ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁ စာ. ၂၆-၂၇
  • ဖြစ်ထွန်းသော ဗဲန်ဒါပြည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖြစ်ထွန်းသော ဗဲန်ဒါပြည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ခက်ခဲသည့်ဘာသာစကား
  • ဝိညာဉ်ရေးရာဖြစ်ထွန်းမှု
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁ စာ. ၂၆-၂၇

ဖြစ်ထွန်းသော ဗဲန်ဒါပြည်

လွန်ခဲ့သောဆယ်နှစ်အတွင်း ကျွန်တော်တို့ဇနီးမောင်နှံသည် ဗဲန်ဒါလူမျိုးများအလယ်တွင် အချိန်ပြည့်ဧဝံဂေလိဟောပြောသူများအဖြစ် အမှုထမ်းခဲ့ကြသည်။ ဗဲန်ဒါတို့သည် တောင်အာဖရိကမြောက်ပိုင်း လင်ပိုပိုမြစ်တောင်ဘက်တွင် နေထိုင်ကြပြီး သူတို့၏နိုင်ငံသည် လွန်ခဲ့သောရာစုနှစ်များက လင်ပိုပိုမြစ်ကိုဖြတ်ကူးနေထိုင်ခဲ့ကြသည့် လူမျိုးစုအသီးသီးဖြင့် ဖွဲ့စည်းထားသည်။ ဗဲန်ဒါအချို့က သူတို့၏ဘိုးဘေးများသည် ဤနေရာတွင် လွန်ခဲ့သောအနှစ် ၁,၀၀၀ ကျော်ကနေထိုင်ခဲ့ကြသည်ဟုဆို၏။

အမှန်ဆိုလျှင် ဤဒေသသည် တစ်ချိန်က မပူငူးဘွေနိုင်ငံဟုခေါ်သော ရှေးဟောင်းယဉ်ကျေးမှုထွန်းကားရာ ဒေသတစ်ခုဖြစ်ခဲ့သည်။ ၎င်းသည် တောင်အာဖရိက၏ပထမဦးဆုံး လူနေမြို့ပြကြီးတစ်ခုဖြစ်ပြီး အနောက်ဘက်ဘော့စ်ဝါးနားမှ အရှေ့ဘက်ရှိမိုဇမ်ဘစ်အထိ ကျယ်ပြန့်သောလင်ပိုပိုမြစ်ချိုင့်ဝှမ်းကို ထိန်းချုပ်ထားသည်။ စီ.အီး. ၉၀၀ မှစီ.အီး. ၁၁၀၀ ခန့်အထိ မပူငူးဘွေနိုင်ငံသည် အာရပ်ကုန်သည်များကို ဆင်စွယ်၊ ကြံ့ဦးချို၊ သားရေ၊ ကြေးနီနှင့် ရွှေကိုပင် ရောင်းချပေးခဲ့သည်။ မပူငူးဘွေဟုခေါ်သော တော်ဝင်သင်္ချိုင်းကုန်းမြင့်တစ်ခုပေါ်တွင် လက်ရာမြောက်လှသည့် ရွှေပန်းပုရုပ်များကိုတူးဖော်ရရှိခဲ့သည်။ ယင်းတို့သည် “အာဖရိကတောင်ပိုင်းတွင် ရွှေတူးဖော်ခဲ့ခြင်း၏ ရှေးအကျဆုံးသာဓကများဖြစ်ကြောင်း” စွယ်စုံကျမ်းတစ်ခုကဖော်ပြသည်။

ဤနေရာတွင် ရွှေမတူးကြတော့ပါ။ ယနေ့ ဗဲန်ဒါပြည်သည် ယင်း၏ ဖြစ်ထွန်းခြင်းအတွက် ကျော်ကြားနေ၏။ ဆော့ပန် စဘာ့ဂ်ျတောင်တန်း၏တောင်ဘက်တွင် ထောပတ်သီး၊ ငှက်ပျောသီး၊ သရက်သီးနှင့် မာလကာသီးစသည်တို့ လှိုင်လှိုင်သီးသည့် စိမ်းစိုသောချိုင့်ဝှမ်းတစ်ခုတည်ရှိသည်။ ပီကန်နှင့် မာကဒါမီယာစသည့်အခွံမာသီးများအပြင် ဟင်းသီးဟင်းရွက်လည်းပေါများလှသည်။ ယင်းတို့တွင် ဟင်းနုနယ်နှင့်အရသာတူပြီး ဒေသခံလူတို့ အလွန်နှစ်သက်ကြသည့် မူရိုဟိုအရိုင်းလည်းပါဝင်သည်။

