ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ ဇွန် စာ. ၈-၁၃
  • မိတ်ဆွေနှောင်ကြိုး ခိုင်မြဲနေဖို့ လုပ်ဆောင်နိုင်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိတ်ဆွေနှောင်ကြိုး ခိုင်မြဲနေဖို့ လုပ်ဆောင်နိုင်ရာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိတ်ဆွေနှောင်ကြိုး ခိုင်မြဲစေတဲ့ ခရစ်ယာန်အရည်အသွေးများ
  • သဘောထားမတိုက်ဆိုင်တဲ့အခါ
  • အကြိုက်ချင်း၊ စရိုက်ချင်း မတူတဲ့အခါ
  • ညီအစ်ကို/မတွေ ဝေဒနာခံစားနေရတဲ့အခါ
  • မေတ္တာကင်းမဲ့သောလောကတွင် မိတ်ဆွေများအဖြစ် ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ညီအစ်ကို/မတွေနဲ့ ရင်းနှီးနေတာ အကျိုးရှိ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာပါ
    တိုက်နယ်ကြီးကြပ်မှူး ပါဝင်မယ့် ၂၀၂၅-၂၀၂၆ တိုက်နယ်အစည်းအဝေး အစီအစဉ်
  • ယေဟောဝါရဲ့ နှိမ့်ချခြင်းကို အတုယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ ဇွန် စာ. ၈-၁၃

ဩဂုတ် ၁၇-၂၃၊ ၂၀၂၆

သီချင်း ၉၀ အချင်းချင်း အားပေးကြ

မိတ်ဆွေနှောင်ကြိုး ခိုင်မြဲနေဖို့ လုပ်ဆောင်နိုင်ရာ

“ချစ်ခင်စာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြပါ။”—ကော. ၃:၁၂။

အာရုံစိုက်ရာ

ယုံကြည်သူချင်းတွေနဲ့ ဆက်ဆံရေး ပြတ်တောက်သွားစေနိုင်တဲ့အရာတွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ။

၁။ မိတ်ဆွေစစ်တွေကို ဘယ်မှာ ရှာတွေ့နိုင်သလဲ။

“ဆုံးခန်းနေ့ရက် ခုလိုခေတ်ကြီးထဲမှာ ရှင်သန်နိုင်ဖို့ မလွယ်၊ ကူဖေးမမယ့် မိတ်ဆွေများစွာ တကယ်ကို လိုအပ်လို့နေ။” ဒီစာသားတွေက “မိတ်ဆွေစစ်များ” မူရင်းသီချင်းထဲကပါ။ ဒီစာသားတွေအတိုင်း ခံစားရဖူးသလား။ ယေဟောဝါရဲ့ လူမျိုးအလယ်မှာ မိတ်ဆွေစစ်တွေ ပိုင်ဆိုင်ထားတာ၊ မေတ္တာနဲ့ ရစ်နှောင်ထားတဲ့ ယေဟောဝါရဲ့မိသားစုဝင်ဖြစ်ရတာ ကောင်းချီးတစ်ခုပါပဲ။—ဆာ. ၁၁၉:၆၃။

၂။ ညီအစ်ကို/မတွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုး လိုချင်သလဲ။

၂ ညီအစ်ကို/မတွေနဲ့ အပေါ်ယံလောက်ပဲ သိတာမျိုး ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ အပြန်အလှန်သစ္စာရှိပြီး ရင်းနှီးချစ်ခင်တဲ့ မိတ်ဆွေတွေ ဖြစ်ချင်ကြတယ်။ ယေဟောဝါနဲ့ ယေရှုကို ချစ်ကြတဲ့အတွက် အချင်းချင်း စည်းလုံးနေကြတာ။ (ယော. ၁၃:၃၅) ဒါပေမဲ့ ဒီလိုရင်းနှီးချစ်ခင်မှုမျိုးက သူ့အလိုလိုဖြစ်လာတာတော့ မဟုတ်ဘူး။ ကြိုးစားအားထုတ်ရတယ်။ ကျွန်တော်တို့အားလုံး မစုံလင်ကြလို့ မိတ်ဆွေအချင်းချင်းကြားမှာ မပြေလည်မှုတွေ ရှိလာတတ်တယ်။

