ဇွန် ၁-၇၊ ၂၀၂၆
သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့အကြောင်းများ
အမုန်းခံရရင်တောင် ပျော်ရွှင်နိုင်
‘လူတွေရဲ့အမုန်းခံရတဲ့အခါတိုင်း ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။’—လု. ၆:၂၂။
အာရုံစိုက်ရာ
ယေဟောဝါကို ကိုးကွယ်လို့ လူမုန်းခံရရင်တောင် ပျော်ရွှင်နိုင်ပါတယ်။
၁။ တောင်ပေါ်ဒေသနာမှာ ယေရှု ပြောတဲ့စကားတွေဟာ ဘာကြောင့် ထူးဆန်းနေပုံရသလဲ။
‘လူတွေရဲ့ အမုန်းခံရတဲ့အခါတိုင်း ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်’ လို့ တောင်ပေါ်ဒေသနာမှာ ယေရှု ပြောတယ်။ (လု. ၆:၂၂) လူမုန်းခံရလို့ ပျော်တဲ့သူဆိုတာ မရှိဘူး။ ဒါကြောင့် ယေရှုစကားတွေဟာ ထူးဆန်းနေပုံပဲ။ ယေရှု ဘာကြောင့် အဲဒီလိုပြောသလဲ။ ဒီနေ့ခေတ် ယေရှုနောက်လိုက်တွေဟာ လူမုန်းခံနေကြရလို့ ဒီမေးခွန်းကို စိတ်ဝင်စားသင့်တယ်။ ကျွန်တော်တို့ ဘာကြောင့် အမုန်းခံရသလဲ၊ အမုန်းခံရရင်တောင် ဘာကြောင့် ပျော်နိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
ကျွန်တော်တို့ ဘာကြောင့် အမုန်းခံရသလဲ
၂-၃။ ခရစ်ယာန်စစ်တွေ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။ ဒါကို သိထားတာ ဘာအကျိုးရှိသလဲ။ (ယောဟန် ၁၆:၂၊ ၃)
၂ ယေဟောဝါဘုရားကို ကိုးကွယ်လို့ အမုန်းခံကြရတယ်။ မိမိနောက်လိုက်တွေကို လူတွေ နှိပ်စက်ကြမယ်၊ တချို့ကို သတ်တောင် သတ်ဖြတ်ကြမယ်လို့ ယေရှု ပြောပြီးနောက် “သူတို့က အဖဘုရားကိုရော ကျွန်တော့်ကိုပါ မသိတဲ့အတွက် အဲဒီလိုလုပ်ကြတာ” လို့ ဆက်ပြောတယ်။ (ယောဟန် ၁၆:၂၊ ၃ ကို ဖတ်ပါ။) ဘုရားလူမျိုးကို လူတွေ မုန်းတီးအောင် ဘယ်သူ သွေးထိုးလှုံ့ဆော်နေသလဲ။ “ဒီလောကစနစ်ရဲ့ ဘုရား” စာတန်ပဲ။ (၂ ကော. ၄:၃၊ ၄) စာတန်က ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကို လူတွေ မသိအောင် ဖုံးကွယ်ထားတယ်။ ယေဟောဝါကို သိကျွမ်းပြီး ချစ်မြတ်နိုးသူတွေကို လူတွေ ဆန့်ကျင်အောင် မြှောက်ထိုးပင့်ကော် လုပ်နေတယ်။ (ယော. ၈:၄၂-၄၄) ဒါကို သိထားတာ ဘာအကျိုးရှိသလဲ။ စာတန် လှည့်စားတာ ခံရလို့ လူတွေ ကျွန်တော်တို့ကို မုန်းတီးတာ ဖြစ်မှန်း သိထားရင် သူတို့ကို မမုန်းမိတော့ဘူး။
