ဘဝအတ္ထုပ္ပတ္တိ
ကျူးဘားမှာ ယေဟောဝါအမှုတော်ကို အနှစ် ၇၀ လောက် ထမ်းဆောင်ခဲ့
၁၉၄၇ ခုနှစ်မှာ ကျွန်တော် မွေးတယ်။ မွေးရပ်ဇာတိကတော့ ကရစ်ဘီယံပင်လယ်ထဲက သိပ်လှတဲ့ ကျူးဘားကျွန်းပါ။ ကရစ်ဘီယံပင်လယ် မြောက်ပိုင်းနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ပိုင်းခြားထားတဲ့ ကျွန်းပေါ့။ ကျွန်တော့်အောက်မှာ ညီမလေးနှစ်ယောက် ရှိတယ်။ ကျွန်တော်တို့ မိသားစု ငါးယောက် အက်စ်မရယ်ဒါရွာမှာ နေထိုင်ကြတယ်။
ကျွန်တော်တို့ ရွာလေးက သိပ်အေးချမ်းတယ်။ အဖေ့ဘက်က အဒေါ်တွေ၊ ဦးလေးတွေ၊ အဘိုးအဘွားတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေခဲ့ကြတာ။ စားဝတ်နေရေး ပူပင်ကြောင့်ကြစရာမလိုတဲ့ ဘဝလေးပါပဲ။
ကျွန်တော် အသက် ငါးနှစ်အရွယ်မှာ မိဘတွေက ညီအစ်ကို ဝေါ်တန် ဂျုန်းနဲ့ ကျမ်းစာ စလေ့လာတယ်။ ညီအစ်ကို ဝေါ်တန်က ထက်သန်တဲ့ သတင်းကောင်း ဟောပြောသူ။ ကျွန်တော်တို့ရွာကို ရောက်ဖို့ ဆယ်နာရီလောက် လမ်းလျှောက်ရမယ်ဆိုရင်တောင် ရောက်အောင်လာမယ့်သူမျိုး။ သူရောက်လာတဲ့အချိန်တိုင်း ကျွန်တော်တို့ဆွေမျိုးတစ်သိုက် အဘိုးတို့အိမ်မှာ စုပြီး နာရီနဲ့ချီ ကျမ်းစာ ဆွေးနွေးကြတယ်။ သိလာတာတွေကို ကြိုက်နှစ်သက်ကြလို့ သိပ်မကြာခင်မှာပဲ ကျွန်တော့် အဖေနဲ့အမေ၊ ဦးလေး ပက်ဒရို၊ ဒေါ်လေး အယ်လာဟာ ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံကြတယ်။ အခုဆိုရင် ဒေါ်လေး အယ်လာ အသက် ၁၀၀ နီးပါးရှိနေပြီဖြစ်ပေမဲ့ ကျူးဘားမှာ ရှေ့ဆောင်လုပ်နေတုန်းပဲ။
အဲဒီအချိန်တုန်းက ကျူးဘားမှာ ယေဟောဝါသက်သေတွေ လွတ်လွတ်လပ်လပ် ဝတ်ပြုကိုးကွယ်ခွင့်ရတယ်။ ကျမ်းစာစာပေတွေ အပြည့်ထည့်ထားတဲ့ လက်ဆွဲအိတ်တွေကိုင်ပြီး တစ်အိမ်ပြီးတစ်အိမ် သွားနေတဲ့ ယေဟောဝါသက်သေတွေကို လူတွေ ကောင်းကောင်းသိကြတယ်။ မမောနိုင် မပန်းနိုင် လမ်းလျှောက်ခဲ့ကြတယ်။ အဲဒါတွေကတော့ ကျွန်တော့်ဘဝ “အခြေအနေ ကောင်း” ချိန်က အမှတ်တရကောင်းလေးတွေပါ။ “မကောင်း” တဲ့အခြေအနေတွေလည်း ရှိခဲ့ပါတယ်။—၂ တိ. ၄:၂။
အခြေအနေမကောင်းချိန်
