ဖျက်လိုဖျက်ဆီးမှု—အဘယ်ကြောင့်နည်း
“ပြောစရာ ဘာမှမရှိဘူး။” ဤစာလုံးများကို ဆောပိုလိုမြို့ရှိသာယာသော ရပ်ကွက်တစ်ခု၌ ဆေးသုတ်ပြီးခါစနံရံတစ်ခုပေါ်တွင် စာလုံးကြီးဖြင့်ရေးသားထားသည်။ ဖျက်လိုဖျက်ဆီးခြင်း တစ်ခုဖြစ်သည်ဟု သင်ယူဆပေမည်။ နံရံတွင် လက်ဆော့ရေးခြစ်ခြင်းသည် ဖျက်ဆီးနည်းတစ်နည်းမျှသာဖြစ်သည်။
တာဝန်မသိတတ်သော လက်သရမ်းဖျက်ဆီးသူများက သင့်ကားအသစ်ကို ဖျက်ဆီးထားသည်ဆိုပါစို့။ သို့မဟုတ် လက်သရမ်းဖျက်ဆီးသူများက လူအများအတွက် အသုံးဝင်သော ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးထားကြောင်း သင်သတိပြုမိပေမည်။ အဘယ်ကြောင့်ထိုသို့ပြုကြသနည်း။ ဖျက်လိုဖျက်ဆီးမှုများ အဘယ်ကြောင့်ဤမျှများပြားရကြောင်း သင်စဉ်းစားဖူးသလော။ နေရာဒေသများစွာတွင် လက်သရမ်းဖျက်ဆီးသူတို့သည် တယ်လီဖုန်းရုံများကို ဖျက်လိုဖျက်ဆီးပြုကြခြင်းမှ အားရကျေနပ်မှုရဟန်ရှိကြသည်။ ရထား သို့မဟုတ် ဘတ်စကားများစသည့် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များသည် သူတို့၏ပစ်မှတ်ဖြစ်လေ့ရှိ၏။ လက်သရမ်းဖျက်ဆီးသူတို့သည် မည်သည့်အရာကိုမျှ မှုပုံမပေါ်ပေ။ သို့သော် ကျွန်ုပ်တို့မြင်တွေ့ရသည့် သို့မဟုတ် ဆုံးရှုံးခံရသည့် ဖျက်လိုဖျက်ဆီးခြင်းတို့၏နောက်ဝယ်တွင် အဘယ်အရာရှိသနည်း။
ရီယိုဒီဂျနေရိုမှ မာကူaဟူသောလူငယ်တစ်ဦးသည် သူ၏ဘောလုံးအသင်းရှုံးပြီးနောက် အလွန်စိတ်ပျက်ခဲ့သောကြောင့် အနိုင်ရသည့်အသင်းကို အားပေးသူများအပြည့်ပါသည့် ဘတ်စကားတစ်စီးကို ကျောက်ခဲနှင့်ပေါက်လေတော့သည်။ ကလော့စ်ကိုလည်း သုံးသပ်ကြည့်ပါဦး။ ကျောင်းတွင် စာမလိုက်နိုင်သည့်အခါ အလွန်စိတ်ဆိုးလာပြီး ပြတင်းပေါက်များစွာကို ကျောက်ခဲများဖြင့်ပစ်ပေါက်ကာ ချိုးဖဲ့ဖျက်ဆီးခဲ့သည်။ သို့ရာတွင် ပျက်စီးသမျှကို သူ့ဖခင်လျော်ပေးရသောအခါ သူ၏ “ပျော်ရွှင်မှု” ပျောက်သွားတော့သည်။ အရ်ဝင်ဟူသောအခြားလူငယ်တစ်ဦးသည် ကျောင်းတွင်ပညာသင်ယူစဉ် အလုပ်လုပ်ကိုင်နေသူဖြစ်၏။ သူနှင့် သူ၏ရွယ်တူအပေါင်းအသင်းများမှာ လိမ္မာသောလူငယ်များဟု ယူမှတ်ခံကြရသည်။ သို့တိုင် သူတို့သည် ပတ်ဝန်းကျင်ကို လက်သရမ်းဖျက်ဆီးပြီး အပျင်းဖြေတတ်ကြသည်။ ထိုအကြောင်းကို အရ်ဝင်၏မိဘများလုံးဝမသိကြပါ။ ဗာလ်တာသည် မိဘမဲ့တစ်ဦးဖြစ်ပြီး ဆောပိုလိုမြို့၏လမ်းပေါ် နေထိုင်ခဲ့ရသူတစ်ဦးဖြစ်သည်။ သူအခင်ဆုံးမိတ်ဆွေများမှာ လက်သရမ်းဖျက်ဆီးသူဂိုဏ်းဝင်များဖြစ်ပြီး သူတို့နှင့်ပူးပေါင်းလုပ်ဆောင်ကာ ကိုယ်ခံပညာကိုလည်းသင်ယူခဲ့သည်။ ဤဥပမာများက ဖျက်လိုဖျက်ဆီးခြင်းနောက်ဝယ်တွင် ထိုသို့ပြုသူများရှိကြောင်းနှင့် ဖျက်လိုဖျက်ဆီးစေသည့်အကြောင်းရင်း သို့မဟုတ် ၎င်းကိုပြုသူတို့၏ စိတ်လှုပ်ရှားမှုများမှာ ကွာခြားကြောင်းဖော်ပြသည်။