၃ ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ထားတဲ့ နိုင်ငံမှာနေတဲ့ ညီအစ်ကို ပါဗယ်a အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုကိုးကွယ်လို့ အဖမ်းခံရ၊ ရက်ရက်စက်စက် ရိုက်နှက်ခံရ၊ လနဲ့ချီ တိုက်ပိတ်ခံခဲ့ရတယ်။ “ထောင်ထဲမှာ အလုပ်လုပ်နေသူအများစုဟာ ကျွန်တော်တို့ကို မုန်းလို့ နှိပ်စက်တာမဟုတ်ပါဘူး။ တာဝန်အရ လုပ်နေတာပါ။ ဒါကြောင့် ကျွန်တော်တို့ နှိပ်စက်ခံရအောင် လုပ်တာက စာတန်နဲ့ နတ်ဆိုးတွေပဲဆိုတာ ပိုရှင်းလာတယ်” လို့ ပါဗယ် ပြောတယ်။ ခရိုအေးရှားနိုင်ငံက ညီအစ်ကိုတစ်ယောက်လည်း မယုံကြည်သူမိဘတွေ ဆိုးဆိုးရွားရွား နှိပ်စက်တာ ခံရတယ်။ ဒါပေမဲ့ “စာတန်ကမှ ကျွန်တော့်ရဲ့ ရန်သူစစ်စစ်။ ကျွန်တော့်မိဘတွေ မဟုတ်ဘူး” လို့ သူပြောတယ်။—ဧ. ၆:၁၂။
၄။ ယေရှုနဲ့ သတေဖန်ဆီကနေ ဘာသင်ယူနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၄ ဆန့်ကျင်သူတွေကို ကျွန်တော်တို့ မမုန်းကြပါဘူး။ သူတို့အတွက် ဆုတောင် တောင်းပေးနိုင်တယ်။ (မ. ၅:၄၄) ဒီကိစ္စမှာ ယေရှုနဲ့ သတေဖန်ဆီကနေ သင်ယူနိုင်တယ်။ မိမိကို ရောမစစ်သားတွေ သစ်တိုင်မှာ သံနဲ့ ရိုက်နေချိန် “အဖ၊ သူတို့ကို ခွင့်လွှတ်ပါ” ဆိုပြီး ယေရှု ဆုတောင်းတယ်။ (လု. ၂၃:၃၄) အထက်အမိန့် လွန်ဆန်ခွင့် မရှိတဲ့ ရောမစစ်သားတွေကို ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးနေတာ။ ဘာသာရေးခေါင်းဆောင်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် မိမိကို သတ်ပစ်ဖို့ အော်နေကြတဲ့ လူအုပ်အတွက် စဉ်းစားပြီး ဆုတောင်းပေးတာလည်း ဖြစ်နိုင်တယ်။ ဘာလုပ်လို့ လုပ်နေမှန်း သူတို့ကိုယ်တိုင် မသိကြဘူးဆိုတာ ယေရှု နားလည်တယ်။ အဲဒီလိုပဲ သတေဖန်လည်း ကိုယ့်ကို ကျောက်ခဲနဲ့ ပေါက်သတ်သူတွေကို ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ (တ. ၇:၅၈-၆၀) ယေရှုနဲ့ သတေဖန်ရဲ့ ဆုတောင်းသံကို ယေဟောဝါ နားညောင်းခဲ့သလား။ နားညောင်းခဲ့တယ်။ ယေရှုကို သတ်ဖို့ တောင်းဆိုခဲ့သူ တော်တော်များများ နောက်ပိုင်းမှာ ပြောင်းလဲလာပြီး ယေရှုကို ယုံကြည်လာကြတယ်၊ နှစ်ခြင်းခံကြတယ်။ (တ. ၂:၃၆-၄၁) သတေဖန်ကို သတ်တဲ့အမှုမှာ အလိုတူအလိုပါ ဖြစ်ခဲ့တဲ့ တာရှုမြို့သား ရှောလုလည်း ခရစ်ယာန် ဖြစ်လာတယ်။ မသိနားမလည်ဘဲ လုပ်မိတာတွေအတွက် ရှောလု ယူကျုံးမရဖြစ်ခဲ့တယ်။—၁ တိ. ၁:၁၃။
မိမိကို ညှဉ်းပန်းနှိပ်စက်သူတွေအတွက် ယေရှုနဲ့ သတေဖန် ဆုတောင်းပေးသလို ကျွန်တော်တို့ကို နှိပ်စက်သူတွေအတွက် ဆုတောင်းပေးနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)