ကျွန်တော် အသက်ငါးနှစ်မှာ အဖေနဲ့ ဦးလေးတစ်ယောက် ကျွန်းရဲ့ တခြားအပိုင်းမှာ ကျင်းပတဲ့ တိုက်နယ်အစည်းအဝေး သွားတက်ကြတယ်။ ရေမသန့်တာ သောက်မိကြလို့ နှစ်ယောက်စလုံး တိုက်ဖိုက်ဖြစ်ပြီး ဖျားကြပါလေရော။ သူတို့ပြန်ရောက်လာတဲ့အခါ ဦးလေးက အဖျားကြောင့် ဆံပင်တွေ ကျွတ်ကုန်ပေမဲ့ နေပြန်ကောင်းလာတယ်။ အဖေကတော့ ဆုံးသွားတယ်။ ဆုံးတဲ့အချိန်မှာ အဖေ အသက် ၃၂ နှစ်ပဲ ရှိသေးတာ။
အဖေဆုံးသွားပြီးနောက် အမေက သူ့အစ်ကိုရှိတဲ့ လွန်ဘီလိုရွာကို မိသားစုလိုက် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်တယ်။ ကျွန်တော် သိပ်ချစ်ရတဲ့ အဘိုးအဘွားတွေ အပါအဝင် ဆွေမျိုးတွေနဲ့ ခွဲခွာခဲ့ရတယ်။ ဒါပေမဲ့ မိသားစုလိုက် ယေဟောဝါကို ဆက်ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။
၁၉၅၇၊ ဩဂုတ် ၂၆ မှာ လွန်ဘီလိုနားက ရေကန်မှာ ကျွန်တော် နှစ်ခြင်းခံတယ်။ အသက် ၁၀ နှစ်မှာပါ။ နှစ်ခြင်းခံပြီး နှစ်နှစ်တောင် မရှိသေးဘူး၊ ကျူးဘားက ယေဟောဝါသက်သေတွေအတွက် အပြောင်းအလဲကြီး ဖြစ်လာတယ်။ ၁၉၅၉ ခုနှစ်မှာ ကွန်မြူနစ်ပါတီက အစိုးရကို ဖြုတ်ချပြီး အာဏာရလာတယ်။
အစိုးရအသစ်က စစ်အင်အားကို တိုးချဲ့ချင်တဲ့အတွက် စစ်သားတွေ အများကြီး စုဆောင်းတယ်။ ဒါက နိုင်ငံရေး၊ စစ်ရေးမှာ ကြားနေတဲ့ ယေဟောဝါရဲ့လူမျိုးကို အခက်တွေ့စေတယ်။ ဒီလိုနဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် တဖြည်းဖြည်းနဲ့ ဆုံးရှုံးလာတယ်။ နောက်ဆုံးတော့ အမှုဆောင်ထွက်၊ အစည်းအဝေးတက်တာကို အစိုးရ ပိတ်ပင်လိုက်တယ်။ သစ္စာရှိညီအစ်ကို ရာနဲ့ချီ ထောင်ချခံရတယ်။ တချို့ညီအစ်ကိုတွေ ခဏခဏ ရိုက်နှက်ခံရတယ်။ မလောက်မင စားရတယ်။ ကျမ်းစာတားမြစ်ထားတဲ့ သွေးပါတဲ့ အစားအစာတွေကို ကျွေးကြတယ်။
ပိတ်ပင်မှုအောက်မှာတောင် ကျွန်တော်တို့ ယေဟောဝါကို အတူတကွ ဆက်ဝတ်ပြုကြတယ်။ (ဟီ. ၁၀:၂၅) မွေးမြူရေးခြံတွေ၊ တခြားနေရာတွေမှာ တိုက်နယ်အစည်းအဝေးတွေတောင် ကျင်းပခဲ့ကြတယ်။ ကျွန်တော်မှတ်မိသေးတယ်၊ ညီအစ်ကိုတစ်ယောက်က တိုက်နယ်အစည်းအဝေးလုပ်ဖို့ သူ့သိုးတွေထားတဲ့ တင်းကုပ်ကြီးကို ပေးသုံးတယ်။ ကြိုပြီးတော့လည်း သန့်ရှင်းရေး မလုပ်နိုင်ခဲ့ကြဘူး။ သိုးတွေကိုတောင် အပြင်မထုတ်နိုင်ခဲ့ကြဘူး။ ပကတိသိုးတွေနဲ့ ယေဟောဝါရဲ့သိုးတွေ အစည်းအဝေး အတူတူတက်ခဲ့ရတဲ့ အမှတ်တရပါပဲ။—မိ. ၂:၁၂။
