ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb03 စာ. ၃-၃၁
  • နီကာရာဂွာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နီကာရာဂွာ
  • ၂၀၀၃ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • အစအဦး၌ ရေစီးကြောင်းကလေးတစ်ခု
  • ဌာနခွဲရုံးတည်ထောင်ခဲ့
  • ဆန့်ကျင်သူများ၏ အောင်မြင်မှုခဏသာတည်
  • အစောပိုင်းသာသနာပြုများအတွက် စိန်ခေါ်ချက်များ
  • မက်တာဂါလ်ပါ ဂိုဏ်းအုပ်ဘုန်းကြီးနှင့် ဆွေးနွေးခြင်း
  • မမောနိုင်မပန်းနိုင်သော အထူးရှေ့ဆောင်များ
  • ၁၉၇၂ ခုနှစ်၊ မာနာဂွာငလျင်
  • ခရစ်ယာန်မေတ္တာက အကူအညီပေးရန်လှုံ့ဆော်
  • သာသနာပြုများသည် မေတ္တာနှင့် စည်းလုံးမှုဆိုင်ရာ စံနမူနာပြ
  • နိုင်ငံရေးတော်လှန်ပုန်ကန် လှုပ်ရှားအုံကြွမှုဖြင့် စမ်းသပ်ခံရ
  • ဖမ်းဆီးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်း
  • ဌာနခွဲရုံး ပိတ်ခံရ
  • မပိတ်ပင်သော်လည်း ကန့်သတ်ချက်များရှိ
  • ရပ်ကွက် အထောက်တော်များ၏ စောင့်ကြည့်ခြင်းခံရ
  • သတိရှိရှိ၊ သတ္တိရှိရှိ
  • သိမ်းယူခြင်းနှင့် ဖမ်းဆီးခြင်း
  • စစ်မှုထမ်းစေခြင်းဥပဒေက ခရစ်ယာန်လူငယ်များအားစမ်းသပ်
  • မိမိတို့၏ ကြားနေခြင်းရပ်တည်ချက်ကို ခုခံကာကွယ်ခြင်း
  • ပုန်းလျှိုးကွယ်လျှိုး ပုံနှိပ်ခြင်း
  • ပုံနှိပ်အလုပ်ရုံများ
  • အဖိုးတန်သော အမှတ်ရစရာအချို့
  • သတ္တိရှိသော ဝိညာဏ အမျိုးသမီးများ
  • သစ္စာစောင့်သိ၍ ယုံကြည်အားကိုးရသော ကလေးသူငယ်များ
  • အကျဉ်းထောင်တွင် နိုင်ငံတော်မျိုးစေ့ကြဲခြင်း
  • အကျဉ်းသားများ၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း
  • စည်ပိုင်းတစ်ခု၌ နှစ်ခြင်းခံခဲ့ကြ
  • အကျဉ်းထောင် လက်ဟန်ပြစကား
  • ဝိညာဉ်အစာက အကျဉ်းသားများအား ခွန်အားဖြစ်စေ
  • ထောင်ထဲတွင် ဝိညာဉ်ရေးသန်မာစွာရှိနေကြ
  • ကန့်သတ်ချုပ်ချယ်မှုများက ဟောပြောခြင်းလုပ်ငန်းကို မရပ်တန့်စေခဲ့
  • ကန့်သတ်ချုပ်ချယ်မှုကို ဖယ်ရှားခဲ့
  • အဆောက်အအုံများ ပြန်လည်ရရှိရန် တောင်းဆိုခြင်း
  • သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းခြင်း
  • “အခြားသော” နီကာရာဂွာ
  • နိုင်ငံတော်သတင်းသည် ပို၍ဝေးလံသောဒေသများသို့ရောက်ရှိ
  • အတွေ့အကြုံရှိသော ညီအစ်ကိုများလိုအပ်
  • စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြည်လုံးကျွတ်စုဝေးမှု
  • သွေးမဲ့ဆေးကုသခွင့်ရရှိရန် ကျိုးကြောင်းတင်ပြခြင်း
  • ရှေ့ဆက်တိုးတက်ရန် သန္နိဋ္ဌာန်
၂၀၀၃ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb03 စာ. ၃-၃၁

နီကာရာဂွာ

နီကာရာဂွာနိုင်ငံကို အပူပိုင်းဒေသ ပရဒိသုအဖြစ် အမှန်အတိုင်း ဖော်ပြခဲ့ကြသည်။ အရှေ့ဘက်ကမ်းခြေသည် ကာရေဘီယံပင်လယ်၏ ကြည်လင်စိမ်းပြာသည့်ရေပြင်ကို မျက်နှာမူလျက်ရှိသည်။ အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းကို ပစိဖိတ်သမုဒ္ဒရာကြီးမှ တက်လာသော လှိုင်းလုံးကြီးများက ရိုက်ခတ်လျက်ရှိသည်။ ဝေဟင်မှကြည့်လျှင် ဤနိုင်ငံသည် သစ်တောများ၊ လယ်ယာများ၊ မြစ်ချောင်းများနှင့် ရှေးမီးတောင်ဟောင်းထိပ်ဝများတွင် ကျောက်မျက်များသဖွယ် ပြန့်ကျဲတည်ရှိနေသည့် ရေအိုင်များတို့ဖြင့် ဖွဲ့စည်းထားသည်။ သို့သော် ထိုရေအိုင်များသည် ဧရာမရေအိုင်ကြီးနှစ်ခုဖြစ်သော နီကာရာဂွာနှင့် မာနာဂွာရေအိုင်တို့နှင့်ယှဉ်လိုက်လျှင်မူ ရေအိုင်ကလေးများပမာ ဖြစ်သွားကြသည်။ စတုရန်းမိုင် ၃,၁၀၀ ကျယ်ဝန်းသော နီကာရာဂွာရေအိုင်တစ်ခုတည်းသည် တစ်နိုင်ငံလုံး၏ ၆ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားသည်!

မြို့တော်ဖြစ်သော မာနာဂွာမြို့သည် စတုရန်းမိုင် ၄၀၀ ကျယ်ဝန်းသော မာနာဂွာရေအိုင်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိသည်။ ဒေသခံဘာသာစကားတစ်ခုအရ “မာနာဂွာ” သည် “ရေအမြောက်အမြားရှိသောဒေသ” ဟုအဓိပ္ပာယ်ရှိရာ နာမည်နှင့်လိုက်ဖက်လှသည်။ အစိုးရရုံးစိုက်ရာနှင့် စီးပွားရေးအချက်အချာဖြစ်သော မာနာဂွာမြို့တွင် လူဦးရေ တစ်သန်းခန့်ရှိသည်—ယင်းသည် နိုင်ငံလူဦးရေငါးသန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်။ မြို့တော်သည် နီကာရာဂွာလူမျိုး ၆၀ ရာခိုင်နှုန်း၏ ဇာတိမြေဖြစ်သည့် ပစိဖိတ်ကမ်းခြေရှိ ကျဉ်းမြောင်းသော မြေနိမ့်ပိုင်းဒေသတွင် တည်ရှိသည်။ အခြား ၃၀ ရာခိုင်နှုန်းသည် အလယ်ပိုင်းကုန်းမြင့်ဒေသတွင် နေထိုင်ကြပြီး ကျန် ၁၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံ၏နယ်မြေ ထက်ဝက်ခန့်ရှိသော အရှေ့ပိုင်း လူနေကျဲသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးနှစ်ခုတွင် နေထိုင်ကြသည်။

နီကာရာဂွာနိုင်ငံ၏ တောင်ဘက်နယ်နိမိတ်သည် ကာရေဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာကို ပိုင်းခြားထားသော ၁၃၇ မိုင်သာကျယ်သည့် အလယ်ပိုင်းအမေရိက ကျွန်းဆက်ကုန်းတန်းဖြစ်သည်။ သို့သော် စန်ဂျော်န်မြစ်သည် နီကာရာဂွာရေအိုင်မှ ကာရေဘီယံပင်လယ်အတွင်း စီးဝင်သောကြောင့် ၎င်းအိုင်နှင့် ပစိဖိတ်သမုဒ္ဒရာကြားတွင် ၁၁ မိုင်သာကျယ်သော ရီဗတ်စ်ကျွန်းဆက်ကုန်းတန်းလေးသာ ပိုင်းခြားထားသည်။ ပနားမားတူးမြောင်းကို မတည်ဆောက်မီက စန်ဂျော်န်မြစ်မှ နီကာရာဂွာအိုင်သို့သွားရာ ရေကြောင်းလမ်းသည် ခရီးသွားများအတွက် အသုံးများသောလမ်းကြောင်းတစ်ခုဖြစ်သဖြင့် ဆွဲဆောင်အားကောင်းသော နယ်မြေဖြစ်ခဲ့သည်။ ယင်းနယ်မြေသည် စပိန်၊ ပြင်သစ်၊ ဂရိတ်ဗြိတိန်၊ နယ်သာလန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုစသည့် တိုင်းတစ်ပါးသြဇာအပြင် အလယ်ပိုင်းအမေရိကန်လူမျိုးများဖြစ်သော မာယာ၊ အက်ဇ်တက္ခ၊ တောလ်တက္ခ၊ ချစ်ဘ်ချာလူမျိုးများ၏ ဩဇာလွှမ်းမိုးမှုအောက်ရောက်ခဲ့ကြောင်း သမိုင်းက ဖော်ပြသည်။

နီကာရာဂွာနိုင်ငံ၏ ဘာသာစကားမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ ပေါင်းစည်းနေသည့် လူ့အဖွဲ့အစည်း၌ လူမျိုးစုများစွာ၊ နိုင်ငံများစွာ၏ အငွေ့အသက်များကို အထင်အရှား တွေ့မြင်ရသည်။ ပစိဖိတ်ဘက်ခြမ်းတွင် အဓိကနေထိုင်ကြသူများမှာ စပိန်လူမျိုးနှင့် တိုင်းရင်းသားလူမျိုးတို့မှ ဆင်းသက်လာသူများဖြစ်သော စပိန်စကားပြော မက်စတီဇိုလူမျိုးများဖြစ်ပြီး ကာရေဘီယံဒေသဘက်တွင် လူမျိုးနွယ်စုများစွာ သီးသန့်နေထိုင်ကြသည်။ မစ်စကီတို၊ ခရီးအိုလ်စ်နှင့် မက်စတီဇိုလူမျိုးများသည် လူများစုများဖြစ်ပြီး စူမို၊ ရာမာနှင့် အဖရို-ကရစ်ဘ်အုပ်စုဖြစ်သည့် ဂါရီဖူနာလူမျိုးများသည် လူနည်းစုများဖြစ်ကြသည်။ ထိုလူမျိုးစုများထဲမှ အများစုသည် သူတို့၏ မိရိုးဖလာဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းကြသော်လည်း လူများသည် ရိုးသား၊ ပွင့်လင်း၊ ဖော်ရွေသူများဖြစ်ကြသည်။ သူတို့သည် ဘာသာတရား ကိုင်းရှိုင်းသူများဖြစ်သဖြင့် လူအများသည် သမ္မာကျမ်းစာကို ချစ်မြတ်နိုးကြသည်။

နီကာရာဂွာ၏ ထူးခြားသောလက္ခဏာတွင် သဘာဝတရားနှင့် လူ့ဖန်တီးမှုများကြောင့် ဘေးဒုက္ခဆိုးများ၏ ပုံရိပ်ထင်ခဲ့ကြောင်းကိုလည်း ဤမှတ်တမ်းတွင် ကျွန်ုပ်တို့ တွေ့ရမည်။ ဥပမာ၊ လွန်ခဲ့သောရာစုနှစ်အတွင်း ပစိဖိတ်ဘက်ခြမ်း ကျွန်းဆက်ကုန်းတန်းတွင် နှစ်ကြိမ်တိုင် လှုပ်ခဲ့သောငလျင်များကြောင့် မာနာဂွာမြို့သည် မြေပြင်နှင့်တညီတည်းဖြစ်ခဲ့သည်။ နီကာရာဂွာနိုင်ငံ အရှေ့ပိုင်းသည်လည်း အခြားသော သဘာဝကပ်ဘေးဖြစ်သည့် အတ္တလန္တိတ်သမုဒ္ဒရာမှ ဖြစ်တည်လာသော ဟာရီကိန်းမုန်တိုင်း၏ ဖျက်ဆီးမှုကို ခံခဲ့ရသည်။ ထို့ပြင် ပြည်တွင်းစစ်၊ နိုင်ငံရေးပုန်ကန်မှု၊ ကြမ်းတမ်းခက်ထန်သော အာဏာရှင်များကြောင့် ဒုက္ခသုက္ခများ ထပ်ဆင့်ဖြစ်ပွားခဲ့သည်။

သို့သော် ကျမ်းစာသမ္မာတရားဖြစ်သည့် စင်ကြယ်သောရေသည် မြစ်ချောင်းအင်းအိုင်ပေါများသည့် ဤလှပသောနိုင်ငံအတွင်း စီးဝင်နိုင်ခဲ့သဖြင့် ထောင်နှင့်ချီသော စိတ်နှလုံးရိုးဖြောင့်သူများအတွက် နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ရှိစေသည်။ (ဗျာ. ၂၂:၁၇) ယနေ့ နီကာရာဂွာနိုင်ငံအတွင်းသို့ ဒလဟောစီးဆင်းနေသည့် ဝိညာဏပြင်ဆင်ပေးချက်များက ထိုနိုင်ငံရှိ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအပေါ် ယေဟောဝါ၏ ကြွယ်ဝသောကောင်းချီး သက်ရောက်နေသည့် အထောက်အထားဖြစ်ပေသည်၊ အထူးသဖြင့် လွန်ခဲ့သော အနှစ်ခြောက်ဆယ်က သတင်းကောင်းသည် ရေစီးကြောင်းကလေးမျှသာ ရှိခဲ့သည်ကို ထည့်သွင်းသုံးသပ်သည့်အခါ ဤအချက်ကိုတွေ့ရသည်။

အစအဦး၌ ရေစီးကြောင်းကလေးတစ်ခု

၁၉၄၅၊ ဇွန်လ ၂၈ ရက်နေ့တွင် ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်း၏ ပထမအကြိမ် သင်တန်းကျောင်းဆင်းများဖြစ်သော ဖရန်စစ္စနှင့် ဝီလျံဝေါလ်လေးစ် ညီအစ်ကိုအရင်းနှစ်ဦးသည် မာနာဂွာမြို့သို့ ရောက်ရှိလာခဲ့သည်။ သူတို့သည် နီကာရာဂွာနိုင်ငံတွင် သတင်းကောင်းကို စနစ်တကျဟောပြောရန် စတင်စီစဉ်ခဲ့ကြပြီး အနာဂတ် သာသနာပြုမျိုးဆက်များ ဝင်ရောက်ရေးအတွက် လမ်းခင်းပေးခဲ့ကြသည်။ သို့သော် သူတို့သည် ဤနိုင်ငံတွင် နိုင်ငံတော်သတင်းကို ဦးဆုံးဟောပြောခဲ့သူများ မဟုတ်ပါ၊ ၁၉၃၄ ခုနှစ်တွင် အလည်အပတ်ရောက်ရှိခဲ့သူ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် မာနာဂွာမြို့နှင့် နိုင်ငံ၏အခြားဒေသများတွင် စာပေစာတမ်းများကို ဝေငှခဲ့သည်။ သို့ဖြစ်စေကာမူ ၁၉၄၅ ခုနှစ်တိုင်အောင် ယေဟောဝါသက်သေများအကြောင်း ကြားသိသူများ အလွန်နည်းပါးခဲ့သည်။

ဝေါလ်လေးစ်ညီအစ်ကိုနှစ်ယောက် လယ်ကွင်းလုပ်ငန်းကို စတင်လုပ်ဆောင်ရာတွင် ခရီးဆောင်ဓာတ်စက်နှင့် အသံသွင်းထားသော ကျမ်းစာအခြေပြုဓာတ်ပြားများကို ဖွင့်ပြခဲ့ကြသည်—ယင်းသည် ထိုအချိန်က နီကာရာဂွာတွင် အသစ်အဆန်းဖြစ်နေသည်! ထို့ကြောင့် ဦးဆုံးလတွင် နိုင်ငံတော်သတင်းကို လူပေါင်း ၇၀၅ ယောက် နားထောင်ခဲ့သည်။

ထိုနှစ်အောက်တိုဘာလတွင် နောက်ထပ် သာသနာပြု လေးဦး—အိမ်ထောင်သည်စုံတွဲများဖြစ်သည့် ဟားရော့လ်ဒ်နှင့် အီးဗ်လင်း ဒန်ကယ်န်၊ ဝီလ်ဘာ့တ်နှင့် အဲန်းဂိုင်စီလ်မန်းတို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် နိုင်ငံတော်သတင်းကို ကြေညာလိုစိတ် ထက်သန်သောကြောင့် လူထုအစည်းအဝေးများ တသီတတန်းကျင်းပရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၅၊ နိုဝင်ဘာလတွင် နီကာရာဂွာနိုင်ငံသားများသည် ကျမ်းစာဟောပြောချက်ကို ဖိတ်ခေါ်သည့် လက်ကမ်းဝေစာကမ်းသူများနှင့် လမ်းများပေါ်တွင် တွေ့ဆုံခဲ့ကြရသည်။ အနီးအနားတွင် နိုင်ငံရေးဆူပူမှုနှင့် လမ်းပေါ်တိုက်ခိုက်မှုတစ်ခုက အစီအစဉ်ပျက်ပြားအောင် ခြိမ်းခြောက်ခဲ့သော်လည်း အစည်းအဝေးကို အနှောင့်အယှက်ကင်းစွာ ကျင်းပနိုင်ခဲ့ပြီး ပထမဦးဆုံး လူထုဟောပြောချက်ကို လူပေါင်း ၄၀ ကျော်နားထောင်ခဲ့သည်။ ထိုအတောအတွင်း သာသနာပြုအိမ်တွင် ပတ်စဉ်ကင်းမျှော်စင်သင်တန်းနှင့် လုပ်ငန်းတော်အစည်းအဝေးကို စတင်ကျင်းပခဲ့ကြသည်။

၁၉၄၆ ခုနှစ်သည် သာသနာပြုများနှင့် ကျမ်းစာသတင်းစကားကို ဦးဆုံးတုံ့ပြန်သူများအတွက် ပျော်စရာအချိန်ဖြစ်ခဲ့သည်။ ဦးဆုံးတုံ့ပြန်သူများထဲတွင် တစ်ဦးဖြစ်သူမှာ ၂၄ နှစ်အရွယ် အာနိုလ်ဒို ကက်စ်ထရိုဖြစ်သည်၊ ကျမ်းစာသမ္မာတရား စတင်သိရှိလာပုံကို ခပ်ပြုံးပြုံးနှင့် ဤသို့ပြောပြသည်– “ကျွန်တော့်ရဲ့အခန်းဖော်တွေဖြစ်တဲ့ အဲဗာရစ္စထရို စန်ချဲ့ဇ်၊ လိုရန်ဇိုအော့ဘရေန်ဂွန်နဲ့ ကျွန်တော်ဟာ အင်္ဂလိပ်စာလေ့လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အဲဗာရစ္စထရိုဟာ ဈေးကနေပြန်လာတယ်၊ စာအုပ်တစ်အုပ်ကို ဝှေ့ရမ်းပြပြီး ‘တို့ကို အင်္ဂလိပ်စာသင်ပေးမယ့် အမေရိကန်တစ်ယောက်ကို တွေ့ခဲ့တယ်!’ လို့ပြောပါတယ်။ တကယ်တော့ သင်ပေးမယ့် ‘ဆရာရဲ့’ ရည်ရွယ်ချက်က ဒီလိုမဟုတ်ပေမဲ့ အဲဗာရစ္စထရိုက အဲလိုပဲနားလည်ခဲ့တယ်။ ဒါနဲ့ ချိန်းထားတဲ့အချိန်ရောက်တော့ ကျွန်တော်တို့လူငယ်သုံးယောက်ဟာ အင်္ဂလိပ်စာသင်ရတော့မယ်ဆိုပြီး ပျော်နေကြတယ်။ ‘ဆရာ’ ဖြစ်တဲ့ သာသနာပြု ဝီလ်ဘာ့တ်ဂိုင်စီလ်မန်းဟာ စာအုပ်ကိုင်ပြီး စိတ်အားထက်သန်စွာ စောင့်နေကြတဲ့ ‘ကျမ်းစာသင်သား’ တွေကိုတွေ့ရတော့ အံ့သြဝမ်းသာသွားခဲ့တယ်။”

“စာအုပ်ကတော့ ‘သမ္မာတရားသည် သင်တို့ကို လွှတ်လိမ့်မည်’ ဖြစ်ပြီး တစ်ပတ်ကို နှစ်ခါလေ့လာခဲ့ကြတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ဟာ အင်္ဂလိပ်စာကို ဒီလောက်ကြီးတတ်မလာဘဲ ကျမ်းစာအမှန်တရားကို သိရှိလာခဲ့ကြတယ်” ဟုအာနိုလ်ဒိုရှင်းပြသည်။ အာနိုလ်ဒိုသည် ၁၉၄၆၊ ဩဂုတ်လတွင် ယူ.အက်စ်.အေ.၊ အိုဟိုင်အိုပြည်နယ်၊ ကလီဗ်လန်မြို့၌ကျင်းပသော စည်းဝေးပွဲတွင် နှစ်ခြင်းခံခဲ့သည်၊ နီကာရာဂွာသို့ ပြန်သွားပြီးနောက် ရှေ့ဆောင်လုပ်ငန်းတွင် စတင်ပါဝင်ခဲ့သည်။ ထိုနှစ်ကုန်ပိုင်းတွင် သူ၏အခန်းဖော်နှစ်ဦးလည်း နှစ်ခြင်းခံခဲ့သည်။

ယခု ၈၃ နှစ်ရှိပြီဖြစ်သော အဲဗာရစ္စထရိုစန်ချဲ့ဇ်က ထိုအစောပိုင်းကာလအကြောင်း ဤသို့ပြောပြသည်။ “အစပိုင်းမှာတော့ ကျွန်တော်တို့မှာ အစည်းအဝေးတွေကျင်းပမယ့်နေရာ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လူနည်းစုပဲဖြစ်တဲ့အတွက် သာသနာပြုတွေနေတဲ့နေရာမှာပဲ စုဝေးခဲ့ကြတယ်။ နောက်ပိုင်း နှစ်ထပ်အိမ်တစ်လုံး ငှားခဲ့ကြပြီး အယောက် ၃၀ မှ ၄၀ အထိ အဲဒီမှာ မှန်မှန်စုဝေးခဲ့ကြတယ်။”

ထိုလူငယ်သုံးဦးသည် ဓမ္မအမှုတွင် သာသနာပြုများနှင့် ပူးပေါင်းကြသော ဦးဆုံး နီကာရာဂွာလူမျိုးများဖြစ်သည်၊ အစတွင် မာနာဂွာမြို့၌၊ နောက်ပိုင်းတွင် အစွန်အဖျားဒေသများ၌ အမှုဆောင်ခဲ့ကြသည်။ ထိုအချိန်က မာနာဂွာမြို့သည် လူဦးရေ ၁၂၀,၀၀၀ ခန့်ရှိပြီး ယခုထက်အလွန်နည်းသည်။ မြို့လယ်ရှိ အကွက် ၁၂ ကွက်ကိုသာ လမ်းခင်းထားသည်။ အဲဗာရစ္စထရို ဤသို့ပြန်ပြောပြ၏– “ကျွန်တော်တို့ ခြေကျင်နဲ့ခရီးသွားရတယ်။ ဘတ်စကားလည်းမရှိ၊ ခင်းထားတဲ့လမ်းလည်းမရှိဘူး၊ ရထားလမ်းနဲ့ လှည်းလမ်းကြောင်းတွေပဲရှိတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့ရာသီနဲ့ မိုးရာသီအပေါ်မူတည်ပြီး ကျွန်တော်တို့ဟာ ဖုန်မှုန့် ဒါမှမဟုတ် ရွှံ့ပေါ်မှာ လမ်းလျှောက်ခဲ့ရတယ်။” သို့သော် ၁၉၄၆၊ ဧပြီလ သတိရအောက်မေ့ပွဲကို ၅၂ ယောက်တက်ရောက်ခဲ့၍ သူတို့၏ ကြိုးစားအားထုတ်မှုသည် အကျိုးဖြစ်ထွန်းခဲ့သည်။

ဌာနခွဲရုံးတည်ထောင်ခဲ့

ထိုလတွင်ပင် ဘရွတ်ကလင်ဌာနချုပ်မှ နေသန် အိပ်ချ်. နောရ်နှင့် ဖရက်ဒရစ်ခ် ဒဗလျူ. ဖရန့်ဇ်တို့သည် နီကာရာဂွာသို့ ပထမဦးဆုံးအကြိမ် လည်ပတ်ရောက်ရှိခဲ့သည်။ လည်ပတ်ချိန် လေးရက်အတွင်း ညီအစ်ကိုနောရ်၏ “အသင်လူမျိုးတို့၊ ဝမ်းမြောက်ကြလော့” လူထုဟောပြောချက်ကို ပရိသတ်ပေါင်း ၁၅၈ ယောက် နားထောင်ခဲ့ကြသည်။ ညီအစ်ကို ဖရန့်ဇ်က ဟောပြောချက်ကို စပိန်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ ညီအစ်ကို နောရ်သည် ပြန်လည်မထွက်ခွာမီ နီကာရာဂွာတွင် လုပ်ငန်းတော်ကို ကြီးကြပ်ဆောင်ရွက်ရန် ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးကို ဖွဲ့စည်းပေးခဲ့သည်။ မကြာသေးမီက ကော့စ်တာရီကာမှပြောင်းလာသော အသက် ၂၆ နှစ်ရှိ ဝီလျံ ယူဂျင်းခေါလ်ကို ဌာနခွဲအမှုထမ်းအဖြစ် ခန့်အပ်ခဲ့သည်။

နောက်ပိုင်း ဆယ်စုနှစ်များတွင် ဌာနခွဲရုံးကို ဂျင်နိုတဲ့ပေ၊ မာဆာရာ၊ လေအွန်၊ ဘလူးဖီးလ်ဒ်၊ ဂရနာဒါနှင့် မက်တာဂါလ်ပါစသောမြို့များရှိ သာသနာပြုအိမ်များတွင် တည်ထောင်ခဲ့သည်။ အသစ်တည်ထောင်ထားသော အသင်းတော်များနှင့် အုပ်စုများရှိ ညီအစ်ကိုများကို ခိုင်ခံ့စေရန်နှင့် အားပေးရန်အတွက် တိုက်နယ်ကြီးကြပ်မှူးတစ်ဦး လည်ပတ်ရန် အစီအစဉ်များ ဆွဲခဲ့ကြသည်။

ဆန့်ကျင်သူများ၏ အောင်မြင်မှုခဏသာတည်

ညီအစ်ကိုများ၏ ဇွဲထက်သန်မှုကြောင့် လျင်မြန်စွာ သီးပွင့်လာခဲ့ရာ ခရစ်ယာန်ဘောင် ဓမ္မဆရာများကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သာသနာပြုနှစ်ဦးတာဝန်ကျသည့် ကာရေဘီယံကမ်းခြေရှိ ဘလူးဖီးလ်ဒ်မြို့တွင် ဦးဆုံးဆန့်ကျင်မှု ဖြစ်ပွားခဲ့သည်။ ယေဟောဝါသက်သေများအား ဆန့်ကျင်သော တရားရုံးအမိန့်ထုတ်ပြန်ခဲ့သော ၁၉၅၂၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် အခြေအနေဆိုးလာသည်။ သက်သေခံတို့၏ လုပ်ဆောင်မှုအားလုံးကို ပိတ်ပင်သောအမိန့်ပြန်တမ်းကို လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦးက ကက်သလစ်ခေါင်းဆောင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လက်မှတ်ရေးထိုးခဲ့သည်။

ဘလူးဖီးလ်ဒ်၊ လေအွန်၊ ဂျင်နိုတဲ့ပေနှင့် မာနာဂွာမြို့တို့မှ သာသနာပြုများအား တရားရုံးအမိန့်ကို အကြောင်းကြားခဲ့သည်။ ထိုအချိန်က သမ္မတဖြစ်သူ အန်နာစတေစီယိုစမိုဇာ အပါအဝင် သက်ဆိုင်ရာအာဏာပိုင်များထံ အယူခံဝင်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ ညီအစ်ကိုများသည် အုပ်စုငယ်အဖြစ် စည်းဝေးကြပြီး လမ်းပေါ်မဂ္ဂဇင်းလုပ်ငန်းကို ဆက်မလုပ်တော့သည့်အပြင် ဌာနခွဲမှ စာပေစာတမ်းများကို လုံခြုံသောနေရာများသို့ ရွှေ့ပြောင်းခဲ့သည်။ ကျွန်ုပ်တို့၏ ဘာသာရေးရန်သူများက ယေဟောဝါသက်သေများသည် ကွန်မြူနစ်များဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲကြေညာပြီး လုပ်ငန်းကိုပိတ်ပင်ရာ၌ အောင်မြင်သွားခဲ့သည်။ နိုင်ငံတော်တရားရုံးချုပ်သို့ ဤစီရင်ဆုံးဖြတ်ချက်ကို အယူခံဝင်ရန်အတွက် ရှေ့နေတစ်ဦးကို ငှားရမ်းခဲ့သည်။

ညီအစ်ကိုတချို့သည် လူကိုကြောက်ရွံ့ခြင်းကြောင့် လက်လျှော့အရှုံးပေးခဲ့ကြသော်လည်း အများစုမှာမူ ဆက်၍တည်ကြည်ခဲ့ကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နာခံလျက် ဆက်လက်ဟောပြော၍ အတူတကွစည်းဝေးခဲ့ကြသော ဒေသခံညီအစ်ကိုများအတွက် ရင့်ကျက်ပြီး ကြောက်ရွံ့မှုကင်းသော သာသနာပြုများသည် ခွန်အားပေးရာ ခံတပ်သဖွယ်ဖြစ်ခဲ့သည်။ (တ. ၁:၈; ၅:၂၉; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့နောက် ၁၉၅၃၊ ဇွန်လ ၉ ရက်နေ့—ပိတ်ပင်ပြီး ရှစ်လခန့်အကြာတွင်—နိုင်ငံတော်တရားရုံးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ပြန်လည်အတည်ပြုပေးခြင်းဖြင့် ယေဟောဝါသက်သေများအား ထောက်ခံသည့် တညီတညွတ်တည်းဖြစ်သော ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ ဤပူးပေါင်းကြံစည်မှုသည် အဘက်ဘက်တွင် ပျက်ပြားသွားခဲ့သည်။

အစောပိုင်းသာသနာပြုများအတွက် စိန်ခေါ်ချက်များ

ခရစ်ယာန်ဘုန်းကြီးများ၏ ဆန့်ကျင်မှုသည် အစောပိုင်းသာသနာပြုများ ရင်ဆိုင်ကြရသည့် တစ်ခုတည်းသော စိန်ခေါ်ချက်မဟုတ်ခဲ့ပါ။ ၁၂ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းများဖြစ်သော ဆစ်ဒ်နီနှင့် ဖီလ်လစ္စ ပေါ်တာတို့၏ နမူနာကို သုံးသပ်ကြည့်ပါ။ ၁၉၄၉၊ ဇူလိုင်လတွင် နီကာရာဂွာသို့ သူတို့ရောက်ရှိသည့်အခါ ဆစ်ဒ်နီသည် တစ်နိုင်ငံလုံး သိမ်းကျုံးပါဝင်သည့် တိုက်နယ်တစ်ခု၏ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ရန် ခန့်အပ်ခံခဲ့ရသည်။ ထိုအချိန်က နယ်လှည့်လုပ်ငန်းသည် အဘယ်အရာနှင့်တူသည်ကို သူဤသို့ဖော်ပြခဲ့သည်။ “သယ်ယူပို့ဆောင်ရေးအတွက် ရထားနဲ့ဘတ်စကားတွေကို သုံးခဲ့ရတယ်။ အများအားဖြင့် တည်းခိုစရာ ညီအစ်ကိုအိမ်တွေမရှိတဲ့အတွက် ကျွန်တော်တို့ဟာ အိပ်ရာတွေ၊ ရေနွေးတည်ဖို့နဲ့ ချက်ပြုတ်ဖို့အတွက် ခရီးဆောင်မီးဖိုလေးတစ်ခုကို သယ်သွားရတယ်။ ကျွန်တော်တို့ဟာ တစ်ခါခရီးထွက်ရင် ရက်သတ္တပတ် ဆယ်ပတ်လောက် ဌာနခွဲနဲ့ဝေးရာကိုသွားရတဲ့အခါတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ရပ်ကွက်က အရမ်းကိုသီးပွင့်တဲ့အတွက် တချို့ဒေသတွေမှာရှိတဲ့ စိတ်ဝင်စားသူတွေကို အကူအညီပေးဖို့ဆိုတာ မလွယ်ကူဘူး။ ဥပမာ၊ နောက်ပိုင်း ကျွန်တော်တို့ မာနာဂွာမှာ တိုက်နယ်ပတ်ချိန်မှာ ဖီလ်လစ္စဟာ ကျမ်းစာသင်အံမှု ၁၆ ခုကျင်းပခဲ့တယ်! အချိန်ကို သူဘယ်ကနေ ရှာယူခဲ့သလဲ။ ကျွန်တော်တို့ရတဲ့ခွင့်ရက်တွေနဲ့ အသင်းတော်အစည်းအဝေးတွေမရှိတဲ့ ညနေပိုင်းအချိန်တွေမှာ သူ့ရဲ့ကျမ်းစာသင်အံမှုတွေကို ကျင်းပခဲ့တယ်။” ထိုအစောပိုင်းသာသနာပြုများသည် ဘုရားအတွက် မိမိတို့ဘဝကို ပေးဆပ်ခဲ့ကြသည်!

၁၉၅၇ ခုနှစ်တွင် ရောက်ရှိလာသော ဒေါရစ်နီဟော့ဖ်က သူမ၏ ပထမဦးဆုံး ထင်မြင်ချက်ကို ဤသို့ပြောပြ၏– “မတ်လကုန်ပိုင်း၊ ခြောက်သွေ့တဲ့ရာသီဖြစ်တဲ့အတွက် ကျေးလက်ဒေသတွေဟာ အညိုရောင်ဖြစ်နေတယ်။ အဲဒီအချိန်တုန်းက ကားနည်းနည်းပဲရှိတယ်၊ လူတိုင်း မြင်းစီးကြတယ်—သေနတ်လည်း ဆောင်ထားကြတယ်! အနောက်တိုင်းရုပ်ရှင်ရိုက်ကွင်းထဲ ရောက်နေသလိုပါပဲ။ အဲဒီအချိန်တုန်းက လူအများဟာ ချမ်းသာသူဖြစ်ရင်ဖြစ် မဟုတ်ရင် ဆင်းရဲသားတွေဖြစ်ကြတယ်၊ အများစုဟာ ဆင်းရဲကြတယ်။ ပိုဆိုးတာက နီကာရာဂွာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ နယ်မြေအငြင်းပွားမှုကြောင့် စစ်ဖြစ်နေပြီး ကျွန်မ,မရောက်ခင် ခြောက်လအလိုမှာ သမ္မတစမိုဇာ ဂါ့စီယာ လုပ်ကြံခံရတဲ့အတွက် နိုင်ငံကို စစ်အုပ်ချုပ်ရေးအမိန့်နဲ့ အုပ်ချုပ်ခဲ့တယ်။”

ဒေါရစ် ဤသို့ဆက်ပြောပြ၏– “ကျွန်မက တက္ကသိုလ်ရှိတဲ့ လေအွန်မြို့မှာ တာဝန်ကျခဲ့တယ်။ စပိန်ဘာသာစကားကို ကျွန်မကောင်းကောင်းနားမလည်တဲ့အတွက် ကျောင်းသားတွေက ကျွန်မကို နောက်ပြောင်ချင်ကြတယ်။ ဥပမာ၊ ကျွန်မက တချို့ကျောင်းသားတွေကို ကျမ်းစာအကြောင်း ပြောပြဖို့ ပြန်လာမယ်လို့ ကမ်းလှမ်းတဲ့အခါ သူတို့က ရတယ်လို့ပြောပြီး သူတို့ ‘နာမည်’ ကိုပြောတဲ့အခါ ရယ်ကြတော့တယ်။ တစ်ယောက်က သမ္မတကိုလုပ်ကြံတဲ့သူရဲ့နာမည်ကို ပေးပြီး တခြားတစ်ယောက်က နာမည်ကြီးနေတဲ့ပြောက်ကျားတပ်သားတစ်ယောက်ရဲ့ နာမည်ကို ပေးခဲ့တယ်! ပေးခဲ့တဲ့နာမည်တွေအတိုင်း အဲဒီကျောင်းသားတွေကို ပြန်သွားရှာတဲ့အခါ ကျွန်မကို ထောင်ထဲမထည့်ခဲ့ကြတာ အံ့ဩစရာပဲ!”