၅။ ဆေဇာရဲ့အဖြစ်ကနေ ဘာသင်ခန်းစာရသလဲ။
၅ ဒီနေ့လည်း ဆန့်ကျင်သူတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးတာကို ယေဟောဝါ နားညောင်းပေးနေတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ နေတဲ့ ညီအစ်ကို ဆေဇာအကြောင်း စဉ်းစားကြည့်ပါ။ ဆေဇာ သက်သေခံ ဖြစ်လာလို့ ဖခင်ဖြစ်သူ အပြင်းအထန် ဆန့်ကျင်တယ်။ “အမေက ဇနီးကောင်း၊ မိခင်ကောင်း ပီသတယ်။ နိုင်ငံတော်ကို အမြဲ ဦးစားထားပေမဲ့ အဖေ့ကို ဘယ်တော့မှ ပစ်မထားဘူး။ အဖေ့ကို လေးစားဖို့ ကျွန်တော်တို့မောင်နှမတွေကို သင်ပေးတယ်။ ဘုရား မနှစ်သက်တာ လုပ်ခိုင်းတာမျိုး မဟုတ်သရွေ့ အဖေ့စကား နားထောင်ဖို့လည်း သင်ပေးတယ်” လို့ ဆေဇာ ပြောတယ်။ နှစ်တွေကြာတော့ ဆေဇာရဲ့ ဖခင် သဘောထားပျော့ပျောင်းလာတယ်။ “တစ်ရက်တော့ ယေဟောဝါဆီ ကျွန်တော် ဆုတောင်းပြီးနောက် ကျမ်းစာလေ့လာမလားလို့ အဖေ့ကို မေးလိုက်တယ်။ လေ့လာကြတာပေါ့လို့ အဖေ ပြန်ဖြေလို့ ကျွန်တော် ပြောမပြတတ်အောင် ဝမ်းသာသွားတယ်” ဆိုပြီး ဆေဇာ ပြောတယ်။ နောက်တော့ ဖခင်ဖြစ်သူ နှစ်ခြင်းခံတယ်။ ဆန့်ကျင်သူတိုင်း အဲဒီလိုပြောင်းလဲလာမယ်လို့ တရားသေ မပြောနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းတွေကြောင့် တချို့ သဘောထားပျော့ပျောင်းလာကြတယ်။ အဲဒီလိုပြောင်းလဲလာတဲ့အတွက် သိပ်ဝမ်းသာရတယ်။ အဲဒီလိုလူတွေကို ကရုဏာကြီးမားတဲ့ “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” ယေဟောဝါ ဘယ်လို ဆွဲဆောင်မလဲဆိုတာ ကျွန်တော်တို့ သိပ်စိတ်ဝင်စားကြပါတယ်။—က. ၁၈:၂၅။
၆။ မာကု ၁၃:၁၃ အရ ကျွန်တော်တို့ လူမုန်းခံရတဲ့ အကြောင်းရင်း နောက်တစ်ခုက ဘာလဲ။
၆ ယေရှုကို ထောက်ခံလို့ အမုန်းခံကြရတယ်။ “ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မာကု ၁၃:၁၃ ကို ဖတ်ပါ။) “ကျွန်တော့်နာမည်” ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘုရားနိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ယေရှုရဲ့ ဂုဏ်ပုဒ်နဲ့ အခွင့်အာဏာကို ဆိုလိုတယ်။ ယေရှုဟာ ၁၉၁၄ ခုနှစ်ကတည်းက ဘုရားနိုင်ငံတော်ရဲ့ ဘုရင်အဖြစ် အုပ်ချုပ်နေပြီ။ ဘုရင်အဖြစ် ယေဟောဝါ ရွေးချယ်ထားတဲ့ ယေရှုကို မကိုးစားဘဲ လူသားအုပ်စိုးရှင်တွေကို ကိုးစားသူတွေကတော့ ကျွန်တော်တို့ကို မုန်းကြတယ်။ ဒါပေမဲ့ မကြာခင် လူ့အစိုးရအားလုံးကို ယေရှု ဖယ်ရှားပါတော့မယ်။