အဲဒီအချိန်တုန်းက ဘုရားရေးရာအချိန်တန်အစာ ပုံမှန်ရရှိအောင် ကြိုးစားကူညီပေးခဲ့ကြတဲ့ ညီအစ်ကိုတွေကို သိပ်ကျေးဇူးတင်တယ်။ တိုက်နယ်အစည်းအဝေး အစီအစဉ်တွေကို ကက်ဆက်တိတ်ခွေတွေမှာ ကြိုတင်အသံသွင်းထားပြီး အဲဒီတိတ်ခွေတွေကို တစ်နေရာပြီး တစ်နေရာ တစ်နိုင်ငံလုံးကို ပို့ပေးတယ်။ အစီအစဉ်မှာပါတဲ့ ဟောပြောချက်အားလုံးကို ကြိုတင်ပြင်ဆင်၊ ဟောပြောတင်ဆက်၊ အသံသွင်းတာတွေကို ညီအစ်ကိုနှစ်ယောက်တည်းနဲ့ လုပ်တဲ့အခါတွေတောင် ရှိခဲ့တာ။ ညီအစ်ကိုတွေဟာ လုံခြုံတဲ့နေရာမှာ အသံသွင်းရတာဖြစ်လို့ ကက်ဆက်ခွေထဲမှာ ကြက်ဖတွန်သံတွေ၊ ရယ်စရာကောင်းတဲ့ အသံဗလံတွေ ပါတတ်တယ်။ တိုက်နယ်အစည်းအဝေး ကျင်းပတဲ့နေရာတွေမှာ လျှပ်စစ်မီးမရှိတာကြောင့် စက်ဘီးနဲ့ ဒိုင်နမိုချိတ်ပြီး လျှပ်စစ်မီးရအောင် ညီအစ်ကိုတစ်ယောက်က နင်းပေးရတယ်။ ဒါမှ ကက်ဆက်ဖွင့်ပြီး အစီအစဉ်ကို နားထောင်နိုင်မှာ။ အဖွဲ့အစည်း ထုတ်သမျှ ကျမ်းစာစာပေအားလုံးကိုတော့ မရနိုင်ပေမဲ့ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေတဲ့ လိုအပ်ရာတွေကိုတော့ မပျက်မကွက် ရခဲ့တယ်။ ခက်ခဲပေမဲ့ ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင် ဝတ်ပြုခဲ့ကြတယ်။—နေ. ၈:၁၀။
ရှေ့ဆောင်ဘဝ၊ မိဘဘဝ
အသက် ၁၈ နှစ်ပြည့်တော့ ဖလော်ရီဒါမြို့မှာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ တစ်နှစ်ကြာတော့ အထူးရှေ့ဆောင်အဖြစ် ပြည်နယ်မြို့တော် ကမ်မဂွေမြို့မှာ ခန့်အပ်ခံရတယ်။ သိပ်လှတဲ့ ညီအစ်မ အမ်မီလီယာနဲ့ ကျွန်တော်ဆုံတဲ့မြို့ ဆိုပါတော့။ သူက စန်တီယာဂို ဒီ ကျူးဘားမြို့ကပါ။ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှပြီး တစ်နှစ်အတွင်းမှာပဲ လက်ထပ်လိုက်ကြတယ်။
