မိုးမျှော်တိုက်ကြီးများ မှ တန်ဒြာ တောကန္တာရအထိ လူတို့ထံသွားရောက်ခြင်း
မိုရေ၊ ဆီးနှင်း၊ ဝံပုလွေများ၊ တောင်ခြင်္သေ့များ၊ ရန်လိုသောနယ်မြေဒေသ အဘယ်တစ်ခုမျှ သူတို့၏စိတ်ပိုင်းဖြတ်ထားမှုကို လျော့ပါးမသွားစေနိုင်ခဲ့ချေ။ သူတို့သည် အံ့သြဖွယ်ကောင်းလောက်သောအရှိန်ဖြင့် အနောက်ဘက်ကမ်းခြေသို့ အမြန်ချောစာသွားပို့ပေးရန် မိုင်ပေါင်း ၁,၉၀၀ ရှိသည့်အပြောကျယ်သောပရေရီမြက်ခင်းတစ်လျှောက် ရေစီးသန်သောမြစ်ချောင်းများ၊ နက်ရှိုင်းသောတောင်ကြားချိုင့်ဝှမ်းများကိုဖြတ်သန်း၍ မြင်းဒုန်းစိုင်းစီးနှင်ခဲ့ကြသည်။ သူတို့ကား မည်သူများနည်း။
သူတို့သည် ရဲစွမ်းသတ္တိရှိသော မြင်းစီးစာပို့လုလင်များဖြစ်ကြသည်။a ထိုလုလင်တို့တွင်ရှိသည့် ခိုင်မာသောစိတ်ဓာတ်ကို သူတို့အဘယ်မှရရှိခဲ့ကြသနည်း။ ဖြစ်နိုင်သည်မှာ စိန်ခေါ်ချက်၊ စွန့်စားမှုနှင့် ချောထုပ်ကို အရောက်ပို့ပေးနိုင်ခဲ့ခြင်းတို့မှ ရရှိသည့်ကျေနပ်မှုဖြစ်သည်။ စိတ်ဝင်စားစရာကား မြင်းစီးသူတိုင်းသည် သူတို့၏မြင်းကုန်းနှီးရှိအိတ်များထဲတွင် အရေးကြီးသောချောထုပ်နှင့်အတူ ကျမ်းစာကိုယ်စီ ယူဆောင်သွားကြသည်။
နှစ်တစ်ရာကျော်ကြာပြီးနောက် ကနေဒါနိုင်ငံတစ်လျှောက် စိတ်အားထက်သန်သော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၁၁၃,၀၀၀ ကျော်တို့သည် သာ၍ခိုင်မာသောစိတ်ပိုင်းဖြတ်မှု၊ စိတ်အားထက်သန်မှုနှင့် အလေးထားမှုတို့ကို တင်ပြခဲ့ကြသည်။ သူတို့အားလှုံ့ဆော်မှုကား အဘယ်နည်း။ ဘုရားသခင်နှင့် အိမ်နီးချင်းကို ချစ်သောမေတ္တာက ပုံနှိပ်စာတမ်းဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း ဘုရားသခင့်နိုင်ငံတော်သမ္မာတရားကို အိမ်တိုင်ရာရောက်ပေးပို့ရန် သူတို့အားလှုံ့ဆော်ပေးသည်။ ဤအသက်ပေးသမ္မာတရားသည် မြင်းစီးစာပို့၏ မည်သည့်ချောထုပ်ထက်မဆို များစွာအရေးကြီးသည်။ မှန်ပါသည်၊ ယင်းသည် မြင်းစီးစာပို့လုလင်များ၏ မြင်းကုန်းနှီးရှိအိတ်ထဲတွင်တွေ့ရှိရသော သမ္မာကျမ်းစာတွင်ပါသည့် တန်ဖိုးရှိလှသော ဘုရားသခင့်နိုင်ငံတော်သတင်းဖြစ်သည်။—သု. ၂:၂၁၊ ၂၂; ဟေရှာယ ၂:၂-၄; ၆၁:၂; မဿဲ ၂၂:၃၇-၃၉; ၂၄:၁၄။
ယေဟောဝါနှင့် လူတို့ကို ချစ်သောမေတ္တာကလှုံ့ဆော်ပေး