၇-၈။ ဘုရားကျေးကျွန်တချို့ ဘာကြောင့် အမုန်းခံရသလဲ။ (ယောဟန် ၁၅:၁၈-၂၀) (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၇ စာတန့်လောကနဲ့ မပတ်သက်လို့ အမုန်းခံကြရတယ်။ “ဒီလောကနဲ့ ဘာမှ မပတ်သက်” လို့ မိမိနောက်လိုက်တွေ အမုန်းခံရမယ်ဆိုပြီး ယေရှု ပြောတယ်။ (ယောဟန် ၁၅:၁၈-၂၀ ကို ဖတ်ပါ။) ဘုရားတရားမဲ့လောကရဲ့ သဘောထား၊ အမူအကျင့်၊ အပြောအဆိုတွေကို ပထမရာစု ခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့ ရှောင်ကြတယ်။ ဒါကြောင့် ညီအစ်ကို/မများစွာဟာ အလုပ်မှာ၊ ကျောင်းမှာ ကဲ့ရဲ့လှောင်ပြောင်ခံကြရတယ်။ (၁ ပေ. ၄:၃၊ ၄) ဒါပေမဲ့ ဆန့်ကျင်သူတချို့ သဘောထားပြောင်းလဲပြီး ကျွန်တော်တို့ကို လေးစားလာကြတာ ဝမ်းသာစရာပါပဲ။
၈ ဗဟိုအမေရိကမှာ နေတဲ့ ညီအစ်ကို အက်နာစီယိုအကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာစံနှုန်းအတိုင်း နေထိုင်လို့ ကျောင်းမှာ နှစ်အတော်ကြာ လှောင်ပြောင်သရော်ခံရတယ်။ အဲဒီအထဲမှာ ကျောင်းဆရာတစ်ယောက်လည်းပါတယ်။ ဒါပေမဲ့ ဝိုင်းလှောင်ပြောင်သရော်ကြတာတောင် ဘာကြောင့် စာရိတ္တကောင်းနေနိုင်တာလဲဆိုပြီး အက်နာစီယို ကျောင်းမပြီးခင်မှာ ဆရာက မေးတယ်။ ကျမ်းစာစံနှုန်းတွေဟာ မိမိဘဝအတွက် အကာအကွယ် ဖြစ်ကြောင်း အက်နာစီယို ရှင်းပြတယ်။ ပြီးတော့ အသင်းတော်အစည်းအဝေး လာတက်ဖို့ ဆရာကို ဖိတ်လိုက်တယ်။ ဆရာ အစည်းအဝေး လာတက်လို့ အက်နာစီယို အံ့သြသွားတယ်။ ညီအစ်ကို/မတွေ ရင်းနှီးဖော်ရွေကြတာကို ဆရာ နှစ်သက်သွားပြီး အစည်းအဝေးတွေ ဆက်တက်တယ်။ ကျမ်းစာလေ့လာလို့ ဆရာကိုယ်တိုင်လည်း ဆန့်ကျင်မှုတွေ ကြုံလာရတယ်။ ဒါပေမဲ့ တဖြည်းဖြည်း တိုးတက်လာပြီး နှစ်ခြင်းခံလိုက်တယ်။
အသက်အရွယ် ဘယ်လိုပဲရှိပါစေ ယုံကြည်ချက်အကြောင်း သတ္တိရှိရှိ ခုခံပြောဆိုနိုင် (စာပိုဒ် ၈ ကို ကြည့်ပါ)b
၉-၁၀။ (က) စာတန့်လောကမှာ ခရစ်ယာန်တွေဟာ ဘာကြောင့် တခြားသူတွေနဲ့မတူ ကွဲထွက်နေနိုင်သလဲ။ (ခ) တမန်တော် ပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။
