ကျမ်းစာဇာတ်ကောင်
ဗေနာယလို သတ္တိရှိပြီး သစ္စာစောင့်သိပါ
ဗေနာယဟာ ပုရောဟိတ် ယောယဒရဲ့သားဖြစ်ပြီး ဘုရင်ဒါဝိဒ်နဲ့ ရှောလမုန်တို့အတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ ပုံမှန်အားဖြင့် ပုရောဟိတ်တွေဟာ လက်နက်ကိုင်ဆောင်တာ၊ တိုက်ပွဲမှာပါတာမျိုး မလုပ်ကြဘူး။ ဒါပေမဲ့ ဗေနာယကတော့ သတ္တိရှိရှိ တိုက်ပွဲဝင်တယ်။ ဥပမာ၊ ရေတွင်းထဲဆင်းပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့ဖူးတယ်။ ရန်သူလူထွားကြီးတစ်ယောက်ကိုလည်း သတ်ခဲ့တယ်။ ဒါကြောင့် ဗေနာယကို ဒါဝိဒ် ယုံကြည်စိတ်ချပြီး ကိုယ်ရံတော်အဖြစ် ခန့်အပ်တယ်။—၂ ရှ. ၂၃:၂၀-၂၃။
ဗေနာယဟာ အဗရှလုံနဲ့ အဒေါနိယတို့ ပုန်ကန်ချိန်မှာ ဒါဝိဒ်အပေါ် သစ္စာစောင့်သိတယ်။ (၂ ရှ. ၈:၁၈။ ၁၅:၁၈။ ၁ ဘု. ၁:၈) ဒါဝိဒ် အသက်ကြီးလာလို့ ရှောလမုန်ဆီ ထီးနန်း လွှဲပြောင်းပေးချိန်မှာလည်း ထောက်မကူညီတယ်။ (၁ ဘု. ၁:၃၂-၄၀) တခြားသူတွေ သစ္စာမဲ့ချိန်မှာတောင် ယေဟောဝါနဲ့ ကိုယ်တော် ခန့်အပ်ထားသူတွေအပေါ် သစ္စာစောင့်သိတယ်။
ကျွန်တော်တို့ကော။ ရန်သူကြီး စာတန်နဲ့ အပေါင်းအပါတွေကို တိုက်လှန်တဲ့နေရာမှာ သတ္တိရှိဖို့ လိုတယ်။ ယေဟောဝါရဲ့စံနှုန်းတွေအတိုင်း နေထိုင်သွားဖို့လည်း ဆုံးဖြတ်ထားရမယ်။ (ဧ. ၆:၁၁။ ၁ ပေ. ၅:၈၊ ၉) တချို့သူတွေ ယေဟောဝါကို ကျောခိုင်းသွားတယ်ဆိုရင်တောင် ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိပါ။ ဒါဆိုရင် ကောင်းချီးခံစားရပါလိမ့်မယ်။—၂ ရှ. ၂၂:၂၆။