“ခပ်သိမ်းသောအမှုအရာတို့သည်မိမိတို့အချိန်ရှိ၏”
“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။”—ဒေ. ၃:၁။
၁။ မစုံလင်သူများအနေနှင့် အဘယ်အခက်အခဲရှိပြီး ၎င်းသည် အခြေအနေအချို့တွင် မည်သို့ဖြစ်စေခဲ့သနည်း။
“စောစောကတည်းက ငါလုပ်သင့်တာ” ဟုလူတို့ဆိုလေ့ရှိသည်။ သို့မဟုတ် ဖြစ်ပြီးနောက်မှ “ငါစောင့်လိုက်ရင်ကောင်းသား” ဟုဆိုကောင်းဆိုမည်။ ဤသို့သောတုံ့ပြန်မှုများက မစုံလင်သူများအနေနှင့် အရာအချို့ကိုပြုလုပ်ရန် သင့်တော်သည့်အချိန်ဆုံးဖြတ်ဖို့ အခက်အခဲရှိကြောင်းတင်ပြသည်။ ဤအကန့်အသတ်ရှိမှုက ဆက်ဆံရေးများကို ပြိုကွဲပျက်စီးခဲ့ပြီ။ ၎င်းကြောင့် စိတ်ဓာတ်ကျဆင်းမှုနှင့် ရှုံးနိမ့်ခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ အဆိုးဆုံးမှာ ယင်းသည် ယေဟောဝါနှင့် ကိုယ်တော်၏အဖွဲ့အစည်းအပေါ် လူအချို့၏ယုံကြည်အားထားမှု လျော့နည်းစေခဲ့ပြီ။
၂၊ ၃။ (က) ခန့်အပ်ထားချိန်နှင့်စပ်လျဉ်း၍ ယေဟောဝါ၏သတ်မှတ်ချက်ကို လက်ခံခြင်းသည် အဘယ်ကြောင့်ပညာရှိလမ်းစဉ်ဖြစ်သနည်း။ (ခ) ကျမ်းစာပရောဖက်ပြုချက်များပြည့်စုံခြင်းနှင့်ပတ်သက်၍ အဘယ်မျှတသောအမြင်ရှိသင့်သနည်း။
၂ ယေဟောဝါမူကား လူတို့တွင်မရှိသော ဉာဏ်ပညာနှင့်ထိုးထွင်းသိမြင်မှုရှိထားရာ ကိုယ်တော်သိလိုခဲ့သော် မည်သည့်လုပ်ရပ်မဆို၏ရလဒ်ကို ကိုယ်တော်ကြိုတင်သိမြင်နိုင်သည်။ “အဦးမှစ၍ အဆုံးတိုင်အောင်” ကိုယ်တော်သိနိုင်သည်။ (ဟေရှာယ ၄၆:၁၀) ထို့ကြောင့် ကိုယ်တော်သည် မိမိပြုလိုသည့်အဘယ်အရာကိုမဆိုပြုဖို့ အသင့်တော်ဆုံးအချိန်ကို မမှားယွင်းဘဲရွေးချယ်နိုင်သည်။ သို့ဖြစ်သောကြောင့် အချိန်ကို မှားယွင်းစွာနားလည်နိုင်သော မိမိတို့၏သဘောထားကို အားကိုးမည့်အစား ခန့်အပ်ထားချိန်နှင့်စပ်လျဉ်း၍ ယေဟောဝါ၏သတ်မှတ်ချက်ကို လက်ခံခြင်းသည်ပညာရှိ၏!