မက်တာဂါလ်ပါ ဂိုဏ်းအုပ်ဘုန်းကြီးနှင့် ဆွေးနွေးခြင်း

မာနာဂွာမြို့၏မြောက်ဘက် မိုင် ၈၀ အကွာတွင်ရှိသော မက်တာဂါလ်ပါမြို့သည် ကော်ဖီစိုက်ပျိုးရာဒေသတစ်ခု၏ တောင်ကုန်းများကြားတွင် တည်ရှိသည်။ ၁၉၅၇ ခုနှစ်တွင် သာသနာပြုလေးဦးသည် ထိုနေရာတွင် တာဝန်ကျခဲ့သည်။ ထိုအချိန်က ဂျိုစဖင်း သီလရှင်များ ဖွင့်လှစ်ထားသည့် ကောလိပ်ကျောင်းတွင် သင်္ချာပါမောက္ခဖြစ်သူ ဩဂတ်စတင်းစေကေရာက မက်တာဂါလ်ပါမြို့ရှိ ဘာသာရေးအခြေအနေနှင့်ပတ်သက်၍ ဤသို့ပြန်ပြောပြခဲ့သည်– “လူအများစုဟာ ကက်သလစ်ဘာသာဝင်တွေဖြစ်ကြပြီး ဘုန်းကြီးတွေ၊ အထူးသဖြင့် ဂိုဏ်းအုပ်ဘုန်းကြီးကို ကြောက်ကြတယ်။ ဂိုဏ်းအုပ်ဟာ ကျွန်တော့်ကလေးတစ်ယောက်ရဲ့ ခေါင်းကိုင်အဖေဖြစ်တယ်။”

ထိုသို့ကြောက်ရွံ့ကြခြင်းကြောင့် ဌာနခွဲသည် သာသနာပြုများအတွက် နေအိမ်ရှာပေးရာတွင် အခက်တွေ့ခဲ့သည်။ ဥပမာ၊ အိမ်တစ်လုံးကို ငှားရမ်းဖို့ စီစဉ်သည့်အခါ ဌာနခွဲရုံးက သာသနာပြုများသည် ထိုအိမ်တွင် ခရစ်ယာန်အစည်းအဝေးများ ကျင်းပမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးဖြစ်သူ အိမ်ရှင်ကို အကြောင်းကြားခဲ့ရာ အိမ်ရှင်ဖြစ်သူက “ရတယ်၊ ကိစ္စမရှိဘူး” ဟု သူပြောခဲ့သည်။

နောက်ပိုင်းအဖြစ်အပျက်ကို ဒေါရစ်နီဟော့ဖ်က ဤသို့ပြန်ပြောပြ၏– “အသုံးအဆောင်ပရိဘောဂအားလုံးနဲ့ ကျွန်မတို့ရောက်သွားတဲ့အခါ အိမ်ရှင်ဟာ စိုးရိမ်တဲ့မျက်နှာနဲ့ ရောက်လာတယ်။ ကျွန်မတို့ကို ပြောင်းမလာဖို့ အသိပေးတဲ့ ကြေးနန်းတစ်စောင် ပို့လိုက်တယ်လို့ သူပြောပြတယ်။ ဘာဖြစ်လို့လဲ။ ကျွန်မတို့ကို အိမ်ငှားမယ်ဆိုရင် သူ့ရဲ့သားဟာ ကက်သလစ်ကျောင်းမှာ တက်ခွင့်ရမှာမဟုတ်ဘူးလို့ ဂိုဏ်းအုပ်ဘုန်းကြီးက ခြိမ်းခြောက်ထားတဲ့အတွက်ဖြစ်တယ်။ ကျွန်မတို့ ကြေးနန်းမရခဲ့တဲ့အပြင် ငှားရမ်းခတစ်လစာလည်း ကြိုပေးထားတဲ့အတွက် တော်သေးတယ်။”

ဒေါရစ် ဤသို့ဆက်ပြောပြ၏– “အဲဒီလအတွင်းမှာပဲ အတော်ခက်ခက်ခဲခဲနဲ့ နောက်အိမ်တစ်လုံးရှာတွေ့ခဲ့တယ်။ ဂိုဏ်းအုပ်ဘုန်းကြီးက အိမ်ပိုင်ရှင်ကို ဖိအားပေးဖို့ ကြိုးစားတဲ့အခါ သတ္တိရှိတဲ့စီးပွားရေးသမားအိမ်ရှင်က ‘ကောင်းပြီ၊ ကျွန်တော့်ကို တစ်လ ငွေလေးရာပေးမယ်ဆိုရင် ကျွန်တော်သူတို့ကို ထွက်ခိုင်းလိုက်မယ်’ ဆိုပြီး ပြန်ပြောလိုက်တယ်။ ဂိုဏ်းအုပ်ဘုန်းကြီးက ငွေမပေးခဲ့ပါဘူး။ ဂိုဏ်းအုပ်ဘုန်းကြီးဟာ ဆက်ပြီးမတားဆီးခဲ့ပေမဲ့ စတိုးဆိုင်အားလုံးဆီသွားပြီး ယေဟောဝါသက်သေတွေနဲ့ စကားမပြောဖို့ သတိပေးကြော်ငြာစာတွေ ကပ်ထားလိုက်တယ်။ ဆိုင်ပိုင်ရှင်ကိုလည်း ကျွန်မတို့ကို ပစ္စည်းမရောင်းပေးဖို့ မှာသွားသေးတယ်။”

သာသနာပြုများသည် ဇွဲဖြင့်ကြိုးစားခဲ့ကြသော်လည်း မက်တာဂါလ်ပါမြို့မှလူများသည် ကျမ်းစာသမ္မာတရားဘက် ရပ်တည်လိုစိတ်ရှိပုံမပေါ်ခဲ့ကြချေ။ သို့သော် သင်္ချာပါမောက္ခ ဩဂတ်စတင်း၌ အဖြေမရသော မေးခွန်းများစွာရှိခဲ့သည်။ ဥပမာ၊ ပိရမစ်များကို တည်ဆောက်ခဲ့သော ဖာရောဘုရင်များ သေဆုံးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုပိရမစ်များသည် အဘယ်ကြောင့် ဆက်တည်ရှိနေသည်ကို သူသိချင်ခဲ့သည်! သာသနာပြုတစ်ဦး သူ့အိမ်သို့ရောက်လာပြီး သူ၏မေးခွန်းကို ကျမ်းစာမှ ဖော်ပြခဲ့သည်ကို သူကောင်းစွာ မှတ်မိနေဆဲဖြစ်သည်။ ဩဂတ်စတင်း ဤသို့ရှင်းပြ၏– “လူဟာ သေဖို့မဟုတ်ဘဲ ပရဒိသုမြေကြီးမှာ ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းခံရတယ်၊ သေသွားတဲ့လူတွေဟာ ရှင်ပြန်ထမြောက်လာကြမယ်ဆိုတဲ့ ဖော်ပြတဲ့ကျမ်းချက်တွေဟာ ကျွန်တော့်အာရုံကို ညှို့ယူဖမ်းစားခဲ့တယ်။ ဒါဟာ သမ္မာတရားပဲလို့ ကျွန်တော်ချက်ချင်း အသိအမှတ်ပြုခဲ့တယ်။” ဩဂတ်စတင်း မည်သို့တုံ့ပြန်ခဲ့သနည်း။ ဩဂတ်စတင်း ဤသို့ပြောပြ၏– “ကျွန်တော်စာသင်တဲ့ ကောလိပ်မှာရှိတဲ့သူတိုင်းနဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ သီလရှင်ကိုပါ စဟောခဲ့တယ်။ သီလရှင်က ‘လောကဆုံးခန်း’ အကြောင်း ဆွေးနွေးဖို့ တနင်္ဂနွေနေ့မှာ သူ့ဆီလာဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော်ရောက်သွားတဲ့အခါ မက်တာဂါလ်ပါမြို့ရဲ့ ဂိုဏ်းအုပ်ဘုန်းကြီးပါ ကျွန်တော့်ကိုစောင့်နေတာတွေ့တော့ ကျွန်တော်အံ့သြသွားခဲ့တယ်။”

ဂိုဏ်းအုပ်က “ဘယ်လိုလဲ သူငယ်ချင်း၊ ခင်ဗျား ယုံကြည်ခြင်းပျောက်သွားပြီလို့ သူတို့ ပြောနေကြတယ်” လို့ပြောသည်။

“ဘယ်ယုံကြည်ခြင်းကို ပြောတာလဲ။ ကျွန်တော့်မှာ တစ်ခါမှမရှိခဲ့တဲ့ယုံကြည်ခြင်းလား။ အခုမှ ယုံကြည်ခြင်းအစစ်ကို ကျွန်တော် လေ့လာနေတာ” လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။

ထို့နောက် သုံးနာရီကြာ ဆွေးနွေးမှု စခဲ့ရာ သီလရှင်က ဘေးမှနားထောင်ခဲ့သည်။ အသစ်တွေ့ရှိထားသော ယုံကြည်ခြင်းအပေါ် ဩဂတ်စတင်း၏စိတ်ထက်သန်မှုကြောင့် တစ်ခါတစ်ရံ သူသည် အတော်ပင် ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ လူ့ဝိညာဉ်မသေနိုင်ဟူသော ခရစ်ယာန်မဆန်သည့် ယုံကြည်ချက်သည် ဖြူစင်ရိုးသားသောလူများထံမှ ခေါင်းပုံဖြတ်ငွေရှာသည့် အကြံအစည်ဖြစ်သည်ဟုပင် သူခေါ်ခဲ့သည်။ ဂိုဏ်းအုပ်ဘုန်းကြီးအား ထိုအချက်ကိုဖော်ပြရာတွင် ဩဂတ်စတင်းက ဤသို့ပြောခဲ့၏– “ဥပမာ၊ ကျွန်တော့်အမေ ဆုံးတုန်းကအဖြစ်ကို စဉ်းစားကြည့်ပါ။ ထုံးစံအရ အမေ့ရဲ့ဝိညာဉ်ဟာ ငရဲကလေးမှာရှိနေတဲ့အတွက် မားစ်ပွဲပေးဖို့ ကျွန်တော် ခင်ဗျားကိုတောင်းဆိုခဲ့တယ်။ ခင်ဗျားက အဲဒီအတွက် ပိုက်ဆံတောင်းခဲ့တယ်။ နောက်ရှစ်ရက်ကြာတဲ့အခါ နောက်တစ်ခါ မားစ်ပွဲပေးရပြန်တယ်။ တစ်နှစ်ကြာတော့ နောက်တစ်ခါ၊ ပြီးတော့ နောက်တစ်နှစ်၊ ပြီးကိုမပြီးနိုင်တော့ဘူး။ ‘သူငယ်ချင်းရေ၊ ခင်ဗျားအမေရဲ့ဝိညာဉ်ဟာ အခု ငရဲကလေးကနေ လွတ်သွားပြီဖြစ်တဲ့အတွက် နောက်ထပ်မားစ်ပွဲပေးဖို့ မလိုတော့ဘူး’ လို့ခင်ဗျား ကျွန်တော့်ကို တစ်ခါမှမပြောခဲ့ပါလား” ဟုပြောလိုက်သည်။

ဂိုဏ်းအုပ်ဘုန်းကြီးက “ဟ! ငရဲကလေးကနေ ထွက်တဲ့အချိန်ကို ဘုရားသခင်တစ်ပါးပဲ သိနိုင်တာကိုး!” ဟုပြန်ပြောသည်။

“ဒါဆိုရင် ခင်ဗျား ကျွန်တော့်ဆီက ပိုက်ဆံစတောင်းရအောင် ငရဲကလေးကို ရောက်သွားတဲ့အချိန်ကိုကျတော့ ခင်ဗျားဘယ်လိုလုပ်သိခဲ့တာလဲ” ဟုသြဂတ်စတင်း ပြန်မေးခဲ့သည်။

ဆွေးနွေးနေစဉ် ဩဂတ်စတင်းက နောက်ကျမ်းတစ်ချက်ကို ကိုးကားမည်ပြုရာ သီလရှင်က “မောန်ဆီးညာ၊ ကြည့်! သူ တားမြစ်ထားတဲ့ကျမ်းစာကို သုံးနေတယ်၊ အဲဒါ လူသာရင်ကျမ်းစာ!” ဟုပြောသည်။

ဂိုဏ်းအုပ်ဘုန်းကြီးက “မဟုတ်ဘူး၊ သူ့ကို ငါပေးထားတဲ့ကျမ်းစာပါကွာ” ဟုပြန်ဖြေခဲ့သည်။

ဆက်ဆွေးနွေးနေကြစဉ် ကျမ်းစာထဲတွင်ပါသမျှကို လက်ခံယုံကြည်ရန် မသင့်တော်ဟု ဂိုဏ်းအုပ်ဘုန်းကြီးပြောသည်ကို ကြားခဲ့ရသောကြောင့် ဩဂတ်စတင်း အလွန်အံ့သြခဲ့ရသည်။ “ဆွေးနွေးပွဲပြီးသွားတဲ့အခါ ခရစ်ယာန်ဘောင်ဘုန်းကြီးဓမ္မဆရာတွေဟာ ယေရှုခေတ်က ဘာသာရေးခေါင်းဆောင်တွေလိုပဲ ဘုရားသခင့် နှုတ်ကပါဌ်တော်ထက် ချာ့ချ်ရဲ့ထုံးတမ်းစဉ်လာတွေကို ပိုနှစ်သက်တယ်ဆိုတာ ကျွန်တော်သဘောပေါက်သွားခဲ့တယ်” ဟုသြဂတ်စတင်းပြောခဲ့သည်။

၁၉၆၂၊ ဖေဖော်ဝါရီလတွင် ဩဂတ်စတင်းစေကေရာသည် မက်တာဂါလ်ပါမြို့တွင် ဦးဆုံးနှစ်ခြင်းခံသော ကြေညာသူတစ်ဦးဖြစ်လာသည်။ သူသည် ဝိညာဉ်ရေးတွင် ဆက်တိုးတက်လာကာ နောက်ပိုင်းတွင် ရှေ့ဆောင်အဖြစ်၊ ထို့နောက် အကြီးအကဲအဖြစ်နှင့် ၁၉၉၁ ခုနှစ်မှစ၍ နီကာရာဂွာ ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်။ မက်တာဂါလ်ပါမြို့သည် ၂၀၀၂ လုပ်ငန်းတော်နှစ်တွင် နိုင်ငံတော်ကြေညာသူ စုစုပေါင်း ၁၅၃ ရှိသော တိုးတက်နေသည့် အသင်းတော်နှစ်ခု ရှိနေပြီဖြစ်သည်။

မမောနိုင်မပန်းနိုင်သော အထူးရှေ့ဆောင်များ

ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို လက်ခံသူများစွာသည် ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခြင်းဖြင့် သူတို့၏ဓမ္မအမှုကို တိုးချဲ့ရန် လှုံ့ဆော်ခံခဲ့ရသည်။ ထိုသူတို့ထဲတွင် ဂီလ်ဘာတိုဆိုလစ္စ; သူ၏ဇနီး မာရီးယာ စက်စီလ်ယာ; သူ၏ညီမ မာရီးယာအဲလ်ဆာတို့ပါဝင်ကြသည်။ သူတို့သုံးဦးစလုံးသည် ၁၉၆၁ ခုနှစ်တွင် နှစ်ခြင်းခံခဲ့ပြီး နောက်လေးနှစ်အကြာတွင် အတော်အကျိုးဖြစ်ထွန်းသော အထူးရှေ့ဆောင်အုပ်စုတစ်ခု ဖြစ်လာခဲ့သည်။ နိုင်ငံ၏ဒေသအသီးသီးတွင်ရှိ အသင်းတော်ကိုးခုသည် ဤသုံးဦးအဖွဲ့ကြောင့် ဖွဲ့စည်းတည်ထောင်ခဲ့သည် သို့မဟုတ် တိုးတက်လာခဲ့သည်။ သူတို့တာဝန်ကျသည့်နေရာတစ်ခုမှာ နီကာရာဂွာရေအိုင်ထဲရှိ အိုမေတပေကျွန်းဖြစ်သည်။

မီးတောင်နှစ်ခုဖြင့် ဖွဲ့စည်းထားသော အိုမေတပေကျွန်းသည် ၁၀၇ စတုရန်းမိုင်ကျယ်ဝန်းပြီး မီးတောင်တစ်ခုမှာ တစ်မိုင်မြင့်သည်။ ဝေဟင်မှကြည့်လျှင် မီးတောင်နှစ်ခုသည် ထဆင်ထူပုံသဏ္ဌာန်ရှိသည်။ ဝေလီဝေလင်းအချိန်မှစတင်ကာ ရှေ့ဆောင်သုံးဦးသည် ဘတ်စကားခရီး လမ်းဆုံးအထိစီးသည်၊ ထို့နောက် အများအားဖြင့် ဖိနပ်မပါဘဲ သဲသောင်ပြင်အတိုင်းခြေကျင်လျှောက်၍ အိုမေတပေကျွန်းပေါ်ရှိ ရွာများသို့ သွားရောက်အမှုဆောင်ခဲ့ကြသည်။ ၁၈ လအကြာတွင် သူတို့သည် အိုမေတပေကျွန်းတစ်ခုလုံးတွင် ကျမ်းစာသင်သား သီးခြားအုပ်စုများစွာကို ဖွဲ့စည်းခဲ့ကြသည်၊ လို့စ်အော့တီရို့စ်ရွာသည် အကြီးဆုံးအုပ်စုဖြစ်ရှိသည်။

ယခင် လို့စ်အော့တီရို့စ်ရွာမှ ကြေညာသူလူသစ်များစွာ၏ အဓိကဝင်ငွေရလမ်းမှာ ဆေးရွက်ကြီးစိုက်ပျိုးခြင်းဖြစ်သည်၊ သို့သော် ယခု ကျမ်းစာဖြင့်လေ့ကျင့်ထားသော သူတို့၏သြတ္တပ္ပစိတ်က ထိုအလုပ်လုပ်ကိုင်ရန် ခွင့်မပြုတော့ပါ။ ထို့ကြောင့် အများစုသည် ဝင်ငွေနည်းသည့် တံငါလုပ်ငန်းကို မှီခိုခဲ့ကြသည်။ ဆိုလစ္စမိသားစုသည် ထိုကဲ့သို့သောယုံကြည်ခြင်းကို တွေ့မြင်ရသည့်အပြင် သူတို့၏ဓမ္မအမှုအပေါ် ယေဟောဝါ၏ ကြွယ်ဝသောကောင်းချီး သက်ရောက်နေကြောင်း အခြားသက်သေသာဓကများစွာကြောင့် ရွှင်လန်းဝမ်းမြောက်ခဲ့ကြသည်! မကြာမီ ထိုဒေသတွင် ကြေညာသူအရေအတွက်မှာ ၃၂ ဦးဖြစ်လာသဖြင့် နိုင်ငံတော်ခန်းမတစ်ခု လိုအပ်လာခဲ့သည်။ ကြေညာသူလူသစ်တစ်ဦးဖြစ်သည့် အော်ဖောန်ဆိုးအယ်လမန်သည် ဖရဲသီးစိုက်ပျိုးသူဖြစ်ပြီး ခန်းမအတွက် မြေကွက်တစ်ကွက်လှူဒါန်းလိုကြောင်း ကြင်နာစွာကမ်းလှမ်းခဲ့သည်။ သို့ရာတွင် လို့စ်အော့တီရို့စ်ရွာရှိကြေညာသူများသည် ဆောက်ရန်လိုသော ရန်ပုံငွေကို မည်သို့ရရှိခဲ့ကြသနည်း။

ဂီလ်ဘာတိုဆိုလစ္စသည် လှူဒါန်းထားသော မြေကွက်တွင် ညီအစ်ကို အယ်လမန်ပေးသည့်ဖရဲစေ့များစိုက်ရန် စေတနာ့ဝန်ထမ်းများကို စည်းရုံးခဲ့သည်။ ဂီလ်ဘာတိုသည် “ယေဟောဝါအတွက် ဖရဲပင်များ” ကိုပြုစုစောင့်ရှောက်ရန် အုပ်စုကိုအားပေးခဲ့သည့်အပြင် ကိုယ်တိုင်လည်း ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ပုံနမူနာပြခဲ့သည်။ ကိုယ်ခန္ဓာသေးသွယ်သော်လည်း လုံ့လရှိသောအမျိုးသမီးဖြစ်သူ မာရီးယာ အဲလ်ဆာက ကြေညာသူအုပ်စုငယ်သည် စိုက်ခင်းကို မည်သို့ပြုစုကြပုံကို ဤသို့ပြန်ပြောပြခဲ့သည်– “ကျွန်မတို့ဟာ ဝေလီဝေလင်းအချိန်မှာ အိပ်ရာထပြီး စိုက်ခင်းကို ရေလောင်းခဲ့ကြတယ်။ သုံးသီးစိုက်ပျိုးခဲ့ပြီး သုံးသီးစလုံး သီးထွက်ကောင်းခဲ့တယ်။ ညီအစ်ကိုအယ်လမန်ဟာ သူ့ရဲ့ကိုယ်ပိုင်လှေနဲ့ ဖရဲသီးတွေကိုတင်၊ နီကာရာဂွာရေအိုင်ကိုဖြတ်ပြီး ဂရနာဒါမြို့မှာ သွားရောင်းတယ်၊ ပြီးတော့ ဆောက်လုပ်ရေးပစ္စည်းတွေ ဝယ်လာခဲ့တယ်။ အဲဒီလိုနဲ့ လို့စ် အော့တီရို့စ်ရွာမှာ နိုင်ငံတော်ခန်းမ ဆောက်ခဲ့ကြတယ်၊ ဒါကြောင့် ဖရဲသီးကနေတည်ထားတဲ့ ခန်းမလေးလို့ ကျွန်မရဲ့အစ်ကိုကခေါ်ခဲ့တာ။” ထိုကဲ့သို့သော အစပြုမှုလေးမှ ယခု အိုမေတပေကျွန်းတွင် တိုးတက်နေသော အသင်းတော်သုံးခုရှိနေပြီ။

ဂီလ်ဘာတို၊ သူ၏ဇနီးနှင့် နှမဖြစ်သူတို့၏ နှိမ့်ချမှု၊ အပြုသဘောစိတ်ဓာတ်နှင့် ယေဟောဝါအပေါ် အကြွင်းမဲ့ကိုးစားမှုတို့သည် များစွာသောသူတို့၏ နှလုံးကို ထိမိစေခဲ့သည်။ ဂီလ်ဘာတိုသည် မကြာခဏ ဤသို့ပြောလေ့ရှိသည်– “ကျွန်တော်တို့ဟာ လူသစ်တွေကို အကောင်ပေါက်လေးတွေအဖြစ် အမြဲသဘောထားသင့်တယ်။ သူတို့ဟာ ချစ်စရာကောင်းပေမဲ့ အားနည်းနေသေးတယ်။ သူတို့၏အားနည်းနေမှုကြောင့် ဘယ်တော့မှ စိတ်အနှောင့်အယှက်မဖြစ်စေနဲ့၊ သူတို့ အားရှိသန်မာလာအောင် ကူညီပေးပါ။” ထိုကဲ့သို့သော မေတ္တာပြည့်ဝသည့် သဘောထားကြောင့် ဤစံပြရှေ့ဆောင်သုံးဦးသည် လူပေါင်း ၂၆၅ ယောက်ကို ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံသည်အထိ ကူညီပေးနိုင်ခဲ့သည်! ဂီလ်ဘာတို၏ဇနီးသည် အသက် ၈၃ နှစ်တွင် သစ္စာရှိစွာသေဆုံးသွားသည်၊ ဂီလ်ဘာတိုလည်း သူ၏ကျန်းမာရေး အတော်အတန်ဆိုးရွားနေပြီဖြစ်သည်။ သို့တိုင် ယေဟောဝါအမှုဆောင်လိုသော သူ၏ဆန္ဒမှာမူ ယခင်ကကဲ့သို့ ထက်သန်နေဆဲဖြစ်သည်။ မာရီးယာ အဲလ်ဆာအား အထူးရှေ့ဆောင်လုပ်ငန်းတွင် ၃၆ နှစ်ပါဝင်ခဲ့ပြီးနောက် မည်သို့ခံစားရကြောင်း မကြာသေးမီက မေးမြန်းသည့်အခါ သူဤသို့ပြန်ပြောခဲ့သည်– “ရှေ့ဆောင်စလုပ်တုန်းကလိုပါပဲ! ယေဟောဝါဟာ ကိုယ်တော်ရဲ့သန့်ရှင်းတဲ့ အဖွဲ့အစည်းထဲ ကျွန်မတို့ကို ခေါ်ဆောင်ပြီး အံ့ဖွယ်ကောင်းတဲ့ ဝိညာဏပရဒိသုမှာ နေရာတစ်နေရာပေးခဲ့တဲ့အတွက် ကျွန်မဝမ်းသာတယ်၊ ကျေးဇူးလည်းတင်တယ်။” နှစ်များတစ်လျှောက် ကြိုးစားလုပ်ဆောင်ခဲ့ကြသော ရှေ့ဆောင်များသည် ဆိုလစ္စမိသားစုကဲ့သို့ပင် ယေဟောဝါ၏ ရက်ရောသောကောင်းချီးများကြောင့် နီကာရာဂွာတွင် နိုင်ငံတော်အသီးအပွင့်များစွာကို တွေ့ရှိခံစားခဲ့ရသည်။

၁၉၇၂ ခုနှစ်၊ မာနာဂွာငလျင်

၁၉၇၂၊ ဒီဇင်ဘာ ၂၃ ရက်၊ ညသန်းခေါင်ကျော်စအချိန်တွင် အဏုမြူဗုံး အလုံး ၅၀ ခန့်နှင့်ညီမျှပြီး ရစ်ချ်တာစကေး ၆.၂၅ အင်အားရှိသော ငလျင်သည် မာနာဂွာမြို့ကို အရှိန်ပြင်းပြင်း လှုပ်ခါခဲ့သည်။ ဌာနခွဲရုံးသည် မာနာဂွာမြို့အရှေ့ဘက်တွင် တည်ရှိပြီး ငလျင်ဗဟိုပြုသည့်နေရာမှ အကွက် ၁၈ ကွက်သာ ဝေးသည်။ ထိုအချိန်က ဌာနခွဲကြီးကြပ်မှူးဖြစ်သူ လီဗိုက် အဲလ်ဝုဒ် ဝှစ်သားစပွန်းက ဤသို့ပြောပြသည်– “သာသနာပြုအားလုံး အိပ်နေကြတယ်။ ငလျင်လှုပ်တာရပ်သွားတာနဲ့ ကျွန်တော်တို့ဟာ လမ်းလယ်ခေါင်ကို မြန်မြန်ထွက်ပြေးကြတယ်။ အဲဒီနောက် နောက်ထပ်နှစ်ကြိမ် ဆက်တိုက်လှုပ်ခဲ့တယ်။ ကျွန်တော်တို့ပတ်ပတ်လည်မှာရှိတဲ့ အိမ်တွေအားလုံး ပြိုကုန်တယ်။ ဖုန်လုံးဖုန်ထုကြီးဟာ မြို့ကိုဖုံးလွှမ်းသွားပြီး မြို့လယ်မှာ နီရဲနေတာကိုထောက်ရင် မီးအကြီးအကျယ် လောင်နေတယ်ဆိုတာ ထင်ရှားတယ်။”

ငလျင်ဗဟိုချက်သည် စီးပွားရေးနယ်မြေအောက်တည့်တည့်တွင်ဖြစ်ပြီး စက္ကန့် ၃၀ အတွင်း မာနာဂွာမြို့သည် လူသူမနေနိုင်သောနေရာဖြစ်သွားသည်။ အသက်ရှင်လွတ်မြောက်သူများသည် အသက်ကိုလုရှူရင်း ဖုန်မှုန့်များနှင့် အုတ်ကျိုးအုတ်ပဲ့များကြား လုယက်တိုးထွက်လာခဲ့ရသည်။ အတော်များများ မလွတ်မြောက်ခဲ့ပါ။ တချို့က အသေအပျောက်စာရင်းကို ၁၂,၀၀၀ ကျော်ဟု ခန့်မှန်းကြသော်လည်း အရေအတွက်အတိအကျကို မသိရနိုင်ပေ။ မာနာဂွာမြို့ရှိအိမ်ခြေ ၇၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး လူပေါင်း ၂၅၀,၀၀၀ နီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့သည်။ ငလျင်လှုပ်ပြီးသုံးရက်အတွင်း တစ်နေ့လျှင် လူပေါင်း ၁၀၀,၀၀၀ ခန့်သည် မြို့မှ ထွက်ပြေးခဲ့ကြသည်။

ခရစ်ယာန်မေတ္တာက အကူအညီပေးရန်လှုံ့ဆော်

ငလျင်လှုပ်သည့်နေ့ မွန်းတည့်အချိန်တွင် ဌာနခွဲရုံးသည် မာနာဂွာမြို့ရှိ အသင်းတော်ဦးစီးကြီးကြပ်မှူးများထံမှ သတင်းအပြည့်အစုံကို ရရှိခဲ့သည်။ ထိုသစ္စာရှိညီအစ်ကိုများသည် အလျင်အမြန်နှင့် တညီတညွတ်တည်း လုပ်ဆောင်ကြကာ အသင်းသားတစ်ဦးစီ၏ လိုအပ်ရာများကို သေချာသိရှိနိုင်ရန် သူတို့ထံသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။ ဝမ်းသာစရာမှာ မြို့ထဲတွင် သက်သေခံ ၁,၀၀၀ ကျော်ရှိသော်လည်း တစ်ယောက်မျှအသေအပျောက်မရှိခဲ့ပါ၊ သို့သော် ၈၀ ရာခိုင်နှုန်းကျော်မှာ အိမ်များပျက်စီးဆုံးရှုံးခဲ့သည်။

ခရစ်ယာန်မေတ္တာက အိမ်နီးချင်းနိုင်ငံများရှိ ယေဟောဝါ၏လူမျိုးများအား သူတို့၏ညီအစ်ကိုများကို အလျင်အမြန်ကူညီပေးရန် လှုံ့ဆော်ပေးခဲ့သည်၊ ငလျင်လှုပ်ပြီး ၂၂ နာရီမကြာမီပင် အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အဝတ်အစားများပါသော ကုန်တင်ကားများ ဌာနခွဲသို့ ရောက်ရှိလာသည်။ အမှန်ဆိုရလျှင် ဌာနခွဲသည် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးသည့် ဦးဆုံးနေရာတစ်ခုဖြစ်ခဲ့သည်။ ထို့ပြင် နီကာရာဂွာရှိ အသင်းတော်အသီးသီးမှ စေတနာ့ဝန်ထမ်းများစွာ ရောက်ရှိလာကြပြီး မကြာမီ သူတို့အားလုံးသည် အဝတ်အစား အမျိုးအစား ခွဲခြားခြင်း၊ အစားအစာထုပ်ပိုးခြင်း၊ ထိုပစ္စည်းများကို ပေးပို့ခြင်း စသည်ဖြင့် အလုပ်များနေခဲ့ကြသည်။ ကယ်ဆယ်ရေးပစ္စည်းများသည် ပို၍ဝေးလံသော ကမ္ဘာ့ဒေသများရှိ သက်သေခံများထံမှပင် ရောက်ရှိလာခဲ့သည်။

ငလျင်လှုပ်ပြီးနောက်နေ့တွင်ဌာနခွဲကြီးကြပ်မှူးသည် ကော့စ်တာရီကာ၊ အယ်လ်ဆာဗေးဒေါ၊ ဟွန်ဒူးရပ်စ်ဌာနခွဲတို့မှလာသော ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ နောက်ထပ်အကူအညီ ရရှိရေးအတွက် စီစဉ်ကြသည်။ မာနာဂွာမြို့ပြင်တွင်နေထိုင်သော နီကာရာဂွာသက်သေခံများသည် မြို့ထဲမှထွက်ခွာရကြသော ညီအစ်ကိုများအတွက် သူတို့၏အိမ်များကို မေတ္တာဖြင့် ဖွင့်ထားပေးခဲ့ကြသည်။ မြို့ထဲတွင်ကျန်ရှိသော သက်သေခံများသည် ခရစ်ယာန်အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းအတွက် အုပ်စုများ ဖွဲ့စည်းခဲ့ကြသည်။ တိုက်နယ်ကြီးကြပ်မှူးသည် ထိုအုပ်စုများကို အားပေးရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများဝေပေးရန် သူတို့ထံ လည်ပတ်ခဲ့သည်။

ငလျင်ကြောင့် တစ်နိုင်ငံလုံး စီးပွားရေးချွတ်ခြုံကျခဲ့သည်။ သို့သော် ဘဝရှင်သန်ရေးအတွက် ပို၍ခက်ခဲလာသည့်တိုင် နိုင်ငံတော်ခန်းမများနှင့် ညီအစ်ကိုများ၏အိမ်များ ပြန်လည်ဆောက်လုပ်ခြင်းကို ဆက်ဆောင်ရွက်ခဲ့ကြသည်။ ၎င်းပြင် စိတ်ဝင်စားသူလူသစ်များစွာကလည်း အသင်းတော်များကို တိုးတက်စေခဲ့သည်။ ယေဟောဝါ၏လူမျိုးတော်သည် ၎င်းတို့၏အသက်တာတွင် နိုင်ငံတော်အကျိုးစီးပွား ဆက်၍ဦးစားထားသည်ကို ကိုယ်တော်နှစ်သက်တော်မူသည့် ထင်ရှားသောသက်သေဖြစ်ပေသည်။—မ. ၆:၃၃။

၁၉၇၅ နှစ်ချုပ်စာအုပ်၌ ဤသို့ဖော်ပြထား၏– “မာနာဂွာဒေသရှိ အသင်းတော်တစ်ဆယ့်လေးခုအနက် အများစုသည် အက်နေသောအုတ်နံရံများရှိသည့် အဆောက်အအုံများ သို့မဟုတ် သွပ်မိုးသာမိုးထားသည့် ဟင်းလင်းပြင်များတွင် အစည်းအဝေးများ ကျင်းပနေရဆဲဖြစ်သည်။ စိတ်ဝင်စားစရာမှာ ထိုအစည်းအဝေးများကို တက်ရောက်သူများသည် လွန်ခဲ့သောနှစ်၏ နှစ်ဆဖြစ်သည်။ ညီအစ်ကိုများသည် လွန်ခဲ့သောနှစ်၏ ပျမ်းမျှကြေညာသူထက် ၂၀ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်။ ယခု ၂,၆၈၉ ဦးသည် အခြားသူများကို သမ္မာတရားဝေမျှပေးနေပြီး ၄၁၇ ဦးနှစ်ခြင်းခံခဲ့သည်။”

ထိုသို့မပြတ်တိုးများလာမှုကြောင့် ဌာနခွဲအဟောင်းသည် မကြာမီ ငယ်သွားသည်။ ထို့ကြောင့် ငလျင်ကြီးလှုပ်ပြီး နှစ်နှစ်မျှသာကြာသည့် ၁၉၇၄၊ ဒီဇင်ဘာလတွင် ဌာနခွဲရုံးသစ်နှင့် သာသနာပြုအိမ်ကို လုံးဝလက်စသတ်ပြီးစီးသောအခါ ကြေညာသူများ၏ ရွှင်လန်းဝမ်းမြောက်မှုကို သင်မြင်ယောင်ကြည့်နိုင်သည်! ဌာနခွဲရုံးသစ်သည် မာနာဂွာမြို့လယ်မှ တောင်ဘက်ဆယ်မိုင်အကွာ အဲလ်ရိုင်ဇွန်အမည်ရှိ ဆိတ်ငြိမ်သောလမ်းမပေါ်တွင် တည်ရှိသည်။

သာသနာပြုများသည် မေတ္တာနှင့် စည်းလုံးမှုဆိုင်ရာ စံနမူနာပြ

၁၉၄၅ ခုနှစ်၊ ဝေါလ်လေးစ်ညီအစ်ကိုနှစ်ယောက် ရောက်ရှိချိန်မှစ၍ နီကာရာဂွာရှိသာသနာပြုများသည် ယုံကြည်ခြင်း၊ ခံနိုင်ရည်နှင့် လူလူချင်းအပေါ် မေတ္တာပြခြင်းတို့တွင် ပုံသက်သေများ ပြခဲ့ကြသည်။ ထိုချီးမွမ်းဖွယ် အရည်အသွေးများက သာသနာပြုအချင်းချင်း ရင်းနှီးစေရုံမက ဒေသခံညီအစ်ကိုများနှင့်လည်း ရင်းနှီးမှုဖြစ်စေခဲ့သည်။ သာသနာပြု ကဲနက်ဘရိုင်ယန် ဤသို့ဆိုသည်– “မာနာဂွာမှာ ငလျင်လှုပ်ပြီးတဲ့နောက် ကျွန်တော်တို့ဟာ ဌာနခွဲမှာ အကူအညီပေးခဲ့ကြတယ်၊ ညီအစ်ကိုတွေကို အိမ်ပြောင်းရွှေ့တဲ့နေရာမှာ၊ သေဆုံးသွားတဲ့ သူတို့ရဲ့ဆွေမျိုးတွေကို သင်္ဂြိုဟ်တဲ့နေရာမှာ ကူညီပေးခဲ့ကြတယ်။ အဲဒီအခြေအနေမျိုးမှာ အတူတကွလုပ်ဆောင်ကြတာဟာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးစေခဲ့တယ်။” သာသနာပြုချင်းများ၏အကြောင်းကို မာဂရီးမော်ရ် (ယခင် ဖော်စတာ) ဤသို့ပြောပြသည်– “ကျွန်မတို့ဟာ လူမျိုး၊ နောက်ခံ၊ စရိုက်ချင်းမတူကြပေမဲ့ ပုဂ္ဂိုလ်ရေးချွတ်ယွင်းချက်တွေရှိတဲ့ကြားထဲက စည်းလုံးတဲ့မိသားစုဝန်းကျင်က ကျွန်မတို့ရဲ့တာဝန်မှာ ပျော်ရွှင်ဖို့ အထောက်အကူဖြစ်ခဲ့တယ်။”

ကဲနက်နှင့် ရှယ်ရန်ဘရိုင်ယန်တို့ကဲ့သို့သော သာသနာပြုများသည် အတွေ့အကြုံရင့်ကျက်သော သာသနာပြုများဖြစ်သည့် ဖရန်စစ္စနှင့် အင်ဂျလင်းဝေါလ်လေးစ်၊ ဆစ်ဒ်နီနှင့် ဖီလ်လစ္စပေါ်တာ၊ အမ်မလီဟာဒင်တို့၏ပုံနမူနာများမှ အကျိုးရရှိခြင်းကို အခွင့်ထူးအဖြစ် ယူမှတ်ခဲ့ကြသည်။ “သူတို့အားလုံးဟာ တကယ်ကြိုးစားအလုပ်လုပ်ကြတယ်၊ အဲဒါက သူတို့လုပ်နေတဲ့အလုပ်ကို နှစ်သက်တယ်ဆိုတာ ထင်ရှားတယ်” ဟုရှယ်ရန်ပြောပြသည်။

နှစ်များတစ်လျှောက် သာသနာပြုမောင်နှံများစွာသည် နယ်လှည့်လုပ်ငန်းတွင်လည်း ပါဝင်ခဲ့ကြသည်။ ထက်သန်သော သာသနာပြုများ ချပေးခဲ့သည့် ခိုင်ခံ့သောအုတ်မြစ်က နီကာရာဂွာ၌ အမှုဆောင်ခဲ့သော ပထမဆယ်စုနှစ်သုံးခုအတွင်း တွေ့မြင်ရသည့် ဝိညာဏတိုးတက်မှုကောင်းရရှိရန် အကူအညီဖြစ်ခဲ့သည်။ သို့ရာတွင် ထိုဝိညာဏအဆောက်အအုံသည် စမ်းသပ်ခံရတော့မည်—နောက်တစ်ကြိမ် ငလျင်ထပ်လှုပ်မှုကြောင့်မဟုတ်ဘဲ ပို၍အချိန်ကြာကာ ဝိညာဉ်ရေးအရ အန္တရာယ်ရှိသော မျိုးချစ်စိတ်နှင့် တော်လှန်ပုန်ကန်မှုတို့ကြောင့် ဖြစ်သည်။—၁ ကော. ၃:၁၂၊ ၁၃။

နိုင်ငံရေးတော်လှန်ပုန်ကန် လှုပ်ရှားအုံကြွမှုဖြင့် စမ်းသပ်ခံရ

၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် စန်ဒီနီစတာအမျိုးသားလွတ်မြောက်ရေးတပ်ဦး (စပိန်ဘာသာဖြင့် FSLN) က ဦးဆောင်သော တော်လှန်ရေးသည် နီကာရာဂွာတစ်နိုင်ငံလုံးသို့ စတင်ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် နိုင်ငံကို ၄၂ နှစ်ကြာ နိုင်ငံရေး/စစ်ရေးနည်းဖြင့် အုပ်စိုးလာခဲ့သည့် အစိုးရစဉ်ဆက်ကို ဖြုတ်ချခဲ့သည်။ နီကာရာဂွာတွင် ၁၅ နှစ်ကြာ သာသနာပြုခဲ့သူ ရူဘီ ဘလောက်ခ်က ထိုအချိန်ကာလနှင့်ပတ်သက်၍ ဤသို့ပြောပြ၏– “နိုင်ငံရေးဝါဒဖြန့်မှု အရှိန်အဟုန် အားကောင်းနေတဲ့ အဲဒီနှစ်တွေမှာ လူတိုင်းဟာ ရင်တမမနဲ့ ကျီးလန့်စာစားခဲ့ရတယ်။ စစ်တပ်နှင့် စန်ဒီနီစတာလူမျိုးအကြား ပြင်းထန်ထဲ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ရဲ့ဓမ္မအမှုကို လုပ်ဆောင်ဖို့ ယေဟောဝါအပေါ် အပြည့်အဝကိုးစားခဲ့ရတယ်။”

ယေဟောဝါသက်သေများသည် နိုင်ငံရေးကိစ္စများတွင် ခရစ်ယာန်ကြားနေမှုကို တင်ပြခဲ့ကြသော်လည်း စန်ဒီနီစတာကို ထောက်ခံသူများက သက်သေခံများကို စမိုဇာအစိုးရ သို့မဟုတ် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ၏သူလျှိုများဟု မကြာခဏစွပ်စွဲခဲ့သည်။ နိုင်ငံခြားသားမုန်းတီးရေးစိတ်ဓာတ်လည်း ပြင်းထန်လျက်ရှိသည်။ ဥပမာ၊ သာသနာပြု အဲလ်ဖရီဒီအူရ်ဗန်သည် ဓမ္မအမှုဆောင်နေစဉ် လူတစ်ယောက်က သူမကို သူလျှိုဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်မဆီမှာ ကင်မရာလည်းမရှိဘူး၊ အသံဖမ်းစက်လည်းမရှိဘူး။ ဒါ့အပြင် ဒီရပ်ကွက်ထဲမှာ ဘယ်သူ့ကို ဒါမှမဟုတ် ဘာကိုသွားပြီး သူလျှိုလုပ်ရမှာလဲ” ဟုသူမဆိုခဲ့သည်။

သူက “ခင်ဗျားတို့က ကောင်းကောင်းလေ့ကျင့်ထားတာပဲ၊ ခင်ဗျားရဲ့မျက်လုံးတွေက ကင်မရာ၊ ခင်ဗျားရဲ့နားနဲ့ ဦးနောက်က အသံဖမ်းစက်ပဲ” ဟုပြန်ပြောခဲ့သည်။

ထိုအချိန်က မာနာဂွာမြို့ရှိ လမ်းများပေါ်တွင် ကြွေးကြော်ခဲ့ကြသည့် ရေပန်းစားသော ဆောင်ပုဒ်မှာ “ခရစ်ယာန်ဘာသာနှင့် တော်လှန်ရေးကြားတွင် ဆန့်ကျင်မှုမရှိ!” ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း လက်တင်အမေရိက၌ ခေတ်စားခဲ့သော ထိုအယူအဆသည် ရိုမန်ကက်သလစ်ချာ့ချ်အတွင်းရှိ မာ့က်စ်ဝါဒအဖွဲ့ ထောက်ခံအားပေးသောအမြင်မျိုးဖြစ်သည့် လွတ်မြောက်ရေးဝါဒကို ထင်ဟပ်ခဲ့သည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းအရ လွတ်မြောက်ရေးဝါဒ၏ ရည်ရွယ်ချက်မှာ “နိုင်ငံရေးနှင့် ပြည်တွင်းရေးရာများတွင် [ဘာသာရေး] ပါဝင်ပတ်သက်ခြင်းဖြင့် ဆင်းရဲသားများနှင့် ဖိနှိပ်ခံရသူများ” ကိုကူညီပေးရန်ဖြစ်သည်။

ရူဘီဘလောက်ခ်ဤသို့ပြန်ပြောပြသည်– “အဲဒီအချိန်တုန်းက လူတွေဟာ ကျွန်မတို့ကို ‘တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုယူဆလဲ’ လို့မကြာခဏမေးခဲ့ကြတယ်။ လူသားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသောအရာက ဘုရားသခင့်နိုင်ငံတော်ဖြစ်တယ်လို့ ကျွန်မတို့ရှင်းပြခဲ့တယ်။” နိုင်ငံရေးအခြေအနေ မတည်ငြိမ်သော ထိုကာလအတွင်း ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိရန်မှာ စိန်ခေါ်ချက်ဖြစ်ခဲ့သည်။ ရူဘီ ဤသို့ဆက်ပြော၏– “ဆက်ပြီးဘက်မလိုက်ကြားနေနိုင်အောင် ခွန်အားပေးဖို့ အပြောနဲ့သာမဟုတ်ဘဲ စိတ်နှလုံးထဲကပါ ယေဟောဝါဆီ ကျွန်မအမြဲဆုတောင်းခဲ့တယ်။”

အကြမ်းဖက်ပုန်ကန်မှုများပြီး၍ လများစွာကုန်လွန်ပြီးနောက် ၁၉၇၉၊ မေလတွင် FSLN သည် အစိုးရကို ဖြုတ်ချရန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ သမ္မတစမိုဇာသေဘိုင်လေသည် နိုင်ငံမှထွက်ပြေးခဲ့ရပြီး သူ၏အမျိုးသားအစောင့်တပ်ဖွဲ့လည်း ဖျက်သိမ်းခံခဲ့ရသည်။ ထိုနှစ်၊ ဇူလိုင်လတွင် အမျိုးသားပြန်လည်တည်ထောင်ရေး အစိုးရသစ် စတင်အုပ်ချုပ်ခဲ့သည်။ ခန့်မှန်းခြေအရ တော်လှန်ရေးကာလအတွင်း နီကာရာဂွာလူမျိုး ၅၀,၀၀၀ ခန့် သေဆုံးခဲ့သည်။

