အခြားနိုင်ငံများသို့ သွားရာတွင် ပြောင်းသာလွဲသာရှိဖို့ လိုအပ်သည်။ ဂျယ်ရီ အာယူရာသည် ထိုင်း၊ အနောက်ဆာမိုနှင့် ဇင်ဘာဘွေနိုင်ငံအပါအဝင် နိုင်ငံအတော်များများသို့ စေလွှတ်ခံခဲ့ရသည်။ သူဤသို့ရှင်းပြ၏– “ယေဟောဝါဟာ နောက်ခံအမျိုးမျိုးရှိတဲ့လူတွေကို အသုံးပြုတယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ်။ သူတို့ကို ယေဟောဝါချစ်တဲ့အတွက် ကျွန်တော်တို့လည်း သူတို့ကိုချစ်ကြတယ်။” ဤဖိလစ်ပိုင်ညီအစ်ကိုများသည် နိုင်ငံတကာတွင်လုပ်ဆောင်နေသော ယေဟောဝါ၏လုပ်ငန်း၌ ပါဝင်နိုင်ကြသောကြောင့် ဝမ်းမြောက်ကြသည်!
မငြိမ်မသက်မှုများက အမှုတော်ဆောင်ခြင်းကို မရပ်တန့်စေ
ယေဟောဝါပေးသည့် ရွှင်လန်းမှုကို မိမိတို့၏ခံတပ်ဖြစ်စေခြင်းတွင် ခက်ခဲသောအချိန်များ၌ပင် ကိုယ်တော်အား ဆက်လက်သစ္စာစောင့်သိခြင်း ပါဝင်သည်။ ယင်းကို သက်သေပြရန် ဖိလစ်ပိုင်ရှိ ယေဟောဝါ၏ကျေးကျွန်များ အခွင့်အရေးများစွာရှိခဲ့သည်။
၁၉၈၁၊ ဇန်နဝါရီလ ၁၇ ရက်တွင် စစ်အုပ်ချုပ်ရေး အဆုံးတိုင်ခဲ့သော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များ၌ မငြိမ်မသက်မှုများ ဆက်ဖြစ်ခဲ့သည်။ ၁၉၈၆၊ ဖေဖော်ဝါရီလတွင် အစိုးရကို အစားထိုးခဲ့သည်။ သို့ရာတွင် အစိုးရအပြောင်းအလဲမှာ အတော်အတန်ငြိမ်သက်ခဲ့သည်၊ “ပြည်သူ့အစိုးရ” တော်လှန်ရေးဖြစ်ပေါ်ခဲ့သည့်နေရာမှ အသင်းတော်များတွင်ပင် အစည်းအဝေးများနှင့် ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားခြင်းမရှိခဲ့ချေ။ “ပြည်သူ့အစိုးရ” အဖွဲ့မှလူများ ချီတက်ဆန္ဒပြသည့်အခါ ထိုလူအုပ်ထဲတွင် ခရစ်ယာန်ဘုန်းကြီးများနှင့် သီလရှင်များပါဝင်ကြပြီး လူများအား အားပေးအားမြှောက်ပြုသည်ကို ကြေညာသူများ တွေ့ခဲ့ကြသည်။
အစိုးရသစ်က အပြောင်းအလဲအချို့ကို ချက်ချင်းအရေးယူလုပ်ဆောင်ခဲ့သည်။ သို့သော် ထကြွလှုပ်ရှားမှုမှာ ရပ်တန့်မသွားခဲ့ပါ။ အစိုးရသစ်အာဏာရရှိပြီး ပထမသုံးနှစ်အတွင်း အာဏာသိမ်းရန် ကြိုးစားမှုအတော်များများဖြစ်ခဲ့ပြီး သွေးထွက်သံယိုဖြစ်ခဲ့သည့်အခါများ ရှိခဲ့သည်။ ဌာနခွဲဆောက်လုပ်ချိန်အတွင်း တစ်ကြိမ်တွင် နိုင်ငံခြားသားနှင့် ဒေသခံဆောက်လုပ်ရေးလုပ်သားများသည် မြို့ထဲသို့ကြည့်လိုက်ကြရာ ပုန်ကန်သောစစ်သားများသည် မိမိတို့၏စစ်စခန်းအား ဗုံးဖောက်ခွဲနေကြသည်ကို တွေ့လိုက်ကြရ၍ အံ့သြခဲ့ကြသည်။ ထိုတွေ့ဆုံတိုက်ခိုက်မှုများသည် ခဏမျှသာကြာသော်လည်း အချို့အသင်းတော်များကို ပိုမိုလုံခြုံသော နိုင်ငံတော်ခန်းမများတွင် စုဝေးကြရန် အားပေးခဲ့ရသည်။
အစိုးရစစ်တပ်နှင့် အတိုက်အခံအုပ်စုကြားရှိ မငြိမ်မသက်မှုသည် မင်ဒနာအိုရှိအချို့ဒေသများတွင် နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိခဲ့သည်။ ထိုဒေသရှိညီအစ်ကိုများ ဓမ္မအမှုဆောင်ရွက်ရာတွင် ယေဟောဝါကို ကိုးစားကာ သတိရှိရှိလုပ်ကိုင်ခဲ့ကြရသည်။ ဓမ္မအမှုလေ့ကျင့်ရေးကျောင်းဆင်းတစ်ဦးဖြစ်ပြီး ယခု တိုက်နယ်ကြီးကြပ်မှူးတစ်ဦးဖြစ်နေသူ ရေနာ့တို ဒူငိုဂသည် နေရာတိုင်းတွင် တိုက်ပွဲဖြစ်နေသောဒေသတစ်ခု၌ အမှုဆောင်ခဲ့သည်။ တစ်ကြိမ်တွင် ရေနာ့တို စက်လှေစောင့်နေစဉ် စစ်သားတစ်ယောက်က “ဘယ်သွားမလဲ” ဟုမေးသည်။
ရေနာ့တိုက “ကျွန်တော်ဟာ ယေဟောဝါသက်သေ နယ်လှည့်ဓမ္မအမှုဆောင်တစ်ယောက်ပါ။ ညီအစ်ကိုတွေကို အားပေးဖို့နဲ့ သူတို့နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ သူတို့ဆီ တစ်နှစ် နှစ်ကြိမ်လည်ပတ်ပါတယ်” ဟုရှင်းပြခဲ့သည်။
စစ်သားက “ဘုရားသခင်ဟာ မင်းနဲ့အတူရှိတာဖြစ်ရမယ်၊ မဟုတ်ရင် မင်းခုလောက်ဆို အသတ်ခံခဲ့ရပြီ” ဟုပြန်ပြောခဲ့သည်။ ထို့ကြောင့် မငြိမ်မသက်ဖြစ်နေသော်လည်း ညီအစ်ကိုများသည် ယေဟောဝါအား ယုံကြည်ကိုးစားကာ သူတို့၏အလုပ်ကို ဆက်လုပ်ဆောင်ခဲ့ကြပြီး ယင်းလုပ်ဆောင်မှုကြောင့် တကယ့်လေးစားမှုခံခဲ့ရကြသည်။
အလံအလေးပြုခြင်းကိစ္စနှင့်ပတ်သက်၍တရားရုံးသို့ရောက်
လူငယ်များသည် ဘုရားသခင်အပေါ် သူတို့၏သစ္စာစောင့်သိမှု စမ်းသပ်ခံခဲ့ကြရသည်။ ၁၉၅၅၊ ဇွန် ၁၁ ရက်နေ့တွင် သမ္မတ ရန့်မွန် မဂ်ဆားဆာက အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားအားလုံးသည် ဖိလစ်ပိုင်နိုင်ငံအလံကို အလေးပြုရမည်ဟု တောင်းဆိုထားသော နိုင်ငံဥပဒေ ပုဒ်မနံပါတ် ၁၂၆၅ တွင်လက်မှတ်ရေးထိုးခဲ့သည်။ ယေဟောဝါသက်သေကလေးများသည် ကမ္ဘာတစ်ဝန်းရှိ သက်သေခံလူငယ်များနည်းတူ အသိတရားရှိစွာ တုံ့ပြန်ခဲ့ကြသည်။ (ထွ. ၂၀:၄၊ ၅) သူတို့သည် နိုင်ငံ၏အထိမ်းအမှတ်ကို လေးစားကြသော်လည်း အခြားအရာဝတ္ထုအား ဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သော ဘာသာရေးလုပ်ရပ်ဟု သူတို့ယူမှတ်ထားရာတွင် သူတို့ပါဝင်ဖို့မှာ မဖြစ်နိုင်ချေ။ မာစဘာ့တီကျွန်းရှိ ဟေရိုနာ့မိသားစုမှ ကလေးများသည် အလံအလေးမပြုသောကြောင့် ကျောင်းထုတ်ခံရသောအခါ ၁၉၅၉ ခုနှစ်တွင် ထိုကိစ္စကို ဖိလစ်ပိုင်တရားရုံးချုပ်သို့ အမှုတင်ခဲ့သည်။ သို့ရာတွင် တရားရုံးသည် ယေဟောဝါသက်သေများ၏ ဘာသာရေးရပ်တည်ချက်ကို လေးစားခြင်းမရှိခဲ့ပါ။ အလံသည် “ရုပ်တုမဟုတ်၊” “အလံသည် ဘာသာရေးနှင့် လားလားမျှ မစပ်ဆိုင်” ဟုဆိုခဲ့သည်။ သို့ဖြင့် တရားရုံးက အဘယ်အရာသည် ဘာသာရေးနှင့်ဆက်နွှယ်သည်၊ ဆက်နွှယ်မှုမရှိဟူသည့် ဥပဒေပြဋ္ဌာန်းခဲ့သည်။
သို့သော် ယင်းက သက်သေခံများ၏ ဘာသာရေးယုံကြည်ချက်ကို မပြောင်းလဲစေခဲ့ပါ။ ညီအစ်ကိုများသည် ကျမ်းစာမူများဘက် အခိုင်အမာရပ်တည်ခဲ့ကြသည်။ တရားရုံးဆုံးဖြတ်ချက်ကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့သော်လည်း မျှော်လင့်ထားသလောက် မဆိုးခဲ့ပါ။
တရားရုံးဆုံးဖြတ်ချက်ကို စီမံအုပ်ချုပ်မှုဆိုင်ရာ ကိုဓဥပဒေတွင် ထည့်သွင်းခဲ့သည့် ၁၉၈၇ ခုနှစ်အထိ အလံအလေးပြုခြင်းကိစ္စ မပေါ်ပေါက်ခဲ့ပါ။ ထိုနောက် ၁၉၉၀ ပြည့်နှစ်တွင် စီဘူးဒေသရှိ ယေဟောဝါသက်သေကလေးများစွာ ကျောင်းထုတ်ခံခဲ့ရသည်။ ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးသည် ဥပဒေအတိုင်း မဖြစ်မနေလုပ်ဆောင်ခဲ့သည်။ ကျောင်းထုတ်ခံရသူ များစွာရှိခဲ့သည်။
သတင်းထုတ်ပြန်ရေးဌာနက ကျောင်းထုတ်ခြင်းအကြောင်း ဖော်ပြခဲ့သည်။ သို့နှင့် လူ့အခွင့်အရေးကော်မတီတစ်ခုက ပညာသင်ကြားခွင့်မရသော ထိုကလေးများကို စိတ်ဝင်တစားရှိခဲ့သည်။ ၁၉၅၉ ခုနှစ်မှစ၍ သဘောထားပြောင်းလဲခဲ့ပုံရသည်။ ယခု ဤကိစ္စရပ်ကို တစ်ဖန် ပွင့်ပွင့်လင်းလင်း ပြန်လည်တင်ပြရန် ယေဟောဝါ၏အချိန်တိုင်ပြီလော။ ထိုအချိန်က စီဘူးတွင် အကြီးအကဲတစ်ဦးဖြစ်သော အာနေစတို မိုရာ့လာစ် ဤသို့ပြောပြခဲ့သည်– “အယ်ဒီတာ၊ သတင်းစာဆရာ၊ ကျောင်းဆရာတွေနဲ့ အခြားသူတွေအားလုံးဟာ ဒီကိစ္စကို ရုံးတင်ဖို့ အားပေးတိုက်တွန်းခဲ့ကြတယ်။” ဌာနခွဲနှင့် ကမ္ဘာ့ဌာနချုပ်မှ တရားရေးဌာနတို့ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ အမှုတစ်ခုကို ရုံးတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့ရာတွင် ဒေသန္တရတရားရုံး၊ ၎င်းနောက် အယူခံတရားရုံးတို့က မသင့်လျော်သောဆုံးဖြတ်ချက်များ ချခဲ့ကြသည်။ သူတို့သည် ၁၉၅၉ ခုနှစ်၊ ဟေရိုနာ့ အမှုမှ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို မဆန့်ကျင်လိုကြပါ။ ဤကိစ္စကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ဤအမှုကို တရားရုံးချုပ်သို့ ပြန်တင်ရမည်ဖြစ်သည်။ တရားရုံးချုပ်က ဤအမှုကို ကြားနာလိုမည်လော။ ကြားနာမည်ဟု အဖြေပေးခဲ့သည်! သက်သေခံရှေ့နေတစ်ဦးဖြစ်သော ဖက်လီနို ဂက်နာလ်သည် အမှုတွဲကို တရားရုံးချုပ်သို့ တင်ခဲ့သည်။ ရက်ပိုင်းအတွင်း တရားရုံးချုပ်က ဤအမှုကိုစီရင်ဆုံးဖြတ်နေစဉ် ကျောင်းထုတ်ခံထားရသောကလေးအားလုံးကို ကျောင်းပြန်တက်ခွင့်ပေးရန် ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
နှစ်ဖက်စလုံးမှ အကြောင်းပြချက်များအပြန်အလှန် တင်သွင်းခဲ့ကြသည်။ အသေအချာသုံးသပ်ပြီးနောက် တရားရုံးချုပ်က ၁၉၅၉ ခုနှစ်ဆုံးဖြတ်ချက်ကို ဖျက်သိမ်းပြီး ယေဟောဝါသက်သေကလေးများသည် အလံအလေးပြုခြင်း၊ သစ္စာဓိဋ္ဌာန်ရွတ်ဆိုခြင်းနှင့် အမျိုးသားသီချင်းဆိုခြင်းတို့မှ ကင်းလွတ်ခွင့်ရှိကြောင်း အတည်ပြုပေးခဲ့သည်။ တရားရုံးက ထူးခြားမှတ်သားဖွယ် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဤသို့ရှင်းပြခဲ့သည်– “တစ်စုံတစ်ဦးအား အလံအလေးပြုရန် အတင်းအကျပ်တောင်းဆိုပြီး ... ပြစ်ဒဏ်အဖြစ် ... ကျောင်းထုတ်ခြင်းသည် မျက်မှောက်ခေတ်ဖိလစ်ပိုင်လူမျိုးဆက်၏ သိစိတ်နှင့် လားလားမျှသဟဇာတမဖြစ်ပါ၊ အကြောင်းမှာ သူတို့သည် ဘာသာရေးအကြောင်း လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်ရှိသည်ဟူသည့် ၎င်းတို့၏အခွင့်အရေးကို အာမခံထားသော နိုင်ငံသားတို့အခွင့်အရေးရပိုင်ခွင့်အကြောင်း သင်ယူနေကြပြီး ယင်းနှင့်အညီလုပ်ဆောင်နေသောကြောင့်ဖြစ်သည်။” ယေဟောဝါသက်သေများကို အတင်းအကျပ် ကျောင်းထုတ်ပစ်ခြင်းသည် “လွတ်လပ်စွာပညာသင်ခွင့်ပြုထားသော ၁၉၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ... သူတို့၏အခွင့်အရေးကို ကျူးလွန်ဖောက်ဖျက်ရာကျ” မည်ဟူ၍လည်း ထုတ်ပြန်ခဲ့သည်။ မနီလာရာဇဝင်မှတ်တမ်းတွင် ဤသို့ဖော်ပြထား၏– “တရားရုံးချုပ်သည် ယေဟောဝါသက်သေများအပေါ် ၃၅ နှစ်တိုင် တရားမမျှတမှုကို ပြုပြင်ပေးလိုက်သည်။”
အတိုက်အခံဘက်မှ ပြန်လည်သုံးသပ်ရန် အဆိုပြုချက်တစ်ခု တင်သွင်းခဲ့သော်လည်း ၁၉၉၅၊ ဒီဇင်ဘာလ ၂၉ ရက်တွင် တရားရုံးချုပ်က ထိုအဆိုပြုချက်ကို ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ဆုံးဖြတ်ချက်မှာ အတည်ဖြစ်ခဲ့သည်။ ယေဟောဝါ၏လူမျိုးတော်အတွက် အောင်ပွဲပါတကား!