၃။ ညီအစ်ကို/မတွေနဲ့ ဆက်ရင်းနှီးနေဖို့ ဘာကြောင့် ခက်နိုင်သလဲ။

၃ မိတ်ဆွေတွေထဲမှာမှ တချို့သူတွေကို ပိုခင်တတ်ကြတာ သဘာဝပါပဲ။ ဘာကြောင့် အဲဒီလိုဖြစ်တာလဲ။ အကြိုက်တူလို့၊ စဉ်းစားတွေးခေါ်ပုံတူလို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ တခြားညီအစ်ကို/မတွေနဲ့တော့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲဖို့ ခက်နေနိုင်တယ်။ အထူးသဖြင့် သဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါ ဖြစ်တယ်။ အကြိုက်မတူ၊ စရိုက်မတူတာ သိလာပြီး ဆက်မပေါင်းချင်တော့တာလည်း ဖြစ်နိုင်တယ်။ ညီအစ်ကို/မတစ်ယောက် ခန္ဓာပိုင်း၊ စိတ်ပိုင်း မကျန်းမာလို့ သူနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဖို့ ခက်တာမျိုးလည်း ရှိနိုင်တယ်။ ခက်ရင်တောင် ဆက်ရင်းနှီးနေနိုင်ဖို့ ယေရှုရဲ့ စံနမူနာက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဦးဆုံးအနေနဲ့ ဘယ်ခရစ်ယာန်အရည်အသွေးတွေက ညီအစ်ကို/မတွေနဲ့ ဆက်ရင်းနှီးနေဖို့ ကူညီပေးနိုင်သလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

မိတ်ဆွေနှောင်ကြိုး ခိုင်မြဲစေတဲ့ ခရစ်ယာန်အရည်အသွေးများ

၄။ ဘယ်လိုနည်းနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲနိုင်မလဲ။

၄ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲနေဖို့ တခြားသူတွေရဲ့ ကောင်းကွက်ကို အာရုံစိုက်ရမယ်။ ညီအစ်ကို/မတွေနဲ့ အချိန်ပေးပေါင်းသင်းတာက သူတို့ရဲ့ကောင်းကွက်တွေကို အာရုံစိုက်မိစေတယ်။ တမန်တော်ပေါလုဆိုရင် “ခင်ဗျားတို့နဲ့ တွေ့ချင်လွန်းလို့ တွေ့ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်” လို့ သက်သာလောနိတ်မြို့က ခရစ်ယာန်တွေဆီ စာရေးခဲ့တယ်။ (၁ သက်. ၂:၁၇) ညီအစ်ကို/မတွေနဲ့ အတူရှိချင်တဲ့ ပေါလုရဲ့ဆန္ဒကို အထင်အရှား တွေ့နိုင်တယ်။ လူချင်းတွေ့ပြီး အချိန်ပေး ပေါင်းသင်းရတာလောက် မိတ်ဆွေနှောင်ကြိုး ခိုင်မြဲစေတာ မရှိပါဘူး။ အဲဒီလိုလုပ်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးအများကြီး ရှိပါတယ်။ အမှုဆောင်လုပ်ငန်းမှာ၊ ပတ်စဉ်အစည်းအဝေးတွေမှာ၊ အစည်းအဝေးကြီးတွေမှာ ဖြစ်တယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ခင်မင်နေရုံနဲ့ အမြဲ ပြေလည်နေကြမယ်လို့တော့ မပြောနိုင်ဘူး။

၅။ မပြေလည်မှုတွေရှိလာတဲ့အခါ မိတ်ဆွေနှောင်ကြိုး ဆက်ခိုင်မြဲနေဖို့ ဘာက ကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။ (ကောလောသဲ ၃:၁၂)

၅ မပြေလည်မှုတွေရှိလာတဲ့အခါ မိတ်ဆွေနှောင်ကြိုး ဆက်ခိုင်မြဲနေဖို့ ခရစ်ယာန်အရည်အသွေးတွေက ကူညီပေးနိုင်တယ်။ (ကောလောသဲ ၃:၁၂ ကို ဖတ်ပါ။) စိတ်နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်းနဲ့ ချစ်ခင်စာနာခြင်း အရည်အသွေးတွေကို မွေးမြူတာက မိတ်ဆွေအချင်းချင်းကြားက ပြဿနာတွေကို ဖြေရှင်းနိုင်စေတယ်။ ကားအင်ဂျင်တစ်လုံးရဲ့ အစိတ်အပိုင်းတွေ ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ ချောဆီလိုသလို မိတ်ဆွေအချင်းချင်း ပြေပြေလည်လည်ရှိဖို့ ခရစ်ယာန်အရည်အသွေးတွေ လိုအပ်တယ်။ မိတ်ဆွေတွေကြားက ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အရာ သုံးခုကို သုံးသပ်ကြည့်ရအောင်။ ယေရှုရဲ့ နှိမ့်ချမှု၊ စိတ်ရှည်မှု၊ ကြင်နာမှု၊ ချစ်ခင်စာနာမှုတို့ကို တုပတာက မိတ်ဆွေစစ်တွေ ဆက်ဖြစ်နေဖို့ ဘယ်လို ကူညီပေးတယ်ဆိုတာကိုလည်း ဆွေးနွေးပါမယ်။