(ဘယ်) အကြီးအကဲတွေအတွက် နိုင်ငံတော်ဓမ္မအမှုကျောင်း—၁၉၆၆၊ ကျူးဘား၊ ခါမာဝေးမြို့
(ညာ) ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့၊ ၁၉၆၇ ခုနှစ်
အစိုးရပိုင်သကြားစက်တစ်ခုမှာ ကျွန်တော် အချိန်ပြည့်အလုပ်လုပ်ခဲ့တယ်။ အမ်မီလီယာနဲ့ ကျွန်တော် ရှေ့ဆောင်ဆက်မလုပ်နိုင်တော့ပေမဲ့ ယေဟောဝါအတွက် အတတ်နိုင်ဆုံး အမှုဆောင်ဖို့ ကြိုးစားခဲ့ကြတယ်။ မနက် ၃ နာရီကနေ နေ့လည် ၁၁ နာရီအထိ သကြားစက်မှာ ကျွန်တော် အလုပ်လုပ်တယ်။ အစောကြီးထရတာ မကြိုက်ပေမဲ့ ဒီအလုပ်ချိန်ကြောင့် အမှုဆောင်မှာ ကျွန်တော် ပုံမှန်ပါဝင်နိုင်တယ်၊ အမ်မီလီယာနဲ့အတူတူ အစည်းအဝေးတွေ မပျက်မကွက် တက်ရောက်နိုင်တယ်။
၁၉၆၉ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ပထမဆုံး ရင်သွေးလေး ဂတ်စတာဗိုကို မွေးတယ်။ သားလေးမွေးပြီး မကြာပါဘူး၊ တိုက်နယ်လုပ်ငန်းမှာ အချိန်ပြည့်အမှုဆောင်ဖို့ ကျွန်တော် ဖိတ်ခေါ်ခံရတယ်။ အဲဒီအချိန်တုန်းကတော့ ကျူးဘားမှာ တိုက်နယ်ကြီးကြပ်မှူးတွေက ကလေးရှိလည်း တိုက်နယ်ပတ်လို့ ရတယ်။ ဒီလိုနဲ့ ကျွန်တော့်ဘဝ အလုပ်အများဆုံး၊ အပျော်ရဆုံး နေ့ရက်တွေ စတော့တာပဲ။ ညီအစ်ကို/မတွေအတွက် ဒီလိုနည်းနဲ့ အမှုဆောင်ရတာ ကျွန်တော်နဲ့ အမ်မီလီယာအတွက်တော့ အခွင့်ထူးတစ်ခုပါ။ တိုက်နယ်ပတ်ရင်း သားလေး ဩဗက်ကို ထပ်ရတယ်။ ပြီးတော့ သားလေး အာဗနာ ကို မွေးတယ်။ နှစ်အနည်းငယ်ကြာတော့ သမီးလေး မာဟေလီကို မွေးတယ်။
တိုက်နယ်ပတ်ခဲ့တဲ့အချိန်တွေအကြောင်း ပြန်စဉ်းစားကြည့်ရင် ဘုရားက ကျူးဘားမှာရှိတဲ့ မိမိကျေးကျွန်တွေကို ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ တွေ့ရလို့ ကျွန်တော် သိပ်အားရှိတယ်။ ကျွန်တော့်ကလေးတွေ ဘုရားကို ချစ်တတ်လာအောင် သွန်သင်ပေးရာမှာလည်း ကိုယ်တော် ကူညီပေးတယ်။ အမ်မီလီယာနဲ့အတူ တိုက်နယ်ပတ်တုန်းက နေ့ရက်တွေအကြောင်း ပြောပြပါရစေ။
ပိတ်ပင်မှုအောက် တိုက်နယ်ပတ်ခြင်း