သဘာဝဘေးဒဏ်များကြား ဟောပြောခြင်းလုပ်ငန်း ဆက်၍လုပ်ဆောင်
ဤမှတ်တမ်းအစပိုင်းတွင် ဖော်ပြခဲ့သကဲ့သို့ ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးဒဏ်များကြောင့် မကြာခဏ ဒုက္ခရောက်ခဲ့သည်။ ညီအစ်ကိုများအား ထိခိုက်ခဲ့သော သဘာဝဘေးဒဏ်တချို့အကြောင်း ကြည့်ကြစို့။
မြေငလျင်များ– ဖိလစ်ပိုင်ကျွန်းများသည် တက်တိုနစ်ကျောက်လွှာကြီးနှစ်လွှာ ပေါင်းဆုံရာနေရာပေါ်တွင် တည်ရှိသောကြောင့် မကြာခဏ မြေငလျင်လှုပ်လေ့ရှိသည်။ လူများ မခံစားမသိရှိလိုက်ရသော ငလျင်ငယ်လေးများအပါအဝင် နေ့စဉ် အနည်းဆုံး ငလျင်ငါးကြိမ်လှုပ်သည်ဟု ပညာရှင်တစ်ဦးက ဆိုသည်။ အများစုသည် ဘဝကို ဘာမျှမဖြစ်စေသော်လည်း ရံဖန်ရံခါလှုပ်သည့် ပြင်းထန်သောငလျင်များက အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုဖြစ်စေသည်။
၁၉၉၀ ပြည့်နှစ်၊ ဇူလိုင် ၁၆ ရက်၊ ညနေ ၄:၂၆ နာရီတွင် အားပြင်းသောငလျင်သည် လူဇုန်ကျွန်းအလယ်ပိုင်းမြို့ဖြစ်သော ကာဘန်နတ်တူရန် အနီးတွင် လှုပ်သွားသည်။ ဘန်ဂတ်ပြည်နယ်လည်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။ ကျောင်းများနှင့် ဟိုတယ်များစွာ ပြိုကျပျက်စီးခဲ့ပြီး အသက်ဆုံးရှုံးမှုများရှိခဲ့သည်။
ထိုအချိန်တွင် ထိုဒေသ၌ ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေသော ဟူးလီယို တက်ဘ်ယို့စ် နှင့် သူ၏ဇနီးသည် တိုက်နယ်စည်းဝေးပွဲအတွက် ဘန်ဂတ်ပြည် တောင်ပေါ်ဒေသတစ်ခုသို့သွားသော လမ်းပေါ်တွင်ရှိနေသည်။ ညီအစ်ကိုတစ်ဦးက ဘာဂီယို မြို့တွင် ရောင်းချရမည့် ဟင်းသီးဟင်းရွက်များ တင်လာသော သူ၏ထရပ်ကားပေါ်တွင် စီးနင်းလိုက်ပါစေခဲ့သည်။ တောင်တန်းများတစ်လျှောက် ကွေ့ပတ်သွားပြီးနောက် ယာဉ်တစ်စီးသာသွားလာနိုင်သည့် လမ်းကျဉ်းတစ်ခုသို့ ရောက်လာသည်။ ထိုအချိန်လေးတွင် ကျောက်တုံးများ တောင်ပေါ်မှ စတင်ပြုတ်ကျလာသည်။ အားပြင်းသောငလျင်လှုပ်ကြောင်း သူတို့သိလိုက်သည်။ ဟူးလီယို ဤသို့ပြောပြ၏– “ညီအစ်ကိုက သူ့ရဲ့ထရပ်ကားကို လမ်းကျယ်ဘက်ရောက်အောင် နောက်ပြန်ဆုတ်တယ်၊ ကားနောက်ဆုတ်ပြီးတာနဲ့ ခုန ကျွန်တော်တို့ကားရှိခဲ့တဲ့နေရာပေါ် ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာတယ်။ ကျွန်တော်တို့လွတ်သွားလို့ တော်သေးတယ်။ ခဏကြာပြီးတာနဲ့ ဒုတိယအကြိမ်ငလျင်လှုပ်တယ်၊ ကျွန်တော်တို့ဘေးနားက ကျောက်ဆောင်ကြီး လှုပ်နေတာဟာ က,နေသလားထင်ရတယ်။” တောင်စောင်းများ ပြိုကျခဲ့သည်။
တောင်ပြိုသည့်မြေများကြောင့် လမ်းများပိတ်ကုန်၏။ စည်းဝေးပွဲကျင်းပသည့်နေရာ၊ သို့မဟုတ် အခြား မည်သည့်နေရာသို့မဆိုသွားရန် တစ်ခုတည်းသောနည်းမှာ တောင်ပေါ်တစ်လျှောက် ခြေကျင်သွားခြင်းဖြင့်ဖြစ်သည်။ ညမိုးချုပ်သည့်အခါ ကြင်နာမှုရှိသော အိမ်တစ်အိမ်တွင် တည်းခိုခဲ့ကြသည်။ နောက်တစ်နေ့တွင် သူတို့သည် ခရီးပန်းတိုင်သို့ရောက်ရန် မြင့်မားသော တောင်တစ်လုံးကို တက်ခဲ့ရသည်။ လမ်းတစ်လျှောက်တွင် ငလျင်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီပေးနေကြသော ညီအစ်ကိုအတော်များများနှင့် သူတို့ဆက်သွယ်ခဲ့ကြသည်။ နောက်ဆုံး အန္တရာယ်များသော တောင်ပေါ်လမ်းများတစ်လျှောက် ခြေကျင်သွားပြီးနောက် စည်းဝေးပွဲကျင်းပမည့် နက်ဂီမြို့လေးသို့ ရောက်ရှိခဲ့သည်။ ဟူးလီယို ဤသို့ပြန်ပြောပြ၏– “ညီအစ်ကိုတွေဟာ ကျွန်တော်တို့ ရောက်လာနိုင်တော့မှာမဟုတ်ဘူးလို့ ထင်ထားကြတဲ့အတွက် ကျွန်တော်တို့ရောက်သွားတဲ့အခါ ဝမ်းသာမျက်ရည်ကျခဲ့ကြတယ်! ကျွန်တော်တို့ သိပ်ပင်ပန်းနေကြပေမဲ့ ဝမ်းပန်းတသာကြိုဆိုကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို တွေ့ရတဲ့အခါ လန်းဆန်းသွားတယ်။” ငလျင်လှုပ်သည့်ကြားမှ များစွာသောသူတို့သည် စည်းဝေးပွဲကျင်းပမည့်နေရာသို့ ကြိုးစားရောက်ရှိလာကြခြင်းဖြင့် ဝိညာဉ်ရေးရာကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြခဲ့ကြသည်။
ထိုအချိန်သည် ဌာနခွဲ၌ အဆောက်အအုံသစ်များ ဆောက်လုပ်နေချိန်ဖြစ်ကြောင်း သင်အမှတ်ရပေမည်။ လူနေအိမ်သည် ဆောက်လုပ်မပြီးသေးသော်လည်း ၁၉၉၀ ပြည့်နှစ်ငလျင်က ဤအဆောက်အအုံ၏ ဖွဲ့စည်းတည်ဆောက်မှုကို ဦးဆုံးစမ်းသပ်ခဲ့သည်။ အရှေ့အနောက်ယိမ်းထိုးလှုပ်ခါခံရသောကြောင့် ဗေသလအိမ်သားတချို့ကို နေမထိထိုင်မသာဖြစ်စေခဲ့သော်လည်း အဆောက်အအုံသည် ဆောက်လုပ်ထားသည့်နေရာတွင် မားမားမတ်မတ်ဆက်ရှိနေရာ အားပြင်းသောငလျင်ကြောင့် အပျက်အစီးမရှိခဲ့ပါ။
ရေလွှမ်းမိုးမှုများ– ပူအိုက်စွတ်စိုသော အပူပိုင်းရာသီဥတုကြောင့် နိုင်ငံအတွင်းရှိဒေသအများစုတွင် မိုးအလွန်များသည်။ အချို့ဒေသများတွင် မကြာခဏ ရေလွှမ်းမိုးသည်။ အချိန်ပြည့်လုပ်ငန်းတွင် ၄၆ နှစ်ကျော်ပါဝင်ခဲ့သော လီယိုနာဒို ဂါ့မန့် က ဤသို့ပြန်ပြောပြ၏– “ဒူးလောက်ရှိတဲ့ရွှံ့တွေထဲမှ ခြေကျင်နဲ့ နှစ်မိုင်ခရီးသွားခဲ့ရတယ်။” ဂျူလီယာနာ အန်ဂလို သည် ရေလွှမ်းမိုးလေ့ရှိသော ပမ်ပန်ဂါပြည်နယ်ရပ်ကွက်များတွင် အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့သည်။ သူဤသို့ပြောပြ၏– “နိုင်ငံတော်သတင်းစကားကို စိတ်ဝင်စားသူတွေဆီရောက်ရှိစေဖို့ ကျွန်မတို့ လှေလေးတွေ စီးသွားရတယ်။ သစ်ပင်ပေါ်မှာ မြွေတွေခိုအောင်းနေတတ်ပြီး လှေပေါ်ကျလာတတ်တဲ့အတွက် လှေလှော်တဲ့ညီအစ်ကိုဟာ မျက်စိရှင်ရှင်ထားရတယ်။” ၁၉၆၀ ပြည့်နှစ်မှစ၍ အထူးရှေ့ဆောင်တစ်ဦးဖြစ်သော ကိုရာစန် ဂယ်လ်ရာဒို သည် ပမ်ပန်ဂါဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ တစ်ခါတစ်ရံ လှေမရှိသောကြောင့် ပခုံးလောက်နီးပါးအထိ လျှံတက်နေသောရေထဲတွင် လမ်းလျှောက်သွားခဲ့ရကြောင်း ပြန်ပြောပြသည်။ သူမသည် ထိုအခက်အခဲများကြား ကောင်းသောသဘောထားကို ဆက်ထိန်းသိမ်းခဲ့သည်။ ယေဟောဝါအပေါ် သစ္စာစောင့်သိသူများကို ကိုယ်တော် ဘယ်တော့မျှစွန့်ပစ်မည်မဟုတ်ကြောင်း သိထားခြင်းကြောင့် အလိုက်သင့်နေထိုင်တတ်ခဲ့ပြီး ကိုယ်တော်အား ကိုးစားတတ်လာခဲ့သည်။
ပင်နာတူဘိုမီးတောင်မှ စီးဆင်းလာသော ရွှံ့ရည်များသည် မြေနိမ့်ဒေသများစွာကို ဖုံးလွှမ်းခဲ့သည့်အချိန်မှစ၍ ရေများသည် အခြားဒေသများသို့ လျှံတက်ခြင်းကြောင့် ပမ်ပန်ဂါဒေသ ရေလွှမ်းမိုးမှုမှာ ပိုဆိုးလာခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် လယ်ကွင်းလုပ်ငန်းလုပ်ဆောင်ရာတွင် ဘွတ်ဖိနပ်စီး၍ သို့မဟုတ် ဖိနပ်မပါဘဲနှင့်ပင် သွားရလေ့ရှိကြောင်း ထိုဒေသမှ တိုက်နယ်ကြီးကြပ်မှူးဖြစ်သူ ဟီနီရိုစို ကန်လက်စ် က ပြောပြသည်။ ညီအစ်ကိုများသည် အဆင်မပြေမှုများကြားမှ အမှုဆောင်လုပ်ငန်းတွင် ဆက်ပါဝင်နေကြသည်။
အထူးသဖြင့် အကြီးအကျယ် ရေလွှမ်းမိုးမှုကြောင့် ပြည်သူအားလုံး ဒုက္ခရောက်သောဒေသများတွင် ယေဟောဝါသက်သေများသည် အချင်းချင်းသာမက သက်သေခံမဟုတ်သူများကိုပါ အကူအညီပေးကြသည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒယ်ဗာအို ဒီလ် နော်တီ တွင် ယင်းသို့ကူညီပေးခဲ့သောအခါ မြို့အာဏာပိုင်များသည် အလွန်ကျေးဇူးတင်ကြသောကြောင့် ကျေးဇူးတင်စာရေးရန်ပင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
မီးတောင်များ– ဖိလစ်ပိုင်နိုင်ငံတွင် မီးတောင်များစွာရှိသည်၊ သို့သော် ပင်နာတူဘိုမီးတောင်သည် ကမ္ဘာ့အာရုံကို ဖမ်းစားခဲ့သော မီးတောင်ဖြစ်သည်။ ၁၉၉၁၊ ဇွန်လတွင် ထိုမီးတောင် ပေါက်ကွဲခဲ့ရာ ဧရာမမှိုပွင့်သဏ္ဌာန်မိုးတိမ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ နေ့ခင်းကြောင်တောင်တွင် ညကဲ့သို့မှောင်သွားသည်။ အချို့သူတို့က အာမဂေဒုန်စပြီဟု ထင်ခဲ့ကြသည်။ ပြာများသည် အနောက်ဘက် ကမ္ဘောဒီးယားနိုင်ငံအထိ ရောက်ရှိခဲ့သည်။ ပင်နာတူဘိုမီးတောင်သည် အချိန်တိုအတွင်း ကုဗပေ ၂၃၅ ဘီလီယံရှိသော မီးတောင်ထွက်ဒြပ်ပစ္စည်းများကို မှုတ်ထုတ်ခဲ့သည်။ ပြာများ ထူထပ်စွာကျသောကြောင့် အိမ်ခေါင်မိုးများနှင့် အဆောက်အအုံတစ်ခုလုံးကိုပင် ပြိုကျပျက်စီးစေခဲ့သည်။ မှုတ်ထုတ်လိုက်သော ဒြပ်ပစ္စည်းများသည် ရွှံ့ရည်ပူများအဖြစ် စီးဆင်းလာပြီး အိမ်အချို့ကို ပျက်စီးစေခဲ့ကာ အခြားအရာတော်တော်များများကို ဖုံးလွှမ်းခဲ့သည်။ ပြာနှင့် ရွှံ့ရည်ပူနှစ်မျိုးစလုံးသည် နိုင်ငံတော်ခန်းမများနှင့် ညီအစ်ကိုများ၏အိမ်များကိုပါ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေခဲ့သည်။ ထိုအချိန်က တာလေ့မြို့တွင် မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်သော ဂျူးလီယက်စ် အာ့ဂီရာ ဤသို့ပြောပြ၏– “ကျွန်တော်တို့အိမ်ဟာ ပြာပုံတွေအောက်မှာ နစ်မြုပ်သွားခဲ့တယ်။” သူ့မိသားစုသည် ရွှေ့ပြောင်းခဲ့ရသည်။
ပက်ဒရို ဝန်ဒက်စန် သည် ထိုဒေသတွင် တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေသည်။ သူဤသို့ပြန်ပြောပြ၏– “ညီအစ်ကိုတွေဟာ ယေဟောဝါကိုဝတ်ပြုကိုးကွယ်ခြင်း၊ အမှုတော်ဆောင်ခြင်းကို ဘယ်တော့မှ မစွန့်ခဲ့ကြဘူး။ စည်းဝေးတက်ရောက်သူတွေဟာ ၁၀၀ ရာခိုင်နှုန်းကျော် အမြဲရှိခဲ့တယ်။ ဒါ့အပြင် ရွှံ့ရည်ပူက ဟောပြောခြင်းလုပ်ငန်းလုပ်တဲ့ ညီအစ်ကိုတွေရဲ့မေတ္တာကို မလျော့နည်းစေခဲ့ဘူး။ ပြောင်းရွှေ့သွားသူတွေဆီနဲ့ ဘေးသင့်တဲ့ဒေသတွေမှာတောင် ကျွန်တော်တို့ ဆက်ဟောပြောခဲ့ကြတယ်။”
ထိုဘေးဒုက္ခများက ခရစ်ယာန်မေတ္တာကို လုပ်ရပ်အားဖြင့်တင်ပြရန် အခွင့်အရေးဖြစ်စေသည်။ ပင်နာတူဘိုမီးတောင်ပေါက်ကွဲချိန်အတွင်းနှင့် ပေါက်ကွဲပြီးနောက်တွင် ညီအစ်ကိုများပြောင်းရွှေ့ရာ၌ တစ်ဦးကိုတစ်ဦး ကူညီပေးခဲ့ကြသည်။ ဌာနခွဲရုံးသည် ဆန်အိတ်တင်ထားသော ထရပ်ကားတစ်စီး အလျင်အမြန်စေလွှတ်ခဲ့ပြီး ဆန်အိတ်များ ကားပေါ်မှချပြီးသည့်အခါ ထိခိုက်မှုရှိသောမြို့များမှ ညီအစ်ကိုများ ပြောင်းရွှေ့ရာတွင် ယင်းကားကို အသုံးပြုခဲ့ကြသည်။ အကူအညီလိုကြောင်း မနီလာမြို့မှ ညီအစ်ကိုများသိရှိသည့်အခါ ရန်ပုံငွေများနှင့် အဝတ်အစားများကို ပို့ပေးခြင်းဖြင့် ချက်ချင်းတုံ့ပြန်ခဲ့ကြသည်။ ပမ်ပန်ဂါပြည်နယ်၊ ဘေတီစ် မြို့မှ လူငယ်ညီအစ်ကိုများသည် အခက်အခဲကြုံနေသူများကို အကူအညီပေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့သည်။ သူတို့ကူညီခဲ့သူများထဲတွင် သမ္မာတရားကိုဆန့်ကျင်သော ခင်ပွန်းရှိသည့် စိတ်ဝင်စားသူ အမျိုးသမီးတစ်ဦးပါဝင်သည်။ ထိုလူငယ်ညီအစ်ကိုများက ထိုမောင်နှံ၏အိမ်ကို ပြန်ဆောက်ရန် အကူအညီပေးကြသောအခါ ခင်ပွန်းဖြစ်သူမှာ အလွန်စိတ်စွဲမှတ်သွားခဲ့သဖြင့် ယခု သူသည် သက်သေခံတစ်ဦးဖြစ်နေပြီ!