သဘောထားမတိုက်ဆိုင်တဲ့အခါ

၆။ သဘောထားမတိုက်ဆိုင်မှုတွေက မိတ်ဆွေနှောင်ကြိုးကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

၆ ဘာကြောင့် ခက်နိုင်သလဲ။ လူနှစ်ယောက် သဘောထားမတိုက်ဆိုင်တဲ့အခါ နှစ်ယောက်စလုံးက ကိုယ်မှန်တယ်လို့ပဲ ထင်တတ်ကြတယ်။ လယ်ကွင်းအုပ်စု အမှုဆောင်သွားဖို့ စီစဉ်တဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားကွဲလွဲနေတယ်လို့ မြင်ယောင်ကြည့်ပါ။ နှစ်ယောက်စလုံးက ကိုယ့်အမြင် ပိုကောင်းတယ်လို့ ထင်နေကြတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ သဘောထားကွဲလွဲရာကနေ သူတို့ရဲ့ဆက်ဆံရေး ဘာဖြစ်သွားနိုင်သလဲ။ ကိုယ့်မာနကို မိတ်ဆွေနှောင်ကြိုးထက် ရှေ့တန်းတင်မိသွားနိုင်တယ်။ ထုတ်ပြောပြီး ပြေလည်အောင် မကြိုးစားရင် နာကြည်းစိတ်တွေတောင် ဝင်လာနိုင်တယ်။ အသေးအမွှားကိစ္စလေးအတွက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကျဲလာပြီး မိတ်ဆွေနှောင်ကြိုး ပြတ်တောက်သွားနိုင်တယ်။

၇။ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့ ယေရှု ဘယ်လို စံနမူနာကောင်း ပြသလဲ။

၇ ယေရှုရဲ့ နှိမ့်ချမှုကို အတုယူပါ။ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် နှိမ့်ချမှု လိုတယ်လို့ တပည့်တွေကို ယေရှု သင်ပေးတယ်။ တပည့်တွေက ဘယ်သူအကြီးမြတ်ဆုံးလဲဆိုတာ ငြင်းခုံတတ်ကြတယ်။ သူတို့မှာ အမြစ်စွဲနေတဲ့ စိတ်သဘောထားကို ချေဖျက်နိုင်ဖို့ တခြားသူတွေ ကိုယ့်ထက်သာတယ်လို့ မြင်တတ်ဖို့လိုကြောင်း တပည့်တွေကို ယေရှု သတိပေးတယ်။ (မ. ၂၀:၂၅-၂၈) ယေရှုမသေခင် နောက်ဆုံးညမှာတောင် တပည့်တွေရဲ့ခြေ ဆေးပေးပြီး နှိမ့်ချတဲ့နေရာမှာ “စံနမူနာ” ပြခဲ့တယ်။ တကယ်ဆို ဒီလိုအလုပ်မျိုးကို ကျွန်တွေပဲ လုပ်ကြတာ။ (ယော. ၁၃:၃-၅၊ ၁၂-၁၆) မိတ်ဆွေနှောင်ကြိုးခိုင်မြဲဖို့ ဘာလိုတယ်ဆိုတာ တပည့်တွေသိသွားမှာပဲ။ တခြားသူတွေကို ကိုယ့်ထက်ပိုသာတယ်လို့ ရှုမြင်ရင် သဘောထား ကွဲလွဲတဲ့အခါမှာ ပိုပြီး အလျှော့ပေးလိုက်လျောတတ်မယ်။ အမြင်မတူရင်တောင် မိတ်ဆွေတွေအဖြစ် ဆက်ရင်းနှီးနိုင်ကြမယ်။