ညီအစ်ကိုများ၏အခြေအနေ မည်သို့ရှိခဲ့သနည်း။ ၁၉၇၉၊ အောက်တိုဘာလ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုစာရွက်တွင် အောက်ပါကြေညာချက်ကို တွေ့ရသည်– “ညီအစ်ကိုများသည် စိတ်ဓာတ်ရေးတွင် အခြေအနေကောင်းကြပြီး အစည်းအဝေးများ၊ ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို ပြန်လည်လုပ်ဆောင်နေကြသည်။ အကြမ်းဖက်မှုကာလအတွင်း ... ကျွန်ုပ်တို့၏ ညီအစ်ကိုသုံးဦး အသက်ဆုံးရှုံးခဲ့သည်။ အများအပြားသည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်၊ သို့သော် အများစုသည် အိမ်ငှားနေထိုင်သူများဖြစ်ကြသောကြောင့် သူတို့အဓိကဆုံးရှုံးသွားသည်မှာ ဥစ္စာပစ္စည်းများ လုယက်၊ ဖျက်ဆီးခံရခြင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးယာဉ်များ နည်းပါးလှသည်။ ဘက်စကားအများစု ပျက်စီးသွားသည်၊ လမ်းများလည်း ယခုမှ ပြုပြင်နေဆဲဖြစ်သည်၊ ဓာတ်ဆီလည်း ရှားပါးလှသည်။” သို့သော် ယေဟောဝါ၏လူမျိုးတော်အတွက် ပို၍ကြီးသောစမ်းသပ်မှုများ ရှေ့တွင်ရှိနေသည်။

ဖမ်းဆီးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်း

အစိုးရသစ်သည် ယေဟောဝါသက်သေများ၏ ကြားနေမှုကို မနှစ်သက်ကြောင်း များမကြာမီ ထင်ရှားလာသည်။ ဥပမာ၊ အကောက်ခွန်ဌာနသည် စာပေစာတမ်းများ တင်သွင်းမှုကို တင်းကျပ်ခဲ့သည်။ ထို့ပြင် ၁၉၈၁ ခုနှစ်တွင်ထုတ်ပြန်သော ဥပဒေတစ်ခုက ဘာသာရေးနှင့် အများပြည်သူဆိုင်ရာ အသင်းအဖွဲ့အားလုံး တရားဝင်အသိအမှတ်ပြုခံရဖို့ မှတ်ပုံတင်ရန် တောင်းဆိုခဲ့သည်။ ညီအစ်ကိုများသည် ဤသို့အသိအမှတ်ပြုခြင်း မခံရမချင်း ယခင်က သူတို့၏တရားဝင်အနေအထား ရပ်ဆိုင်းထားသည်။ ဝမ်းနည်းစရာမှာ၊ မှတ်ပုံတင်လျှောက်ထားချက်သည် ပြန်ကြားချက် လုံးဝမရရှိခဲ့ပါ။

၁၉၈၁ စက်တင်ဘာလတွင် အန်ဒရူးနှင့် မိရိအမ်ရိဒ်တို့ အလယ်ပိုင်းကုန်းမြင့်ဒေသတွင် တိုက်နယ်လှည့်နေကြစဉ် အဖမ်းခံခဲ့ရသည်။ အခြေအနေ အလွန်ဆိုးရွားသော ထောင်အမျိုးမျိုးတွင် ဆယ်ရက်ကြာ ချုပ်ထားခံခဲ့ရသည်။ နောက်ဆုံးတွင် သူတို့ကို ထောက်လှမ်းရေးရုံးချုပ်သို့ ခေါ်ဆောင်သွားပြီး အများအားဖြင့် သီးခြားအခန်းတွင် ခွဲထားခဲ့သည်။ မကြာခဏ မေးမြန်းစစ်ဆေးကြပြီး တစ်ကြိမ်စစ်ဆေးလျှင် နာရီနှင့်ချီ၍ကြာသည်၊ သူတို့ထံမှ တာဝန်ရှိညီအစ်ကိုများ၏ နာမည်များကို ရလို၍ဖြစ်သည်။ ရိဒ်ဇနီးမောင်နှံသည် အမေရိကန်နိုင်ငံသားများ မဟုတ်ကြသည့်တိုင် ခင်ပွန်း သို့မဟုတ် ဇနီးသည်က မိမိသည် CIA သူလျှိုဖြစ်ကြောင်း ဝန်ခံလိုက်ပြီဟု သူတို့နှစ်ဦးစလုံးအား ပြောခဲ့သည်! နောက်မှ ယင်းတို့အားလုံး မဟုတ်ကြောင်း သိခဲ့ရသည်။ သူတို့ကို တရားဝင် တရားစွဲဆိုခြင်းမပြုဘဲ ကော့စ်တာရီကာသို့ ပြည်နှင်ခဲ့သည်။ သို့ရာတွင် သူတို့မထွက်ခွာမီ နီကာရာဂွာလူမျိုးတိုင်းသည် အမိနိုင်ငံအတွက် တိုက်ပွဲဝင်ရန် အသင့်ရှိရမည်ဖြစ်သောကြောင့် ယေဟောဝါသက်သေများ စစ်ထဲဝင်ရန်ငြင်းဆိုခြင်းကို လက်မခံနိုင်ကြောင်း အပြောခံခဲ့ရသည်။

ဌာနခွဲရုံး အပိတ်ခံရပါက လုပ်ငန်းတော်ကို ကြီးကြပ်ရန်အတွက် ဌာနခွဲကော်မတီသည် ဒေသခံညီအစ်ကိုများကို အမြော်အမြင်ရှိစွာ အရှိန်မြှင့်၍ လေ့ကျင့်ပေးခဲ့သည်။ ထိုအတောအတွင်း တိုက်နယ်ကြီးကြပ်မှူးများနှင့် အရန်တိုက်နယ်ကြီးကြပ်မှူးများအတွက် သင်တန်းတစ်ခု၊ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအတွက် နိုင်ငံတော်ဓမ္မအမှုကျောင်း သင်တန်းများ၊ ရှေ့ဆောင်သင်တန်းကျောင်းများကို ကျင်းပပေးခဲ့သည်။ သို့သော် ကြီးမားသောစုဝေးမှုများအတွက်မူ အစီအစဉ်ပြုလုပ်ရန် ပို၍ခက်ခဲခဲ့သည်။

ဥပမာ၊ ၁၉၈၁၊ ဒီဇင်ဘာလတွင်ကျင်းပမည့် “နိုင်ငံတော် သစ္စာစောင့်သိမှု” ခရိုင်စည်းဝေးကြီး နှစ်ခုထဲမှ တစ်ခုအတွက် အားကစားကွင်းကို အသုံးပြုနိုင်သည်ဟု မာဆာရာမြို့အရာရှိများက အာမခံခဲ့သော်လည်း စည်းဝေးကြီးမကျင်းပမီ ၃၆ နာရီအလိုတွင် မရတော့ကြောင်း ပြောလာသည်။ ဆုံးဖြတ်ချက်သည် မြို့တော်ဝန်ရုံးခန်းမှမဟုတ်ဘဲ အစိုးရရုံးချုပ်မှဖြစ်နေသည်။ သို့ရာတွင် ညီအစ်ကိုများကို ကြို၍သတိပေးခဲ့သည်။ ထို့ကြောင့် စည်းဝေးမတိုင်မီတစ်ရက်တွင် သဘောကောင်းသော ညီအစ်မတစ်ဦး၏ကြက်ခြံကို လိုအပ်လာလျှင်အသုံးပြုရန် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာသည် မာနာဂွာမြို့ပြင် ငါးမိုင်ခန့်အကွာတွင်ရှိသည်။ စည်းဝေးကျင်းပမည့်နေရာကို ပြင်ဆင်ရာတွင် စေတနာ့ဝန်ထမ်းများသည် တစ်ညလုံးအလုပ်လုပ်ခဲ့ရသည်။ စည်းဝေးကြီးကျင်းပမည့်နေရာသစ်ကို ညီအစ်ကို ၆,၈၀၀ ကျော်သိစေရန် နှုတ်ဖြင့် ချက်ချင်းအကြောင်းကြားခဲ့ရသည်။

ဌာနခွဲရုံး ပိတ်ခံရ

၁၉၈၂၊ မတ်လ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၆:၄၀ တွင် အီယန် ဟန်တာသည် သာသနာပြုချင်းများအတွက် နံနက်စာပြင်ဆင်နေသည်။ အပြင်ဘက်တွင် လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် စက်သေနတ်များ ကိုင်ဆောင်ထားသော စစ်သားများပါသည့် ဘတ်စကားတစ်စီး ဆိုက်လာသည်။ စစ်သားများသည် ဌာနခွဲရုံးနှင့် သာသနာပြုအိမ်ကို ဝိုင်းလိုက်သည်။ အီယန်ဤသို့ပြောပြသည်– “အရာရှိတွေက တစ်ယောက်ကို သေတ္တာတစ်လုံး၊ လက်ဆွဲအိတ်တစ်ခုထဲ ပစ္စည်းတွေထည့်ဖို့ ကျွန်တော်တို့ကိုပြောတယ်။ ဘာကြောင့်ဆိုတာကို မရှင်းပြဘဲ အိမ်တစ်အိမ်ဆီကို ခေါ်သွားပါတယ်၊ အဲဒီမှာ ခဏလောက်ပဲ နေရပြီး မေးမြန်းစစ်ဆေးကြပါတယ်။ ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်တဲ့ ရိုင်နာ သောမ်စင်ဟာ ရုံးခန်းထဲ အသာလေးဝင်သွားပြီး ဒီမှာဖြစ်နေတာတွေကိုသတိပေးဖို့ တခြားသာသနာပြုအိမ်တွေဆီ ဖုန်းဆက်ခဲ့ပါတယ်။”

ရူဘီဘလောက် ဤသို့ပြန်ပြောပြသည်– “‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် ... ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ... သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်’ (ဖိ. ၄:၆၊ ၇) လို့ပြောထားတဲ့ ပေါလုရဲ့စကား အဓိပ္ပာယ်အမှန်ကို အဲဒီနေ့မှာ ကျွန်မသိခဲ့ရတယ်။ မီးဖိုချောင်ကနေ စောင့်ကြည့်နေတဲ့ လက်နက်ကိုင်စစ်သားရှေ့မှာပဲ ရိုင်နာ သောမ်စင်က ကျွန်မတို့အတွက် ဆုတောင်းပေးတဲ့အခါ ကျွန်မတို့အားလုံးက လှိုက်လှိုက်လှဲလှဲနဲ့ ‘အာမင်’ ချခဲ့ကြတယ်။ အဲဒီနောက် ကျွန်မတို့ဟာ အခြေအနေဘယ်လိုဖြစ်လာမယ်ဆိုတာ မသိကြပေမဲ့ စိတ်ငြိမ်သက်မှုအပြည့် ခံစားခဲ့ကြတယ်။ ဘာပဲကြုံတွေ့ရပါစေ ဖြေရှင်းဖို့အတွက် ယေဟောဝါ ခွန်အားပေးမယ်ဆိုတာကို ကျွန်မတို့ ယုံကြည်စိတ်ချခဲ့ကြတယ်။ ဒီသင်ခန်းစာကို ကျွန်မရင်ထဲမှာ အမြဲတမ်း အမှတ်တရ သိမ်းဆည်းထားမှာပါ။”

ညီအစ်ကို ဟန်တာက ဆက်ဖြစ်ပျက်ခဲ့ရာကို ဤသို့ရှင်းပြသည်– “သူတို့ဟာ ကျွန်တော်တို့ကို ကားပေါ်တက်ခိုင်းပြီး တောရွာဘက်မှာရှိတဲ့ ကော်ဖီခြံဟောင်းတစ်ခုထဲ ခေါ်သွားကြတယ်။ ကျွန်တော်တို့ဟာ နိုင်ငံခြားသားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့သံရုံးတွေနဲ့ စကားပြောခွင့်ပေးသင့်တယ်လို့ အရာရှိတွေကို ကျွန်တော်သတိပေးခဲ့တယ်။ သူတို့က ဒီသီတင်းပတ်အစပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်ကြေညာချက်အရ အဲဒီအခွင့်အရေးတွေကို ပယ်ဖြတ်လိုက်ပြီ၊ တိုင်းပြည်အပြင်ကို ရောက်တာနဲ့ ပြောချင်တဲ့သူနဲ့ ပြောနိုင်တယ်လို့ ပြန်ဖြေခဲ့ကြတယ်။ အဲဒီစကားက နီကာရာဂွာကနေ ကျွန်တော်တို့ကို ပြည်နှင်လိုက်ပြီဆိုတာ ဦးဆုံးအသိပေးလိုက်တာပဲ။” ထိုနေ့၌ ဌာနခွဲတွင်နေသော သာသနာပြုကိုးဦးသည် အုပ်စုခွဲ၍ ကော့စ်တာရီကာနယ်စပ်သို့ အပို့ခံခဲ့ရသည်။

ထိုအတောအတွင်း အခြားအိမ်နှစ်အိမ်တွင် နေထိုင်သော သာသနာပြုများသည် ညီအစ်ကိုသောမ်စင် ဖုန်းဆက်အကြောင်းကြားမှုကြောင့် အလျင်အမြန် လုပ်ဆောင်ခဲ့ကြသည်။ ဒေသခံညီအစ်ကိုများ၏အကူအညီဖြင့် အော့ဖ်စက်ပုံနှိပ်စက်နှင့် ကိုယ်ပိုင်အသုံးအဆောင်များအပါအဝင် ပစ္စည်းအများစုကို ရွှေ့ပြောင်းခဲ့ကြသည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများ ရောက်လာသည့်အခါ အိမ်ထဲတွင် ပစ္စည်းမရှိတော့သလောက်ဖြစ်ပြီး သာသနာပြုများသည် ခရီးဆောင်သေတ္တာများ ထုပ်ပိုးနေသည်ကိုမြင်ရ၍ အံ့သြခဲ့ကြသည်။ ထိုအိမ်နှစ်လုံးမှ သာသနာပြုဆယ်ယောက်ကို ထိုညနေပိုင်းတွင် လေဆိပ်သို့ပို့ခဲ့သည်။ ဖီလ်လစ္စ ပေါ်တာ ဤသို့ပြန်ပြောပြ၏– “သူတို့ဟာ ကျွန်မတို့ကို တော်လှန်ရေးသမားလို့စွပ်စွဲပေမဲ့ ဘယ်သူကမှ ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့ ဝန်စည်စလယ်တွေကို လုံခြုံရေးအတွက် စစ်ဆေးခြင်းမပြုကြဘူး။ ကျွန်မတို့ဆီမှာ လေယာဉ်လက်မှတ်မရှိပေမဲ့ ကျွန်မတို့ရဲ့ပစ္စည်းတွေမှာ ချိတ်ထားတဲ့ကတ်ပြားအရ ပနားမားကို ပြည်နှင်ခံရတယ်ဆိုတာ ဖော်ပြနေတယ်။” တိုက်နယ်လှည့်နေသည့် ဗြိတိသျှလူမျိုးဇနီးမောင်နှံ သာသနာပြုနှစ်ယောက်သာ ကျန်ခဲ့သည်၊ သူတို့လည်း နောက်လအနည်းငယ်ကြာပြီးနောက် ပြည်နှင်ခံခဲ့ရသည်။

ရက်အနည်းငယ်အတွင်း သာသနာပြုများသည် ကော့စ်တာရီကာဌာနခွဲတွင် ပြည်လည်ဆုံတွေ့ခဲ့ကြသည်။ သူတို့သည် ဗေလိဇ်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ဟွန်ဒူးရပ်စ်နိုင်ငံတို့တွင် ဆက်၍အမှုဆောင်ရန် အုပ်ချုပ်ရေးအဖွဲ့ထံမှ တာဝန်ပေးအပ်ခြင်း ခံရကြသည်။ သို့သော် ရိုင်နာနှင့် ဂျင်းန် သောမ်စင်၊ အီယန် ဟန်တာတို့သည် ယခု နီကာရာဂွာတွင် လုပ်ငန်းတော်ကို ကြီးကြပ်နေကြသော ညီအစ်ကိုများနှင့် အဆက်အသွယ်ရရန် ကော့စ်တာရီကာတွင် ခေတ္တဆက်နေခဲ့ကြသည်။

နီကာရာဂွာရှိညီအစ်ကိုများသည် မည်သို့ရပ်တည်ခဲ့ကြသနည်း။ ထိုအချိန်ကအကြောင်းကို ညီအစ်ကိုဟန်တာ ဤသို့ပြောခဲ့သည်– “ကျွန်တော်တို့ ပြည်နှင်ခံရတဲ့သတင်းကြောင့် တချို့မျက်ရည်ကျခဲ့ကြတယ်၊ ပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ ချစ်လှစွာသောညီအစ်ကိုတွေဟာ လုပ်စရာရှိတာကို ဆက်လုပ်ဆောင်ခဲ့ကြတယ်။ အသစ်ခန့်အပ်ခံရတဲ့ ဒေသန္တရကော်မတီဝင်တွေဟာ ကောင်းကောင်းဦးဆောင်ခဲ့ကြသလို သူတို့ ကောင်းကောင်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။” နီကာရာဂွာလူမျိုး လုပ်သက်ရင့်တိုက်နယ်ကြီးကြပ်မှူးဖြစ်သူ ဖေလက်စ်ပေသိုပေါ့စ်က သာသနာပြုများထွက်ခွာသွား၍ ညီအစ်ကိုများ၏ ခံစားချက်ကို ဤသို့ပြန်ပြောပြသည်– “ကျွန်တော်တို့ အရမ်းဝမ်းနည်းခဲ့တယ်။ သူတို့ဟာ သူတို့ဘဝတစ်ခုလုံးကို ပေးဆပ်ကြပြီး သစ္စာစောင့်သိတဲ့သူတွေဖြစ်တယ်။ သူတို့ရဲ့ပုံနမူနာက ညီအစ်ကိုတွေကို ခွန်အားရှိစေပြီး ဒီနိုင်ငံရဲ့လုပ်ငန်းတော်အတွက် ခိုင်ခံ့တဲ့အုတ်မြစ်ချပေးခဲ့ကြတယ်။

မပိတ်ပင်သော်လည်း ကန့်သတ်ချက်များရှိ

နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးပဋိပက္ခတို့နှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ ကြားနေမှုကို အစိုးရများသည် မကြာခဏ နားလည်မှုလွဲခဲ့ကြသည်။ ယင်းက ဘုရားသခင့်လူမျိုးအပေါ် ဆန့်ကျင်ဘက်သဘောထားများ ဖြစ်စေခဲ့သည်။ ဥပမာ၊ ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း စမိုဇာအုပ်ချုပ်မှုအောက်တွင် ဆန့်ကျင်သူများက သက်သေခံများကို ကွန်မြူနစ်များဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ သို့သော် ယခု စန်ဒီနီစတာများက ညီအစ်ကိုများကို အမေရိကန် CIA သူလျှိုများဖြစ်သည်ဟု စွပ်စွဲခဲ့ကြပြန်သည်။ လူထုဆက်သွယ်ရေးကပင် သူတို့ကို “တော်လှန်ရေးသမားများ” ဟုဖော်ပြခဲ့သည်။

သို့ဖြစ်စေကာမူ ယေဟောဝါသက်သေများသည် ၁၉၈၂ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်ကြားကာလတွင် လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှု ကန့်သတ်ချုပ်ချယ်ခံရသော်လည်း ပိတ်ပင်မခံခဲ့ရပါ။ ဥပမာ၊ နိုင်ငံအတွင်း စာပေစာတမ်းများ တင်သွင်းခွင့်မရှိပါ။ ထို့ပြင် သူတို့၏ လုပ်ဆောင်မှုများနှင့် သာမန်ပြည်သူတို့၏ လုပ်ဆောင်မှုမှန်သမျှကို အနီးကပ်စောင့်ကြည့်သည့် စနစ်တစ်ရပ်ကိုလည်း ထူထောင်ခဲ့သည်။

ရပ်ကွက် အထောက်တော်များ၏ စောင့်ကြည့်ခြင်းခံရ

ကွန်ဂရက် စာကြည့်တိုက် လက်စွဲစာအုပ်တစ်အုပ်၌ ဤသို့ရေးသားဖော်ပြထားသည်– “တော်လှန်ရေး ပြီးလျှင်ပြီးချင်း အက်ဖ်အက်စ်အယ်လ်အဲန် (FSLN) သည် နီကာရာဂွာနိုင်ငံတွင် အများအကျိုးတူ အုပ်စုများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းကြီးများကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။” ထိုအုပ်စုများတွင် အလုပ်သမားများ၊ အမျိုးသမီးအသင်း၊ ကျွဲနွားတိရစ္ဆာန် မွေးမြူရေးသမားများ၊ လယ်သမားများနှင့် ယာသမားများ ပါဝင်ကြသည်။ ထိုလက်စွဲစာအုပ်အရ “၁၉၈၀ ပြည့်နှစ်ရောက်သော် ထိုဆန်ဒီနစ္စတာ အဖွဲ့အစည်းများတွင် နီကာရာဂွာပြည်သူ ၂၅၀,၀၀၀ ခန့်ပါဝင်လာခဲ့သည်။” ၎င်းအဖွဲ့အစည်းများအနက် ဩဇာတိက္ကမ အကြီးဆုံးအဖွဲ့အစည်းမှာ ဆန်ဒီနစ္စတာ ကာကွယ်ရေးကော်မတီ (စပိန်လို Comites de Defensa Sandinista) သို့မဟုတ် စီဒီအက်စ် (CDS) ဖြစ်သည်။ ရပ်ကွက်ကော်မတီများဖြင့် ဖွဲ့စည်းထားသည့် စီဒီအက်စ်သည် မြို့ကြီးများတွင် ရပ်ကွက်အလိုက် သန်းခေါင်စာရင်း ကောက်ခံပြုစုထားသဖြင့် “မည်သူ မည်သည့်နေရာတွင်ရှိကြောင်း သိရှိထားသည်” ဟုအထက်ပါ ရည်ညွှန်းစာအုပ်က ဆိုသည်။ ၎င်းတို့သည် အစိုးရအတွက် သတင်းစုဆောင်းရေး၊ သတင်းဖြန့်ချိရေးအတွက် အလွန်ထိရောက်သည့် ယန္တရားတစ်ခုဖြစ်သည်။

များမကြာမီအတွင်း ယေဟောဝါသက်သေများ၏ လှုပ်ရှားဆောင်ရွက်မှုများသည် အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်း ခံရလေသည်။ ပို၍ဆိုးသည်မှာ သက်သေခံများအား ဦးတည်တိုက်ခိုက်သည့် ပြင်းထန်သော ဝါဒဖြန့်မှု ကင်ပိန်းကြောင့်ဖြစ်သည်။ တန်ပြန်တော်လှန်ရေး လှုပ်ရှားမှုများနှင့် “သဘောတရားရေး ကွဲလွဲရေးဝါဒ” တွင်ပါဝင်သည်ဟု သင်္ကာမကင်းခံရသူတို့သည် ဆန်ဒီနစ္စတာ အာဏာပိုင်များထံ ရပ်ကွက် စီဒီအက်စ်၏ ပုံမှန် စွပ်စွဲတိုင်ကြားခြင်း ခံရကြသည်။ ထိုသူတို့သည် များသောအားဖြင့် နိုင်ငံတော်လုံခြုံရေး အထွေထွေဦးစီးဌာန၏ သူလျှိုများဖြစ်သည့် လျှို့ဝှက်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရလေ့ရှိသည်။

စီဒီအက်စ်၏ လုပ်ငန်းတစ်ခုမှာ ညစဉ်ညတိုင်း ကင်းစောင့်တာဝန် စီစဉ်ခြင်းဖြစ်သည်။ သာမန်ပြည်သူများ ကျားမ,မရွေး ၎င်းတို့ရပ်ကွက်အတွင်း ပြစ်မှုကျူးလွန်သူ သို့မဟုတ် တန်ပြန်တော်လှန်ရေး လှုပ်ရှားမှုကို အလှည့်ကျ တာဝန်ယူစောင့်ကြည့်ပေးရသည်။ သက်သေခံများသည် ဤတာဝန်ကို မထမ်းဆောင်သကဲ့သို့ မိမိတို့နေအိမ်များတွင်လည်း အပတ်စဉ် စီဒီအက်စ် အစည်းအဝေးများကျင်းပခွင့် မပြုကြချေ။ သို့ရာတွင်၊ လမ်းသန့်ရှင်းရေးကဲ့သို့သော စေတနာ့ဝန်ထမ်း အလုပ်မျိုးကိုမူ သူတို့လက်ခံကြသည်။ သို့ဖြစ်စေကာမူ သက်သေခံများကို တစ်ယူသန်များ၊ နိုင်ငံတော်အတွက် အန္တရာယ်ရှိသူများအဖြစ် ရှုမြင်ကြသည်။ ညီအစ်ကိုတစ်ဦးက ဤသို့ပြောပြသည်– “အဲဒီဆယ်စုနှစ်တွေအတွင်း အများအားဖြင့် ကျွန်တော့်အိမ်ရှေ့မျက်နှာစာမှာ ‘သင့်အား ကျွန်ုပ်တို့ စောင့်ကြည့်နေသည်’ ဆိုတဲ့စာတမ်း လာပြီးရေးကပ်ထားတယ်။”

သတိရှိရှိ၊ သတ္တိရှိရှိ

ညီအစ်ကိုတို့သည် ခရစ်ယာန် အစည်းအဝေးများ တက်သည့်အခါ၊ ဓမ္မအမှုတော်တွင် ပါဝင်သည့်အခါများ၌ သူတို့အပေါ် မလိုအပ်သည့် အာရုံစိုက်မှု မရှိစေရန် လိမ္မာသိုသိပ်စွာ သွားလာလှုပ်ရှားကြသည်။ အစည်းအဝေးများကို အများပြည်သူ မမြင်သာသည့် ကိုယ်ပိုင်အိမ်များ၌ဖြစ်စေ၊ ဆိုင်းဘုတ်အမှတ်အသား မချိတ်ဆွဲထားသည့် နိုင်ငံတော်ခန်းမများ၌ဖြစ်စေ မိသားစုအရွယ်လောက်ရှိသည့် အုပ်စုမျိုးဖြင့် ကျင်းပကြသည်။ အိမ်နီးချင်း ပတ်ဝန်းကျင်ကိုလိုက်၍ ညီအစ်ကိုများသည် အစည်းအဝေးများ၌ နိုင်ငံတော်သီချင်း ဆိုလေ့မရှိကြချေ။ တစ်ချိန်တည်းတွင် ကြေညာသူများသည် အသင်းတော် အသုံးပြုသည့် ပုံစံစာရွက်များနှင့် မှတ်တမ်းအမျိုးမျိုးတွင် သူတို့၏နာမည်အစား နံပါတ်များကို အစားထိုး သုံးစွဲလာကြသည်။ ထို့ပြင်၊ စိတ်ဝင်စားသူများကို အနည်းဆုံးခြောက်လ ကျမ်းစာလေ့လာပြီးနောက် ဝိညာဉ်ရေးတိုးတက်မှု လက္ခဏာ မပြမချင်း အစည်းအဝေးများသို့ ဖိတ်ခေါ်ခြင်းမပြုကြချေ။

စည်းဝေးပွဲများကို အရွယ်အစားသေးငယ်အောင် ကျုံ့ပစ်ရသည့်ပြင် အစီအစဉ်ကိုလည်း ချုံ့ပစ်ရသည်။ ဟောပြောချက်အောက်လိုင်းများနှင့် အခြားအချက်အလက်များကို အသင်းတော်တစ်ခုစီသို့ ပို့ပေးသည်။ ဒေသခံ အကြီးအကဲများက အရည်အချင်းရှိသော ဓမ္မအမှုထမ်းများ၏ အကူအညီဖြင့် အသင်းတော်အလိုက် အစီအစဉ်ကို စီစဉ်တင်ဆက်ကြသည်။ ဒေသန္တရကော်မတီဝင်များနှင့် နယ်လှည့်ကြီးကြပ်မှူးများသည် ၎င်းစည်းဝေပွဲများကို အတတ်နိုင်ဆုံး လည်ပတ်အားပေးကြသည်။

စည်းဝေးပွဲနေရာများကို နှုတ်ဖြင့် အကြောင်းကြားသည်၊ အစီအစဉ်ဖျက်လိုက်ရသည့် စည်းဝေးပွဲဟူ၍ တစ်ခုမျှ မရှိခဲ့ချေ။ သို့သော်လည်း အချိန်ကပ်မှ စည်းဝေးပွဲနေရာ ပြောင်းလိုက်ရသည့်အခါများ ရှိခဲ့ပါသည်။ သာဓကအနေနှင့် ၁၉၈၇ ခုနှစ်တွင် ကျေးလက်ဒေသတစ်ခု၌ လူပေါင်း ၃၀၀ ခန့်တက်ရောက်မည့် စည်းဝေးပွဲတစ်ခုအတွက် ညီအစ်ကိုတစ်ဦး၏ အိမ်နောက်ဖေးမြေကွက်ကို ပြင်ဆင်ထားကြသည်။ စစ်ဗိုလ်တစ်ယောက်နှင့် သူ၏ရဲဘော်များ ရုတ်တရက် ရောက်လာကြသည်။ “ဒါက ဘာလုပ်နေကြတာလဲ” ဟု စစ်ဗိုလ်ကမေးသည်။

ထိုသူ၏ဘွတ်ဖိနပ်ကို ကြည့်ခြင်းအားဖြင့် သူသည် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့မှဖြစ်ကြောင်း သိရှိလိုက်သဖြင့် ညီအစ်ကိုက “ပါတီပွဲ လုပ်မလို့ပါ” ဟုပြန်ဖြေလိုက်သည်။ ၎င်းနောက် ထိုစစ်ဗိုလ် ပြန်ထွက်သွားသည်။ အာဏာပိုင်များ မယုံသင်္ကာဖြစ်သွားကြောင်း ထင်ရှားသဖြင့် ညီအစ်ကိုညီအစ်မများသည် ပြင်ဆင်ထားသည်များကို တစ်ညလုံး ဖြုတ်သိမ်းကြသည်။ နံနက် ၅ နာရီထိုးသော် စင်မြင့်၊ ထိုင်ခုံများနှင့် ချက်ပြုတ်စရာများကို ဖြုတ်သိမ်းပြီးရုံမျှမက တစ်မိုင်ခန့်ဝေးသည့် နေရာတစ်ခုတွင် အသင့်ပြင်ဆင်ပြီးဖြစ်နေသည်။ ကျန်းမာသန်စွမ်းသည့် ငယ်ရွယ်သောညီအစ်ကိုများက စည်းဝေးပွဲကျင်းပမည့် နေရာသစ်ကို ညီအစ်ကိုများအား လိုက်လံအကြောင်းကြားကြသည်။ ထိုနေ့နံနက်နောက်ပိုင်း လက်နက်ကိုင်စစ်သားများ အပြည့်တင်ဆောင်ထားသည့် ထရပ်ကားတစ်စီးသည် စည်းဝေးပွဲကို ဟန့်တားရန်၊ လူငယ်များအား စစ်မှုထမ်းဖို့ ခေါ်ဆောင်ရန်နှင့် ဦးဆောင်သည့် ညီအစ်ကိုများအား ဖမ်းဆီးရန်အတွက် မူလ စည်းဝေးပွဲ ကျင်းပမည့်နေရာသို့ ဆိုက်ရောက်လာသည်။ သို့သော် သူတို့တွေ့လိုက်ရသည်မှာ အိမ်ရှင်တစ်ဦးတည်းသာဖြစ်သည်။

“လူတွေ ဘယ်ရောက်သွားကြသလဲ” ဟု စစ်ဗိုလ်ကမေးသည်။

“ညတုန်းက ကျွန်တော်တို့ ပါတီပွဲ လုပ်ကြတယ်၊ အခု ပြီးသွားပါပြီ” ဟု ညီအစ်ကိုက ဖြေလိုက်သည်။

“မင်းတို့ စည်းဝေးပွဲတစ်ခု လုပ်ခဲ့တယ် မဟုတ်လား” ဟု စစ်ဗိုလ်ကမေးသည်။

“ဗိုလ်ကြီးတွေ့တဲ့အတိုင်း ဒီမှာ ဘာမှမရှိပါဘူး” ဟု ညီအစ်ကိုက ပြန်ပြောလိုက်သည်။

“ကောင်းပြီ၊ ဒီလိုဆိုရင် မနေ့က ဒီမှာတွေ့လိုက်ရတဲ့တဲက ဘာအတွက်လဲ” ဟု စစ်ဗိုလ်က မကျေမနပ်နှင့် ဆက်၍မေးသည်။

“ပါတီပွဲပြီးသွားလို့ သူတို့တွေ အားလုံးပြန်သိမ်းသွားကြပြီလေ” ဟု ညီအစ်ကိုက ထပ်၍ရှင်းပြသည်။

၎င်းနောက် စစ်သားများ ပြန်သွားကြသည်။ ထိုအချိန်အတောအတွင်း ညီအစ်ကိုများသည် အခြားတစ်နေရာတွင် ဝိညာဉ်ရေး အားတက်ဖွယ်ရာ အစီအစဉ်တစ်ရပ်မှ အကျိုးခံစားနေကြသည်။

“တောခွေးစုထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကိုငါစေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့” ဟု ယေရှု မိန့်တော်မူ၏။ (မ. ၁၀:၁၆) ကြေညာသူများသည် အစည်းအဝေးများနှင့် စည်းဝေးပွဲများ၌လောက်သာ ဤသြဝါဒစကားကို နှလုံးသွင်းကြသည်မဟုတ်ဘဲ လယ်ကွင်းဓမ္မအမှု၌လည်း နှလုံးသွင်းကြသည်။ သို့ဖြစ်၍ သူတို့သည် အုပ်စု ကြီးကြီးမားမား မစုဝေးကြဘဲ ကြို၍ တာဝန်ပေးထားသည့် ရပ်ကွက်များတွင် နှစ်ယောက်တစ်တွဲ လုပ်ဆောင်ကြသည်။ တိုက်နယ်ကြီးကြပ်မှူး ဖဲလစ္စ ပီဒရို ပိုင်းဇ် က ဤသို့ရှင်းပြသည်– “ကျွန်တော်တို့ သိပ်ကိုသတိထားရတယ်။ ဓမ္မအမှုအတွက် ကျွန်တော်တို့ ယူဆောင်သွားတဲ့ တစ်ခုတည်းသောအရာကတော့ သမ္မာကျမ်းစာပါပဲ။ လယ်ကွင်းမှာ ကျွန်တော်နဲ့အတူသွားဖို့ တစ်ရက်ကို ညီအစ်ကိုတစ်ယောက် တွဲပေးတယ်။ တချို့အသင်းတော်တွေကို လည်ပတ်တဲ့အခါမှာ စာအုပ်ကြီးသင်တန်း အုပ်စုတစ်စုကို အင်္ဂါနေ့ ညနေပိုင်းမှာသွားတယ်၊ နောက်တစ်ခုကို ကြာသပတေးနေ့မှာသွားပြီး နောက်ထပ်တစ်ခုကိုကျတော့ တနင်္ဂနွေနေ့မှာ သွားရတယ်။ တိုင်းပြည်ရဲ့ တချို့ဒေသတွေမှာတော့ ဒီလောက်ကြီးအထိ သိပ်သတိထားစရာမလိုပါဘူး။”

သိမ်းယူခြင်းနှင့် ဖမ်းဆီးခြင်း

၁၉၈၂ ခုနှစ် ဇူလိုင်လ၏ ညတစ်ညတွင် လူပေါင်း ၁၀၀ မှ ၅၀၀ ပါဝင်သည့် ရမ်းကားသောလူအုပ်များသည် နိုင်ငံတော်လုံခြုံရေး သူလျှိုများလိုက်ပါလျက် တိုင်းပြည်၏ ဒေသအသီးသီးတွင် နိုင်ငံတော်ခန်းမအချို့ကို ဝင်ရောက်စီးနင်းပြီး “ပြည်သူပိုင်” သိမ်းပိုက်လိုက်ကြသည်။ ဩဂုတ်လ ၉ ရက်နေ့၊ ည ၇ နာရီနှင့် ၉ နာရီအကြားတွင် နောက်ထပ် နိုင်ငံတော်ခန်းမငါးခု၊ စည်းဝေးပွဲခန်းမတစ်ခုနှင့် အဲလ် ရေဇုန်လမ်းရှိ ဌာနခွဲ အဆောက်အအုံဟောင်းတို့ကိုလည်း သိမ်းပိုက်လိုက်ကြပြန်သည်။ မတ်လတွင် သာသနာပြုများကို နိုင်ငံမှနှင်ထုတ်ပြီးနောက် နီကာရာဂွာလူမျိုး ညီအစ်ကိုခြောက်ဦးနှင့် ကျန်ရစ်သော သာသနာပြု လင်မယားနှစ်ဦးတို့သည် အိမ်ရာအဆောက်အအုံကို ထိန်းသိမ်းစောင့်ရှောက်ရန် ဌာနခွဲတွင် ဆက်လက် နေထိုင်ခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် အာဏာပိုင်များသည် မြှောက်ထိုးပင့်ကော်ပြုသည့် ရမ်းကားသော လူအုပ်၏ အားပေးထောက်ခံမှုဖြင့် ထိုသူတို့ကို ကိုယ်ပိုင်ပစ္စည်းများပင် ယူဆောင်ခွင့်မပြုဘဲ မောင်းထုတ်ခဲ့ကြသည်။

အစိုးရက စီဒီအက်စ်အား နိုင်ငံတော်ခန်းမများကို သိမ်းပိုက်ခွင့်အာဏာ အပ်နှင်းခဲ့သည်။ သိမ်းပိုက်သည့် နိုင်ငံတော်ခန်းမများကို “ပြည်သူပိုင်ပစ္စည်း” ဟူ၍ ယခုအခါ သတ်မှတ်ကြသည်။ အပြင်ပန်းအားဖြင့် ခန်းမများကို အများပြည်သူအတွက် အသုံးပြုရန် အလိုက်သင့်ပြင်ဆင်မည်ဟု အကြောင်းပြသည်။ နောက်ဆုံး၌ စုစုပေါင်း အိမ်ရာခြံမြေ ၅၀ အနက်မှ ၃၅ ခုကို တရားဝင်သိမ်းပိုက်ခြင်း လုံးဝမရှိသော်လည်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည်။

အမျိုးသားရေးစိတ်ဓာတ် တက်ကြွပြင်းထန်နေစဉ် ကာလအတွင်း တာဝန်ရှိညီအစ်ကိုများသည် အနီးကပ် စောင့်ကြည့်ခံရသည်မက ခြိမ်းခြောက်ခြင်းပင် မကြာမကြာ ခံရကြသည်။ သာဓကအနေနှင့် အချို့ရပ်ကွက်များ၌ စီဒီအက်စ် လူရမ်းကားအုပ်စုများက ညီအစ်ကိုများ၏အိမ်ရှေ့တွင် နာရီနှင့်ချီ၍ အပြစ်တင်စွပ်စွဲသံများ၊ နိုင်ငံရေးကြွေးကြော်သံများ ကြွေးကြော်ခြင်းအားဖြင့် ထပ်တလဲလဲ နှောင့်ယှက်တိုက်ခိုက်ခဲ့ကြသည်။ နိုင်ငံတော်လုံခြုံရေး အရာရှိများက အိမ်ထဲဝင်ရောက်ရှာဖွေကြသည့်အပြင် အချို့ပစ္စည်းများကို အဓမ္မပင် ယူငင်ကြသည်။ ဒေသန္တရကော်မတီဝင်များ အပါအဝင် အကြီးအကဲ အတော်များများသည် ဖမ်းဆီးခြင်း၊ မတော်မတရား ပြုမူဆက်ဆံခြင်း ခံခဲ့ရကြသည်။

ဤအတွေ့အကြုံမျိုးကို အဦးဆုံး ကြုံတွေ့ခဲ့သည့် အကြီးအကဲများအနက် တစ်ဦးမှာ ထိုစဉ်က တိုက်နယ်ကြီးကြပ်မှူးတစ်ဦးဖြစ်သူ ဂျိုအဲလ် အောဘရီဂွန် ဖြစ်သည်။ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်လုံခြုံရေး သူလျှိုများက သူနှင့်ဇနီးဖြစ်သူ နီလာတို့ တည်းခိုနေသည့်အိမ်ကို ဝိုင်းရံပြီးလျှင် သူ့ကိုဖမ်းဆီးသွားသည်။ နီလာက ငါးပတ်တိတိ အထပ်ထပ် ကြိုးစားပြီးနောက်၌သာ ခင်ပွန်းဖြစ်သူနှင့် တွေ့ခွင့်ရရှိခဲ့သည်။ သို့သော်ငြားလည်း လက်နက်ကိုင် အရာရှိတစ်ဦး၏ ရှေ့မှောက်တွင် သုံးမိနစ်သာ တွေ့ခွင့်ရသည်။ ဂျိုအဲလ်သည် နှိပ်စက်ခံထားရပုံ ပေါက်နေသည်။ သူသည် ပိန်ကျသွားသည့်အပြင် စကားပြောရာ၌လည်း အခက်အခဲရှိနေသည်ကို နီလာက သတိထားမိသည်။ “ဂျိုအဲလ်က ကျုပ်တို့နဲ့ ပူးပေါင်းချင်စိတ် မရှိဘူး” ဟု အရာရှိတစ်ဦးက သူမအား ပြောပြသည်။

ရက်ပေါင်း ၉၀ အကျဉ်းကျပြီးနောက် နောက်ဆုံးတွင် ဂျိုအဲလ် ပြန်လွှတ်လာသည်။ ပေါင် ၄၀ လျော့ကျသွားသည်။ တိုင်းပြည်၏ အခြားဒေသများရှိ အကြီးအကဲများလည်း ဖမ်းဆီးခြင်း၊ စစ်မေးခြင်းခံရပြီးနောက် ပြန်လွတ်ခဲ့ကြသည်။ သူတို့၏ သမာဓိစောင့်သိမှု စံနမူနာသည် အခြားညီအစ်ကိုများ၏ ယုံကြည်ခြင်းကို မည်မျှခိုင်ခံ့စေမည်တကား!—စာမျက်နှာ ၁၃ မှ “လျှို့ဝှက်ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တွေ့ဆုံခြင်း” လေးထောင့်ကွက်ရှု။