တိုင်ဖွန်းမုန်တိုင်းများ– ဤနိုင်ငံကို ထိခိုက်နှောင့်ယှက်သော ရာသီဥတုများအနက် တိုင်ဖွန်းမုန်တိုင်း သို့မဟုတ် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းသည် ပျက်စီးမှုအများဆုံးဖြစ်စေသည်။ ပျမ်းမျှအနေနှင့် ဤကျွန်းစုကို နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့်တိုက်ခိုက်သည်။ ထိုမုန်တိုင်းများ၏ပြင်းအားမှာ အမျိုးမျိုးကွဲပြားသော်လည်း လေပြင်းထန်စွာတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ဖြင့် ယင်းတို့ကို သတ်မှတ်ကြသည်။ ယင်းမုန်တိုင်းများသည် အဆောက်အအုံများကို ဖျက်ဆီးပစ်နိုင်သည့်အထိ အားကောင်းတတ်သည်။ ထို့ပြင် တိုင်ဖွန်းမုန်တိုင်းများသည် စိုက်ခင်းများကို ပျက်စီးစေသောကြောင့် လယ်သမားများစွာ၏ အသက်မွေးမှုကို များစွာထိခိုက်သည်။
သက်သေခံများ၏အိမ်များနှင့် စိုက်ခင်းများလည်း အကြိမ်ကြိမ်ပျက်စီးခဲ့သည်။ အံ့ဩစရာမှာ ညီအစ်ကိုများသည် များသောအားဖြင့် မိမိတို့ဘာသာ ပြန်ဆောက်လုပ်ကြပြီး ရှေ့ဆက်နေကြသည်။ နိုင်ငံအတွင်းရှိ အချို့ဒေသများတွင် တိုင်ဖွန်းမုန်တိုင်း မကြာခဏ တိုက်ခတ်သောကြောင့် ဖြစ်နေကျအရာကဲ့သို့ဖြစ်နေသည်။ ညီအစ်ကိုများသည် ကိုင်တွယ်ဖြေရှင်းတတ်လာခဲ့ကြပြီး ဘဝပြဿနာများကို တစ်ကြိမ်တွင် တစ်နေ့ချင်းအတွက်သာ ကိုင်တွယ်ဖြေရှင်းကြသည်။ (မ. ၆:၃၄) အနီးအနားဒေသများမှ ညီအစ်ကိုများသည် အကူအညီလိုနေသူတို့အကြောင်း ကြားသိကြသောအခါ စေတနာအလျောက် အစားအစာနှင့် ငွေများကိုတော့ ပေးပို့ကူညီကြသည်။ အခါအားလျော်စွာ ရုတ်တရက် ပြင်းထန်သည့်လေမုန်တိုင်းများ တိုက်ခတ်ပြီးနောက် နယ်လှည့်ကြီးကြပ်မှူးများသည် ဌာနခွဲရုံးသို့ အကြောင်းကြားပြီး ဌာနခွဲက ကယ်ဆယ်ရေးလုပ်ငန်းအတွက် စီစဉ်ဖွဲ့စည်းပေးကြသည်။
ကျမ်းစာစာပေများ ပေးပို့ခြင်း
ဖိလစ်ပိုင်နိုင်ငံသည် ကျွန်းများစွာဖြင့် ဖွဲ့စည်းထားသောနိုင်ငံဖြစ်သောကြောင့် အသင်းတော်များသည် စာပေများကို အချိန်မီနှင့် အကောင်းပကတိရရှိရန် အမြဲခက်ခဲသည်။ နှစ်ပေါင်းများစွာကြာ စာတိုက်ဖြင့် ပေးပို့ခဲ့သည်။ သို့သော် အများအားဖြင့် ကင်းမျှော်စင်နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်များသည် အစည်းအဝေးများ၌ လေ့လာရန် အချိန်မီ မရောက်ရှိခဲ့ပါ။
ဌာနခွဲထုပ်ပို့ရေးဌာနတွင် အလုပ်လုပ်သော ဂျေဟု အာမိုလို က အပြောင်းအလဲဖြစ်စေခဲ့သည့်အရာကို အမှတ်ရသည်။ သူဤသို့ရှင်းပြ၏– “ရောက်ချိန်နောက်ကျတာလောက်ပဲ မဟုတ်ဘူး၊ ၁၉၉၇ ခုနှစ်မှာ စာပို့ခအရမ်းဈေးတက်သွားတယ်။” မဂ္ဂဇင်းစောင်ရေ ၃၆၀,၀၀၀ ကိုနှစ်ပတ်တစ်ခါ ထုပ်ပို့ပေးရခြင်းသည် အလွန်အကုန်အကျများခဲ့သည်။
ဌာနခွဲရုံးမှညီအစ်ကိုများက စာပေများသယ်ပို့ပေးရေးနှင့်ပတ်သက်သည့် အကြံပြုချက်ကို အုပ်ချုပ်ရေးအဖွဲ့သို့ တင်သွင်းခဲ့သည်။ ကောင်းစွာသုံးသပ်ပြီးနောက် ယင်းကိုသဘောတူခဲ့သည်။ လူဇုန်ကျွန်းပေါ်တွင် ဌာနခွဲမှ ထရပ်ကားများဖြင့် တိုက်ရိုက်ပို့ပေးကြသည်။ သို့သော် အခြားဒေသများသည် ပင်လယ်ရေဖြင့် ပိုင်းခြားထားသောကြောင့် ဌာနခွဲရုံးသည် ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုကို အသုံးပြုကာ မဂ္ဂဇင်းများနှင့် စာပေများကို ကျွန်းစုတစ်လျှောက်တွင် ရွေးချယ်သတ်မှတ်ထားသောနေရာများသို့ စက်လှေဖြင့် ပို့ပေးကြသည်။ မဂ္ဂဇင်းများသိုလှောင်ထားသည့် ထိုနေရာမှတစ်ဆင့် ကားသမားများသည် မဂ္ဂဇင်းထုပ်များကို ဒေသအသီးသီးသို့ ပို့ပေးကြသည်။ ကားမောင်းသူများသည် မိမိတို့နေရင်းဒေသမှ ရပ်ဝေးသို့ရောက်ရှိနေကြသော်လည်း ညီအစ်ကိုများသည် သူတို့ကို မိမိတို့၏အိမ်တွင် လိုလေသေးမရှိပြုစုကြသောကြောင့် ကားသမားများ ကောင်းစွာအနားယူနိုင်ပြီး ခရီးဆက်နိုင်ကြသည်။
ငွေကုန်သက်သာသည့်အပြင် စာအုပ်စာတမ်းများကို အချိန်မီနှင့် အကောင်းပကတိအတိုင်း ရရှိကြသောကြောင့် ညီအစ်ကိုများ ဝမ်းသာပီတိဖြစ်ကြသည်။ ထိုအကျိုးကျေးဇူးများအပြင် ဌာနခွဲမှ ညီအစ်ကိုများနှင့် ပုံမှန်အဆက်အသွယ်ရသောကြောင့် အဖွဲ့အစည်းနှင့် ပိုနီးကပ်လာသည်ဟု သူတို့ခံစားကြသည်။ များစွာသောသူတို့သည် ကင်းမျှော်စင်ဟု စာလုံးကြီးဖြင့် ထင်ရှားစွာဖော်ပြထားသော ထရပ်ကားများ ဖြတ်သွားသည်ကို မြင်တွေ့ရရုံဖြင့် အားရှိကြသည်။
ဤအစီအစဉ်သည် အခြားနည်းများဖြင့် နောက်ထပ်သက်သေခံချက်တစ်ရပ် ဖြစ်စေခဲ့သည်။ ဥပမာ၊ လူဇုန်ကျွန်းတောင်ပိုင်း၊ ဘစ်ကို ဒေသသို့ စာအုပ်စာတမ်းသွားပို့သည့် တစ်ကြိမ်တွင် ထိုဒေသ၌ ရေလွှမ်းမိုးနေသည်။ အဝေးပြေးလမ်းမကြီးပေါ်တွင် ရေလျှံနေသောကြောင့် ကားများကိုရပ်ထားကြသည်။ စာအုပ်စာတမ်းတင်ထားသော ထရပ်ကားတစ်စီးသည် ညီအစ်ကိုတစ်ဦး၏ အိမ်ရှေ့တွင် ရပ်မိလျက်သား ဖြစ်နေသည်။ ယင်းကို ထိုမိသားစုတွေ့သောအခါ ကားသမားကို “အိမ်ထဲဝင်ပါ၊ ရေမကျမချင်း ဒီမှာပဲနေ၊ ဒီမှာပဲစားပါ” ဟုပြောခဲ့သည်။
သက်သေခံမဟုတ်သော ယာဉ်မောင်းများသည် အဘယ်နေရာတွင် တည်းခိုစားသောက်ရမည်ကို မသိခဲ့ကြပါ။ ဗေသလမှယာဉ်မောင်းများ၏ အခြေအနေကို သူတို့တွေ့သောအခါ သူတို့က “ဒီလူတွေနဲ့ ခင်ဗျား ဘယ်လိုလုပ်ဆက်သွယ်မိတာလဲ” ဟုမေးခဲ့ကြသည်။
ညီအစ်ကိုများက “သူတို့တွေဟာ ကျွန်တော်တို့ရဲ့ ဝိညာဏညီအစ်ကိုတွေပါ” ဟုပြန်ဖြေခဲ့သည်။
အခြားယာဉ်မောင်းများက “သက်သေခံတွေကတော့ တကယ့်စံပဲ! ခင်ဗျားတို့က အခုမှတွေ့တာနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြတယ်” ဟုပြောခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံပြင်ပတွင်
ယခု ဖိလစ်ပိုင်နိုင်ငံပြင်ပအကြောင်း အကျဉ်းချုပ်ကာ တိုင်းတစ်ပါးတွင် အခြေချနေထိုင်ကြသော ဖိလစ်ပိုင်လူမျိုးများအကြောင်း သုံးသပ်ကြည့်ကြစို့။ ဗြိတိသျှအင်ပါယာ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် လူများက သူတို့၏အုပ်ချုပ်မှုကို “နေမဝင်အင်ပါယာ” ဟုခေါ်ခဲ့ကြသည်။ ယခု အချို့သူများက “နေမဝင်ဖိလစ်ပိုင်လူမျိုး” ဟုဆိုကြသည်။ ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံငယ်လေးတစ်ခုဖြစ်သော်လည်း ဖိလစ်ပိုင်လူမျိုးများသည် ကမ္ဘာတစ်ဝန်းပျံ့ နှံ့နေကြသည်။ အလုပ်အကိုင် သို့မဟုတ် အခြားအကြောင်းများကြောင့် သိန်းနှင့်ချီသော ဖိလစ်ပိုင်လူမျိုးများသည် အခြားတိုင်းပြည်များသို့ သွားရောက်ခဲ့ကြသည်။ ယင်းက အချို့သူများအား ကျမ်းစာသမ္မာတရား မည်သို့ရရှိစေခဲ့သနည်း။ သက်သေခံဖြစ်ပြီးသားသူတို့သည် အခြားသူများကို မည်သို့ ကူညီခဲ့ကြသနည်း။
ရေခါဒို မက်လက်ဆီသည် လေဆိပ်အကြံပေးအရာရှိတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ သူ၏အလုပ်ကြောင့် နိုင်ငံများစွာသို့ သွားရောက်ခဲ့ရပြီး သူနှင့်သူ့ဇနီးသည် ထိုအခွင့်အရေးကိုအသုံးချကာ ကြေညာသူအနည်းငယ်သာရှိသော နိုင်ငံသစ်များတွင် သတင်းကောင်းပျံ့ နှံ့စေခဲ့သည်။ အမှန်မှာ၊ ထိုနိုင်ငံများထဲမှ နိုင်ငံတချို့သည် ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ချုပ်ချယ်ထားသော နိုင်ငံများဖြစ်သည်။ သူတို့သည် တန်ဇန်းနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ယူဂန်ဒါနှင့် အီရန်နိုင်ငံများတွင်ရှိနေစဉ် လူများစွာကို ယေဟောဝါအား သိကျွမ်းလာစေရန် ကူညီပေးခဲ့ကြသည်။ အချို့အခြေအနေများ၌ သူတို့သည် အသင်းတော်များတည်ထောင်ရာတွင် အသုံးတော်ခံခဲ့ကြသည်။ သူတို့အလုပ်လုပ်ရင်း ဟောပြောခဲ့ကြသော နိုင်ငံများထဲတွင် ဆိုမားလီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့လည်း ပါဝင်သည်။ ရေခါဒို အငြိမ်းစားယူသည့်အချိန်အထိ ၂၈ နှစ်လုံးလုံး ထိုသို့ သူတို့လုပ်ဆောင်ခဲ့ကြသည်။ တိုင်းတစ်ပါးလယ်ကွင်းများ၌ သတင်းကောင်းပျံ့ နှံ့စေရေးအတွက် ယင်းသို့ကောင်းစွာပါဝင်ခွင့်ရခဲ့ကြ၍ သူတို့ဝမ်းမြောက်ကြသည်!
အခြားသူများသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန် ဖိလစ်ပိုင်မှထွက်ခွာစဉ်က သက်သေခံများ မဟုတ်ခဲ့သော်လည်း ထိုနိုင်ငံတွင် သမ္မာတရား တွေ့ရှိခဲ့ကြသည်။ ကက်သလစ်တစ်ဦးဖြစ်သော ရိုအီနာသည် အစပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသ၌ အလုပ်လုပ်ရန် သွားခဲ့သည်။ ထိုဒေသတွင် သူသည် သမ္မာကျမ်းစာကို စတင်ဖတ်ရှုခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထောင်နှင့်ချီသော ဖိလစ်ပိုင်လူမျိုးများ အိမ်မှုပြုစုသူအဖြစ်အလုပ်လုပ်ကိုင်သည့် ဟောင်ကောင်တွင် အလုပ်ရခဲ့သည်။ သူဤသို့ပြောပြ၏– “ဘုရားသခင့်နိုင်ငံတော်ကို လမ်းညွှန်ပေးနိုင်မယ့် လူတစ်ယောက်ကို လွှတ်ပေးဖို့ ဘုရားသခင်ဆီ ကျွန်မ ညတိုင်းဆုတောင်းခဲ့တယ်။” သာသနာပြုနှစ်ဦးဖြစ်သော ဂျွန်နှင့် ကာလီနာ ပေါ်တာ တို့ ရိုအီနာနှင့် အဆက်အသွယ်ရပြီး ကျမ်းစာလေ့လာရန် အကူအညီပေးခဲ့ကြချိန်တွင် သူမ၏ဆုတောင်းချက် အဖြေရခဲ့သည်။ ရိုအီနာသည် ဖိလစ်ပိုင်ဌာနခွဲရုံးသို့ သူ၏တွေ့ကြုံမှုကို စာရေးဖော်ပြခဲ့ပြီး ဖိလစ်ပိုင်တွင် ရှိနေသေးသည့် သူမ၏ခင်ပွန်းထံ တစ်ယောက်ယောက်လည်ပတ်၍ ကျမ်းစာသတင်းတရားကို ရှင်းပြပေးရန် စာရေးတောင်းဆိုခဲ့သည်။
တိုင်းတစ်ပါးသို့ ပြောင်းရွှေ့သွားသော ဖိလစ်ပိုင်လူမျိုးများသည် ယခုအခါ အခြားနိုင်ငံများတွင် ရပ်ကွက်ကြီးများဖွဲ့၍ အတူတကွနေထိုင်ကြသည်။ ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်း၌ ဟာဝိုင်ယီတွင် စိုက်ပျိုးရေးလုပ်သားများ လိုအပ်ခဲ့သည်။ ထိုလိုအပ်ချက်ကို ဖိလစ်ပိုင်လူမျိုးများစွာက ဖြည့်ဆည်းပေးခဲ့ကြသည်။ ဟာဝိုင်ယီတွင် ဦးဆုံးသမ္မာတရားရရှိသူများ၌ ဖိလစ်ပိုင်လူမျိုးတချို့ပါဝင်သည်။ ယနေ့အချိန်တွင် ဟာဝိုင်ယီ၌ အီလိုကိုဘာသာစကားပြော အသင်းတော်ဆယ်ခုနှင့် တဂါးလော့ဂ်ဘာသာစကားပြော အသင်းတော်တစ်ခုရှိသည်။
ထောင်နှင့်ချီသော ဖိလစ်ပိုင်လူမျိုးများသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြသည်။ သူတို့ထဲတွင် သက်သေခံများစွာရှိသည်။ ပထမဦးဆုံး ဖိလစ်ပီနိုအသင်းတော်ကို ၁၉၇၆ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ စတော့ခ်တန်မြို့၌ တည်ထောင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုဌာနခွဲက ဤသို့မှတ်တမ်းပေးပို့သည်– “ဖိလစ်ပိုင်လယ်ကွင်းသည် ကောင်းစွာတိုးတက်လာခဲ့သောကြောင့် ၁၉၉၆၊ စက်တင်ဘာ ၃ ရက်နေ့တွင် ဦးဆုံး ဖိလစ်ပီနိုတိုက်နယ်ကို ဖွဲ့စည်းခဲ့သည်။” ၂၀၀၀ ပြည့်နှစ် လုပ်ငန်းတော်မှတ်တမ်းအရ အမေရိကန်ပြည်ထောင်စုဌာနခွဲ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် အမှုဆောင်နေကြသော ကြေညာသူ ၂,၃၀၀ ခန့်ရှိသည့် ဖိလစ်ပီနိုအသင်းတော် ၃၂ ခုရှိသည်။ ကနေဒါ၊ ဂူအမ်၊ ဂျာမနီ၊ စိုက်ပန်၊ အာလာစကာ၊ အီတလီ၊ ဩစတြေးလျနှင့် ဩစတြီးယားတို့တွင်လည်း တဂါးလော့ဂ်ဘာသာစကားပြော အသင်းတော်များ သို့မဟုတ် အုပ်စုများရှိသည်။
ဤဖိလစ်ပိုင်လူမျိုးများသည် အခြားနိုင်ငံများတွင် ရှိနေကြသော်လည်း ဝိညာဉ်အစာများရရှိရန် ဖိလစ်ပိုင်နိုင်ငံရှိ ညီအစ်ကိုများ၏ အကူအညီလိုအပ်နေဆဲဖြစ်သည်၊ အကြောင်းမှာ ဖိလစ်ပိုင်ဘာသာစကားများဖြင့် စာပေစာတမ်းအားလုံး ဘာသာပြန်ဆိုခြင်းလုပ်ငန်းကို မနီလာဌာနခွဲတွင် ပြုလုပ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ဂူအမ်၊ ဟာဝိုင်ယီနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အချို့တိုင်းပြည်များတွင် အီလိုကို သို့မဟုတ် တဂါးလော့ဂ်ဘာသာစကားဖြင့်ကျင်းပသော စည်းဝေးကြီးအစီအစဉ်များရှိသည်။ ပြဇာတ်ခွေအပါအဝင် ထိုစည်းဝေးကြီးများအတွက် ဘာသာပြန်ဆိုထားသောအရာအားလုံးကို ဖိလစ်ပိုင်နိုင်ငံမှ ရရှိကြသည်။
အခြားဘာသာစကားပြောသောသူများကို ဟောပြောခြင်း
ကျွန်းများတစ်လျှောက်ရှိ တိုင်းရင်းသားဘာသာစကားပြောသော လူအများစုကို ကောင်းစွာ သက်သေခံခဲ့ကြသည်။ သို့ရာတွင် မကြာသေးမီနှစ်များအတွင်း ယခင်က ကောင်းစွာသက်သေခံခွင့် မရခဲ့သူများထံရောက်ရန် ကြိုးစားခဲ့ကြသည်။—ရော. ၁၅:၂၀၊ ၂၁။
နှစ်ပေါင်းများစွာအထိ ဖိလစ်ပိုင်နိုင်ငံတွင် အင်္ဂလိပ်စကားပြောအသင်းတော် အနည်းငယ်သာရှိခဲ့သည်။ ဖိလစ်ပီနိုလူမျိုးအများစုသည် အင်္ဂလိပ်စကား အတော်အတန်သိကြသော်လည်း အများစုသည် ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ကြပါ။ သို့တိုင် အချို့ဒေသများတွင် အင်္ဂလိပ်ဘာသာဖြင့် အစည်းအဝေးများကျင်းပရန် လိုအပ်ခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ညီအစ်ကိုများသည် ပမ်ပန်ဂါပြည်နယ်၊ ကလက်ခ် အဲ ဘေ့စ် အနီးတွင် ယင်းပြဿနာကို သတိပြုမိခဲ့သည်။ အမေရိကန်စစ်မှုထမ်းများနှင့် အိမ်ထောင်ကျခဲ့ကြသော ညီအစ်မများသည် ဒေသခံဘာသာစကားကို မပြောတတ်ကြပါ။ ညီအစ်ကိုများသည် အင်္ဂလိပ်ဘာသာဖြင့် အစည်းအဝေးများကို စီစဉ်ပေးခဲ့ကြပြီး ထိုဒေသရှိသူများကို နှစ်ပေါင်းများစွာ အကျိုးရရှိစေခဲ့သည်။
မနီလာမြို့တော်တွင်လည်း ယင်းပြဿနာ ပေါ်ခဲ့သည်။ အမေရိကန်လူမျိုး ညီအစ်မတစ်ဦးသည် ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ထိုမြို့တွင် နေထိုင်ခဲ့သည်။ ထိုညီအစ်မပူးပေါင်းသော တဂါးလော့ဂ်ဘာသာစကားပြော အသင်းတော်မှ အကြီးအကဲတစ်ဦးဖြစ်သူ ပက်စီဖီကို ပန်တာ့စ် ဤသို့ပြောပြ၏– “ညီအစ်မဟာ အစည်းအဝေးပုံမှန်တက်ရောက်ခဲ့ပေမဲ့ အစည်းအဝေးကနေ အကျိုးသိပ်မရရှိတဲ့အတွက် သူ့အတွက် ကျွန်တော်စိတ်မကောင်းဘူး။” မကြာမီ အခြားအမေရိကန်လူမျိုးများလည်း ထိုအသင်းတော်တွင် လာတက်ခဲ့ကြသည်။ လူထုဟောပြောချက်နှင့် ကင်းမျှော်စင်သင်တန်းကို အင်္ဂလိပ်ဘာသာစကားဖြင့် ကျင်းပပေးရန် အကြံပေးခဲ့ကြသည်။ ယင်းကို ညီအစ်ကိုပန်တာ့စ်က ဦးဆောင်စီစဉ်ခဲ့သည်။ နောက်ဆုံးတွင် အခြားအစည်းအဝေးများကိုလည်း ပြုလုပ်ခဲ့ကြပြီး အကူအညီပေးရန် အခြားသူများကို ဖိတ်ခေါ်ခဲ့ကြသည်။ ဌာနခွဲတွင် အမှုဆောင်သူများဖြစ်သော ဒေးဗစ်နှင့် ဂျွိုက်စ်လက်ဘတ်တားတို့သည် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သည်။ နှစ်များတစ်လျှောက် ဟောပြောခြင်းလုပ်ငန်း ဖြစ်ထွန်းတိုးတက်မှုကြောင့် ထိုအုပ်စုငယ်လေးမှ အင်္ဂလိပ်စကားပြော အသင်းတော်နှစ်ခု ဖြစ်လာခဲ့သည်။
အင်္ဂလိပ်စကားပြော အသင်းတော်များရှိခြင်းသည် လူများစွာကို အကျိုးရှိစေခဲ့သည်။ ထိုသူတို့ထဲတွင် ကယ်လီဖိုးနီးယားမှ မော်နီကာလည်း ပါဝင်သည်။ သူသည် ကယ်လီဖိုးနီးယားတွင် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာခဲ့သည်။ အမာခံကက်သလစ်ဘာသာဝင်ဖြစ်သော သူမ၏မိဘများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ သူတို့က မော်နီကာကို ဖိလစ်ပိုင်ရှိ ကက်သလစ်အသိုင်းအဝိုင်းသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ မော်နီကာ၏အမေသည် သူနှင့်အတူ မနီလာသို့လိုက်လာပြီး ကက်သလစ်တစ်ဦးဖြစ်သော အဘွားအိမ်တွင် သူမကို နိုင်ငံကူးလက်မှတ်မပေးခဲ့ဘဲ ထားခဲ့သည်။ မော်နီကာသည် အသင်းတော်တစ်ခုကို ရှာတွေ့နိုင်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုတွင် ကြီးပြင်းလာသူဖြစ်၍ တဂါးလော့ဂ်ဘာသာစကား မတတ်သောကြောင့် ကျမ်းစာဆက်မသင်နိုင်ခဲ့ပါ။ သို့သော် ကယ်လီဖိုးနီးယားတွင် သူမကိုကျမ်းစာသင်ပေးခဲ့သော ညီအစ်မက မော်နီကာနှင့် တစ်ဦးဦးအဆက်အသွယ်ရရှိကြောင်း သေချာစေရန် ဂျွိုက်စ်လက်ဘတ်တားကို ဖုန်းဆက်ခဲ့သည်။ ဂျွိုက်စ်က ယခု အင်္ဂလိပ်အသင်းတော်တစ်ခု ရှိနေပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ ယင်းသည် မော်နီကာလိုအပ်နေသည့်အရာဖြစ်သည်! ဂျွိုက်စ်ဤသို့ပြောပြ၏– “မော်နီကာ ဖိလစ်ပိုင်ကို ‘အပို့’ ခံရပြီး ခြောက်လအတွင်းမှာ နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းခံပြီး နှစ်ပတ်အကြာမှာ သူ့အမေက ‘သမီးရဲ့နိုင်ငံကူးလက်မှတ်ကို ပို့လိုက်တယ်။ ပြန်လာခဲ့ပါ’ လို့ပြောခဲ့တယ်။ မော်နီကာဟာ သက်သေခံတစ်ယောက် လုံးလုံးဖြစ်နေပြီ။” အင်္ဂလိပ်စကားပြော အသင်းတော်ရှိသောကြောင့် သူအလွန်ကျေးဇူးတင်ခဲ့သည်!
အခြားအကျိုးကျေးဇူးများလည်း ရှိခဲ့သည်။ ညီအစ်ကိုများသည် တစ်ခါမျှအမှုဆောင်မထွက်ဖူးသော ဒေသများတွင် ဟောပြောခွင့်ရခဲ့ကြသည်။ မနီလာမြို့တော်တွင် လူချမ်းသာများနေထိုင်သည့် ရပ်ကွက်များရှိပြီး ထိုတွင်ရှိလူများသည် အင်္ဂလိပ်စကားပြောကြသည်။ ထို့ကြောင့် အင်္ဂလိပ်က ထိုရပ်ကွက်များ တံခါးဖွင့်ရန် ကူညီပေးခဲ့သည်။
တရုတ်လူမျိုးရပ်ကွက်များတွင် အမှုဆောင်ရန်လည်း ကြိုးစားခဲ့ကြသည်။ ၁၉၇၅ ခုနှစ်တွင် တရုတ်စကားပြော စာအုပ်ကြီးသင်တန်းအုပ်စုကို ဖွဲ့စည်းခဲ့သည်။ စာအုပ်ကြီးသင်တန်းကို ခရစ်စတီးနားဂို ဖွင့်ထားသော ဖိနပ်ဆိုင်တွင် ကျင်းပခဲ့ကြသည်။ သို့ရာတွင် ထိုအုပ်စုသည် အလွန်ငယ်ပြီး အကူအညီလိုအပ်ခဲ့သည်။
သာသနာပြုညီအစ်ကို ရေမွန် လိချ်နှင့် လက်ထပ်ထိမ်းမြားခဲ့၍ ဖိလစ်ပိုင်သို့ ရောက်လာသူ အဲလစ်ဇဘက် လိချ်သည် ဟောင်ကောင်တွင် ၁၆ နှစ်အမှုဆောင်ခဲ့သူဖြစ်သည်။ အဲလစ်ဇဘက်၏ ကန်တုံဘာသာစကား ပြောတတ်ခြင်းနှင့် တရုတ်လူမျိုးများကို သမ္မာတရားသိလာအောင် အကူအညီပေးခဲ့သည့် အတွေ့အကြုံက အလွန်အသုံးဝင်ခဲ့သည်။ ထိုအချိန်လောက်တွင် အက်စတာ အတေနေစီယို (ယခု၊ အက်စတာ စို) သည် ထိုရပ်ကွက်တွင် တာဝန်ခန့်အပ်ခံရသော အထူးရှေ့ဆောင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။ အက်စတာ ဤသို့ပြန်ပြောပြ၏– “အဲဒီဒေသမှာ ကျွန်မတို့စပြီး အမှုဆောင်တဲ့အချိန်တုန်းက လူတွေဟာ ယေဟောဝါသက်သေတွေကို မသိကြဘူး။” သို့သော် မနီလာမြို့ရှိ တရုတ်လူမျိုးများသည် ယေဟောဝါ၏အမည်နှင့် ကိုယ်တော့်လူမျိုးအကြောင်း တဖြည်းဖြည်း သိလာခဲ့ကြသည်။
ရှေ့ဆောင်များသည် ကန်တုံဘာသာစကားကို ပြောတတ်ကြသော်လည်း သူတို့သည် မနီလာတွင် အဓိကအသုံးပြုသော တရုတ်စကားဖြစ်သည့် ဖူးကျင့်ဘာသာစကားကို သင်ယူခဲ့ကြရသည်။ သမ္မာတရားတွင် လူသစ်ဖြစ်သူ လူငယ် ချင်ချောင်ချွ သည် ထိုအုပ်စုနှင့် စတင်ပူးပေါင်းခဲ့သည်။ သူသည် ဖူးကျင့်ဘာသာစကားတတ်သောကြောင့် အစောပိုင်းအစည်းအဝေးများတွင် စကားပြန်လုပ်ပေးခဲ့သည်။
ထိုအုပ်စုသည် တဖြည်းဖြည်း တိုးများလာခဲ့သည်။ ၁၉၈၄၊ ဩဂုတ်တွင် အသင်းတော်ငယ်တစ်ခု တည်ထောင်ခဲ့သည်။ စိန်ခေါ်ချက်များစွာ ဆက်ရှိနေသော်လည်း အကူအညီပေးသူများက ယခင် နှံ့နှံ့စပ်စပ်သက်သေခံခွင့်မရသော ဤရပ်ကွက်၌ ဟောပြောရခြင်းကို ရွှင်လန်းမှုတစ်ခုအဖြစ် ယူမှတ်ကြသည်။
နားမကြားသူများပင် “ကြားရ”
အချိန်ကုန်လွန်လာသည်နှင့်အမျှ နောက်ထပ်ဘာသာစကားပြော နယ်ပယ်ဖြစ်သည့် နားမကြားသူများအား အာရုံစိုက်ခြင်းကို ယေဟောဝါ အလိုတော်ရှိကြောင်း ထင်ရှားလာသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းအထိတိုင် ဖိလစ်ပိုင်ရှိနားမကြားသူများအား ယေဟောဝါအကြောင်းသင်ပေးရန် လက်တွေ့ကျအစီအစဉ်များ မရှိခဲ့ပါ။ အသင်းတော်များတွင် နားမကြားသူအနည်းငယ် ပူးပေါင်းခဲ့ကြသော်လည်း ယင်းသည် ဖြစ်တောင့်ဖြစ်ခဲသောအရာဖြစ်သည်။ ဥပမာ၊ မိခင်ဖြစ်သူမှာ သက်သေခံတစ်ဦးဖြစ်သော မန္နယူရာယ် ရူနီယိုကို ညီအစ်မတစ်ဦးက စာရွက်ပေါ်တွင် စိတ်ရှည်လက်ရှည် စာရေး၍ ကျမ်းစာသင်ပေးခဲ့ခြင်းဖြင့် သမ္မာတရားသိရှိလာအောင် ကူညီပေးခဲ့သည်။ သူသည် ၁၉၇၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ စီဘူးကျွန်းတွင် လိုရ်နာနှင့် လူ့ဇ်အမည်ရှိ အမြွှာညီအစ်မသည် နှစ်ဦးစလုံးနားမကြားပါ၊ မျက်မမြင်ဖြစ်သော သူတို့၏ဦးလေးက သူတို့ကို ကျမ်းစာသင်ပေးခဲ့သည်။ မျက်မမြင်ရှေ့ဆောင်တစ်ဦးက နားမကြားသူများကို မည်သို့သင်ပေးနိုင်ခဲ့သနည်း။ ညီအစ်မဝမ်းကွဲတော်သူ၏ အကူအညီဖြင့်ဖြစ်သည်။ သူ၏ဝမ်းကွဲက သူပြောသည့်အရာကို အမြွှာညီအစ်မနားလည်သည့် လက်ဟန်စကားဖြင့် ဘာသာပြန်ပေးခဲ့သည်၊ အကြောင်းမှာ သူတို့သည် လက်ဟန်ပြဘာသာစကားကို စနစ်တကျသင်ယူခဲ့ကြခြင်း မရှိခဲ့ကြပါ။ နှစ်ဦးစလုံးသည် ၁၉၈၅ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ သို့ရာတွင် ထိုသို့သော ကြိုးစားအားထုတ်မှုများသည် အလွန်ရှားသည်။