၈။ သဘောထားကွဲလွဲမှုတွေ ဖြစ်လာတဲ့အခါ နှိမ့်ချတာက ဘာကြောင့် ကောင်းသလဲ။ (ကောလောသဲ ၃:၁၃) (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၈ မိတ်ဆွေနှောင်ကြိုး ဘယ်လို ခိုင်မြဲနေနိုင်မလဲ။ နှိမ့်ချမှုက သေးငယ်တဲ့ သဘောထားကွဲလွဲမှုတွေကို လျစ်လျူရှုဖို့၊ တခြားသူတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ဖို့ ဖြစ်စေတယ်။ (ကောလောသဲ ၃:၁၃ ကို ဖတ်ပါ။) ကိုယ်နဲ့အမြင်မတူတိုင်း စိတ်ဆိုးမာန်ဆိုး မဖြစ်ပါနဲ့။ (ဆာ. ၄:၄) အချင်းချင်း မစာမနာ ပြောမိရင်တောင် လူတိုင်း မှားတတ်တယ်ဆိုတာ သတိရပါ။ (ဒေ. ၇:၂၁၊ ၂၂) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘မိတ်ဆွေနှောင်ကြိုး ခိုင်မြဲဖို့ထက် ကိုယ်မှန်ကြောင်း သက်သေပြဖို့က ပိုအရေးကြီးလို့လား။’ တခြားသူတွေ ဖြစ်ချင်တာကိုလည်း လိုက်လျောပေးနိုင်တယ်။ သဘောထားကွဲလွဲတာကိုပဲ တွေးနေတာ၊ ပြန်အစဖော်တာမျိုး မလုပ်ဘဲ ရှေ့ဆက်မယ်ဆိုရင် စိတ်ငြိမ်သက်မယ်။

ရုပ်ပုံများ– သက်ကြီးညီအစ်ကိုက ယေရှုရဲ့ နှိမ့်ချမှုကို အတုယူနေ။ ၁။ တမန်တော်တစ်ယောက်ရဲ့ ခြေကို ယေရှု ဆေးပေးနေ။ ၂။ အသင်းတော်မြေပုံကို လက်နဲ့ထောက်ပြပြီး လူငယ်ညီအစ်ကို ရှင်းပြနေတာကို သက်ကြီးညီအစ်ကိုက သိပ်ဘဝင်မကျပုံနဲ့ နားထောင်နေ။ ၃။ လူငယ်ညီအစ်ကိုနဲ့ သက်ကြီးညီအစ်ကို အမှုဆောင်မှာ ပျော်ပျော်ရွှင်ရွှင် အတူပါဝင်နေကြ။

နှိမ့်ချမှုက သေးငယ်တဲ့ သဘောထားကွဲလွဲမှုတွေကို လျစ်လျူရှုပြီး ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တတ်စေ (စာပိုဒ် ၈ ကိုကြည့်ပါ)a


၉။ ဖြေရှင်းရခက်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါ နှိမ့်ချတာ ဘာကြောင့် ကောင်းသလဲ။ (ပညာအလိမ္မာ ၁၇:၉)

၉ ဖြေရှင်းရခက်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါလည်း နှိမ့်ချတာက ပြေလည်စေတယ်။ ကိုယ်မှန်တယ်ဆိုတာပြဖို့ ငြင်းခုံတာမျိုး မလုပ်ပါနဲ့။ (ပညာအလိမ္မာ ၁၇:၉ ကို ဖတ်ပါ။ ၁ ကော. ၆:၇) ရင်းနှီးမှု မပြိုကွဲသွားဖို့ အရေးကြီးတယ်ဆိုတာ သတိရပါ။ ပြဿနာပြေလည်ဖို့ ရည်ရွယ်ချက်နဲ့ မေတ္တာပါပါ ဖြေရှင်းလိုက်ကြလို့ ပြေလည်သွားကြသူတွေ အများကြီးပါ။ (ဆာ. ၃၄:၁၄) ‘ငါတို့တွေ ရင်းနှီးခဲ့ကြတာ ကြာပြီပဲလေ။ ဘယ်ကနေဘယ်လို အဆင်မပြေ ဖြစ်သွားရတာလဲ။ ဖြေရှင်းလိုက်ကြရင် မကောင်းဘူးလား’ လို့ စကားစနိုင်တယ်။ ကိုယ့်ဘက်ကလည်း အမှားမကင်းဘူးဆိုတာ ဝန်ခံပါ။ သူ့ကို ထိခိုက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ကြောင်းလည်း ပြောပါ။ သူ့ဘက်က ကိုယ့်ကို တောင်းပန်လာရင် နှိမ့်ချမှုရှိရှိ ခွင့်လွှတ်ပေးလိုက်ပါ။ (လု. ၁၇:၃၊ ၄) ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ သက်သေပြဖို့ မဟုတ်ဘဲ ပြဿနာပြေလည်ဖို့၊ ဆက်ရင်းနှီးနေဖို့က အရေးကြီးပါတယ်။—ပညာ. ၁၈:၂၄။