စစ်မှုထမ်းစေခြင်းဥပဒေက ခရစ်ယာန်လူငယ်များအားစမ်းသပ်

ငယ်ရွယ်သည့် ညီအစ်ကိုများသည် ၁၉၈၃ ခုနှစ်တွင် ထုတ်ပြန်သည့် မျိုးချစ် စစ်မှုထမ်းခြင်းဟု လူသိများသော အများပြည်သူနှင့်ဆိုင်သည့် ဥပဒေအရ စစ်မှုထမ်းခြင်းစနစ်ကြောင့် အထူးသဖြင့် ထိခိုက်ခဲ့ရသည်။ အသက် ၁၇ နှစ်နှင့် ၂၆ နှစ်ကြားရှိ ယောက်ျားမှန်သမျှ နှစ်နှစ် စစ်မှုထမ်းရသည်၊ ၎င်းနောက် အရန်တပ်ဖွဲ့တွင် နောက်ထပ်နှစ်နှစ် ထမ်းဆောင်ရမည့် တာဝန်ရှိသည်။ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပြီဆိုလျှင် စစ်သင်တန်းတက်ရန် စစ်စခန်းတစ်ခုသို့ တိုက်ရိုက်ခေါ်သွားသည်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းရန် ငြင်းဆိုသူများအတွက် မည်သည့်အစီအစဉ်မျှ မရှိပေ။ ငြင်းဆိုလျှင် စစ်ဆေးစီရင်ခြင်းခံရန် အကျဉ်းချခံရသည်၊ ၎င်းနောက် ထောင်ဒဏ်နှစ်နှစ် ကျခံရသည်။ ညီအစ်ကိုများသည် ဤစမ်းသပ်မှုကို ရဲရင့်ခြင်းသတ္တိနှင့် ယေဟောဝါအပေါ် သစ္စာစောင့်သိမည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်တို့ဖြင့် ရင်ဆိုင်ခဲ့ကြသည်။

သာဓကအနေဖြင့် ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မာနာဂွာမြို့မှ အသက် ၂၀ ရှိ မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်သည့် ဂီလျာမိုး ပွန်ဆာသည် ကျမ်းစာသင်အံမှုအချို့ ပြုလုပ်ရန် သွားနေစဉ်တွင် ရဲတို့၏ဖမ်းဆီးခြင်း ခံခဲ့ရသည်။ စစ်မှုထမ်းမှတ်ပုံတင်ကတ် မရှိသဖြင့် စစ်လေ့ကျင့်ရေးစခန်းသို့ ပို့ခံရသည်။ ဂီလျာမိုးသည် လက်နက်ကိုင်ဆောင်ခြင်းမပြုဘဲ ငယ်ရွယ်သည့် တပ်သားသစ်များကို စ၍သက်သေခံသည်။ ယင်းကိုတွေ့သည့်အခါ အုပ်ချုပ်သူအရာရှိတစ်ဦးက “ဒါဘုရားကျောင်း မဟုတ်ဘူး၊ စစ်စခန်းကွ။ ဒီနေရာမှာ ဒို့ကိုမင်းနာခံရမယ်” ဟူ၍ မာဆတ်ဆတ် ပြောလိုက်သည်။ “လူထက် ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် နာခံရမည်” ဟူသော တမန်တော် ၅:၂၉ မှစကားကိုကိုးကားလျက် ဂီလျာမိုးက ပြန်ပြောလိုက်သည်။ ဒေါသထွက်နေသည့် အုပ်ချုပ်သူအရာရှိဖြစ်သော ကျူးဘားလူမျိုး လေ့ကျင့်ရေးမှူးက သူ့ထံမှ သမ္မာကျမ်းစာကို ဆတ်ကနဲ ဆွဲယူလိုက်ပြီး “ဒီညကျရင် တွေ့ကြသေးတာပေါ့” ဟူ၍ခြိမ်းခြောက်လိုက်သည်။ အဓိပ္ပာယ်မှာ ဂီလျာမိုးသည် သူ၏သန္နိဋ္ဌာန် ချည့်နဲ့သွားအောင် စိတ်ဓာတ်ရေးရာ နှိပ်စက်မှုခံရမည် ဟူ၍ဖြစ်သည်။

အုပ်ချုပ်သူအရာရှိက ခြိမ်းခြောက်သည့်အတိုင်း မလုပ်ဆောင်သည့်အတွက် ကျေးဇူးတင်ရပေမည်။ သို့သော်လည်း သုံးရက်ကြာပြီးနောက် ဂီလျာမိုးသည် အကျဉ်းထောင်တစ်ခုသို့ အပို့ခံရသည်။ ကြမ်းတမ်းခက်ခဲသော အခြေအနေမျိုးဖြင့် ထိုတွင် ကိုးလကြာ ချုပ်နှောင်ခံခဲ့ရသည်။ သို့သော်လည်း သူသည် အကျဉ်းထောင်အတွင်း၌ပင် ရှေ့ဆောင်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်၍ ကျမ်းစာသင်အံမှုများ ပြုလုပ်သည့်အပြင် အစည်းအဝေးများပင် ကျင်းပခဲ့သည်။ နောင်တွင် သူသည် အဆိုပါ ခက်ခဲကျပ်တည်းသော ခေတ်ကာလအတွင်း ဒေသန္တရကော်မတီအတွက် အရေးပါသော အားကိုးရသူတစ်ဦးဖြစ်လာသည်။

ငယ်ရွယ်သည့် ညီအစ်ကိုတချို့ကို ထောင်ချမည့်အစား ပုံမှန်မဟုတ်သောတိုက်ပွဲဝင် တပ်ရင်းဟုခေါ်သော စစ်ယူနစ်များနှင့် တွဲဖက်တာဝန်ထမ်းရန် တောင်တန်းများဆီသို့ အဓမ္မပို့ဆောင်ခဲ့သည်။ တပ်ရင်းတစ်ရင်းစီတွင် တောတောင်များ၌ တိုက်ပွဲဝင်ရန် လေ့ကျင့်ထားသည့် အင်အား ၈၀ မှ ၉၀ ရှိသော တပ်ခွဲငါးခွဲ ခြောက်ခွဲပါဝင်သည်။ ထိုတောတောင်များသည် ကွန်ထရာများ (ဆန်ဒီနီစတာအစိုးရကို ဆန့်ကျင်သည့် ပြောက်ကျားများ) ကို အပြင်းအထန် တိုက်ခိုက်နှိမ်နင်းရသည့် နေရာများဖြစ်သည်။ ညီအစ်ကိုများသည် စစ်ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း မပြုသည့်တိုင်အောင် တိုက်ပွဲဖြစ်ပွားသည့်နယ်မြေများသို့ အတင်းအဓမ္မ သွားခိုင်းသည့်အပြင် ပြစ်ဒဏ်ပေးခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းလည်း ခံရကြသည်။

အသက်ဆယ့်ရှစ်နှစ်အရွယ်ရှိ ဂျိုဗန်နီ ဂိုင်တန်သည် ထိုသို့သော ပြုမူဆက်ဆံမှုမျိုးကို ကြံ့ကြံ့ခံခဲ့ရသည်။ နှစ်ခြင်းခံရန် သူမျှော်လင့်ထားသည့် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ခရိုင်စည်းဝေးကြီးမတိုင်မီ သူ့အား အဓမ္မ စစ်တပ်ထဲသွင်းရန် ကြိုးပမ်းမှုတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်လေ့ကျင့်ရေးစခန်းတစ်ခုသို့ အပို့ခံရပြီး ထိုတွင် ၄၅ ရက်ကြာ စစ်သားများက သူအား ရိုင်ဖယ်ကိုင်တွယ်နည်းနှင့် တောတွင်းတိုက်ခိုက်နည်းကို အတင်းအကျပ် သင်ကြားပေးရန် ကြိုးစားကြသည်။ သို့သော်လည်း သမ္မာကျမ်းစာဖြင့် လေ့ကျင့်ထားသည့် ဩတ္တပ္ပစိတ်နှင့်အညီ ဂျိုဗန်နီသည် ‘စစ်အတတ်ကိုသင်ကြားရန်’ ငြင်းဆိုခဲ့သည်။ (ဟေရှာ. ၂:၄) သူသည် စစ်ယူနီဖောင်းကို မဝတ်သကဲ့သို့ လက်နက်လည်း မကိုင်ခဲ့ချေ။ သို့သော်လည်း စစ်သားများနှင့်အတူ ၂၇ လတိုင်တိုင် အတင်းအဓမ္မ ချီတက်စေခဲ့သည်။

ဂျိုဗန်နီက ဤသို့ပြောပြသည်– “ကျွန်တော် ကိုယ့်ကိုယ်ကို ခွန်အားရှိအောင် အမြဲတမ်းဆုတောင်းတယ်၊ သင်ကြားခဲ့တဲ့အရာတွေကို တွေးတောဆင်ခြင်တယ်၊ ပြီးတော့ စိတ်ဝင်စားတဲ့ ဘယ်စစ်သားကိုမဆို ဟောပြောခဲ့တယ်။ ‘ငါသည် တောင်ရိုးများသို့ မျှော်ကြည့်၏။ အဘယ်မှ ကူညီမစမှုကို ငါရပါမည်နည်း။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော ယေဟောဝါ၏ထံတော်မှ ရပါလိမ့်မည်။ ကိုယ်တော်သည် သင့်အား ခြေချော်၍ လဲစေတော်မူလိမ့်မည်မဟုတ်။ သင့်ကို ကွယ်ကာစောင့်ရှောက်တော်မူသော အရှင်သည် အိပ်တော်မမူ’ ဆိုတဲ့ ဆာလံဆရာရဲ့စကားကို ကျွန်တော် အမြဲသတိရခဲ့တယ်။”—ဆာ. ၁၂၁:၁-၃၊ ကဘ; ၁ သက်. ၅:၁၇။

ဂျိုဗန်နီသည် တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းသို့ အကြိမ်ပေါင်း ၄၀ ခန့် အတင်းအဓမ္မ သွားရောက်စေခြင်း ခံခဲ့ရသော်လည်း ဘေးမသီရန်မခ လွတ်မြောက်ခဲ့သည်။ လွတ်ငြိမ်းခွင့်ရပြီးနောက် ၁၉၈၇ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် နှစ်ခြင်းခံခဲ့သည်။ ၎င်းနောက် မကြာမီတွင် ရှေ့ဆောင်လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ အခြား သစ္စာရှိ ညီအစ်ကိုငယ် များစွာလည်း အလားတူ အတွေ့အကြုံများ တွေ့ကြုံခဲ့ကြသည်။—စာမျက်နှာ ၁၆ ရှိ “တိုက်ပွဲဖြစ်နေသည့်နေရာသို့ အတင်းအကျပ်ပို့ခံရ” လေးထောင့်ကွက်ရှု။

မိမိတို့၏ ကြားနေခြင်းရပ်တည်ချက်ကို ခုခံကာကွယ်ခြင်း

အစိုးရထိန်းချုပ်ထားသည့် စာနယ်ဇင်းများနှင့် စီဒီအက်စ်တို့က ယေဟောဝါသက်သေများသည် မျိုးချစ်စစ်မှုထမ်းခြင်းကို ဆန့်ကျင်ရေးအတွက် တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်ခြင်းကို အသုံးပြုလျက်ရှိသည်ဟု မဟုတ်မမှန် စွပ်စွဲကြသည်။ သက်သေခံများသည် နီကာရာဂွာ လူငယ်လူရွယ်များအား စစ်မှုမထမ်းအောင် သွေးဆောင်ခြင်းအားဖြင့် နိုင်ငံတော်လုံခြုံရေးကို ဖြိုဖျက်နေသည်ဟုဆိုသည်။ ဤစွပ်စွဲချက်များသည် အခြေအမြစ်မရှိသော်လည်း အထပ်ထပ်စွပ်စွဲခြင်းကြောင့် အစိုးရရှေ့နေများနှင့် တရားသူကြီးများအား မကြာခဏ ဘက်လိုက်မှုဖြစ်စေခဲ့သည်။ ပို၍ဆိုးသည်မှာ တော်လှန်ရေးကို ထောက်ခံသူများအဖြစ် မိမိတို့ကိုယ်ကို သတ်မှတ်ကြသည့် အထင်ကရ ဧဝံဂေလိအသင်းများမှ ခေါင်းဆောင်များကလည်း ဘာသာရေးယုံကြည်ချက်ကြောင့် ဆက်လက်၍ကြားနေသူတို့ကို “ပြည်သူ့ရန်သူ” ဟုအမည်တပ်၍ စွပ်စွဲခဲ့ကြသည်။

ရှေ့နေတစ်ဦးဖြစ်သည့် သက်သေခံတစ်ဦးသည် စစ်မှုထမ်းရန် ငြင်းဆိုခြင်းအတွက် ထောင်ဒဏ်နှစ်နှစ်ကျခံရန် စီရင်ချက်ချခံရသည့် ငယ်ရွယ်သောညီအစ်ကို ၂၅ ယောက်၏ အယူခံသည့်အမှုကို ကိုင်တွယ်ခဲ့ရသည်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းရန် ငြင်းဆိုခြင်းကို တရားဝင် အသိအမှတ်ပြုခြင်း မရှိသောကြောင့် အယူခံဝင်ရသည့် ရည်ရွယ်ချက်မှာ ခုခံကာကွယ်သူတို့၏ အကျင့်စာရိတ္တ ကောင်းမွန်မှုနှင့် ခုခံခြင်းမရှိဘဲ အဖမ်းခံသည့် မှတ်တမ်းများကို ရည်ညွှန်ကိုးကားလျက် ချမှတ်ထားသည့်ပြစ်ဒဏ်များကို လျှော့ပေါ့ပေးရန်ဖြစ်သည်။ ရလဒ်အနေနှင့် အားလုံးမဟုတ်သော်လည်း အချို့ပြစ်ဒဏ်များကို ၆ လမှ ၁၈ လအထိ လျှော့ပေါ့ပေးခဲ့သည်။

စစ်ဆေးစီရင်မှုများတွင် ကိုယ်တိုင်တက်ရောက်ခဲ့သည့် ညီအစ်ကိုတစ်ဦး ဟူးလီယို ဘင်ဒနာက ဤသို့ပြောပြသည်– “မှတ်သားစရာကောင်းတာက ယေဟောဝါသက်သေတွေကလွဲရင် ဘာသာရေးယုံကြည်ချက်အတွက်နဲ့ စစ်မှုထမ်းခြင်းကို ငြင်းဆိုတဲ့လူငယ် တစ်ယောက်မှမရှိဘူး။ ကျွန်တော်တို့ရဲ့ ၁၇ နှစ်အရွယ် လူငယ်လေးတွေဟာ ဆန့်ကျင်ဘက်ပြုတဲ့ ပရိသတ်တွေ ဝိုင်းနေတဲ့ကြားထဲက တရားသူကြီးနဲ့ စစ်ဘက် အစိုးရရှေ့နေတို့ရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ ကြားနေမှုကို ခိုင်မာတဲ့ခံယူချက်နဲ့ ခုခံကာကွယ်ခဲ့ကြတာကို တွေ့မြင်ရတာ ဂုဏ်ယူစရာပါပဲ။”—၂ ကော. ၁၀:၄။

ပုန်းလျှိုးကွယ်လျှိုး ပုံနှိပ်ခြင်း

ထိုကာလတစ်လျှောက်လုံးတွင်အုပ်ချုပ်ရေးအဖွဲ့သည် ကော့စတာရီကာ ဌာနခွဲနှင့် နီကာရာဂွာ ဒေသန္တရကော်မတီတို့မှတစ်ဆင့် နီကာရာဂွာနိုင်ငံရှိ ညီအစ်ကိုများကို အကူအညီနှင့် ညွှန်ကြားချက်များ ဆက်၍ပေးခဲ့သည်။ သို့သော်လည်း စာအုပ်စာတမ်းများ တင်သွင်းခွင့်ကို ပိတ်ပင်ထားသဖြင့် ‘အချိန်တန်အစာ’ ကို မည်သို့ ထောက်ပံ့ပေးခဲ့သနည်း။ (မ. ၂၄:၄၅) ယေဟောဝါ ထပ်၍ လမ်းဖွင့်ပေးခဲ့ပြန်သည်။

၁၉၈၅ ခုနှစ်တွင် ညီအစ်ကိုများသည် ပုံနှိပ်တိုက်တစ်ခု၏ အကူအညီဖြင့် ကင်းမျှော်စင် သင်တန်းဆောင်းပါးများနှင့် အခြားသော ကျမ်းစာအခြေပြု အကြောင်းအရာများကို ရရှိနိုင်ခဲ့ကြသည်။ သို့ရာတွင် ဤလမ်းကြောင်းသည် အလွန်အန္တရာယ်များပြီး ဆန့်ကျင်သူများ၏အန္တရာယ်မှ စိတ်မချရချေ။ သို့ဖြင့် ဌာနခွဲ ပိတ်ခံရသည့်အချိန်အထိ စည်းဝေးပွဲ အစီအစဉ်စာရွက်များနှင့် သတိရအောက်မေ့ပွဲ ဖိတ်စာများ ပုံနှိပ်ရာ၌ အသုံးပြုခဲ့သည့် အော့ဖ်ဆက်ပုံနှိပ်စက်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ ပုံနှိပ်စက်ကို မာနာဂွာမြို့ပြင်၌ နေထိုင်သည့် ညီအစ်မတစ်ဦး၏အိမ်တွင်ထား၍ ပုံနှိပ်ခဲ့သည်။

ဝမ်းနည်းစရာမှာ ထိုနှစ် နိုဝင်ဘာလတွင် ထိုပုံနှိပ်စက်သည် အစိုးရလက်တွင်းသို့ ကျရောက်သွားခဲ့သည်။ ယင်းကြောင့် လုပ်ငန်းနှောင့်နှေးမှု မဖြစ်စေရန် ညီအစ်ကိုများက ဖယောင်းမိတ္တူကူးစက် အဟောင်းတစ်လုံးကို ချက်ချင်းပြန်လည် ပြုပြင်ခဲ့ကြသည်။ ထိုစက်ကို ကြက်ဖဟု ချစ်စနိုး နာမည်ပေးခဲ့သည်။ ယခင်က ဤစက်ဖြင့် လက်ကမ်းဝေစာများ၊ ပေးစာများနှင့် အစီအစဉ်စာရွက်များ ပုံနှိပ်ခဲ့သည်။ လဲလှယ်စရာ ပစ္စည်းအစိတ်အပိုင်းများရရှိရန် ခက်ခဲလာသည့်အခါ ညီအစ်ကိုများက တစ်ပတ်ရစ် ဖယောင်းမိတ္တူကူးစက် နောက်တစ်လုံးကို ဝယ်ယူနိုင်ခဲ့ပြီး ၎င်းကို ကြက်ကလေးဟု နာမည်ပေးခဲ့သည်။ နောက်ပိုင်းတွင် အယ်လ်ဆာဗေဒေါ ဌာနခွဲကလည်း စက်တစ်လုံး ပို့ပေးခဲ့သည်။ ခြံမွေးတိရစ္ဆာန်အမည်ပေးသည့် ထုံးစံအတိုင်း ကြက်မဟု အမည်ပေးခဲ့သည်။

ခေတ်မီဆန်းပြားခြင်းမရှိသော်လည်း အလုပ်အောင်မြင်မှု မနည်းရရှိခဲ့သော ပုံနှိပ်နည်းတစ်နည်းမှာ ဖယောင်းမိတ္တူကူးချပ်ပြား ပါဝင်သည့်နည်းဖြစ်သည်။ ယင်းကို ညီအစ်ကိုတို့က လာစ် တက်ဘလစ်တာစ်၊ သို့မဟုတ် ချပ်ပြားလေးဟု ခေါ်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည့် ဗီရိုပြုလုပ်သူတစ်ဦးဖြစ်သည့် ပေဒရို ရိုဒရီဂါစ် ပြုလုပ်ခဲ့သည့် ၎င်းကိရိယာတွင် ပတ္တာဖြင့်တွဲထားသည့် ထောင့်မှန်စတုဂံဘောင်နှစ်ခု ပါရှိသည်။ အပေါ်ဘောင်၌ ဇာပါးကပ်ထားပြီး အောက်ဘောင်၌ မှန် သို့မဟုတ် သစ်သားတစ်ချပ်ကပ်ထားသည်။ ဒီဇိုင်းသည် ရိုးရိုးလေးဖြစ်သကဲ့သို့ ပုံနှိပ်နည်းမှာလည်း ရိုးရိုးလေးပင်ဖြစ်သည်။ လက်နှိပ်စက်ရိုက်ထားသည့် ဖယောင်းစက္ကူကို အပေါ်ဘောင်ရှိ ဇာပါးပေါ်တွင် ပြောင်းပြန်ကပ်၍ စက္ကူကို အောက်ဘောင်တွင်ထည့်ရသည်။ မှင်ကို ဇာပါးပေါ် ဒလိမ့်တုံးဖြင့်လှိမ့်သည်၊ တစ်ခါနှိပ်ပြီးတိုင်း စက္ကူအသစ်ကိုထည့်ရသည်။

ဤနည်းသည် ငြီးငွေ့ဖွယ်ကောင်းသော်လည်း နိုင်ငံတော်သီချင်း ၂၂၅ ပုဒ်စလုံးအပြည့်ပါဝင်သည့် ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း သီချင်းစာအုပ်အပါအဝင် အမျိုးအမည် အတော်များများကို ထုတ်လုပ်နိုင်ခဲ့သည်။ “ညီအစ်ကိုတွေက ချပ်ပြားလေးကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်လာတဲ့အခါ တစ်မိနစ်ကို စာမျက်နှာ ၂၀ ပုံနှိပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ သီချင်းစာအုပ် တစ်မျိုးတည်းကို စုစုပေါင်းအုပ်ရေ ၅,၀၀၀ လောက်ထုတ်နိုင်ခဲ့တယ်” ဟု ပုံနှိပ်လုပ်ငန်းတွင် ပါဝင်ခဲ့သူ အက်ဒ်မန်ဒို ဆန်ချေးစ်က ပြန်ပြောပြသည်။

အက်ဒ်မန်ဒို၏ဇနီး အယ်လ်ဒါသည် မိတ္တူကူးစက်အတွက် ဖယောင်းစက္ကူများကို ပြင်ဆင်ရာ၌ ဦးဆုံးကူညီပေးခဲ့ကြသည့် ညီအစ်မများတွင် ပါဝင်ခဲ့သည်။ မိခင်တစ်ဦးလည်းဖြစ်သည့် အယ်လ်ဒါသည် သူ၏လက်နှိပ်စက်ကိုသုံးလျက် နံနက်စောစောမှစ၍ ညဉ့်နက်သည့်အထိ ကင်းမျှော်စင် သင်တန်းဆောင်းပါးများကို ဖယောင်းစက္ကူပေါ် ရိုက်ပေးခဲ့သည်။ “အက်ဒ်မန်ဒိုက ကော့စတာရီကာကနေ သူရရှိတဲ့မဂ္ဂဇင်းတစ်စောင် ကျွန်မကို ပေးတတ်တယ်။ ပုံနှိပ်တဲ့အုပ်စု ဘယ်နှစ်စုရှိတယ်၊ ဘယ်မှာပုံနှိပ်တယ်ဆိုတာကို ကျွန်မ လုံးဝမသိဘူး။ ကျွန်မကို ခိုင်းထားတဲ့အလုပ်လောက်ပဲ ကျွန်မသိတယ်။ ပြီးတော့ ကျွန်မတို့ကို သက်ဆိုင်ရာက သိသွားလို့ရှိရင် ကျွန်မတို့ရဲ့အိမ်ကစ ပရိဘောဂနဲ့ ရှိရှိသမျှအကုန်လုံး အသိမ်းခံရမယ်၊ လူလည်းအဖမ်းခံရမယ့်အပြင် ‘ပျောက်ဆုံးသူများ’ အနေနဲ့တောင် ဘဝဇာတ်သိမ်းသွားနိုင်တယ် ဆိုတာကိုလည်း ကျွန်မသိထားတယ်။ ဒါပေမဲ့ ယေဟောဝါကိုချစ်တဲ့မေတ္တာနဲ့ ကြောက်ရွံ့မှုက ကျွန်မတို့မှာရှိတဲ့ လူကိုကြောက်ရွံ့တဲ့စိတ်ကို ပပျောက်စေခဲ့တယ်” ဟုသူမက ပြန်ပြောပြသည်။

ပုံနှိပ်အလုပ်ရုံများ

ဂီလျာမိုး ပွန်းစ်သည် ပုံနှိပ်အလုပ်ရုံများ၏ပုံစံကို အမှတ်ရနေဆဲဖြစ်သည်။ သူသည် စာပြင်တစ်ဦးဖြစ်သည့်အပြင် ဖယောင်းစက္ကူ လက်နှိပ်စက်ရိုက်သည့် ညီအစ်ကိုများနှင့် ပုံနှိပ်ခြင်း၊ ဖြန့်ဝေခြင်းတွင်ပါဝင်သည့် ညီအစ်ကိုများအကြား၌ အပြန်အလှန် ဆက်သွယ်ပေးသူလည်းဖြစ်သည်။ ညီအစ်ကို ပွန်းစ်က ဤသို့ရှင်းပြသည်– “အလုပ်ရုံတွေကို သက်သေခံမိသားစုတချို့ရဲ့ နေအိမ်တွေမှာ တည်ထားကြတယ်။ အလုပ်ရုံတစ်ခုစီဟာ အခန်းတစ်ခုထဲမှာ အခန်းထပ်ဖွဲ့ထားတဲ့ အလုပ်ခန်းလေးတစ်ခုဖြစ်တယ်။ မိတ္တူကူးစက်အသံကိုဖျက်ဖို့ အလုပ်ရုံရဲ့အပြင်ဘက်မှာ တိတ်ခွေသုံးရီကော်ဒါ ဒါမှမဟုတ် ရေဒီယိုကို အသံကျယ်ကျယ်နဲ့ ဖွင့်ထားရတယ်။”

ညီအစ်ကိုများသည် တစ်နေ့လျှင် ကိုးနာရီမှ ဆယ်နာရီအထိ ဤအခန်းကျဉ်းကလေးများတွင် ချွေးရွှဲရွှဲစိုလျက် ကင်းမျှော်စင် သို့မဟုတ် အခြားစာပေများကို မိတ္တူကူးခဲ့ကြသည်။ မကြာခဏ၊ အိမ်နီးချင်းများက စပ်စုလာသည့်အခါ၊ သို့မဟုတ် တစ်ယောက်ယောက်က အာဏာပိုင်များကို သတင်းပို့လိုက်သည့်အခါများတွင် အလုပ်ရုံတစ်ခုလုံးကို အခြားအိမ်တစ်အိမ်သို့ ချက်ချင်းပင် ရွှေ့ပြောင်းခဲ့ရသည်။

ထိုအလုပ်ကို ဗေသလလုပ်ငန်းအဖြစ် သဘောထားခဲ့ကြသည်၊ ပါဝင်လုပ်ကိုင်သူတို့မှာ ငယ်ရွယ်သော တစ်ကိုယ်ရေညီအစ်ကိုများဖြစ်ကြသည်။ ဖေလီပေ တိုရွန်ညိုသည် ပုံနှိပ်အလုပ်ရုံတစ်ခုတွင် အမှုဆောင်ရန် ဖိတ်ခေါ်ခံရစဉ်က အသက် ၁၉ နှစ်သာရှိပြီး နှစ်ခြင်းခံခါစ လူသစ်တစ်ဦးဖြစ်ခဲ့သည်။ ဖေလီပေက ဤသို့ပြောပြသည်– “ကျွန်တော့်ရဲ့ ပထမဦးဆုံးခံစားချက်ကတော့ ဖယောင်းစက္ကူ အမှားပြင်ဆေးရည်အနံ့ စူးစူးဝါးဝါးထွက်နေတဲ့ လေလုံခန်းကျဉ်းကျဉ်းလေးထဲကို ဝင်သွားရတာကိုပဲ။ ပူလိုက်တာ မခံနိုင်လောက်အောင်ပါပဲ၊ အလင်းရဖို့ မီးချောင်းလေးတစ်ချောင်းပဲ ထွန်းထားတယ်။”

အခြားသော စိန်ခေါ်ချက်များလည်း ရှိသေးသည်။ စက်ပြင်ရန်လိုအပ်လာသည့်အခါ—မကြာခဏလည်း လိုအပ်ခဲ့သည်—စက်ပြင်ဆိုင်သို့ ပို့၍မဖြစ်ပေ။ ‘ဒီဖယောင်းမိတ္တူကူးစက်ကို ဘယ်သူပိုင်သလဲ။ ဘာတွေပုံနှိပ်သလဲ။ ဒီအလုပ်ကို ဗဟိုအစိုးရက ခွင့်ပြုမိန့်ပေးထားသလား’ စသည်ဖြင့် လူတို့က မေးတတ်ကြသည်။ ထို့ကြောင့် ညီအစ်ကိုများသည် စက်ကို ကိုယ်တိုင်ပြင်ရသည်။ တစ်ခါတစ်ရံ စက်အစိတ်အပိုင်းများကို ကြံဖန်တီထွင်ခဲ့ကြရသည်။ အခြားပြဿနာတစ်ခုမှာ လျှပ်စစ်ဓာတ်အား မကြာမကြာ ပြတ်တောက်ခြင်းဖြစ်သည်။ ညီအစ်ကို ပွန်းစ်က ဤသို့ပြန်ပြောပြသည်– “ပုံနှိပ်တဲ့အဖွဲ့က သူတို့ရဲ့အလုပ် လုံးဝနောက်မကျစေချင်တဲ့အတွက် ရေနံဆီမီးအိမ်နဲ့ အလုပ်လုပ်ကြလို့ သူတို့ရဲ့နှာခေါင်းထဲမှာ ကျပ်ခိုးတွေနဲ့ပေနေတာကို တစ်ခါတလေ ကျွန်တော်တွေ့ခဲ့ရတယ်။ ဒီလူငယ်တွေရဲ့ လေးမြတ်တဲ့စိတ်၊ ပင်ကိုစိတ်သဘောနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ကျွန်တော့်ကို ဒီအလုပ်ဆက်လုပ်နိုင်အောင် အားပေးခဲ့တယ်။”

အဖိုးတန်သော အမှတ်ရစရာအချို့

ဖေလီပေ တိုရွန်ညိုသည် မြေအောက်ပုံနှိပ်သမားဘဝနှင့် လုပ်ဆောင်ခဲ့သည့် လေးနှစ်တာကာလကို နှစ်ခြိုက်စွာ ပြန်လည်ပြောပြခဲ့သည်။ သူဤသို့ပြောပြသည်– “အရေးကြီးတဲ့ ဒီဝိညာဉ်အစာတွေကို ညီအစ်ကိုတွေ စိတ်အားထက်သန်စွာ စောင့်မျှော်နေတယ်ဆိုတာကို ကျွန်တော်အမြဲတမ်း စိတ်ထဲစွဲမှတ်ထားတယ်။ ဒါကြောင့်မို့ ကန့်သတ်ချက်တွေအမျိုးမျိုး ရှိနေတဲ့ကြားထဲက ကျွန်တော်တို့ ဝမ်းမြောက်စွာနဲ့ အမှုတော်ဆောင်နိုင်ခဲ့ကြတယ်။” ၁၉၈၈ ခုနှစ် ဇွန်လမှ လုပ်ငန်းပြီးစီးသည့် ၁၉၉၀ ပြည့်နှစ် မေလအထိ ဤလုပ်ငန်းတွင် ပါဝင်ခဲ့သည့် အိုမာ ဝစ်ဒီက ဤသို့ပြန်လည်ပြောပြသည်– “ကျွန်တော် အစွဲမှတ်ဆုံးအရာတစ်ခုကတော့ ညီရင်းအစ်ကိုလို ချစ်ခင်စုံမက်မှုရှိတဲ့ ဝန်းကျင်စရိုက်ပါပဲ။ လူသစ်တွေဟာ တတ်ချင်တဲ့စိတ် ပြင်းပြကြတဲ့အတွက် စိတ်ရှည်ရှည်နဲ့ အလုပ်မျိုးစုံကို သင်ယူကြတယ်။ လုပ်ငန်းခွင် အခြေအနေက သိပ်မကောင်းပေမဲ့ ငယ်ရွယ်တဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဒီပုံစံနဲ့ အမှုဆောင်ရတဲ့အတွက် အနစ်နာခံစွန့်လွှတ်ဖို့ လိုတယ်ဆိုတာကို ကောင်းကောင်းနားလည်ထားကြတဲ့ ဝိညာဏလူတွေဖြစ်ကြတယ်။”

ဂီအိုဗန်နီ ဂိုင်တန်သည်လည်း ပုံနှိပ်အလုပ်ရုံများတွင် အမှုဆောင်ခဲ့သည်။ သူဤသို့ ပြန်ပြောပြသည်– “ကျွန်တော်တို့ကို အားပေးထောက်မခဲ့တဲ့အရာကတော့ ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းကို လေးမြတ်တန်ဖိုးထားခြင်းပါပဲ။ အဲဒီတုန်းက တစ်ယောက်မှ စိုက်သုံးငွေ မရကြပေမဲ့ ကျွန်တော်တို့ စိတ်မပူကြပါဘူး။ လိုအပ်တာတွေတော့ ကျွန်တော်တို့ ရရှိကြတယ်။ ကျွန်တော့်အနေနဲ့ ယေဟောဝါကို အပြည့်အဝ အားကိုးအားထားပြုခဲ့ရတဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးဖြစ်တယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် ကျွန်တော် သိပ်ပြီး စိတ်မပူမိဘူး။ ဂီလျာမိုး ပွန်းစ်တို့လို၊ နယ်လ်ဆင် အယ်ဗာရာဒိုတို့လို၊ ဖေလီပေ တိုရွန်ညိုတို့လို ငယ်ရွယ်တဲ့ညီအစ်ကိုတွေက ကျွန်တော့်အတွက် အကောင်းဆုံး စံပြတွေပါပဲ။ ဦးဆောင်တဲ့ သက်ကြီးညီအစ်ကိုများကလည်း ကျွန်တော့်ကို အားပေးခဲ့ကြတယ်။ ဟုတ်ပါတယ်၊ ပြန်တွေးကြည့်လိုက်ရင် အဲဒီအတွေ့အကြုံအားလုံးဟာ ကျွန်တော့်ဘဝအသက်တာကို ကြွယ်ဝပြည့်စုံစေခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”

မြေအောက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသူအားလုံးသည် နည်းမျိုးစုံဖြင့် ယေဟောဝါ၏ ကျောထောက်နောက်ခံပြုမှုကို တွေ့မြင်ခဲ့ကြသည်။ ပုံနှိပ်လုပ်ငန်းနှင့်ပတ်သက်၍လည်း ထို့အတူပင်ဖြစ်သည်။ ညီအစ်ကို ဂိုင်တန်က ဤသို့ပြောပြ၏– “ပုံမှန်အားဖြင့် ဖယောင်းစက္ကူတစ်ရွက်ဟာ ရိုက်ချက် ၃၀၀ ကနေ ၅၀၀ ထိပဲခံတယ်။ ကျွန်တော်တို့က ရိုက်ချက် ၆,၀၀၀ ရိုက်နိုင်အောင် တီထွင်ခဲ့တယ်!” ဖယောင်းစက္ကူနှင့် အခြားသော ပုံနှိပ်ပစ္စည်းများမှ များများပုံနှိပ်နိုင်အောင် အဘယ်ကြောင့် လိုအပ်ရသနည်း။ ယင်းပစ္စည်းများသည် တိုင်းပြည်၌ ရှားပါးသည့်အပြင် အစိုးရပိုင်အရောင်းဆိုင်များ၌သာ ရောင်းချသည့်ပစ္စည်းများဖြစ်သည်။ သာမန်ထက်ပို၍ ဝယ်ယူခြင်းကို သတိပြုမိနိုင်သဖြင့် ဝယ်ယူသူသည် ဖမ်းဆီးခြင်းခံရမည့် အန္တရာယ်ရှိနိုင်သည်။ မှန်ပါသည်၊ ညီအစ်ကိုများ၏ ကြိုးပမ်းအားထုတ်မှုများကို ယေဟောဝါ ကောင်းချီးပေးတော်မူခဲ့သည်။ အကြောင်းမှာ မူလကအသုံးပြုခဲ့သည့် အော့ဖ်ဆက်မှတစ်ပါး မည်သည့်အလုပ်ရုံတစ်ခုကိုမျှ အာဏာပိုင်များ တွေ့ရှိခြင်း၊ ပိတ်ပစ်ခြင်း မရှိခဲ့၍ဖြစ်သည်။

မိသားစု၏ စားဝတ်နေရေးအတွက် လောကီလုပ်ငန်းများ လုပ်ကိုင်ကြသည့် ညီအစ်ကိုများလည်း အန္တရာယ်များကြားမှ အရဲစွန့်၍ ဤလုပ်ငန်းကို အကူအညီပေးခဲ့ကြသည်။ သာဓကအနေနှင့် ညီအစ်ကိုများစွာသည် သူတို့၏ကိုယ်ပိုင်ယာဉ်များဖြင့် ပုံနှိပ်စာများကို တစ်နိုင်ငံလုံးသို့ ပေးပို့ခဲ့ကြသည်။ တစ်ခါတစ်ရံ စစ်ဘက်ဆိုင်ရာ စစ်ဆေးရေးဂိတ် များစွာကိုဖြတ်၍ တစ်နေကုန် ခရီးသွားရကြသည်။ မိသွားလျှင် သူတို့၏ယာဉ် အသိမ်းခံရမည်၊ လူလည်းအဖမ်းခံရမည့်အပြင် ထောင်နန်းပင်စံရမည်ကို သူတို့သိထားကြသည်။ သို့သော် ယင်းတို့ကို သူတို့ မမှုခဲ့ကြချေ။ ဤညီအစ်ကိုများသည် မိမိတို့ ဇနီးသည်များ၏ ကူညီပံ့ပိုးမှုအပြည့်အဝ လိုအပ်ခဲ့သည်မှာ ဆိုဖွယ်မရှိ။ ဤခဲယဉ်းသည့်ကာလအတွင်း ဇနီးသည်အချို့သည် အရေးပါသောကဏ္ဍမှ ပါဝင်အသုံးတော်ခံခဲ့ကြသည်ကို ကျွန်ုပ်တို့ တွေ့ရပေမည်။

သတ္တိရှိသော ဝိညာဏ အမျိုးသမီးများ

ခရစ်ယာန်အမျိုးသမီးများစွာသည် နီကာရာဂွာနိုင်ငံတွင် ကန့်သတ်ချုပ်ချယ်ခံခဲ့ရသည့် ထိုနှစ်များအတွင်း ထူးခြားပြောင်မြောက်သည့် ရဲစွမ်းသတ္တိ ပြခဲ့ကြသည်။ ခင်ပွန်းဖြစ်သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရာ၌ သူတို့သည် မိမိတို့၏အိမ်ကို တစ်ကြိမ်လျှင် လနှင့်ချီ၍ မြေအောက်ပုံနှိပ်လုပ်ငန်းအတွက် အသုံးပြုခွင့်ပေးခဲ့ကြသည်။ မိမိတို့၏ ဥစ္စာအင်ခွင်ထဲမှ လုပ်သားများအတွက် ထမင်းလည်းချက်ကျွေးခဲ့ကြသည်။ “ကျွန်တော်တို့ လူငယ်ညီအစ်ကိုတွေနဲ့ အဲဒီညီအစ်မတွေကြားမှာ ရင်းနှီးတဲ့ ခရစ်ယာန်နှောင်ကြိုး ဖွဲ့တည်ထားတယ်” ဟုပုံနှိပ်လုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်ရာ၌ အကူအညီပေးခဲ့သည့် နယ်လ်ဆင် အယ်ဗာရာဒိုက ပြန်လည်ပြောပြသည်။ “သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အမေတွေဖြစ်ပြီး ကျွန်တော်တို့က သားတွေလို သူတို့ကို အလုပ်ပိုစေခဲ့ကြတယ်။ တစ်ခါတလေ၊ အထူးသဖြင့် ကျမ်းစာကို နေ့စဉ် စေ့စေ့ကြည့်ရှုခြင်း စာအုပ်ငယ်လို အပိုအလုပ်တွေ လုပ်ရတဲ့အခါမျိုးမှာ အလုပ်ခွဲတမ်းနဲ့ သတ်မှတ်ထားချိန်အတွင်း ပြီးစီးဖို့အတွက် မနက် လေးနာရီအထိ ကျွန်တော်တို့ အလုပ်လုပ်ကြရတယ်။ ကျွန်တော်တို့ထဲက နှစ်ယောက်ဟာ တစ်ခါတလေမှာ ၂၄ နာရီနီးပါး နေ့ဆိုင်းညဆိုင်းခွဲပြီး လုပ်ခဲ့ရတယ်။ ဒီညီအစ်မတွေက မနက်အစောကြီးမှာတောင်မှ အမြဲတမ်းလိုလို ထမင်းအသင့်ဟင်းအသင့် ပြင်ဆင်ပေးခဲ့ကြတယ်။”

ပုံနှိပ်စက်ထားရှိသည့်အိမ်များမှ မိသားစုများသည် လုံခြုံရေးအတွက်ပါ တာဝန်ယူကြရသည်။ ခင်ပွန်းဖြစ်သူအများစုသည် နေ့ဘက်တွင် လောကီလုပ်ငန်း လုပ်ကိုင်ရသဖြင့် ယင်းတာဝန်ကို အိမ်ရှင်မများက ယူကြရသည်။ ညီအစ်မတစ်ဦးက ဤသို့ပြန်ပြောပြသည်– “စက်ကထွက်တဲ့အသံကို ဖုံးအုပ်ဖို့ ကျွန်မတို့က ရေဒီယိုတစ်လုံးကို အမြဲတမ်း အသံအကျယ်ကြီး ဖွင့်ထားရတယ်။ ခြံတံခါးဝရှေ့ကို လူတစ်ယောက်ယောက် ရောက်လာပြီဆိုရင် သီးသန့်မီးလုံးတစ်လုံးကို ဖွင့်တဲ့ခလုတ်နဲ့ အလုပ်ရုံထဲက ညီအစ်ကိုတွေကို သတိပေးရတယ်။”