အဖြစ်အပျက်အတော်များများက ယင်းရပ်ကွက်အတွက် လမ်းဖွင့်ပေးခဲ့သည်။ သာသနာပြုများဖြစ်သော ဒင်းန်နှင့် ကာရန်း ဂျေစက်ခ်တို့သည် ၁၉၉၃ နှစ်လယ်ခန့်တွင် ဘရွတ်ကလင်ဗေသလ၌ သင်တန်းတက်နေစဉ် ဘာသာပြန်ဌာနမှ ညီအစ်ကိုများက ဖိလစ်ပိုင်နိုင်ငံရှိ နားမကြားသူများကို အကူအညီပေးရန် အဘယ်အရာပြုလုပ်ပေးကြောင်း မေးမြန်းခဲ့ကြသည်။ ဖိလစ်ပိုင်ရှိ ညီအစ်မငယ်တစ်ဦးသည် သက်သေခံမိသားစုတစ်စုထဲမှ နားမကြားသောသူငယ်ချင်းဖြစ်သူနှင့် အဆက်အသွယ်ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လက်ဟန်ပြဘာသာစကားသင်တန်းတစ်ခုကို တက်ရောက်ခဲ့သည်။ ထို့ပြင် လစ်ဇာ ပါစ်နီလ်ယိုနှင့် နက်ဗိုတာစ်မြို့၊ မနီလာမြို့တော်တို့မှ သူ၏ရှေ့ဆောင်အဖော်များသည်လည်း သူတို့ရပ်ကွက်တွင် နားမကြားသူများနှင့် တွေ့ဆုံခဲ့ကြသော်လည်း ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိခဲ့ပါ။ ရှေ့ဆောင်များသည် နားမကြားသူများကို နိုင်ငံတော်သတင်းစကား ဝေမျှပေးနိုင်ရန်အတွက် လက်ဟန်ပြဘာသာစကား သင်ယူရန် စဉ်းစားခဲ့ကြသည်။
မနီလာမြို့မှ မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်သော အန်နာ လစ်ဇာ အက်စီဘီဒိုသည် နားမကြားသူများကျောင်းတွင် အလုပ်လုပ်ကြောင်းနှင့် ဖိလစ်ပိုင်ရှိ လက်ဟန်ပြဘာသာစကားကို ကျွမ်းကျင်သော သက်သေခံအနည်းငယ်တွင် သူမ,ပါဝင်ကြောင်း ဌာနခွဲရုံးက သိရှိခဲ့သည်။ “ဗေသလအိမ်သားအချို့ကို လက်ဟန်ပြဘာသာစကား သင်ပေးလိုသလော” ဟုသူ့ကို မေးခဲ့သည်။
သင်ပေးနိုင်သည်ဟု သူပြန်ဖြေခဲ့သည်! နားမကြားသူအားလုံးကို မည်သို့သက်သေခံရမည်ကို သူမကြာခဏ စဉ်းစားခဲ့သည်။ ဗေသလအိမ်သားများနှင့် ဒေသခံမှန်မှန်ရှေ့ဆောင်များပါဝင်သည့် သင်တန်းတစ်ခုကို စတင်ခဲ့သည်။ နက်ဗိုတာစ်မှ ညီအစ်မများသည် လက်ဟန်ပြဘာသာစကားသင်တန်းတွင် စာရင်းသွင်းထားသူများဖြစ်သောကြောင့် သူတို့လည်း ပါဝင်ခဲ့ကြသည်။
အချိန်လျင်မြန်စွာ ကုန်လွန်ခဲ့သည်။ ခြောက်လအတွင်း မနီလာမြို့တော်ရှိ အသင်းတော်သုံးခုတွင် လက်ဟန်ပြဘာသာစကားဖြင့် ဘာသာပြန်ပေးခြင်းကို လုပ်ဆောင်နေပြီဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတွင် ပထမဦးဆုံးအကြိမ် ဘာသာပြန်ရန် စီစဉ်ခဲ့ကြသည်။ ဦးဆုံးပန်းတိုင်မှာ သက်သေခံမိသားစုမှ နားမကြားသောကလေးများကို အကူအညီပေးရန်ဖြစ်သည်။ ထိုအစီအစဉ်ကို တက်ရောက်ခဲ့ကြသောကလေး အတော်များများသည် နားမကြားသူများ ဦးဆုံးနှစ်ခြင်းခံသူများထဲတွင် ပါဝင်ခဲ့ကြသည်။ လက်ဟန်ပြဘာသာစကားဖြင့် ဘာသာပြန်ပေးခြင်းမရှိခဲ့သော နှစ်ပေါင်းများစွာအတွင်း အစည်းအဝေးများကို သစ္စာရှိရှိတက်ခဲ့သော မန္နယူရာယ် ရူနီယိုသည် ဤအစီအစဉ်သစ်များမှ အကျိုးရရှိ၍ ဝမ်းမြောက်ခဲ့သည်။
မကြာမီ နိုင်ငံအတွင်းရှိ အခြားဒေသများလည်း အကူအညီတောင်းဆိုခဲ့ကြသည်။ လစ်ဇာ ပါစ်နီလ်ယိုသည် ရှေ့ဆောင်အဖော်တစ်ဦးနှင့်အတူ အိုလောင်ဂပိုမြို့ရှိ နားမကြားသူများရပ်ကွက်တွင် ယာယီအထူးရှေ့ဆောင်အဖြစ် အမှုဆောင်ရန် စေလွှတ်ခံခဲ့ရသည်။ များစွာသောသူတို့ အကူအညီရရှိခဲ့ကြသည်။ ၂၀၀၂ နှစ်လယ်အထိ လက်ဟန်ပြဘာသာစကားပြောအုပ်စုများကို မနီလာမြို့၏အပြင်ဘက် မြို့နယ် ၁၇ ခုတွင် ဖွဲ့စည်းခဲ့သည်။ ၁၉၉၉၊ ဧပြီလတွင် မနီလာမြို့တော်၌ လက်ဟန်ပြဘာသာစကားပြော အသင်းတော်ကို နိုင်ငံအတွင်း ပထမဦးဆုံးအသင်းတော်အဖြစ် ဖွဲ့စည်းပေးခဲ့ချိန်တွင် တိုးတက်မှု၏သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ ပထမအကြိမ် လက်ဟန်ပြဘာသာစကားပြောသင်တန်းတက်ခဲ့သော ဗေသလအိမ်သားတစ်ဦးဖြစ်သူ ဂျိုဝဲလ် အက်စဘက်စ်သည် ယခု ထိုအသင်းတော်တွင် အကြီးအကဲတစ်ဦးဖြစ်ပြီး ဤသို့ပြောပြ၏– “အရမ်းအရေးကြီးတဲ့ ဒီအလုပ်မှာပါဝင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါအသုံးပြုခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာတယ်။” မှန်ပါသည်၊ နားမကြားသည့်တိုင် နိုင်ငံတော်သတင်းစကားကို “ကြားရ” ကြသည်။ ယခင်က မလုပ်ဆောင်ခဲ့သော ဤရပ်ကွက်တွင် တိုးတက်မှုတွေ့မြင်ရခြင်းသည် ရွှင်လန်းစရာအကြောင်းရင်းတစ်ခုဖြစ်သည်။
ပို၍ကြီးသောအဆောက်အအုံများ လိုအပ်
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ရပ်ကွက်သစ်များတွင် အမှုဆောင်ခဲ့ကြပြီး ရပ်ကွက်ဟောင်းများကိုလည်း ယခင်ကထက် နှံ့နှံ့စပ်စပ် အမှုဆောင်ခဲ့ကြသောကြောင့် ကြေညာသူဦးရေ၊ အသင်းတော်များနှင့် ပူးပေါင်းလာသူ လူသစ်ဦးရေမှာ တဖြည်းဖြည်း တိုးများလာခဲ့သည်။ ယခင်ကထက် ပို၍များသောမဂ္ဂဇင်းများ လိုအပ်သည့်အပြင် ပို၍များသော စာအုပ်များ၊ ဘရိုရှာများကို ဖိလစ်ပိုင်ဘာသာစကားများသို့ ပြန်ဆိုခဲ့ကြရသည်။ ထို့ကြောင့် ပုံနှိပ်ရန်၊ ဘာသာပြန်ရန်၊ စာပြင်ရန်အတွက်သာမက ညီအစ်ကိုများနှင့် အသင်းတော်များအတွက် လိုအပ်သော အခြားလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ဌာနခွဲ၌အမှုဆောင်သူအရေအတွက် ထူးခြားစွာ တိုးများလာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင်ဆောက်ပြီးခဲ့သော လူနေအိမ်သည် ဆောက်ပြီးမကြာမီ လူပြည့်သွားသည်။ ယင်းအဆောက်အအုံကို လူ ၂၅၀ အတွက်ပုံစံဆွဲထားခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ဗေသလမိသားစုသည် ၃၅၀ ရှိလာသည်။
ဌာနခွဲမြေကွက်သည် အဆောက်အအုံဆောက်ရန် မြေနေရာရှိသေးသောကြောင့် အုပ်ချုပ်ရေးအဖွဲ့က ၁၉၉၁ ခုနှစ်က ဆောက်လုပ်ပြီးခဲ့သော လူနေအိမ်နှင့် ဆင်တူသည့် နောက်ထပ်အဆောက်အအုံဆောက်လုပ်ရန် သဘောတူခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ရေးစတင်ခဲ့ပြီး ၂၀၀၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးသွားခဲ့သည်။ အဆောက်အအုံသည် တည်ရှိပြီးလူနေဆောင်၏ နှစ်ဆနီးပါးရှိသည်။ လယ်ကွင်းလုပ်ငန်း တိုးချဲ့ရေးဆိုင်ရာများအတွက် အလွန်လိုအပ်သည့် နောက်ထပ်ရုံးခန်းနေရာများ ရရှိစေသည်။ ပို၍ကြီးသော လျှော်ဖွပ်ရေးဌာန၊ ဓမ္မအမှုလေ့ကျင့်ရေးကျောင်းအတွက် စာသင်ခန်းတစ်ခန်း၊ ပို၍ကောင်းမွန်သော စာကြည့်ခန်းတို့လည်း ပါဝင်သည်။ ကျွမ်းကျင်သော ဒေသခံလုပ်သားများနှင့် အပြည်ပြည်ဆိုင်ရာ လုပ်သားများသည် ဗေသလမိသားစုနှင့် ယာယီပူးပေါင်းကာ ထိုလုပ်ငန်းကို လုပ်ဆောင်ကြသည်။ အဆောက်အအုံသစ်ကို ဆောက်လုပ်ပြီးသွားသည့်နောက် ထိုစေတနာ့ဝန်ထမ်းများသည် ၁၉၉၁ ခုနှစ်က ဆောက်လုပ်ခဲ့သော အဆောက်အအုံကို ပြန်လည်ပြုပြင်ရန် ဆက်နေထိုင်ခဲ့ကြသည်။ ထိုဆောက်လုပ်ရေးစီမံကိန်းတွင် အလုပ်များစွာပါဝင်သော်လည်း ရည်ရွယ်ချက်တစ်ခုအတွက်ဖြစ်သည်—၎င်းမှာ အသက်ပေးကျမ်းစာသမ္မာတရား ပျံ့ နှံ့စေရာတွင် အထောက်အကူပြုမည့် အသုံးအဆောင်များကို ပြင်ဆင်ပေးခြင်းဖြစ်သည်။
ဓမ္မအမှုလေ့ကျင့်ရေးကျောင်းကလိုအပ်ချက်တစ်ခု ဖြည့်ဆည်းပေးရန် ထောက်ကူ
၁၉၈၇ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၌ ဓမ္မအမှုလေ့ကျင့်ရေးကျောင်း ဖွင့်လှစ်ခဲ့ချိန်တွင် ဖိလစ်ပိုင်ရှိ ညီအစ်ကိုများက ‘ငါတို့ အဲဒီကျောင်းကနေ အကျိုးရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား’ ဟုတွေးတောခဲ့ကြသည်။ ၁၉၉၃ ခုနှစ်တွင် အဖြေရရှိခဲ့သည်။ သင်တန်းကျောင်းကို နောက်နှစ်တွင် အစပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သင်တန်းကျောင်းသည် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအဖြစ် အဖွဲ့အစည်းဆိုင်ရာ အတွေ့အကြုံအချို့ရှိထားသော အရည်အချင်းပြည့်ညီအစ်ကိုများကို ထပ်ဆင့်လေ့ကျင့်ပေးမည်ဖြစ်သည်။ ရာနှင့်ချီသောညီအစ်ကိုများ လျှောက်လွှာတင်ခဲ့ကြသည်။
နယ်လှည့်ကြီးကြပ်မှူးနှစ်ဦးနှင့် သာသနာပြုတစ်ဦးသည် သင်တန်းပို့ချသူများအဖြစ် လေ့ကျင့်ခံခဲ့ရသည်။ ၁၉၉၄၊ ဇန်နဝါရီလတွင် ပထမဆုံးသင်တန်း စတင်ခဲ့သည်။ ဤလေ့ကျင့်ပေးမှုကို ရရှိခဲ့သူများသည် အသင်းတော်များရှိ သူတို့ညီအစ်ကိုများကို အကျိုးဆောင်ပေးရန် ပို၍အရည်အချင်းပြည့်မီလာခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ သင်တန်းကျောင်းဆင်းတစ်ဦး ပူးပေါင်းခဲ့သောအသင်းတော်တစ်ခုက ဤသို့စာရေးခဲ့သည်– “သင်တန်းကျောင်းမတက်မီ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ အစည်းအဝေးတာဝန်များ ကိုင်တွယ်ရာတွင် ယခု များစွာတိုးတက်လာခဲ့သည်။”
သင်တန်းသားများစွာသည် ဤဝိညာဏလေ့ကျင့်ပေးမှုမှ အကျိုးရရှိရန်အတွက် ရုပ်ပိုင်းဆိုင်ရာ စွန့်လွှတ်မှုများ ပြုခဲ့ရသည်။ ရော်နယ်ဒ် မိုလန်ယိုသည် ဓာတုဗေဒအင်ဂျင်နီယာတစ်ဦးအဖြစ် လေ့ကျင့်မှုရရှိထားသူဖြစ်သည်။ သူသည် ဓမ္မအမှုသင်တန်းကျောင်းတက်ရန် ဖိတ်ခေါ်ခံရချိန်နှင့် တစ်ချိန်တည်းတွင် ကုမ္ပဏီတစ်ခုက လစာကောင်းပြီး နေအိမ်၊ အာမခံချက်နှင့် အခြားအကျိုးအမြတ်များရရှိမည့် အလုပ်တစ်ခု ကမ်းလှမ်းခဲ့သည်။ ရော်နယ်ဒ်သည် အခွင့်အရေးနှစ်ခုကို စေ့စေ့စဉ်းစားသုံးသပ်ပြီး ဝိညာဉ်ရေးရာကို ရွေးချယ်ခဲ့သည်။ သူသည် ၁၈ ကြိမ်မြောက် သင်တန်းကျောင်းဆင်းဖြစ်ပြီး ရှေ့ဆောင်တစ်ဦးအဖြစ် ဆက်အမှုဆောင်ခဲ့သည်။ ရော်နယ်ဒ်သည် မကြာသေးမီက ပါပူဝါ နယူးဂီနီတွင် သာသနာပြုလုပ်ငန်း၌ပါဝင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။
ဝီလ်ဆင် တီပက်တ်သည် ပထမအကြိမ် သင်တန်းကျောင်းတက်ရောက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရသည်။ သူ့တွင် ကျောင်းဆရာတစ်ဦးအဖြစ် လောကီအလုပ်ကောင်းတစ်ခုရှိထားသော်လည်း ယခု သာ၍လိုအပ်သောဒေသတွင် အထူးရှေ့ဆောင်အဖြစ်အမှုဆောင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။ သူဤသို့ပြောပြ၏– “စာသင်ရတဲ့အလုပ်ကို ကျွန်တော်နှစ်သက်တယ်၊ ဒါပေမဲ့ နိုင်ငံတော်အကျိုးစီးပွားကို ကျွန်တော့်အသက်တာရဲ့ ပထမနေရာမှာ ထားရမယ်ဆိုတာကိုလည်း ကျွန်တော်သိထားတယ်။” သူသည် အထူးရှေ့ဆောင်လုပ်ငန်းကို လက်ခံခဲ့ပြီး လယ်ကွင်းလုပ်ငန်း၌ သူ၏လုပ်ဆောင်မှုကို ယေဟောဝါကောင်းချီးပေးခဲ့ကြောင်း တွေ့မြင်ခဲ့ရသည်။ ဝီလ်ဆင်သည် ယခု ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ခရိုင်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုဆောင်နေသည်။
သင်တန်းကျောင်းတက်ရောက်သူ အများစုသည် ဖိလစ်ပိုင်နိုင်ငံမှဖြစ်သည်။ သို့ရာတွင် အုပ်ချုပ်ရေးအဖွဲ့သည် အခြားအာရှနိုင်ငံများမှ ကျောင်းသားများတက်ရောက်ရန်လည်း အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။ ကျောင်းသားများစေလွှတ်ခဲ့သော နိုင်ငံများတွင် ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါလ်၊ မလေးရှား၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ အင်ဒိုနီးရှားတို့ပါဝင်သည်။ ယေဟောဝါသက်သေများ၏လုပ်ငန်းကို ကန့်သတ်ချုပ်ချယ်ထားသော နိုင်ငံများမှ ကျောင်းသားအချို့လည်း တက်ရောက်ကြသည်။ အပြန်အလှန်ပေါင်းသင်းဆက်ဆံခြင်းကြောင့် ကျောင်းသားများအတွက် အလွန်တည်ဆောက်မှုဖြစ်စေသော အတွေ့အကြုံရခဲ့သည်။ သင်တန်းမှူးဖြစ်သူ အက်နီဘယ် စက်မိုရာ့ ဤသို့ပြောပြ၏– “ကန့်သတ်ချုပ်ချယ်ခံထားရတဲ့ နိုင်ငံတွေကလာတဲ့ ကျောင်းသားတွေက အခြေအနေအရပ်ရပ်မှာ ယေဟောဝါကို ယုံကြည်ကိုးစားခဲ့ရတဲ့အကြောင်း ပြန်ပြောပြကြတယ်။ အဲဒါက ဖိလစ်ပိုင်နိုင်ငံက ကျောင်းသားတွေအတွက် ခွန်အားဖြစ်စေတယ်။” အပြန်အလှန်အနေဖြင့် အခြားနိုင်ငံများမှ ကျောင်းသားများက နောက်ခံရိုးရိုးသာရှိသူ ဖိလစ်ပိုင်မှညီအစ်ကိုများသည် အခွင့်မသာသည့် အခြေအနေများအောက်တွင် ယေဟောဝါ၏အမှုတော်ဆောင်ပုံတို့ကို သိရှိသွားကြသည်။
သီရိလင်္ကာနိုင်ငံမှ ကျောင်းသားတစ်ဦးဖြစ်သော နစ်ဒုဟ် ဒေးဗစ် ဤသို့ပြောခဲ့၏– “သူတို့တွေကို ကျွန်တော်စိတ်ထဲမှာ အမြဲတမ်းသတိရနေမှာပါ။ ဒါတွေဟာ ယေဟောဝါဘုရားသခင်ဆီကရတဲ့ နှစ်လကြာ လေ့ကျင့်မှုဖြစ်တယ်။ တကယ့်အံ့ဖွယ်ပါပဲ!”