၃ ဥပမာ၊ ရင့်ကျက်သောခရစ်ယာန်များသည် တစ်စုံတစ်ရာသော ကျမ်းစာပရောဖက်ပြုချက်များပြည့်စုံရန် ယေဟောဝါခန့်အပ်ထားချိန်ကို သစ္စာရှိစွာစောင့်ဆိုင်းကြသည်။ ကိုယ်တော်၏လုပ်ငန်းတော်၌ သူတို့အလုပ်များနေကြစဉ် “ကယ်တင်တော်မူမည်ဟုမျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏” ဟူသော မြည်တမ်းစကား ၃:၂၆ ၏မူကို စိတ်စွဲမှတ်ထားကြသည်။ (ဟဗက္ကုတ် ၃:၁၆ နှိုင်းယှဉ်။) တစ်ချိန်တည်းတွင် ယေဟောဝါ၏တရားစီရင်ရာနေ့သည် “ဆိုင်းသော်လည်း . . . နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်” ကိုသူတို့ယုံကြည်စိတ်ချကြသည်။—ဟဗက္ကုတ် ၂:၃။
၄။ ယေဟောဝါအားစိတ်ရှည်စွာစောင့်ဆိုင်းရန် အာမုတ် ၃:၇ နှင့် မဿဲ ၂၄:၄၅ တို့က ကျွန်ုပ်တို့အား မည်သို့ထောက်ကူသင့်သနည်း။
၄ အခြားတစ်ဖက်တွင်မူ ကင်းမျှော်စင်စာစောင်များ၌ဖော်ပြထားသော ကျမ်းချက် သို့မဟုတ် ရှင်းလင်းချက်အချို့ကို ကျွန်ုပ်တို့အပြည့်အဝနားမလည်လျှင် စိတ်မရှည်ရန်အကြောင်းရှိသလော။ အကျိုးအကြောင်းများကို ရှင်းလင်းဖော်ပြရန် ယေဟောဝါခန့်အပ်ထားချိန်ကို စောင့်ဆိုင်းခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏။ “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ။” (အာမုတ် ၃:၇) အံ့ဖွယ်ကတိတော်ပါတကား! သို့သော် ယေဟောဝါသည် မိမိလျှို့ဝှက်ထားရာများကို ဖော်ပြရန်သင့်လျော်သည်ဟု ကိုယ်တော်ယူဆချိန်၌ ထုတ်ဖော်ပြကြောင်း ကျွန်ုပ်တို့သိထားရမည်။ ထို့အတွက်ကြောင့် ဘုရားသခင်သည် မိမိ၏လူတို့ကို “အချိန်တန်လျှင် [ဝိညာဉ်ရေးရာ] အစားအသောက်တို့ကို” ပေးရန် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ကိုခန့်အပ်ထားသည်။ (မဿဲ ၂၄:၄၅) ထို့ကြောင့် အပြည့်အဝရှင်းလင်းမထားသော အကြောင်းအချို့ကို အလွန်အမင်းပူပန်ခြင်း သို့မဟုတ် စိတ်သောကရောက်ခြင်း ဖြစ်စရာအကြောင်းမရှိပါ။ ယင်းအစား ယေဟောဝါအားစိတ်ရှည်စွာစောင့်ဆိုင်းမည်ဆိုလျှင် “အချိန်တန်” သော်လိုအပ်ရာများကို သစ္စာရှိကျေးကျွန်မှတစ်ဆင့် ကိုယ်တော်ပေးသနားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။
၅။ ဒေ. ၃:၁-၈ ကိုဆင်ခြင်သုံးသပ်ခြင်းသည် အဘယ်အကျိုးရှိသနည်း။
၅ ပညာရှိရှောလမုန်ဘုရင်သည် “အချိန်” ကိုယ်စီရှိကြသော သီးခြားအရာ ၂၈ မျိုးအကြောင်းပြောခဲ့သည်။ (ဒေ. ၃:၁-၈) ရှောလမုန်ပြောခဲ့သောစကား၏ အဓိပ္ပာယ်နှင့်သက်ဆိုင်ပုံတို့ကို နားလည်ထားခြင်းက ဘုရားသခင့်ရှုထောင့်မှ အချို့သောအမှုများကိုပြုလုပ်ရန် အချိန်တန်၊ မတန်ပိုင်းဖြတ်ဖို့ ကူညီပေးပါလိမ့်မည်။ (ဟေဗြဲ ၅:၁၄) သို့ဖြင့် ယင်းနှင့်အညီ ကျွန်ုပ်တို့၏အသက်တာကို ပုံသွင်းခွင့်ရစေပါလိမ့်မည်။
“ငိုရသောအချိန်နှင့် ရယ်ရသောအချိန်”
၆၊ ၇။ (က) အဘယ်အရာက ယနေ့စိတ်ပူပန်တတ်သူတို့ကို “ငိုကြွေး” စေသနည်း။ (ခ) ကမ္ဘာကြီးသည် ယင်း၏စိုးရိမ်ဖွယ်အခြေအနေကို မည်သို့တန်ပြန်ဖို့ကြိုးစားသနည်း။