“ဖျက်လိုဖျက်ဆီးခြင်းမှာ လက်စားချေခြင်း သို့မဟုတ် . . . ယူဆချက်တစ်ခုကို ဖော်ပြနည်းတစ်နည်းဖြစ်နိုင်ပေသည်။ တစ်ခါတစ်ရံ ‘အပျော်’ သက်သက်အတွက် လူငယ်ရောလူကြီးပါ ထိုပြစ်မှုကို ကျူးလွန်မိကြသည်” ဟုကမ္ဘာ့စာအုပ်စွယ်စုံကျမ်း ကဆိုသည်။ သို့ရာတွင် အကြမ်းဖက်ဖျက်ဆီးခြင်းသည် လူငယ်သဘာဝပျော်ပါးစရာဖြစ်သည်ထက် အကြီးအကျယ်ပျက်စီးစေနိုင်ပြီး သေပင်သေစေနိုင်သည်။ လူငယ်တစ်စုသည် “ပျော်ရွှင်” လို၍ အိပ်ပျော်နေသူတစ်ဦးကိုတွေ့သောအခါ မီးလောင်လွယ်သောအရည်ကို သူ့အပေါ်လောင်းကာ မီးရှို့လိုက်ကြသည်။ သားကောင်ဖြစ်ခဲ့ရသည့် ထိုအင်းဒီးယန်းမှာ နောက်ပိုင်းတွင် ဆေးရုံ၌သေဆုံးသွားခဲ့သည်။ သတင်းတစ်ပုဒ်အရ “သူတောင်းစားများစွာသည် လမ်းပေါ်တွင်မီးရှို့ခံရပြီးနောက် အရေးယူမှုမပြုခဲ့သကဲ့သို့ ယင်းကိုမည်သူမျှ အလေးထားမည်မဟုတ်ဟုယူဆခဲ့ကြကြောင်း ထိုလူငယ်တို့ကဆိုကြသည်။” ဖျက်ဆီးခြင်းကြောင့် အနာတရဖြစ်ရသူ ရှိသည်ဖြစ်သည်၊ မရှိသည်ဖြစ်စေ ငွေကြေးအရနှင့် စိတ်ပိုင်းဆိုင်ရာအရ ဆုံးရှုံးနစ်နာမှုမှာ ကြီးမားလှသည်။ ထို့ကြောင့် ဖျက်လိုဖျက်ဆီးခြင်းကို မည်သည့်အရာကထိန်းချုပ် သို့မဟုတ် အဆုံးတိုင်စေနိုင်မည်နည်း။
ဖျက်ဆီးခြင်းကို မည်သူတားဆီးနိုင်မည်နည်း
ဖျက်လိုဖျက်ဆီးခြင်းကို ရဲနှင့် ကျောင်းများကတားဆီးနိုင်သလော။ ပြဿနာတစ်ခုမှာ အာဏာပိုင်များသည် “သားကောင်မဲ့” ပြစ်မှုများထက် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း သို့မဟုတ် လူသတ်မှုများစသည့် သာ၍အရေးကြီးသောရာဇဝတ်မှုများနှင့် လုံးပန်းနေကြရပေမည်။ ရဲအရာရှိတစ်ဦး၏အဆိုအရ လူငယ်တစ်ဦး ပြဿနာတက်လာသည့်အခါ မိဘများသည် “ကလေး၏အပေါင်းအသင်းများကိုဖြစ်စေ၊ ကျောင်းကိုဖြစ်စေ သို့မဟုတ် သူ့ကိုဖမ်းဆီးသည့်ရဲကိုဖြစ်စေ အပြစ်တင်” လေ့ရှိကြသည်။ ပညာရေးနှင့် ဥပဒေရေးရာဆောင်ရွက်ချက်တို့က ဖျက်လိုဖျက်ဆီးခြင်းကို လျော့နည်းစေပေမည်; သို့တိုင် မိဘများ၏စိတ်ထား မပြောင်းလဲလျှင်ကော။ သက်ငယ်စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးက “အကြောင်းရင်းမှာ ငြီးငွေ့ခြင်းနှင့် အခွင့်အလမ်းဖြစ်သည်။ [ကလေးများမှာ] အိမ်ပြင်၌ညဉ့်နက်အောင်နေပြီး လုပ်ကိုင်စရာလည်းမရှိကြ။ သူတို့သည် ကြည့်ရှုစောင့်ရှောက်ခြင်းမခံရ၍ ဖြစ်ကောင်းဖြစ်မည်၊ ထိုသို့သာမဟုတ်လျှင် အိမ်ပြင်ရောက်နေကြမည်မဟုတ်ပါ” ဟုဆိုသည်။
နေရာများစွာတွင် ဖျက်လိုဖျက်ဆီးခြင်းသည် ကြီးလေးသောပြဿနာတစ်ခုဖြစ်နေသော်လည်း အခြေအနေမည်သို့ပြောင်းလဲနိုင်သည်ကို ဆင်ခြင်ကြည့်ပါ။ အစပိုင်းတွင်ဖော်ပြထားသော လက်သရမ်းဖျက်ဆီးသည့်လူငယ်များသည် ပြောင်းလဲခဲ့ကြပြီး ယခုဆိုလျှင် လူမှုဆန့်ကျင်သည့်အကျင့်ကို သူတို့လုံးဝရှောင်ကြဉ်ကြသည်။ ယခင်က အပြစ်ကျူးလွန်ခဲ့ကြသော ဤသူများ၏ဘဝပုံစံကို အဘယ်အရာက ပြောင်းလဲစေခဲ့သနည်း။ ထို့ပြင် ဖျက်လိုဖျက်ဆီးခြင်း လျော့နည်းသွားရုံမက ဖယ်ရှားခံရမည်ဆိုလျှင် အသင်အံ့အားသင့်မည်လော။ နောက်ဆောင်းပါးကိုဖတ်ရှုရန် ဖိတ်ခေါ်ပါသည်။
[အောက်ခြေမှတ်ချက်]
a အမည်များပြောင်းထားသည်။