ကျောင်းအဆောက်အအုံသည် ဌာနခွဲ၌ပင် တည်ရှိသည်။ သင်တန်းသားများသည် ပြင်ဆင်ပေးထားသော သင်ရိုးညွှန်းတမ်းမှ အကျိုးရရှိသည်သာမက ဌာနခွဲတွင် အလုပ်များကို မည်သို့စီစဉ်လုပ်ဆောင်သည်ကို ကိုယ်တွေ့မြင်ခွင့်လည်းရရှိကြသည်။ ဗေသလရှိ ဝိညာဉ်ရေးစိတ်ဓာတ်ရှိသော ညီအစ်ကို၊ ညီအစ်မများနှင့် ထိတွေ့ဆက်ဆံရခြင်းမှ အတုယူဖွယ် ယုံကြည်ခြင်းပုံနမူနာကောင်းများ သိရှိလာကြသည်။ ထို့ပြင်၊ ကြေညာသူအနည်းငယ်သာရှိသည့် သို့မဟုတ် ကန့်သတ်ချုပ်ချယ်ခံထားရသည့် နိုင်ငံများမှလာသော ညီအစ်ကိုများသည် အဖွဲ့အစည်းကို ကြီးမားသောအတိုင်းအတာဖြင့် တွေ့မြင်နိုင်ကြသည်။
ယနေ့အထိ သင်တန်းစဉ် ၃၃ ခုမှ ကျောင်းဆင်း ၈၇၀ ရှိပြီဖြစ်သည်။ ဖိလစ်ပိုင်ကျောင်းဆင်းများထဲမှ ၇၂ ဦးသည် နယ်လှည့်ကြီးကြပ်မှူးများအဖြစ် အမှုဆောင်နေကြပြီး ပို၍များသောသူများသည် အရန်တိုက်နယ်ကြီးကြပ်မှူးများအဖြစ် ကျွန်းတစ်လျှောက်တွင်ရှိသော တိုက်နယ် ၁၉၃ ခုတွင် အမှုဆောင်နေကြသည်။ ခြောက်ဦးသည် ဗေသလတွင် တာဝန်ခန့်အပ်ခံရပြီး ဆယ်ဦးမှာ ပါပူဝါ နယူးဂီနီနှင့် မိုက်ခရိုနီးရှားတွင် သာသနာပြုများအဖြစ် အမှုဆောင်နေကြသည်။ ရာနှင့်ချီသောသူများသည် မိမိတို့၏ရပ်ကွက်တွင် သို့မဟုတ် အကူအညီသာ၍လိုအပ်သော ဒေသများတွင် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ကြသည်။ သင်တန်းကျောင်းစတင်ခဲ့သော ငါးနှစ်အတွင်း ဤနိုင်ငံတွင် ၄၂,၀၀၀ ကျော်သောသူများ နှစ်ခြင်းခံခဲ့သည်။ ရှေ့ဆောင်စိတ်ဓာတ်ရှိလာပြီး အသင်းတော်များတွင် အပြုသဘောပါစွာ တိုးတက်သည်ကို တွေ့မြင်ရသည်။ ထိုညီအစ်ကိုများသည် ရှေ့ဆက်တိုးတက်နေရန် ပါဝင်လုပ်ဆောင်ခဲ့ကြခြင်းဖြင့် သင်တန်းကျောင်းတွင် သူတို့သင်ယူခဲ့ရာကို လက်တွေ့ကျင့်သုံးခဲ့ကြကြောင်း အထင်အရှားတွေ့မြင်နိုင်သည်။
ရှေ့ဆက်တိုးတက်မှု
ထိုကျွန်းများတစ်လျှောက်တွင် အံ့ဖွယ်ရာများ ဖြစ်ပျက်နေသည်။ အသင်းတော်ပေါင်း ၃,၅၀၀ နီးပါးနှင့် ပူးပေါင်းနေကြသော ထက်သန်သည့်ညီအစ်ကိုများသည် စဉ်းစားမိသမျှတွင် အကောင်းဆုံးအစိုးရသစ်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြွေးကြော်ရာတွင် အလုပ်များနေကြသည်။
မကြာသေးမီကရရှိသော မှတ်တမ်းများက အလွန်အားရှိစေသည်။ ၂၀၀၀ ပြည့်နှစ်၏ ပထမငါးလတွင် လစဉ် အများဆုံးကြေညာသူ နှုန်းသစ်ရရှိခဲ့သည်။ မေလတွင် ၁၃၆,၃၉၆ ဦးသည် အခြားသူများကို နိုင်ငံတော်သတင်းကောင်း ဝေမျှခဲ့ကြသည်။ ယေဟောဝါ၏နာမတော်နှင့် ရည်ရွယ်တော်မူချက်ကို ကျွန်းများပေါ်ရှိလူများအား အသိပေးနေကြသည်။ ယေဟောဝါ၏ကျေးကျွန်များသည် ဟေရှာယ ၂၄:၁၅ တွင် ကြိုဟောထားချက်နှင့် ဆင်တူသောအရာကို လုပ်ဆောင်နေကြသည်– ‘ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ယေဟောဝါ၏နာမတော်ကို ချီးမွမ်းကြသည်။’
ဤထက်သန်သော ဟောပြောသူများထဲတွင် ထောင်နှင့်ချီသော မှန်မှန်ရှေ့ဆောင်များ ပါဝင်ကြသည်။ ၁၉၅၀ ပြည့်နှစ်တွင် ရှေ့ဆောင် ၃၀၇ ဦးသာရှိခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်၊ ဧပြီလကုန်တွင် ၂၀,၂၆၉ ဦးရှိခဲ့သည်။ ယင်းကို အထူးရှေ့ဆောင် ၃၉၉ ဦးနှင့် ထိုလ၏အရန်ရှေ့ဆောင် ၁၉,၇၀၄ ဦးတို့ ထည့်ပေါင်းလိုက်ပါက စုစုပေါင်း ၄၀,၃၇၂ ဦးရှိပြီး ကြေညာသူအားလုံးပေါင်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည်။ များစွာသောသူတို့သည်လည်း ဘုရားသခင်၏ အချိန်ပြည့်ကျေးကျွန်စာရင်းတွင် ပါဝင်လိုကြောင်း တင်ပြခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ် လုပ်ငန်းတော်နှစ်အတွင်း ၆,၃၆၅ ဦး၏ မှန်မှန်ရှေ့ဆောင်လျှောက်လွှာများကို အတည်ပြုလက်ခံခဲ့ရသည်။
ယင်းတို့အားလုံးသည် အသီးကောင်းများသီးခြင်းဖြစ်သည်။ ထောင်နှင့်ချီသောသူများ ဆက်၍တုံ့ပြန်ကြသည်။ ၂၀၀၀ ပြည့်နှစ် ဧပြီလတွင် အောက်မေ့ရာပွဲတက်ရောက်သူမှာ ၄၁၃,၀၂၃ ဦးရှိခဲ့သည်။ ကျမ်းစာသင်အံမှု ၁၀၀,၀၀၀ နီးပါးခန့်ကို လစဉ်ကျင်းပနေသည်။ ၂၀၀၀ ပြည့်နှစ်၏ အစောပိုင်း ၁၁ လအတွင်း တပည့်သစ် ၈,၆၀၄ ဦးနှစ်ခြင်းခံခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သက်သေခံ ၁ ဦးသည် နိုင်ငံအတွင်းရှိလူပေါင်း ၅,၃၅၉ ဦးကို သက်သေခံခဲ့ရသည်။ ယနေ့အချိန်တွင် ၁ ဦးလျှင် ၅၅၇ ဦးဖြစ်သည်။ ယေဟောဝါသည် အခွင့်အရေးတံခါးများ ဖွင့်ပေးလျက်ရှိသေးသောကြောင့် ထောင်နှင့်ချီသောသူများသည် ပင်လယ်ထဲရှိဤကျွန်းများပေါ်မှ ယေဟောဝါအားချီးမွမ်းသူများနှင့် ပို၍ပူးပေါင်းလာကြမည့် အလားအလာရှိသည်။
ဆက်လုပ်ဆောင်ရန် သန္နိဋ္ဌာန်
စီ. တီ. ရပ်စယ်လ် လည်ပတ်ခဲ့ချိန် ၁၉၁၂ ခုနှစ်တွင် သမ္မာတရားမျိုးစေ့အနည်းငယ်ကို ဖိလစ်ပိုင်မြေပေါ်တွင် ကြဲခဲ့သည်။ မျိုးစေ့များသည် ဖြည်းဖြည်းချင်းနှင့် မြဲမြံစွာအပင်ပေါက်၊ ကြီးထွားလာခဲ့သည်။ ‘အခွင့်သာသောအချိန်၌ဖြစ်စေ၊ အခွင့်မသာသောအချိန်၌ဖြစ်စေ’ သမ္မာတရားဘက် ရပ်တည်ခဲ့ခြင်းဖြင့် ကောင်းသောအသီးများသီးခဲ့သည်။ (၂ တိ. ၄:၂) အထူးသဖြင့် ဒုတိယကမ္ဘာစစ်အချိန်မှစ၍ ယေဟောဝါအား တက်ကြွစွာချီးမွမ်းသူ သိန်းချီရှိသည့် ယနေ့အချိန်အထိ ကြီးထွားမှုနှုန်း တိုးတက်လာခဲ့သည်။ ထိုသို့ဖြင့် သူတို့သည် ခြောက်သန်းခန့်ရှိသော ကမ္ဘာချီယေဟောဝါ၏လူမျိုးတော် အသင်းအပင်းနှင့်အတူ ဘုရားသခင့်နာမတော် ဂုဏ်တင်ခြင်းလုပ်ငန်းတွင် ရွှင်လန်းစွာ လုပ်ဆောင်ကြသည်။
ဤမှတ်တမ်းတွင် ဖော်ပြခဲ့သကဲ့သို့ အမှုတော်ဆောင်ခြင်းသည် အမြဲမလွယ်ကူခဲ့ပါ။ ဤနိုင်ငံသည် လှပသောနိုင်ငံဖြစ်သော်လည်း မြောက်မြားစွာသော ကျွန်းများပေါ်ရှိ လူများထံရောက်ရန် နိုင်ငံတော်ကြွေးကြော်သူများ၏ ခံနိုင်ရည်ကို စမ်းသပ်ခဲ့သည်။ အချို့သူများသည် ဝေးလံသောကျွန်းလေးများသို့ရောက်ရန် လှိုင်းထန်သော ပင်လယ်ပြင်ကို စွန့်စွန့်စားစားသွားခဲ့ကြသည်။ အများစုသည် သိုးကဲ့သို့သောသူများကို ရှာတွေ့ရန် တောထူသည့် မြင့်မားသောတောင်များပေါ် လှည့်လည်သွားခဲ့ကြသည်။ ဖိလစ်ပိုင်ကျွန်းများသည် ငလျင်၊ ရေလွှမ်းမိုးမှု၊ တိုင်ဖွန်း၊ မီးတောင်စသည့် ဘေးဒုက္ခများခံခဲ့ရသည့်တိုင် ယင်းတို့က ယေဟောဝါ၏ သစ္စာရှိသက်သေများ၏ လုပ်ငန်းကို မရပ်တန့်စေခဲ့ပါ။
သူတို့သည် စစ်မှန်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်သည့် ပြည်တော်ပြန် ဣသရေလလူမျိုးနှင့် ဆင်တူသည်။ ပြည်တော်ပြန်များသည် ဆန့်ကျင်မှုများကို ရင်ဆိုင်ကြရသော်လည်း ယေဟောဝါပေးသော ရွှင်လန်းမှုကို မိမိတို့၏ခိုလှုံရာ ဖြစ်စေခဲ့ကြသည်။ ယနေ့တွင်လည်း ယေဟောဝါသက်သေများသည် ဒဏ်ခံနိုင်မှုရှိကြောင်းနှင့် ဘုရားသခင်အား ယုံကြည်ကိုးစားကြောင်း အထင်အရှား သက်သေပြခဲ့ကြသည်။ သူတို့က ယေဟောဝါသည် မိမိတို့နှင့်အတူရှိကြောင်း သိထားကြပြီး ဆာလံ ၁၂၁:၇ တွင်ပြောထားသည့် ဤစကားကို ယုံကြည်ကြသည်– “ထာဝရဘုရားသည် မကောင်းသောအမှုအရာအလုံးစုံတို့ကို ကွယ်ကာ၍ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။” ယေဟောဝါ၏ ကျောထောက်နောက်ခံဖြင့် သူတို့သည် ဤအစီအစဉ်စနစ် အဆုံးမတိုင်မီ များနိုင်သမျှသောသူများကို အကူအညီပေးဖို့ စောင့်မျှော်နေကြသည်။ စနစ်ဆိုးအဆုံးတိုင်ပြီးနောက် ဤကျွန်းပေါင်း ၇,၁၀၀ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ရှင်ပြန်ထမြောက်လာကြမည့် သန်းနှင့်ချီသောသူများကို သွန်သင်ပေးခြင်းတွင် သူတို့ပါဝင်ကြမည်။ ထိုအချိန်တွင် ဤနိုင်ငံ၏ ပရဒိသုအလှသည် ဖန်ဆင်းရှင်ကို ချီးမွမ်းစရာဖြစ်စေမည်။
ဤအတောအတွင်း ယေဟောဝါသက်သေများသည် မိမိတို့၏လုပ်ဆောင်မှုအပေါ် ယေဟောဝါကောင်းချီးပေးဖို့ ကိုယ်တော်အား အကြွင်းမဲ့ကိုးစားကာ ဆက်၍အမှုဆောင်ဖို့ စိတ်ဆုံးဖြတ်ထားကြသည်။ သူတို့၏ဘဝအသက်တာကို ဘုရားသခင့်ပရောဖက်ပြောခဲ့သော ဤစကားနှင့် ကိုက်ညီစေရန် ကြိုးစားကြသည်– “ထာဝရဘုရားကိုချီးမြှောက်၍ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာချီးမွမ်းကြစေ။”—ဟေရှာ. ၄၂:၁၂။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
သမ္မာတရားမျိုးစေ့များ ဦးဆုံးကြဲခဲ့ပုံ
ချားလ်စ် တီ. ရပ်စယ်လ်နှင့် သူ၏အဖွဲ့သည် ၁၉၁၂ ခုနှစ်တွင် ဖိလစ်ပိုင်သို့ လည်ပတ်ခဲ့သည်။ သူတို့သည် ဘရွတ်ကလင်ဌာနချုပ်မှ ထိုနိုင်ငံသို့လည်ပတ်သော ဦးဆုံးတရားဝင်ကိုယ်စားလှယ်များဖြစ်ကြသော်လည်း အခြားကျမ်းစာကျောင်းသားနှစ်ဦးသည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေနှင့်ပြီးဖြစ်ကာ အခြားသူများအား ကျမ်းစာသမ္မာတရားသိရှိစေရန် ကူညီပေးနေပြီဖြစ်ကြောင်း မှတ်တမ်းက ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုမှ လူးဝစ်ဘဲလ် ဤသို့စာရေးခဲ့သည်–
“ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ ၁၉၀၈ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကိုသွားခဲ့ပြီး ဆရာအလုပ် လုပ်ခဲ့ကြတယ်။ စီဘာ့လွန်မြို့မှာ အမေရိကန်တွေဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲရှိတယ်။ ကျွန်မတို့ဟာ ဘရွတ်ကလင်ကနေ ကျမ်းစာဝေစာတွေ ပေါင်ချိန်ရာနဲ့ချီပြီး မှာခဲ့ကြတယ်။ အဲဒီဝေစာတွေဟာ နယူးယောက်ကနေ ဆန်ဖရန်စ္စကို၊ အဲဒီနောက် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး မနီလာမြို့ကို သင်္ဘောနဲ့ရောက်လာတယ်၊ အဲဒီကနေတစ်ဆင့် စီဘာ့လွန်မြို့ကို ကူးတို့လှေနဲ့ သယ်ယူခဲ့ရတယ်။
“ကျွန်မတို့ဟာ အချိန်ရ၊ အခွင့်အရေးရတာနဲ့ ဒေသခံလူတွေကို ဝေစာတွေဝေငှပြီး သူတို့နဲ့စကားပြောခဲ့ကြတယ်။ နာရီမှတ်တမ်းနဲ့ ဝေငှတဲ့စာပေမှတ်တမ်းတွေတော့ မထားရှိခဲ့ကြဘူး။ လူတွေဟာ ကက်သလစ်ဘာသာဝင်ဖြစ်ကြပေမဲ့ အများစုဟာ ကျွန်မတို့ရဲ့စကားကို ဝမ်းသာအားရ နားထောင်ခဲ့ကြတယ်။ ကျွန်မတို့ဟာ ဆေးပညာသင်တန်းပေးတဲ့ ဆရာတွေဖြစ်ကြပေမဲ့ အဓိက,ကတော့ သတင်းကောင်းဝေငှတဲ့တမန်တွေ ဖြစ်ခဲ့ကြတယ်။
“ကျွန်မတို့ဟာ ခြေလျင် ဒါမှမဟုတ် မြင်းစီးပြီး လမ်းကြမ်းတွေပေါ်မှာ ခရီးသွားခဲ့ရတယ်။ တစ်ခါတလေ ဝါးကြမ်းခင်းပေါ်မှာ အိပ်ခဲ့ရပြီး အများသုံး ခွက်တစ်ခွက်ထဲကနေ ငါးနဲ့ထမင်းကို စားခဲ့ရတယ်။