တားမြစ်ပိတ်ပင်မှု ပိုပြီး တင်းကျပ်လာလို့ အစည်းအဝေးတွေတက်ဖို့၊ အမှုဆောင်ထွက်ဖို့ ပိုခက်လာတယ်။ အစည်းအဝေးခန်းမတွေ ပိတ်သိမ်းခံရတယ်။ သာသနာပြုတွေ နိုင်ငံကနေ နှင်ထုတ်ခံရတယ်။ လူငယ်ညီအစ်ကို အများကြီး အဖမ်းခံရတယ်၊ ထောင်ချခံရတယ်။ ဟာဗာနာမြို့က ဌာနခွဲရုံးလည်း ပိတ်သိမ်းခံခဲ့ရတယ်။
၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း တိုက်နယ်လုပ်ငန်း
တားမြစ်ပိတ်ပင်ထားတော့ ကျွန်တော်တို့လည်း အသင်းတော်တွေကို စနေ၊ တနင်္ဂနွေမှာပဲ လည်ပတ်နိုင်တယ်။ ဒါကြောင့် အသင်းတော်တစ်ခုကို လည်ပတ်ရင် စနေ၊ တနင်္ဂနွေ နှစ်ပတ်ဆက်တိုက် လည်ပတ်ရတယ်။ ပစ္စည်းအများကြီး သယ်ပြီး သွားလာတာမျိုး လုပ်လို့မရဘူး။ ရဲတွေနဲ့ တခြားသူတွေ သံသယမဝင်အောင် စက်ဘီးနဲ့ပဲ သွားလာဖြစ်တာများတယ်။ ကျွန်တော်တို့ လည်ပတ်တဲ့အခါ သိုသိုသိပ်သိပ် လည်ပတ်ကြတယ်။ တခြားသူတွေ အမြင်မှာ ဆွေမျိုးတွေဆီ လာလည်ပတ်တယ်ဆိုပြီး မြင်အောင်လို့ပါ။ သိပ်လည်းမခက်ဘူးလေ။ အားလုံးက မိသားစုတွေလိုဖြစ်နေတာကိုး။ ကိုယ်က တိုက်နယ်ပတ်နေတာဖြစ်မှန်း မေ့မသွားအောင်တောင် ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ (မာ. ၁၀:၂၉၊ ၃၀) ဒါပေမဲ့ သတိပညာရှိရှိလုပ်ဆောင်ဖို့တော့ လိုတယ်။ ကျွန်တော်တို့ကို ရဲတွေ မကြာခဏဆိုသလို နောက်ယောင်ခံလိုက်ကြတယ်၊ စစ်ဆေးမေးမြန်းကြတယ်။ ပေါ်သာပေါ်သွားရင် ကျွန်တော်တို့ကို ဧည့်ခံတဲ့ ညီအစ်ကိုတွေ ဒုက္ခရောက်သွားနိုင်တယ်။—ရော. ၁၆:၄။
ညီအစ်ကို/မတွေက မချမ်းသာကြပေမဲ့ ကျွန်တော်တို့အပေါ် သိပ်ရက်ရောကြတယ်။ တချို့ဒေသတွေမှာဆို ခြင်တွေက မနည်းမနောပဲ။ ဒါတောင် ညီအစ်ကို/မတွေက ကျွန်တော်တို့ သက်သောင့်သက်သာ အိပ်စက်နိုင်ဖို့ သူတို့မှာရှိတဲ့ တစ်ခုတည်းသော ခြင်ထောင်ကို ပေးကြတယ်။ အစားအသောက် အများကြီးမရှိပေမဲ့ သူတို့အိမ်မှာ တလိုတလား တည်းခွင့်ပေးကြတဲ့ ညီအစ်ကို/မတွေလည်း ရှိတယ်။ အဲဒါကိုသိလို့ ကျွန်တော်တို့ကလည်း သူတို့နဲ့အတူ မျှဝေစားသောက်နိုင်အောင် အစားအသောက်လေးတွေ အလိုက်တသိ ယူသွားကြတယ်။
