ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ကမ္ဘာအနှံ့လှုပ်ရှားတက်ကြွနေ
“သင်တို့သည် . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်။” —တမန်တော် ၁:၈။
၁ ကျွန်ုပ်တို့ခေတ်တွင် အဘယ်သတင်းကိုကြွေးကြော်လိမ့်မည်ဟု တပည့်နောက်လိုက်များအား ယေရှုမိန့်တော်မူခဲ့သနည်း။
ယေဟောဝါသည် မိမိသားတော်ကို မြေကြီးပေါ်သို့စေလွှတ်၍ လုပ်ဆောင်ရမည့်လုပ်ငန်းကိုဖော်ပြရာတွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “ငါသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာရမည်။” (လုကာ ၄:၄၃၊ ကဘ) အလားတူပင်၊ ဘုရင့်အာဏာဖြင့် ယေရှုပြန်ရောက်လာသောအခါ မြေကြီးပေါ်တွင် မိမိတပည့်တော်များလုပ်ဆောင်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ပြောဆိုရာတွင် ကိုယ်တော် ဤသို့မိန့်တော်မူသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” —မဿဲ ၂၄:၁၄။
၂။ (က) ဘုရားသခင့်နိုင်ငံတော်သတင်းကို ကျယ်ကျယ်ပြန့်ပြန့်ဟောရန် အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။ (ခ) ကျွန်ုပ်တို့အားလုံး ကိုယ့်ကိုယ်ကို အဘယ်မေးခွန်း မေးသင့်သနည်း။
၂ ဘုရားသခင့်နိုင်ငံတော်သတင်းသည် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။ ဘုရားသခင့်နိုင်ငံတော်ကို အဘယ်ကြောင့် ဤမျှကျယ်ကျယ်ပြန့်ပြန့် ကြွေးကြော်ဖို့လိုသနည်း။ အကြောင်းမှာ ယေဟောဝါ၏စကြဝဠာပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေမည့်မေရှိယနိုင်ငံတော် ဖြစ်သောကြောင့်တည်း။ (၁ ကောရိန္သု ၁၅:၂၄-၂၈) ယင်းနိုင်ငံတော်အားဖြင့် စာတန်လွှမ်းမိုးသည့် လက်ရှိအစီအစဉ်စနစ်ကို ယေဟောဝါတရားစီရင်ပြီး မြေကြီးပေါ်ရှိ လူ့မိသားစုအားလုံးတို့ကို ကောင်းချီးပေးမည်ဟူသော ကတိတော်ကို ပြည့်စုံစေမည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ဒံယေလ ၂:၄၄) ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံစေခြင်းအားဖြင့် ယေဟောဝါသည် မိမိသားတော်နှင့် အမွေခံဖက်များဖြစ်ရန်အတွက် ထိုနောက်ပိုင်းတွင် ဘိသိက်ပေးခဲ့သောသူများကို ရှာတွေ့တော်မူပြီ။ ဘုရားသခင့်နိုင်ငံတော်သတင်း ကြေညာခြင်းအားဖြင့် ခွဲခြားခြင်းလုပ်ငန်းကိုလည်း ယနေ့ဖြစ်မြောက်စေလျက်ရှိသည်။ (မဿဲ ၂၅:၃၁-၃၃) ယေဟောဝါသည် လူမျိုးအားလုံးမှလူများအား မိမိ၏ရည်ရွယ်ချက်ကို သိစေလိုတော်မူသည်။ ကိုယ်တော့်နိုင်ငံတော်၏ လက်အောက်ခံသားများအဖြစ် အသက်ရှင်ခွင့်ကို သူတို့အား ရွေးချယ်စေလိုတော်မူသည်။ (ယောဟန် ၃:၁၆; တမန်တော် ၁၃:၄၇) ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြွေးကြော်ခြင်းတွင် အသင် အပြည့်အဝပါဝင်နေပါသလော။