“၁၉၁၂ ခုနှစ်မှာ ပါစတာရပ်စယ်လ် မနီလာမြို့ကို လည်ပတ်ချိန်မှာ ကျွန်မတို့ သူ့ဆီကို ကြေးနန်းတစ်စောင်ပို့ခဲ့တယ်။”
ညီအစ်မဘဲလ်သည် မနီလာမြို့၊ ဂရင်းဇာတ်ရုံတွင် ညီအစ်ကို ရပ်စယ်လ်၏ “လူသေများ အဘယ်နေရာတွင်ရှိသနည်း” ဟောပြောချက်ကို တက်ရောက်နားထောင်ခဲ့သည်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
ဖိလစ်ပိုင်နိုင်ငံကို ခြုံငုံသုံးသပ်ခြင်း
နယ်မြေ– ကျွန်းပေါင်း ၇,၁၀၀ ခန့်ရှိပြီး စတုရန်းမိုင် ၁၂၀,၀၀၀ ခန့်ကျယ်ဝန်းသည်။ ကျွန်းများ၏ မြောက်မှ တောင်သို့မိုင် ၁,၁၅၀ ခန့်ရှိပြီး အရှေ့မှအနောက်သို့ မိုင် ၇၀၀ ရှိသည်။ ကျွန်းများသည် အရွယ်အစားအမျိုးမျိုးရှိသည်—အကြီးဆုံးကျွန်းသည် ပေါ်တူဂီနိုင်ငံထက် အနည်းငယ်ပိုကြီးပြီး အငယ်ဆုံးကျွန်းသည် ဒီရေတက်လာသည့်အခါ ပျောက်သွားသည့်အထိ ငယ်သည်။
လူမျိုး– တရုတ်၊ စပိန်၊ အမေရိကန်လူမျိုး နောက်ခံရှိသူအချို့ရှိသော်လည်း အများစုသည် မလေးမျိုးရိုးမှ ဆင်းသက်လာသူများဖြစ်သည်။
ဘာသာစကား– ဖိလစ်ပိုင်နိုင်ငံတွင် ဘာသာစကားများစွာရှိသည့်အနက် ဘစ်ကိုလ်၊ စီဘွာနို၊ ဟီလီဂေယွန်၊ အီလိုကို၊ ပန်ဂါစင်နီယန်၊ စာမာ-လေတီနှင့် တဂါးလော့ဂ်ဘာသာစကားများကို ပိုမိုကျယ်ပြန့်စွာ ပြောဆိုကြသည်။ အင်္ဂလိပ်နှင့် ဖိလစ်ပီနိုဘာသာစကားတို့ကို ရုံးသုံးဘာသာစကားများအဖြစ် သတ်မှတ်ထားသည်။ ဖလစ်ပီနိုဘာသာစကားသည် တဂါးလော့ဂ်ဘာသာစကားမှ အဓိကဆင်းသက်လာခြင်းဖြစ်သည်။
အသက်မွေးဝမ်းကျောင်း– မြို့ကြီးများတွင် အလုပ်အကိုင်အမျိုးမျိုးရှိသော်လည်း ကျေးလက်ဒေသတွင်မူ အများစုသည် လယ်သမားများ၊ တံငါသည်များဖြစ်ကြသည်။ စပါး၊ ကြံ၊ ငှက်ပျော၊ အုန်း၊ နာနတ်အပါအဝင် ကောက်ပဲသီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။
အစားအစာ– ဆန်သည် အဓိကအစားအစာဖြစ်သည်။ ငါးနှင့် အခြားပင်လယ်စာများအပြင် အပူပိုင်းဒေသထွက်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို စားသုံးကြသည်။
ရာသီဥတု– နိုင်ငံ၏ရာသီဥတုမှာ ကျွန်းများတစ်လျှောက်လုံးတွင် အပူချိန်အသင့်အတင့်ရှိသော အပူပိုင်းရာသီဥတု ဖြစ်သည်။ ယေဘုယျအားဖြင့် ဤနိုင်ငံသည် မိုးများသောနိုင်ငံဖြစ်သည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ဟီလာ့ရီအွန်အမိုရာဇ်နှင့် လူတွေ့မေးမြန်းခန်း
မွေးဖွားသည့်နှစ်– ၁၉၂၀
နှစ်ခြင်းခံသည့်နှစ်– ၁၉၄၃
ကိုယ်ရေးရာဇဝင်အကျဉ်း– ဒုတိယကမ္ဘာစစ်၊ ဂျပန်တို့သိမ်းပိုက်ထားချိန်အတွင်း သမ္မာတရားလေ့လာသိရှိခဲ့သည်။ ထိုအချိန်က နိုင်ငံအတွင်း သက်သေခံအနည်းငယ်သာရှိသည်။
ညီအစ်ကိုတွေ တစ်အိမ်မှတစ်အိမ် ဟောပြောနိုင်သေးတဲ့အချိန် စစ်ကြီးအတွင်းမှာပဲ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ ဒါပေမဲ့ လူတွေက ကျွန်တော်တို့ရဲ့လုပ်ငန်းကို မယုံသင်္ကာဖြစ်တဲ့အတွက် အတော်သတိထားခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ကျေးလက်ဒေသတွေဘက် ထွက်ပြေးခဲ့ရတယ်၊ ဒါပေမဲ့ ၁၉၄၅ ခုနှစ်မှာ မနီလာကို ပြန်လာခဲ့ကြတယ်။
အဲဒီအချိန်တုန်းက ကင်းမျှော်စင်ကို တဂါးလော့ဂ်ဘာသာစကားနဲ့ ဘာသာပြန်ရတဲ့ အခွင့်အရေးကို ကျွန်တော်ရရှိခဲ့တယ်။ အဲဒီအလုပ်က နံနက်နှစ်ရာရီထိုးတဲ့အထိ လုပ်ဆောင်ဖို့ လိုအပ်ခဲ့တယ်။ ဘာသာပြန်ရာမှာ သုံးတဲ့ပစ္စည်းတွေကတော့ ဖယောင်းစက္ကူတွေဖြစ်ပြီး သက်သေခံ အုပ်စုတွေဆီ ပို့ပေးခဲ့ရတယ်။ ကိုယ်ကျိုးစွန့်ဖို့ လိုအပ်ခဲ့တယ်၊ ဒါပေမဲ့ ညီအစ်ကိုတွေရဲ့ ဝိညာဉ်ရေးကို စောင့်ရှောက်ပေးရတဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ခဲ့ကြတယ်။
သမ္မာတရားထဲမှာရှိခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ယေဟောဝါရဲ့ကရုဏာကို ကျွန်တော်ခံစားခဲ့ရတယ်။ ကိုယ်တော်ဟာ မိမိလူမျိုးရဲ့ ဝိညာဉ်ရေးရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ တကယ်ကြည့်ရှုစောင့်ရှောက်ပေးတယ်။ စစ်ကြီးပြီးသွားတဲ့နောက် ဖိလစ်ပိုင်နိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးတာကို ကျွန်တော်မှတ်မိသေးတယ်။ ဘောင်းဘီရှည်၊ ရှူးဖိနပ်နဲ့ အခြားအဝတ်အစား အများကြီး ကျွန်တော်ရခဲ့တယ်! အဲဒီအထောက်အကူပစ္စည်းတွေ ရရှိခဲ့ကြတဲ့ ရှေ့ဆောင်များစွာဟာ သိပ်ကျေးဇူးတင်ခဲ့ကြတယ်၊ သူတို့ဟာ အချိန်ပြည့်လုပ်ငန်းမှာ ပိုပြီးကြိုးစားအားထုတ် လုပ်ဆောင်ခဲ့ကြတယ်။ ယေဟောဝါဟာ မိမိလူမျိုးအတွက် လိုအပ်တဲ့အရာမှန်သမျှကို ပြင်ဆင်ပေးခြင်းအားဖြင့် အမှန်ပဲစောင့်ရှောက်ပေးတယ်။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ချစ်မြတ်နိုးရသော သာသနာပြုတစ်ဦး
နီးလ်ခေါအဝေး
မွေးဖွားသည့်နှစ်– ၁၉၂၆
နှစ်ခြင်းခံသည့်နှစ်– ၁၉၄၁
ကိုယ်ရေးရာဇဝင်အကျဉ်း– သက်သေခံမိသားစုတွင် မွေးဖွားကြီးပြင်းလာသည်၊ အထက်တန်းကျောင်းအောင်ပြီးနောက် အချိန်ပြည့်ဓမ္မအမှုတွင် စတင်ပါဝင်ခဲ့သည်။ ၁၂ ကြိမ်မြောက် ဂိလဒ်ကျောင်းသို့ ဖိတ်ခေါ်ခံခဲ့ရပြီး ဖိလစ်ပိုင်တွင်တာဝန်ကျကာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့သည်။
နီးလ်ခေါအဝေးသည် ညီအစ်ကိုများ၏ ချစ်ခင်မြတ်နိုးမှုခံရသော ထက်သန်သည့် သာသနာပြုတစ်ဦး ဖြစ်ခဲ့သည်။ နိုင်ငံတော်လုပ်ငန်းအပေါ် အလေးအနက်သဘောထားပြီး တစ်ချိန်တည်းတွင် ပျော်ပျော်နေတတ်သူဖြစ်သည်၊ သူသည် နိုင်ငံ၏ဒေသအားလုံးတွင် အမှုဆောင်ခဲ့သည်။ သူ၏နယ်လှည့်လုပ်ငန်းတာဝန်အကြောင်း ဤသို့ပြောပြသည်။
“တစ်ခါတလေ ကျွန်တော်တို့ဟာ ရပ်ကွက်ကိုရောက်ဖို့အတွက် တောင်တွေပေါ်မှာ နှစ်နာရီကြာ လမ်းလျှောက်သွားရတယ်၊ လမ်းလျှောက်သွားရင်းနဲ့ နိုင်ငံတော်သီချင်းတွေ သီဆိုခဲ့ကြတယ်။ လူ ၁၅ ယောက်၊ အယောက် ၂၀ ရှိတဲ့အုပ်စုဖြစ်ပြီး ကျွန်တော်တို့အားလုံး တစ်ယောက်နောက်တစ်ယောက် တန်းစီလျှောက်သွားရင်း သီချင်းဆိုကြတယ်၊ နိုင်ငံခြားတိုင်းပြည်မှာ အမှုဆောင်ဖို့တာဝန်ကို လက်ခံခဲ့တဲ့အတွက် ဒီရွှင်လန်းဝမ်းမြောက်မှုကို ခံစားခဲ့ရတယ်။
“ကျေးလက်တောရွာတွေမှာရှိတဲ့ အိမ်ငယ်လေးတွေဆီ ဘုရားသခင့်စကားတော်ကို သယ်ဆောင်သွားရတာ၊ ဟောပြောနေတဲ့စကားလုံးတိုင်းကို ကြမ်းပြင်ပေါ်မှာ ထိုင်နားထောင်ကြတဲ့ နှိမ့်ချတဲ့သူတွေကို တွေ့မြင်ရတာ၊ နောက်တစ်ကြိမ် ကျွန်တော်လည်ပတ်တဲ့အခါ သူတို့ကို နိုင်ငံတော်ခန်းမတွေမှာ တွေ့ရတာ—အဲဒါတွေက တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြရာမှာ ပိုပြီးကြိုးစားလုပ်ဆောင်လိုစိတ် ဖြစ်စေခဲ့တယ်။”
နီးလ်သည် မင်ဒိုရိုကျွန်းသူ ညီအစ်မ နေနီးတာနှင့် အိမ်ထောင်ပြုခဲ့ပြီး သူသေဆုံးသည့် ၁၉၈၅ ခုနှစ်အထိ အတူတကွ သစ္စာရှိစွာ အမှုဆောင်ခဲ့ကြသည်။ ဖိလစ်ပိုင်လူမျိုးညီအစ်ကိုများသည် သူ့အကြောင်းကို တဖွဖွပြောနေကြဆဲဖြစ်သည်။ တစ်ဦးက ဤသို့ပြောခဲ့၏– “ညီအစ်ကို ခေါအဝေးဟာ ညီအစ်ကိုတွေနဲ့ ခင်ခင်မင်မင် ပေါင်းသင်းတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ အခြေအနေဘယ်လိုပဲရှိပါစေ အလိုက်သင့် ဘယ်လိုနေရမယ်ဆိုတာကို သူသိတယ်။”a
[အောက်ခြေမှတ်ချက်]
a ညီအစ်ကို ခေါအဝေး၏ ဘဝအတ္ထုပ္ပတ္တိကို ဩဂုတ် ၁၊ ၁၉၇၁ “ကင်းမျှော်စင်” [လိပ်] တွင်ဖော်ပြထားသည်။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
အီမယ်လ်ဒါဆာဗေးဒေါနှင့် လူတွေ့မေးမြန်းခန်း
မွေးဖွားသည့်နှစ်– ၁၉၃၁
နှစ်ခြင်းခံသည့်နှစ်– ၁၉၄၉
ကိုယ်ရေးရာဇဝင်အကျဉ်း– ၁၉၆၇ ခုနှစ်၊ မတ်လတွင် ထိုင်းနိုင်ငံသို့ သာသနာပြုအဖြစ် စေလွှတ်ခံခဲ့ရသည်။
သာသနာပြုတစ်ဦးအဖြစ် ထိုင်းနိုင်ငံကို သွားရမယ်ဆိုတာကို ကြားရတဲ့အချိန်မှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ ဝမ်းသာပေမဲ့ စိုးရိမ်ခဲ့တယ်၊ ကျွန်မစိတ်ထဲမှာ မေးခွန်းတွေ အပြည့်ပဲ။
၁၉၆၇ ခုနှစ်၊ မတ်လ ၃၀ မှာ ဒီကိုရောက်လာတယ်။ ဘာသာစကားဟာ ကျွန်မအတွက် အသစ်အဆန်းဖြစ်နေတယ်။ အသံနိမ့်၊ အသံမြှင့်၊ အသံသြ၊ အသံစူး၊ သံဝက်မြှင့်သံစတဲ့ အသံထားမျိုးစုံရှိတဲ့ ဘာသာစကားဖြစ်နေတယ်။ ဘာသာစကားသင်ရတာ တကယ်ခက်ခဲပေမဲ့ ဒေသခံတွေနဲ့ နိုင်ငံခြားက ညီအစ်ကိုတွေရဲ့ မေတ္တာပါတဲ့ အကူအညီကို ကျွန်မရရှိခဲ့တယ်။
၁၉၆၇ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ စက်ခ်ဟုမ်ဝှစ်တ်မှာတာဝန်ကျခဲ့တယ်။ အဲဒီနောက် အသင်းတော်သစ်တစ်ခုကို ပြောင်းရွှေ့ဖို့ တောင်းဆိုခံခဲ့ရတယ်။ အနှစ် ၂၀ လုံးလုံး အတူလုပ်ဆောင်ခဲ့တဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ ခွဲခွာရမှာဖြစ်တဲ့အတွက် ခက်မယ်လို့ထင်ခဲ့တယ်။ တန်ဘရူကိုပြောင်းရွှေ့တုန်းက အဲဒီလို ကျွန်မခံစားခဲ့ရတာပါ။ တကယ်တော့ ကိုယ့်စိတ်ပေါ်မှာပဲ မူတည်ပါတည်။ တန်ဘရူမှာ ၁၂ နှစ်အမှုဆောင်ပြီးတော့ ၁၉၉၉ ခုနှစ်မှာ စက်ခ်ဟုမ်ဝှစ်တ်ကို ပြန်ပြောင်းရွှေ့ခဲ့ရတယ်။ တခြားသာသနာပြုတွေက ကျွန်မ အိမ်ပြန်လာပြီလို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မအတွက်ကတော့ ကျွန်မတာဝန်ကျတဲ့ ဘယ်အသင်းတော်မဆိုဟာ ကျွန်မရဲ့အိမ်ဖြစ်နိုင်ပါတယ်။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
ဘာသာစကားသင်ယူခြင်းနှင့်ပတ်သက်၍ အမှတ်ရစရာများ
ဘနီတိုနှင့် အဲလစ်ဇဘက်ဂွန်ဒေါ့ယို
ကိုယ်ရေးရာဇဝင်အကျဉ်း– ဘနီတိုသည် ဇနီး အဲလစ်ဇဘက်နှင့်အတူ ဖိလစ်ပိုင်နိုင်ငံ တိုက်နယ်လုပ်ငန်းတွင် အမှုဆောင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် သူတို့ကို သာသနာပြုများအဖြစ် ဟောင်ကောင်သို့ စေလွှတ်ခဲ့သည်။ ထိုတွင် လူပေါင်း ၅၃ ယောက်ကို သမ္မာတရားသိလာအောင် သူတို့ကူညီပေးခဲ့ကြသည်။
တရုတ်ဘာသာစကား နောက်ခံမရှိတဲ့ ကျွန်တော်တို့အတွက် ကန်တုံဘာသာစကားသင်ယူရတာဟာ တကယ့်စမ်းသပ်မှုကြီးတစ်ခုဖြစ်ခဲ့တယ်။ ကြိုးစားအားထုတ်မှု၊ လုံ့လဝီရိယအပြင် နှိမ့်ချမှု တကယ်လိုအပ်တယ်။