ယေဟောဝါသက်သေများသည် လူတို့ကို ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောဆိုရန် မြတ်နိုးကြသည်။ မိုးမျှော်တိုက်ကြီးများ၊ ဝေးခေါင်သောတန်ဒြာဒေသရှိရပ်ရွာများ၊ လေဆိပ်အဆောက်အအုံများ၊ လမ်းများနှင့် အခြားလူစုဝေးရာအရပ်များအပြင် တယ်လီဖုန်းဖြင့် ထိုသို့ပြုလုပ်နေကြသည်ကို သင်တွေ့ရှိရပေလိမ့်မည်။ အဘယ်ကြောင့် ဤကဲ့သို့သောနေရာအသီးသီးတွင် တွေ့ရှိရသနည်း။
စီးပွားရေးနှင့် လူဦးရေစာရင်းအင်းအခြေအနေများကြောင့် ပြောင်းလဲလာသည့် ဘဝပုံစံများက အိမ်တွင်လူများကိုတွေ့ရန် ခဲယဉ်းစေသည်။ အခြေအနေများစွာတွင် ဇနီးမောင်နှံနှစ်ဦးစလုံးသည် မိသားစု၏အခြေခံလိုအပ်ရာများအတွက် အလုပ်ထွက်လုပ်ကြရရာ ဝိညာဉ်ရေးလိုအပ်ရာများကို လစ်ဟင်းနေကြလေ့ရှိသည်။ ထိုသို့သော ဖိစီးမှုစိတ်သောကကြားတွင် သူတို့သည် မျှော်လင့်ချက်ပေးသည့် အားရှိစရာသတင်းကို အလွန်လိုအပ်နေကြပေသည်။ ယေဟောဝါသက်သေများသည် ဝမ်းသာအားရစွာဖြင့် တုံ့ပြန်နေကြ၏။ လူအပေါင်းတို့ထံ သတင်းကောင်းရောက်စေရန် လိမ္မာပါးနပ်မှုနှင့် ကြင်နာမှုကိုအသုံးပြု၍ အခွင့်အရေးများရှာယူပြီး ဆွဲဆောင်မှုရှိသော စိတ်ဝင်စားဖွယ်နည်းဖြင့် ဟောပြောကြသည်။—၁ တိမောသေ ၂:၃၊ ၄။
အခြားဘာသာစကားများဖြင့်– မိမိ၏နောက်တော်လိုက်များအား ‘သွား၍ တပည့်များဖြစ်စေလော့’ ဟုယေရှုအမိန့်ပေးရာတွင် ကိုယ်တော်က လူမျိုးအပေါင်းတို့ထံ မျှော်လင့်ခြင်းသတင်းရောက်ဖို့ အစပြုလုပ်ဆောင်ရန်နှင့် ဇွဲရှိစေလိုတော်မူသည်။ (မဿဲ ၂၈:၁၉) နိုင်ငံများစွာကဲ့သို့ပင် ကနေဒါနိုင်ငံသည် ယဉ်ကျေးမှုအသီးသီးရှိသော၊ ဘာသာစကားအမျိုးမျိုးပြောသော နိုင်ငံတစ်နိုင်ငံဖြစ်လာနေရာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတို့သည် ဘာသာစကားအသစ်များကို သင်ယူခြင်းဖြင့် အလိုက်သင့်ပြုပြင်နေကြသည်။
ဥပမာ၊ အဲလ်ဘာတာပြည်နယ်၊ အဲဒ်မွန်တန်မြို့တွင် အချိန်ပြည့်ဓမ္မအမှုဆောင်သူ မောင်နှံစုံတစ်စုံသည် မိမိတို့မြို့၌ မဲန်ဒရင်တရုတ်ဘာသာစကားပြောသူတို့ထံ သွားရောက်ကြဖို့ လိုအပ်ကြောင်းသိမြင်ခဲ့သည်။ သို့သော် ဦးဆုံး ထိုမောင်နှံစုံသည် ဘာသာစကားသင်ယူရန်လိုသဖြင့် သူတို့သည် မဲန်ဒရင်စကားပြောတတ်သော တက္ကသိုလ်ကျောင်းသားတစ်ဦး၏အကူအညီကို တောင်းဆိုခဲ့သည်။ သူကဘာသာစကားသင်ပေးရန်နှင့် တစ်ကြိမ်တည်းတွင် ကျမ်းစာသမ္မာတရားကိုသင်ယူရန် သဘောတူညီလိုက်သည်။ အကောင်းဆုံး အခြေအနေပါတကား! ၂၄ လအတွင်း ဤစိတ်အားထက်သန်သော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူနှစ်ဦးသည် မဲန်ဒရင်စကားဖြင့် သင်ကြားပို့ချပေးနိုင်ကြပေသည်။ တစ်ကြိမ်တည်းတွင် သူတို့၏ဆရာတစ်လှည့် ကျောင်းသားတစ်လှည့်ဖြစ်သူသည် ခရစ်ယာန်နှစ်ခြင်းခံဖို့အတွက် အရည်အချင်းပြည့်မီလေသည်။