၆ “ငိုရသောအချိန်နှင့် ရယ်ရသောအချိန်” ရှိသော်လည်း ပထမတစ်ခုထက် ဒုတိယတစ်ခုကို မည်သူပို၍မနှစ်သက်ဘဲနေမည်နည်း။ (ဒေ. ၃:၄) ဝမ်းနည်းစရာမှာ ကျွန်ုပ်တို့သည် အဓိကအားဖြင့် ငိုကြွေးစရာအကြောင်းများပေးသည့် ကမ္ဘာတွင် နေထိုင်ကြရခြင်းဖြစ်သည်။ စိတ်ပျက်ဖွယ်သတင်းများက လူထုဆက်သွယ်ရေးကိုလွှမ်းမိုးလျက်ရှိသည်။ လူငယ်များသည် ကျောင်းတွင် မိမိတို့ကျောင်းနေဖက်များကို သေနတ်ဖြင့်ပစ်သတ်ခြင်း၊ မိမိတို့သားသမီးများကို မိဘများ မတော်မတရားပြုကျင့်ခြင်း၊ အပြစ်မဲ့သူများကို အကြမ်းဖက်သူများက သတ်ဖြတ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရစေခြင်းနှင့် လူ့အသက်နှင့် စည်းစိမ်ဥစ္စာများကို ပျက်စီးစေသည့် သဘာဝဘေးဒဏ်များအကြောင်း ကြားရသည့်အခါ ကျွန်ုပ်တို့ထိတ်လန့်သွားတတ်ကြသည်။ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် ဆာလောင်ငတ်မွတ်နေသည့် မျက်လုံးဟောက်ပက်ဖြစ်နေသော ကလေးငယ်များနှင့် မိမိတို့အခြေကျနေရာမှထွက်ပြေးနေရသော ဒုက္ခသည်များကို ဆက်တိုက်တွေ့နေရသည်။ လူမျိုးစုသန့်စင်ရေး၊ အေအိုင်ဒီအက်စ်၊ ပိုးမွှားစစ်ပွဲနှင့် အယ်လ်နီညိုစသည့် ယခင်ကအကျွမ်းတဝင်မရှိသော စကားလုံးများသည် ယခုအခါ သူ့နည်းသူ့ဟန်ဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ပူပန်စေသည်။
၇ ယနေ့ ကမ္ဘာကြီးသည် ကြေကွဲဖွယ်ဖြစ်ရပ်နှင့် စိတ်ဆင်းရဲစရာများပြည့်နေသည်မှာ သံသယရှိစရာမလိုပါ။ သို့ရာတွင် ထိုအခြေအနေကို အလေးမထားသည့်အလား ဖျော်ဖြေရေးလုပ်ငန်းသည် ပေါ့ပျက်၍အောက်တန်းကျလာကာ အခြားသူများခံနေရသည့် ဆင်းရဲခြင်းကို သတိမပြုမိစေရန်ရည်စူး၍ အကျင့်ပျက်မှုနှင့် အကြမ်းဖက်မှုတို့ကို များသောအားဖြင့် တင်ဆက်ပြသလေ့ရှိသည်။ သို့သော် ထိုသို့သောဖျော်ဖြေမှုမှဖြစ်ပေါ်လာသည့် ရူးမိုက်သောပြက်လုံးနှင့် အပြောင်အပြက်တို့၏ ပေါ့ပေါ့နေတတ်သည့်စိတ်ကို ပျော်ရွှင်မှုအစစ်အမှန်နှင့် မရောထွေးရပါ။ ဘုရားသခင့်ဝိညာဉ်တော်အသီးတစ်လုံးဖြစ်သည့် ရွှင်လန်းခြင်းကို စာတန့်လောကမှ မထုတ်လုပ်ပေးနိုင်ပါ။—ဂလာတိ ၅:၂၂၊ ၂၃; ဧဖက် ၅:၃၊ ၄။
၈။ ယနေ့ ခရစ်ယာန်များသည် ငိုကြွေးခြင်း သို့မဟုတ် ရယ်မောခြင်းကို ဦးစားပေးသင့်သလော။ ရှင်းပြပါ။
၈ ဝမ်းနည်းဖွယ်ကမ္ဘာ့အခြေအနေကို ကျွန်ုပ်တို့သိထားကြရာ ယခုအခါ ရယ်မောခြင်းကို အဓိကအလေးထားရန် အချိန်မဟုတ်ကြောင်းထင်ရှားသည်။ အပန်းဖြေမှုနှင့် ဖျော်ဖြေမှုတို့ကိုသာအချိန်ပေးဖို့ သို့မဟုတ် ဝိညာဉ်ရေးရာများထက် “ပြုံးရယ်ခြင်း” ကိုဦးစားပေးရန်အချိန်မဟုတ်ပါ။ (ဒေ. ၇:၂-၄ နှိုင်းယှဉ်။) တမန်တော်ပေါလုက “ဤလောကကိုသုံးသောသူသည်” ‘အပြည့်အဝမသုံးသကဲ့သို့ဖြစ်ရမည်’ ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ “ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်” နေသောကြောင့်ပင်။ (၁ ကောရိန္သု ၇:၃၁) ခရစ်ယာန်စစ်များသည် မိမိတို့နေထိုင်သည့်အချိန်၏အရေးပါမှုကို နေ့စဉ်အပြည့်အဝအသိအမှတ်ပြုကာ အသက်ရှင်ကြသည်။—ဖိလိပ္ပိ ၄:၈။
ငိုကြွေးသည့်ကြား အမှန်ပျော်ရွှင်!