ဗဲန်ဒါလူမျိုးသည် ငြိမ်းချမ်း၍ဖော်ရွေသူများဖြစ်ကြသည်။ မမျှော်လင့်ဘဲရောက်လာသော ဧည့်သည်ကို ကြက်သားဟင်းချက်ကျွေးရန် အိမ်ထောင်ဦးစီးကမှာကြားလေ့ရှိသည်။ ၎င်းကို ပြောင်းဖူးနှင့်ပြုလုပ်သော အဓိကအစားအစာဖြစ်သည့် ဘူစွာနှင့်စားသုံးတတ်သည်။ လည်ပတ်ပြီး၍ ပြန်မည့်အခါ အိမ်ထောင်ဦးစီးသည် ဧည့်သည်ကို အတော်အတန်ကွာဝေးသည်အထိလိုက်ပို့ပေးလေ့ရှိသည်။ ၎င်းမှာ ဧည့်သည်ကို လေးစားကြောင်းပြသည့်ထုံးစံဖြစ်သည်။ လက်ယှက်၍ဦးညွှတ်ခြင်းဖြင့် ဧည့်သည်များကို ရည်မွန်စွာနှုတ်ဆက်တတ်ကြရန် ကလေးများကို သွန်သင်ထားလေ့ရှိသည်။ ဤစာမျက်နှာတွင် ဗဲန်ဒါအမျိုးသမီးနှစ်ဦး ၎င်းထုံးစံအတိုင်း အချင်းချင်းနှုတ်ဆက်နေကြသည်ကို သင်တွေ့ရသည်။

ခက်ခဲသည့်ဘာသာစကား

ဥရောပသားများသည် ဗဲန်ဒါဘာသာစကားကို အလွယ်တကူမပြောနိုင်ကြချေ။ အခက်အခဲတစ်ခုမှာ စကားလုံးများစွာတို့သည် စာလုံးပေါင်းတူသော်လည်း အသံထွက်မတူကြခြင်းကြောင့်ဖြစ်သည်။ တစ်နေ့ ယေဟောဝါသက်သေများ၏ ဗဲန်ဒါအသင်းတော်တစ်ခုကို ကျွန်တော်ကျမ်းစာဟောပြောချက်တစ်ခုပေးရင်း လူတိုင်းနှင့်စကားပြောဆိုကြဖို့ ပရိသတ်ကိုအားပေးခဲ့သည်။ ကျွန်တော်က “လူတစ်ဦးပြီးတစ်ဦး” ဟုပြောမည့်အစား “လက်ချောင်းတစ်ချောင်းပြီးတစ်ချောင်း” ဟုပြောမိသောကြောင့် ပရိသတ်ထဲမှတစ်ဦးက ရယ်လေတော့သည်။

သက်သေခံခြင်းလုပ်ငန်းတွင် ဗဲန်ဒါစကားကို ဦးဆုံးကြိုးစားပြောခဲ့သည့်အခါ ဗဲန်ဒါအမျိုးသမီးတစ်ဦးက “ကျွန်မအင်္ဂလိပ်လိုမပြောတတ်ဖူး” ဟုပြန်ဖြေသည်။ နားလည်နိုင်လောက်သည့် ဗဲန်ဒါစကားဖြင့်ပြောလိုက်သည်ဟု ကျွန်တော်ထင်ခဲ့သော်လည်း ယင်းကို သူကအင်္ဂလိပ်စကားဟုထင်ခဲ့ရလေခြင်း! အခြားတစ်ကြိမ်တွင် အိမ်တစ်အိမ်သို့ရောက်သောအခါ အိမ်ထောင်ဦးစီးကိုခေါ်ပေးရန် လူငယ်တစ်ဦးကို ကျွန်တော်တောင်းဆိုလိုက်သည်။ အိမ်ထောင်ဦးစီးအတွက် ဗဲန်ဒါစကားလုံးမှာ သိုးဟိုဖြစ်သည်။ သိုဟိုးဟုကျွန်တော်မှားပြောခြင်းဖြင့် ထိုအိမ်မှမျောက်နှင့်စကားပြောရန် တောင်းဆိုမိလျက်သားဖြစ်နေသည်! ဤသို့သောအမှားမျိုးက ကျွန်တော့်ကိုစိတ်ဓာတ်ကျစေခဲ့သော်လည်း ဇွဲရှိခြင်းအားဖြင့် ယခုဆိုလျှင် ကျွန်တော်ကော ကျွန်တော့်ဇနီးပါ ဗဲန်ဒါစကားကို အသင့်အတင့်ပြောဆိုနိုင်ကြပေပြီ။