အခြားမြို့များတွင်ရှိသော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတို့သည် မေတ္တာ၏လှုံ့ဆော်မှုကြောင့် ပိုလန်၊ ရုရှားနှင့် ဗီယက်နမ် အစရှိသည့် ဘာသာစကားများကိုသင်ယူကြခြင်းဖြင့် အလားတူတွေ့ကြုံမှုများရရှိနေကြသည်။
လမ်းပေါ်တွင်– လွန်ခဲ့သောရာစုနှစ်က အထီးတည်းစီးနင်းသွားရသည့် မြင်းစီးစာပို့လုလင်တို့ကဲ့သို့ ဗြိတိသျှကိုလံဘီယာပြည်နယ်အတွင်း နေထိုင်ကြသော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူအချို့သည် တစ်ဦးတည်းသွားလာကြသူများဖြစ်ကြသည်။ သူတို့၏ဝမ်းစာရေးလုပ်ငန်းဖြစ်သော တောမှသစ်ကို သစ်စက်သို့သစ်တင်ကားကြီးများဖြင့် တင်ပို့ရခြင်းတွင် သူတို့၏အချိန်များစွာကုန်ခန်းပါသည်။ ယင်းလုပ်ငန်းတွင် စီဘီ (ဆက်သွယ်ရေး) ရေဒီယိုအားဖြင့် ယာဉ်အသွားအလာနှင့် အန္တရာယ်များအကြောင်း အခြားထရပ်ယာဉ်မောင်းများနှင့် အမြဲဆက်သွယ်ဖို့လိုအပ်ပေသည်။
ဤဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတို့သည် မိမိတို့၏စီဘီရေဒီယိုကို ထူးခြားသောနည်းတစ်နည်းဖြင့် အစပြုသုံးစွဲကြသည်။ သူတို့သည် စီဘီမှတစ်ဆင့် လတ်တလောအဖြစ်အပျက်များကိုဖော်ပြ၍ ဆွေးနွေးခန်းများ စတင်ကြသည်။ ထို့နောက် ကျွမ်းကျင်စွာပင် သမ္မာကျမ်းစာသို့ စကားလွှဲပြောင်းပြောဆိုကြသည်။ အဖြစ်အပျက်တစ်ခုတွင် ကားသမားတစ်ဦးသည် လူသေတို့အတွက် မျှော်လင့်ချက်ဆိုင်ရာ ကျမ်းစာသွန်သင်ချက်ကို လက်ခံခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) အဝေးပြေးလမ်းပေါ်တွင် ယာဉ်မောင်းဖော်တစ်ဦး ကားတိုက်သေဆုံးခဲ့သည့်အတွက် သူအလွန်စိတ်ထိခိုက်နေသည်။ ကျမ်းစာသင်အံမှုကို သူကျေးဇူးတင်စွာလက်ခံလိုက်ပြီး ယခုဆိုလျှင် လုပ်ဖော်ဆောင်ဖက်နှင့် မိတ်ဆွေများအား သတင်းကောင်းကြွေးကြော်နေသည်ကို ကြားနိုင်သည်။ သူ့အတွက်ပျော်ရွှင်စရာ သာ၍ဖြစ်စေခဲ့သည်မှာ သေဆုံးသွားသော သူ့မိတ်ဆွေ၏ဇနီးနှင့် ကျမ်းစာသင်အံမှုစတင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အသက်ပေးသမ္မာတရားသတင်းကို ဤတစ်မူထူးခြားသောနည်းဖြင့် အစပြုတင်ဆက်ဟောပြောသည့်အတွက် ဆုကျေးဇူးကြီးမားလှသည်တကား!