အသင်းတော်တွေကို လည်ပတ်တဲ့အခါ ကလေးတွေအားလုံး ခေါ်သွားဖို့ မဖြစ်နိုင်လို့ တစ်ယောက်ပဲ ခေါ်သွားနိုင်တယ်။ ကျန်ခဲ့တဲ့ကလေးတွေကိုတော့ ကျွန်တော့်အမေနဲ့ ညီမက ကြည့်ရှုစောင့်ရှောက်ပေးတယ်။ မွေးကင်းစကလေးနဲ့ ခရီးသွားရတာ အကာအကွယ်တော့ ဖြစ်တယ်။ စာပေတွေ ထည့်ထားတဲ့အထုပ်ကို မလျှော်ရသေးတဲ့ ကလေးအနှီးတွေအောက်မှာ ဝှက်ထားတယ်။ တစ်ခါတလေ ကျွန်တော်တို့ကို ရဲတွေ စစ်ဆေးပေမဲ့ အဲဒီနေရာကိုတော့ မရှာကြည့်ကြဘူး။
အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့နှစ်တွေတစ်လျှောက် ကလေးတွေကိုလည်း ပြုစု၊ ကျွန်တော့်ကိုလည်း ထောက်မပေးတဲ့ အမ်မီလီယာကို ကျွန်တော် မလေးစားဘဲ မနေနိုင်ဘူး။ ကျွန်တော်ကတော့ သကြားစက်မှာ အလုပ်လုပ်ရင်း တစ်ဖက်မှာလည်း တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နိုင်ခဲ့တယ်။ စနေ၊ တနင်္ဂနွေမှာ အလုပ်လာစရာမလိုအောင် ကြားရက်မှာ တစ်ရက်၊ နှစ်ရက်လောက် အလုပ်ချိန်နှစ်ချိန် ဆင်းပေးလိုက်တယ်။ နောက်တော့ အလုပ်မှာ ကျွန်တော့်တာဝန် ပြောင်းသွားတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်လာလို့ တစ်ပတ်ခုနစ်ရက် အလုပ်လုပ်ရတော့တယ်။ ငြင်းလို့ မရခဲ့ဘူး။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေမှာ အဖွဲ့သားတွေအတွက် လုပ်စရာ အလုံအလောက် စီစဉ်ပေးခဲ့ဖို့ပဲ အရေးကြီးတာ။ ဒါဆို ကျွန်တော် တိုက်နယ်သွားပတ်လို့ရပြီ။ ကျွန်တော် အလုပ်မလာတဲ့အကြောင်း သူတို့ ဘယ်သူ့ကိုမှ မတိုင်ကြဘူး။ သိသလောက်တော့ စနေ၊ တနင်္ဂနွေတွေမှာ ကျွန်တော်အလုပ်မလာမှန်း သူဌေးတောင် မသိလိုက်ပါဘူး။
အပြောင်းအလဲတွေကြား ဆက်ဝမ်းမြောက်နေခြင်း
ပိတ်ပင်ခံရတဲ့ကာလပြီးနောက် ပထမဆုံးကျင်းပတဲ့ ခရိုင်အစည်းအဝေး၊ ၁၉၉၄ ခုနှစ်
၁၉၉၄ ခုနှစ်ရောက်တော့ ကျူးဘားမှာ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေက ကျွန်တော်တို့ နယ်လှည့်ကြီးကြပ်မှူးအယောက် ၈၀ ကို ဖိတ်ခေါ်ပြီး ဟာဗာနာမြို့မှာ အထူးအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တယ်။ နှစ်တွေအများကြီးကြာပြီးနောက်မှာမှ တစ်ယောက်ကိုတစ်ယောက် ပြန်တွေ့ရလို့ သိပ်ပျော်ခဲ့တယ်။ အစည်းအဝေးမှာ အဖွဲ့အစည်း အပြောင်းအလဲတချို့အကြောင်း အရင်ဆုံး ဆွေးနွေးကြတယ်။ ပြီးလည်းပြီးရော အံ့ဩစရာကြေညာချက်တစ်ခု ကြေညာပါလေရော။ အာဏာပိုင်တွေကို ကျွန်တော်တို့ရဲ့အချက်အလက်တွေပေးဖို့ စီစဉ်နေတယ်လို့ ညီအစ်ကိုတွေ ပြောတယ်။ ဘာလို့ ပေးမှာလဲပေါ့။