များသောအားဖြင့် ဧည့်သည်များမှာ သက်သေခံချင်းများနှင့် ဆွေမျိုးများ ဖြစ်လေ့ရှိသည်။ သို့ဖြစ်စေကာမူ ညီအစ်မများက ထိုသူတို့ကို လိမ္မာပါးနပ်စွာဖြင့် တတ်နိုင်သ၍အမြန်ဆုံး ပြန်သွားအောင် ကြိုးစားကြသည်။ ဤညီအစ်မများသည် သာမန်အားဖြင့် အလွန်ဧည့်ဝတ်ကျေသူများ ဖြစ်ကြသဖြင့် ထိုသို့ပြုရန် အမြဲတမ်း မလွယ်ကူကြောင်း သင်သဘောပေါက်ပေမည်။ ခြံထဲတွင် သီဟိုဠ်သရက်ပင် တစ်ပင်ရှိသည့် ဝှမ်နာ မွန်တီရဲလ်၏သာဓကကို သုံးသပ်ကြည့်ပါ။ သက်သေခံချင်းတို့က မကြာမကြာ အသီးလာခူးကြသဖြင့် ဝှမ်နာ၏ခြံသည် အလွတ်သဘော တွေ့ဆုံသည့်နေရာလေးတစ်ခု ဖြစ်လာသည်။ “ကျွန်မတို့အိမ်မှာ ပုံနှိပ်လုပ်ငန်း ထားရှိဖို့ အခွင့်အရေး ရလာတဲ့အခါမှာ ကျွန်မတို့လင်မယားက သီဟိုဠ်သရက်ပင်ကို ခုတ်လှဲလိုက်ရတယ်။ ကျွန်မတို့ ဘာဖြစ်လို့ အခုလို ဗြုန်းကနဲ ဖော်ရွေမှု နည်းပါးသွားပုံရသလဲဆိုတာ ညီအစ်ကိုတွေကို ကျွန်မတို့ ရှင်းမပြပါဘူး။ ဒါပေမဲ့ ကျွန်မတို့သိထားတာက ပုံနှိပ်လုပ်ငန်းကို အကာအကွယ်ပေးရမယ် ဆိုတာပါပဲ” ဟု ဝှမ်နာက ပြန်ပြောပြသည်။

ယခုကွယ်လွန်သွားပြီဖြစ်သော ကွောင်ဆွဲလို ဘက်တတားသည် ၁၉၅၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ သူမ၏အိမ်ကိုလည်း ပုံနှိပ်လုပ်ငန်းအတွက် အသုံးပြုခဲ့သည်။ သို့ရာတွင် ညီအစ်ကိုများသည် ပတ်ဝန်းကျင် မသင်္ကာစရာမဖြစ်ဘဲနှင့် သူမအိမ်ရှေ့၌ကားရပ်၍ စာအုပ်စာတမ်းများကို တင်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ညီအစ်ကိုများသည် ပို၍လုံခြုံသည့်နေရာတစ်ခုဖြစ်သော ရပ်ကွက်တစ်ခုခန့်ကွာဝေးသည့် ညီအစ်ကိုတစ်ဦး၏အိမ်တွင် ကားကိုရပ်ထားကြသည်။ ညီအစ်မ ဘက်တတား မကွယ်လွန်မီကပြုလုပ်ခဲ့သည့် လူတွေ့မေးမြန်းခန်းတွင် ထိုစဉ်ကအကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။ လင်းလက်တောက်ပသည့် မျက်လုံးများဖြင့် ဤသို့ဆိုသည်– “မဂ္ဂဇင်းတွေကိုလိပ်ပြီး ပို့မယ့်အသင်းတော်တွေအတွက် သတ်မှတ်ထားတဲ့အိတ်တွေထဲ ထည့်ကြတယ်။ တစ်အိတ်တစ်အိတ်ဟာ ပေါင် ၃၀ လောက်လေးတယ်။ ညီအစ်ကိုတွေရှိတဲ့နေရာကိုရောက်ဖို့ ကျွန်မနဲ့ ကျွန်မရဲ့ချွေးမတို့ဟာ အိတ်တွေကိုသယ်ပြီး အိမ်နောက်ဖေးမြောင်းကို ဖြတ်သွားရတယ်။ အိတ်တွေဟာ အမျိုးသမီးအများစု ခေါင်းနဲ့ရွက်နေကျအိတ်တွေနဲ့ သိပ်မကွာလှတဲ့အတွက် အိမ်နီးနားချင်းတွေက ဘာမှကို မသင်္ကာစရာ မဖြစ်ခဲ့ကြဘူး။”

ညီအစ်ကိုများသည် ထိုသစ္စာရှိသတ္တိခဲ ညီအစ်မများကို မည်မျှတန်ဖိုးထားခဲ့ကြမည်တကား! “သူတို့နဲ့အတူ လုပ်ဆောင်ရတာဟာ တကယ့်ကို အခွင့်ထူးကြီးတစ်ခုပါပဲ” ဟု ထိုစဉ်က မိမိနှင့်အတူ အမှုဆောင်ခဲ့ကြသည့် ညီအစ်ကိုများစွာ၏ကိုယ်စား ဂီလျာမိုး ပွန်းစ်က ပြောပြသည်။ နှစ်လိုဖွယ်ကောင်းသည့် ဤကဲ့သို့သော ခရစ်ယာန်ညီအစ်မများနှင့်တကွ သူတို့၏ခင်ပွန်းတို့သည် သူတို့၏သားသမီးများအတွက် ထူးကဲသော စံနမူနာကောင်းများဖြစ်သည်မှာ နားလည်နိုင်ပေသည်။ ထို့ကြောင့် အမှတ်တရ အဖြစ်အပျက်များဖြင့် ပြည့်နေသည့် ထိုနှစ်များအတွင်း ကလေးသူငယ်များ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲအချို့ကို ပြန်ပြောင်းသုံးသပ်ကြပါစို့။

သစ္စာစောင့်သိ၍ ယုံကြည်အားကိုးရသော ကလေးသူငယ်များ

လျှို့ဝှက်ပုံနှိပ်လုပ်ငန်းနှင့် စာအုပ်စာတမ်းများ ဖြန့်ဖြူးသည့်လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ခဲ့သူတို့၏ သားသမီးများသည် သူတို့၏မိဘများနည်းတူ ထူးခြားပြောင်မြောက်စွာ သစ္စာစောင့်သိမှုကို တင်ပြခဲ့ကြသည်။ ထိုကာလတွင် သားသမီးနှစ်ယောက် အိမ်၌ရှိနေသေးသည့် ကလောဒီးယား ဘင်ဒါညာက ဤသို့ပြန်ပြောပြသည်– “ကျွန်တော်တို့အိမ်နောက်ခန်းမှာ ပုံနှိပ်လုပ်ငန်း ငါးလလုပ်ကိုင်ခဲ့တယ်။ သားသမီးတွေက ကျောင်းကပြန်လာတာနဲ့ ညီအစ်ကိုတွေကို ဝိုင်းကူပေးချင်ကြတယ်။ သူတို့ ဘာလုပ်တတ်ကြမှာလဲ။ သူတို့ကို မောင်းထုတ်မယ့်အစား ညီအစ်ကိုတွေက ကင်းမျှော်စင် မိတ္တူကူးထားတဲ့စာရွက်တွေကို ချုပ်စက်နဲ့တွဲချုပ်ခိုင်းတယ်။ ကလေးတွဟာ သူတို့ကို ကျမ်းချက်တွေနဲ့ နိုင်ငံတော်သီချင်းတွေကို အလွတ်ကျက်နိုင်အောင် အားပေးခဲ့ကြတဲ့ လူငယ်တွေနဲ့ အတူလုပ်ကိုင်ရတဲ့အတွက် သိပ်ကိုနှစ်သက်ပျော်ရွှင်ခဲ့ကြပါတယ်။”

ညီအစ်မ ဘင်ဒါညာက ဤသို့ပြောပြသည်– “အတွင်းရေးကိစ္စနဲ့ပတ်သက်ပြီး နှုတ်လုံဖို့လိုတဲ့အတွက် ကျွန်မနဲ့ ကျွန်မခင်ပွန်းက တို့ဟာ ခက်ခဲကျပ်တည်းတဲ့ကာလမှာ ရောက်နေတယ်၊ ဒီအလုပ်ဟာ ယေဟောဝါအတွက်ဖြစ်တယ်၊ ဒါကြောင့် တို့တစ်တွေ သစ္စာစောင့်သိဖို့ သိပ်အရေးကြီးတယ်ဆိုတာ ကလေးတွေကို ရှင်းပြထားရတယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူး၊ ဆွေမျိုးတွေကိုလည်း မပြောရဘူး၊ ခရစ်ယာန် ညီအစ်ကို ညီအစ်မတွေကိုတောင် မပြောရဘူးလို့မှာထားတယ်။ ကလေးတွကလည်း သစ္စာရှိရှိ နာခံခဲ့ကြတဲ့အတွက် ကျေးဇူးတင်ဖို့ကောင်းတယ်။”

အော်ရာ လီလာ မာတင်နက်စ်၏အိမ်သည် ပုံနှိပ်လုပ်ငန်းအတွက် ဦးဆုံးအသုံးပြုခဲ့သည့် အိမ်တစ်အိမ်ဖြစ်သည်။ သူမ၏မြေးတို့သည် စာမျက်နှာများစီပေးသည်၊ ချုပ်စက်ဖြင့်ချုပ်ပေးသည်၊ ထုပ်ပိုးပေးကြသည်။ သူတို့သည်လည်း သူတို့အိမ်တွင် အလုပ်လုပ်ကိုင်ကြသည့် ညီအစ်ကိုများနှင့် အလွန်ခင်မင်ရင်းနှီးခဲ့ကြသည်။ မည်သူ့ကိုမျှ ဤအလုပ်အကြောင်း မပြောပြခဲ့ကြချေ။ ယူနစ္စက ဤသို့ပြန်ပြောပြသည်– “ကျွန်မတို့ ကျောင်းကိုသွားပြီး ဘင်ဒါညာနဲ့ ယူဂါရီယိုစ်တို့ရဲ့ ကလေးတွေနဲ့ နေ့တိုင်းလိုလို ကစားကြပေမဲ့ သူ့အိမ်ကိုယ့်အိမ်မှာ စာအုပ်စာတမ်းတွေ ပုံနှိပ်ခဲ့တယ်ဆိုတာကို နှစ်တော်တော်ကြာပြီးမှ ကျွန်မတို့ သိခဲ့ရတယ်။ ‘တကယ်၊ မင်းတို့အိမ်မှာလည်း ... ’ ဆိုပြီး တအံ့တဩနဲ့ တစ်ယောက်ကိုတစ်ယောက် မေးမိကြတယ်။ တကယ်တမ်းဆိုရင် ကျွန်မတို့တစ်တွေဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် ဒီအကြောင်း လုံးဝမပြောခဲ့ကြဘူး။ ဒါဟာ ဒီအလုပ်ကိုကာကွယ်ဖို့ ယေဟောဝါရဲ့နည်းလမ်းဆိုတာ ထင်ရှားတယ်။”

ထိုအစောပိုင်း အတွေ့အကြုံများသည် ဤလူငယ်များအပေါ် ဆက်လက်၍ အပြုသဘောဆောင်သောသြဇာ သက်ရောက်လျက်ရှိသည်။ ယခု အထူးအချိန်ပြည့်လုပ်ငန်းတွင် ဓမ္မအမှုထမ်းတစ်ဦးဖြစ်နေသည့် အဲမ္မာဆင် မာတင်နစ္စက ဤသို့ဆိုသည်– “အဲဒီအလုပ်ရုံတွေမှာ လုပ်ကိုင်ကြတဲ့ညီအစ်ကိုတွေဟာ ကျွန်တော်အတုယူဖို့ စံနမူနာထားထိုက်သူတွေပါ။ သူတို့တွေဟာ အသက် ၁၈၊ ၁၉ နှစ်လောက်ပဲရှိကြပေမဲ့ ဝိညာဉ်ရေးတာဝန်တွေကို တန်ဖိုးထားလေးမြတ်တတ်ဖို့၊ ဘယ်လောက်ပဲ သေးငယ်တဲ့တာဝန်ပဲဖြစ်ပါစေ တန်ဖိုးထားတတ်ဖို့ ကျွန်တော့်ကို သင်ပေးခဲ့ကြတယ်။ ကျွန်တော်လည်း အရည်အသွေးကောင်းတဲ့ အလုပ်လုပ်ရတဲ့တန်ဖိုးကို နားလည်သိရှိလာတယ်။ စာမျက်နှာစီတဲ့အခါမှာ စာမျက်နှာတစ်မျက်နှာ လွတ်သွားရင် လူတစ်ယောက်ယောက် အဲဒီအကြောင်းအရာကို လက်လွတ်သွားမယ်။ ဒီအသိစိတ်က ယေဟောဝါနဲ့ ညီအစ်ကိုတွေအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာကို စိတ်ထဲမှာစွဲသွားစေတယ်။”

အဲဒ်မန်ဒိုနှင့် အဲယ်ဒါ ဆန်ချေ့စ်တို့၏သမီး အဲလ်ဒါ မာရီယာသည် မိခင်ဖြစ်သူ လက်နှိပ်စက်ဖြင့်ရိုက်ထားသည့် ကင်းမျှော်စင် နှင့် အခြားစာပေများအတွက် ဖယောင်းစက္ကူများကို ပို့ပေးခြင်းဖြင့် အကူအညီပေးခဲ့သည်။ သူမသည် ဖယောင်းစက္ကူများကို စက်ဘီးဖြင့် ရပ်ကွက်ငါးခုခန့်ဝေးသည့် ညီအစ်ကို ပွန်းစ်၏အိမ်သို့ ပို့ဆောင်ပေးသည်။ ညီအစ်မ ဆန်ချေ့စ်က ဖယောင်းစက္ကူများကို သမီးလက်သို့မအပ်မီ အသေအချာထုပ်၍ ခြင်းတောင်းလေးတစ်ခုတွင် ထည့်ပေးသည်။ အယ်လ်ဒါ မာရီယာက ဤသို့ဆိုသည်– “ကျွန်မ ငယ်ငယ်လေးကတည်းက မိဘတွေက နာခံမှုရှိအောင် လေ့ကျင့်ပေးခဲ့ကြတယ်။ ဒါကြောင့်မို့ ကန့်သတ်ချုပ်ချယ်ထားတဲ့ အဲဒီကာလရောက်လာတဲ့အခါမှာ ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာတတ်တဲ့အကျင့် ရှိလာတယ်။”

သူမ၏ဖခင်အပါအဝင် ပုံနှိပ်လုပ်ငန်းကြီးကြပ်မှုတွင် ပါဝင်ကြသည့်ညီအစ်ကိုများ ရင်ဆိုင်ရသည့် ဘေးအန္တရာယ်များကို သူမ နားလည်ခဲ့သလော။ အဲလ်ဒါ မာရီယာက ဤသို့ဆို၏– “ဖေဖေဟာ အပြင်သွားခါနီးမှာ တကယ်လို့ သူအဖမ်းခံရရင် မကြောက်ဖို့၊ ဝမ်းမနည်းဖို့ ခဏခဏ မှာလေ့ရှိတယ်။ ဒါပေမဲ့လည်း ဖေဖေ အိမ်ပြန်နောက်ကျတဲ့အခါတွေမှာ ဖေဖေ ဘေးအန္တရာယ်ကင်းဖို့ မေမေနဲ့ အကြိမ်ပေါင်းမနည်း ဆုတောင်းပေးခဲ့ကြတာကို ကျွန်မ မှတ်မိတယ်။ နိုင်ငံတော်လုံခြုံရေးဘက်ကလူတွေ ကျွန်မတို့အိမ်ရှေ့မှာ ကားရပ်ပြီး စောင့်ကြည့်တာကို မကြာခဏ တွေ့ရတယ်။ မေမေက တံခါးသွားဖွင့်ပေးရင် ကျွန်မက မေမေ့ပစ္စည်းအားလုံးကို လိုက်သိမ်းပြီး ဝှက်ထားပေးရတယ်။ ယေဟောဝါနဲ့ ညီအစ်ကိုတွေပေါ်မှာ သစ္စာစောင့်သိဖို့ မိဘတွေရဲ့ စံနမူနာနဲ့ လေ့ကျင့်ပေးမှုအတွက် ကျွန်မသိပ်ကို ကျေးဇူးတင်တယ်။”

ပျိုမျစ်နုနယ်စဉ်က ခိုင်ခံ့သည့်အုတ်မြစ် ချခဲ့ကြသဖြင့် လူငယ်လူရွယ်များစွာသည် ယခုအခါတွင် အချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်လျက်ရှိကြပြီး အများတို့မှာ အသင်းတော်တွင် တာဝန်ရှိသောနေရာများတွင် အမှုတော်ထမ်းဆောင်နေကြသည်။ သူတို့၏တိုးတက်မှုသည် လူမျိုးတော်အပေါ် ယေဟောဝါ၏ ကြွယ်ဝသောကောင်းချီး သက်ရောက်သည့် သက်သေသာဓကပင်ဖြစ်သည်။ ထိုခဲယဉ်းကျပ်တည်းသောကာလအတွင်း ဝိညာဉ်အစာ ငတ်ပြတ်ခဲ့သူတစ်ယောက်မျှ မရှိခဲ့ချေ။ အမှန်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းသည် ဆက်လက်၍ တိုးတက်ပြန့်ပွားခဲ့ရုံမက ဆန်ဒီနစ္စတာခေတ်အတွင်း ထောင်ကျခဲ့သည့် ထောင်ပေါင်းများစွာသောသူတို့တွင် “ကောင်းသောမြေ” ကိုပင်တွေ့ရှိခဲ့ကြသည်။ (မာ. ၄:၈၊ ၂၀) မည်သို့ဖြစ်ပျက်ခဲ့သနည်း။

အကျဉ်းထောင်တွင် နိုင်ငံတော်မျိုးစေ့ကြဲခြင်း

ဆန်ဒီနစ္စတာတော်လှန်ရေး နောက်ပိုင်းတွင် အရေးနိမ့်သွားသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးသဘောထား ကွဲလွဲဆန့်ကျင်သူ ထောင်ပေါင်းများစွာသည် အမှုကြားနာစစ်ဆေးသည့် အထူးခုံရုံးများ၌ အစစ်ဆေးမခံရမီ ၁၉၇၉ ခုနှစ်နှောင်းပိုင်းမှ ၁၉၈၁ ခုနှစ်အထိ ထိန်းသိမ်းထားခြင်းခံရကြသည်။ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ဟောင်း အများစုသည် မာနာဂွာမြို့မြောက်ဘက် ခုနစ်မိုင်ခန့်အကွာ တီပီတာပါတွင်တည်ရှိသော ကာဆယ်လ် မိုတီးလို အကျဉ်းထောင်တွင် အနှစ် ၃၀ အထိ ထောင်ဒဏ်စီရင်ခံရကြသည်။ ခက်ခဲကြမ်းတမ်း၍ ပြွတ်သိပ်လျက်ရှိသည့် ထိုအကျဉ်းထောင်များရှိ စိတ်နှလုံးရိုးသားသူများစွာသည် ဝိညာဉ်ရေးအရ လွတ်မြောက်မှုရရှိခဲ့ကြသည်ကို ကျွန်ုပ်တို့ တွေ့ရပေမည်။

၁၉၇၉ ခုနှစ်နှောင်းပိုင်းတွင် မာနာဂွာမြို့မှ အကြီးအကဲတစ်ဦးသည် ထောင်ကျနေသည့် သက်သေခံရောင်းရင်းတစ်ဦးထံမှ စာတစ်စောင် ရရှိခဲ့သည်။ ၎င်းညီအစ်ကိုသည် သမ္မာတရားမသိမီက ဆိုမိုဇာအစိုးရလက်ထက်တွင် စစ်မှုထမ်းခဲ့သဖြင့် ထောင်ကျနေခြင်းဖြစ်သည်၊ သို့သော် ကာဆယ်လ် မိုတီးလို အကျဉ်းထောင်သို့ မရောက်သေးပေ။ စာတွင် ၎င်းညီအစ်ကိုက အခြားအကျဉ်းသားများအား ဝေမျှရန်အတွက် စာအုပ်စာတမ်းများ တောင်းခံထားသည်။ စာအုပ်စာတမ်းသွားပို့သည့် အကြီးအကဲနှစ်ဦးသည် ထိုညီအစ်ကိုကို တွေ့ခွင့်မရခဲ့ကြချေ။ သို့သော် ထိုညီအစ်ကိုသည် စိတ်ဓာတ်မကျဘဲ အကျဉ်းသားချင်းများကို ဆက်လက်၍ သက်သေခံသည့်အပြင် အချို့နှင့် ကျမ်းစာသင်အံမှုပင် ပြုလုပ်ခဲ့သည်။

ထိုသင်သားများထဲမှ တစ်ဦးဖြစ်သည့် အနာတာစီယို ရမ်မွန် မန်ဒိုးဆာသည် ဝိညာဉ်ရေးဘက် လျင်မြန်စွာ တိုးတက်ခဲ့သည်။ သူက ဤသို့ပြန်ပြောပြသည်– “ကျွန်တော် သင်နေတဲ့အကြောင်းကို သိပ်သဘောကျလို့ တခြားအကျဉ်းသားတွေကို ညီအစ်ကို သွားဟောတဲ့အခါမှာ ကျွန်တော် စပြီးလိုက်သွားတယ်။ တချို့က နားမထောင်ကြဘူး၊ တချို့က နားထောင်ကြတယ်။ မကြာခင်မှာ ကျွန်တော်တို့ ၁၂ ယောက်လောက်ဟာ ရပ်နားချိန်မှာ ဝင်းတစ်ခုထဲမှာ အတူတူ ကျမ်းစာသင်အံခဲ့ကြတယ်။” နောက်တစ်နှစ်ခန့်အကြာတွင် ထိုအုပ်စုထဲမှတစ်ဦး နှစ်ခြင်းခံခဲ့သည်။

၁၉၈၁ ခုနှစ် အစောပိုင်းတွင် ဤကျမ်းစာသင်သား အုပ်စုလေးသည် အခြားသောအကျဉ်းသားများနှင့်အတူ ကာဆယ်လ် မိုတီးလို အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရကြသည်။ ထိုအကျဉ်းထောင်၌လည်း သူတို့သည် အခြားသူတို့အား သတင်းကောင်းကို ဆက်လက်ဝေမျှပေးခဲ့ကြသည်။ တစ်ချိန်တည်းတွင် ကျမ်းစာအခြေပြု စာပေများလည်း အကျဉ်းသားများကြားတွင် တိတ်တဆိတ် ပျံ့ နှံ့လျက်ရှိသဖြင့် သာ၍များပြားသည့် “ကောင်းသောမြေ” ကိုတွေ့ရှိခဲ့သည်။

ဟိုဆေး ဒီ လာ ခရုဇ် လိုပက်စ်နှင့် သူ့မိသားစု၏ သာဓကကို သုံးသပ်ကြည့်ပါ။ သူတို့တစ်ဦးမျှ သက်သေခံမဟုတ်ခဲ့ကြချေ။ ဟိုဆေး ထောင်ကျ၍ ခြောက်လအကြာတွင် သူ့မိန်းမသည် လမ်း၌တွေ့ခဲ့သည့် သက်သေခံများထံမှ ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ် တစ်အုပ် လက်ခံရရှိခဲ့သည်။ သူမ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဤစာအုပ်ကို ခင်ပွန်းဖြစ်သူအား ပေးရန်ဖြစ်သည်။ ဟိုဆေးက ဤသို့ပြန်ပြောပြသည်– “ကျမ်းစာပုံပြင် စာအုပ်ကို ကျွန်တော် စဖတ်တုန်းက ဒါဟာ ဧဝံဂေလိအသင်း တစ်သင်းသင်းက ထုတ်တဲ့စာအုပ်လို့ ထင်ခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ အကြောင်းကို ကျွန်တော် လုံးဝမသိခဲ့ဘူး။ ဒီစာအုပ်ကို ကျွန်တော် သိပ်သဘောကျလို့ အခေါက်ခေါက်ဖတ်ပြီးတဲ့အခါ ကျွန်တော့်ရဲ့ အခန်းဖော် ၁၆ ယောက်ကို စပြီးဝေမျှပေးခဲ့တယ်။ သူတို့အားလုံးလည်း နှစ်သက်ကြတယ်။ လန်းဆန်းစေတဲ့ ရေတစ်ခွက်ကို သောက်ရသလိုပါပဲ။ တခြားအခန်းတွေမှာရှိတဲ့ အကျဉ်းသားတွေကလဲ ငှားဖတ်ကြလို့ အဆောင်တစ်ခုလုံးအနှံ့ ရောက်သွားခဲ့တဲ့အတွက် စာအုပ်ဟာ ဟောင်းနွမ်းပြီးဖွာနေတဲ့ ဖဲထုပ်တစ်ထုပ်လို ဖြစ်သွားတယ်။”

ဟိုဆေးနှင့် တစ်ခန်းတည်းနေသည့် အကျဉ်းသားအတော်များများသည် ဧဝံဂေလိအသင်းသားများ ဖြစ်ကြသည်။ အချို့မှာ သင်းအုပ်ဆရာများပင် ဖြစ်ကြသည်။ ဟိုဆေးသည် ထိုသူတို့နှင့်အတူ စ၍ကျမ်းစာဖတ်ခဲ့သည်။ သို့ရာတွင် သူက ကမ္ဘာဦးကျမ်း ၃:၁၅ ၏အဓိပ္ပာယ်ကို မေးမြန်းသည့်အခါ ၎င်းမှာ လျှို့ဝှက်နက်နဲရာဖြစ်သည် ဟူသောအဖြေကိုသာ ရရှိသဖြင့် သူစိတ်ပျက်ခဲ့ရသည်။ တစ်နေ့သ၌ ကိုယ်တိုင် ကျမ်းစာသင်သားဖြစ်သည့် အခြားအကျဉ်းသားတစ်ဦးက ဟိုဆေးအား “ခင်ဗျားဆီမှာရှိတဲ့ ယေဟောဝါသက်သေတွေထုတ်တဲ့ ဟိုစာအုပ်ထဲမှာ အဖြေပါတယ်လေ။ သဘောတူမယ်ဆိုရင် ခင်ဗျားနဲ့ ဒီစာအုပ်လေ့လာပေးမယ်လေ” ဟုပြောလာသည်။ ကမ်းလှမ်းမှုကို ဟိုဆေး လက်ခံပြီး ကျမ်းစာပုံပြင် စာအုပ်၏အထောက်အကူဖြင့် ကမ္ဘာဦးကျမ်း ၃:၁၅ ၏အဓိပ္ပာယ်ကို သိရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် သက်သေခံများဖြစ်သည်ဟုဆိုကြသည့် အခန်းဖော်များနှင့် စတင်ပေါင်းသင်းခဲ့သည်။

ကာဆယ်လ် မိုတီးလို အကျဉ်းထောင်အတွင်း တစ်မူထူးခြားသည့် ဤအုပ်စုကို ဟိုဆေး စိတ်ဝင်စားရသည့် အကြောင်းတစ်ခုမှာ သူတို့၏ အမူအကျင့်ကောင်းကြောင့်ဖြစ်သည်။ “အရင်က အင်မတန် အကျင့်ပျက်တယ်လို့ ကျွန်တော် သိထားတဲ့လူတွေဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတဲ့အတွက်ကြောင့် အခု အကျင့်တွေ ကောင်းလာကြတာကို တွေ့ရတယ်” ဟု ဟိုဆေးကဆို၏။ ထိုအတောအတွင်း ဟိုဆေး၏ဇနီးသည် သက်သေခံများထံမှ စာအုပ်စာတမ်းများကို ဆက်လက်ရယူလျက် ခင်ပွန်းဖြစ်သူထံ ပို့ပေးသည်။ ခင်ပွန်းဖြစ်သူသည်လည်း ဝိညာဉ်ရေးဘက်တွင် တိုးတက်လာသည်။ အမှန်ဆိုရလျှင် သူ၏သင်တန်းအုပ်စုက သူ့အား အကျဉ်းခန်း တစ်ခန်းမှတစ်ခန်း ဟောပြောနိုင်ရန် အဆောင်၏ အပိုင်းတစ်ပိုင်းကိုပင် တာဝန်ပေးခဲ့သည်။ ဤသို့ဖြင့် သူ၌ရှိသည့် စာပေအနည်းငယ်ကို စိတ်ဝင်စားသူတို့အား ငှားပေးနိုင်သည့်အပြင် ရပ်နားချိန်တွင် အဆောင်အတွင်းကျင်းပသည့် အစည်းအဝေးများသို့ တက်ရောက်ရန်လည်း ဖိတ်ခေါ်နိုင်ခဲ့သည်။

အကျဉ်းသားများ၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း

စာအုပ်စာပေများဖတ်၍ ဝိညာဉ်ရေးဘက် တိုးတက်လာကြသည့် ကာဆယ်လ် မိုတီးလို အကျဉ်းထောင်မှ တိုးပွားလာသည့် အကျဉ်းသားများ၏ ဝိညာဉ်ရေးလိုအပ်ချက်များကို အရှေ့မာနာဂွာ အသင်းတော်က တာဝန်ယူကြည့်ရှုပေးသည်။ ယင်းရည်ရွယ်ချက် ပြည့်မြောက်ရေးအတွက် အသင်းတော်က အကျဉ်းသားများထံသို့ စာအုပ်စာပေများကို ညီအစ်ကို ညီအစ်မအချို့ဖြင့် လျှို့ဝှက်စွာ ပေးပို့နိုင်မည့် အစီအစဉ်တစ်ရပ် ရေးဆွဲခဲ့သည်။ ထောင်ဝင်စာတွေ့ခွင့်ကို တစ်လတစ်ကြိမ်၊ သို့မဟုတ် နှစ်လတစ်ကြိမ်သာ ခွင့်ပြုသည်။ သို့သော် အကျဉ်းသားတစ်ဦးသည် ယခင်က ခွင့်တောင်းထားသူအားသာ လက်ခံတွေ့ဆုံခွင့်ပြုသည်။ ထို့ကြောင့် စိတ်ဝင်စားသူအားလုံး ဒေသခံသက်သေခံများနှင့် ကိုယ်တိုင်တွေ့ဆုံခွင့် မရနိုင်ပေ။ သို့ဖြစ်စေကာမူ ယင်းသည် ပြဿနာကြီး မဟုတ်ပေ။ အကျဉ်းသားများသည် များမကြာမီ အတူစုဝေး၍ အချင်းချင်း ဝေမျှပေးနိုင်၍ဖြစ်သည်။

အရှေ့မာနာဂွာ အသင်းတော်အကြီးအကဲများသည် ကာဆယ်လ် မိုတီးလို အကျဉ်းထောင်အတွင်း တိုးပွားလျက်ရှိသည့် ၎င်းအုပ်စု၏ လုပ်ဆောင်မှုများကို စည်းရုံးညွှန်ကြားပေးခဲ့သည်။ သူတို့သည် အထူးသဖြင့် ဝိညာဉ်ရေးဘက် ဦးဆောင်နေသည့် အကျဉ်းသားများနှင့် ပုံမှန် အဆက်အသွယ် ပြုလုပ်၍ အပတ်စဉ် အစည်းအဝေးများ ကျင်းပပုံ၊ ဟောပြောခြင်းလုပ်ငန်းကို စနစ်တကျ လုပ်ဆောင်ပုံနှင့် ယင်းလုပ်ဆောင်မှုအားလုံးကို မှတ်တမ်းသွင်းပုံတို့ကို ရှင်းပြကြသည်။ တစ်ဖန် ၎င်းအကျဉ်းသားများက အခြားသူတို့အား ထိုအကြောင်းကို ပြောပြကြသည်။ ထိုအချိန်တွင် ထောင်ထဲ၌ ကျမ်းစာသင်သား အုပ်စုကြီးတစ်စု ဖြစ်လာပြီဖြစ်သဖြင့် သီအိုကရက်တစ် ဖွဲ့စည်းပုံစနစ် ကောင်းကောင်းရှိရန် အမှန်ပင် လိုအပ်လာသည်။

ကာဆယ်လ် မိုတီးလို အကျဉ်းထောင်၌ မူလက အဆောင်လေးခုရှိပြီး အဆောင်တစ်ခုစီတွင် အကျဉ်းသား ၂,၀၀၀ အထိ ထားရှိနိုင်သည်။ “အဆောင်တစ်ခုစီဟာ တသီးတခြားစီရပ်တည်ပါတယ်။ ဒါကြောင့် အပတ်စဉ် အစည်းအဝေးတွေကို အဆောင်တစ်ခုစီရဲ့ အပန်းဖြေတဲ့နေရာမှာ သတ်သတ်စီ ကျင်းပကြတယ်။ အားလုံးပေါင်း ၈၀ လောက်တက်ကြတယ်” ဟု အလည်အပတ်သွားသည့် အကြီးအကဲတစ်ဦးဖြစ်သူ ဟူးလီယို နုနက်ဇ်က ရှင်းပြသည်။

စည်ပိုင်းတစ်ခု၌ နှစ်ခြင်းခံခဲ့ကြ

လူသစ်များ တိုးတက်လာကြသည်နှင့်အမျှ အတော်များများသည် နှစ်ခြင်းခံလိုကြောင်း တင်ပြခဲ့ကြသည်။ အကျဉ်းထောင်သို့လည်ပတ်သည့် အကြီးအကဲများက နှစ်ခြင်းခံမည့်သူများကို နှစ်ခြင်းပေးရန် သဘောတူခဲ့ကြပြီး ဝိညာဉ်ရေးဘက်ဦးဆောင်နေသည့် အကျဉ်းသားများကို ကူညီပေးခဲ့ကြသည်၊ ထောင်ပြင်ပတွင် ကျင်းပနေသောစည်းဝေးပွဲတစ်ခုနှင့် တစ်ရက်တည်းတွင် နှစ်ခြင်းခံဖို့ အစီအစဉ်ပြုလုပ်ရန် အကူအညီပေးခဲ့ကြခြင်းဖြစ်သည်။ အများအားဖြင့် တစ်ရက်အလိုညနေပိုင်းတွင် အကျဉ်းခန်းတစ်ခန်း၌ နှစ်ခြင်းဟောပြောချက်ကို ပေးပြီး နောက်နေ့နံနက် အကျဉ်းသားများရေချိုးချိန်တွင် နှစ်ခြင်းခံမည့်သူများကို နှစ်ခြင်းပေးလေ့ရှိခဲ့ကြသည်။

ဟိုဆေး ဒီလာ ခရုဇ် လိုပက်စ်သည် ၁၉၈၂၊ နိုဝင်ဘာလတွင် ထောင်ထဲ၌ နှစ်ခြင်းခံခဲ့သည်။ သူဤသို့ပြန်ပြောပြ၏– “အမှိုက်ထည့်တဲ့စည်ပိုင်းထဲမှာ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော်တို့ အဲဒီစည်ပိုင်းကို ဆပ်ပြာနဲ့ အသေအချာဆေးကြောခဲ့ကြတယ်။ ပြီးတော့ အတွင်းဘက်ကို အိပ်ရာခင်းတစ်ခုခံပြီး ရေဖြည့်ကြတယ်။ ဒါပေမဲ့ နှစ်ခြင်းခံဖို့ လူစုရုံပဲရှိသေးတယ်၊ လက်နက်ကိုင်အစောင့်တွေ ရောက်လာတယ်။ ‘နှစ်ခြင်းခံဖို့ ဘယ်သူအခွင့်ပေးတာလဲ’ ဆိုပြီး မေးတယ်။ ဦးဆောင်တဲ့ညီအစ်ကိုက ဘုရားသခင့်မိန့်မှာချက်ကိုလုပ်ဆောင်ဖို့ ဘယ်သူ့အခွင့်အာဏာမှ မလိုပါဘူးလို့ ရှင်းပြခဲ့တယ်။ အစောင့်တွေက သဘောတူခွင့်ပြုလိုက်ကြပေမဲ့ နှစ်ခြင်းခံတာကို စောင့်ကြည့်ချင်ကြတယ်။ ဒါနဲ့ သူတို့ စောင့်ကြည့်နေတုန်းမှာပဲ ကျွန်တော့်ကို နှစ်ခြင်းခံမယ့်သူတွေကိုမေးတဲ့ မေးခွန်းနှစ်ခုကိုမေးတယ်၊ ပြီးတာနဲ့ စည်ပိုင်းထဲမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။” ဤနည်းဖြင့် အနည်းဆုံး အကျဉ်းသား ၃၄ ဦးနှစ်ခြင်းခံခဲ့ကြသည်။

အကျဉ်းသားအချို့သည် လျင်မြန်စွာ တိုးတက်ခဲ့ကြသည်။ သူတို့အနက်တစ်ဦးမှာ ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရ၍ ကာဆယ်လ် မိုတီးလိုထောင်တွင် ၁၀ နှစ်ထောင်ကျခဲ့သူ အိုမာ အန်တိုနီယို အက်စပီနိုဇာဖြစ်သည်။ အကျဉ်းသားများသည် အခါအားလျော်စွာ ပြောင်းရွှေ့ခဲ့ရကာ အိုမာထောင်ကျပြီး ဒုတိယနှစ်တွင် သူ၏အခန်းဖော်မှာ သက်သေခံတစ်ဦးဖြစ်သည်။ အခြားအကျဉ်းသားများသည် ထိုသူထံမှန်မှန်လာကြပြီး ကျမ်းစာသင်ကြသည်ကို အိုမာသတိပြုမိခဲ့သည်။ သူမြင်ရ၊ ကြားရသည့်အရာကြောင့် စိတ်စွဲမှတ်သွားပြီး မိမိကိုလည်း ကျမ်းစာသင်ပေးရန် အိုမာတောင်းဆိုခဲ့သည်။

အိုမာသည် ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရားစာအုပ်၏အကူအညီဖြင့် တစ်ရက်တစ်ခန်း လေ့လာခဲ့သည်။ ၁၁ ရက်ကြာပြီးနောက် သူသည် ကြေညာသူတစ်ဦးဖြစ်ချင်လာသည်။ စာအုပ်အခန်း ၂၂ ခန်းစလုံး ပြီးသွားသည့်အခါ နှစ်ခြင်းပေးရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် ညီအစ်ကိုများက နှစ်ခြင်းခံမည့်ကိစ္စကို အချိန်ယူစဉ်းစားရန် ပြောခဲ့ကြသည်။ ထို့ပြင် မကြာသေးမီကမှ ထောင်ထဲသို့ရောက်လာသည့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို ဒုတိယစာအုပ်အဖြစ် လေ့လာသင့်ကြောင်း ပြောပြခဲ့သည်။ တစ်လကျော်ကျော်လေးအတွင်း အိုမာသည် ထိုစာအုပ်ကိုလည်း လေ့လာပြီးသွားသည်။ သူသည် ဆေးလိပ်မသောက်တော့သည့်အပြင် အခြားပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ကျမ်းစာသမ္မာတရားသည် သူ့အသက်တာတွင် ဩဇာလွှမ်းမိုးကြောင်း ထင်ရှားခဲ့သည်။ ထိုပြောင်းလဲမှုများကို တွေ့မြင်ရ၍ နှစ်ခြင်းခံလိုသောသူ၏ဆန္ဒသည် စစ်မှန်ကြောင်း ညီအစ်ကိုများ ယုံကြည်စိတ်ချခဲ့သည်၊ ထို့ကြောင့် ၁၉၈၃၊ ဇန်နဝါရီ ၂ ရက်တွင် စည်ပိုင်းထဲ၌ အိုမာနှစ်ခြင်းခံခဲ့သည်။

အကျဉ်းထောင် လက်ဟန်ပြစကား

အကျဉ်းထောင်သို့လည်ပတ်သော အကြီးအကဲများထံမှ သတင်းအချက်အလက်ကို လက်ဆင့်ကမ်းရန် သို့မဟုတ် လုပ်ငန်းတော်မှတ်တမ်းကဲ့သို့သော သတင်းအချက်အလက်စုစည်းရန် ထောင်ထဲရှိကြေညာသူများသည် အဆောင်တစ်ခုနှင့်တစ်ခု ဆက်သွယ်ခဲ့ကြရသည်။ ၁၉၈၂ ခုနှစ်တွင် ထောင်ထဲ၌နှစ်ခြင်းခံခဲ့သော ညီအစ်ကို မန်ဒိုးဆာက သူတို့ဆက်သွယ်ခဲ့ကြပုံကို ဤသို့ပြောပြသည်။

“ကျွန်တော်တို့ထဲကတချို့ဟာ အကျဉ်းသားတွေထွင်ထားတဲ့ လက်ဟန်ပြဘာသာစကားကို သင်ယူခဲ့ကြတယ်။ အောက်မေ့ရာပွဲကျင်းပတဲ့အချိန်ဆိုရင် နေဝင်ချိန်ကို ကျွန်တော်တို့ ခန့်မှန်းကြတယ်၊ ပြီးတဲ့နောက် ကျွန်တော်တို့အားလုံး တစ်ချိန်ထဲမှာ ဆုတောင်းနိုင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အချက်ပြခဲ့တယ်။ တစ်နှစ်ပြီးတစ်နှစ် အဲဒီလိုပဲ လုပ်ခဲ့ကြတယ်။ လက်ဟန်ပြဘာသာစကားဟာ ကင်းမျှော်စင်လေ့လာရာမှာလည်း ကျွန်တော်တို့ကို အကူအညီပေးခဲ့တယ်။ အဆောင်တစ်ခုမှာရှိတဲ့ ညီအစ်ကိုတွေဆီမှာ ဒီအပတ်လေ့လာမယ့်ဆောင်းပါး မရှိဘူးဆိုရင် ကျွန်တော်တို့က ဆောင်းပါးတစ်ခုလုံးကို လက်ဟန်ပြဘာသာစကားနဲ့ ပြောပြခဲ့တယ်။ အဲဒါကိုကြည့်နေတဲ့ညီအစ်ကိုက အသံကျယ်ကျယ်နဲ့ နောက်ညီအစ်ကိုတစ်ယောက်ကို ပြောပြတယ်၊ အဲဒီညီအစ်ကိုက စာရွက်ပေါ်ကူးရေးတယ်။” သို့သော် ထောင်ထဲသို့ ဝိညာဉ်အစာ မည်သို့ရောက်လာခဲ့သနည်း။