လေကြောင်းအားဖြင့်– တန်ဖိုးရှိလှသောသမ္မာတရားသတင်းကို ပေးပို့ရာတွင် ဇွဲရှိသောဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူတို့သည် လေယာဉ်ငယ်များဖြင့် လူအများရှိရာ ‘မြို့ရွာများသို့ သွားကြသည်။’ (မဿဲ ၁၀:၁၁၊ ၁၂) မကြာသေးမီအချိန်က လေယာဉ်ငယ်အုပ်စုနှစ်စုသည် မိမိတို့စရိတ်ဖြင့်ပင် သတင်းကောင်းကိုဇွဲဖြင့်ကြွေးကြော်ရန် လှုံ့ဆော်ခံရပြီး အလွန်ကျယ်ပြန့်သောတန်ဒြာတောကန္တရတွင် ပျံ့နှံ့နေကြသောလူတို့ထံ ပျံသန်းသွားခဲ့ကြသည်။ လေယာဉ်အုပ်စုတစ်စုစီသည် မိုင် ၂,၀၀၀ ခန့်ပျံသန်း၍ အာတိတ်စက်ဝိုင်း၏မိုင် ၁၅၀ အတွင်းတွင် အတူနေထိုင်သောလူစု ၁၄ စုရှိရာသို့ရောက်သွားခဲ့ကြသည်။ ဤမနားမနေ ကြွေးကြော်သူတို့သည် အလှမ်းကွာဝေးလွန်း၍ သီးခြားဖြစ်နေသောလူတို့ထံရောက်ရှိရန် ခုနစ်ရက်ပတ်လုံးကြိုးစားသွားခဲ့ကြ၏။
ယင်းသို့ပြုခြင်းသည် အကျိုးနပ်ပါသလော။ ဤအတူနေလူစုများအပေါ် သမ္မာကျမ်းစာသတင်း၏ အပြုသဘောပါသောအကျိုးသက်ရောက်မှုကို စဉ်းစားကြည့်ပါလေ။ သွားရောက်ကြသော အမှုဆောင်များသည် အလွန်နီးလှသောအနာဂတ်တွင် မြေကြီးပရဒိသုရောက်ရှိဖို့ ယေဟောဝါရည်ရွယ်တော်မူကြောင်းကို အကြမ်းဖျင်းဖော်ပြကြသောအခါ အလွန်လိုအပ်နေသည့် ဝိညာဉ်ရေးဟာကွက်ကို ဖြည့်စွက်ပေးခဲ့ကြသည်။ (မဿဲ ၅:၃) သတင်းသယ်ဆောင်သူများ ပြန်သွားကြသည့်နောက် ယင်းအုပ်စုများတွင်နေထိုင်သော စိတ်နှလုံးရိုးဖြောင့်သူများသည် သူတို့ရရှိထားသည့် ကျမ်းစာနှင့် ကျမ်းစာလေ့လာဖို့အထောက်အကူပြုစာပေ ၅၄၂ အုပ်အပြင် မဂ္ဂဇင်း ၃,၀၀၀ ကိုဆက်ဖတ်ရှုနိုင်ကြလိမ့်မည်ဖြစ်သည်။—တမန်တော် ၁၂:၂၄ နှိုင်းယှဉ်။
တယ်လီဖုန်းအားဖြင့်– ထောင်နှင့်ချီသော မြို့သားတို့သည် အဆင့်မြင့်စက်မှုလုံခြုံရေးစနစ်တပ်ဆင်ထားသော မိုးမျှော်တိုက်ကြီးများတွင်နေထိုင်ကြသည်။ သို့တိုင် ဆက်ကပ်အပ်နှံထားကြသော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတို့သည် ဇွဲနှင့် လိမ္မာပါးနပ်စွာဖြင့် ဆက်အမှုဆောင်ကြသည်။ ထိုသူများထံသို့ သူတို့မည်သို့ ရောက်သွားနိုင်ကြမည်နည်း။ မျက်နှာချင်းဆိုင်ဆက်သွယ်ခြင်းကို ပိုလိုလားကြသော်လည်း စုပေါင်းအိမ်ရာဧည့်ခန်းရှိ အပြန်အလှန်ဆက်သွယ်ရေးကို အသုံးပြုကြ၍လည်း အောင်မြင်မှုရရှိခဲ့ကြပြီ။ ယင်းသို့ပြုရန် မဖြစ်နိုင်သောအခါ သူတို့သည် လူတို့ကို တယ်လီဖုန်းဖြင့်သက်သေခံကြသည်။