ဝိညာဉ်ရေးရာဖြစ်ထွန်းမှု

ဗဲန်ဒါပြည်တွင် ဝိညာဉ်ရေးအရသီးပွင့်ဖြစ်ထွန်းနေကြောင်း ထင်ရှားလျက်ရှိသည်။ ၁၉၅၀ ပြည့်လွန်နှစ်များက မစီနာမြို့ရှိ ကြေးနီတွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းရွှေ့နေထိုင်လာခဲ့ကြသူတို့နှင့်ဖွဲ့ထားသော ယေဟောဝါသက်သေတို့၏အသင်းတော်တစ်ခုကို တည်ထောင်ခဲ့သည်။ သူတို့၏ဇွဲရှိသောလုပ်ဆောင်မှုကြောင့် ဗဲန်ဒါလူမျိုးမြောက်မြားစွာသည် ကျမ်းစာအမှန်တရားကို သိလာကြသည်။ ဆယ်နှစ်ကြာသော် ဗဲန်ဒါသက်သေခံတစ်စုသည် စီဘာစာမြို့ရှိကိုယ်ပိုင်အိမ်တစ်လုံးတွင် စည်းဝေးများကျင်းပလျက်ရှိကြသည်။

တိုးတက်မှုနှုန်းကို မြှင့်တင်ရန် ကင်းမျှော်စင်အသင်း၏ တောင်အာဖရိကဌာနခွဲက ဤဖြစ်ထွန်းသောလယ်ကွင်းသို့ အချိန်ပြည့်ဧဝံဂေလိဟောပြောသူများကို စေလွှတ်ခဲ့သည်။ မကြာမီ စီဘာစာအုပ်စုလေးသည် အသင်းတော်ကြီးတစ်ခုဖြစ်လာလေသည်။ ထိုအချိန်တွင် ခရစ်ယာန်စည်းဝေးများကို စာသင်ခန်းတစ်ခု၌ ကျင်းပခဲ့ကြသည်။ သို့သော် တောင်ဘက်မိုင် ၁၀၀ ခန့်ရှိ ပီတာစဘာ့ဂ်နယ်မြေမှ ယေဟောဝါသက်သေတို့၏အကူအညီဖြင့် အနီးအနားရှိ တိုဟိုယားနဒိုးမြို့တွင် [ဘုရားသခင့်] နိုင်ငံတော်ခန်းမတစ်လုံးဆောက်ခဲ့ကြသည်။

တောင်အာဖရိကမြောက်ပိုင်းတွင် ဗဲန်ဒါစကားပြောလူဦးရေ ၅၀၀,၀၀၀ ကျော်ရှိသည်။ ၁၉၅၀ ပြည့်လွန်နှစ်များ၌ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းစတင်စဉ်က ဤနေရာတွင် ဗဲန်ဒါသက်သေခံတစ်ဦးမျှမရှိခဲ့ပါ။ ယခု ၁၅၀ ကျော်ရှိနေပြီ။ သို့သော် မရောက်ရှိသေးသောနယ်မြေများစွာရှိနေဆဲဖြစ်ပြီး ဆောင်ရွက်စရာများစွာရှိနေသည်။ ၁၉၈၉ ခုနှစ်တွင် ဟာမွတ်ရှဟုခေါ်သော ဗဲန်ဒါကျေးရွာတစ်ခုကို ကျွန်တော်တို့စတင်လည်ပတ်ခဲ့ကြချိန်တွင် သက်သေခံတစ်ဦးသာရှိသေးသည်။ ယခု ထိုကျေးရွာတွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၄၀ ကျော်ရှိပြီး ပီတာစဘာ့ဂ်အသင်းတော်များမှ သက်သေခံတို့၏ထပ်မံကူညီမှုနှင့် ပို၍ကြွယ်ဝသောနိုင်ငံများရှိ ညီအစ်ကိုများ၏ကျေးဇူးကြောင့် ကျွန်တော်တို့၏နိုင်ငံတော်ခန်းမကို အပြီးသတ်ဆောက်နိုင်ဖို့ အလုပ်များနေကြပါသည်။