အကြိုက်ချင်း၊ စရိုက်ချင်း မတူတဲ့အခါ

၁၀။ တခြားသူတွေနဲ့ ဆက်ရင်းနှီးနေဖို့ ဘာကြောင့် ခက်နိုင်သလဲ။

၁၀ ဘာကြောင့် ခက်နိုင်သလဲ။ ကိုယ်နဲ့ အကြိုက်ချင်း၊ စရိုက်ချင်းမတူတဲ့ ညီအစ်ကို/မတွေနဲ့ ဆက်ရင်းနှီးဖို့ ခက်နိုင်တယ်။ တချို့သူတွေရဲ့ နေပုံထိုင်ပုံ၊ ပြုမူပြောဆိုပုံတွေက ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ အတိတ်မှာ ကြုံခဲ့ရတဲ့ အရာတွေကြောင့် တခြားသူတွေနဲ့ မတူကွဲထွက်နေတာ၊ ကြီးပြင်းလာတဲ့နောက်ခံကြောင့် အနေအေးပြီး ခံစားချက်တွေကို သိပ်ထုတ်မပြောတတ်တာ ဒါမှမဟုတ် ပွင့်လင်းလွန်းတာတွေကြောင့် ပေါင်းသင်းဆက်ဆံရခက်နိုင်တယ်။ ကိုယ်နဲ့ စရိုက်ချင်း လုံးဝ ကွဲထွက်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဥပမာ၊ ကိုယ်ကတော့ စကားပြောနေရရင် ကျေနပ်နေပေမဲ့ တစ်ဖက်လူက အရှက်အကြောက်ကြီးပြီး ခပ်အေးအေး နေချင်တာမျိုး ဖြစ်တယ်။

၁၁။ စိတ်နေသဘောထား မတူတဲ့သူတွေနဲ့ ဘာကြောင့် ယေရှု ဆက်ရင်းနှီးနိုင်တာလဲ။

၁၁ ယေရှုရဲ့ စိတ်ရှည်မှုကို အတုယူပါ။ ယေရှုဟာ မိမိနဲ့ စိတ်နေသဘောထား မတူတဲ့သူတွေနဲ့တောင် မိတ်ဆွေဖြစ်ခဲ့တယ်။ ဥပမာ၊ တမန်တော် ယာကုပ်နဲ့ ယောဟန်ဟာ ရည်မှန်းချက်ကြီးပြီး ဘုရားနိုင်ငံတော်မှာ ထင်ပေါ်တဲ့နေရာ လိုချင်ကြတယ်။ (မာ. ၁၀:၃၅-၃၇) ယေရှုကျတော့ ကောင်းကင်မှာရှိတဲ့ ကြီးမြတ်တဲ့ရာထူးနဲ့ အရေးပါတဲ့ တာဝန်ကို စွန့်လွှတ်ပြီး မြေကြီးပေါ် ဆင်းလာတယ်။ (ဖိ. ၂:၅-၈) ဒီသဘောထားနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ဆီနဲ့ရေလိုပါပဲ။ ဒါတောင် ယာကုပ်နဲ့ ယောဟန်ကို ယေရှု စိတ်ရှည်ခဲ့တယ်။

၁၂။ မိတ်ဆွေတွေအပေါ် ယေရှု ဘာကြောင့် စိတ်ရှည်နိုင်သလဲ။

၁၂ ယေရှုက မိတ်ဆွေတွေဆီကနေ အများကြီး မမျှော်လင့်ဘူး။ နောက်လိုက် တော်တော်များများလည်း ယာကုပ်နဲ့ ယောဟန်လို ဘယ်သူကြီးမြတ်သလဲဆိုတာ ငြင်းခုံတတ်ကြမှန်း ယေရှု သိတယ်။ (မာ. ၉:၃၄) သူတို့လိုပဲ ယေရှုလည်း ရာထူး၊ ထင်ပေါ်ကျော်ကြားမှုကို အလေးထားတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အတွက် သူတို့ရဲ့ စဉ်းစားပုံကို ယေရှု ကောင်းကောင်း နားလည်တယ်။ ဒါပေမဲ့ သူတို့အပေါ် စိတ်ရှည်တယ်။ ဂုဏ်မက်ပြီး ရည်မှန်းချက်ကြီးတဲ့သဘောထားကို အမြစ်ပါမကျန် ထုတ်ပစ်ဖို့ အချိန်ပေးတယ်။—မာ. ၁၀:၄၂-၄၅။

၁၃။ စိတ်ရှည်တာက မိတ်ဆွေနှောင်ကြိုးကို ဘယ်လိုခိုင်မြဲစေသလဲ။ (ဧဖက် ၄:၂)