တစ်နံနက်တွင် အဖွားအိုတစ်ဦးသည် သူမ၏ဖုန်းကို ကောက်ကိုင်လေ၏။ ယဉ်ကျေးသိမ်မွေ့စွာဖြင့် တိုတိုတုတ်တုတ်နှုတ်ခွန်းဆက်ပြီးနောက် ညအချိန်တွင် လုံခြုံစွာလမ်းသွားလမ်းလာနိုင်မည့်အချိန်ရှိလာလိမ့်မည်ထင်သလောဟု မေးမြန်းခံခဲ့ရသည်။ အနာဂတ်တွင် ငြိမ်သက်မှုများပြားလိမ့်မည်ကိုစိတ်ချစေဖို့ ကျမ်းချက်များဖတ်ပြခဲ့၏။ (ဆာလံ ၃၇:၁၀၊ ၁၁; ဒံယေလ ၂:၄၄; မဿဲ ၆:၉၊ ၁၀) နောက်အပတ်ထိုအချိန်၌ပင် ဘုရားသခင့်ကတိတော်များကို ကျွန်ုပ်တို့အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်ကြောင်း တယ်လီဖုန်းဖြင့်ဆက်ဆွေးနွေးဖို့ သူမလက်ခံခဲ့သည်။ တစ်လတိုင် တယ်လီဖုန်းဖြင့် ကျမ်းစာအထောက်အကူပြုစာပေတစ်ခုမှ အပိုဒ်များကိုဖတ်ခြင်း၊ ဆီလျော်သောမေးခွန်းများကိုမေးခြင်းဖြင့် ကျမ်းစာကိုလေ့လာခဲ့ပြီးနောက် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူသည် ပတ်စဉ်ပတ်တိုင်း ကျမ်းစာအခြေခံအကြောင်းအရာအမျိုးမျိုး တင်ပြပေးခဲ့သောကြောင့် ထိုအမျိုးသမီးကြီး၏ချီးမွမ်းခြင်းကို ခံခဲ့ရသည်။ ဤတွင် လေ့လာနေသောစာအုပ်အမည်ကိုဖော်ပြ၍ သူမပါတစ်အုပ်ယူထားနိုင်ကြောင်း ကမ်းလှမ်းရန်အချိန်တန်ပြီဖြစ်သည်။ ထိုအခါ လူချင်းတွေ့ဆုံကြဖို့ စီစဉ်လိုက်သည်။ အမှန်ပင်၊ ယေဟောဝါသက်သေများသည် လူလူချင်းအပေါ် မေတ္တာထားကြပြီး လူတို့ကလည်းတုံ့ပြန်ကာ ယေဟောဝါသည် ဤခရစ်ယာန်ဟောပြောသူတို့နှင့်အတူရှိကြောင်း အသိအမှတ်ပြုနေကြပါသည်။—၁ ကောရိန္သု ၁၄:၂၅ နှိုင်းယှဉ်။
ပုံနှိပ်စာတမ်းအားဖြင့်– ပြင်သစ်ဘာသာစကားအဓိကပြောသော ကွိဘက်စီရင်စုရှိ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတို့သည်လည်း လူတို့ရှိရာသို့ သွားနေကြသည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ဤသို့ဆိုသည်– “ချာ့ချ်၏ပြင်းထန်သောဆန့်ကျင်မှုကြောင့် တိုးတက်မှုမရှိဟု ညီအစ်ကိုများသည် နှစ်နှင့်ချီယူမှတ်နေကြသည်။ သို့သော် ညီအစ်ကိုများ ထပ်ခါတလဲ မမောမပန်းပြန်သွားသည့်လုပ်ငန်းကြောင့် လူနည်းစုသာလျှင်ဖတ်ရှုပြီး လူမသိသလောက်ဖြစ်သည့်သမ္မာကျမ်းစာသည် ယခုအိမ်အများအပြားတွင်ရှိနေပါသည်။”