၉။ ရေလွှမ်းမိုးခြင်းမတိုင်မီခေတ်တွင် အဘယ်ဝမ်းနည်းဖွယ်အခြေအနေရှိခဲ့ပြီး ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၉ ကမ္ဘာချီရေလွှမ်းမိုးချိန်တွင် အသက်ရှင်ခဲ့ကြသူများသည် ဘဝကိုအလေးအနက်မထားခဲ့ကြချေ။ မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာကိုလုပ်ဆောင်ကြကာ “မြေကြီးသည်အဓမ္မအမှုနှင့်ပြည့်” လာသည်နှင့်အမျှ “မြေကြီးပေါ်မှာလူအပြစ်ကြီး” သည်ကို မငိုကြွေးခဲ့ကြဘဲ လျစ်လျူရှုကြသည်။ (ကမ္ဘာဦး ၆:၅၊ ၁၁) ယေရှုသည် ဝမ်းနည်းဖွယ်ထိုအခြေအနေကိုဖော်ပြကာ ကျွန်ုပ်တို့ခေတ်ရှိလူတို့၌ ထပ်တူသဘောထားရှိမည်ဟုကြိုဟောခဲ့သည်။ ကိုယ်တော်က ဤသို့သတိပေးခဲ့သည်– “ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၃၈၊ ၃၉။
၁၀။ ဟဂ္ဂဲခေတ်မှ ဣသရေလလူတို့သည် ယေဟောဝါခန့်အပ်ထားချိန်ကို တန်ဖိုးမထားကြောင်း မည်သို့ပြခဲ့ကြသနည်း။
၁၀ ရေလွှမ်းမိုးပြီးနှစ်ပေါင်း ၁,၈၅၀ ခန့်အကြာ၊ ဟဂ္ဂဲခေတ်တွင် ဣသရေလလူများစွာတို့သည် ဝိညာဉ်ရေးရာများကို အလားတူအလေးမထားကြောင်းတင်ပြခဲ့ကြသည်။ မိမိတို့အကျိုးအတွက် အလုပ်များနေကြရာ ယေဟောဝါ၏အကျိုးစီးပွားကို ဦးစားပေးရမည့်အချိန်၌ အသက်ရှင်နေကြောင်း မသိမြင်ခဲ့ကြချေ။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “‘အချိန်မရောက်သေး၊ ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရသောအချိန်မရောက်သေး’ ဟု၊ ဤလူများပြောဆိုကြသည်မှာ၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏နှုတ် [မြွက်စကား] တော်ရောက်လာသည်ကား၊ ‘အချင်းလူတို့၊ သင်တို့သည်အမိုးနှစ်ထပ်နှင့်ပြည့်စုံသောအိမ်၌နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက်လျက်နေရမည်လော။ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ “ကိုယ်ကျင့်သောအကျင့်တို့ကိုဆင်ခြင်ကြလော့။”’”—ဟဂ္ဂဲ ၁:၁-၅။
၁၁။ ကျွန်ုပ်တို့ကိုယ်ကို အဘယ်မေးခွန်းများ သင့်လျော်စွာမေးမည်နည်း။
၁၁ ဟဂ္ဂဲခေတ်မှ ဣသရေလလူများကဲ့သို့ ယေဟောဝါရှေ့မှောက် တာဝန်နှင့်အခွင့်ထူးများရရှိထားသည့် မျက်မှောက်ခေတ် ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် မိမိတို့အကျင့်ကိုဆင်ခြင်ပြီး အလေးအနက်သဘောထားရှိသင့်သည်။ ကမ္ဘာ့အခြေအနေများနှင့် ၎င်းတို့ကြောင့်ဘုရားသခင့်နာမတော် ရှုတ်ချခံရခြင်းအတွက် ကျွန်ုပ်တို့ “ငိုကြွေး” ကြသလော။ ဘုရားသခင်တည်ရှိခြင်းကို လူတို့ငြင်းပယ်သည့်အခါ သို့မဟုတ် ကိုယ်တော်၏ဖြောင့်မတ်သောမူများကို ဗြောင်ကျကျလျစ်လျူရှုကြသည့်အခါ ကျွန်ုပ်တို့စိတ်ထိခိုက်သလော။ လွန်ခဲ့သည့်နှစ်ပေါင်း ၂,၅၀၀ က ယေဇကျေလမြင်ခဲ့သည့်အဆင်းအာရုံမှ မှတ်သားခံရသူများကဲ့သို့ ကျွန်ုပ်တို့တုံ့ပြန်ပါသလော။ သူတို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထာဝရဘုရားက (မင်အိုးပါသောသူအား)၊ ‘ယေရုရှလင်မြို့အလယ်၌လျှောက်သွားလော့။ မြို့ထဲ၌ပြုသမျှသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသူတို့၏နဖူးကို ထိုးမှတ်ကြလော့’ . . . ဟုမိန့်တော်မူသည်။”—ယေဇကျေလ ၉:၄-၆။