၉ နိုင်ငံရေးနဲ့ စစ်ရေးမှာ ကျွန်တော်တို့ ကြားနေလို့လည်း တခြားသူတွေနဲ့မတူ ကွဲထွက်နေနိုင်တယ်။ (ယော. ၁၈:၃၆) ရောမ ၁၃:၁ မှာ အကြံပေးထားတဲ့အတိုင်း နိုင်ငံသားကောင်းဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ကြားနေကြတယ်။ မဲမပေးကြဘူး။ ရွေးကောက်ပွဲ ဝင်မပြိုင်ကြဘူး။ ဘာကြောင့်လဲ။ ယေဟောဝါကို၊ ခရစ်တော်ရဲ့ နိုင်ငံတော်ကို သစ္စာခံထားကြလို့ပါပဲ။ ယေဟောဝါသက်သေများစွာဟာ ယုံကြည်ချက်ကြောင့် ထောင်ချခံကြရတယ်။ ထောင်ချခံရပေမဲ့ သူတို့ ဆက်ဟောပြောကြတယ်။ ဒါက အိမ်အကျယ်ချုပ် ချခံရတဲ့၊ ထောင်ချခံရတဲ့ တမန်တော် ပေါလုကို အတုယူရာရောက်တယ်။ (တ. ၂၄:၂၇။ ၂၈:၁၆၊ ၃၀) ထောင်စောင့်တွေ၊ အရာရှိတွေ၊ ဘုရင်ခံတွေ၊ ဘုရင်တွေ၊ ရောမ ဧကရာဇ် နီရိုရဲ့ အရာရှိတွေအပါအဝင် နားထောင်သူတိုင်းကို ပေါလု သတင်းကောင်း ဆက်ဟောပြောတယ်။—တ. ၉:၁၅။
၁၀ အဲဒီလိုပဲ ထောင်ကျနေတဲ့ ညီအစ်ကို/မတွေဟာ တရားသူကြီးတွေ၊ အစိုးရ အာဏာပိုင်တွေ၊ ထောင်စောင့်တွေအပါအဝင် နားထောင်သူတိုင်းကို ဟောပြောတယ်။ နိုင်ငံရေးမှာ ကြားနေလို့ ထောင်ခြောက်နှစ်ကျော် ကျသွားတဲ့ ညီအစ်ကိုတစ်ယောက်က ထောင်ကျတာကို ပြစ်ဒဏ်လို့ သဘောမထားဘဲ သိုးလို စိတ်ထားရှိသူတွေကို ရှာဖို့ ယေဟောဝါ ပေးတဲ့ တာဝန်လို့ သဘောထားတယ်ဆိုပြီး ပြောတယ်။ သိုးလို စိတ်ထားရှိသူတွေကို ရှာတွေ့ဖို့ ကျွန်တော်တို့ကို ဒီနည်းနဲ့ ယေဟောဝါ သုံးတယ်ဆိုရင်လည်း ဝမ်းသာစရာပါပဲ။ (ကော. ၄:၃) ယေဟောဝါကို ကိုးကွယ်လို့ အမုန်းခံရရင်တောင် ပျော်ရွှင်နေနိုင်တဲ့ တခြားအကြောင်းရင်းတွေကိုလည်း သုံးသပ်ကြည့်ရအောင်။
အမုန်းခံရရင်တောင် ဘာကြောင့် ပျော်နိုင်သလဲ
၁၁။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ယုံကြည်ခြင်း ဘယ်လို ပိုခိုင်မာလာနိုင်သလဲ။ တွေ့ကြုံမှု ပြောပြပါ။
၁၁ ကျွန်တော်တို့ကို လောကက လူတွေ မုန်းတာဟာ ကျမ်းစာကြိုဟောချက် ပြည့်စုံတာ ဖြစ်တယ်။ ပထမဆုံး ကျမ်းစာကြိုဟောချက်မှာ ယေဟောဝါက မိမိကို ချစ်မြတ်နိုးပြီး ကိုးကွယ်သူတွေကို စာတန်နဲ့ သူ့မျိုးနွယ်၊ တစ်နည်းအားဖြင့် စာတန်ရဲ့နောက်လိုက်တွေ မုန်းမယ်လို့ ပြောတယ်။ (က. ၃:၁၅) အဲဒီကြိုဟောချက် တကယ် ပြည့်စုံနေကြောင်း ယေရှု မကြာခဏ ပြောတာကို ခရစ်ဝင်ကျမ်းလေးကျမ်းစလုံးမှာ မှတ်တမ်းတင်ထားတယ်။ (မ. ၁၀:၂၂။ မာ. ၁၃:၉-၁၂။ လု. ၆:၂၂၊ ၂၃။ ယော. ၁၅:၂၀) တခြားကျမ်းရေးသူတွေလည်း အဲဒီလိုပဲပြောကြတယ်။ (၂ တိ. ၃:၁၂။ ယာ. ၁:၂။ ၁ ပေ. ၄:၁၂-၁၄။ ယု. ၃၊ ၁၇-၁၉) ဒါကြောင့် နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ကျွန်တော်တို့ မအံ့ဩကြဘူး။ ကျမ်းစာကြိုဟောချက် ပြည့်စုံနေတာပဲဆိုပြီး