ဆေးဘက်ဆိုင်ရာအဖွဲ့ပါအပါအဝင် ကွိဘက်တွင်ရှိ အလွှာအသီးသီးမှသူများသည် ဧဝံဂေလိဟောပြောသူလူသစ်များဖြစ်လာနေကြ၍ စိတ်လှုပ်ရှားဖွယ်ရလဒ်များကို ခံစားနေကြရသည်။ ဆရာဝန်တစ်ဦး၏အဖြစ်အပျက်မှာ တစ်ခုအပါအဝင်ဖြစ်သည်။ သူမကိုယ်တိုင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးဖြစ်သော သူ၏ဇနီးသည် သူနှင့်အတူ သမ္မာကျမ်းစာမျှော်လင့်ချက်ကို ဆွေးနွေးလေ့ရှိသည်။ နိုးနိုးကြားကြားရှိသော အသင်းတော်အကြီးအကဲတစ်ဦးသည် သွေးသည် သင့်အသက်ကို မည်သို့ကယ်တင်နိုင်သနည်း ဘရိုရှာ [လိပ်] ကိုလေ့လာချိန်တွင် ထိုဆရာဝန်ကို အသင်းတော်အစည်းအဝေးသို့ ခေါ်ဖိတ်လိုက်သည်။ သူသည် တက်ရောက်ရုံမက ပါဝင်ဖြေဆိုခဲ့သည်။ ဆွေးနွေးကြသည့်အချက်များ၏ အရည်အသွေးနှင့် ဝိညာဉ်ရေးဆိုင်ရာနက်ရှိုင်းမှုကို အလွန်သဘောကျသွားပြီး ကိုယ်တိုင်ကျမ်းစာလေ့လာဖို့ သဘောတူလေသည်။ ယခု သူလည်း ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦး ဖြစ်နေပေပြီ။
သမ္မာကျမ်းစာကို လူတို့နှစ်သက်လာဖို့ မဂ္ဂဇင်းများကို ထိရောက်စွာအသုံးပြုခြင်းသည် အလွန်အရေးပါခဲ့ပြီ။ အဘယ်ဆောင်းပါးသည် လူတစ်ဦးအား သမ္မာတရားသို့ သွေးဆောင်လိမ့်မည်ကို မည်သူမျှမသိချေ။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးသည် သတင်းကိုကြားနာလိုစိတ်မရှိသော်လည်း အင်းဆက်ပိုးမွှားလောကကိုစိတ်ဝင်စားသော အိမ်နီးချင်းတစ်ဦးအား နိုးလော့! တစ်စောင်ကမ်းလှမ်းခဲ့သည်။ ၁၉၉၂၊ နိုဝင်ဘာ ၂၂ ထုတ် နိုးလော့! [လိပ်] မှ “ရှာဂါရောဂါ—မရဏအနမ်း” ဆောင်းပါးပါရုပ်ပုံကို သူမအတော်စိတ်ဝင်စားခဲ့သည်။ ဖတ်ရှုခဲ့သောအကြောင်းကို သူမအလွန်သဘောကျသွားပြီး နောက်ထပ်မဂ္ဂဇင်းများကို တောင်းဆိုလေသည်။ သို့နှင့်ကျမ်းစာသင်အံမှုစတင်လိုက်ပြီး ခြောက်လအတွင်း သူမသည် အခြားသူတို့ကို သက်သေခံနေတော့သည်။
