ဖျက်လိုဖျက်ဆီးမှုကိုဖယ်ရှားပစ်နိုင်
“ဆယ်ကျော်သက်ဖျက်လိုဖျက်ဆီးမှုဟူသည် လူကြီးများနှင့် သူတို့၏စံနှုန်းများကို အရေးမစိုက် ရန်စောင်ခြင်းဖြစ်သည်ဟု အစဉ်ယူဆခဲ့ကြပြီ” ဟူ၍ စာရေးဆရာဂျေန်နော်မဲန်နှင့် မိုင်ရဲန် ဒဗ္ဗလျူ. ဟယ်ရစ္စတို့ကရှင်းပြသည်။ အခြေအနေကို အဘယ်အရာကမျှပြောင်းလဲပေးနိုင်မည်မဟုတ်ဟု လူငယ်များစွာ ယူဆကြမည်ဖြစ်သော်လည်း “မိမိတို့သားသမီးများကို မိဘများပို၍ဂရုစိုက်မည်၊ ဆယ်ကျော်သက်များကလည်း လွန်စွာမငြီးငွေ့ကြပါက ဆယ်ကျော်သက်ဖျက်လိုဖျက်ဆီးမှုကို ချုပ်ထိန်းနိုင်မည်ဟု ၃ ဦးအနက်တစ်ဦးကယူဆကြောင်း” စာရေးဆရာများကဖော်ပြကြသည်။ လူငယ်များကို အလုပ်များနေစေ၍ မိဘများ ပို၍အုပ်ထိန်းကြပ်မတ်ပေးခြင်းက ဖျက်လိုဖျက်ဆီးမှုကို လျော့နည်းစေမည်ဖြစ်သော်လည်း ယင်းသည် ရင်းမြစ်လော။
လူငယ်အများသည် တစ်ဦးတစ်ယောက်တည်းအနေနှင့် အနှောင့်အယှက်ပေးလေ့မရှိသော်လည်း အုပ်စုလိုက် သို့မဟုတ် အတွဲလိုက်ဆိုလျှင် အာရုံစိုက်ခံရကြရန်မိုက်မဲ၊ ရိုင်းစိုင်းရာများကိုပြုလုပ်ကြပေမည်။ မူးယစ်ဆေးဝါး သို့မဟုတ် အရက်မူးနေစဉ် သူ၏အမျက်ဒေါသနှင့် မကျေနပ်မှုတို့ကို အကြမ်းဖက်ဖျက်ဆီးခြင်းဖြင့် တင်ပြလေ့ရှိသည့် နယ်လ်စင်မှာ ထိုသို့ပင်ဖြစ်သည်။ မြေယာစနစ် ပြုပြင်ပြောင်းလဲရေးနှင့် အလုပ်သမားအခွင့်အရေးများအကြောင်း ချာ့ချ်တွင် ဟောပြောသောအကြောင်းများကို ဟိုစေးကြားခဲ့ရပြီး စိတ်တက်ကြွလှုပ်ရှားခဲ့ရာ ကန့်ကွက်သည့်အနေနှင့် သပိတ်မှောက်မှုများနှင့် အဖွဲ့အစည်းလိုက် ဖျက်လိုဖျက်ဆီးမှုတွင် ပါဝင်သင့်သည်ဟုယူဆခဲ့သည်။ သို့ရာတွင် ဆူပူလှုပ်ရှားခြင်း သို့မဟုတ် ဖျက်လိုဖျက်ဆီးခြင်းထက် သာ၍ကောင်းသောအရာကို နယ်လ်စင်နှင့် ဟိုစေးတို့တွေ့ရှိခဲ့ကြသည်။
ဖျက်လိုဖျက်ဆီးခြင်း၏ပို၍အတွင်းကျကျအကြောင်းရင်းအချို့