၁၂။ ယေဇကျေလ ၉:၅၊ ၆ ကယနေ့လူတို့အတွက် မည်သို့အရေးပါသနည်း။
၁၂ ယနေ့ ကျွန်ုပ်တို့အတွက် ဤမှတ်တမ်း၏အရေးပါမှုသည် ကွပ်မျက်စရာလက်နက်ကိုင်ဆောင်သော လူခြောက်ဦးကိုပေးသည့် ဤညွှန်ကြားချက်များကိုဖတ်ရှုသည့်အခါ ပေါ်လွင်လာသည်– “ထိုသူနောက် မြို့ထဲလျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်းမရှိကြနှင့်။ အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကိုရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့။” (ယေဇကျေလ ၉:၅၊ ၆) အလျင်အမြန်ချဉ်းကပ်လျက်ရှိသည့် ထိုကြီးစွာသောဆင်းရဲခြင်းအား ကျွန်ုပ်တို့၏လွတ်မြောက်မှုသည် ယခုအချိန်မှာ အဓိကငိုကြွေးရမည့်အချိန်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းပေါ်မူတည်သည်။
၁၃၊ ၁၄။ (က) အဘယ်လူစားမျိုးသည် ပျော်ရွှင်သည်ဟု ယေရှုမိန့်ဆိုသနည်း။ (ခ) ဤဖော်ပြချက်သည် ယေဟောဝါသက်သေများနှင့်ကိုက်ညီသည်ဟု သင်အဘယ်ကြောင့်ယူဆကြောင်း ရှင်းပြပါ။
၁၃ မှန်ပါသည်၊ ကမ္ဘာကြီး၏အခြေအနေယိုယွင်းခြင်းအပေါ် ယေဟောဝါသက်သေများ “ငိုကြွေး” သည့်အဖြစ်က သူတို့၏ပျော်ရွှင်သောအဖြစ်ကို မတားဆီးပါ။ တခြားစီပင်! အမှန်ဆိုလျှင် သူတို့သည် မြေကြီးပေါ်တွင် အပျော်ရွှင်ဆုံးလူစုဖြစ်ကြသည်။ ယေရှုက ‘ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများ . . . ဝမ်းနည်းပူဆွေးသောသူများ၊ . . . စိတ်နူးညံ့သိမ်မွေ့သောသူများ၊ . . . ဖြောင့်မတ်ခြင်းကို ဆာငတ်ခင်မွတ်သောသူများ၊ . . . သနားစုံမက်တတ်သောသူများ၊ . . . စိတ်နှလုံးဖြူစင်သောသူများ၊ . . . ငြိမ်သက်စေသောသူများ၊ . . . ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် ဝမ်းမြောက်ရွှင်လန်းကြ၏’ ဟုမိန့်တော်မူသည့်အခါ ပျော်ရွှင်မှုအတွက် မှတ်ကျောက်ကိုကိုယ်တော်ပေးခဲ့သည်။ (မဿဲ ၅:၃-၁၀) ဤဖော်ပြချက်သည် အခြားအဘယ်ဘာသာရေးအဖွဲ့အစည်းထက်မဆို ယေဟောဝါသက်သေများနှင့် ပို၍ကိုက်ညီကြောင်းဖော်ပြသည့် အထောက်အထားများစွာရှိသည်။
၁၄ အထူးသဖြင့် စစ်မှန်သောဝတ်ပြုရေးပြန်လည်တည်ထောင်ချိန်၊ ၁၉၁၉ ခုနှစ်မှစ၍ ယေဟောဝါ၏ပျော်ရွှင်သောလူမျိုးသည် “ရယ်ရသော” အကြောင်းရှိသည်။ ဝိညာဉ်ရေးအရ သူတို့သည် ဘီ.စီ.အီး. ခြောက်ရာစု၌ ဗာဗုလုန်မှပြန်လာခဲ့ကြသူတို့၏ ဝမ်းမြောက်ဖွယ်အတွေ့အကြုံကို ဤသို့ဝေမျှခံစားခဲ့ကြ၏– “ဖမ်းသွားချုပ်ထားသောဇိအုန်သားတို့ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် သီချင်းဆိုခြင်းနှင့်လည်းကောင်းပြည့်ဝ၏။ . . . ထာဝရဘုရားသည် ငါတို့အဖို့ကြီးသောအမှုကိုပြုတော်မူပြီ။ . . . ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏။” (ဆာလံ ၁၂၆:၁-၃) သို့သော် ယေဟောဝါသက်သေများသည် ဝိညာဉ်ရေးအရရယ်မောသည့်ကြားမှပင် အချိန်၏အရေးပါမှုကို ပညာရှိစွာစိတ်စွဲမှတ်ထားကြသည်။ ကမ္ဘာသစ်အမှန်ဖြစ်ပေါ်လာပြီး မြေကြီးသားတို့သည် “မှန်သောအသက်ကိုဝင်စား” ကြသောအခါ ငိုကြွေးခြင်းကို ထာဝရအစားထိုးမည့် ရယ်မောရသည့်အချိန် ရောက်လာပါလိမ့်မည်။—၁ တိမောသေ ၆:၁၉; ဗျာဒိတ် ၂၁:၃၊ ၄။
“ဖက်ယမ်းရသောအချိန်နှင့်၊မဖက်ယမ်းဘဲ ခွဲခွာ၍နေရသောအချိန်”
၁၅။ ခရစ်ယာန်များသည် အဘယ်ကြောင့်ရွေးချယ်၍မိတ်ဖွဲ့ကြသနည်း။
၁၅ ခရစ်ယာန်များသည် ရွေးချယ်၍မိတ်ဆွေဖွဲ့ကြသည်။ “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင်ဓလေ့ယိုယွင်းတတ်၏” ဟူသောပေါလု၏သတိပေးချက်ကို သူတို့စိတ်စွဲထားကြသည်။ (၁ ကောရိန္သု ၁၅:၃၃) ပညာရှိရှောလမုန်ဘုရင်ကလည်း ဤသို့မှတ်ချက်ချခဲ့သည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။”—သု. ၁၃:၂၀။
၁၆၊ ၁၇။ ယေဟောဝါသက်သေများသည် မိတ်ဖွဲ့ခြင်း၊ ချိန်းတွေ့ခြင်းနှင့် အိမ်ထောင်ပြုခြင်းတို့ကို မည်သို့ရှုမြင်ကြသနည်း၊ အဘယ်ကြောင့်နည်း။
၁၆ ယေဟောဝါ၏ကျေးကျွန်တို့သည် မိမိတို့ကဲ့သို့ ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူများအား မိတ်ဆွေများအဖြစ်ရွေးချယ်ကြသည်။ မိတ်ဆွေများ၏ ပေါင်းသင်းမှုကို သူတို့တန်ဖိုးထား၊ နှစ်ခြိုက်ကြသော်လည်း အချို့နိုင်ငံများ၌ ယခုခေတ်စားနေသော ပေါက်လွှတ်ပဲစား၊ စည်းမဲ့ကမ်းမဲ့ချိန်းတွေ့ခြင်းကို ပညာရှိစွာ ရှောင်ကြဉ်ကြသည်။ ချိန်းတွေ့ခြင်းကို အန္တရာယ်ကင်းသောပျော်စရာအဖြစ် လိုက်လျောပြုမူမည့်အစား ရာသက်ပန်အဖော်ပြုရန် ကာယ၊ စိတ္တနှင့် ဝိညာဉ်ရေးအရအသင့်ဖြစ်—ကျမ်းစာအရလည်း လွတ်လပ်—မှသာ အိမ်ထောင်ပြုဖို့အရေးကြီးသောခြေလှမ်းတစ်ခုအဖြစ် ယင်းကိုရှုမြင်ကြသည်။—၁ ကောရိန္သု ၇:၃၆။
၁၇ အချို့က ချိန်းတွေ့ခြင်းနှင့် အိမ်ထောင်ပြုခြင်းကို ထိုသို့ရှုမြင်ခြင်းသည် ခေတ်နောက်ကျပြီဟုယူဆပေမည်။ သို့သော် ယေဟောဝါသက်သေများသည် မိမိတို့မိတ်ဆွေရွေးချယ်ခြင်း သို့မဟုတ် ချိန်းတွေ့ခြင်းနှင့် အိမ်ထောင်ပြုခြင်းတို့နှင့်ပတ်သက်သော မိမိတို့၏ဆုံးဖြတ်ချက်များအပေါ် ရွယ်တူချင်းသြဇာလွှမ်းမိုးရန် ခွင့်မပြုကြချေ။ “ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကို ထင်ရှားစေသည်” ဖြစ်ကြောင်း သူတို့သိကြသည်။ (မဿဲ ၁၁:၁၉၊ သမ္မာ) ယေဟောဝါသည် အမြဲပင်အသိဆုံးဖြစ်သောကြောင့် “သခင်ဘုရား၌သာ” အိမ်ထောင်ပြုရန် ကိုယ်တော်၏အကြံပေးချက်ကို သူတို့အလေးအနက်ထားကြသည်။ (၁ ကောရိန္သု ၇:၃၉; ၂ ကောရိန္သု ၆:၁၄) ဆက်ဆံရေးယိမ်းယိုင်လာလျှင် ကွာရှင်းနိုင်သည် သို့မဟုတ် ခွဲနေနိုင်သည်ဟု တလွဲတွေးကာ အလျင်စလိုအိမ်ထောင်ပြုခြင်းကို သူတို့ရှောင်ကြ၏။ အိမ်ထောင်ရေးကတိသစ္စာဆိုလိုက်သည်နှင့် “လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်” ဟူသောယေဟောဝါ၏ပညတ်တော် အကျုံးဝင်လာသည်ကို သူတို့သိထားကြရာ အချိန်ယူ၍ သင့်တော်သောအဖော်အဖက်ကိုရှာကြသည်။—မဿဲ ၁၉:၆; မာကု ၁၀:၉။