ဝမ်းသာကြတယ်။ ဒါက စစ်မှန်တဲ့ ဘုရားကို ကျွန်တော်တို့ ကိုးကွယ်နေတယ်ဆိုတာ စိတ်ချစေတယ်။ ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ထားတဲ့ နိုင်ငံက ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်ပြီဆိုရင် နှိပ်စက်ညှဉ်းပန်းမှုတွေ အနှေးနဲ့အမြန်ဆိုသလို ကြုံလာရမယ်ဆိုတာ သိထားတယ်။ ဒါကြောင့် တကယ်တမ်း နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ မအံ့ဩသလို ကြောက်လည်း မကြောက်ဘူး။” သူ့ကို ဆန့်ကျင်သူတွေထဲမှာ သူ့ခင်ပွန်းလည်း ပါတယ်။ ခင်ပွန်းဖြစ်သူက သူ့ကို နှိပ်စက်တယ်။ ကျမ်းစာအုပ်နဲ့ ကျမ်းစာစာပေတွေ မီးရှို့ပစ်တယ်။ ဒါပေမဲ့ ညီအစ်မ ကြောက်လန့်ပြီး နောက်ဆုတ်သွားမယ့်အစား ယုံကြည်ခြင်းတောင် ပိုခိုင်မာလာတယ်။ (ဟီ. ၁၀:၃၉) “နှိပ်စက်ညှဉ်းပန်းခံရမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတဲ့အတွက် ကြုံရမယ်ဆိုတာ မှန်းထားပြီးသား။ မှန်းထားတဲ့အတိုင်း ကြုံလာရတော့ ဒါ စစ်မှန်တဲ့ ဘာသာတရားပဲဆိုတာ စိတ်ချသွားတယ်” လို့ ပြောတယ်။
၁၂။ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ညီအစ်ကိုတစ်ယောက် ဘာကြောင့် ခံနိုင်ရည် ရှိခဲ့သလဲ။
၁၂ နှိပ်စက်ညှဉ်းပန်းခံရမယ်လို့ မှန်းထားပြီးသား ဖြစ်ပေမဲ့ တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံလာတဲ့အခါ ခံရပ်ဖို့ ခက်နိုင်တယ်။ “စိတ်ဓာတ်ကျမိတဲ့အချိန်တွေ၊ သောကများပြီး ငိုချမိတဲ့အချိန်တွေ ရှိတယ်” လို့ ညီအစ်ကိုတစ်ယောက် သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံ ပြောပြတယ်။ ခံရပ်နိုင်ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။ “ကျွန်တော် အမြဲ ဆုတောင်းတယ်။ မိုးလင်းတာနဲ့ ဆုတောင်းတယ်။ တစ်ရက်တာအတွင်း အခက်အခဲတစ်ခုခု ပေါ်လာတာနဲ့ ဆုတောင်းတယ်။ တခြားသူတွေ အနိုင်ကျင့်လို့ ဒေါသထွက်လာတဲ့အခါ သန့်စင်ခန်းထဲ ပြေးပြီး ဆုတောင်းတယ်” လို့ ပြောတယ်။ သမာဓိစောင့်ထိန်းတဲ့ ကျမ်းစာခေတ်က စံနမူနာတွေ၊ ဒီနေ့ခေတ် စံနမူနာတွေအကြောင်းလည်း သူ တွေးတောဆင်ခြင်တယ်။ ဒီလိုနဲ့ ညီအစ်ကို ခံနိုင်ရည် ရှိခဲ့တယ်။ နောက်လိုက်တွေကို ပေးမယ်လို့ ယေရှု ကတိပေးခဲ့တဲ့ ငြိမ်သက်ခြင်း ခံစားခဲ့ရတယ်။—ယော. ၁၄:၂၇။ ၁၆:၃၃။
၁၃။ အမုန်းဒဏ် ခံနိုင်ဖို့ ဘာက ကူညီပေးမလဲ။