ဝိညာဉ်အစာက အကျဉ်းသားများအား ခွန်အားဖြစ်စေ

မာနာဂွာအရှေ့ပိုင်းအသင်းတော်မှ အကြီးအကဲများ၊ သူတို့၏မိသားစုများနှင့် အခြားကြေညာသူများသည် ကာဆယ်လ် မိုတီးလိုအကျဉ်းထောင်သို့ မှန်မှန်လည်ပတ်ခဲ့ကြသည်။ သူတို့သည် ညီအစ်ကိုများအတွက် ကာယအစာရော ကင်းမျှော်စင်နှင့် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုအပါအဝင် ဝိညာဉ်အစာကိုပါ ဆယ်နှစ်နီးပါး ပို့ပေးခဲ့ကြသည်။ ဝိညာဉ်အစာကို ဝှက်၍ ယူသွားခဲ့ရသည်။

အကြီးအကဲတစ်ဦးသည် သူ၏သစ်သားချိုင်းထောက်ကြီး၏ အခေါင်းပေါက်ထဲတွင် မဂ္ဂဇင်းများကို ဝှက်၍ယူသွားခဲ့သည်။ “လူငယ်တွေဟာ သိပ်အစစ်အဆေးမခံရတဲ့အတွက် သူတို့တွေလည်း အကူအညီပေးခဲ့ကြတယ်” ဟု ဟူးလီယိုနုနက်ဇ် ပြန်ပြောပြသည်။ ထောင်သို့လည်ပတ်သူများသည် အောက်မေ့ရာပွဲတွင်သုံးသော အထိမ်းအမှတ်များကိုပင် ထောင်အတွင်းသို့ ယူဆောင်ပေးနိုင်ခဲ့ကြသည်။

အဆောင်တစ်ခုစီတွင် ဧည့်သည်နှင့်တွေ့ဆုံရန် သတ်မှတ်ထားသောနေ့ရှိသည်၊ တွေ့ခွင့်ရသူများသည် အများအားဖြင့် ဝင်းခြံကြီးတစ်ခုထဲတွင် အကျဉ်းသားများနှင့်အတူ တစ်နေ့လုံးနေကြသည်။ ဤနည်းဖြင့် လက်တစ်ဆုပ်စာ သက်သေခံများသည် မာနာဂွာမှ ညီအစ်ကို၊ ညီအစ်မများနှင့် တွေ့ဆုံနိုင်ခဲ့ပြီး ဝိညာဏထောက်ပံ့မှုများ ရရှိခဲ့ကြသည်။ ထို့နောက် ထိုအကျဉ်းသားများသည် မိမိတို့အဆောင်သို့ပြန်လာကာ ရရှိခဲ့ရာကို ပြန်လည်ဝေမျှနိုင်ခဲ့ကြသည်။

နိုင်ငံတော်သီချင်းများကိုပင် လျစ်လျူမရှုခဲ့ကြပါ။ ညီအစ်ကို လိုပက်စ် ဤသို့ပြောပြ၏– “ကျွန်တော်တို့အဆောင်မှာ ညီအစ်ကိုတစ်ယောက်ကပဲ လာလည်ပတ်တဲ့ညီအစ်ကိုတွေနဲ့ တွေ့ဆုံခွင့်ရတယ်။ အဲဒီညီအစ်ကိုဟာ သီချင်းသံစဉ်တချို့ကို သင်ယူပြီး ကျန်တဲ့ကျွန်တော်တို့ကို ပြန်သင်ပေးရတဲ့ တာဝန်ရရှိခဲ့တယ်။ ကျွန်တော်တို့ဆီမှာ သီချင်းစာအုပ်တစ်အုပ်ပဲရှိတဲ့အတွက် အစည်းအဝေးမစခင် ကျွန်တော်တို့အားလုံး သီချင်းလေ့ကျင့်ခဲ့ကြတယ်။” ညီအစ်ကို မန်ဒိုးဆာသည် သက်သေခံဧည့်သည်များနှင့် တွေ့ဆုံနိုင်ခွင့်ရှိသူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ ညီအစ်ကို မန်ဒိုးဆာ ဤသို့ပြောပြသည်– “ကာလိုစ် အရာ့လာနဲ့ သူ့မိသားစုက ကျွန်တော့်ဆီ လည်ပတ်ခဲ့တယ်။ သူ့သမီးနှစ်ယောက်က ကျွန်တော့်ကို နိုင်ငံတော်သီချင်းကိုးပုဒ် သင်ပေးခဲ့တယ်၊ ကျွန်တော့်အဖော်တွေကို အဲဒီသီချင်းတွေ ပြန်သင်ပေးခဲ့ရတယ်။” ညီအစ်ကို လိုပက်စ်သည် သီချင်းများကို တစ်ဆင့်ခံပြန်လည်သင်ယူသူများထဲမှ တစ်ဦးဖြစ်သည်။ သူဤသို့ပြန်ပြောပြ၏– “နောက်ပိုင်း ထောင်အပြင်မှာကျင်းပတဲ့ အစည်းအဝေးတွေကို ကျွန်တော်စတက်တဲ့အခါ ထောင်ထဲမှာဆိုခဲ့တဲ့သီချင်းတွေနဲ့ တူနေတော့ ပျော်လည်းပျော်၊ အံ့လည်းအံ့သြတယ်။”

ထောင်ထဲတွင် ဝိညာဉ်ရေးသန်မာစွာရှိနေကြ

ညီအစ်ကိုများနှင့် စိတ်ဝင်စားသူများသည် ထောင်ထဲတွင် မည်ကဲ့သို့သောအခြေအနေမျိုးကို ခံရပ်ခဲ့ကြပြီး ဝိညာဉ်ရေးသန်မာစေရန် မည်သို့ ထိန်းသိမ်းခဲ့ကြသနည်း။ ညီအစ်ကို မန်ဒိုးဆာ ဤသို့ပြန်ပြောပြ၏– “ထောင်ထဲမှာ အစားအစာကို ခွဲတမ်းနဲ့ရတယ်။ အကျဉ်းသားအားလုံး မကြာခဏ အရိုက်ခံရတယ်၊ တစ်ခါတလေ အစောင့်တွေက ကျွန်တော်တို့ပတ်လည်မှာ သေနတ်ပစ်ဖောက်တဲ့အခါ ကျွန်တော်တို့ ကြမ်းပြင်မှာ မှောက်နေကြတယ်။ အဲဒါတွေက ကျွန်တော်တို့ကို စိတ်ချောက်ချားစေတယ်။ တခြားအကျဉ်းသားတွေနဲ့ အစောင့်တွေ ပြဿနာဖြစ်တဲ့အခါ ကျွန်တော်တို့အားလုံးကို ကွင်းပြင်နေပူပူအောက်မှာ ကိုယ်လုံးတီးနဲ့ရပ်ခိုင်းပြီး ဒဏ်ပေးခဲ့ကြတယ်။ ကျွန်တော်တို့သက်သေခံတွေဟာ ဒီအခွင့်အရေးကိုယူပြီး တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ပေး၊ နှစ်သိမ့်ပေးခဲ့ကြတယ်။ ကျမ်းချက်တွေကို ပြန်ပြောကြ၊ ကိုယ်ပိုင်လေ့လာမှုကနေ သိထားတဲ့အချက်တွေကို ဝေမျှခဲ့ကြတယ်။ ဒီအဖြစ်အပျက်တွေက ကျွန်တော်တို့ကို စည်းလုံး၊ သန်မာနေဖို့ ထောက်ကူခဲ့တယ်။”

အလုပ်အားချိန်များကို အခွင့်ကောင်းယူကာ သက်သေခံများနှင့် စိတ်ဝင်စားသူများစွာသည် ကျမ်းစာတစ်အုပ်လုံးကို လေးငါးခေါက် ဖတ်ခဲ့ကြသည်။ သူတို့လက်ထဲရောက်လာသော ကျမ်းစာအခြေပြုစာပေအားလုံးကို ဂရုတစိုက် အကြိမ်ကြိမ်ဖတ်ရှုလေ့လာခြင်းသည် သူတို့အတွက် အဆန်းမဟုတ်ပါ။ အထူးကျေးဇူးတင်လေးမြတ်စိတ်ဖြင့် ညီအစ်ကို မန်ဒိုးဆာက နှစ်ချုပ်စာအုပ်များကို အမှတ်ရဆဲဖြစ်ကြောင်း ဤသို့ပြန်ပြောပြ၏– “တခြားနိုင်ငံတွေက တွေ့ကြုံမှုတွေ၊ မြေပုံတွေ—အားလုံးကို ကျွန်တော်တို့လေ့လာခဲ့ကြတယ်။ နိုင်ငံတစ်ခုစီရဲ့ တိုးတက်မှု၊ အသင်းတော်အရေအတွက်၊ နှစ်ခြင်းခံသူလူသစ်အရေအတွက်နဲ့ အောက်မေ့ရာပွဲတက်ရောက်သူတွေကို နှစ်တိုင်း ကျွန်တော်တို့ နှိုင်းယှဉ်ခဲ့ကြတယ်။ ဒါတွေက ကျွန်တော်တို့ကို ရွှင်လန်းစေခဲ့တယ်။”

ထိုအခြေအနေများအောက်တွင် ကြေညာသူလူသစ်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်အပြင် သီအိုကရက်တစ်အဖွဲ့အစည်းနှင့်ပတ်သက်သော အသိပညာကို အလျင်အမြန်ရရှိခဲ့ကြသည်။ သူတို့သည်လည်း ထက်သန်သော ဟောပြောသူများ၊ သွန်သင်သူများ ဖြစ်လာခဲ့ကြသည်။ ဥပမာ၊ ၁၉၈၆၊ ဖေဖော်ဝါရီတွင် ကာဆယ်လ်မိုတီးလို အကျဉ်းထောင်ရှိ ကြေညာသူ ၄၃ ယောက်သည် ကျမ်းစာသင်အံမှု ၈၀ ကျင်းပခဲ့ကြသည်။ ပတ်စဉ်အစည်းအဝေးများကို ပျမ်းမျှ ၈၃ ယောက် တက်ရောက်ခဲ့သည်။

ဝိညာဉ်ရေးအရ လွတ်မြောက်လာကြသော ထိုအကျဉ်းသားအားလုံးသည် မကြာမီ နောက်ထပ်လွတ်မြောက်မှု ခံစားခဲ့ရသည်၊ အကြောင်းမှာ အစိုးရက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့၍ဖြစ်သည်။ ထို့ကြောင့် ကာဆယ်လ် မိုတီးလို အကျဉ်းထောင်ရှိ အနည်းဆုံးကြေညာသူ ၃၀ သည် ၁၉၈၉၊ မတ် ၁၇ တွင် လွတ်မြောက်ခဲ့ကြသည်။ မာနာဂွာအရှေ့ပိုင်း အသင်းတော်သည် ထောင်ထွက်ကြေညာသူအသစ်များ ပြောင်းရွှေ့သွားသောဒေသရှိ အကြီးအကဲများနှင့် ဆက်သွယ်မှုရရန် ချက်ချင်းစီစဉ်ပေးကြသည်။ သို့နှင့် ထိုအကြီးအကဲများသည် ညီအစ်ကိုအသစ်များကို ကြိုဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ထိုညီအစ်ကိုများစွာသည် အကြီးအကဲများ၊ ဓမ္မအမှုထမ်းများ၊ ရှေ့ဆောင်များဖြစ်လာခဲ့သည်။

ကန့်သတ်ချုပ်ချယ်မှုများက ဟောပြောခြင်းလုပ်ငန်းကို မရပ်တန့်စေခဲ့

အခက်အခဲများနှင့် အန္တရာယ်များကြားမှ နီကာရာဂွာရှိ ကြေညာသူအရေအတွက်သည် ကန့်သတ်ချုပ်ချယ်ထားသည့် အချိန်ကာလအတွင်း လျင်မြန်စွာ တိုးများလာခဲ့သည်။ အချို့ဒေသများတွင် အသင်းတော်များကို ဖွဲ့စည်းခဲ့သည်၊ ထိုအသင်းသားအားလုံးနီးပါးမှာ လူသစ်များဖြစ်ကြသည်။ လာရက်ဖော်မာအသင်းတော်သည် ဥပမာတစ်ခုဖြစ်သည်။ အထူးရှေ့ဆောင်များဖြစ်သော အန်တိုနီယိုအယ်လမန်နှင့် သူ့ဇနီး အဒဲလာတို့သည် မာဆာရာမြို့နှင့် ဂရနာဒါမြို့ကြားတွင်ရှိသော တောရွာများတွင် သက်သေခံရန် နေ့စဉ်သွားကြသည်။ ထိုရွာများထဲတွင် လာရက်ဖော်မာရွာလည်းပါဝင်သည်။ ၁၉၇၉ ခုနှစ်အစောပိုင်းတွင် အယ်လမန်သည် မကြာမီကမှ ဇနီးဆုံးသွားသည့် လူငယ်တစ်ဦးဖြစ်သော ရိုစာလီယိုလိုပက်ဇ်နှင့် သင်အံမှုပြုခဲ့သည်။ မကြာမီ ရိုစာလီယိုသည် သူသင်ယူရရှိရာများကို သူနှင့်အတူနေထိုင်သော ဇနီးဘက်မှဆွေမျိုးများကို ပြောပြခဲ့သည်။ ဦးဆုံး သူ၏ယောက္ခမကို စပြောပြခဲ့ပြီးနောက် သူ၏ယောက်ဖနဲ့ ခယ်မများကို ပြောပြခဲ့သည်။ မကြာမီ မိသားစုဝင် ၂၂ ယောက်ပါသောအုပ်စုတစ်စုသည် မာဆာရာတွင်ကျင်းပသော အစည်းအဝေးများကိုတက်ရန် လေးမိုင်ခရီး လမ်းလျှောက်နေကြသည်ကို တွေ့မြင်နိုင်ပါသည်။

တစ်နေ့တွင် ဆွေမျိုးတစ်ဦးက “ယေဟောဝါသက်သေတွေဟာ တစ်အိမ်မှတစ်အိမ် ဟောပြောကြတယ်ဆိုတာ စည်းဝေးမှာ ငါတို့ကြားရတယ်၊ ဒါပေမဲ့ ငါတို့ အဲဒါမလုပ်ရသေးဘူး” ဟုရိုစာလီယိုကို ပြောသည်။

“ကောင်းပြီ၊ ငါတို့ဒီစနေနေ့မှာ ဟောပြောကြမယ်” ဟုရိုစာလီယို ပြောခဲ့သည်။ သို့နှင့် သူတို့ဟောပြောခဲ့ကြသည်! ရိုစာလီယိုဟောပြောနေစဉ် ၂၂ ယောက်စလုံးသည် တံခါးပေါက်တွင် အတူရပ်နေခဲ့ကြသည်! သင်အံမှုပြုဖို့ အန်တိုနီယိုရောက်လာသည့်အခါ ရိုစာလီယိုက ခပ်ပြုံးပြုံးဖြင့် ဤသို့ပြောခဲ့သည်– “ကျွန်တော်တို့အားလုံး ဒီအပတ်ဟောပြောပြီးပြီ!” အန်တိုနီယိုသည် သင်သားများ၏ ထက်သန်မှုကို သဘောကျနှစ်သက်သော်လည်း ငယ်ရွယ်သောစုံတွဲများအား ဦးဆုံး သူတို့၏အသက်တာကို ကျမ်းစာတောင်းဆိုချက်နှင့်ကိုက်ညီစေရန် လုပ်ဆောင်ဖို့ အားပေးခဲ့သည်။

၁၉၇၉၊ ဒီဇင်ဘာလတွင် ရိုစာလီယိုနှင့် သူ့ဇနီး၏မောင်၊ ဟူဘာလိုပက်ဇ်တို့သည် ထိုအုပ်စုထဲမှ ဦးဆုံးနှစ်ခြင်းခံခဲ့ကြသည်၊ မကြာမီ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် နှစ်ခြင်းခံခဲ့ကြသည်။ သုံးနှစ်ကြာရုံဖြင့် လာရက်ဖော်မာအသင်းတော်ကို တည်ထောင်ခဲ့သည်။ မိသားစုတစ်စုထဲမှ ကြေညာသူ အယောက် ၃၀ ဖြင့်အသင်းတော်ကို စတင်ခဲ့သည်! အချိန်တန်သောအခါ ဟူဘာ၊ သူ၏အစ်ကို ရေမွန်နှင့် ရိုစာလီယိုတို့သည် အကြီးအကဲများအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၈၆ ခုနှစ်တွင် အသင်းသား ၅၄ ဦးသည် ရှေ့ဆောင်များအဖြစ် အမှုဆောင်ခဲ့ကြသည်။—စာမျက်နှာ ၁၃-၁၄ မှလေးထောင့်ကွက်ကိုရှု။

လာရက်ဖော်မာအသင်းသားများ ထက်သန်စွာ ဟောပြောခဲ့ခြင်းကြောင့် နောက်ဆုံးတွင် ပတ်ဝန်းကျင်ရပ်ကွက်များ၌ အခြားအသင်းတော်ခြောက်ခုကို တည်ထောင်ခဲ့သည်။ ညီအစ်ကိုများ၏ထက်သန်မှုကို မနှစ်သက်သော အာဏာပိုင်များ၏ မျက်လုံးထောင့်ထောက်စောင့်ကြည့်မှု ခံနေကြဆဲဖြစ်ကြောင်း သတိရပါ။ “ကျွန်တော်တို့ဟာ စစ်အာဏာပိုင်တွေရဲ့ အနှောင့်အယှက်ပေးမှုကို အဆက်မပြတ်ခံခဲ့ရတယ်၊ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ဘယ်တော့မှ မရပ်တန့်စေခဲ့ဘူး” ဟုဟူဘာလိုပက်ဇ် ပြန်ပြောပြ၏။ အမှန်မှာ ဟောပြောခြင်းလုပ်ငန်းသည် ထိုခက်ခဲသောအချိန်ကာလအတွင်း တိုးတက်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ အကြောင်းမှာ ညီအစ်ကိုများစွာ အလုပ်ဖြုတ်ခံရသောကြောင့် သူတို့သည် မှန်မှန် သို့မဟုတ် အရန်ရှေ့ဆောင်လုပ်ငန်းတွင် စတင်ပါဝင်ခဲ့ကြသည်။

ယေဟောဝါသည် သူတို့၏ကြိုးစားအားထုတ်မှုများကို ကောင်းချီးပေးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် နီကာရာဂွာ၌ သတင်းကောင်းကြေညာသူ ၄,၄၇၇ ယောက်ရှိခဲ့သော်လည်း ၁၉၉၀—ကန့်သတ်ချုပ်ချယ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ရှစ်နှစ်ခံရပြီးနောက်—အရေအတွက်သည် ၇,၈၉၄ အထိတိုးများခဲ့သည်။ ယင်းသည် ၇၆ ရာခိုင်နှုန်း တိုးတက်မှုဖြစ်ခဲ့သည်!

ကန့်သတ်ချုပ်ချယ်မှုကို ဖယ်ရှားခဲ့

၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် နိုင်ငံတကာက ကြီးကြပ်ကွပ်ကဲပေးသော ရွေးကောက်ပွဲများကြောင့် နီကာရာဂွာတွင် အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သည်။ ထို့နောက် မကြာမီအချိန်တွင် ယေဟောဝါသက်သေများအပေါ် ကန့်သတ်ချုပ်ချယ်မှုများ ရုပ်သိမ်းခဲ့ပြီး စစ်မှုမထမ်းမနေရဥပဒေကိုလည်း ပယ်ဖြတ်ခဲ့ကာ ကာကွယ်ရေးကော်မတီများကို ဖျက်သိမ်းခဲ့သည်။ ညီအစ်ကိုများသည် သတိဝီရိယရှိကြသော်လည်း အိမ်နီးချင်းများ၏ စပ်စုသောအကြည့်များကို မကြောက်ကြတော့ပါ။ ထိုနှစ် စက်တင်ဘာလတွင် ဂွာတီမာလာ ဌာနခွဲကော်မတီတွင် အမှုဆောင်ခဲ့သူ အီရန်ဟန်တာသည် နီကာရာဂွာ တိုင်းပြည်ကော်မတီ၏ ညှိနှိုင်းရေးမှူးအသစ် ဖြစ်လာခဲ့သည်။

လွန်ခဲ့သောရှစ်နှစ်လုံးလုံး တိုင်းပြည်ကော်မတီသည် ရုံးအဆောက်အအုံ၊ ရုံးဆိုင်ရာအသုံးအဆောင်များမရှိဘဲ နီကာရာဂွာရှိလုပ်ငန်းကို ကြီးကြပ်ခဲ့သည်။ ညီအစ်ကိုဟန်တာသည် ဂွာတီမာလာဌာနခွဲတွင် သူအသုံးပြုခဲ့သော လက်နှိပ်စက်ကို ယူလာခဲ့သောကြောင့် တော်သေးသည်! ဒေသခံညီအစ်ကိုတစ်ဦးဖြစ်သူ ဟူးလီယိုဘင်ဒနာက သူ၏ကိုယ်ပိုင်ရုံးသုံးပစ္စည်းများကို အလုပ်များစွာလုပ်ကိုင်ရသော ညီအစ်ကိုများအား ကြင်နာစွာပေးသုံးခဲ့သည်။

မာနာဂွာမြို့စွန်ရှိ အိမ်တစ်လုံးကို ဌာနခွဲရုံးအဖြစ်အသုံးပြုရန် ရရှိခဲ့သည်။ သို့ရာတွင် ညီအစ်ကိုများသည် သီးခြားနေအိမ်များနှင့် ပုံမှန်အလုပ်ချိန်မဟုတ်သော အချိန်များတွင် လျှို့ဝှက်အမှုဆောင်ခဲ့ရသောကြောင့် အများစုသည် ပုံမှန်ဗေသလလုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ကြပါ။ သို့သော် သူတို့သည် လေ့ကျင့်ပေးမှုကို ကောင်းစွာလက်ခံခဲ့ကြပြီး လိုအပ်သောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုလူငယ်များထဲမှ အများစုသည် ယေဟောဝါအား သစ္စာရှိစွာ ဆက်အမှုဆောင်ကြပြီး အချို့သည် အခြားအချိန်ပြည့်လုပ်ငန်းများတွင် အမှုဆောင်ကြသည်။

ဌာနခွဲလုပ်ငန်းကို ကူညီပေးရန် အခြားတိုင်းပြည်များမှ ညီအစ်ကိုများကိုလည်း စေလွှတ်ပေးခဲ့သည်။ သာသနာပြုများဖြစ်သော ကဲနက်နှင့် ရှယ်ရန် ဘရိုင်ယန်တို့သည် ၁၉၉၀ ပြည့်နှစ်ကုန်ခါနီးတွင် ဟွန်ဒူးရပ်စ်မှ နီကာရာဂွာသို့ ပြန်လည်တာဝန်ပေးအပ်ခံခဲ့ရသည်။ မက္ကဆီကိုရှိ ဂိလဒ်တိုးချဲ့ကျောင်း၏ ပထမအကြိမ် သင်တန်းကျောင်းဆင်းများဖြစ်သည့် ဝှမ်နှင့် ရေဗက်ခါ ရေးစ်တို့သည် ၁၉၉၁၊ ဇန်နဝါရီလတွင် ကော့စ်တာရီကာမှ ရောက်လာခဲ့ပြီး သူတို့နောက်တွင် မက္ကဆီကိုပထမအကြိမ်သင်တန်းကျောင်းဆင်းဖြစ်သူ အာနိုလ်ဒို ချေဗာ့ဇ်နှင့် သူ၏ဇနီး မေရီးယာတို့ ရောက်လာသည်။ နှစ်နှစ်ကြာပြီးနောက် ပနားမားဌာနခွဲကော်မတီတွင် အမှုဆောင်ခဲ့သူ လိုသာနှင့် ကာမန်မီဟန့်ခ်တို့သည် ပနားမားမှ ရောက်ရှိလာကြသည်။ အများစုသည် ဌာနခွဲသစ်တွင် အမှုဆောင်ရန် တာဝန်ရရှိခဲ့ကြရာ လုပ်ငန်းတော်ကို သင့်လျော်သော အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်လုပ်ဆောင်စေရန် ကူညီပေးခဲ့ကြသည်။ ယနေ့ နီကာရာဂွာဗေသလမိသားစုတွင် လူမျိုးအသီးသီးမှ ၃၇ ဦးရှိသည်။

၁၉၉၁၊ ဖေဖော်ဝါရီလတွင် တိုင်းပြည်ကော်မတီနေရာတွင် ဌာနခွဲကော်မတီကို အစားထိုးခန့်အပ်ခဲ့ပြီး နီကာရာဂွာဌာနခွဲကို ၁၉၉၁၊ မေလ ၁ ရက်နေ့တွင် တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ယခု အနာဂတ်တိုးတက်မှုအတွက် အုတ်မြစ်ချခဲ့ပြီးဖြစ်ကာ ထိုတိုးတက်မှုသည် အထူးစွဲမှတ်ဖွယ်ဖြစ်ခဲ့သည်! ၁၉၉၀ မှ ၁၉၉၅ ခုနှစ်အထိ လူသစ် ၄,၀၂၆ ဦးနှစ်ခြင်းခံခဲ့ပြီး ယင်းသည် ၃၄ ရာခိုင်နှုန်း တိုးတက်မှုဖြစ်သည်။ ယင်းတိုးတက်မှုကြောင့် စည်းဝေးရန် သင့်တော်သောနေရာများ အပူတပြင်းလိုအပ်ခဲ့သည်။ သို့သော် ၁၉၈၂ ခုနှစ်တွင် အဆောက်အအုံစုစုပေါင်း ၃၅ ခုသည် လူအုပ်၏ အကြမ်းဖက်သိမ်းပိုက်ခံခဲ့ရသည်ကို သင်ပြန်လည်အမှတ်ရပေမည်။

အဆောက်အအုံများ ပြန်လည်ရရှိရန် တောင်းဆိုခြင်း

နိုင်ငံတော်ခန်းမများကို ဦးဆုံး မတရားသိမ်းပိုက်ချိန်တွင် ညီအစ်ကိုများ ဤအတိုင်းငြိမ်ခံမနေခဲ့ကြဘဲ နီကာရာဂွာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားဖော်ပြကာ အစိုးရထံသို့ ချက်ချင်းအယူခံဝင် ခုခံကာကွယ်ခဲ့ကြပါသည်။ ညီအစ်ကိုများသည် တရားရေးပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့၏တောင်းဆိုချက်အားလုံး လျစ်လျူရှုခြင်းခံခဲ့ရသည်။ ၁၉၈၅ ခုနှစ်တွင် ညီအစ်ကိုများသည် တရားဝင်အသိအမှတ်ပြုခံရရေးနှင့် အဆောက်အအုံအားလုံး ပြန်လည်ရရှိရေးတို့အတွက် ထိုအချိန်က နီကာရာဂွာနိုင်ငံ၏ သမ္မတဖြစ်သူထံသို့ပင် စာရေးတောင်းဆိုခဲ့ကြသည်။ ထို့ပြင် သူတို့သည် ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ခွင့်ပေးရန် အကြိမ်များစွာ တောင်းဆိုခဲ့ကြသည်။ သို့သော် ယင်းကြိုးစားအားထုတ်မှုအားလုံး အရာမထင်ခဲ့ပါ။

၁၉၉၀ ပြည့်နှစ်၊ ဧပြီလတွင် အစိုးရသစ်စတင်အုပ်ချုပ်သည့်အခါ ညီအစ်ကိုများသည် ယေဟောဝါသက်သေများအား တရားဝင်မှတ်ပုံတင်ပေးရန် လျှောက်လွှာနောက်တစ်စောင်ကို ပြည်ထဲရေးဝန်ကြီးအသစ်ထံ ချက်ချင်းတင်သွင်းခဲ့ကြသည်။ လေးလမျှကြာပြီးနောက် သူတို့၏လျှောက်လွှာကို အတည်ပြုပေးခဲ့၍ သူတို့အလွန်ဝမ်းမြောက်ခဲ့ကြပြီး ယေဟောဝါအား ကျေးဇူးတင်ခဲ့ကြသည်! ထိုအချိန်မှစ၍ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းကို နီကာရာဂွာအစိုးရက အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်နှင့် အကျိုးအမြတ်မယူသည့် အခြားအဖွဲ့အစည်းများကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပေးခဲ့သည်။ သို့ရာတွင် နိုင်ငံတော်ခန်းမများကို ပြန်လည်ရရှိရေးမှာမူ မလွယ်ကူခဲ့ချေ၊ ခန်းမအချို့ကို ယခင်အစိုးရဘက်တော်သားများအား “ပေးအပ်” ထားခြင်းကြောင့်ဖြစ်သည်။

ညီအစ်ကိုများက ပြည်သူပိုင်သိမ်းယူထားသောပစ္စည်းများကို ပြန်လည်စိစစ်ပေးရေးအတွက် အသစ်ဖွဲ့စည်းထားသော နိုင်ငံတော်ကော်မတီထံ အယူခံဝင်ခဲ့ကြသည်၊ ယင်းတွင် အဆောက်အအုံအားလုံးကို ပြန်လည်ပိုင်ဆိုင်ခွင့် တောင်းဆိုထားသည်။ ယင်းသည် ခက်ခဲရှုပ်ထွေးပြီး စိတ်ဓာတ်ကျစရာကောင်းသော လုပ်ဆောင်မှုဖြစ်ခဲ့သည်၊ အခြားအဖွဲ့အစည်းများနှင့် လူများကလည်း ထိုနည်းတူ တောင်းဆိုခဲ့ကြသောကြောင့်ဖြစ်သည်။ မနားမနေကြိုးစားရာ တစ်နှစ်ကြာပြီးနောက် ၁၉၉၁ ဇန်နဝါရီတွင် အဆောက်အအုံတစ်ခုကို ပြန်လည်ရရှိခဲ့သည်။ ညီအစ်ကိုများသည် သဘောတူညီမှုအချို့ရရှိရန် နိုင်ငံတော်ခန်းမများတွင် နေထိုင်သူတို့ထံလည်း လည်ပတ်ခဲ့သည်။ သို့သော် ထိုသူအများစုက သူတို့သိမ်းယူထားရာများသည် တော်လှန်ရေးကြောင့် ရသင့်ရထိုက်သည့်တရားဝင် “အကျိုးအမြတ်” ဖြစ်သည်ဟု ယူဆကြသည်။

ထိုနှစ်ကုန်ခါနီးတွင် ဌာနခွဲအဆောက်အအုံကို ပြန်လည်ရရှိခဲ့သည်၊ သို့သော် ထိုအဆောက်အအုံတွင် နေထိုင်သည့်မိသားစုအတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့ရသည်။ နောက်နှစ်များတွင် ညီအစ်ကိုများသည် အဆောက်အအုံ ၃၅ ခုအနက် အဆောက်အအုံ ၃၀ နှင့် ပြန်လည်မရရှိသောအိမ်များအတွက် အစိုးရထံမှလျော်ကြေးကို တဖြည်းဖြည်းရရှိခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းခြင်း

ဤမှတ်တမ်းအစပိုင်းတွင်ဖော်ပြခဲ့သည့် မြေငလျင်လှုပ်ခြင်းအပြင် မီးတောက်ပေါက်ကွဲမှုနှင့် ဟာရီကိန်းမုန်တိုင်းများကလည်း နီကာရာဂွာနိုင်ငံကို ထိခိုက်ပျက်စီးစေခဲ့သည်။ နိုင်ငံအတွင်းရှိ အလှုပ်ရှားဆုံးမီးတောင်ရှင်ဖြစ်သော စာရိုနေဂရိုမီးတောင်သည် ၁၉၁၄ ခုနှစ်မှစ၍ ၁၂ ကြိမ်တိုင် ပေါက်ကွဲခဲ့ပြီး ကောက်ပဲသီးနှံဧကများစွာအပေါ် ပြာများမှုတ်ထုတ်ခဲ့သည်။ ၁၉၆၈ နှင့် ၁၉၇၁ ခုနှစ် မီးတောင်ပေါက်ကွဲချိန်တွင် မည်သို့ဖြစ်သည်ကို လေအွန်၌ အမှုဆောင်နေသော သာသနာပြု အဲလ်ဖရီဒီအူရ်ဗန်က ဤသို့ဖော်ပြ၏– “နှစ်ပတ်လုံးလုံး အမဲရောင်သဲမှုန်တွေနဲ့ ပြာတွေ မြို့ပေါ်ရွာကျနေတယ်။ အိမ်မိုးပြိုကျမှာစိုးရိမ်ရတဲ့အတွက် အိမ်မိုးပေါ်ကပြာတွေကို ကော်ပြားနဲ့ကော်ပစ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းက လေအွန်မြို့ဟောင်းဟာ မီးတောင်ပြာဖုံးအုပ်ပျောက်ကွယ်သွားခဲ့တဲ့အတွက် လူတွေစိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ လေတိုက်တဲ့အတွက် သဲမှုန်တွေ နေရာတကာလွင့်နေတယ်။ ကျွန်တော်တို့ရဲ့ ရှူးဖိနပ်၊ အဝတ်အစား၊ အိပ်ရာ၊ အစားအစာနဲ့ စာအုပ်ကြားတွေမှာတောင် သဲတွေတွေ့ရတယ်! နေရာတကာမှာ ဒီလိုပဲဖြစ်နေပေမဲ့ ညီအစ်ကိုတွေဟာ အစည်းအဝေးတွေတက်ကြပြီး လယ်ကွင်းဓမ္မအမှုမှာ ဆက်ပါဝင်ခဲ့ကြတယ်။”

၁၉၉၈၊ အောက်တိုဘာလတွင် အမေရိကအလယ်ပိုင်းတစ်ခုလုံး၌ မစ်ချ်ဟာရီကိန်းမုန်တိုင်းဘေး အကြီးအကျယ်သင့်ရောက်ခဲ့သည်၊ ယင်းမုန်တိုင်းကို ပညာရှင်အချို့က “လွန်ခဲ့သောရာစုနှစ်နှစ်ခုအတွင်း ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် တိုက်ခတ်သည့် အဆိုးရွားဆုံး ဟာရီကိန်းမုန်တိုင်း” ဟုခေါ်ခဲ့ကြသည်။ မစ်ချ်မုန်တိုင်းကြောင့် နီကာရာဂွာနိုင်ငံသား ၃,၀၀၀ မှ ၄,၀၀၀ နီးပါးခန့်သေဆုံးခဲ့ပြီး အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် ကက်စီတာမီးတောင်ထိပ်ဝတွင် ရေကန်တစ်ခုဖြစ်ပေါ်စေခဲ့ရာ တောင်ပြိုသဖြင့် မြေစတုရန်းမိုင် ၃၀ ကိုဖုံးအုပ်ခဲ့ပြီး ရွာအတော်များများ ပျက်စီးသွားခဲ့သည်” ဟုအင်ကာတာစွယ်စုံကျမ်း၌ ဖော်ပြထားသည်။ သေဆုံးသူအရေအတွက် ၂,၀၀၀ ကျော်သည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းတိုက်ခတ်ခဲ့သည့် အခြားနိုင်ငံများကဲ့သို့ပင် နီကာရာဂွာရှိ ယေဟောဝါသက်သေများသည် ကယ်ဆယ်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြသည်။ အချို့သောမြို့ကြီးများတွင် သက်သေခံ စေတနာ့ဝန်ထမ်းများသည် စက်ဘီးသမားအဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်၊ ထိုသူတို့သည် ကားမဝင်နိုင်သောဒေသများရှိ ညီအစ်ကိုများ၏ အခြေအနေကို မေးမြန်းစုံစမ်းရန်၊ အစားအစာနှင့် အခြားလိုအပ်ရာများပို့ပေးရန် စက်ဘီးဖြင့်သွားခဲ့ကြသည်။ သူတို့သည် ဦးဆုံးရောက်ရှိသော ကယ်ဆယ်ရေးလုပ်သားများ ဖြစ်လေ့ရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ညီအစ်ကိုများအား များစွာခွန်အားဖြစ်စေခဲ့သည်။ ကော့စ်တာရီကာနှင့် ပနားမားရှိသက်သေခံများသည် အစားအစာနှင့် အဝတ်အထည် ၇၂ တန်ကို ချက်ချင်းပို့ပေးခဲ့ကြသည်။ လတ်တလောလိုအပ်ရာများကို ကူညီပေးပြီးနောက် ကယ်ဆယ်ရေးလုပ်သားများသည် နိုင်ငံတော်ခန်းမများကို ပြုပြင်ခြင်း၊ ညီအစ်ကိုများအတွက် အိမ်အသစ်ဆောက်ပေးခြင်းတို့တွင် လပေါင်းများစွာ ဆက်ကူညီပေးခဲ့ကြသည်။

“အခြားသော” နီကာရာဂွာ

၁၉၈၇ ခုနှစ်တွင် အစိုးရသည် နီကာရာဂွာအရှေ့ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှစ်ခုအဖြစ် ဖွဲ့စည်းသတ်မှတ်ပေးခဲ့သည်။ ယခင်က ဇက်လေယာဟုသိခဲ့ကြသော်လည်း ယခု ယင်းတို့ကို မြောက်အတ္တလန္တိတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (စပိန်ဘာသာဖြင့် RAAN) နှင့် တောင်အတ္တလန္တိတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (RAAS) ဟုခေါ်ကြသည်။ ယင်းနယ်မြေသည် နီကာရာဂွာနိုင်ငံ၏ ၄၅ ရာခိုင်နှုန်းခန့်ရှိသော်လည်း လူဦးရေ ၁၀ ရာခိုင်နှုန်းခန့်သာ နေထိုင်သည်။

ရွှေနှင့် ငွေသတ္တုတွင်းများစွာရှိသော RAAN နှင့် RAAS နယ်မြေသည် အလယ်ပိုင်းကုန်းမြင့်ဒေသ၏ အရှေ့ဘက်ခြမ်းဆင်ခြေလျောဒေသမှ ပင်လယ်ရေတိမ်နှင့် စိမ့်မြေများရှိသည့် မော်စကွီတိုကမ်းရိုးတန်းအထိ ကျယ်ပြန့်သည်။ ယင်းနယ်မြေထဲတွင် အပူပိုင်းမိုးသစ်တောများ၊ ထင်းရှူးနှင့် အုန်းထန်းပင်များ ကွက်တိကွက်ကြားပေါက်သည့် ဆဗားနားမြက်ခင်းပြင်များ၊ ကရစ်ဘီယန်ကျွန်းအတွင်းသို့ မြွေလိမ်မြွေကောက်စီးဝင်နေသော မြစ်ချောင်းများစသည်ဖြင့် တောတောင်ရေမြေရှုခင်းမျိုးစုံရှိသည်။ နှစ်များတစ်လျှောက် ကျေးရွာများ၊ မြို့ငယ်လေးများတွင် မက်စတီဇိုလူမျိုးတို့ နေထိုင်ခဲ့ကြသည့်အပြင် မစ်စကီတိုနှင့် အခြားတိုင်းရင်းသားလူမျိုးများလည်း အခြေချနေထိုင်လာခဲ့ကြသည်။

မစ်စကီတို၊ စူမို၊ ရာမာနှင့် ခရီးအိုလ်စ်လူမျိုး အများစုနေထိုင်သော ဤဒေသသည် မြို့တော်မာနာဂွာနှင့်နှိုင်းယှဉ်လျှင် သီးခြားကမ္ဘာအလား ဖြစ်ပေမည်။ အရှေ့နှင့်အနောက်ကို ဆက်သွယ်ထားသည့်လမ်းလည်း ယခုထိတိုင်မရှိသေးပါ။ အတ္တလန္တိတ်ကမ်းခြေဘက်တွင် စပိန်ဘာသာစကားပြောဆိုကြသော်လည်း လူများစွာသည် မစ်စကီတို၊ ခရီးအိုလ်စ် သို့မဟုတ် အခြား တိုင်းရင်းသားဘာသာစကား တစ်ခုခုကို ပြောဆိုကြသည်။ လူအများစုမှာ ပရိုတက်စတင့်များဖြစ်ကြပြီး များသောအားဖြင့် မိုရေးဗီယားဘာသာဝင်များဖြစ်ကြသည်၊ ကက်သလစ်ဘာသာစိုးမိုးသော ပစိဖိတ်ဘက်ခြမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် ပထဝီအနေအထား၊ ဘာသာစကား၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာတရားစသည်ဖြင့် အဘက်ဘက်တိုင်းလိုလိုတွင် အရှေ့နှင့်အနောက်မှာ သိသိသာသာ ကွဲပြားခြားနားသည်။ သို့ဆိုလျှင် ဤ “အခြားသော” နီကာရာဂွာတွင် သတင်းကောင်း မည်သို့ရောက်ရှိလာခဲ့သနည်း။

နိုင်ငံတော်သတင်းသည် ပို၍ဝေးလံသောဒေသများသို့ရောက်ရှိ

၁၉၄၆ ခုနှစ်အစောပိုင်းတွင် သက်သေခံသာသနာပြုများသည် အရှေ့ဘက်ခြမ်းရှိနယ်မြေများသို့ သွားရောက်စူးစမ်းလည်ပတ်ခဲ့ကြပြီး စာပေများဝေငှခဲ့ကြသည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် တိုက်နယ်ကြီးကြပ်မှူး ဆစ်ဒ်နီပေါ်တာနှင့် သူ၏ဇနီး ဖီလ်လစ္စတို့သည် ကမ်းရိုးတန်းမြို့ငယ်လေးများဖြစ်သော ဘလူးဖီးလ်ဒ်နှင့် ပွာတူကာဘီဇက်စ်၊ ကောန်ကျွန်းစု၊ သတ္တုတွင်းရှိသည့် မြို့ငယ်များဖြစ်သော ရိုစီတာ၊ ဘိုနန်ဇာ၊ စူရနမြို့များသို့ လည်ပတ်ခဲ့ကြသည်။ ဆစ်ဒ်နီ ဤသို့ပြန်ပြောပြ၏– “သတ္တုတွင်းရှိတဲ့မြို့ကို သွားတဲ့ခရီးတစ်ခေါက်မှာ တစ်ယောက်ကို မဂ္ဂဇင်း ၁,၀၀၀ ကျော်နဲ့ စာအုပ် ၁၀၀ စီ ကျွန်တော်တို့ ဝေငှခဲ့ကြတယ်။ လူတိုင်းလိုလို ဖတ်ချင်ကြတယ်။” များမကြာမီ ထိုမြို့ငယ်များတွင် သီးခြားအုပ်စုများဖွဲ့ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ ထိုအုပ်စုများသည် အသင်းတော်များအဖြစ် တိုးတက်လာခဲ့သည်။

