ဩဂုတ် ၁၀-၁၆၊ ၂၀၂၆
သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံရပ်တည်နေကြ
စမ်းသပ်မှုကြုံရချိန်မှာ ဘယ်လို ဆက်သစ္စာစောင့်သိနိုင်မလဲ
“သခင်၊ ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရအသက်ရစေတဲ့ စကားတွေဟာ သခင့်ဆီမှာပဲ ရှိတာပါ။”—ယော. ၆:၆၈။
အာရုံစိုက်ရာ
ဘယ်လိုအခက်အခဲ၊ စမ်းသပ်မှုပဲ ကြုံရကြုံရ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ပါတယ်။
၁-၂။ ကပေရနောင်မြို့မှာ ယေရှုပြောလိုက်တဲ့ စကားကြောင့် ဘာဖြစ်ပျက်သွားသလဲ။
“လူသားရဲ့အသားကို မစားဘူး၊ လူသားရဲ့သွေးကို မသောက်ဘူးဆိုရင် ခင်ဗျားတို့ အသက်ရမှာ မဟုတ်ဘူး။ ကျွန်တော့်အသားကို စားပြီး ကျွန်တော့်သွေးကို သောက်တဲ့သူဟာ ထာဝရအသက်ရလိမ့်မယ်။ သူ့ကို နောက်ဆုံးသောနေ့မှာ ရှင်ပြန်ထမြောက်လာအောင် ကျွန်တော်လုပ်ပေးမယ်။” ကပေရနောင်မြို့မှာ လူတွေကို သွန်သင်ပေးရင်း ယေရှုပြောလိုက်တဲ့စကားတွေပါ။ (ယော. ၆:၅၃၊ ၅၄) ဒီစကားတွေကို တပည့်အများစု မနှစ်မြို့ကြဘူး။ “သူပြောနေတာတွေက လန့်စရာကြီးပါလား။ ဘယ်သူနားခံနိုင်မှာလဲ” လို့ ညည်းကြတယ်။—ယော. ၆:၆၀။
၂ ယေရှုစကားကြောင့် တပည့်တော်တော်များများ စိတ်ပျက်သွားကြပြီး ယေရှုနောက် မလိုက်ကြတော့ဘူး။ သူတို့မှာ ယုံကြည်ခြင်း လုံးဝမရှိလို့လား။ မဟုတ်ပါဘူး။ ဒီလိုမဖြစ်ခင်လေးမှာ ယေရှုရဲ့လုပ်ရပ်ကိုမြင်ပြီး “သူဟာ လူ့လောကမှာ ပေါ်ထွန်းလာမယ့် ပရောဖက်ပဲ ဖြစ်ရမယ်” လို့ သူတို့ပဲ ပြောခဲ့ကြတာ။ (ယော. ၆:၁၄) ဒါကြောင့် သူတို့မှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်ခြင်းရှိတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ယေရှုပြောတာကို သူတို့နားမလည်တဲ့အခါ ဆက်သစ္စာမရှိကြတော့ဘူး။
၃။ ယေရှုရဲ့စကားကို တမန်တော်တွေ ဘယ်လို တုံ့ပြန်ကြသလဲ၊ ဘာကြောင့်လဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၃ တမန်တော်တွေကတော့ ဆက်သစ္စာရှိကြတယ်။ “ခင်ဗျားတို့ကော ထွက်သွားချင်သလား” လို့ ယေရှု မေးတဲ့အခါ ရှိမုန်ပေတရုက “သခင်၊ ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရအသက်ရစေတဲ့စကားတွေဟာ သခင့်ဆီမှာပဲ ရှိတာပါ။ သခင်ဟာ ဘုရားသခင်ဆီကလာတဲ့ သန့်ရှင်းသူဖြစ်မှန်း ကျွန်တော်တို့ သိပါတယ်။ ယုံလည်းယုံပါတယ်” လို့ဖြေတယ်။ (ယော. ၆:၆၈၊ ၆၉) ကျွန်တော့်အသားကို စားပြီး ကျွန်တော့်သွေးကို သောက်ရမယ်လို့ ယေရှုပြောတဲ့စကားကို ပေတရုနဲ့ တခြားတမန်တော်တွေ နားလည်တယ်လို့ မပြောထားဘူး။ ဒါပေမဲ့ ယေရှုအပေါ် ဆက်သစ္စာရှိခဲ့ကြတယ်။ ဘာကြောင့် အခုလို ဆက်သစ္စာရှိနိုင်တာလဲ။ ယေရှုဟာ “ဘုရားသခင် စေလွှတ်လိုက်တဲ့ ခရစ်တော်” ဖြစ်ကြောင်း အခိုင်အမာယုံကြည်ထားကြလို့ပါ။—လု. ၉:၂၀၊ ၃၅။