ယေဟောဝါသက်သေတွေနဲ့ အစိုးရကြားမှာ ဆက်ဆံရေးကောင်းစေဖို့ ရည်ရွယ်ပြီး အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံဖြစ်တဲ့အကြောင်း ရှင်းပြတယ်။ အာဏာပိုင်တွေက တိုက်နယ်ကြီးကြပ်မှူးအားလုံးရဲ့ နာမည်ကို တောင်းတယ်။ ပေးလိုက်ဖို့ ကျွန်တော်တို့အားလုံး သဘောတူခဲ့တယ်။ အဲဒီကစပြီး ကျွန်တော်တို့နဲ့ အာဏာပိုင်တွေကြားက ဆက်ဆံရေး ပိုကောင်းလာတယ်။
နောက်ပိုင်းမှာတော့ တရားဝင် ဘာသာရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုမခံရသေးပေမဲ့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဟောပြောနိုင်တယ်၊ အစည်းအဝေးတွေ တက်နိုင်တယ်။ တကယ်တော့ အာဏာပိုင်တွေက နယ်လှည့်ကြီးကြပ်မှူးတချို့ရဲ့ နာမည်ကို သိထားပြီးသား၊ သေချာအောင် တိုက်စစ်ချင်လို့ တောင်းမှန်း နောက်မှသိလာရတယ်။
၁၉၉၄၊ စက်တင်ဘာမှာ ဌာနခွဲရုံး ပြန်ဖွင့်ဖို့ အစိုးရ ခွင့်ပြုလိုက်တယ်။ နှစ် ၂၀ ကြာ ပိတ်သိမ်းခံထားရတဲ့အဆောက်အဦကို ပြန်အသုံးပြုနိုင်ခဲ့ကြတယ်။
၁၉၉၆ ခုနှစ်ရောက်တော့ အမ်မီလီယာနဲ့ ကျွန်တော့်ဆီကို ဗေသလက ညီအစ်ကိုတစ်ယောက် ဖုန်းခေါ်လာတယ်။ ဗေသလမှာ အမှုဆောင်နိုင်မလားတဲ့။ စစချင်းတော့ သိပ်အံ့ဩသွားပေမဲ့ ကျွန်တော်နဲ့အတူနေတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိသေးကြောင်း ညီအစ်ကို့ကို ပြောပြလိုက်တယ်။ ညီအစ်ကိုတွေက ကျွန်တော့်အခြေအနေကို ကောင်းကောင်း ထည့်စဉ်းစားပေးကြတယ်။ အတူနေသားသမီးတွေ ရှိနေသေးပေမဲ့လည်း ကျွန်တော်တို့ကို ဗေသလမှာ အမှုဆောင်စေချင်ကြောင်း ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဗေသလမှာ အမှုဆောင်ဖို့ ဟာဗာနာမြို့ကို မိသားစုလိုက် ပြောင်းရွှေ့ခဲ့တယ်။
(ဘယ်) အချုပ်အလုပ်ဌာနမှာ အလုပ်လုပ်နေတဲ့ အမ်မီလီယာ၊ ၂၀၀၀ ပြည့်လွန်နှစ်လောက်က