၁၃ အမုန်းတရားထက် ကျွန်တော်တို့ရဲ့ မေတ္တာတရား ပိုအားကြီးတယ်။ ယေရှုဟာ နောက်ဆုံးထွက်သက်အထိ အဖဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်တယ်။ မိတ်ဆွေတွေကိုလည်း ချစ်တယ်။ (ယော. ၁၃:၁။ ၁၅:၁၃) ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ချစ်မယ်ဆိုရင် အမုန်းဒဏ် ခံနိုင်မယ်။ ဘာကြောင့်လဲ။ အဖြေရဖို့ တမန်တော် ပေါလုရဲ့ စံနမူနာကို သုံးသပ်ကြည့်ရအောင်။
၁၄။ အသတ်ခံရတော့မယ်ဆိုတာ သိတာတောင် ပေါလု ဘာကြောင့် သတ္တိရှိသလဲ။
၁၄ ပေါလု အသတ်မခံရခင်မှာ “ဘုရားသခင်က ငါတို့ကို ကြောက်တတ်တဲ့စိတ် ပေးထားတာ မဟုတ်ဘူး။ တန်ခိုးပါတဲ့စိတ်၊ မေတ္တာစိတ် ပေးသနားထားတာ” လို့ တိမောသေဆီ စာရေးတယ်။ (၂ တိ. ၁:၇) ဘာကို ဆိုလိုတာ ဖြစ်မလဲ။ ယေဟောဝါဘုရားကို နှစ်နှစ်ကာကာ ချစ်တဲ့မေတ္တာက ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ခံရပ်စေနိုင်တယ်လို့ ဆိုလိုတာပါ။ (၂ တိ. ၁:၈) ပေါလုလည်း ယေဟောဝါဘုရားကို နှစ်နှစ်ကာကာ ချစ်လို့ အသက်အန္တရာယ် ရှိတာတောင် စစ်မှန်တဲ့ ဝတ်ပြုရေးကို စွန့်မသွားဘဲ သတ္တိရှိရှိ ခံရပ်နိုင်ခဲ့တယ်။—တ. ၂၀:၂၂-၂၄။
၁၅။ အခုအချိန်မှာ ညီအစ်ကို/မ အချင်းချင်း ကိုယ်ကျိုးမငဲ့တဲ့မေတ္တာ ဘယ်လို ပြနေကြသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၅ နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ မယိမ်းမယိုင် ခံရပ်နေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ တကယ်ပဲ ချစ်မြတ်နိုးကြပါတယ်။ ဒီနေ့အချိန်မှာ ညီအစ်ကို/မတချို့ဟာ ကိုယ်တိုင် နှိပ်စက်ခံရနိုင်မှန်း သိတာတောင် မေတ္တာပြနေကြတယ်။ ပေါလုအတွက် အာကုလနဲ့ ပြစ်ကိလ အသက်စွန့်ဖို့ အသင့်ရှိခဲ့သလိုပါပဲ။ (ရော. ၁၆:၃၊ ၄) ဥပမာ၊ ရုရှားမှာ အဖမ်းခံရတဲ့ ယုံကြည်သူချင်းတွေကို အားပေးဖို့ ညီအစ်ကို/မတော်တော်များများ တရားရုံးကို လိုက်သွားကြတယ်။ အဖမ်းခံရတဲ့ ညီအစ်မတစ်ယောက် တရားရုံးမှာ ညီအစ်ကို/မအုပ်လိုက်ကြီးကို တွေ့တဲ့အခါ ဝမ်းသာမဆုံးဖြစ်ပြီး အံ့ဩမှင်တက်သွားတယ်။ ညီအစ်မ အလိုအပ်ဆုံးအချိန်မှာ ညီအစ်ကို/မတွေရဲ့ ကိုယ်ကျိုးမငဲ့တဲ့ မေတ္တာကြောင့် အားရှိသွားရတယ်။ အမုန်းတရားထက် ပိုအားကြီးတဲ့ မေတ္တာတရား ရှိနေတာ ကျွန်တော်တို့အတွက် ကျေနပ်စရာပါပဲ။
ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်၊ ကန့်သတ်ထားရင်တောင် ညီအစ်ကို/မတွေဟာ ကိုယ်ကျိုးမငဲ့တဲ့ မေတ္တာကို တင်ပြကြ (စာပိုဒ် ၁၅ ကို ကြည့်ပါ)c