၁၈။ အဘယ်အရာကို ပျော်ရွှင်သောအိမ်ထောင်ရေး၏ အစအဖြစ်လုပ်ဆောင်နိုင်သနည်း။
၁၈ အိမ်ထောင်ရေးသည် အသေအချာစီစဉ်ထိုက်သော ရာသက်ပန်ကတိကဝတ်ဖြစ်သည်။ လူတစ်ဦးသည် ကျိုးကြောင်းဆီလျော်စွာ မိမိကိုယ်ကိုဤသို့မေးမည်– ‘သူဟာ တကယ်ပဲကျွန်တော့်အတွက်သင့်တော်ရဲ့လား။’ သို့သော် ထပ်တူအရေးကြီးစွာ ဤသို့မေးသင့်သည်– ‘ကျွန်တော်ဟာ သူ့အတွက်တကယ်ပဲသင့်တော်ရဲ့လား၊ သူ့ရဲ့ဝိညာဉ်ရေးလိုအပ်ရာတွေကို ဂရုစိုက်ပေးနိုင်တဲ့ ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်လား။’ ပေါင်းဖက်ရန်အလားအလာရှိသူ နှစ်ဦးစလုံးသည် ယေဟောဝါရှေ့မှောက်၌ ဝိညာဉ်ရေးခွန်အားရှိဖို့ တာဝန်ရှိကြသည်၊ သို့မှသာ ဘုရားသခင့်မျက်နှာသာရသည့် ခိုင်မြဲသောအိမ်ထောင်ရေးနှောင်ကြိုးကိုဖြစ်စေနိုင်သည်။ ခံယူခြင်းထက် ပေးကမ်းခြင်းကို အလေးပေးထားသောကြောင့် အချိန်ပြည့်ဓမ္မအမှုသည် ပျော်ရွှင်သောအိမ်ထောင်ရေးအတွက် အကောင်းဆုံးအစဖြစ်ကြောင်း ထောင်နှင့်ချီသောခရစ်ယာန်မောင်နှံစုံတို့က သက်သေထူနိုင်ကြသည်။
၁၉။ အချို့ခရစ်ယာန်များ အဘယ်ကြောင့်တစ်ကိုယ်ရေတစ်ကာယနေကြသနည်း။
၁၉ ခရစ်ယာန်အချို့မှာ သတင်းကောင်းအတွက် တစ်ကိုယ်ရေတစ်ကာယနေရန်ရွေးချယ်ခြင်းဖြင့် “မဖက်ယမ်းဘဲခွဲခွာ၍နေ” ကြသည်။ (ဒေ. ၃:၅) အခြားသူတို့မူ သင့်တော်သောအဖော်ကိုဆွဲဆောင်ရန် ဝိညာဉ်ရေးအရပြည့်မီပြီဟု သူတို့မယူဆမချင်း အိမ်ထောင်မပြုဘဲ ရွှေ့ဆိုင်းထားကြသည်။ သို့သော် အိမ်ထောင်သည်ဘဝ၏ လက်ပွန်းတတီးရှိမှုများနှင့် အကျိုးကျေးဇူးများကို ခံစားလိုကြသော်လည်း အိမ်ထောင်ဖက် ရှာမတွေ့သေးသည့် တစ်ကိုယ်ရေနေသော ခရစ်ယာန်များကိုလည်း သတိရကြစို့။ အိမ်ထောင်ပြုဖို့ရှာကြံရာတွင် ဘုရားသခင့်မူများကိုလျှော့ပေါ့လိုက်ရန် သူတို့ငြင်းဆိုကြခြင်းအတွက် ယေဟောဝါဝမ်းမြောက်ကြောင်း ကျွန်ုပ်တို့သေချာနိုင်သည်။ သူတို့၏သစ္စာရှိမှုကိုတန်ဖိုးထားကာ သူတို့ရထိုက်သော သင့်လျော်သည့်အားပေးမှုကိုလည်း သူတို့အား ပေးသင့်သည်။
၂၀။ တစ်ခါတစ်ရံ အိမ်ထောင်သည်မောင်နှံစုံများပင် အဘယ်ကြောင့် “မဖက်ယမ်းဘဲခွဲခွာ၍နေ” ကြသနည်း။