နောက်လိုက်တွေ ယေရှုကို စွန့်ခွာသွားပေမဲ့ ပေတရုနဲ့ တခြားတမန်တော်တွေကတော့ ဆက်သစ္စာရှိခဲ့ကြ (စာပိုဒ် ၃ ကိုကြည့်ပါ)
၄။ ဘယ်လိုစမ်းသပ်မှုမျိုး ကြုံရနိုင်သလဲ။
၄ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုလည်း နည်းမျိုးစုံနဲ့ စမ်းသပ်ခံရနိုင်တယ်။ ဥပမာ၊ ကျမ်းချက်တစ်ချက် နားလည်မှု ပြောင်းသွားတဲ့အခါ၊ ဟောပြောသွန်သင်တဲ့ နည်းလမ်းတွေ ပြောင်းသွားတဲ့အခါ ဖြစ်နိုင်တယ်။ အဖြစ်ဆိုးတစ်ခုခုကြုံရတဲ့အခါ ယေဟောဝါ ဘာလို့ ခွင့်ပြုရတာလဲလို့ နားမလည်ဖြစ်နေနိုင်တယ်။ ရင်းနှီးတဲ့ ယုံကြည်သူချင်းတစ်ယောက်ကြောင့် စိတ်ထိခိုက်ရနိုင်တယ်။ ကိုယ်လေးစားရတဲ့သူတစ်ယောက်ရဲ့ မမျှမတ ဆက်ဆံတာ ခံရနိုင်တယ်။
၅။ ဘာကြောင့် ယုံကြည်ခြင်းအုတ်မြစ် ခိုင်ခံ့နေဖို့ လိုသလဲ။ ဥပမာပေးပါ။ (ကောလောသဲ ၁:၂၃)
၅ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ အဆောက်အဦတစ်ခု ငလျင်ဒဏ်၊ မုန်တိုင်းဒဏ်ခံနိုင်ဖို့ဆိုရင် အုတ်မြစ် ခိုင်ခိုင်မာမာချထားရမယ်။ အလားတူ၊ ခက်ခဲတဲ့အခြေအနေတွေမှာ ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိနိုင်ဖို့ဆိုရင် ယုံကြည်ခြင်းအုတ်မြစ် ခိုင်ခံ့နေဖို့လိုတယ်။ ယုံကြည်ခြင်းအုတ်မြစ် ခိုင်ခံ့နေမယ်ဆိုရင် ပြင်းထန်တဲ့စမ်းသပ်မှုတွေ ရင်ဆိုင်ရရင်တောင် ပြိုလဲသွားမှာမဟုတ်ဘူး။—၁ ကော. ၁၅:၅၈။ ကောလောသဲ ၁:၂၃ ကို ဖတ်ပါ။
၆။ တမန်တော်တွေ ယေရှုအပေါ် ဘာကြောင့် သစ္စာစောင့်သိနိုင်တာလဲ။
၆ လူတော်တော်များများ ယေရှုကို စွန့်ခွာသွားကြပေမဲ့ တမန်တော်တွေ ဘာကြောင့် ဆက်သစ္စာရှိနိုင်ခဲ့တာလဲ။ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်ပြီး ဝတ်ပြုမှုကို ရထိုက်ကြောင်း ယုံကြည်လို့၊ ယေရှုဟာ ယေဟောဝါ စေလွှတ်လိုက်တဲ့သူဖြစ်ပြီး သူ့စကားကို နာခံမယ်ဆိုရင် ထာဝရအသက်ရမယ်ဆိုတာ ယုံကြည်လို့ ဖြစ်တယ်။ ယေရှုရဲ့လုပ်ဆောင်မှုတွေကို ယေဟောဝါ အပြည့်အဝ ထောက်မပေးနေတယ်ဆိုတာလည်း သိထားကြတယ်။ အခု၊ ဘယ်လိုစမ်းသပ်မှုကိုပဲကြုံကြုံ အခိုင်အမာရပ်တည်နိုင်ဖို့ ထောက်ကူပေးမယ့် အချက်သုံးချက်အကြောင်း ဆွေးနွေးရအောင်။ (၁) ယေဟောဝါဟာ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်ဖြစ်တယ်။ (၂) ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတယ်။ (၃) အဖွဲ့အစည်းကို သုံးပြီး မိမိကျေးကျွန်တွေကို ယေဟောဝါ ထောက်မပေးနေတယ်။
ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်
၇။ ဗျာဒိတ် ၄:၁၁ ကနေ ဘာသိရသလဲ။ စမ်းသပ်မှုရင်ဆိုင်ရတဲ့အခါ ဘာဖြစ်နိုင်သလဲ။