တစ်ပါးအမျိုးသားကာလ ကုန်ဆုံးခြင်းကို မျှော်လင့်နေခြင်းတွင်
၃။ (က) စီ. တီ. ရပ်စယ်လ်သည် ကျမ်းစာလေ့လာသည့်အုပ်စုများဖွဲ့ရန် အစောပိုင်းခရီးလှည့်လည်ချိန်က အဘယ်အကြောင်းကို လျောက်ပတ်စွာ ဖော်ထုတ်ပြောဆိုခဲ့သနည်း။ (ခ) ထိုအစောပိုင်းကျမ်းစာကျောင်းသားများသည် မိမိတို့ဘဝတွင် ဘုရားသခင့်နိုင်ငံတော်ကို အဘယ်နေရာ၌ထားသင့်ကြောင်း သဘောပေါက်ခဲ့ကြသနည်း။
၃ လွန်ခဲ့သည့် ၁၈၈၀ ခုနှစ်က ကင်းမျှော်စင်မဂ္ဂဇင်း၏ ပထမဆုံးအယ်ဒီတာဖြစ်သူ ချားလ်စ် တေဇ် ရပ်စယ်လ်သည် ကျမ်းစာလေ့လာသည့်အုပ်စုများဖွဲ့ခြင်းငှာ အားပေးဖို့ရန် အမေရိကန်နိုင်ငံ၏ အရှေ့မြောက်ပိုင်းတစ်ခွင် ခရီးလှည့်လည်ခဲ့သည်။ ဆီလျော်စွာပင် သူဟောပြောသည့်အကြောင်းမှာ “ဘုရားသခင့်နိုင်ငံတော်တွင် ပါဝင်သည့်အရာများ” ဖြစ်သည်။ ကင်းမျှော်စင်အစောပိုင်းစာစောင်များတွင် ဖော်ပြခဲ့သကဲ့သို့ပင် ကျမ်းစာကျောင်းသားများ (ယေဟောဝါသက်သေများကို ထိုစဉ်ကသိခဲ့သည့် အမည်) သိထားကြသည်ကား ဘုရားသခင့်နိုင်ငံတော်ကို ဝင်စားထိုက်သူများဖြစ်ကြောင်း သက်သေတင်ပြရန် သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးထားကြရမည်၊ သူတို့ဘဝအသက်တာ၊ သူတို့အရည်အချင်းများနှင့် သူတို့၏အစွမ်းအစများကို လုပ်ငန်းတော်၌ အသုံးချရမည်ဖြစ်သည်။ ဘဝတွင်ရှိရှိသမျှ အရာခပ်သိမ်းကို ဒုတိယနေရာတွင် သူတို့ထားကြရမည်ဖြစ်သည်။ (မဿဲ ၁၃:၄၄-၄၆) သူတို့၏တာဝန်တွင် ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို သူတစ်ပါးအား ကြွေးကြော်ခြင်း ပါဝင်သည်။ (ဟေရှာယ ၆၁:၁၊ ၂) ၁၉၁၄ ခုနှစ်တွင် တစ်ပါးအမျိုးသားကာလ မကုန်ဆုံးမီ ယင်းလုပ်ငန်းကို အဘယ်အတိုင်းအတာအထိ သူတို့ဆောင်ရွက်ပြီးခဲ့သနည်း။
၄။ ၁၉၁၄ ခုနှစ်မတိုင်မီက ကျမ်းစာစာပေများကို လူနည်းစုမျှရှိသော ကျမ်းစာကျောင်းသားများသည် မည်မျှအထိဝေငှခဲ့သနည်း။
၄ ၁၈၇၀ ပြည့်လွန်နှစ်များမှ ၁၉၁၄ ခုနှစ်အထိ ကျမ်းစာကျောင်းသား အရေအတွက်သည် အနည်းငယ်သာ ရှိသေးသည်။ ၁၉၁၄ ခုနှစ်တွင် လူအများရှေ့ သက်သေခံခြင်းလုပ်ငန်း၌ တက်ကြွစွာပါဝင်သူ ၅,၁၀၀ ခန့် သာရှိခဲ့သည်။ သို့သော် ထူးကဲစွာ သက်သေခံခဲ့ကြပါသည်တကား! ကင်းမျှော်စင်ကို စတင်ထုတ်ဝေပြီးနောက် နှစ်နှစ်မျှသာကြာသည့် ၁၈၈၁ ခုနှစ်တွင် ၁၆၂-မျက်နှာရှိ စဉ်းစားဆင်ခြင်သော ခရစ်ယာန်များအတွက်အစာဟူသည့်စာပေကို သူတို့ဖြန့်ဝေခဲ့ကြသည်။ လအနည်းငယ်အတွင်းပင် စောင်ရေပေါင်း ၁,၂၀၀,၀၀၀ ဝေငှနိုင်ခဲ့လေသည်။ ထိုနောက် နှစ်အနည်းငယ်အတွင်း ဝေစာသန်းပေါင်းများစွာကို ဘာသာစကားပေါင်းမြောက်မြားစွာဖြင့် နှစ်စဉ်ဖြန့်ဝေခဲ့ကြသည်။