သို့သော် RAAN နှင့် RAAS ရှိအခြားဒေသများတွင် နှစ်တော်တော်ကြာသည့်အထိ မဟောပြောနိုင်ခဲ့ပါ။ ဝေးခေါင်လွန်းခြင်း၊ လမ်းမရှိခြင်းနှင့် တစ်နှစ်လျှင် ရှစ်လကျော်ကျော် အပူပိုင်းမိုးရွာသွန်းခြင်းတို့ကြောင့် ဟောပြောခြင်းလုပ်ငန်းအတွက် ကြီးမားသောစိန်ခေါ်ချက်များ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ယင်းတို့သည် မကျော်လွှားနိုင်သော အတားအဆီးများမဟုတ်ကြောင်းကို ထက်သန်ပြီး ရဲစွမ်းသတ္တိရှိသော ရှေ့ဆောင်များ တင်ပြခဲ့ကြသည်။ ရှေ့ဆောင်များ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကြိုးစားလုပ်ဆောင်မှုတို့ကြောင့် RAAN နှင့် RAAS ဒေသများတွင် ယခုအခါ အသင်းတော်ခုနစ်ခုနှင့် အုပ်စုကိုးခုရှိပြီး နိုင်ငံတော်ကြေညာသူ ၄၀၀ ခန့်ရှိနေပြီဖြစ်သည်။

ထိုဒေသများရှိ သက်သေခံများရင်ဆိုင်ရသည့် စိန်ခေါ်ချက်များကို ဖော်ပြသည့်အနေနှင့် ၂၂ နှစ်အရွယ် ညီအစ်ကိုတစ်ဦး၏ နမူနာကို သုံးသပ်ကြည့်ပါ။ သတ္တုတွင်းရှိသောရိုစီတာမြို့ရှိ အသင်းတော်သည် သူ့အတွက်အနီးဆုံးဖြစ်ပြီး အစည်းအဝေးများတက်ရောက်ရန် တစ်ပတ်လျှင်သုံးကြိမ် တောင်များကိုဖြတ်၍ ရှစ်နာရီခန့် လမ်းလျှောက်ခဲ့ရသည်။ သူသည် ထိုအသင်းတော်တွင် ဓမ္မအမှုထမ်း၊ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နေသည်။ သူ့မိသားစုတွင် တစ်ဦးတည်းသော နှစ်ခြင်းခံပြီးသည့်သက်သေခံတစ်ဦးဖြစ်ပြီး များသောအားဖြင့် နှစ်နာရီကြာ လမ်းလျှောက်ရသည့် တောင်ပေါ်ဒေသအိမ်များတွင် တစ်ဦးတည်းအမှုဆောင်သည်။ အိမ်တစ်အိမ်တွင်ရှိစဉ် နေညိုနေပြီဆိုလျှင် ညဘက်အိမ်ပြန်ရန် မဖြစ်နိုင်သောကြောင့် ထိုအိမ်တွင် သူအိပ်လိုက်ပြီး နောက်နေ့မှ သက်သေခံပြန်ထွက်သည်။ မကြာသေးမီက သူ၏ဖခင်ဆုံးပါးသွားရာ သားကြီးဖြစ်သည့် ဤလူငယ်ညီအစ်ကိုမှာ မိသားစုကို တာဝန်ယူကြည့်ရှုရသည်။ သို့တိုင် သူသည် ရှေ့ဆောင်ဆက်လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ သူ၏ညီတစ်ဦးသည် ယခု နှစ်ခြင်းမခံရသေးသော ကြေညာသူဖြစ်နေပြီး သူနှင့်အတူ ဓမ္မအမှုတွင်ပါဝင်နေပါသည်။

၁၉၉၄ ခုနှစ်မှစ၍ ဌာနခွဲသည် ဤကျယ်ပြန့်လှသောနယ်မြေတွင် ဟောပြောခြင်းကင်ပိန်းများကို နှစ်စဉ်နှစ်တိုင်း စီစဉ်ပေးခဲ့သည်။ ထက်သန်သော မှန်မှန်ရှေ့ဆောင်များထဲမှ ရွေးချယ်ထားသည့် ယာယီအထူးရှေ့ဆောင်များသည် ခြောက်သွေ့ရာသီလေးလအတွင်း RAAN နှင့် RAAS ဒေသမှ ဝေးခေါင်သောမြို့ငယ်များ၊ ရွာများတွင် အမှုဆောင်ကြသည်။ ကျန်းမာသန်စွမ်းသော ရှေ့ဆောင်များသည် အပူလွန်ကဲမှု၊ ကြမ်းတမ်းသောနယ်မြေ၊ မြွေ၊ သားရဲတိရစ္ဆာန်၊ ညစ်ညမ်းသည့်ရေ၊ ကူးစက်ရောဂါအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ကြသည်။ သူတို့၏ပန်းတိုင်မှာ စေ့စေ့စပ်စပ်သက်သေခံရန်၊ စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်အံမှုကျင်းပရန်၊ အောက်မေ့ရာပွဲအပါအဝင် ခရစ်ယာန်အစည်းအဝေးများကို ကျင်းပရန်ဖြစ်သည်။ သူတို့ရရှိသော ရလဒ်များကြောင့် အထူးရှေ့ဆောင်များအား မည်သည့်နေရာတွင် တာဝန်ပေးရမည်ကို ဆုံးဖြတ်နိုင်ရန် ဌာနခွဲရုံးကိုလည်း အထောက်အကူပြုခဲ့သည်။ နှစ်များတစ်လျှောက်တွင် ယင်းအစီအစဉ်ကြောင့် အရှေ့မြောက်ဘက်စွန်း ခိုခိုမြစ်တစ်လျှောက်ရှိ ဝက်စပန်၊ စန်ကာလိုစ်မြို့ငယ်လေးများတွင် အသင်းတော်များနှင့် အုပ်စုများ ဖွဲ့စည်းပေးနိုင်ခဲ့သည်။

RAAN နှင့် RAAS နယ်မြေတွင် စပိန်စကားပြော မက်စတီဇိုလူမျိုးများစွာ ဝင်ရောက်နေထိုင်သည်ဟု ထင်ရသော်လည်း ထိုနယ်မြေတွင် မစ်စကီတိုတိုင်းရင်းသားများ အများဆုံးနေထိုင်ကြသည်။ မစ်စကီတိုဘာသာစကားဖြင့် ကျမ်းစာအခြေပြုစာပေအချို့ရရှိနိုင်ပြီး ရှေ့ဆောင်အတော်များများသည် ထိုဘာသာစကားကို သင်ယူခဲ့ကြသည်။ ရလဒ်အနေနှင့် နိုင်ငံတော်သတင်းတရားသည် ဧည့်ဝတ်ကျေပွန်ပြီး ကျမ်းစာကိုချစ်မြတ်နိုးသော ထိုလူမျိုးများစွာအတွက် နှစ်သက်စရာဖြစ်စေခဲ့သည်။

ဥပမာ၊ RAAN နယ်မြေထဲမှ လီကုစ်မြစ်အနီး မစ်စကီတိုရွာတစ်ရွာတွင် အိမ်ခြေ ၄၆ အိမ်ရှိပြီး ၂၀၀၁ ခုနှစ် ရှေ့ဆောင်ကင်ပိန်းအတွင်း ၆ အိမ်တွင် လူမရှိခဲ့ပါ။ ထိုနှစ်တွင် ယာယီအထူးရှေ့ဆောင်များသည် ထိုရွာ၌ ကျမ်းစာသင်အံမှု ၄၀ ကျင်းပခဲ့ကြသည်—တစ်အိမ်တစ်ခုနှုန်းဖြစ်သည်! တစ်လခန့်ကြာပြီးနောက် သင်သားသုံးဦးသည် နှစ်ခြင်းခံလိုကြောင်း တင်ပြခဲ့ကြသည်၊ ထိုသူတို့ထဲမှတစ်ဦးမှာ ဒေသခံ မိုရေးဗီယားချာ့ချ်သင်းအုပ်ဆရာ၏ လက်ထောက်ဖြစ်သည်။ မောင်နှံနှစ်တွဲသည် ကြေညာသူများဖြစ်လိုကြသည်၊ သို့သော် သူတို့သည် တရားဝင်လက်ထပ်ထားသူများ မဟုတ်ချေ။ ထို့ကြောင့် ရှေ့ဆောင်များက အိမ်ထောင်မင်္ဂလာ၊ နှစ်ခြင်းတို့နှင့်ပတ်သက်သော ကျမ်းစာစံနှုန်းများကို ကြင်နာစွာ ရှင်းပြခဲ့ကြသည်။ ရှေ့ဆောင်များပြန်ခါနီးတွင် ထိုမောင်နှံနှစ်တွဲသည် သူတို့၏လက်ထပ်စာချုပ်များကို သူတို့ထံလာပြကြသောကြောင့် ရှေ့ဆောင်များ မည်မျှရွှင်လန်းမည်ကို မြင်ယောင်ကြည့်ပါ!

ထိုအကျိုးဖြစ်ထွန်းသောကင်ပိန်းကြောင့် ဝက်စပန်ရှိကြေညာသူများသည် ၁၂ မိုင်ဝေးသော ကဝီဝစ်တင်းနီရွာသို့ မှန်မှန်သွားကာ စိတ်ဝင်စားသူလူသစ်များ ဝိညာဉ်ရေးတွင် ဆက်တိုးတက်ရန် ကူညီပေးကြပြီး ဓမ္မအမှုအတွက် လေ့ကျင့်ပေးကြသည်။

ခိုခိုမြစ်တစ်လျှောက်ရှိ မစ်စကီတိုရွာများတွင် ဟောပြောကြသော ယာယီအထူးရှေ့ဆောင်များသည် လူမှုရေးလုပ်ငန်း လုပ်ဆောင်နေကြသော အမေရိကန်လူမျိုးအုပ်စုကြီးတစ်စုနှင့် တွေ့ဆုံခဲ့သည်။ ရှေ့ဆောင်များက အင်္ဂလိပ်ဘာသာစကားဖြင့် မဂ္ဂဇင်းများကို သူတို့အား ဝေငှခဲ့သည်။ ဝါဝါမြစ်အနီးရှိ ဖရန်စီကာစရီပေရွာတွင် နှစ်ခြင်းအသင်းသားများ ကျောင်းတစ်ကျောင်း ဆောက်နေကြသည်။ ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်က ရှေ့ဆောင်တစ်ဦးကို ဤသို့ပြောခဲ့သည်– “ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ကျွန်တော်ချီးမွမ်းပါတယ်။ ခင်ဗျားတို့ဟာ ဒီနေရာမှာ ကျမ်းစာအကြောင်း သွန်သင်ပေးကြတယ်။ ကျွန်တော်ရဲ့ဘာသာကိုလည်း ဒီလုပ်ငန်းမှာ ထောက်ခံအားပေးစေချင်တယ်။”

အတွေ့အကြုံရှိသော ညီအစ်ကိုများလိုအပ်

ကန့်သတ်ချုပ်ချယ်ထားသော အချိန်ကာလအတွင်း နီကာရာဂွာရှိသက်သေခံ ၆၀ ရာခိုင်နှုန်းခန့်သည် မိသားစုအရွယ် အုပ်စုငယ်လေးများအဖြစ် ကျင်းပသည့် အစည်းအဝေးများကို တက်ရောက်ခဲ့ကြသည်။ ထို့ပြင် သူတို့တွင် ဓမ္မအမှုလုပ်ငန်းအတွက် စာပေအနည်းငယ်သာရှိသည်။ စည်းဝေးပွဲအစီအစဉ်များကို အသင်းတော်အရွယ်ဖြင့် ကျင်းပခဲ့ကြပြီး အစီအစဉ်ကို အကျဉ်းချုပ်တင်ဆက်ခဲ့ကြသည်။ အိမ်ထောင်ဦးစီးများဖြစ်သည့် ရင့်ကျက်သောညီအစ်ကိုများသည် နယ်လှည့်ကြီးကြပ်မှူးများနေရာတွင် အစားထိုးခဲ့ကြသည်၊ သို့သော် အချိန်ပိုင်းသာ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် ရှေ့မီနောက်မီသက်သေခံမိသားစုများစွာသည် ထိုမငြိမ်မသက်ကာလအတွင်း အခြားဒေသများသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။ ထို့ကြောင့် လုပ်ငန်းကို ပြန်လည်တရားဝင်မှတ်ပုံတင်ချိန်တွင် အတွေ့အကြုံရှိသော အကြီးအကဲများ၊ ရှေ့ဆောင်များ အရေးတကြီး လိုအပ်ခဲ့သည်။

အမှန်ပင်၊ ကြေညာသူများက လယ်ကွင်းတွင် စာပေများဝေငှပုံ အစရှိသည်တို့ကို ညွှန်ကြားပေးရန် တောင်းဆိုကြသကဲ့သို့ အကြီးအကဲများကိုယ်တိုင်လည်း အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် လေ့ကျင့်မှုရရန် တောင့်တခဲ့ကြသည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အုပ်ချုပ်ရေးအဖွဲ့သည် အယ်လ်ဆာဗေးဒေါ၊ မက္ကဆီကိုနှင့် ပွာတီရီကိုနိုင်ငံတို့တွင်ကျင်းပခဲ့သည့် ဓမ္မအမှုလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းများကို နီကာရာဂွာတွင် တာဝန်ခန့်အပ်ခဲ့သည်။ ထိုညီအစ်ကိုများအနက် အယ်လ်ဆာဗေးဒေါတွင်ကျင်းပသော ပထမအကြိမ် ဓမ္မအမှုလေ့ကျင့်ရေးကျောင်းဆင်းဖြစ်သူ ပက်ဒရို အန်ရီကွက်စ်သည် ၁၉၉၃ ခုနှစ်တွင် နီကာရာဂွာ၌ နယ်လှည့်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။ မက္ကဆီကိုမှ အတွေ့အကြုံရှိ တိုက်နယ်ကြီးကြပ်မှူး ဆယ့်တစ်ဦးသည်လည်း မျက်မှောက်ခေတ် မာကေဒေါနိပြည်ကို အကူအညီပေးဖို့ ‘ကူးလာခဲ့ကြ’ သည်။—တ. ၁၆:၉။

လွန်ခဲ့သောကိုးနှစ်အတွင်း နီကာရာဂွာနိုင်ငံသို့ ဂိလဒ်ကျောင်းဆင်း ၅၈ ဦး ထပ်မံရောက်ရှိလာပြီး ထိုသူတို့သည် နိုင်ငံတစ်ဝန်းလုံးရှိ သာသနာပြုအိမ် ခြောက်အိမ်တွင် တာဝန်ခန့်အပ်ခံရသည်။ သူတို့၏ရင့်ကျက်မှုက အသင်းတော်များကို အကျိုးဖြစ်ထွန်းသော ဝိညာဏဝန်းကျင်တစ်ခု ဖြစ်စေသည့်အပြင် အချိန်ပြည့်လုပ်ငန်းကို နှစ်လိုဖွယ်ပန်းတိုင်တစ်ခုအဖြစ် လူငယ်များရှုမြင်လာရန် သူတို့အကူအညီပေးခဲ့ကြသည်။

၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း သာ၍လိုအပ်သောဒေသများတွင် အမှုဆောင်ရန် နီကာရာဂွာသို့ရောက်လာကြသူများက ယင်းဒေသကို ဟောပြောသူများ၏ပရဒိသုဟု ခေါ်ခဲ့ကြသည်။ ယင်းသည် ယနေ့အချိန်ထိတိုင် မှန်ကန်နေဆဲဖြစ်သည်။ ဌာနခွဲရုံး၊ လုပ်ငန်းတော်ဌာနတွင် အမှုဆောင်နေသော ညီအစ်ကိုတစ်ဦးက ဤသို့မှတ်ချက်ချသည်– “နီကာရာဂွာနိုင်ငံမှာ စိတ်ဝင်စားတဲ့သူတွေ များလွန်းတဲ့အတွက် ကျမ်းစာသင်အံမှု ဘယ်နှစ်ခုကျင်းပမယ်ဆိုတာကို ကြေညာသူတွေနဲ့ ရှေ့ဆောင်တွေက ဆုံးဖြတ်နေရတဲ့ နိုင်ငံဖြစ်နေတုန်းပဲ။” ထို့ကြောင့် သာ၍လိုအပ်သောဒေသများ၌ အကူအညီပေးရန် စိတ်ထက်သန်သူ၊ နီကာရာဂွာတွင် အမှုဆောင်ရန် အကုန်အကျကို ထည့်တွက်စဉ်းစားပြီးသူ များစွာရှိသည်ကို သဘောပေါက်နိုင်ပါသည်။ မှန်ပါသည်၊ ၂၀၀၂၊ ဧပြီလအထိ ၁၉ နိုင်ငံမှရှေ့ဆောင် ၂၈၉ ဦးသည် အကူအညီပေးရန် ပြောင်းရွှေ့လာခဲ့ကြသည်။ ထိုစပါးရိတ်သူများကြောင့် ဒေသခံသက်သေခံများ ကျေးဇူးတင်ဝမ်းမြောက်ကြသည်!—မ. ၉:၃၇၊ ၃၈။

စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြည်လုံးကျွတ်စုဝေးမှု

ကန့်သတ်ချုပ်ချယ်မခံရမီ နောက်ဆုံးအကြိမ် ပြည်လုံးကျွတ်စည်းဝေးကြီးကို ၁၉၇၈ ခုနှစ်တွင် ကျင်းပခဲ့သည်။ ထို့ကြောင့် ၁၉၉၉၊ ဒီဇင်ဘာလတွင် မာနာဂွာမြို့၌ကျင်းပမည့် ခရိုင်စည်းဝေးကြီးကိုတက်ရောက်ရန် ဖိတ်ခေါ်ချက်ရရှိသော ညီအစ်ကိုများ မည်မျှဝမ်းသာပီတိဖြစ်ကြမည်ကို မြင်ယောင်ကြည့်ပါ! မိသားစုဝင်အားလုံး တက်ရောက်နိုင်ရန် ခရီးစရိတ်နှင့် အခြားစရိတ်စကများအတွက် ငွေများစတင်စုဆောင်းကြရန် အားပေးခံရကြသည်။ ငွေရရှိဖို့ သက်သေခံအချို့မှာ အတော်ပင်ကြံဖန်လုပ်ဆောင်ခဲ့ကြသည်။ ဥပမာ၊ ဝက်သားသည် နီကာရာဂွာနိုင်ငံတွင် လူကြိုက်များသောအသားဖြစ်သောကြောင့် အများစုသည် ဝက်ကလေးကိုဝယ်၊ ကြီးအောင်မွေးပြီး ရောင်းချခြင်းဖြင့် “ဝက်ငွေစုဘဏ်များ” ဖွင့်ခဲ့ကြသည်။ ပညာရှိသော စီမံခန့်ခွဲမှုတို့ကြောင့် ဒီဇင်ဘာ ၂၄ တွင်စတင်ကျင်းပခဲ့သော “ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီးအတွက် အရှေ့နှင့် အနောက်ကမ်းရိုးတန်းနှစ်ခုစလုံးမှ သက်သေခံများနှင့် စိတ်ဝင်စားသူပေါင်း ၂၈,၃၅၆ ယောက်သည် မာနာဂွာမြို့ရှိ အမျိုးသားဘေ့စ်ဘောအားကစားကွင်းတွင် စုဝေးနိုင်ခဲ့ကြသည်။

စည်းဝေးကြီးတက်ရောက်သူများသည် စနေနေ့တွင် ၇၈၄ ဦး နှစ်ခြင်းခံသည်ကို တွေ့မြင်ရ၍ ဝမ်းမြောက်ခဲ့ကြသည်—ယင်းသည် နီကာရာဂွာ လုပ်ငန်းတော်သမိုင်းတွင် အများဆုံးနှစ်ခြင်းခံခြင်းဖြစ်သည်! အစောပိုင်းကာလတွင် အမှုဆောင်ခဲ့ကြသော သာသနာပြုများသည် ထိုစည်းဝေးကြီးကို တက်ရောက်ခွင့်ရခဲ့ပြီး ပရိသတ်အတွက် အားရှိဖွယ်တွေ့ကြုံမှုများ ဝေမျှခဲ့သည်။ ထို့ပြင်၊ ဘာသာစကား သို့မဟုတ် လူမျိုးစုနောက်ခံ မည်သို့ပင်ရှိစေကာမူ “[ယေဟောဝါ] ၏အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း” ဝိညာဉ်ရေးသမ္မာတရားဖြစ်သည့် “စင်ကြယ်သောဘာသာစကား” ကို ယခင်ကထက် ပိုမိုတိုးပွားစေရန် စိတ်ပိုင်းဖြတ်စေဖို့ အားလုံးကို လှုံ့ဆော်ပေးခဲ့သောကြောင့် စည်းဝေးကြီးသည် အံ့ဖွယ်ကောင်းသော စည်းလုံးမှုဖြစ်စေခဲ့သည်။—ဇေ. ၃:၉၊ ကဘ။

သွေးမဲ့ဆေးကုသခွင့်ရရှိရန် ကျိုးကြောင်းတင်ပြခြင်း

နီကာရာဂွာတွင် ဆေးရုံဆက်သွယ်ရေးကော်မတီ (ဆဆက) သုံးခုရှိပြီး ဌာနခွဲရှိ ဆေးရုံသတင်းအချက်အလက်လုပ်ငန်းနှင့် ညှိနှိုင်းလုပ်ဆောင်ကြသည်။ ထိုကော်မတီသည် သွေးကိစ္စပေါ်လာသော သက်သေခံလူနာများကို အကူအညီပေးသည့်အပြင် သွေးသွင်းခြင်းအစား တခြားကုသနည်းများစွာကို ယေဟောဝါသက်သေများ လက်ခံကြကြောင်း ဆေးပညာသည်များနှင့် ဆေးကျောင်းသားများအား ကြိုးစားအသိပေးကြသည်။

ထိုရည်ရွယ်ချက်ဖြင့် ဆဆကအဖွဲ့ဝင်များသည် ဆရာဝန်များနှင့် ဆေးကျောင်းသားများကို ပို့ချချက်များပေးခြင်း၊ ရုပ်သံသင်ထောက်ကူပစ္စည်းများဖြင့် တင်ဆက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြရာ အချို့သူတို့က ချီးမွမ်းခဲ့ကြသည်။ သွေးသွင်းခြင်းကိစ္စနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ ကျမ်းစာအခြေပြုရပ်တည်ချက်ကို လေးစားကြသဖြင့် သက်သေခံများနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် ခွဲစိတ်ဆရာဝန်များနှင့် မေ့ဆေးဆရာဝန်အရေအတွက် တိုးများလာသည်။

ရှေ့ဆက်တိုးတက်ရန် သန္နိဋ္ဌာန်

သဘာဝကြောင့်သော်လည်းကောင်း၊ လူ့လက်ချက်ကြောင့်သော်လည်းကောင်း ဖြစ်ပေါ်သောဘေးဆိုးများက သတင်းကောင်းတိုးပွားမှုကို မဟန့်တားနိုင်ကြောင်း နီကာရာဂွာ၏ သီအိုကရက်တစ်သမိုင်းက သက်သေထူသည်။ မှန်ပါသည်၊ ယေဟောဝါသည် “သူငယ်တစ်ယောက်” ကို “လူတစ်ထောင်” အမှန်ဖြစ်စေခဲ့ပြီ။ (ဟေရှာ. ၆၀:၂၂) ၁၉၄၃ ခုနှစ်တွင် ပထမဆုံးအကြိမ် တင်သွင်းသည့် လယ်ကွင်းလုပ်ငန်းမှတ်တမ်းမှာ ကြေညာသူ သုံးဦး၏ လုပ်ဆောင်မှုကိုသာ ဖော်ပြခဲ့သည်; နှစ်ပေါင်း ၄၀ ကြာပြီးနောက် အများဆုံးကြေညာသူ ၄,၄၇၇ ဦးဖြစ်လာသည်။ သာသနာပြုများကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည့် ၁၉၉၀ ပြည့်နှစ်တွင် အရေအတွက် ၇,၈၉၄ သို့တိုးတက်လာခဲ့သည်! ၁၉၉၀ ပြည့်လွန်နှစ်များဖြစ်သော ဆယ်နှစ်အတွင်း ယေဟောဝါဆက်လက်ကောင်းချီးပေးမှုကြောင့် နိုင်ငံတော်ကြွေးကြော်သူအရေအတွက်မှာ နှစ်ဆနီးပါးတိုးများလာခဲ့သည်။

ထိုသို့အလျင်အမြန်တိုးတက်မှုကြောင့် နိုင်ငံတော်ခန်းမများ ပို၍အရေးတကြီး လိုအပ်လာခဲ့သည်။ ထို့ကြောင့် ဌာနခွဲရုံးသည် မာနာဂွာမြို့တောင်ဘက် ခုနစ်မိုင်အကွာတွင်ရှိသော တီကွန်တက်ပေ၌ ဌာနခွဲရုံးသစ်အပြင် နောက်ထပ်နိုင်ငံတော်ခန်းမ ၁၂၀ ခန့်ပါဝင်သော ဆောက်လုပ်ရေးအစီအစဉ်ကြီးတစ်ခုကို ဦးစီးလုပ်ဆောင်ခဲ့သည်။ ဌာနခွဲကို ၂၀၀၃၊ ဧပြီလတွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်သည်။

မကြာသေးမီနှစ်များက နီကာရာဂွာတွင် စီးပွားရေးတိုးတက်မှုအချို့ရှိခဲ့သည်၊ အထူးသဖြင့် မြို့တော် မာနာဂွာတွင် အလုပ်အကိုင်၊ ပညာရေးနှင့် ဖျော်ဖြေမှုတို့တွင် အလျင်အမြန်တိုးတက်မှုများ တွေ့မြင်ခဲ့ရသည်။ ယခုအချိန်တွင် ခေတ်ပေါ်စားသောက်ဆိုင်များ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ကုန်များနှင့် အနောက်တိုင်းအဆောင်အယောင်များနှင့် ပြည့်နှက်နေသည့် ဈေးရုံကြီးများဖြင့် ဝင့်ထည်နေသော မြို့တော်တွင် ဆောက်လုပ်ရေးလုပ်ငန်းသည်လည်း တိုးတက်နေသော ကြန်အင်လက္ခဏာတစ်ခု ဖြစ်ပုံရသည်။

သွေးဆောင်မှုများစွာရှိသည့် ထိုဝန်းကျင်သည် ခရစ်ယာန်များအတွက် စိန်ခေါ်ချက်အသစ်ဖြစ်သည်။ လုပ်သက်ရင့်အကြီးအကဲတစ်ဦး ဤသို့ဆိုခဲ့သည်– “အပြောင်းအလဲတွေ သိပ်မြန်လွန်းတယ်။ ဆန်နဲ့ ပဲကလွဲလို့ တခြားဘာမှမစားဖူးတဲ့ ကလေးတစ်ယောက်ရှေ့မှာ ချိုချဉ်အပြည့်ထည့်ထားတဲ့ ပန်းကန်တစ်ချပ်ချထားပြီး ‘အခု၊ သတိထားနေပါ’ လို့ပြောတာနဲ့တူနေတယ်။ ကျွန်တော်တို့ဟာ အခက်အခဲတွေကြားထဲမှာ ယေဟောဝါအမှုတော်ကို ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သိကြတယ်၊ ဒါပေမဲ့ အခုရန်သူက သိမ်မွေ့လွန်းတယ်။ အခြေအနေက ကိုင်တွယ်ဖြေရှင်းဖို့ ပိုခက်လာပြီ။”

သို့တိုင်၊ ကန့်သတ်ချုပ်ချယ်ထားသည့် နှစ်များအတွင်း သစ္စာစောင့်သိကာ ဇွဲထက်သန်ပြီး ရဲစွမ်းသတ္တိရှိသည့် ယေဟောဝါ၏လူမျိုးသည် အသီးကောင်းများဆက်သီးပွင့်နေကြပါသည်။ ထိုအချိန်ကာလအတွင်း ကြီးပြင်းခဲ့သော ကလေးများစွာမှာ ယခုအခါ အကြီးအကဲများ၊ ရှေ့ဆောင်များ၊ ဗေသလစေတနာ့ဝန်ထမ်းများအဖြစ် အမှုဆောင်နေကြသည်။ ယခု နီကာရာဂွာတွင် အသင်းတော် ၂၉၅ ခုနှင့် သီးခြားအုပ်စု ၃၁ ဖြင့်ဖွဲ့စည်းထားသော တိုက်နယ် ၁၇ ခုရှိနေပြီဖြစ်သည်။ ၂၀၀၂၊ ဩဂုတ်လမှတ်တမ်းတွင် အများဆုံးကြေညာသူနှုန်းသစ် ၁၆,၆၇၆ ယောက်ရှိခဲ့ပြီး ထိုနှစ်အောက်မေ့ရာပွဲကို ၆၆,၇၅၁ ယောက် တက်ရောက်ကြောင်း ဖော်ပြခဲ့သည်!

ထို့ကြောင့်၊အသွင်အမျိုးမျိုးကွဲပြားသောဤနိုင်ငံတွင် ယေဟောဝါ၏ “မင်္ဂလာနှစ်” အဆုံးမတိုင်မီ နောက်ထပ်လူများစွာ ကိုယ်တော်အားသိလာရန် ကျွန်ုပ်တို့ ဆုတောင်းပါသည်။ (ဟေရှာ. ၆၁:၂) မှန်ပါသည်၊ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် ဝိညာဏပရဒိသုနယ်နိမိတ်များကို မြေကြီးတစ်ပြင်လုံး “ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံ” သည့်ထိ ဆက်၍ချဲ့ထွင်ပါစေ။—ဟေရှာ. ၁၁:၉။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

နီကာရာဂွာနိုင်ငံအကြောင်း အကျဉ်း

နယ်မြေ– နီကာရာဂွာနိုင်ငံသည် အလယ်အမေရိကတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ အလယ်ပိုင်းတောင်တန်းများက နိုင်ငံကို နှစ်ပိုင်း ပိုင်းခြားထားသည်။ အနောက်ပိုင်းသည် ရေချိုကန်များတည်ရှိရာ ဒေသဖြစ်သည်။ မြေသြဇာမကောင်းလှသော အရှေ့ပိုင်းဒေသမှာမူ အများအားဖြင့် မိုးသစ်တောနှင့် မြေပြန့်လွင်ပြင်များဖြစ်သည်။ နီကာရာဂွာနိုင်ငံတွင် မီးတောင် ၄၀ ခန့်ရှိပြီး အချို့တို့မှာ မီးတောင်ရှင်များဖြစ်ကြသည်။

လူမျိုး– အများစုမှာ အမေရိကန်အင်းဒီးယန်းနှင့် ဥရောပမျိုးရိုး သွေးနှောထားသည့် စပိန်စကားပြော မက်စတီဇိုလူမျိုး ဖြစ်ကြသည်။ မိုနင်ဘိုနှင့် ဆပ်တီယာဘာ အင်းဒီးယန်း အနည်းစုတို့သည် အနောက်ဘက် ပင်လယ်ကမ်းခြေဒေသတွင် နေထိုင်ကြ၍ အရှေ့ဘက်ဒေသတွင် မစ်စကီတို၊ စူမို၊ ရာမာအင်းဒီးယန်းနှင့် ခရီးအိုလ်စ်နှင့် အဖရို-ကရစ်ဘ်လူမျိုးများ နေထိုင်ကြသည်။ အဓိက ကိုးကွယ်သည့်ဘာသာမှာ ရိုမန်ကက်သလစ်ဖြစ်သည်။

ဘာသာစကား– စပိန်ဘာသာစကားသည် တရားဝင်ရုံးသုံး ဘာသာစကားဖြစ်သည်။ ဒေသခံ တိုင်းရင်းဘာသာစကားများကိုလည်း ပြောဆိုကြသည်။

အသက်မွေးမှု– စိုက်ပျိုးရေးသည် နီကာရာဂွာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည်။

အစားအစာ– အဓိကစားသုံးသည့် ကောက်ပဲသီးနှံများမှာ ဆန်စပါး၊ ပြောင်းဆန်၊ ပဲတောင့်များ၊ ပြောင်းမျိုးနှံစားပင်၊ ချက်စားရသော ငှက်ပျောမျိုး၊ ပလောပီနံမှုန့်နှင့် သစ်သီးအမျိုးမျိုးတို့ဖြစ်သည်။ နိုင်ငံခြားပို့ကုန်များတွင် ကော်ဖီ၊ သကြား၊ ငှက်ပျော၊ ပင်လယ်စာနှင့် အမဲသား တို့ပါဝင်သည်။

ရာသီဥတု– နီကာရာဂွာသည် အပူပိုင်းဒေသနိုင်ငံဖြစ်သည်။ အရပ်ဒေသကိုလိုက်၍ မိုးရေချိန်သည် ၇၅ လက်မမှ ၁၅၀ လက်မအထိ ကွာခြားမှုရှိသည်။ ပင်လယ်ကမ်းခြေဒေသ အပူချိန်သည် ၈၀ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်လောက်ရှိသော်လည်း ကုန်းမြင့်ဒေသများ၌မူ အနည်းငယ်ပို၍ အေးမြသည်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

လျှို့ဝှက်ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တွေ့ဆုံခြင်း

ဟူဘာနှင့် သဲမာ လိုပက်ဇ်

ကိုယ်ရေးရာဇဝင်အကျဉ်း– အရွယ်ရောက်နေပြီဖြစ်သော သားသမီးသုံးဦး၏ မိဘများဖြစ်သည်။ ဟူဘာသည် ဒေသခံအသင်းတော်တွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

တော်လှန်ရေးအစိုးရလက်အောက်တွင် ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများသည် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို မကြာခဏခံခဲ့ရပြီး တစ်ရက်မှ ရက်သတ္တပတ်အတော်ကြာအထိ မေးမြန်းစစ်ဆေးရန် ဖမ်းချုပ်ခံခဲ့ကြရသည်။ ယေဟောဝါသက်သေများသည် အစိုးရကိုတော်လှန်ပုန်ကန်ရန် လူများကို သွေးထိုးလှုံ့ဆော်ပေးခြင်း တစ်ခါမျှမပြုခဲ့ကြသော်လည်း သူတို့၏ ကျမ်းစာအခြေပြုကြားနေမှုကြောင့် မဟုတ်မမှန်စွပ်စွဲခံခဲ့ရသည်။ စစ်ဆေးမေးမြန်းသူများကလည်း ကျွန်ုပ်တို့၏ “ညွှန်ကြားသူများ” နှင့် “ခေါင်းဆောင်များ” အမည်ကို သိလိုခဲ့ကြသည်။

ထိုသို့အဖမ်းခံရသည့် ညီအစ်ကိုများထဲတွင် ဟူဘာလိုပက်ဇ်သည် တစ်ဦးအပါအဝင်ဖြစ်သည်၊ ယနေ့ ထိုညီအစ်ကိုသည် အကြီးအကဲတစ်ဦးဖြစ်ပြီး အရွယ်ရောက်နေပြီဖြစ်သော သားသမီးသုံးယောက်၏ဖခင်ဖြစ်သည်။ ၁၉၈၅၊ ဒီဇင်ဘာလတွင် ညီအစ်ကို လိုပက်ဇ်သည် မာနာဂွာမြို့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင်ရှိသော လာရက်ဖော်မာကျေးရွာရှိ သူ၏အိမ်တွင် အဖမ်းခံခဲ့ရသည်။ သူ၏ဇနီး၊ သဲမာက ထိုနေ့၌ဖြစ်ခဲ့သော စိတ်သောကကို ဤသို့ပြန်ပြောပြ၏–

“မနက် ၄ နာရီမှာ ဂျစ်ကားနှစ်စီး ကျွန်မတို့အိမ်ရှေ့မှာရပ်တယ်၊ တစ်စီးက နိုင်ငံတော်လုံခြုံရေးအဖွဲ့က အရာရှိတွေဖြစ်ပြီး နောက်တစ်စီးမှာပါတဲ့ စစ်သားတွေက ကျွန်မတို့အိမ်ကို ဝိုင်းထားတယ်။ ကျွန်မရဲ့ခင်ပွန်း အိမ်မှမရှိဘူးလို့ အရာရှိတွေကို ပြောပြတဲ့အခါ သူတို့က အိမ်ကို ရှာဖွေရမှာဖြစ်တဲ့အတွက် ကျွန်မနဲ့ ကျွန်မကလေးတွေ အိမ်ပြင်ထွက်နေဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆယ်နှစ်အရွယ် အကြီးဆုံးသား၊ အဲလ်မာက အိမ်ထဲမှာပဲ နေခဲ့တယ်။ စာအုပ်ဘီရိုထဲက တခြားစာအုပ်တွေရော၊ သီအိုကရက်တစ်နဲ့ဆိုင်တဲ့ စာအုပ်တွေကိုပါ သယ်ထုတ်နေတာကို သူစောင့်ကြည့်နေခဲ့တယ်။ ကျွန်မခင်ပွန်းက အဲဒီစာအုပ်တွေကြားမှာ အသင်းတော်မှတ်တမ်းတချို့ကို ဝှက်ထားတယ်။ သူတို့ စာအုပ်တွေကို ဂျစ်ကားဆီ သယ်သွားတဲ့အခါ အဲလ်မာက– ‘ဆရာ၊ ကျွန်တော့်ရဲ့ကျောင်းစာအုပ်တွေကိုလည်း ယူသွားမှာလား’ လို့လှမ်းအော်ပြောလိုက်တယ်။ စစ်သားတစ်ယောက်က– ‘ကောင်းပြီ၊ ပြန်ယူလိုက်’ ဆိုပြီး ခပ်ကြမ်းကြမ်းပြန်ဖြေတယ်။ အဲဒီလိုနဲ့ သားက သူ့ရဲ့စာအုပ်တွေနဲ့ အသင်းတော်မှတ်တမ်းတွေကို ပြန်ယူနိုင်ခဲ့တယ်။

“အဲဒီနေ့ညနေပိုင်း ကျွန်မတို့ ညစာစားနေချိန်မှာ စစ်သားတွေ ပြန်ရောက်လာတယ်။ ကျွန်မတို့ကို ရိုင်ဖယ်သေနတ်တွေနဲ့ချိန်ထားပြီး ငိုနေတဲ့ကလေးတွေရှေ့မှာပဲ ကျွန်မခင်ပွန်းကို ခေါ်သွားကြတယ်။ ဘာကြောင့်ခေါ်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာကို စစ်သားတွေ မပြောပြကြဘူး။”

အဘယ်အရာဆက်ဖြစ်ပျက်သည်ကို ညီအစ်ကို လိုပက်ဇ် ဤသို့ပြောပြ၏– “ကျွန်တော့်ကို မာဆာရာအကျဉ်းထောင်ထဲခေါ်သွားပြီး အကျဉ်းခန်းတစ်ခုမှာ ထားတယ်၊ အကျဉ်းခန်းထဲကအားလုံးဟာ ရာဇဝတ်သားတွေဖြစ်တယ်။ ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း သူတို့ကို ချက်ချင်းပြောပြပြီး နာရီအတော်ကြာ သက်သေခံခဲ့တယ်။ ညသန်းခေါင်အချိန်မှာ လူတစ်ယောက်က ကျွန်တော့်ကို အကျဉ်းခန်းထဲကထွက်ဖို့ အမိန့်ပေးပြီး အမှောင်ထဲမှာရပ်ထားတဲ့ ဂျစ်ကားဆီ သေနတ်နဲ့ချိန် ခေါ်သွားတယ်။ ကျွန်တော့်ကို ခေါင်းငုံ့ထားခိုင်းတယ်၊ ကျွန်တော်ခေါင်းငုံ့နေပေမဲ့ ဂျစ်ကားပေါ်မှာရှိတဲ့ တခြားလေးယောက်လည်း ခေါင်းငုံ့ထားကြတာကို သတိထားမိခဲ့တယ်။ သူတို့တွေကတော့ မာဆာရာပတ်ဝန်းကျင်တစ်ဝိုက်က ဓမ္မအမှုထမ်းတွေနဲ့ အကြီးအကဲတွေဖြစ်တယ်၊ ကျွန်တော် အဖမ်းခံရတဲ့ညမှာပဲ သူတို့လည်း အဖမ်းခံရခဲ့ကြတယ်။

“အဲဒီညမှာ ကျွန်တော်တို့ကို သတ်ပစ်မယ်လို့ နှစ်ကြိမ် ခြိမ်းခြောက်ခဲ့ကြတယ်၊ ပထမအကြိမ်က ကော်ဖီစိုက်ခင်းတစ်ခုမှာ ဖြစ်တယ်၊ နောက်တစ်ကြိမ်ကတော့ မြို့အနားမှာဖြစ်ပြီး ကျွန်တော်တို့ကို အုတ်နံရံဘေးမှာ တန်းစီရပ်ခိုင်းတယ်။ နှစ်ခါစလုံး ကျွန်တော်တို့ တစ်ခုခုပြောမယ်လို့ သူတို့ထင်ခဲ့ကြတာ၊ ဒါပေမဲ့ တစ်ယောက်မှ ဘာမှမပြောခဲ့ကြဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့ကို ဂျင်နိုတဲ့ပေအကျဉ်းထောင်ဆီခေါ်သွားပြီး သုံးရက်ကြာတဲ့အထိ သီးခြားအခန်းတွေမှာ ခွဲထားခဲ့ကြတယ်။