လူငယ်အချို့ ဖျက်လိုဖျက်ဆီးမှု၌ အဘယ်ကြောင့်ပါဝင်ကြသည်ကို အနီးကပ်လေ့လာကြည့်ကြစို့။ မြီးကောင်ပေါက်များစွာတို့မှာ ခေါင်းရှုပ်နေကြပြီး “ကမ္ဘာကြီးကို ရူးကြောင်ကြောင်လူများနှင့်ပြည့်နေသည့် ဗရုတ်သုတ်ခနေရာတစ်ခုအဖြစ် ပုံဖော်ပြကြသည်။” သို့ရာတွင် လူအချို့ယူဆကြသည်နှင့်မတူဘဲ သတင်းတစ်ခုအရ “ဆယ်ကျော်သက်များသည် မိမိတို့ဘဝဦးတည်ရာအတွက် တကယ်စိတ်ပူကြသည်။ လူကြီးများထင်သည်ထက် သူတို့လေးများ ပို၍စိုးရိမ်ပူပန်ကြသည်” ဟုသိရှိရ၏။ ရည်ရွယ်လျက်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ဖျက်လိုဖျက်ဆီးမှုကိုပြုခဲ့သည့် လူငယ်တစ်ဦးသည် ဤနည်းအားဖြင့် သူ၏စိတ်ပျက်မှုများ၊ မဖြေရှင်းနိုင်သည့်ပြဿနာများ သို့မဟုတ် ဆန္ဒမပြည့်မှုများကို ဖော်ပြနေခြင်းဖြစ်ပေမည်။ အစပိုင်းတွင်ဖော်ပြထားသည့်လေ့လာချက်အရ “အကြမ်းဖက်ဖျက်ဆီးမှု၌ ပါဝင် [ခဲ့] သူတို့အပါအဝင် သဘောထားမေးမြန်းခံရသူတစ်ယောက်မျှ ဖျက်လိုဖျက်ဆီးမှုကို ခုခံကာကွယ်ခြင်း သို့မဟုတ် လုပ်ရပ်မှန်သည်ဟုဆိုခြင်းမပြုကြချေ။”
လူငယ်တစ်ဦးသည် ကျေးဇူးတင်စကား သို့မဟုတ် အားပေးစကားကြားရခဲမည်။ ပညာရေးသည် သာ၍အရေးကြီးလာပြီး လုပ်ငန်းအတော်များများက အဆင့်မြင့်ပညာ သို့မဟုတ် နည်းပညာကျွမ်းကျင်မှု ပိုလိုအပ်လာသောကြောင့် လူငယ်သည် ထိတ်လန့်နေပေမည်။ ထို့ပြင် မိဘများ၊ ဆရာ၊ ဆရာမများ သို့မဟုတ် ရွယ်တူချင်းများက လူငယ်၏အရှိအတိုင်းကိုထည့်မတွက်ဘဲ သူ၏စွမ်းဆောင်မှုကို အဓိကထားကာ အလွန်အပြစ်ရှာ၍ တရားလွန်တောင်းဆိုနေပေမည်။ လူငယ်အများသည် မိမိတို့ကိုယ်ကိုစိတ်ပျက်ရုံမျှနှင့် ပုန်ကန်ကြသည်၊ ဖျက်လိုဖျက်ဆီးပြုကြသည်။ ဤစိတ်ဆင်းရဲမှုများကို မိဘတို့၏မေတ္တာနှင့် အာရုံစိုက်မှုတို့က အကြီးအကျယ်လျော့နည်းစေမည်မဟုတ်ပေလော။
အာဏာပိုင်အချို့က လက်ဆော့၍ရေးခြစ်ခြင်းနှင့် အခြားပြစ်မှုများကို ထိန်းချုပ်ရန်မကြိုးစားတော့ဟန်ရှိသော်လည်း စိုးရိမ်ပူပန်လျက်ရှိသည့်နိုင်ငံသားအများစုက ဖျက်လိုဖျက်ဆီးမှုကို ဆရာ၊ ဆရာမများနှင့် ကျောင်းဝန်ထမ်းများ ထိန်းချုပ်ပေးကြရန် မျှော်လင့်နေဆဲရှိသည်ကို သင်သိပေမည်။ ဥပဒေပိုင်းအရ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက “ဖျက်လိုဖျက်ဆီးမှုကို ဒဏ်ငွေ သို့မဟုတ် အကျဉ်းချခြင်းဖြင့် ပြစ်ဒဏ်ပေးနိုင်သည်။ ဒေသခံအစိုးရအချို့က သားသမီးများကျူးလွန်ခဲ့သည့် ဖျက်လိုဖျက်ဆီးမှုများကို မိဘများတာဝန်ယူစေဟူသည့် ဥပဒေများထုတ်ထားသည်။ သို့သော် ဖျက်လိုဖျက်ဆီးမှုအများကို ဒဏ်မပေးခဲ့ပေ။ ယင်းသို့သောကိစ္စမျိုးတွင် ဥပဒေပိုင်းအရ ပြုလုပ်ရန်ခက်ခဲပြီး ပျက်စီးမှုစရိတ်ထက် တရားဝင်အရေးယူဆောင်ရွက်မှုပြုရန် အကုန်အကျပိုများမည်ဖြစ်သည်” ဟုဆို၏။ ပြစ်မှုကျူးလွန်သူ ၃ ရာခိုင်နှုန်းကိုသာ ဖမ်းဆီးမိဖူးကြောင်း မှတ်တမ်းတစ်ခုကဖော်ပြသည်။
မိဘဝတ်ကျေပွန်ခြင်းက ပြစ်မှုကျူးလွန်ခြင်း၏ အကြောင်းရင်းကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းဖြစ်နိုင်ကြောင်း သင်သဘောတူပါလိမ့်မည်။ သို့သော် မိသားစုဘဝ အခြေအနေဆိုးရွားလာသည့်အခါ လူ့အသိုင်းအဝိုင်းများပျက်ပြားလာသည်။ ဘရာဇီးနိုင်ငံ၊ ဆောပိုလိုတက္ကသိုလ်မှ ပါမောက္ခအာနာလွီဇာ ဗယေရာ ဒီမတို့စ်က လူငယ်တို့ပြဿနာတက်ခဲ့ရသည့်အကြောင်းရင်းအချို့မှာ “မိဘအုပ်ထိန်းမှုနည်းခြင်း၊ စည်းကမ်းမရှိခြင်း၊ ဆက်သွယ်မှုနည်းခြင်း၊ ပစ်ထားခြင်း၊ ဥပေက္ခာပြုခြင်း သို့မဟုတ် လျစ်လျူရှုထားခံရခြင်းတို့ကြောင့်ဖြစ်သည်” ဟုဖော်ပြသည်။
ကျွန်ုပ်တို့ခေတ်တွင် “မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟူသော ယေရှု၏စကားပြည့်စုံလာသည်ကို အမှန်ပင်တွေ့ခဲ့ကြရပြီ။ (မဿဲ ၂၄:၁၂) ထို့ပြင် ၂ တိမောသေ ၃:၁-၄ မှစကားများမှန်ကန်ကြောင်းကို မည်သူငြင်းမည်နည်း။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ . . . ဖြစ်ကြလိမ့်မည်။” အမှန်ဆိုလျှင် ယင်းသို့သောအမူအကျင့်များရှိသူတို့နှင့် နေထိုင်ရုံမျှဖြင့် ပြစ်မှုကျူးလွန်စေသည်။ သို့သော် ကျွန်ုပ်တို့အရှုံးပေးဖို့မလိုပါ။ လူ့အသိုင်းအဝိုင်းအများစုသည် ဖျက်လိုဖျက်ဆီးမှုကို မဖယ်ရှားနိုင်ခဲ့ကြသော်လည်း ရိုင်းစိုင်း၍ မဆင်မခြင်မပြုတော့ဘဲ မိမိတို့ဘဝပုံစံကိုအောင်မြင်စွာပြောင်းလဲခဲ့သူများကို ကျွန်ုပ်တို့တွေ့နိုင်ပါသည်။ ဤသူတို့သည် ဖျက်လိုဖျက်ဆီးမှုကို ရပ်စဲခဲ့ကြပြီ။