စိုက်ပျိုးရေးခြံတစ်ခုတွင် ဘီးတပ်အိမ်တစ်လုံး (နောက်တွဲယာဉ်ငယ်တစ်စီး) ၌ ကျွန်တော်တို့နေထိုင်ကြသည်။ ရိုးရှင်းစွာနေထိုင်ကြခြင်းဖြင့် ဒေသခံတို့ကိုသတင်းကောင်းဟောပြောဖို့ အချိန်ပိုရသည်။ (မာကု ၁၃:၁၀) ရလဒ်အနေနှင့် ယေဟောဝါဘုရားသခင်ထံ သူတို့၏ဘဝကိုဆက်ကပ်အပ်နှံရန် လူများစွာကိုကူညီပေးခွင့်ရသည့်ကောင်းချီးကို ကြွယ်ဝစွာခံစားခဲ့ကြရပြီ။ ဥပမာတစ်ခုမှာ မိတ်ဆွေတစ်ဦး၏အိမ်တွင် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်a ဟူသောစာအုပ်ကိုတွေ့ခဲ့သူ မိုင်ကယ်ဖြစ်သည်။ ၎င်းကိုစတင်ဖတ်ရှု၍ အမှန်တရားဖြစ်ကြောင်း ချက်ချင်း အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် နောက်ထပ်ကျမ်းစာစာပေများရဖို့ ကင်းမျှော်စင်အသင်းသို့ သူစာရေးခဲ့သည်။ သူ၏စာထဲတွင် မိုင်ကယ်က မိမိသည်မကြာသေးမီက ဒေသခံတမန်တော်များအသင်းဝင်တစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့ကြောင်း ရှင်းပြသည်။ သူဤသို့ဆက်ရေးသည်– “ကျွန်တော်သည် ဘုရားသခင့်နိုင်ငံတော်သို့သွားရန် လမ်းမှားပေါ်ရောက်နေကြောင်း သိခဲ့ရပြီ။ သင်တို့၏အသင်းဝင်တစ်ဦးဖြစ်လာရန် ကျွန်တော်စိတ်ဆုံးဖြတ်ပြီးပြီ၊ သို့သော် မည်သို့ပြုရမည်ကို ကျွန်တော်မသိပါ။” ထို့နောက် သူ၏လိပ်စာကိုပေးပြီး သူ့ကိုကူညီပေးရန် ယေဟောဝါသက်သေတစ်ဦးကိုစေလွှတ်ပေးဖို့ တောင်းဆိုခဲ့သည်။ သို့နှင့်မိုင်ကယ်ကို ကျွန်တော်ရှာဖွေပြီး သူနှင့်အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု စတင်ကျင်းပခဲ့ကြသည်။ ယနေ့ သူသည် နှစ်ခြင်းခံပြီးသည့်သက်သေခံတစ်ဦးဖြစ်ပြီး ယေဟောဝါအား သစ္စာရှိစွာအမှုထမ်းနေသည်။

၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တိုဟိုယာနဒိုမြို့ရှိ အားကစားကွင်းတစ်ခု၌ကျင်းပသော ယေဟောဝါသက်သေများ၏ “ဘုရားသခင့်နှုတ်မြွက်စကားတော်၌ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီးကို ကျွန်တော်တို့တက်ရောက်ခဲ့ကြသည်။ ၆၃၄ ဦးတက်ရောက်ခဲ့ကြပြီး လူသစ် ၁၂ ဦးနှစ်ခြင်းခံခဲ့ကြ၏။ ဗဲန်ဒါစကားဖြင့် ဟောပြောချက်နှစ်ခုပေးရသည့်အခွင့်ထူး ကျွန်တော်ရခဲ့သည်။ ယင်းသည် ဤဖြစ်ထွန်းသောပြည်တွင် ကျွန်တော်တို့ပျော်ရွှင်မှုရခဲ့သည့် ဆယ်နှစ်တာအတွင်းဝယ် တကယ်ပင်မှတ်တိုင်တစ်ခုဖြစ်သည်!—ဆောင်းပါးရှင်ရေးသားပေးပို့သည်။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