၂၀ အိမ်ထောင်သည်မောင်နှံစုံများပင် အခါအားလျော်စွာ “မဖက်ယမ်းဘဲခွဲခွာ၍နေ” ရမည်လော။ “ငါဆိုသည်ကား၊ ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသောသူသည် မယားမရှိကဲ့သို့ဖြစ်ရမည်” ဟုပေါလုဖော်ပြထားသောကြောင့် တစ်နည်းအားဖြင့် ထိုသို့ပြုနိုင်စရာအကြောင်းရှိသည်။ (၁ ကောရိန္သု ၇:၂၉) ထို့ကြောင့် တစ်ခါတစ်ရံ အိမ်ထောင်ရေးပျော်ရွှင်မှုနှင့် ကောင်းချီးများထက် သီအိုကရက်တစ်တာဝန်များကို ဦးစားပေးရပေမည်။ ဤကိစ္စပေါ်မျှတသည့်အမြင်ထားခြင်းသည် အိမ်ထောင်ရေးကိုအားမနည်းစေဘဲ တိုး၍ခိုင်မြဲစေပါလိမ့်မည်၊ အကြောင်းမှာ သူတို့၏ဆက်ဆံရေးတည်မြဲစေရန် ယေဟောဝါသည် အစဉ်သဖြင့်အဓိကဖြစ်ရမည်ကို နှစ်ဦးစလုံးအား သတိရစေသောကြောင့်ဖြစ်၏။—ဒေ. ၄:၁၂။
၂၁။ မိဘဖြစ်ခြင်းကိစ္စတွင် အိမ်ထောင်သည်မောင်နှံစုံတို့ကို အဘယ်ကြောင့်တရားမစီရင်သင့်သနည်း။
၂၁ ထို့အပြင် အချို့မောင်နှံစုံတို့သည် ဘုရားသခင်အား သာ၍လွတ်လပ်စွာအမှုထမ်းနိုင်ဖို့ သားသမီးမယူကြပေ။ ယင်းက သူတို့ဘက်မှစွန့်လွှတ်မှုပြုရခြင်းဖြစ်ပြီး ယင်းနှင့်အညီ သူတို့ကိုယေဟောဝါ ဆုချပေးပါလိမ့်မည်။ သတင်းကောင်းအတွက် တစ်ကိုယ်ရေတစ်ကာယနေခြင်းကို သမ္မာကျမ်းစာက အားပေးထားသော်လည်း ၎င်းကြောင့် သားသမီးမယူဘဲနေပါဟု တိုက်ရိုက်မပြောထားပေ။ (မဿဲ ၁၉:၁၀-၁၂; ၁ ကောရိန္သု ၇:၃၈; မဿဲ ၂၄:၁၉ နှင့် လုကာ ၂၃:၂၈-၃၀ နှိုင်းယှဉ်။) ထို့ကြောင့် အိမ်ထောင်သည်မောင်နှံစုံတို့သည် မိမိတို့ကိုယ်တိုင်၏အခြေအနေများနှင့် ကိုယ်ပိုင်အသိစိတ်တို့ပေါ်မူတည်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရပေမည်။ မောင်နှံစုံတို့သည် မည်သို့ပင်ဆုံးဖြတ်ကြပါစေ သူတို့ကိုဝေဖန်ရန်မဟုတ်ပါ။
၂၂။ အဘယ်အရာကိုကျွန်ုပ်တို့ပိုင်းဖြတ်ဖို့ အရေးကြီးသနည်း။
၂၂ မှန်ပါသည်၊ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။” “စစ်တိုက်ရသောအချိန်နှင့် စစ်ငြိမ်းရသောအချိန်” ပင်ရှိသည်။ (ဒေ. ၃:၁၊ ၈) ထိုနှစ်ခုထဲမှ အဘယ်တစ်ခုအတွက် အချိန်တိုင်နေသည်ကိုသိရန် အဘယ်ကြောင့်အရေးကြီးကြောင်း နောက်ဆောင်းပါးက ရှင်းပြပါမည်။
သင်ရှင်းပြနိုင်သလော
◻ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ” ကြောင်းသိရှိဖို့ ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။
◻ အဘယ်ကြောင့် ယနေ့သည် အဓိက “ငိုရသောအချိန်” ဖြစ်ရသနည်း။
◻ ခရစ်ယာန်များသည် “ငိုကြွေး” နေကြသော်လည်း အဘယ်ကြောင့်အမှန်ပျော်ရွှင်ကြသနည်း။
◻ ခရစ်ယာန်အချို့သည် ယခုအချိန်ကို “မဖက်ယမ်းဘဲခွဲခွာ၍နေရသောအချိန်” အဖြစ်ရှုမြင်ကြောင်း မည်သို့တင်ပြကြသနည်း။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ကမ္ဘာ့အခြေအနေကြောင့်“ငိုကြွေး” ကြသော်လည်း . . .
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
. . . အမှန်ဆိုလျှင် သူတို့သည် ကမ္ဘာပေါ်တွင်အပျော်ရွှင်ဆုံးသူများဖြစ်ကြသည်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အချိန်ပြည့်ဓမ္မအမှုသည် ပျော်ရွှင်သောအိမ်ထောင်ရေးအတွက်အကောင်းဆုံးအခြေအမြစ်ဖြစ်