၁၃ မိတ်ဆွေနှောင်ကြိုး ဘယ်လို ခိုင်မြဲနေနိုင်မလဲ။ တခြားသူတွေရဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ၊ အပြောအဆိုတွေအပေါ် စိတ်ရှည်နိုင်အောင် အစွမ်းကုန် ကြိုးစားပါ။ (ပညာ. ၁၄:၂၉) ကျွန်တော်တို့ ယောက်တိုင်းစီမှာ တခြားသူတွေနဲ့မတူတဲ့ ပင်ကိုယ်စရိုက်တွေ ရှိကြတယ်။ ပင်ကိုယ်စရိုက်တိုင်းကတော့ ချွတ်ယွင်းချက် မဟုတ်ပါဘူး။ ကိုယ့်ကို တခြားသူတွေ လက်ခံပေးတာ ကျွန်တော်တို့ နှစ်သက် တန်ဖိုးထားကြတယ်။ (ဧဖက် ၄:၂ ကို ဖတ်ပါ။) ဒါကြောင့် တခြားသူတွေကိုလည်း နားလည်လက်ခံပေးပါ။ အနေအေးပြီး ရှက်တတ်တဲ့သူတွေဆိုရင် စကားစမြည်ပြောဖို့ ဘယ်လောက်ကြိုးစားရမလဲ စဉ်းစားပါ။ တက်ကြွဖျတ်လတ်ပြီး စကားများများပြောတဲ့သူတွေကိုဆိုရင်တော့ စိတ်ရှည်ပေးပါ။ ညီအစ်ကို/မတိုင်းနဲ့တော့ အရင်းနှီးဆုံး မိတ်ဆွေတွေ မဖြစ်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အကျင့်စရိုက်မတူသူတွေဖြစ်ပါစေ အတူပူးပေါင်းပြီး ယေဟောဝါအတွက် အမှုဆောင်နိုင်ပါတယ်။

၁၄။ စိတ်ရှည်မယ်ဆိုရင် ဘာကို အာရုံစိုက်မလဲ။

၁၄ စိတ်ရှည်မယ်ဆိုရင် ရင်းနှီးမှုကို အဟန့်အတားဖြစ်စေတဲ့ စရိုက်တွေကို ချက်ချင်း အပြစ်မြင်မိမှာ မဟုတ်ဘူး။ ညီအစ်ကို/မတွေမှာရှိတဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်နိုင်မယ်။ ဥပမာ၊ ယာကုပ်နဲ့ ယောဟန်မှာ ထင်ပေါ်လိုစိတ်ရှိကြတာမှန်ပေမဲ့ တစ်ဖက်ကကြည့်ရင် ဘုရားနိုင်ငံတော်ဟာ အစစ်အမှန်ဖြစ်ကြောင်း သူတို့ယုံကြည်ကြတယ်။ အဲဒီယုံကြည်ခြင်းကို ယေရှုမြင်ပြီး တန်ဖိုးထားခဲ့တယ်။ ဒါကြောင့် တခြားသူတွေရဲ့ ကောင်းကွက်ကို အာရုံစိုက်တာက ယေဟောဝါနဲ့ သားတော်ယေရှုကို တုပနေတာပါပဲ။

၁၅။ အကျင့်စရိုက်ချင်း မတူတဲ့သူတွေနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲနေဖို့ အကူအညီ ဘယ်ကရမလဲ။

၁၅ အကျင့်စရိုက်ချင်းမတူသူတွေနဲ့ မိတ်ဆွေနှောင်ကြိုးခိုင်မြဲနေအောင် ယေဟောဝါဆီ ဆုတောင်းဖို့ အရေးကြီးတယ်။ ဘယ်လိုအခြေအနေမျိုးမှာ တခြားသူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားပါ။ အဲဒီလို အခြေအနေမှာ တည်ငြိမ်နေနိုင်ဖို့ ကြိုဆုတောင်းထားပါ။ ကျွန်တော်တို့အားလုံးမှာ မတူညီတဲ့စရိုက်တွေရှိလို့ ဖြစ်လာနိုင်တဲ့ မပြေလည်မှုတွေကို ဖန်ဆင်းရှင် ယေဟောဝါ ကောင်းကောင်းသိတယ်။ ဒါကြောင့် ဆုတောင်းတဲ့အခါ ခံနိုင်ရည်ဆက်ရှိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ စိတ်မရှည်နိုင်တော့ဘူးလို့ ခံစားရရင် သန့်ရှင်းသောစွမ်းအားတော်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ဒါဆိုရင် ကောင်းကောင်း တုံ့ပြန်နိုင်ပါလိမ့်မယ်။—လု. ၁၁:၁၃။ ဂလ. ၅:၂၂၊ ၂၃။

ညီအစ်ကို/မတွေ ဝေဒနာခံစားနေရတဲ့အခါ

၁၆။ ညီအစ်ကို/မတွေ ဝေဒနာခံစားနေရတဲ့အခါမျိုးမှာ ကျွန်တော်တို့ ဘာအခက် ကြုံရနိုင်သလဲ။