၇ ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။ ယေဟောဝါဟာ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင် ဖြစ်တဲ့အတွက် ကိုးကွယ်ခံထိုက်တယ်။ ဘုရားရဲ့ အံ့ဖွယ်တန်ခိုးအကြောင်း စဉ်းစားရင် ဘယ်လို စမ်းသပ်မှုပဲ ကြုံရပါစေ ကိုယ်တော်ကူညီပေးနိုင်တယ်ဆိုတာ စိတ်ချလာမယ်။ ဒါပေမဲ့ ဘုရားရှိတယ်ဆိုတာ လူတွေ သံသယဖြစ်အောင် စာတန် အလိမ်အညာတွေ ဖြန့်တယ်။ သိပ္ပံပညာရှင်တချို့တောင် သက်ရှိတွေ အလိုအလျောက် ဖြစ်လာတယ်လို့ ယုံကြတယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တယ်၊ ကျွန်တော်တို့ကို ချစ်တယ်ဆိုတာ အကြွင်းမဲ့ မယုံကြည်ဘူးဆိုရင် စမ်းသပ်မှုကြုံရတဲ့အခါ ယေဟောဝါ တကယ်တည်ရှိတယ်၊ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုတာကို သံသယဝင်လာနိုင်တယ်။—ဟီ. ၁၁:၆။
၈-၉။ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာ သံသယဝင်လာရင် ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၈ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာ သံသယဝင်လာရင် ချက်ချင်း လုပ်ရမှာရှိတယ်။ အရာအားလုံးကို ယေဟောဝါဖန်ဆင်းတယ်ဆိုတာ စိတ်ချစေမယ့် အထောက်အထားတွေကို အဖွဲ့အစည်းစာပေတွေမှာ နှံ့နှံ့စပ်စပ် လေ့လာပါ။ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော၊ သက်ရှိများရဲ့ မူလအစ—မေးသင့်မေးထိုက်တဲ့ မေးခွန်း ငါးခု (အင်္ဂလိပ်) စာစောင်တွေမှာ ဖန်ဆင်းခြင်းကို စိတ်ချစေတဲ့ အကြောင်းအရာ တော်တော်များများ တွေ့နိုင်တယ်။ jw.org ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ “အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆောင်းပါးတွဲတွေကိုလည်း လေ့လာနိုင်တယ်။ အမေရိကန်ပြည်ထောင်စုက လူငယ်ညီအစ်မ ဂျက်ဆီကာ ဒီလိုပြောတယ်– “အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာပြီးနောက် အရာခပ်သိမ်းကို ပုံစံပြုတဲ့ ဉာဏ်ကြီးရှင်တစ်ပါး ရှိရမယ်ဆိုတဲ့ အထောက်အထားတွေ တွေ့လာရတယ်။ ဒီအကြောင်းတွေကို သိပြီးသားပဲ။ ဒါပေမဲ့ ပြန်လေ့လာလိုက်တော့ ပိုယုံကြည်စိတ်ချသွားတယ်။” သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ်ကို ပြန်သုံးသပ်တာကလည်း အကျိုးရှိနိုင်တယ်။ ဖတ်ပြီးသားဆိုရင်လည်း ပြန်ဖတ်ကြည့်တာ အကျိုးမယုတ်ပါဘူး။
၉ ဖန်ဆင်းရှင်ရှိတယ်ဆိုတာ ယုံကြည်စိတ်ချစေတဲ့ အထောက်အထားတွေကို ကိုယ်ပိုင်လေ့လာကြည့်ဖို့လည်း ပန်းတိုင်ထားနိုင်တယ်။ ဒါက ယေဟောဝါ အမှန်တကယ်တည်ရှိမှန်း စိတ်ချစေတဲ့အပြင် ယေဟောဝါရဲ့ အရည်အသွေးတွေကို ပိုသိစေမယ်။ (ရော. ၁:၂၀) ဒီ့အပြင် ဘုရားရှိတယ်ဆိုတာ သံသယဝင်နေတဲ့သူတွေကိုလည်း ကူညီပေးနိုင်တယ်။ တကယ်တော့ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတာ စိတ်ချစေမယ့် အထောက်အထားတွေ အများကြီးပါပဲ။