(ညာ) အစည်းအဝေးကြီးခန်းမအပ်နှံပွဲ၊ ၂၀၁၂ ခုနှစ်
ပွင့်ပွင့်လင်းလင်း ပြောရရင် စစချင်းမှာတော့ ဗေသလမှာ အမှုဆောင်ရတာ မပျော်ဘူး။ နှစ်တော်တော်များများ နယ်လှည့်လုပ်ငန်းမှာ ကျင်လည်ခဲ့တော့ ကျွန်တော့်စိတ်က လယ်ကွင်းကိုပဲ ရောက်နေတယ်။ အဲဒီအလုပ်ကို တကယ်ချစ်တာ။ ရုံးအလုပ်က ကျွန်တော့်အတွက် ခက်တယ်။ ဒါပေမဲ့ ဗေသလမှာ အတူတူအလုပ်လုပ်တဲ့ ညီအစ်ကို/မတွေ၊ အထူးသဖြင့် အမ်မီလီယာက ကျွန်တော့်ကို အမြင်မှန်ရှိအောင် ကူညီပေးတယ်။ ဒီလိုနဲ့ အမှုဆောင်ရတာ ပြန်ပြီး ပျော်ရွှင်လာတယ်။ အခုအချိန်ထိ ဗေသလမှာ ပျော်ပျော်ရွှင်ရွှင် အမှုဆောင်နေတုန်းပါပဲ။
(ဘယ်) ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်းဆင်းပွဲ၊ ၂၀၁၃ ခုနှစ်
(ညာ) ကျူးဘားဌာနခွဲကော်မတီဝင်များ၊ ၂၀၁၃ ခုနှစ်
တိုက်နယ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်တို့ရဲ့ သမီး၊ သမက်နဲ့အတူ
အမ်မီလီယာနဲ့ ကျွန်တော် အသက်အရွယ်ရလာကြပြီ။ ဒါပေမဲ့ နှစ်တွေတစ်လျှောက် သိကျွမ်းခဲ့ရတဲ့ ညီအစ်ကို/မတွေနဲ့ သူတို့အတွက် အမှုဆောင်ခဲ့တာတွေအကြောင်း ပြန်စဉ်းစားလိုက်ရင် သိပ်ကို ကြည်နူးမဆုံးဖြစ်ရတယ်။ အထူးသဖြင့် ကျွန်တော့် သားသမီးတွေ၊ မြေးလေးတွေကအစ ယေဟောဝါအတွက် အမှုဆောင်နေကြတာကို တွေ့ရတာက တကယ်ပျော်စရာပါပဲ။ “ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့ သတင်း မရှိတော့ပါဘူး” လို့ အသက်အရွယ် အိုမင်းချိန်မှာ ပြောခဲ့တဲ့ တမန်တော်ယောဟန်ရဲ့ စကားအတိုင်း ခံစားရတယ်။—၃ ယော. ၄။
အခုဆို ဗေသလမှာ အမှုဆောင်လာတာ အနှစ် ၃၀ နီးပါး ရှိပါပြီ။ အသက်ကလည်းကြီး၊ ကင်ဆာရောဂါကလည်း ရှိနေတော့ တစ်နေ့တစ်နေ့ အခက်အခဲတွေတော့ရှိပေမဲ့ အမ်မီလီယာနဲ့ ကျွန်တော် ကိုယ်တတ်နိုင်တဲ့တာဝန်လေးတွေကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျူးဘားကျွန်းပေါ်မှာ အခက်အခဲတွေကြား “ပျော်ရွှင်တဲ့ဘုရားသခင်” ကို အနှစ် ၇၀ လောက် အမှုဆောင်ခွင့်ရခဲ့လို့ သိပ်ပျော်ပါတယ်။—၁ တိ. ၁:၁၁။ ဆာ. ၉၇:၁။