နှစ်ချုပ်စာအုပ် မှ အကျိုးကျေးဇူး အပြည့်အဝရရှိခြင်း
၂၀၀၃ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်
သုတ္တံ ၂၅:၂၅ တွင်ဖော်ပြထားသည့်အတိုင်း ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်းစကားသည် လန်းဆန်းမှုဖြစ်စေ၏။ သစ္စာနှင့်သတိပညာရှိ ကျေးကျွန်အတန်းအစားက နှစ်စဉ်ထုတ်ဝေသည့် နှစ်ချုပ်စာအုပ်တွင် ထိုသို့သောသတင်းစကား များစွာပါရှိသည်။ နှစ်ချုပ်စာအုပ်သည် ကျွန်ုပ်တို့ရရှိသော အချိန်တန်ဝိညာဉ်အစာ၏အစိတ်အပိုင်းဖြစ်၏။ (မ. ၂၄:၄၅) ပထမဆုံး နှစ်ချုပ်စာအုပ် ကို ၁၉၂၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် နှစ်များတစ်လျှောက် ဒေသခံဘာသာစကားဖြင့် ဘာသာမပြန်ခဲ့သောကြောင့် နှစ်ချုပ်စာအုပ်ကို လူတိုင်းမရနိုင်ခဲ့ချေ။ သို့သော် ဤနှစ်သည် ထူးခြား၏။ ၂၀၀၃ ခုနှစ်တွင် ဘရိုရှာပုံစံဖြင့် နှစ်ချုပ်စာအုပ်ကို ရရှိခြင်းသည် ကျွန်ုပ်တို့အတွက်အခွင့်ထူးဖြစ်၏။ ၎င်းတို့ကို သင် ရရှိခဲ့သလော။ စုစုပေါင်း အပိုင်းသုံးပိုင်းရှိ၏။ ပြင်ဆင်ပေးထားသောအချက်အလက်များကို သင် အချိန်ယူဖတ်ရှုပြီးပြီလော။—သု. ၂၆:၁၅။
ဗေသလတွင် ကျွန်ုပ်တို့၏နံနက်ဝတ်ပြုမှုအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် နှစ်ချုပ်စာအုပ်ကို နှစ်စဉ် အစမှအဆုံးထိ မိသားစုလိုက် ဖတ်ရှုသည့်ထုံးစံရှိသည်။ ကျွန်ုပ်တို့သည် အခြားနိုင်ငံများရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများအကြောင်းဖတ်ရှုရခြင်းနှင့် သူတို့၏တွေ့ကြုံမှုများ ဝေမျှရခြင်းကို အလွန်နှစ်သက်ကြသည်။ မြန်မာနိုင်ငံရှိ များစွာသောသူတို့သည် ခရီးသွားလာကာ အခြားညီအစ်ကိုများနှင့်တွေ့ဆုံရန် အခွင့်အရေးမရရှိကြချေ။ သို့သော် နှစ်ချုပ်စာအုပ် က သင့်အား အိမ်မှမထွက်ခွာဘဲ ထိုသို့ပြုလုပ်နိုင်စေသည်! သင်၏အချိန်ကိုသာ ကုန်ကျခံရန်ဖြစ်သည်။ နှစ်ချုပ်စာအုပ် က သင့်အား ဝေးလံသောဒေသများသို့ ရောက်ရှိရန်နှင့် ယေဟောဝါ၏ အဖွဲ့အစည်းနှင့်စပ်လျဉ်း၍ အသိဉာဏ်ကြွယ်ဝရန် အခွင့်အရေးရရှိစေသည်။ သင်သည် အခြားနိုင်ငံများတွင် မည်သို့သောယဉ်ကျေးမှုနှင့် ထုံးစံများရှိကြောင်း တွေ့ကြုံခံစားနိုင်ကာ ကမ္ဘာတစ်ဝန်းရှိ မိမိ၏လူမျိုးတော်အပေါ် ယေဟောဝါကောင်းချီးပေးနေပုံကို သိမြင်နိုင်သည်။