လူငယ်များအတွက် လျောက်ပတ်သည့်လမ်းညွှန်မှု
ဖျက်လိုဖျက်ဆီးသူများနှင့် အခြားသူတို့၏အကျင့်စရိုက်ပြောင်းလဲရန် မည်သည့်အရာက ထောက်ကူပေးခဲ့သနည်း။ ပညာရှင်အချို့နှင့် မိဘများအတွက် ယုံရခက်ဟန်ရှိမည်ဖြစ်သော်လည်း သမ္မာကျမ်းစာသည် အကောင်းဆုံးနှင့် ခေတ်မီလမ်းညွှန်မှုကိုပေးသည်။ ယင်းကိုလိုက်လျှောက်ခြင်းဖြင့် ယခင်ကအကြမ်းဖက်ဖျက်ဆီးသူတို့သည် “လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ” ဟူသော ဘုရားသခင့်သတ်သတ်မှတ်မှတ်ဥပဒေကို နာခံရန် လှုံ့ဆော်ခံခဲ့ကြရ၏။ (ထွက်မြောက်ရာ ၂၃:၂) ယခင်က တစ်ခါမျှနားမလည်ခဲ့သော ယုံကြည်ချက်များ၊ အယူဝါဒများနှင့်စပ်လျဉ်းပြီး ဘုရားသခင့်နှုတ်မြွက်စကား၏ အမှန်တရားကို လူအများ ကြိုက်နှစ်သက်ခဲ့ကြပြီး သူတို့သင်ယူခဲ့ရာများက သူတို့ကောင်းကျိုးအတွက်ဖြစ်ခဲ့သည်။ ဆောပိုလိုမြို့မှ ဟိုစေးဟူသောလူငယ်တစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် ရုပ်ပုံအသုံးပြုသည့်ဝတ်ပြုရေးတွင် ကြီးပြင်းလာခဲ့သည်။ ဘုရားသခင်၌ ယေဟောဝါဟူသည့်အမည်နာမရှိကြောင်းနှင့် ကိုယ်တော်သည် ရုပ်ပုံကိုးကွယ်မှုကိုမနှစ်သက်ကြောင်း သူသိလာသောအခါ ဟိုစေးသည် ဘုရားသခင်နှစ်သက်ရာကိုပြုလုပ်ရန် ပြောင်းလဲမှုများပြုခဲ့သည်။—ထွက်မြောက်ရာ ၂၀:၄၊ ၅; ဆာလံ ၈၃:၁၈; ၁ ယောဟန် ၅:၂၁; ဗျာဒိတ် ၄:၁၁။
အကြမ်းဖက်ဂိုဏ်းနှင့် သပိတ်မှောက်မှုများတွင် စိတ်ပျက်ဖွယ်အတွေ့အကြုံ တစ်ခုပြီးတစ်ခုတွေ့ကြုံခဲ့သောနယ်လ်စင်သည် အနာဂတ်အတွက် စစ်မှန်သောမျှော်လင့်ချက်ကို တွေ့ရှိခဲ့ပြီး ယင်းက သူ့ကိုအကြီးအကျယ်စိတ်သက်သာမှုပေးခဲ့သည်။ သူကဤသို့ပြောပြသည်– “မကောင်းတဲ့အပေါင်းအသင်းနဲ့ မူးယစ်ဆေးစွဲတဲ့ဘဝကြောင့် မိသားစုရဲ့စွန့်ပစ်မှုကိုခံရမယ့်အစား အခုဆိုရင် ကျွန်တော်ဟာ အိမ်မှာလေးစားအခံရဆုံးဖြစ်တယ်။ အစ်ကိုတွေကိုအကြံပေးဖို့ အဖေကကျွန်တော့်ကိုခိုင်းတတ်တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာကတည်းက ဘဝမှာ ရည်ရွယ်ချက်တစ်ခုရှိလာတဲ့အတွက် ပျော်ရွှင်လာတယ်။” ထို့ပြင် အကြမ်းဖက်သည့်ဝန်းကျင်တွင် နေထိုင်လေ့ရှိသည့် မာကိုကဲ့သို့သော မြို့ပြလူငယ်တစ်ဦးအတွက် ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးကိုပရဒိသုဖြစ်စေမည့်အကြောင်း သိရခြင်းသည် အမှန်ပင်နှလုံးနွေးထွေးစရာဖြစ်ခဲ့သည်။—ဗျာဒိတ် ၂၁:၃၊ ၄။
