လျောက်ပတ်သောအဝတ်အစားက ဘုရားသခင်ကို ရိုသေလေးမြတ်ကြောင်းပြ
၁။ ကျွန်ုပ်တို့၏ လာမည့်ခရိုင်စည်းဝေးကြီးအတွက် ကျေးဇူးတင်ကြောင်း မည်သို့ပြသနိုင်သနည်း။
၁ ကျွန်ုပ်တို့သည် မကြာမီ ၂၀၀၃-၂၀၀၄ ခုနှစ် “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးတွင် ယေဟောဝါ၏ဧည့်သည်တော်များဖြစ်ရသည့် အခွင့်ထူးကိုရရှိကြမည်။ ထိုသို့သောကြွယ်ဝသည့် ဝိညာဉ်ရေးစားသောက်ပွဲကြီးသို့ ကျွန်ုပ်တို့ကိုဖိတ်ခေါ်သည့်အတွက် ယေဟောဝါအား မည်မျှကျေးဇူးတင်ဖို့ကောင်းသည်တကား! ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်ပုံအားဖြင့် ကိုယ်တော်အား ရိုသေလေးမြတ်ကြောင်းနှင့် ဝိညာဏပြင်ဆင်ပေးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြသနိုင်ကြသည်။—ဆာ. ၁၁၆:၁၂၊ ၁၇။
၂။ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၂ သန့် ရှင်း၍ စည်းစနစ်ကျနစွာ– ကျွန်ုပ်တို့၏အသွင်အပြင်က သန့်ရှင်း၍ စည်းစနစ်ကျနသော ကျွန်ုပ်တို့၏ဘုရားသခင့် စံနှုန်းများကို ထင်ဟပ်သင့်သည်။ (၁ ကော. ၁၄:၃၃; ၂ ကော. ၇:၁) ကျွန်ုပ်တို့၏ကိုယ်ကာယ၊ ဆံပင်နှင့် လက်သည်း၊ ခြေသည်းတို့သည် သန့်ရှင်းကာ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်သင့်သည်။ ယနေ့ ဖြစ်ကတတ်ဆန်းဝတ်စားဆင်ယင်မှုသည် သမားရိုးကျဖြစ်နေ၏။ သို့သော် နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် သို့မဟုတ် အားကစားအကျော်အမော်တစ်ဦးက ဖိုသီဖတ်သီပုံပေါက်နေသောကြောင့် ခရစ်ယာန်တစ်ဦး ထိုသို့လိုက်တုရန် အကြောင်းမရှိချေ။ ခေတ်စားရာများနောက် ကျွန်ုပ်တို့လိုက်ကြမည်ဆိုလျှင် စစ်မှန်သောဘုရားသခင်၏ အမှုတော်ဆောင်သူများနှင့် မဆောင်သူများစပ်ကြား ကွာခြားချက်ကို လူတို့တွေ့မြင်ရန် ခဲယဉ်းပေမည်။—မာလ. ၃:၁၈။
၃။ ကျွန်ုပ်တို့၏အသွင်အပြင်သည် ၁ တိမောသေ ၂:၉၊ ၁၀ ပါသြဝါဒနှင့်ညီညွတ်ကြောင်း မည်သို့သေချာစေနိုင်သနည်း။
၃ ခရစ်ယာန်ဓမ္မအမှုဆောင်များနှင့် အံဝင်သည့်အဝတ်အစား– တမန်တော်ပေါလုသည် ခရစ်ယာန်ကြီးကြပ်မှူးဖြစ်သူ တိမောသေထံ စာရေးသောအခါ “မိန်းမတို့သည် . . . ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း ကိုယ်ကိုတန်ဆာဆင်” ကြရန် အားပေးခဲ့သည်။ (၁ တိ. ၂:၉၊ ၁၀) ကျွန်ုပ်တို့၏အဝတ်အစားသည် လျောက်ပတ်မှုရှိကြောင်းသေချာစေရန် ဂရုတစိုက်သုံးသပ်ဖို့လို၏။ အဝတ်အစားသည် သပ်ရပ်၊ သန့်ရှင်းကာ ဣန္ဒြေရှိသင့်၏၊ အမြင်ရိုင်းလောက်အောင် တောက်ပြောင်လွန်းပြီး ရာဂစိတ်ကိုဆွပေးသော အဝတ်အစားမျိုးမဖြစ်သင့်ချေ။—၁ ပေ. ၃:၃။
၄၊ ၅။ အဘယ်သတိပေးချက်များကို ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးများ လိုက်နာသင့်သနည်း။
၄ ပေါလုက “ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်” တို့ဖြင့် လွန်ကဲစွာဆင်ယင်ခြင်းမပြုရန်လည်း သတိပေးခဲ့သည်။ (၁ တိ. ၂:၉) လက်ဝတ်ရတနာ၊ မိတ်ကပ်နှင့် အခြားအဆင်တန်ဆာများကို အသုံးပြုရာတွင် ချင့်ချိန်မှုရှိခြင်းသည် ခရစ်ယာန်အမျိုးသမီးများလိုက်လျှောက်ရန် ပညာရှိလမ်းစဉ်ဖြစ်သည်။—သု. ၁၁:၂။