၁၆ ဘာကြောင့် ခက်နိုင်သလဲ။ ညီအစ်ကို/မတွေ ခန္ဓာပိုင်း၊ စိတ်ပိုင်း ဝေဒနာခံစားနေရတဲ့အခါမျိုးမှာ တခြားသူတွေနဲ့ အရောတဝင် မနေချင်တာ၊ ဆတ်ဆတ်ထိမခံ ဖြစ်လာတာ ဒါမှမဟုတ် ကိုယ်ထင်မထားတဲ့နည်းတွေနဲ့ ပြုမူပြောဆိုလာနိုင်တယ်။ သူတို့ရဲ့ အပြုအမူ၊ အပြောအဆိုတွေက ကျွန်တော်တို့ကို စိတ်ကသိကအောက်ဖြစ်စေနိုင်တယ်။ သူတို့ကြောင့် စိတ်ထိခိုက်ရတာတောင် ဖြစ်နိုင်တယ်။ (ယောဘ ၆:၂၊ ၃) ညီအစ်ကို/မတွေ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲဒုက္ခတွေကို မသိတော့ ‘ဒီလို မလုပ်သင့်ဘူး၊ မပြောသင့်ဘူး’ လို့ ပြစ်တင်မိသွားနိုင်တယ်။

၁၇။ မျက်မမြင် ဗာတိမဲကို ယေရှု ကုသပေးခဲ့ပုံကနေ ဘာသင်ယူနိုင်သလဲ။

၁၇ ယေရှုရဲ့ ကြင်နာမှု၊ ချစ်ခင်စာနာမှုကို အတုယူပါ။ ဝေဒနာခံစားနေရသူက သူစိမ်းဖြစ်နေရင်တောင် ယေရှု ကြင်နာတယ်၊ ချစ်ခင်စာနာတယ်။ ဗာတိမဲလို့ခေါ်တဲ့ မျက်မမြင်တစ်ယောက်ကို ယေရှု ဘယ်လို ဆက်ဆံခဲ့သလဲ စဉ်းစားကြည့်ပါ။ ယေရှု ဖြတ်သွားတာကို ကြားတဲ့အခါ ကုသခံချင်လွန်းလို့ အော်ဟစ်ပြီး အကူအညီတောင်းတယ်။ လူတချို့က ဗာတိမဲကို တိတ်တိတ်နေဖို့ ပြောကြပေမဲ့ ပိုလို့တောင် အော်တယ်။ သူ့လုပ်ရပ်က တချို့သူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ ယေရှုကတော့ “သနားစိတ်ယိုဖိတ်လာ” ပြီး ဗာတိမဲကို ကြင်ကြင်နာနာ စကားပြောတယ်။ သူ့ယုံကြည်ခြင်းအတွက် ချီးမွမ်းပေးပြီး မျက်စိပြန်မြင်အောင် လုပ်ပေးခဲ့တယ်။ (မ. ၂၀:၃၄။ မာ. ၁၀:၄၆-၅၂) ချစ်ခင်စာနာစိတ်အပြည့်ရှိသူပါပဲ။

၁၈။ ဝေဒနာခံစားနေရတဲ့ ညီအစ်ကို/မတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။ (၁ သက်သာလောနိတ် ၅:၁၄)

၁၈ မိတ်ဆွေနှောင်ကြိုး ဘယ်လို ခိုင်မြဲနေနိုင်မလဲ။ ကြင်နာပါ၊ ချစ်ခင်စာနာပါ။ ဒီအရည်အသွေးတွေရှိမယ်ဆိုရင် ဝေဒနာခံစားနေရတဲ့ ညီအစ်ကို/မတွေကို ‘ကြင်ကြင်နာနာ ပြောဆို’ ဆက်ဆံနိုင်မယ်။ (၁ သက်သာလောနိတ် ၅:၁၄ ကို ဖတ်ပါ။) မိတ်ဆွေစစ်ဟာ “ဒုက္ခရောက်ချိန်မှာ” ကူညီပေးဖို့ အဆင်သင့်ရှိတယ်ဆိုတာ သတိရပါ။ (ပညာ. ၁၇:၁၇) ဝေဒနာခံစားနေရသူကို စာနာ နားလည်ပေးရုံလောက်ပဲ မဟုတ်ဘဲ စိတ်အားတက်လာအောင် အားပေးစကားပြောပါ၊ လက်တွေ့ကျကျ ကူညီပေးပါ။