Nebula: IAC/RGO/David Malin Images; fish and car: Mercedes-Benz USA; plane: Kristen Bartlett/University of Florida
သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော စာစောင်ကို ဖတ်ပြီးသားဖြစ်ရင်တောင် ပြန်ဖတ်တာက အကျိုးရှိ (စာပိုဒ် ၈ ကိုကြည့်ပါ)
ယေဟောဝါဟာ ကျမ်းစာရဲ့ အာဘော်ရှင်ဖြစ်
၁၀။ ကျမ်းစာကို ကျွန်တော်တို့ ဘယ်လိုရှုမြင်ကြသလဲ။ (၂ တိမောသေ ၃:၁၆၊ ၁၇)
၁၀ ၂ တိမောသေ ၃:၁၆၊ ၁၇ ကို ဖတ်ပါ။ ကျမ်းစာဆိုတာ လူသားတွေအတွက် ယေဟောဝါဆီကလာတဲ့ သတင်းစကားပါ။ ဘဝအတွက် အရေးကြီးတဲ့ မေးခွန်းတွေရဲ့အဖြေ၊ ယေဟောဝါရဲ့ အလိုတော်၊ လူသားတွေ ရှင်သန်နေရတဲ့ အကြောင်းရင်းတွေကို ကျမ်းစာကနေ သိရတယ်။ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ယေဟောဝါဖြစ်လို့ ကျမ်းစာမှာပါတဲ့ သတင်းစကားကို နားလည်ဖို့၊ လိုက်လျှောက်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ကျမ်းစာဟာ ဘဝအတွက် အရေးကြီးဆုံးစာအုပ်ပါ။
၁၁။ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ယေဟောဝါလို့ ဘာကြောင့် ယုံတာလဲ။
၁၁ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ယေဟောဝါလို့ ဘာကြောင့် ယုံတာလဲ။ အကြောင်းရင်းများစွာ ရှိပါတယ်။ ကျမ်းစာဟာ သမိုင်းအရ တိကျမှန်ကန်တယ်။ (လု. ၃:၁၊ ၂) သိပ္ပံပညာနဲ့လည်း ကိုက်ညီတယ်။ (ယောဘ ၂၆:၇) စာတန်ဖျက်ဆီးဖို့ အမျိုးမျိုး ကြိုးစားတဲ့ကြားက မပျောက်မပျက် တည်ရှိနေတယ်။ သမိုင်းတစ်လျှောက် အဖြန့်ဝေရဆုံးစာအုပ်လည်း ဖြစ်တယ်။ နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်း လူအယောက် ၄၀ ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပေမဲ့ ရှေ့နောက် ညီညွတ်မှုရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးသားခဲ့ပေမဲ့ ဒီနေ့အချိန်အထိ သန်းနဲ့ချီတဲ့သူတွေ အကျိုးရနေကြတယ်။ (ပညာ. ၁၃:၂၀။ ၁၅:၂၁။ မ. ၇:၁၂) ကျမ်းစာမှာပါတဲ့ ကြိုဟောချက်တွေ တကယ်ပြည့်စုံတာကလည်း ကျမ်းစာကို စိတ်ချစေတဲ့ အကြောင်းရင်းပါပဲ။ (ယရ. ၂၃:၁၄) ကျမ်းစာဟာ ဘုရားဆီကလာတယ်ဆိုတာ ရှင်းနေပါတယ်။
၁၂။ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ယေဟောဝါဖြစ်တယ်ဆိုတာ သံသယဝင်လာရင် ဘာလုပ်နိုင်သလဲ။