၅ ခရစ်ယာန်အမျိုးသမီးများအား ဦးတည်၍ ပေါလုပေးခဲ့သောသြဝါဒသည် မူအရ ခရစ်ယာန်အမျိုးသားများနှင့်လည်း သက်ဆိုင်၏။ ညီအစ်ကိုများသည် လောက၏စဉ်းစားတွေးခေါ်မှုကို ထင်ဟပ်စေသောပုံစံများအား ရှောင်သင့်သည်။ (၁ ယော. ၂:၁၆) ဥပမာ၊ နိုင်ငံအချို့တွင် အဝတ်အစားပွပွဝတ်ဆင်ခြင်းသည် ခေတ်စားသော်လည်း ဤပုံစံက ဘုရားသခင်၏ ဓမ္မအမှုဆောင်တစ်ဦးအတွက် သင့်လျော်သောအသွင်အပြင်ကို မဖြစ်ပေါ်စေပါ။
၆။ စည်းဝေးကြီးအသွားအပြန်၊ စည်းဝေးကြီးတွင်ရှိနေစဉ်နှင့် နေ့စဉ် အစီအစဉ်များပြီးနောက်တွင် ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှု၌ မြင့်မားသောစံနှုန်းကို အဘယ်ကြောင့်ထိန်းသိမ်းထားသင့်သနည်း။
၆ အပန်းဖြေလှုပ်ရှားမှုများပြုချိန်အတွင်း– အစီအစဉ်ကိုတက်ရောက်နေချိန်တွင် ညီအစ်ကို ညီအစ်မအများစုသည် ဝတ်စားဆင်ယင်မှုကိစ္စတွင် အလွန်ကောင်းသောပုံသက်သေပြခဲ့ကြသည်။ သို့သော် အချို့သူတို့သည် စည်းဝေးကြီးအသွားအပြန်တွင် သို့မဟုတ် အစီအစဉ်များပြီးနောက်ပိုင်း အပန်းဖြေလှုပ်ရှားမှုများပြုချိန်တွင်မူ လျော့ရဲလာကြောင်း မှတ်တမ်းများကဖော်ပြသည်။ အမှန်မှာ ကျွန်ုပ်တို့၏အသွင်အပြင်—အစီအစဉ်အတွင်းဖြစ်စေ၊ အခြားအချိန်များတွင်ဖြစ်စေ—သည် ဘုရားသခင့်လူမျိုးတော်နှင့်ပတ်သက်၍ အခြားသူတို့၏ရှုမြင်ပုံအပေါ် ဩဇာသက်ရောက်သည်။ ကျွန်ုပ်တို့သည် စည်းဝေးကြီးရင်ထိုးကတ်ပြားများ တပ်ဆင်ထားသောကြောင့် ခရစ်ယာန်ဓမ္မအမှုဆောင်များနှင့် အံဝင်သောနည်းဖြင့် အမြဲဝတ်ဆင်သင့်သည်။ ယင်းက များသောအားဖြင့် ကျွန်ုပ်တို့ကိုချီးမွမ်းရန် အခြားသူများအား လှုံ့ဆော်ပေးကာ သက်သေခံရန် လမ်းပွင့်စေသည်။—၁ ကော. ၁၀:၃၁-၃၃။
၇။ ကျွန်ုပ်တို့၏လျောက်ပတ်သောဝတ်စားဆင်ယင်မှုက အခြားသူများအပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။
၇ ဖော်ရွေသောအပြုံးက ကျွန်ုပ်တို့၏မျက်နှာထားကို ပို၍နှစ်သက်ဖွယ်ဖြစ်စေသကဲ့သို့ လျောက်ပတ်သောဝတ်စားဆင်ယင်မှုက ကျွန်ုပ်တို့ဟောပြောသည့်သတင်းနှင့် ကျွန်ုပ်တို့ကိုယ်စားပြုသည့် အဖွဲ့အစည်းကို ဂုဏ်တက်စေသည်။ ဤနှစ် “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးများတွင် ကျွန်ုပ်တို့ကို သတိပြုမိသူအချို့သည် ကျွန်ုပ်တို့ အဘယ်ကြောင့်ထူးခြားကြကြောင်း မေးမြန်းကာ နောက်ဆုံးတွင် ဤသို့ပြောဆိုရန် လှုံ့ဆော်ခံရပေမည်– “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ [ကာ သတိပြုမိ] ၍ သင်တို့နှင့်အတူလိုက်ပါမည်။” (ဇာ. ၈:၂၃) ကျွန်ုပ်တို့တစ်ဦးစီသည် ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်ပုံအားဖြင့် ယေဟောဝါကို ရိုသေလေးမြတ်ကြောင်း ပြနိုင်ကြပါစေ။
[စာမျက်နှာ ၅ ရှိလေးထောင့်ကွက်]
သိက္ခာရှိသောအသွင်အပြင်ပြပါ
▪ ခရီးသွားသည့်အခါ
▪ စည်းဝေးကြီးတွင်
▪ အပန်းဖြေလှုပ်ရှားမှုများပြုချိန်အတွင်း