၁၉။ ကြင်နာကြောင်း၊ ချစ်ခင်စာနာကြောင်း ဘယ်လိုပြနိုင်သလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၁၉ ကြင်နာကြောင်း၊ ချစ်ခင်စာနာကြောင်း လက်တွေ့ကျကျ ဘယ်လိုပြနိုင်သလဲ။ ညီအစ်ကို/မတစ်ယောက်ရဲ့ ဝေဒနာပျောက်ကင်းသွားအောင် ကုသပေးနိုင်စွမ်း ကျွန်တော်တို့မှာ မရှိပေမဲ့ သူဘာတွေကြုံနေရတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာ နားလည်အောင် လုပ်နိုင်တယ်။ (မ. ၇:၁၂။ ၁ ပေ. ၃:၈) သူပြောတာတွေကို ဂရုတစိုက် နားထောင်ပေးနိုင်တယ်။ (ပညာ. ၁၂:၂၅) သင့်တော်တဲ့အချိန်မှာ နှစ်သိမ့်စကား ပြောနိုင်တယ်။ အလျင်စလို ကောက်ချက်ချလိုက်တာမျိုး မလုပ်ပါနဲ့။ (ပညာ. ၁၈:၁၃) အတတ်နိုင်ဆုံး စိတ်ရှည်အောင် ကြိုးစားပါ။ ချွတ်ချော်မှုတွေ ရှိလာတဲ့အခါလည်း နားလည်ခွင့်လွှတ်ပေးပါ။—ဧ. ၄:၃၂။

ရုပ်ပုံများ– ညီအစ်မတစ်ယောက်က နောက်ညီအစ်မတစ်ယောက်ကို နှစ်သိမ့်ပေးနေ။ ၁။ ခံစားချက်ကို ငိုပြီး ရင်ဖွင့်နေတဲ့ သူငယ်ချင်းကို ညီအစ်မက စာနာမှုအပြည့်နဲ့ နားထောင်ပေးနေ။ ၂။ ညီအစ်မက သူငယ်ချင်းဆီ ကိုယ်တိုင်လုပ်ထားတဲ့ ကွတ်ကီးမုန့်တွေ သွားပေးနေ။

ချစ်ခင်စာနာပြီး ကြင်နာတတ်တဲ့မိတ်ဆွေတွေကြောင့် နှစ်သိမ့်မှုရ (စာပိုဒ် ၁၉ ကိုကြည့်ပါ)


၂၀။ သင် ဘယ်လိုမိတ်ဆွေမျိုး ဖြစ်ချင်သလဲ။

၂၀ ညီအစ်ကို/မတွေနဲ့ ရင်းနှီးချစ်ခင်နိုင်ကြတာကို ကျွန်တော်တို့အားလုံး တန်ဖိုးထားကြတယ်။ ဒါပေမဲ့ မစုံလင်မှုကြောင့်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေတွေကြောင့် မရည်ရွယ်ဘဲ တခြားသူတွေ ထိခိုက်နစ်နာအောင် ပြောမိ၊ လုပ်မိသွားနိုင်တယ်။ အဲဒီလိုအခါမျိုးမှာ တခြားညီအစ်ကို/မတွေဘက်က နှိမ့်ချတာ၊ စိတ်ရှည်တာ၊ ကြင်နာတာ၊ ချစ်ခင်စာနာတာ၊ ရင်းနှီးခင်မင်ပေးတာ လိုချင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း အဲဒီလို မိတ်ဆွေမျိုးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားကြရအောင်။

သင် ဘယ်လို ဖြေမလဲ

  • သဘောထားမတိုက်ဆိုင်တဲ့အခါ မိတ်ဆွေနှောင်ကြိုး ဘယ်လို ခိုင်မြဲနေနိုင်သလဲ။

  • အကြိုက်ချင်း၊ စရိုက်ချင်း မတူတဲ့အခါ မိတ်ဆွေနှောင်ကြိုး ဘယ်လို ခိုင်မြဲနေနိုင်သလဲ။

  • ဝေဒနာခံစားနေရတဲ့ ညီအစ်ကို/မတွေနဲ့ မိတ်ဆွေနှောင်ကြိုး ဘယ်လို ခိုင်မြဲနေနိုင်သလဲ။

သီချင်း ၁၂၄ သစ္စာမြဲပါ

a ရုပ်ပုံ အညွှန်း– အမှုဆောင်ရပ်ကွက်ကိစ္စနဲ့ပတ်သက်ပြီး သက်ကြီးညီအစ်ကိုနဲ့ လူငယ်ညီအစ်ကို သဘောထား မတိုက်ဆိုင်ကြ။ ဒါပေမဲ့ နောက်ပိုင်း အမှုဆောင်မှာ အတူ ပါဝင်နေကြ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