လူအများရှိရာနေရာများသို့– ကနေဒါဥပဒေက လေယာဉ်ကွင်းကဲ့သို့သော လူအများစုဝေးရာနေရာများတွင် လွတ်လပ်စွာဟောပြောခြင်းကို ခွင့်ပြုထားပါသည်။ ဟယ်လီဖက်စ် နိုင်ငံတကာလေယာဉ်ကွင်း၌ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတို့သည် လေယာဉ်ပြောင်းစီးသူခရီးသည်များထံ လိမ္မာပါးနပ်စွာချဉ်းကပ်ပြီး အပြန်အလှန်စကားပြောဆိုဖို့ ကြိုးစားကြသည်။ သမ္မာကျမ်းစာအကြောင်း စကားစမြည်ပြောဆိုဖြစ်သွားစေရန် အခန့်သင့်မေးခွန်းများကို အသုံးပြုကြသည်။ အိတ်ဆောင်သမ္မာကျမ်းစာနှင့် စာအုပ်စာတမ်းများကို သူတို့ယူဆောင်သွားကြသောကြောင့် ဝိညာဉ်ရေးလိုအပ်ရာများကို သူတို့ဖြည့်စွက်ပေး နိုင်ကြသည်။ ဤနည်းဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်း ကြားနာလိုက်ရသူတို့တွင် ခွဲစိတ်ဆရာဝန်များ၊ သိပ္ပံပညာရှင်များ၊ ရှေ့နေများ၊ လေယာဉ်မောင်းများ၊ ဓမ္မဆရာများ၊ ရဲများ၊ တက္ကစီယာဉ်မောင်းများ၊ အင်ဂျင်နီယာများ၊ ကျောင်းဆရာများ၊ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တိုင်းတစ်ပါးမှနိုင်ငံရေးသမားများပါဝင်ပြီး ဤသူတို့သည် ဝေးလံသောနေရာဒေသများတွင် သမ္မာတရားမျိုးစေ့အပင်ပေါက်လာစေရန် သယ်ဆောင်သွားကြသည်။—ကောလောသဲ ၁:၆။
လေယာဉ်ကွင်း၌ နံနက်စောစောတစ်နေ့တွင် လူတစ်ဦးသည် ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများကိုလက်ခံယူခဲ့သည်။ ထိုနောက်တွင် သူက ဤသို့အေးအေးလူလူပြောလိုက်သည်– “အိုး! မဟုတ်သေးပါဘူး၊ ယေဟောဝါသက်သေတွေဆီကတော့ မဖြစ်နိုင်ပါဘူး။” အဘယ်ကြောင့် ဤသို့တုံ့ပြန်ရသနည်း။ ထိုသူသည် ဘာသာတရားကိုင်းရှိုင်းသော မွတ်စလင်တစ်ဦးဖြစ်ပြီး လေယာဉ်ကွင်းရှိဝတ်ကျောင်းတွင် ဆုတောင်းပြီးစရှိသည်။ သူ့ကို ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်ခြင်းနှင့် သမ္မာတရားပေးပါရန် ဘုရားထံသူဆုပန်ခဲ့သည်။ သူ၏ဆုတောင်းချက်အတွက် ချက်ချင်းရလိုက်သောအဖြေသည် ယေဟောဝါသက်သေများထံမှဖြစ်နေခြင်းက သူ့အတွက်အံ့အားသင့်စရာဖြစ်စေခဲ့သည်။
ဘုရားသခင့်နိုင်ငံတော်သတင်းကို ကနေဒါနိုင်ငံတွင် ရဲရင့်စွာကြွေးကြော်သူတို့သည် ၎င်းတန်ဖိုးရှိသတင်းတရားတင်ဆက်ခြင်းကို တားဆီးခွင့်မပေးချေ။ တိုင်းတစ်ပါးဘာသာစကားများ၊ ကြမ်းတမ်းသောလမ်းများ၊ ဝေးခေါင်သည့်အတူနေလူစုများ၊ အထူးလုံခြုံသော စုပေါင်းအိမ်ရာများ အစရှိသည့်အဘယ်အရာကမျှ သူတို့ကိုမတားဆီးနိုင်ခဲ့ချေ။ သူတို့သည် ဘုရားသခင်၏ အသက်ပေးသောသတင်းကို စိတ်နှလုံးရိုးဖြောင့်စွာဖြင့် ရှာဖွေသူတို့ထံ ရောက်သွားစေရန် ဆုံးဖြတ်ထားကြသည်။ လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသော ကမ္ဘာချီညီအစ်ကိုများအသင်းအပင်းနှင့်အတူ သူတို့ ‘သွား၍ တပည့်များဖြစ်စေရန်’ ယေရှု၏မိန့်တော်မူချက်ကို ကိုယ်ကျိုးစွန့်နာယူနေကြသည်။—မဿဲ ၂၈:၁၉။
[အောက်ခြေမှတ်ချက်များ]
a မြင်းစီးစာပို့ခြင်းသည် ၁၈၆၀ ပြည့်နှစ်မှ ၁၈၆၁ ခုနှစ်အထိ တိုတောင်းသော ၁၆ လကြာသည့် အမေရိကန်ပြည်ထောင်စုတွင်ရှိခဲ့သော စာပို့လုပ်ငန်းဖြစ်၏။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
အောင်မြင်သော ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများ တယ်လီဖုန်းကို အသုံးပြုကြ
အချို့ကဤသို့ပြောကြသည်– “ဟဲလို။ ကျွန်တော့်နာမည်က [အမည်ကို ဖော်ပြ] လို့ခေါ်ပါတယ်။ ငြိမ်သက်မှုရရှိနိုင်မည့်အကြောင်း ခင်ဗျားအိမ်ရာမှာနေတဲ့သူတွေကို ကျွန်တော်အတိုချုပ်ပြောပြနေပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ရှိပါ့ဦးမလားလို့စဉ်းစားဖူးသလား။ [တုံ့ပြန်ဖို့ ခွင့်ပြုပါလေ။] ဘာမှမစိုးရိမ်ပါနဲ့၊ ကျွန်တော်စစ်တမ်းကောက်နေတာမဟုတ်ပါဘူး။ ပစ္စည်းတစ်ခုရောင်းဖို့လည်း မဟုတ်ပါဘူး။ ဘုရားသခင်ဟာ ငြိမ်သက်ခြင်း တကယ်ရှိစေတော့မယ်ဆိုတာကို ကျမ်းစာအတိုင်း လူတွေကိုတင်ပြနေတာပါ။” ထို့နောက် ကျမ်းစာမှအကြောင်းတစ်ခုကို တိုတိုတုတ်တုတ် ဆက်ဆွေးနွေးနိုင်ပေမည်။
အခြားသူတို့ကမူ ဤသို့ပြောကြသည်– “မင်္ဂလာပါ။ ကျွန်တော့်နာမည်က [အမည်ကို ဖော်ပြ] လို့ခေါ်ပါတယ်။ ကျွန်တော်ဟာ ခင်ဗျားရဲ့နယ်မြေမှာစေတနာ့ဝန်ထမ်းနေပါတယ်။ ခင်ဗျားရဲ့အဆောက်အဦမှာနေထိုင်သူတွေရဲ့ထင်မြင်ချက်ကို မေးမြန်းနေတာပါ။ ကျွန်တော်တို့ဝန်းကျင်မှာအကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေ တိုးများလာနေတဲ့အတွက် ကိုယ့်လုံခြုံမှုအတွက် စိုးရိမ်စရာဖြစ်နေတယ်။ သင်လည်း ဒီအတွက် စိုးရိမ်နေသလား။ [တုံ့ပြန်ဖို့ ခွင့်ပြုပါ။] တစ်ကမ္ဘာလုံး လုံလုံခြုံခြုံရှိမယ့်အချိန် ရောက်လာမယ်ထင်သလား။” ဖြေဆိုခွင့်ပေးပြီးနောက် ကျမ်းစာဆိုင်ရာသတင်းကို ဆက်ဖော်ပြပါလေ။