နှစ်ချုပ်စာအုပ် ဖတ်ရှုခြင်းကို သင့်မိသားစုလေ့လာမှု၏အစိတ်အပိုင်းအဖြစ် ပါဝင်စေနိုင်မည်လော။ သင်၌ မြေပုံစာအုပ် သို့မဟုတ် ကမ္ဘာ့မြေပုံတစ်ခုရှိလျှင် မှတ်တမ်းများတွင် ဆွေးနွေးခဲ့သောဒေသအသီးသီးကို သင့်သားသမီးများအား ရှာစေပါ။ ယင်းတို့သည် မည်သို့သောဒေသမျိုးဖြစ်မည်ကို မြင်ယောင်ရန် သူတို့ကိုကူညီပေးပါ။ မည်သည့်နေရာတွင်ရှိနေပါစေ မိမိလူမျိုးအပေါ် ယေဟောဝါ၏ကာကွယ်စောင့်ရှောက်မှုအတွက် တန်ဖိုးထားမှုကို တည်ဆောက်ပေးပါ။ နှစ်ချုပ်စာအုပ် တွင် သင်ဖတ်ရှုခဲ့သောအရာများကို အခြားသူတို့အား ပြောပြပါ။
သင်တို့၏လုပ်ငန်းတော်ဟောပြောချက်များတွင် အသုံးပြုနိုင်သောအချက်များကို နှစ်ချုပ်စာအုပ် တွင်ရှာဖွေရန်နှင့် အသင်းတော်များသို့ ပတ်စဉ်လည်ပတ်သည့်အခါ မိတ်ဆွေများအား အားရှိစရာတွေ့ကြုံမှုများဝေမျှကြရန် နယ်လှည့်ကြီးကြပ်မှူးများကို ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ညီအစ်ကိုတစ်ဦးသည် ၁၉၈၆ ခုနှစ်တွင် မိမိ၏အသင်းတော်သို့ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးလည်ပတ်မှုကို အမှတ်ရနေဆဲဖြစ်သည်။ သူကဤသို့ပြောပြသည်– “တိုက်နယ်ကြီးကြပ်မှူးဟာ သူ့ရဲ့အဖွင့်ဟောပြောချက်မှာ နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ် ထဲက တွေ့ကြုံမှုတစ်ခုဖြစ်တဲ့ ဟာဝိုင်ယီက ကျေးလက်ဒေသမှာအမှုဆောင်ခဲ့တဲ့ ညီအစ်မတစ်ယောက်အကြောင်းကို ပြောပြခဲ့တယ်။ ညီအစ်မဟာ အမျိုးသားတစ်ဦးနဲ့တွေ့ခဲ့ပြီး အဲဒီသူက သူ့ကိုအော်ပြောရင်း တံခါးကို ဝုန်းခနဲပိတ်လိုက်တယ်။ ညီအစ်မထွက်သွားတဲ့အခါ အဲဒီသူက ဂျာမန်သိုးထိန်းခွေးနှစ်ကောင်ကိုလွှတ်ပြီး ‘သူ့ကိုသွားကိုက်စမ်း’ လို့အမိန့်ပေးလိုက်တယ်။ ညီအစ်မက ခွေးရန်ကနေလွတ်အောင် မပြေးနိုင်ဘူးဆိုတာသိလို့ သူ့ရဲ့လွယ်အိတ်ကိုပဲ အကာအကွယ်လုပ်ပြီး ခွေးတွေဆီ ပြန်လှည့်ရင်ဆိုင်ခဲ့တယ်။ ယေဟောဝါရဲ့နာမကို သူအကြိမ်ကြိမ်တလိုက်သည်။ . . . အဲဒီအနားရောက်တဲ့အခါ တိုက်နယ်ကြီးကြပ်မှူးကရပ်လိုက်ပြီး အဲဒီညီအစ်မ ဘာဖြစ်သွားတယ်ဆိုတာ သိချင်ကြသလားလို့ အသင်းတော်ကိုမေးလိုက်တယ်။ အားလုံးက ‘သိချင်တယ်’ ဆိုတာကို ခေါင်းညိတ်ပြကြတယ်။ ဒါပေမဲ့ တိုက်နယ်ကြီးကြပ်မှူးက ‘နှစ်ချုပ်စာအုပ် စာမျက်နှာ ၅၃ မှာရှာပြီး ကိုယ့်ဘာသာ ဖတ်ကြည့်နိုင်ပါတယ်!’ ဟုပြန်ပြောလိုက်တယ်။” ညီအစ်ကိုက “သူတို့အိမ်ပြန်ရောက်တဲ့အခါ ယောက်တိုင်း ဘာလုပ်ကြမယ်ဆိုတာ မြင်ယောင်ကြည့်နိုင်တယ်” ဟုဆက်ပြောသည်။ မှန်ပါသည်၊ ဤတိုက်နယ်ကြီးကြပ်မှူးသည် နှစ်ချုပ်စာအုပ် အား အသုံးပြုရမည်ကိုသိကာ ၎င်းတွင်ပါသည့်အရာများအတွက် လေးမြတ်မှုကို တည်ဆောက်ပေးခဲ့သည်။
မိသားစုဆွေးနွေးခန်းတစ်ခု၏ အစိတ်အပိုင်းအနေနှင့်ဖြစ်စေ၊ သင့်ကိုယ်ပိုင် ဆင်ခြင်သုံးသပ်မှုအတွက်ဖြစ်စေ အသုံးပြုနိုင်သည့် နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ် နှင့်စပ်လျဉ်းသောမေးခွန်းများကို အောက်တွင်ဖော်ပြထားသည်။ ကျေးဇူးပြု၍ ယင်းအချက်များကို အချိန်ယူသုံးသပ်ပါ။
မှတ်တမ်းများတွင် ကျမ်းစာပရောဖက်ပြုချက်များကို ပြည့်စုံစေသောအဖြစ်အပျက်များအား သင်သတိပြုမိသလော။
နှစ်ချုပ်စာအုပ် ကိုဖတ်ရှုစဉ် မိမိ၏ကျေးကျွန်များအပေါ် ယေဟောဝါ၏ မေတ္တာပါသောဂရုစိုက်မှုဆိုင်ရာ အဘယ်သာဓက,က သင့်ကို အထူးစွဲမှတ်စေခဲ့သနည်း။
ရင်ဆိုင်ခဲ့ရသည့် ခက်ခဲသောအခြေအနေများအပေါ် အခြားတိုင်းပြည်များရှိ ခရစ်ယာန်ချင်းများရှုမြင်ပုံမှ သင် မည်သို့အကျိုးခံစားခဲ့ရသနည်း။
သင်၏ဓမ္မအမှုကို ပိုမိုထိရောက်မှုရှိစေရန် ကူညီပေးနိုင်သည့် သင့်ခရစ်ယာန်ညီအစ်ကိုများ၏တွေ့ကြုံမှုများမှ သင် အဘယ်အရာသိရှိခဲ့ရသနည်း။
ဤစာအုပ်တွင် ဖော်ပြထားသော ယုံကြည်ခြင်းဆိုင်ရာ စံနမူနာများက မည်သည့်နည်းများဖြင့် သင့်အသက်တာအပေါ် အကျိုးသက်ရောက်မှုရှိမည်နည်း။
သင်သည် အခြားသူတစ်ဦးဦးကို ဝေမျှမည်ဆိုလျှင် အကူအညီဖြစ်စေမည်ဟု ယူဆသောကြောင့် မည်သည့်တွေ့ကြုံမှုများကို မှတ်သားထားသနည်း။
ဤခဲယဉ်းသောကာလ၌ နှစ်ချုပ်စာအုပ် သည် အမှန်ပင် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးတွင်ခိုင်ခံ့စေရန် ယေဟောဝါထံမှ အံ့ဖွယ်ပြင်ဆင်ပေးမှုတစ်ခုဖြစ်၏။ (၂ တိ. ၃:၁) ကျွန်ုပ်တို့သည် ယင်းကို ကိုယ်တိုင်ဖတ်ရှုကာ အခြားသူများအား အချက်အလက်များဝေမျှပေးခြင်းဖြင့် ၎င်းမှ အကျိုးအပြည့်အဝခံစားနိုင်ကြပါစေ။