“ကျွန်တော်တို့တွေ ခဏလောက်ပဲ အိပ်ခွင့်ရတယ်။ အကျဉ်းခန်းတွေက မှောင်နေတဲ့အတွက် နေ့မှန်း၊ ညမှန်း မသိခဲ့ကြဘူး။ စစ်ဆေးမေးမြန်းတဲ့အခန်းထဲ ခဏခဏဆင့်ခေါ်ခံရပြီး ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်း၊ အစည်းအဝေးတွေအကြောင်းနဲ့ ကျွန်တော်တို့ ‘ခေါင်းဆောင်တွေရဲ့’ နာမည်ကို မေးခဲ့ကြတယ်။ ကျွန်တော့်ကိုစစ်ဆေးတဲ့ တစ်ကြိမ်မှာ ကျွန်တော့်မိဘတွေကိုဖမ်းပြီး သူတို့ဆီကနေ အချက်အလက်တွေသိရအောင် စစ်မေးမယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ အကျဉ်းခန်းထဲကနေ ကျွန်တော့်မိဘ၊ ဇနီးနဲ့ တခြားမိသားစုဝင်တွေရဲ့အသံကို ကြားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်ကြားရတဲ့အသံက အသံသွင်းထားတဲ့ အသံတွေဖြစ်တယ်၊ စစ်ဆေးမေးမြန်းဖို့အတွက် ကျွန်တော့်ရဲ့မိသားစုဝင်တွေကို ဖမ်းထားတယ်ဆိုတာ ကျွန်တော်ယုံအောင် လုပ်ကြံခဲ့ကြတာဖြစ်တယ်။

“လေးရက်မြောက်နေ့ ကြာသပတေးနေ့မှာ လွှတ်ပေးမယ်လို့ ကျွန်တော့်ကိုပြောတယ်။ ဒါပေမဲ့ ကျွန်တော့်ဘာသာအကြောင်း မဟောပြောတော့ပါဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ်ရေးထိုးရမှာဖြစ်တယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ သက်သေခံအဖော်တွေလည်း လက်မှတ်ထိုးသွားကြပြီလို့ ပြောပါသေးတယ်၊ တကယ်တော့ လက်မှတ်မထိုးခဲ့ကြပါဘူး။ ‘မင်းလက်မှတ်မထိုးဘူးဆိုရင် ထောင်ထဲပြန်သွင်းမယ်၊ ထောင်ထဲမှာပဲ မင်း,လုံးပါးပါးသွားလိမ့်မယ်’ လို့ကျွန်တော့်ကို စစ်ဆေးတဲ့သူကပြောပါတယ်။

“‘ဒါဆိုရင် ကျွန်တော့်ကိုမလွှတ်နဲ့၊ ထောင်ထဲပဲ ပြန်သွင်းလိုက်ပါ’ လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။

“‘မင်းဘာလို့ ဒီလိုပြောတာလဲ။’

“‘ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့အတွက် ကျွန်တော် ဟောကိုဟောရမှာမို့လို့ပါ။’

“ကျွန်တော်အံ့သြသွားတာက တစ်ရက်ထဲမှာပဲ ကျွန်တော်တို့ ငါးယောက်စလုံး ပြန်လွတ်လာခဲ့တယ်။ မှန်ပါတယ်၊ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို နားညောင်းပေးခဲ့ပြီး စိတ်ငြိမ်သက်မှုဆက်ရှိအောင် ခွန်အားပေးခဲ့တဲ့အတွက် ညီအစ်ကိုတွေကို သစ္စာမဖောက်ခဲ့ကြဘူး။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျွန်ုပ်တို့ကို မပြတ်ထောက်လှမ်းခဲ့ကြတယ်။”

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

တိုက်ပွဲဖြစ်နေသည့်နေရာသို့ အတင်းအကျပ်ပို့ခံရ

ဂျိုဗန်နီ ဂိုင်တန်

နှစ်ခြင်းခံသည့်နှစ်– ၁၉၈၇

ကိုယ်ရေးရာဇဝင်အကျဉ်း– နှစ်ခြင်းမခံမီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် အဖမ်းခံခဲ့ရပြီး ၂၈ လလုံးလုံး ဘီအယ်လ်အိုင်နှင့်အတူလိုက်ပါရန် အတင်းအကျပ်ပြုခြင်းခံခဲ့ရသည်။ သူသည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် ရှစ်နှစ်ကျော် အမှုဆောင်ခဲ့သည်။

လူငယ်ညီအစ်ကိုအချို့သည် တောနက်သောဒေသများတွင် တိုက်ခိုက်သည့် ပြောက်ကျားတပ်ဖွဲ့ (စပိန်ဘာသာစကားဖြင့်၊ ဘီအယ်လ်အိုင်) နှင့်အတူလိုက်ပါရန် အတင်းအကျပ်ပြုခြင်းခံခဲ့ကြသည်။

ထိုလူငယ်များထဲမှ တစ်ဦးမှာ ဂျိုဗန်နီဂိုင်တန် ဖြစ်သည်။ နှစ်ခြင်းမခံရသေးသည့် ကြေညာသူတစ်ဦးဖြစ်ဆဲတွင် ဂျိုဗန်နီသည် ဘီအယ်လ်အိုင်နှင့်အတူ ၂၈ လနေထိုင်ခဲ့ရသည်။ သူသည် နှစ်ခြင်းခံရန် ရက်သတ္တပတ်အနည်းငယ်အလိုတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ဂျိုဗန်နီ ဤသို့ပြန်ပြောပြ၏– “ပထမဆုံးတိုက်ပွဲလည်းပြီးသွားရော ကျွန်တော် စပြီးစမ်းသပ်ခံခဲ့ရတယ်။ အရာရှိတစ်ဦးက တိုက်ပွဲမှာကျသွားတဲ့ စစ်သားတွေရဲ့ သွေးစွန်းနေတဲ့ယူနီဖောင်းတွေကို ချွတ်လျှော်ဖို့ ကျွန်တော့်ကို အမိန့်ပေးခဲ့တယ်။ ဒီအလုပ်ဟာ ကျွန်တော့်ရဲ့ ခရစ်ယာန်ကြားနေမှုကို တဖြည်းဖြည်းအလျှော့ပေးရာရောက်တဲ့ ဦးဆုံးအလုပ်ဖြစ်နိုင်တယ်လို့ သုံးသပ်မိတဲ့အတွက် ကျွန်တော်ငြင်းဆိုခဲ့တယ်။ အရာရှိဟာ ဒေါသအရမ်းထွက်သွားပြီး ကျွန်တော့်ပါးကို တအားရိုက်လိုက်တယ်။ သူ့ရဲ့ပစ္စတိုကိုထုတ်ပြီး ကျွန်တော့်ခေါင်းကို ဖိထောက်ထားတယ်၊ သေနတ်မောင်းကို ဆွဲဖြုတ်လိုက်ပေမဲ့ ကျည်ဆန်မထွက်ခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော့်မျက်နှာကို သေနတ်နဲ့ ရိုက်ချလိုက်တယ်၊ နောက်တစ်ခါ သူ့စကားကို နားမထောင်ဘူးဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

“နောက် ၁၈ လလုံးလုံး အဲဒီပုဂ္ဂိုလ်က ကျွန်တော့်ကို တော်တော်လေးဒုက္ခပေးခဲ့တယ်။ အကြိမ်အတော်များများပဲ သူဟာ ကျွန်တော် အစာစားလို့မရအောင် တစ်နေ့လုံး ကျွန်တော့်လက်ကို တုပ်နှောင်ထားတယ်။ အဲဒီလို လက်တွေကိုတုပ်ထားရင်းနဲ့ပဲ ကျွန်တော့်ကျောပေါ်မှာ ရိုင်ဖယ်သေနတ်တစ်လက်၊ လက်ပစ်ဗုံးတွေထည့်ထားတဲ့သားရေပြားကို ပေးလွယ်ထားပြီး အုပ်စုရဲ့ရှေ့ဆုံးကနေ သွားခိုင်းတယ်—ရန်သူအတွက် အဓိကပစ်မှတ်တစ်ခုဖြစ်တယ်! သူဟာ ကျွန်တော့်ကို ရိုက်နှက်ပြီး သတ်မယ်တကဲကဲ လုပ်တတ်တယ်၊ အထူးသဖြင့် တိုက်ပွဲပြင်းထန်နေတဲ့အချိန် တခြားသူတွေ ကျွန်တော့်ပတ်ပတ်လည်မှာ သေနေကြပြီး သူတို့ရဲ့ ရိုင်ဖယ်တွေကို ကောက်သိမ်းဖို့ ကျွန်တော်ငြင်းဆိုတဲ့အခါတွေမှာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို မမုန်းခဲ့ဘူး၊ ယေဟောဝါက ကျွန်တော့်ကို ရဲစွမ်းသတ္တိပေးတဲ့အတွက် သူ့ကို ကြောက်တဲ့ပုံစံလည်း မပြခဲ့ဘူး။

“၁၉၈၅၊ မတ်လတစ်မနက်မှာ တခြားညီအစ်ကိုတွေနဲ့ ကျွန်တော့်ကို တောင်တန်းဒေသကနေ မာနာဂွာမြို့ အရှေ့မြောက်ဘက် မိုင် ၁၈၀ အကွာလောက်မှာရှိတဲ့ မူလူကူခုအနားကို ခေါ်သွားကြတယ်၊ အဲဒီမှာ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ လည်ပတ်တွေ့ဆုံခွင့်ရခဲ့တယ်။ မိသားစုဝင်တွေနဲ့ စားသောက်ပြီး စကားပြောနေကြတုန်းမှာ အဲဒီအရာရှိတစ်ယောက်ထဲ ထိုင်နေတာကို ကျွန်တော်သတိထားမိတယ်။ သူ့အတွက် စားစရာတစ်ပန်းကန် ယူသွားပေးခဲ့တယ်။ စားပြီးသွားတာနဲ့ သူ့ဆီလာဖို့ ကျွန်တော့်ကိုခေါ်လိုက်တယ်။ အဆိုးဆုံးအခြေအနေအတွက် ကျွန်တော် အားတင်းထားလိုက်တယ်၊ ဒါပေမဲ့ ကျွန်တော့်အပေါ် သူဆက်ဆံခဲ့တာတွေအတွက် တောင်းပန်လိုက်တော့ ကျွန်တော်အံ့သြခဲ့ရတယ်။ ကျွန်တော့်ရဲ့ယုံကြည်ချက်အကြောင်းကိုတောင် မေးခဲ့သေးတယ်။ ကျွန်တော် သူ့ကိုတွေ့တာ အဲဒါနောက်ဆုံးပဲ; သိပ်မကြာခင် စစ်ထရပ်ကားတစ်စီး မတော်တဆထိခိုက်မှုမှာ သူပါသွားပြီး သေဆုံးခဲ့တယ်။”

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

တိုင်းပြည်ကော်မတီဝင်နှစ်ဦး၏ ပြန်လည်ပြောပြချက်များ

ကန့်သတ်ချုပ်ချယ်ထားသည့်ကာလအတွင်း နီကာရာဂွာရှိလုပ်ငန်းသည် ကော့စ်တာရီကာဌာနခွဲ၏ ဦးစီးညွှန်ကြားမှုအောက်တွင် ရှိခဲ့သည်။ နီကာရာဂွာဒေသခံညီအစ်ကိုများကို ကြီးကြပ်ရန် တိုင်းပြည်ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် အမှုဆောင်ခဲ့သော ညီအစ်ကိုနှစ်ဦးဖြစ်သူ အော်ဖောန်ဆိုးဟိုးရာ့နှင့် ဩဂတ်စတင်း စေကေရာတို့က စမ်းသပ်ခံထိုအချိန်ကာလအကြောင်း ပြန်ပြောပြကြသည်။

အော်ဖောန်ဆိုးဟိုးရာ့– “တိုင်းပြည်ကော်မတီမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတဲ့ ၁၉၈၅ ခုနှစ်မှာ ကျွန်တော်ဟာ မာနာဂွာမှာ အကြီးအကဲတစ်ယောက်အနေနဲ့ အမှုဆောင်နေတယ်။ ကျွန်တော့်ရဲ့ လောကီအလုပ်ကတော့ လူသိများတဲ့ ဘဏ်ကြီးတစ်ခုရဲ့ အကြီးဆုံးဘဏ်ခွဲမှာ စီမံခန့်ခွဲရတဲ့အလုပ်ဖြစ်တယ်။ ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ပညာကြောင့် နီကာရာဂွာငွေကြေး တန်ဖိုးကျပြီး စီးပွားရေးကျနေတဲ့အချိန်မှာ ယေဟောဝါအဖွဲ့အစည်းငွေကြေးကို အကျိုးအရှိဆုံးဖြစ်အောင် လုပ်ဆောင်စေနိုင်ခဲ့တယ်။ နီကာရာဂွာငွေ (ကိုတဘာ) ၂၅၀ တန် ရိုးရိုးဖိနပ်တစ်ရန်ကို သိပ်မကြာခင် ကိုတဘာ နှစ်သန်းနဲ့ ရောင်းခဲ့ရတယ်!

“နိုင်ငံအတွင်း စီးပွားရေးကျပ်တည်းနေချိန်မှာ လောင်စာဆီပြတ်တဲ့အခက်အခဲနဲ့လည်း ကြုံခဲ့ရတယ်၊ အဲဒါကြောင့် ဝေးလံတဲ့အသင်းတော်တွေဆီ စာပေစာတမ်းပို့ပေးတဲ့ ညီအစ်ကိုတွေကို အခက်တွေ့စေခဲ့တယ်။ ယေဟောဝါကူညီပေးခဲ့တဲ့အတွက် ညီအစ်ကိုတွေလိုအပ်တဲ့ လောင်စာဆီရအောင် ကျွန်တော်ကူညီပေးနိုင်ခဲ့တယ်။

“ကျွန်တော်ဟာ တိုင်းပြည်ကော်မတီဝင်တစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်တော့်မိသားစု မသိခဲ့ကြဘူး။ အဲဒီအချိန်တုန်းက ကျွန်တော့်အသက်က ၃၅ နှစ်ဖြစ်ပြီး အရန်စစ်တပ်အတွက် သင့်တော်တဲ့သူဖြစ်နေတယ်။ စစ်မှုထမ်းဖို့ စစ်တပ်က လေးကြိမ်ကြိုးစားခဲ့ကြတယ်၊ တစ်ကြိမ်က အိမ်မှာကို လာပြောကြတာ။ ကျွန်တော့်ကို ရိုင်ဖယ်သေနတ်နဲ့ချိန်ထားတဲ့အချိန်မှာ ကျွန်တော့်ဇနီးနဲ့၊ ကလေးသုံးယောက် ကျွန်တော့်ဘေးမှာရှိနေတာကို ကောင်းကောင်းမှတ်မိသေးတယ်။ အံ့ဩစရာက ဘဏ်အလုပ်ကနေ တစ်ခါမှ မထွက်ခဲ့ရဘူး။”

ဩဂတ်စတင်းစေကေရာ– “သာသနာပြုတွေကို နှင်ထုတ်လိုက်တဲ့ ၁၉၈၂ ခုနှစ်မှာ ကျွန်တော်ဟာ ဘိုအာ့ကိုမြို့ငယ်လေးမှာ အထူးရှေ့ဆောင်တစ်ယောက်အနေနဲ့ အမှုဆောင်နေတယ်။ နောက်ပိုင်း တိုင်းပြည်ကော်မတီဝင်အဖြစ် ခန့်အပ်ခံရတဲ့ အခွင့်ထူးရရှိခဲ့တယ်။ ကျွန်တော့်အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေဟာ ဒီခန့်အပ်မှုအကြောင်း မသိခဲ့ကြဘူး။ မနက် ၄ နာရီအိပ်ရာထပြီး ရုံးအလုပ်လုပ်တယ်၊ ပြီးတဲ့နောက် အသင်းတော်နဲ့အတူ လယ်ကွင်းလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။

“တိုင်းပြည်ကော်မတီအဖွဲ့ဝင်အားလုံးဟာ ကိုယ်တာဝန်ကိုယ် လုပ်ဆောင်တဲ့အခါ နာမည်ရင်းကို မသုံးခဲ့ကြဘူး၊ အလုပ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို တခြားသူတွေကိုမပေးဖို့ သဘောတူခဲ့ကြတယ်။ အဖမ်းခံရတဲ့အခါ အကာအကွယ်ဖြစ်ဖို့အတွက်ဖြစ်တယ်။ ရုံးခန်း မရှိတဲ့အတွက် သီးခြားအိမ်တွေမှာပဲ အလုပ်လုပ်ခဲ့ကြတယ်။ လက်ဆွဲအိတ်က အာရုံစိုက်စရာ ဖြစ်စေတဲ့အတွက် တစ်ခါတလေ ရုံးသုံးစာရွက်တွေကို အိတ်တစ်ခုထဲထည့်၊ အပေါ်မှာ ကြက်သွန်ထည့်ပြီး ကြက်သွန်ရိုးတံတွေကို မြင်သာအောင် ဖော်ထားတယ်။ သီသီလေးလွတ်သွားတာရှိခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ခါမှ အဖမ်းမခံခဲ့ရဘူး။

“ကော့စ်တာရီကာဌာနခွဲ ကော်မတီဝင်တွေဟာ ကျွန်တော်တို့ကို အားပေးဖို့နဲ့ ညွှန်ကြားချက်တွေပေးဖို့ မကြာခဏ လည်ပတ်ခဲ့ကြတယ်။ ကျွန်တော့်အတွက် အမှတ်အရဆုံးနဲ့ အားပေးမှုအဖြစ်ဆုံးကတော့ ၁၉၈၇၊ ဇန်နဝါရီလမှာကျင်းပတဲ့ ကော့စ်တာရီကာဌာနခွဲရုံး ဆက်ကပ်အပ်နှံပွဲဖြစ်တယ်၊ အဲဒီတုန်းက ကျွန်တော်ဟာ တခြားတိုင်းပြည်ကော်မတီဝင်တစ်ဦးနဲ့အတူ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။”

ဤမှတ်တမ်းကို ပုံမနှိပ်မီ ညီအစ်ကို စေကေရာသည် ငြိမ်သက်စွာကွယ်လွန်သွားသည်။ သူသည် အသက် ၈၆ နှစ်ရှိပြီဖြစ်၍ အချိန်ပြည့်လုပ်ငန်းတွင် ၂၂ နှစ်ကျော် အမှုဆောင်ခဲ့သည်။ သူသည် နီကာရာဂွာဌာနခွဲကော်မတီတွင် အမှုဆောင်ခဲ့သည်။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]

ကျွန်ုပ်တို့သည် စစ်မှန်သောလွတ်လပ်မှုကို ထောင်ထဲတွင် တွေ့ခဲ့ကြ

၁၉၇၉ နှင့် ၁၉၈၀ ပြည့်နှစ်အတွင်း ကာဆယ်မိုတီးလိုအကျဉ်းထောင်ထဲတွင် ယခင်အစိုးရအလိုတော်ရိများဖြစ်ခဲ့သော စစ်ဘက်နှင့် နိုင်ငံရေးအကျဉ်းသားများဖြင့် ပြည့်နေခဲ့သည်။ နိုင်ငံတော်သတင်းသည် အကျဉ်းထောင်ထဲအထိ ရောက်ရှိခဲ့ပြီး စိတ်နှလုံးရိုးဖြောင့်သူများ၏ စိတ်နှလုံးကိုထိမိကာ ခရစ်တော်ကဲ့သို့သော အရည်အသွေးကို မွေးမြူစေခဲ့သည်။ (ကော. ၃:၅-၁၀) ယခင်က အကျဉ်းသားများဖြစ်ခဲ့သူအချို့၏ မှတ်ချက်အနည်းငယ်ကို ဤတွင်ဖော်ပြထားသည်။

ဟိုဆေးဒီလာခရုဇ်လိုပက်စ်– “ထောင်ကျတုန်းက ကျွန်တော် စိတ်နာကြည်းခဲ့တယ်၊ မျှော်လင့်ချက်မရှိ၊ အနာဂတ်လည်း မရှိခဲ့ဘူး။ နောက်တော့ ယေဟောဝါသက်သေဖြစ်လာတဲ့ ထောင်သားတွေနဲ့ တွေ့ဆုံခဲ့တယ်။ ကျမ်းစာနဲ့ပတ်သက်ပြီး သူတို့ရဲ့ ရှင်းပြချက်တွေအပြင် သူတို့ရဲ့ အကျင့်ကောင်းကိုပါ ကျွန်တော်သဘောကျခဲ့တယ်။ နောက်တော့ ကျွန်တော်ဟာ ဝိညာဉ်ရေးမှာ ကျေနပ်နှစ်သိမ့်မှုရလာပြီး မျှော်လင့်ချက်ရှိလာတယ်။ စစ်မှန်တဲ့မျှော်လင့်ချက် မပေးနိုင်တဲ့ လူ့အစိုးရတစ်ခုအတွက် ကျွန်တော့်ရဲ့အသက်တာကို လိုလိုလားလားပေးဆက်ခဲ့တယ်ဆိုရင် ကျွန်တော့်အတွက် သားတော်ကိုပေးခဲ့တဲ့ ဘုရားသခင်အပေါ် ပိုပြီးတော့သစ္စာစောင့်သိသင့်တယ်ဆိုပြီး ကျွန်တော်ခံစားခဲ့ရတယ်! ကျွန်တော် ထောင်ကထွက်ပြီးတဲ့နောက် ကျွန်တော်ဇနီး၊ သမီးတွေနဲ့ တခြားမိသားစုဝင်တွေလည်း သမ္မာတရားကို သင်ယူခဲ့ကြတယ်။ ကျွန်တော့်အတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့ရာတွေကို ကျွန်တော် ဘယ်တော့မှ ပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး။”

ညီအစ်ကို လိုပက်ဇ်သည် မာနာဂွာတွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

အိုမာအန်တိုနီယိုအက်စပီနိုဇာ– “ကျွန်တော်အသက် ၁၈ နှစ်မှာ အနှစ် ၃၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်၊ လွတ်ငြိမ်းခွင့်မရခင် ထောင်ထဲမှာ ၁၀ နှစ်နေခဲ့ရတယ်။ လွတ်လပ်မှုဆုံးရှုံးတဲ့အတွက် ဝမ်းနည်းပေမဲ့ ယေဟောဝါနဲ့ စစ်မှန်တဲ့လွတ်လပ်မှုအကြောင်းကို ထောင်ထဲမှာ သိလာခဲ့တယ်။ အရင်တုန်းက အကျင့်ပျက်တဲ့အသက်တာနဲ့ နေထိုင်ခဲ့ပေမဲ့ အခု ကျွန်တော့်အသက်တာကို လုံးလုံးပြောင်းလဲလိုက်ပြီ။ ယေဟောဝါဟာ ကျွန်တော့်ရဲ့ခွက်ဖလားကို ဝိညာဉ်ရေးအသိတရားတွေနဲ့ အပြည့်ဖြည့်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့သန္နိဋ္ဌာန်ကတော့ ‘ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်’ လို့ပြောခဲ့တဲ့ ယောရှုအတိုင်းပါပဲ။—ယောရှု ၂၄:၁၅။

ညီအစ်ကို အက်စပီနိုဇာသည် ရီဗတ်စ်မြို့တွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

အနာတာစီယိုရမ်မွန်မန်ဒိုးဆာ– “ထောင်ကျပြီး လအနည်းငယ်မှာ ကိုယ့်ဘာသာကိုယ် ကျမ်းစာစဖတ်ခဲ့တယ်။ နောက်တော့ ယေဟောဝါသက်သေဖြစ်တဲ့ ထောင်သားတစ်ဦးနဲ့ စပြီးလေ့လာခဲ့တယ်။ မကြာခင် သမ္မာတရားတွေ့ပြီဆိုပြီး ယုံကြည်စိတ်ချလာတယ်။ ကျွန်တော့်ကို ဖမ်းချုပ်ခဲ့တဲ့သူတွေကို ကျွန်တော်အရမ်းမုန်းတီးခဲ့တယ်—ဒီစိတ်ထားကို ယေဟောဝါမနှစ်သက်ဘူးဆိုတာ သိထားတဲ့အတွက် နှစ်ခြင်းခံဖို့ အတော့်ကိုအချိန်ကြာခဲ့တယ်။

ကျွန်တော့်ကို ခွင့်လွှတ်ဖို့နဲ့ နာကြည်းတဲ့သဘောထားကို နိုင်နင်းအောင် အကူအညီပေးဖို့ ထက်ထက်သန်သန် ဆုတောင်းခဲ့တယ်။ ယေဟောဝါဟာ ကျွန်တော့်ရဲ့အသနားခံချက်ကို နားညောင်းခဲ့ပြီး လူတစ်ဦးတစ်ယောက်ကို မုန်းတီးဖို့မဟုတ်ဘဲ မကောင်းတဲ့စိတ်ထားနဲ့ လုပ်ရပ်တွေကို မုန်းတီးဖို့ စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့တယ်။ ၁၉၈၂ ခုနှစ်မှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ ထောင်ကထွက်တဲ့ ၁၉၈၉ ခုနှစ်ကတည်းက အရင်စစ်တပ်ထဲကသူတွေအပြင် ကျွန်တော်နဲ့အခြေအနေတူတဲ့ တခြားသူတွေကို ကျမ်းစာသင်အံပေးခဲ့တယ်။ အခု တချို့သူတွေဟာ ကျွန်တော့်ရဲ့ ဝိညာဏညီအစ်ကိုတွေ ဖြစ်နေကြပြီ။”

ညီအစ်ကို မန်ဒိုးဆာသည် မာနာဂွာတွင် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အမှုဆောင်နေသည်။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

သင်းအုပ်ဆရာတစ်ဦး၏ ဆုတောင်းချက် အဖြေရရှိခဲ့

သီအိုဒိုစီယိုဂါဒီယန်

နှစ်ခြင်းခံသည့်နှစ်– ၁၉၈၆

ကိုယ်ရေးရာဇဝင်အကျဉ်း– ညီအစ်ကို ဂါဒီယန်သည် ယခုလောလောဆယ် ဝမ်ဘလန်အသင်းတော်တွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။

၁၉၈၆ ခုနှစ်၊ စန်ဒီနီစတာနှင့်ကွန်တရာတို့ တိုက်ပွဲပြင်းထန်နေချိန်တွင် စန်ဂျော်န်ဒီလ်ရိုင်ယိုခိုခို အသင်းတော်ငယ်လေးမှ ကြေညာသူနှစ်ဦးသည် ဟွန်ဒူးရပ်စ်နယ်စပ်အနီး လွင်တီးခေါင်တောင်တန်းဒေသတွင်တည်ရှိသော ဝမ်ဘလန်တောင်ပေါ်မြို့ငယ်လေးသို့သွားရန် မြောက်ဘက်သို့မိုင် ၆၀ ခရီးနှင်ခဲ့ကြသည်။ အစောပိုင်းနှစ်နှစ်က ဝမ်ဘလန်တွင် နေထိုင်ကြသော သက်သေခံအုပ်စုငယ်လေးသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြောင်းရွှေ့သွားပြီဖြစ်သည်။ ညီအစ်ကိုနှစ်ဦးသည် သီအိုဒိုစီယိုဂါဒီယန်အမည်ရှိသူကို ရှာခဲ့ကြသည်။ သီအိုဒိုစီယိုက အကြောင်းရင်းကို ဤသို့ရှင်းပြသည်။

“ကျွန်တော်ဟာ ဝမ်ဘလန်ဧဝံဂေလိချာ့ချ်က သင်းအုပ်ဆရာတစ်ယောက်ခဲ့ဖြစ်တယ်။ ကျွန်တော်တို့ချာ့ချ်ကို မာနာဂွာမြို့ ပရိုတက်စတင့်ဘာသာအားလုံးက သင်းအုပ်ဆရာတွေနဲ့ ဖွဲ့စည်းထားတဲ့ နီကာရာဂွာ အမျိုးသားသင်းအုပ်ဆရာအဖွဲ့ (စပိန်လို ANPEN) ကဦးဆောင်ပါတယ်။ စန်ဒီနီစတာတွေ အာဏာရပြီး မကြာခင်မှာ ANPENက သင်းအုပ်ဆရာတွေနဲ့ အသင်းသားတွေဟာ စန်ဒီနီစတာ ကာကွယ်ရေးကော်မတီ၊ စစ်တပ်အပါအဝင် အခြားအဖွဲ့အစည်းတွေမှာ ပါဝင်ကြောင်း သဘောတူလက်မှတ်ထိုးခဲ့တယ်။ အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်၊ ‘ဘုရားသခင့် ဓမ္မအမှုဆောင်တစ်ယောက်က ဘယ်လိုလုပ် လက်နက်ကိုင်လို့ရမလဲ’ လို့ကိုယ်ဘာသာကိုယ်မေးခဲ့တယ်။

“အဲဒီအချိန်မှာ စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှု—အဘယ်ရင်းမြစ်မှနည်း [လိပ်] စာအုပ်ကို ဝမ်ဘလန်မှာနေထိုင်တဲ့ သက်သေခံမိသားစုတစ်စုဆီကနေ ကျွန်တော်ရရှိခဲ့တယ်။ အဲဒီစာအုပ်ကို ညဘက်မှာ ကောင်းကောင်းဖတ်ခဲ့တယ်။ ကင်းမျှော်စင်နဲ့ နိုးလော့!မဂ္ဂဇင်းတွေကိုလည်း မှန်မှန်စဖတ်ခဲ့တယ်။ နောက်ဆုံးတော့ ဒါတွေဟာ ဝိညာဉ်အစာအစစ် ဖြစ်နေတယ်။ ကျွန်တော့်ရဲ့ဟောပြောချက်တွေထဲမှာတောင် အဲဒီထဲကအကြောင်းအရာတွေကို ထည့်ဟောခဲ့တယ်။ ဒီအကြောင်းကို ချာ့ချ်လူကြီးတွေ ကြားတဲ့အခါ ကျွန်တော့်ကို မာနာဂွာမြို့ရုံးချုပ်ကိုလာဖို့ ခေါ်လိုက်တယ်။

“ကျွန်တော်ဟာ သင်းအုပ်ဆရာတစ်ယောက်မှာရှိသင့်တဲ့ အသိပညာမရှိဘူးလို့ ထင်ကြတဲ့အတွက် မာနာဂွာမြို့မှာ ရှစ်လကြာထပ်ဆင့်သင်တန်းတက်လေ့လာဖို့ အရာရှိတွေက ကျွန်တော့်ကို ကမ်းလှမ်းခဲ့ကြတယ်။ ဒါပေမဲ့ သက်သေခံတွေရဲ့ စာပေတွေကနေ ကျွန်တော်သိထားတဲ့အချက်တွေဟာ ကျမ်းစာကိုအခြေခံထားတာတွေဖြစ်တယ်။ ဒါကြောင့် ချာ့ချ်အရာရှိတွေကို ကျွန်တော် မေးခွန်းအများကြီးမေးခဲ့တယ်၊ ‘အစောပိုင်းခရစ်ယာန်တွေလုပ်ခဲ့သလို ကျွန်တော်တို့ ဘာကြောင့် တစ်အိမ်မှတစ်အိမ် မဟောကြတာလဲ။ တမန်တော်တွေ မတောင်းဆိုခဲ့တဲ့ ဆယ်ဖို့တစ်ဖို့ကို ကျွန်တော်တို့ ဘာကြောင့် တောင်းဆိုကြတာလဲ။’ ကျွန်တော့်မေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေ မရခဲ့ဘူး၊ မကြာခင် သူတို့က ကျွန်တော့်ကို သက်သေခံလို့ စပြီးခေါ်ကြတော့တယ်။

“ဒီလိုဖြစ်ပြီးတဲ့နောက် ကျွန်တော်ဟာ ချာ့ချ်နဲ့အဆက်အသွယ်ဖြတ်လိုက်ပြီး မာနာဂွာမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က ၁၉၈၄ ခုနှစ်ဖြစ်ပြီး သက်သေခံတွေ အစည်းအဝေးကို လျှို့ဝှက်လုပ်ကြတဲ့အချိန်ဖြစ်တယ်။ နှစ်ပတ်လောက်ရှာတာ ဘယ်လိုမှရှာမတွေ့တဲ့အတွက် ဝမ်ဘလန်ကိုပြန်ပြီး ပြောင်းနဲ့ ပဲစိုက်ခင်းလေးကို ပြုစုရင်းနဲ့ ကျွန်တော့်မိသားစုကို ထောက်ပံ့ခဲ့တယ်။

“ဝမ်ဘလန်မှာနေထိုင်ခဲ့ကြတဲ့ သက်သေခံတွေဟာ ဒီဒေသကနေမထွက်ခွာခင် စာပေအများကြီး ဝေငှခဲ့ကြတယ်။ အိမ်တွေဆီကျွန်တော်သွားလည်လို့ အဲဒီစာပေတွေကို တွေ့ရင် ‘ဒီစာအုပ်ကို ခင်ဗျားဖတ်လား။ ကျွန်တော့်ကိုရောင်းပါလား’ လို့တောင်းဝယ်ခဲ့တယ်။ အများစုက ကျွန်တော့်ကို ပေးကြတယ်၊ ဒီလိုနဲ့ အချိန်တန်တဲ့အခါ ကျွန်တော့်မှာ သီအိုကရက်တစ် စာကြည့်တိုက်ငယ်လေးတစ်ခု ရှိလာခဲ့တယ်။

“ကျွန်တော်ဟာ သက်သေခံတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ဟမပြောခဲ့ပေမဲ့ ဝမ်ဘလန်ကလူတွေက ကျွန်တော့်ကို သက်သေခံလို့ စပြီးခေါ်ကြတယ်။ ဒါနဲ့ သိပ်မကြာခင်မှာ နိုင်ငံတော်လုံခြုံရေးအရာရှိတွေက ကျွန်တော့်ရဲ့လုပ်ဆောင်မှုတွေအကြောင်း စစ်ဆေးမေးမြန်းကြတော့တယ်။ သူတို့က ဒီအနီးအနားရွာတွေမှာ ဟောပြောနိုင်တယ်၊ ဒါပေမဲ့ ကွန်ထရာကို ထောက်ခံတဲ့သူတွေရဲ့ နာမည်စာရင်းစတဲ့ အချက်အလက်တွေကို ပြန်တင်ပြရမယ်လို့ ပြောခဲ့တယ်။ ‘ခင်ဗျားတို့ တောင်းဆိုတာကို ကျွန်တော်လုပ်မယ်ဆိုရင် ကျွန်တော့်ရဲ့ဘုရားသခင်ကို ငြင်းပယ်ရာရောက်တဲ့အတွက် ကျွန်တော်မလုပ်နိုင်ဘူး။ ယေဟောဝါက အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုတာကို တောင်းဆိုတယ်’ လို့ကျွန်တော်ပြန်ပြောခဲ့တယ်။

“နောက်တစ်ကြိမ်မှာ စစ်တပ်အရာရှိတစ်ဦးက စန်ဒီနီစတာအဖွဲ့ဝင်တွေကို ထောက်ခံကြောင်း လက်မှတ်ထိုးဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော် ငြင်းလိုက်တယ်။ အဲဒါနဲ့ သူက ပစ္စတိုထုတ်လိုက်ပြီး ‘တော်လှန်ရေးမှာမပါတဲ့ လူ့ကပ်ပါးတွေကို ငါတို့ရှင်းပစ်နိုင်တယ်ဆိုတာ မင်းမသိဘူးလား’ လို့ခြိမ်းခြောက်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သေနတ်နဲ့မပစ်ဘဲ စဉ်းစားဖို့ အချိန်ပေးခဲ့တယ်။ အဲဒီညမှာ ကျွန်တော့်ဇနီးကို ကျွန်တော် နှုတ်ဆက်စကားပြောခဲ့တယ်။ ‘တကယ်လို့ လက်မှတ်ထိုးလိုက်မယ်ဆိုရင် တစ်နည်းနည်းနဲ့တော့ သေမှာပဲ။ လက်မှတ်မထိုးဘဲ သေသွားမယ်ဆိုရင်တော့ ယေဟောဝါဟာ ရှင်ပြန်ထမြောက်ရာကာလမှာ သတိရနိုင်တယ်။ ကလေးတွေကိုဂရုစိုက်ပါ၊ ယေဟောဝါကို ယုံကြည်ကိုးစားပါ။ ကိုယ်တော် ဒို့ကို ကူညီလိမ့်မယ်’ လို့ကျွန်တော်သူ့ကိုပြောခဲ့တယ်။ နောက်နေ့မနက်ရောက်တော့ အရာရှိကို ‘ကျွန်တော်ရောက်နေပါပြီ။ ခင်ဗျားကြိုက်သလို လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်လက်မှတ်ထိုးမှာ မဟုတ်ဘူး’ လို့ပြောလိုက်တယ်။ သူက ခေါင်းတညိတ်ညိတ်လုပ်ပြီး ‘ဂုဏ်ယူပါတယ်။ ခင်ဗျား ဒီလိုပဲပြောလိမ့်မယ်ဆိုတာ ကျွန်တော်သိသားပဲ။ ယေဟောဝါသက်သေတွေ ဘယ်လိုလူလဲဆိုတာ ကျွန်တော်သိတယ်’ လို့ပြောခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို သွားခွင့်ပြုလိုက်တယ်။

“အဲဒီနောက်ပိုင်းမှာ ကျွန်တော် ပိုပြီးပွင့်ပွင့်လင်းလင်း ဟောပြောခဲ့တယ်၊ ရပ်ဝေးရွာတွေကိုသွား၊ စိတ်ဝင်စားတဲ့သူတွေကို အတူတကွစည်းဝေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ သက်ကြီးမောင်နှံတစ်စုံ ဦးဆုံးတုံ့ပြန်ခဲ့ပြီး နောက်ပိုင်း တခြားမိသားစုတွေလည်း တုံ့ပြန်ခဲ့ကြတယ်။ မကြာခင် အယောက် ၃၀ လောက်ဟာ မှန်မှန်စည်းဝေးခဲ့ကြတယ်။ ကင်းမျှော်စင်အဟောင်းကိုသုံးပြီး ဟောပြောချက်ပုံစံနဲ့ တင်ဆက်တယ်၊ ကျွန်တော်တို့မှာ တစ်စောင်ပဲရှိတဲ့အတွက်လေ။ စစ်သားတချို့နဲ့တောင် ကျွန်တော်ကျမ်းစာသင်ခဲ့တယ်၊ နောက်ပိုင်း စစ်သားတစ်ယောက် သက်သေခံဖြစ်လာတယ်။

“၁၉၈၅ ခုနှစ်မှာ ဧည့်သည်စစ်သားတစ်ယောက်က ဝမ်ဘလန်မြို့တောင်ဘက် မိုင် ၇၀ အကွာမှာရှိတဲ့ ဂျင်နိုတဲ့ပေမြို့မှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တစ်ခုရှိတယ်လို့ ပြောပြတယ်။ ကျွန်တော်နဲ့အတူ အဲဒီနေရာကိုလိုက်ဖို့ ဝမ်ဘလန်က ကျမ်းစာသင်သားတစ်ယောက်ကို ခေါ်သွားခဲ့တယ်။ ဂျင်နိုတဲ့ပေဈေးထဲမှာ လိုက်စုံစမ်းပြီးနောက်ဆုံး သက်သေခံမိသားစုတစ်စုရဲ့ အိမ်ကို ရှာတွေ့ခဲ့တယ်။ အိမ်ရှင်မဖြစ်သူ တံခါးလာဖွင့်ပေးတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေဖြစ်တဲ့အကြောင်း မိတ်ဆက်လိုက်တဲ့အခါ အောက်မေ့ရာပွဲ လာတက်ကြတာလားလို့ မေးပါတယ်။ ‘အောက်မေ့ရာပွဲဆိုတာ ဘာလဲ’ လို့ကျွန်တော်တို့ ပြန်မေးလိုက်တယ်။ အဲဒါနဲ့ သူက သူ့ရဲ့ခင်ပွန်းကို ခေါ်လိုက်တယ်။ ကျွန်တော်တို့ဘက်က သဘောရိုးဖြစ်တယ်ဆိုတာကို သူယုံကြည်သွားတဲ့အခါ အိမ်ထဲကို ဖိတ်ခေါ်ပါတယ်။ ဝမ်းနည်းစရာက အောက်မေ့ရာပွဲကို ပြီးခဲ့တဲ့ညမှာ ကျင်းပပြီးသွားပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ သူတို့ရဲ့အိမ်မှာ သုံးရက်နေပြီး အသင်းတော်စာအုပ်ကြီးသင်တန်းကို ဦးဆုံးအကြိမ် တက်ရောက်ခဲ့ကြတယ်။

“ဝမ်ဘလန်ကို ပြန်လာပြီးတဲ့နောက် ကျွန်တော် ဆက်ဟောပြောခဲ့တယ်၊ အစည်းအဝေးတွေကို ကိုယ့်ဘာသာကိုယ် ဆက်ကျင်းပခဲ့တယ်။ ဒီလိုနဲ့ ၁၉၈၆ ခုနှစ် အောက်မေ့ရာပွဲမတိုင်ခင်နေ့မှာ အစပိုင်းမှာဖော်ပြခဲ့တဲ့ ညီအစ်ကိုနှစ်ယောက် ရောက်လာခဲ့တာ။ ကျွန်တော်တို့ ကျမ်းစာသင်သား အုပ်စုငယ်လေးဟာ ဒေသခံရွာတွေက စိတ်ဝင်စားတဲ့သူတွေကို သတင်းပို့ခဲ့ကြပြီး ဦးဆုံးအကြိမ်ကျင်းပတဲ့ အောက်မေ့ရာပွဲကို ၈၅ ယောက်တက်ရောက်ခဲ့ကြတယ်။

“အဲဒီနှစ် အောက်တိုဘာလမှာ စောစောပိုင်းမှာဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ ဦးဆုံးကျမ်းစာသင်သားဖြစ်တဲ့ အသက် ၈၀ ကျော်သက်ကြီးမောင်နှံစုံနဲ့အတူ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ အခုအချိန်မှာတော့ ဝမ်ဘလန်အသင်းတော်မှာ ကြေညာသူ ၇၄ ယောက်နဲ့ မှန်မှန်ရှေ့ဆောင် ၃ ယောက်ရှိတယ်။ ကျွန်တော်ကတော့ အကြီးအကဲတစ်ယောက်အနေနဲ့ အမှုဆောင်ရတဲ့ အခွင့်ထူးရရှိတယ်။ ၂၀၀၁ ခုနှစ် အောက်မေ့ရာပွဲကို ဝမ်ဘလန်မှာအပြင် တခြားရွာသုံးရွာမှာ ကျင်းပခဲ့ပြီး စုစုပေါင်း ၄၅၂ ယောက်တက်ရောက်ခဲ့တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