ယခင်က လမ်းသရဲဂိုဏ်းဝင်တစ်ဦး၏ အဖြစ်ကိုလည်းသုံးသပ်ကြည့်ပါ။ အလွန်ဝမ်းနည်းဖွယ် ကလေးဘဝနောက်ခံနှင့် မိဘမဲ့တစ်ဦးဖြစ်သူ ဗော်လ်တာသည် ဤပျက်စီးယိုယွင်းနေသော အစီအစဉ်စနစ်၌ပင် ဘုရားသခင့်လူမျိုးတော်ရှိသည်ကိုသိရ၍ စွဲမှတ်စရာဖြစ်ခဲ့သည်။ ထိုသူတို့၏ အသက်တာတွင် ကျမ်းစာမူများကို ကြိုးစားကျင့်သုံးကြကာ ကရုဏာ၊ စာနာထောက်ထားမှုနှင့် ကြင်နာမှုပြခဲ့ကြသည်။ ဗော်လ်တာကဤသို့ရှင်းပြသည်– “ယေရှုရဲ့ကတိတော်အတိုင်း အခုဆိုရင် ကျွန်တော့်မှာ ‘ညီအစ်ကိုမောင်နှမ၊ မိဘတွေ’ နဲ့မိသားစုကြီးတစ်ခုရှိနေပြီ။ အနာဂတ်နဲ့ပတ်သက်လို့ကတော့ ဘုရားသခင့်ဖြောင့်မတ်တဲ့အစိုးရအောက်မှာ လူတွေပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးနေရမယ့်အချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်။”—မာကု ၁၀:၂၉၊ ၃၀; ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။
ကန့်ကွက်ခြင်းထက်သာ၍ကောင်းသောအရာ
ယခင်က ဖျက်လိုဖျက်ဆီးလုပ်ခဲ့သောသူတို့သည် လူသားချင်းကို စာနာထောက်ထား၍ မေတ္တာပြသည့်အပြင် “မကောင်းသောအမှုကို ရွံရှာ” တတ်လာကြပြီ။ (ဆာလံ ၉၇:၁၀; မဿဲ ၇:၁၂) အသင်ကော။ အသင်သည် ပျံ့နှံ့နေသည့်ဖျက်လိုဖျက်ဆီးမှု၏ အကျိုးဆက်များကို ခံစားရသူတစ်ဦးဖြစ်လျှင်ပင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခြင်းဖြင့် ယေဟောဝါသည် သင့်အားဂရုစိုက်လိုသော မေတ္တာရှင်ကောင်းကင်ခမည်းတော်အဖြစ် သင့်အတွက်တကယ့်ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မည်။ (၁ ပေတရု ၅:၆၊ ၇) ကိုယ်ပိုင်အားနည်းချက်များရှိသည့်ကြား၊ ချို့တဲ့သည့်ကြားတွင်ပင် ဝိညာဉ်ရေးအရကြီးထွားရန် သင့်ကိုဘုရားသခင်ကူညီပေးနိုင်ပါသည်။ ၎င်းကိုယ်နှိုက်ပင် အံ့ဖွယ်တွေ့ကြုံမှုတစ်ခုပါတကား!