၁၂ ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ယေဟောဝါဖြစ်တယ်ဆိုတာ သံသယဝင်လာရင် ဘာလုပ်နိုင်သလဲ။ ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ ပြီးနောက် ရှာဖွေလေ့လာပါ။ သက်သေခံမိသားစုမှာ ကြီးပြင်းလာတဲ့ လူငယ်ညီအစ်ကို ဂျော်ဒန် ဒီလိုပြောတယ်– “မိဘတွေ၊ တခြားသူတွေ ပြောတာနဲ့ ကျွန်တော် ချက်ချင်း လက်ခံယုံကြည်သွားတာတော့ မဟုတ်ဘူး။ အမှန်တရားကော တကယ်ဟုတ်ရဲ့လား ကိုယ်တိုင် စဉ်းစားဖို့ အချိန်ယူခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ခါတစ်ခါ မေးခွန်းတွေ ပေါ်လာတယ်။ အဲဒီလိုအချိန်မျိုးမှာ အဖြေရဖို့ အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာတယ်။” ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ယေဟောဝါဖြစ်တယ်ဆိုတာ ပိုယုံအောင်ကြိုးစားလေ ယုံကြည်ခြင်းအုတ်မြစ် ပိုခိုင်မာလေပါပဲ။—၁ ကော. ၃:၁၂၊ ၁၃။
ယေဟောဝါဟာ မိမိကျေးကျွန်တွေကို ထောက်မပေးနေ
၁၃။ ယေဟောဝါသက်သေတွေဟာ ဘုရားရဲ့ကျေးကျွန်တွေ ဖြစ်တယ်ဆိုတာ သံသယဝင်လာရင် ဘာလုပ်နိုင်သလဲ။
၁၃ ယေဟောဝါသက်သေတွေဟာ ဘုရားရဲ့ကျေးကျွန်တွေ ဖြစ်တယ်ဆိုတာ သံသယဝင်လာရင် ဒီအတိုင်း မထားလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ကျမ်းစာစံနှုန်းတွေနဲ့အညီ အတတ်နိုင်ဆုံး အသက်ရှင်ဖို့ကြိုးစားနေတာ ဘယ်သူတွေလဲ။ ဘယ်အဖွဲ့အစည်းရဲ့ ယုံကြည်ချက်တွေက ကျမ်းစာနဲ့ ကိုက်ညီသလဲ။’ (၂ တိ. ၄:၃၊ ၄) ‘ယေဟောဝါရဲ့အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ။’ (မ. ၇:၂၀၊ ၂၁) ဒီမေးခွန်းတွေက သံသယစိတ်တွေကို ချေဖျက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၁၄။ မဿဲ ၂၄:၁၄ ကို ယေဟောဝါသက်သေတွေ ဘယ်လို ပြည့်စုံစေကြသလဲ။
၁၄ ဒီနေ့အချိန်မှာ ဘုရားအလိုတော်ကို ဘယ်သူတွေဆောင်ရွက်နေကြသလဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးကြည့်ပါ– ‘ယေရှုကြိုပြောတဲ့အတိုင်း နောက်ဆုံးကာလမှာ ဟောပြောခြင်းလုပ်ငန်းကို ဘယ်သူတွေ လုပ်နေကြသလဲ။’ (မ. ၂၄:၁၄) အဖြေကတော့ ရှင်းပါတယ်။ ဘုရားက မိမိရဲ့ကျေးကျွန်တွေကိုသုံးပြီး ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်နေတယ်။ နိုင်ငံပေါင်း ၂၄၀ ကျော်မှာ နိုင်ငံတော်သတင်းကောင်း ကြေညာနေတာဆိုလို့ ယေဟောဝါသက်သေတွေပဲ ရှိတယ်။ ဘုရားနိုင်ငံတော် တည်ထောင်ချိန်ကနေ အခုထိဆိုရင် ဟောပြောလာတာ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီ။ ဘုရားလူမျိုးအတွက်တော့ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းက အရေးအကြီးဆုံး အလုပ်ပါပဲ။—မ. ၂၈:၁၉၊ ၂၀။
၁၅။ ဘုရားရဲ့နာမတော်ကို ယေဟောဝါသက်သေတွေ ဘယ်လို ဂုဏ်တင်ကြသလဲ။ (မဿဲ ၆:၉။ ဟေရှာယ ၄၃:၁၀)
၁၅ မဿဲ ၆:၉ နဲ့ ဟေရှာယ ၄၃:၁၀ ကို ဖတ်ပါ။ ယေဟောဝါသက်သေဆိုတဲ့နာမည်ကို ခံယူခွင့်ရထားလို့ ကျွန်တော်တို့ သိပ်ဂုဏ်ယူကြတယ်။ ယေဟောဝါဆိုတဲ့ နာမတော်ကို လူတော်တော်များများ မသိကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဘုရားနာမည်ကို ကျမ်းစာမှာ မူရင်းအတိုင်း ပြန်ထည့်ခဲ့ကြတယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာ ဘုရားနာမည်ကို အကြိမ်ပေါင်း ၇၀၀၀ ကျော် တွေ့နိုင်တယ်။