တစ်ခါတုန်းက “ကျွန်တော် ဈေးသွားချင်တယ်” ဆိုတဲ့စကားကို ကျွန်တော်ပြောကြည့်တယ်။ ကန်တုံဘာသာစကားနဲ့ “ကျွန်တော် ကြက်ချေးရှိတဲ့နေရာ သွားချင်တယ်” ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်။ လယ်ကွင်းလုပ်ငန်းမှာ အိမ်ရှင်က သူသိကျွမ်းတဲ့ ညီအစ်မတစ်ယောတ်အကြောင်း ပြောတဲ့အခါ ကျွန်တော့်ဇနီးက “အိုး၊ သူ့ကို ကျွန်မသိတယ်” လို့ အားရပါးရ ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးရဲ့ စကားအဓိပ္ပာယ်က “အိုး၊ ကျွန်မသူ့ကို စားလိုက်ပြီ” ဖြစ်နေတယ်။ အိမ်ရှင်ဖြစ်သူအတွက် လန့်ဖျပ်သွားစရာပါ! ကျွန်တော်တို့ဟာ တရုတ်စကားပြောလယ်ကွင်းမှာ အတွေ့အကြုံတွေအများကြီး ရရှိခဲ့တယ်။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
လစ်ဒီယာပက်မ်ပလိုနက်နှင့် လူတွေ့မေးမြန်းခန်း
မွေးဖွားသည့်နှစ်– ၁၉၄၄
နှစ်ခြင်းခံသည့်နှစ်– ၁၉၅၄
ကိုယ်ရေးရာဇဝင်အကျဉ်း– ဖိလစ်ပိုင်နိုင်ငံတွင် အထူးရှေ့ဆောင်အဖြစ် အတွေ့အကြုံများစွာရရှိပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ပါပူဝါ နယူးဂီနီ၌အမှုဆောင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။ လူပေါင်း ၈၄ ယောက်ကို သမ္မာတရားသိလာအောင် ကူညီပေးခဲ့သည်။
သာ၍လိုအပ်တဲ့နေရာတွေမှာ အမှုဆောင်လိုတဲ့ဆန္ဒရှိခဲ့လို့ တာဝန်ရလိုက်တဲ့အခါ ကျွန်မစိတ်လှုပ်ရှားခဲ့တယ်။ ကျွန်မရဲ့မိသားစုနဲ့ ဦးဆုံးအကြိမ် ခွဲခွာရမှာဖြစ်တဲ့အတွက် စိုးရိမ်စိတ်တော့ဖြစ်ခဲ့တယ်။ ပါပူဝါ နယူးဂီနီအကြောင်း ကျွန်မသိပ်မသိဘူး၊ ကျွန်မသိထားတဲ့ အကြောင်းအရာနည်းနည်းလေးကလည်း ကျွန်မကို ကြောက်ရွံ့စေခဲ့တယ်။ အမေက “ယေဟောဝါဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်နေသရွေ့ ကိုယ်တော် စောင့်ရှောက်မှာပါ” လို့ပြောပြီး ကျွန်မကို အားပေးခဲ့တယ်။ တာဝန်ကိုလက်ခံကြောင်း ကျွန်မစာရေးခဲ့တယ်။
ကျွန်မရောက်သွားတဲ့အခါ ညီအစ်ကိုတွေဟာ အရမ်းကြင်နာပြီး ဖော်ရွေတဲ့သူတွေဖြစ်ကြတယ်။ လတိုင်း စာအုပ်နဲ့ မဂ္ဂဇင်းအများကြီး ဝေငှခဲ့တယ်၊ ဖိလစ်ပိုင်မှာ ဝေငှခဲ့ဖူးတာထက် ပိုများတယ်။ ဒါပေမဲ့ ဘာသာစကားနဲ့ ဓလေ့ထုံးစံတွေတော့ ကျွန်မအတွက် တော်တော်ကွာခြားတယ်။ ‘ဒီမှာ နှစ်အနည်းငယ်လောက်ပဲ အမှုဆောင်ပြီး အမေနဲ့အတူ ရှေ့ဆောင်လုပ်ဖို့ အိမ်ပြန်ရလိမ့်မယ်’ လို့ကျွန်မတွေးမိခဲ့တယ်။
အဓိကသုံးတဲ့ ဘာသာစကားနှစ်ခုကို သင်ယူပြီး ဒေသခံတွေရဲ့ ထုံးစံတချို့ကို လုပ်ဆောင်လာတဲ့အခါ လူတွေအကြောင်း ကျွန်မပိုသိလာခဲ့တယ်။ ကျွန်မ ဒီမှာနေထိုင်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလတစ်လျှောက်လုံးမှာ လူအတော်များများကို သမ္မာတရားသင်ပေးရတဲ့ အခွင့်ထူးရရှိခဲ့တယ်၊ သင်အံမှုကို ကောင်းကောင်းကျင်းပနိုင်ဖို့နဲ့ သမ္မာတရားကို သူတို့ကိုယ်ပိုင်ဖြစ်စေဖို့အတွက် တချို့သူတွေကို စာရေးတတ်ဖတ်တတ်အောင် သင်ပေးခဲ့ရတယ်။ ဒါတွေအားလုံးအပြင် တခြားကောင်းချီးတွေက ပါပူဝါ နယူးဂီနီကို ကျွန်မရဲ့အိမ်ဖြစ်လာစေတယ်။ ယေဟောဝါအလိုတော်ရှိလို့ ကိုယ်တော်က အလုပ်ပြီးပြီလို့ ပြောတဲ့အချိန်အထိ ဒါမှမဟုတ် ဒီနိုင်ငံမှာ ကျွန်မရဲ့အသက်တာအဆုံးအထိ ကိုယ်တော်ရဲ့လုပ်ငန်းမှာ အသုံးတော်ခံခွင့်ရမယ်ဆိုရင် ကျွန်မပျော်ရွှင်ပါတယ်။
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]
ဖီလေမွန်ဒက်မာ့ဆိုနှင့် လူတွေ့မေးမြန်းခန်း
မွေးဖွားသည့်နှစ်– ၁၉၃၂
နှစ်ခြင်းခံသည့်နှစ်– ၁၉၅၁
ကိုယ်ရေးရာဇဝင်အကျဉ်း– ၁၉၅၃ ခုနှစ်တွင် အချိန်ပြည့်ဓမ္မအမှု၌ စတင်ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် အိမ်ထောင်ပြုပြီး တိုက်နယ်လုပ်ငန်းတွင် ပါဝင်ခဲ့သည်။ သားသမီးများ ကြီးပြင်းလာပြီးနောက် ဇနီးသည်နှင့်အတူ အထူးရှေ့ဆောင်အဖြစ် အချိန်ပြည့်လုပ်ငန်းတွင် ဆက်ပါဝင်ခဲ့သည်။ ဗစ်စာယန်နှင့် မင်ဒနာအိုကျွန်းများတွင် ယခုအချိန်အထိတိုင် တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့သည်။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကြီးမားတဲ့အခက်အခဲတွေကြောင့် အချိန်ပြည့်လုပ်ငန်းကို ခက်ခဲစေခဲ့တယ်။ ပြောင်းခင်းတွေနဲ့ စပါးစိုက်ခင်းတွေကို ဖျက်ဆီးပစ်ခဲ့တဲ့ ကြွက်ကပ်ဘေးကျခဲ့တာကြောင့် အစားအစာ ရှားပါးခဲ့တယ်။ ကျွန်တော်တို့ရဲ့အဝတ်အစားတွေ၊ ရှူးဖိနပ်တွေဟာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းကို မြို့ထဲမှာ မလုပ်နိုင်ခဲ့ကြဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ လယ်ကွင်း၊ တောင်ပေါ်နဲ့ မြို့ပြင်ဘက်ကို အများအားဖြင့် ဖိနပ်မပါဘဲ သွားခဲ့ကြတယ်။ တိုက်နယ်စည်းဝေးပွဲမှာ တာဝန်တစ်ခုရပေမဲ့ သင့်တော်တဲ့အဝတ်အစားမရှိတဲ့အတွက် ဟောပြောချက်မပေးဘဲ နေရတော့မလို့။ ဒါပေမဲ့ ခရိုင်ကြီးကြပ်မှူး ညီအစ်ကို ဘာနာဒီနိုက သူ့ရဲ့အင်္ကျီကို ကြင်နာစွာငှားပေးခဲ့တဲ့အတွက် ကျွန်တော် ဟောပြောချက်ပေးနိုင်ခဲ့တယ်။ တကယ်ဆိုရင် လူအတော်များများဟာ ကျွန်တော်တို့ထက်တောင် အခြေအနေဆိုးကြသေးတယ်။ စွဲစွဲမြဲမြဲနေမယ်လို့ စိတ်ဆုံးဖြတ်ခဲ့တဲ့အတွက် ယေဟောဝါ ကျွန်တော်တို့ကို ကောင်းချီးပေးခဲ့တယ်။
၁၉၈၂ ခုနှစ်မှာ ကြားနေမှုကြောင့် စမ်းသပ်မှုတွေ ကြုံခဲ့ကြတယ်။ မင်ဒနာအိုကျွန်းမှာ အစိုးရကို ဆန့်ကျင်ပုန်ကန်မှုတွေ ပျံ့ နှံ့နေတယ်။ သူပုန်ခေါင်းဆောင်တွေလို့ အခေါ်ခံရသူတွေနဲ့ ကျွန်တော် ကျမ်းစာသင်အံမှုကျင်းပနေတဲ့အတွက် အစိုးရစစ်သားတွေက ကျွန်တော့်ကို လက်ဝဲဝါဒီတွေအတွက် “ကထိက” လို့ သမုတ်ခဲ့ကြတယ်။ ဒါပေမဲ့ အစိုးရအရာရှိတစ်ဦးက ကျွန်တော်သင်ပေးတာဟာ ကျမ်းစာထဲကပဲဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ ရှင်းပြပေးခဲ့တယ်။
တစ်ချိန်ထဲမှာပဲ၊ သူပုန်အဖွဲ့က ကျွန်တော့်ကို နောက်တစ်မျိုးမြင်ကြတယ်၊ ကျွန်တော် ဟောပြောဖို့သွားတဲ့အခါ ခရိုင်လူကြီးနဲ့ စစ်တပ်ကစစ်ဗိုလ်ကို ဦးဆုံးသက်သေခံတဲ့အတွက်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ကျမ်းစာလေ့လာနေတဲ့ သူပုန်ခေါင်းဆောင်တစ်ယောက်က ကျွန်တော်တို့ဘက်က ရပ်တည်ပေးတဲ့အတွက် ကျွန်တော်တို့ကို ဘာမှမလုပ်ခဲ့ကြဘူး။
ဆယ်စုနှစ်များစွာအတွင်း ယေဟောဝါဟာ ကျွန်တော်တို့ကို အခက်အခဲတွေ၊ စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ယေဟောဝါရဲ့ ကရုဏာတော်နဲ့ ကာကွယ်ပေးမှုတွေအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်!—သု. ၁၈:၁၀; ၂၉:၂၅။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
ပက်စီဖီကို ပန်တာ့စ်နှင့် လူတွေ့မေးမြန်းခန်း
မွေးဖွားသည့်နှစ်– ၁၉၂၆
နှစ်ခြင်းခံသည့်နှစ်– ၁၉၄၆
ကိုယ်ရေးရာဇဝင်အကျဉ်း– ၁၉၅၁ ခုနှစ်၏ ၁၆ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းဖြစ်သည်။ ယခုလောလောဆယ် ကွေဇုန် စီးတီးတွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။
ဒုတိယကမ္ဘာစစ်အတွင်း လဂွာနာပြည်နယ်မှာ ကျွန်တော့်ရဲ့အိမ်နီးချင်းတွေက ယေဟောဝါသက်သေတွေဖြစ်တယ်။ သူတို့စာကြည့်ခန်းထဲက စာအုပ်တွေကိုဖတ်ဖို့ ကျွန်တော့်ကို အားပေးခဲ့တယ်။ စာအုပ်တွေကတော့ စာအုပ်ကောင်းတွေပဲ– ဖန်ဆင်းခြင်း၊ သင်္ကာယနကင်းရှင်းစေခြင်း၊ ပြန်လည်သင့်မြတ်စေခြင်း၊ ဘာသာတရား၊ ရန်သူများ၊ ကလေးများစတဲ့စာအုပ်တွေ အများကြီးပဲ။ ဂျပန်တွေ ကျွန်တော်တို့မြို့ကို မီးရှို့တဲ့အခါ သက်သေခံတွေနဲ့ ကျွန်တော်ကွဲသွားတယ်၊ ဒါပေမဲ့ တစ်နှစ်ကျော်ကြာပြီးတဲ့နောက် မနီလာမြို့မှာ သူတို့နဲ့ပြန်တွေ့ဆုံခဲ့တယ်။ ကျွန်တော် အစည်းအဝေးတွေကို စတက်ခဲ့တယ်၊ နှစ်ခြင်းခံပြီးတာနဲ့ ရှေ့ဆောင်အုပ်စုတစ်စုနဲ့ ပူးပေါင်းခဲ့တယ်။ ကျွန်တော်တို့တာဝန်ကျတဲ့နေရာကတော့ နောက်ပိုင်း ကွေဇုန်လို့ခေါ်ကြတဲ့ တေရာဘတ်စ် ပြည်နယ်တစ်ခုလုံးဖြစ်တယ်။ တစ်မြို့ပြီးတစ်မြို့ အမှုဆောင်ခဲ့ကြပြီး လူမရှိတဲ့ ဘက်စကားတွေ၊ စိတ်ဝင်စားသူတွေရဲ့အိမ်တွေနဲ့ တခြားအလားတူနေရာတွေမှာ အိပ်ခဲ့ကြရတယ်။
ကျွန်တော်တို့ မက်အူဘန်မြို့ကိုရောက်တဲ့အခါ ပြောက်ကျားစစ်သားတစ်စု မြို့ကိုဝင်စီးတယ်။ ကျွန်တော်တို့က မြို့တော်ခန်းမရဲ့ ဒုတိယထပ်မှာ အိပ်နေကြတာ။ ရုတ်ရုတ်သဲသဲဖြစ်နေလို့ ကျွန်တော်တို့နိုးလာကြတယ်။ အောက်ထပ်က ရဲတွေ အဖမ်းခံရတဲ့ပုံပဲ။ သူတို့ရဲ့သေနတ်တွေကို ကြမ်းပြင်ပေါ်ချနေကြတဲ့အသံ ကျွန်တော်တို့ကြားနေရတယ်။
ပြောက်ကျားစစ်သားတွေ အပေါ်ထပ်ကို ပြေးတက်လာကြတယ်။ သူတို့ထဲကတစ်ယောက်က သူ့ရဲ့လက်နှိပ်ဓာတ်မီးကိုထိုးလိုက်ပြီး “မင်းတို့ဘယ်သူတွေလဲ” လို့မေးပါတယ်။ ကျွန်တော်တို့ အိပ်ချင်ယောင်ဆောင်နေခဲ့ကြတယ်။ “မင်းတို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က သူလျှိုတွေမဟုတ်လား” လို့ ထပ်မေးပါတယ်။
“မဟုတ်ဘူး” လို့ကျွန်တော်တို့ဖြေလိုက်တယ်။
“ဒါပေမဲ့ မင်းတို့ ကာကီရောင်အဝတ်ဝတ်ထားတယ်” လို့ပြောပါတယ်။
ကျွန်တော်တို့ရဲ့ အဝတ်အစားတွေနဲ့ ရှူးဖိနပ်တွေဟာ အမေရိကမှာရှိတဲ့ ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေ လှူဒါန်းပြီး ထောက်ပံ့ပစ္စည်းအဖြစ် တင်ပို့ပေးတဲ့အဝတ်အစားတွေပါလို့ ရှင်းပြခဲ့တယ်။
ဒါနဲ့ စစ်ဗိုလ်က “ဒါဆိုရင် ငါ အဲဒီရှူးဖိနပ်ယူမယ်” လို့ပြောတယ်။ ဒါနဲ့ ကျွန်တော့်ဖိနပ်ကို ချွတ်ပေးလိုက်တယ်။ သူက ကျွန်တော့်ရဲ့ဘောင်းဘီကိုလည်း လိုချင်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့အားလုံးဟာ အတွင်းခံဘောင်းဘီပဲ ကျန်တော့တယ်။ ကျွန်တော်တို့ဘေးနားမှာ အဝတ်အစားတချို့ သိမ်းထားလို့ တော်သေးတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကာကီရောင်အဝတ်အစားတွေကို သူတို့ယူသွားတဲ့အတွက် ကျေးဇူးတင်ရမယ်။ မဟုတ်ရင် မြို့တစ်မြို့လုံးက ကျွန်တော်တို့ကို ပြောက်ကျားသူလျှိုတွေလို့ ထင်ကြမှာ!
ကျွန်တော်တို့ ခုံဖိနပ်တွေဝယ်စီးပြီး မနီလာကို ပြန်လာခဲ့ကြတယ်၊ အဲဒီနောက် ဗစ်စာယန်ကျွန်းဘက်ကိုသွားပြီး ဆက်ဟောပြောခဲ့ကြတယ်။
ညီအစ်ကို ပန်တာ့စ်သည် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်ခဲ့ပြီး ဂိလဒ်ကျောင်းမတက်မီ ညီအစ်ကိုများ၏အမှုထမ်း (ယခုအခေါ် တိုက်နယ်ကြီးကြပ်မှူး) အဖြစ် အမှုဆောင်ခဲ့သည်။ ဖိလစ်ပိုင်သို့ပြန်လာသောအခါ မိသားစုမရှိမီ ခရိုင်ကြီးကြပ်မှူးအဖြစ်နှင့်လည်းကောင်း၊ ဌာနခွဲရုံးတွင်လည်းကောင်း အမှုဆောင်ခဲ့သည်။