ယေဟောဝါနှင့် သားတော်ယေရှုခရစ်တို့သည် လူအားလုံးကိုကျမ်းစာအမှန်တရား သိခွင့်ရစေလိုသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ယခုပင် ဖျက်လိုဖျက်ဆီးလုပ်သူများ မဖြစ်ကြတော့ရန် လူတို့ကိုကူညီပေးရုံထက်မက တတ်နိုင်သည်။ ဘုရားသခင့်မူများကိုကျင့်သုံးရာတွင် ထပ်ဆင့်တိုးတက်စေရန် လှုံ့ဆော်ပေးနိုင်သည်။ ရလဒ်အနေနှင့် သူတို့သည် ယေဟောဝါသက်သေများ၏ ကမ္ဘာချီအသင်းတော်၊ သန့်ရှင်းမှုနှင့် ကောင်းသောအမူအကျင့်ကြောင့် လူသိများသည့် အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်လာကြသည်။ ဧဖက် ၄:၂၄ နှင့်အညီ ဤစိတ်ရင်းမှန်သောခရစ်ယာန်များသည် “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” ခဲ့ကြပြီ။ မကြာမီ ကမ္ဘာကြီးသည် ယင်းသို့သောသူများနှင့် ပြည့်နေပေမည်၊ အကြောင်းမှာ ဤသူတို့သာလျှင် ကပ်ကျော်၍ ထာဝစဉ်အသက်ရှင်ကြမည် ဖြစ်သောကြောင့်ပင်။—လုကာ ၂၃:၄၃ နှိုင်းယှဉ်။
ဖျက်လိုဖျက်ဆီးခြင်းကင်းသည့်ကမ္ဘာသစ်ဖြစ်နိုင်
ဖျက်လိုဖျက်ဆီးမှုကို အမှန်ပင်ဖယ်ရှားပစ်နိုင်သည်ဟု သင်ယုံကြည်သလော။ ယုံကြည်သည်ဆိုလျှင် ဤထူးကဲသည့်ပြောင်းလဲမှု မည်သို့ဖြစ်လာမည်နည်း။ မကြာမီ ဤဆိုးသွမ်းသောအစီအစဉ်စနစ်ကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပစ်တော့မည်။ မြေကြီးပေါ်နေထိုင်သူများသည် ဘုရားသခင့်ဖြောင့်မတ်သောပညတ်တော်များကို တမင်သက်သက်ချိုးဖောက်လျှင် စာရင်းရှင်းရလိမ့်မည်။ (ဟေရှာယ ၂၄:၅၊ ၆ နှိုင်းယှဉ်။) “ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ရောက်” ပြီးဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူများသည် ကယ်လွှတ်ခံရကြလိမ့်မည်။ “ထာဝရဘုရားသည် သူတို့ကိုမစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နုတ်ယူကယ်တင်တော်မူမည်။”—ဆာလံ ၃၇:၃၈-၄၀။
ဖျက်လိုဖျက်ဆီးခြင်းကို အမြစ်မကျန်လုံးဝဖယ်ရှားလိမ့်မည်။ ရာဇဝတ်မှု၊ ဖိနှိပ်မှု၊ ဆင်းရဲခြင်းနှင့် ဆိုးသွမ်းမှုအားလုံးတို့သည်လည်း အဆုံးတိုင်လိမ့်မည်။ ယင်းတို့အစား ငြိမ်းချမ်းမှု၊ စစ်မှန်သောဖြောင့်မတ်မှု၊ ငြိမ်သက်မှုနှင့် လုံခြုံမှုတို့သည် ကမ္ဘာသစ်၏ဝိသေသလက္ခဏာဖြစ်ပါလိမ့်မည်။ စာသားအတိုင်းဖြစ်ပျက်လာမည့်အရာကို ဟေရှာယ ၃၂:၁၈ ကဤသို့ဖော်ပြသည်– “ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သောချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။” မှန်ပါသည်၊ သာယာလှပသည့် မြေကြီးပရဒိသုပေါ်တွင် အချင်းချင်းမေတ္တာနှင့် စာနာထောက်ထားမှုပြသူတို့ နေထိုင်ကြလိမ့်မည်။
အခြားသန်းပေါင်းများစွာသောသူတို့နှင့်အတူ ယခင်က ဖျက်လိုဖျက်ဆီးလုပ်ခဲ့သူတို့သည် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရထားနှင့်ကြပြီ။ ဖျက်လိုဖျက်ဆီးခြင်းလုပ်ရပ်များတွင် သူတို့လုံးဝမပါဝင်ကြတော့ချေ။ ကိုယ်တော်၏ကမ္ဘာသစ်တွင် အသက်ရှင်ရန် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ လမ်းပြမှုကို အသင်ကော ခံယူမည်လော။ “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်” ဟူသောယေဟောဝါ၏ကြေညာချက်ကို မှတ်တမ်းတင်ခဲ့သူ ရှေးခေတ်မှ ဆာလံဆရာကိုတုပပါလေ။—ဆာလံ ၃၂:၈။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မိဘများ၏ဂရုစိုက်မှုနှင့် မေတ္တာက လူငယ်တို့ကိုကာကွယ်ပေး