၁၆။ ယောဟန် ၁၃:၃၄၊ ၃၅ မှာပါတဲ့ ပညတ်ကို ယေဟောဝါသက်သေတွေ လိုက်နာနေတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၆ ယောဟန် ၁၃:၃၄၊ ၃၅ ကို ဖတ်ပါ။ ဒီနေ့ခေတ်မှာ လူများစွာဟာ ညှိနှိုင်းလို့မရသူတွေ၊ မုန်းတီးခက်ထန်သူတွေ ဖြစ်နေကြတယ်။ ယေဟောဝါသက်သေတွေကတော့ လူမျိုး၊ နောက်ခံ၊ ကြီးပြင်းလာပုံ မတူကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်၊ စည်းလုံးကြတယ်။ တခြားဒေသမှာရှိတဲ့ အသင်းတော်တစ်ခုကို သွားလည်ဖူးသလား။ အဲဒီက ညီအစ်ကို/မတွေလည်း စည်းလုံးကြပြီး ချစ်ကြတယ်ဆိုတာ သတိထားမိမှာပါ။ မိမိလူမျိုးနဲ့အတူ ယေဟောဝါရှိနေတယ်ဆိုတာ သိပ်သိသာတယ်။ ဒီအချက်ကို စိတ်စွဲမှတ်ထားရင် စမ်းသပ်မှုတွေ ဘယ်လိုပဲကြုံကြုံ ယေဟောဝါအပေါ် ဆက်ပြီး သစ္စာစောင့်သိနိုင်မယ်။
ယေဟောဝါကြောင့်သာ ကျွန်တော်တို့ အချင်းချင်း စည်းလုံးချစ်ခင်နေကြတာဖြစ် (စာပိုဒ် ၁၆ ကိုကြည့်ပါ)a
ယေဟောဝါကို ဘယ်တော့မှ မစွန့်ခွာပါနဲ့
၁၇-၁၈။ ဘာအခက်အခဲတွေ ကြုံရနိုင်သလဲ။ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။
၁၇ ကျွန်တော်တို့ဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေကြတဲ့အတွက် အခက်အခဲတွေကတော့ ကျိန်းသေ ကြုံတွေ့ရမှာပဲ။ (၂ တိ. ၃:၁၊ ၁၃) ပူပင်သောကရောက်စေတဲ့ အခြေအနေတွေ ကြုံရနိုင်တယ်။ ထွက်ပေါက်မရှိ၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေနိုင်တယ်။ ညီအစ်ကို/မတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆိုကြောင့် စိတ်ထိခိုက်နာကျင်ရနိုင်တယ်။ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ နားမလည်တာ ဖြစ်နိုင်တယ်။
၁၈ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တယ်။ ကျမ်းစာရဲ့ အာဘော်ရှင်လည်း ဖြစ်တယ်။ မိမိကျေးကျွန်တွေ ဖြစ်တဲ့ ယေဟောဝါသက်သေတွေကို ထောက်မပေးနေတယ်။ ဒီအချက်တွေကို ယုံကြည်စိတ်ချနေမယ်ဆိုရင် ကြေကွဲဝမ်းနည်းစရာတွေ၊ စိုးရိမ်ပူပန်စရာတွေ ရှိရင်တောင် ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိနိုင်ပါတယ်။ “ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရအသက်ရစေတဲ့ စကားတွေဟာ သခင့်ဆီမှာပဲ ရှိတာပါ” လို့ ကျွန်တော်တို့လည်း ယေဟောဝါကို ပြောနိုင်ကြပါလိမ့်မယ်။
သီချင်း ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း
a ရုပ်ပုံ အညွှန်း– အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေကြတဲ့ ယုံကြည်သူချင်းတွေကို ဘတ်စကားပေါ်က သားအမိနှစ်ယောက် တွေ့လို့ ဝမ်းသာသွားကြ။