၁၆။ ယေဟောဝါကို ကိုးကွယ်လို့ မတရားဆက်ဆံခံရသူတွေ ပျော်ရွှင်နိုင်တယ်လို့ တမန်တော် ပေတရု ဘာကြောင့် ပြောသလဲ။ (၁ ပေတရု ၄:၁၄)
၁၆ အမုန်းခံရပေမဲ့ ခံနိုင်ရည်တင်ပြတာက ယေဟောဝါရဲ့ နှစ်သက်မှုရစေတယ်။ (၁ ပေတရု ၄:၁၄ ကို ဖတ်ပါ။) ယေဟောဝါကို ကိုးကွယ်လို့ မတရားဆက်ဆံခံရသူတွေ ပျော်ရွှင်နိုင်တယ်လို့ တမန်တော် ပေတရု ပြောတယ်။ ဘာကြောင့်လဲ။ အဲဒီလိုမတရားဆက်ဆံခံရတာဟာ ကျွန်တော်တို့အပေါ် ‘ဘုရားသခင့် စွမ်းအားတော် သက်ရောက်နေတဲ့’ သက်သေပါပဲ။ ဘုရားနှစ်သက်မှုရတာ၊ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်တာက ဘယ်လို ခံစားရစေတယ်ဆိုတာ ပေတရု ကောင်းကောင်းသိတယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ နောက်ပိုင်းမှာ ပေတရုနဲ့ တခြားတမန်တော်တွေကို သတင်းကောင်း ဟောပြောလို့ဆိုပြီး ဗိမာန်တော်အစောင့်အကြပ်တွေ ဖမ်းသွားကြတယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည်ချက်အကြောင်း ပေတရု ရဲရဲရင့်ရင့် ထုချေပြောဆိုတယ်။ (တ. ၅:၂၄-၂၉) ရိုက်နှက်ခံရပြီးတာတောင် ပေတရုနဲ့ တမန်တော်တွေ မဟောဘဲ မနေခဲ့ကြဘူး။ “ယေရှုရဲ့နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူစရာအဖြစ်” ယူမှတ်ပြီး သူတို့ ဝမ်းမြောက်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်ရင်း ဝမ်းမြောက်နိုင်ပါတယ်။—တ. ၅:၄၀-၄၂။
၁၇။ ယေရှု မသေဆုံးခင်ညမှာ တပည့်တွေကို ဘာပြောသလဲ။
၁၇ ယေရှု မသေဆုံးခင်ညမှာ ‘ကျွန်တော့်ကို ချစ်တဲ့သူကို အဖဘုရားကလည်း ချစ်မှာပဲ။ ကျွန်တော်လည်း သူ့ကို ချစ်တယ်’ လို့ တပည့်တွေကို ပြောတယ်။ (ယော. ၁၄:၂၁) ယေဟောဝါကို ကိုးကွယ်ကြလို့ အချစ်ခံရမယ့် အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ (၂ သက်. ၁:၆-၈) အဲဒီအချိန် မရောက်သေးခင်မှာ အမုန်းခံရရင်တောင် ပျော်ရွှင်နိုင်တဲ့ အကြောင်းရင်းတွေ ရှိတယ်ဆိုတာ သတိရနေကြရအောင်။
သီချင်း ၁၄၉ အောင်ပွဲခံ သီချင်း
a အမည်လွှဲများ။
b ပုံအညွှန်း– ညီအစ်ကို အက်နာစီယိုက ဆရာကို သက်သေခံနေတာကို ပြန်သရုပ်ဖော်ထား။
c ပုံအညွှန်း– ညီအစ်မတစ်ယောက် ယုံကြည်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ထဲခေါ်သွားခံရချိန်မှာ ညီအစ်မကို ညီအစ်ကို/မတွေ အားပေးထောက်မနေပုံကို ပြန်သရုပ်ဖော်ထား။