၅။ ကော်လ်ပေါ်တီရာများကား မည်သူများနည်း။ သူတို့သည် အဘယ်စိတ်ဓာတ်ကို တင်ပြခဲ့သနည်း။
၅ ထို့ပြင် ၁၈၈၁ ခုနှစ်မှစတင်၍ ကော်လ်ပေါ်တီရာခေါ် ဧဝံဂေလိသတင်းဟောပြောသူများအဖြစ် အချို့သူများ စေတနာ့ဝန်ထမ်းခဲ့သည်။ ဤသူများသည် ယနေ့ရှေ့ဆောင်များ (အချိန်ပြည့် ဧဝံဂေလိသတင်းဟောသူများ) ၏ရှေ့ပြေးများဖြစ်ကြသည်။ ကော်လ်ပေါ်တီရာအချို့သည် ခြေလျင် သို့မဟုတ် စက်ဘီးဖြင့် ခရီးသွားလာကြပြီး သူတို့နေထိုင်သည့်တိုင်းပြည်ရှိ နေရာဒေသအားလုံးနီးပါး၌ ကိုယ်တိုင်သက်သေခံခဲ့ကြသည်။ အချို့တို့သည် နိုင်ငံခြားလယ်ကွင်းများသို့ရောက်ရှိခဲ့ကြပြီး ဖင်လန်၊ ဘာဘေးဒိုးစ်နှင့် မြန်မာနိုင်ငံတို့ကဲ့သို့သော နိုင်ငံများထံသို့ သတင်းကောင်းဦးဆုံးသယ်ဆောင်လာသူများဖြစ်ခဲ့ကြသည်။ ယေရှုခရစ်နှင့် ကိုယ်တော်၏တမန်တော်များကဲ့သို့ပင် ဤသူများသည် သာသနာပြုဇွဲစိတ်ကို တင်ပြခဲ့ကြသည်။—လုကာ ၄:၄၃; ရောမ ၁၅:၂၃-၂၅။
၆။ (က) ကျမ်းစာသမ္မာတရားကိုဖြန့်ဖြူးရန် ညီအစ်ကိုရပ်စယ်လ်သည် မည်မျှခရီးဆန့်ခဲ့သနည်း။ (ခ) တစ်ပါးအမျိုးသားကာလ မကုန်ဆုံးမီ တိုင်းတစ်ပါးလယ်ကွင်းများတွင် သတင်းကောင်းဟောပြောခြင်းကို တိုးချဲ့ရန် အခြားအဘယ်အရာများကို ပြုလုပ်ခဲ့သေးသနည်း။
၆ ညီအစ်ကိုရပ်စယ်လ်ကိုယ်တိုင် သမ္မာတရားကိုဖြန့်ဝေရန် ဝေးလံကျယ်ပြန့်စွာခရီးဆန့်ခဲ့သည်။ ကနေဒါသို့အကြိမ်ကြိမ်သွားခဲ့သည်; ပနားမား၊ ဂျမေကာနှင့် ကျူးဘားတို့တွင် ဟောပြောခဲ့သည်; ဥရောပသို့လည်း မကြာခဏရောက်ခဲ့သည်; သတင်းကောင်းဖြန့်ဝေခြင်းခရီးစဉ်ဖြင့် ကမ္ဘာပတ်ခဲ့သည်။ တိုင်းခြားပြည်ခြားလယ်ကွင်းများတွင် သတင်းကောင်းဟောပြောခြင်းကိုစတင်ရန်နှင့် ဦးဆောင်ရန် အခြားသူများကိုလည်း စေလွှတ်ခဲ့သည်။ အဒေါ့ဖ်ဝယ်ဘာသည် ၁၈၉၀ ပြည့်လွန်နှစ်များအလည်လောက်က ဥရောပသို့စေလွှတ်ခံခဲ့ရပြီး သူ၏ဓမ္မအမှုဆောင်ခြင်းသည် ဆွစ်ဇာလန်မှ ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံနိုင်ငံများအထိရောက်ခဲ့သည်။ အီး. ဂျေ. ခေါင်းဝါ့ဒ်ကို ကရစ်ဘီယံဒေသသို့ အမြန်စေလွှတ်ခဲ့သည်။ ရောဘတ်ဟော်လစ္စတာသည် ၁၉၁၂ ခုနှစ်တွင် အရှေ့တိုင်း၌တာဝန်ခန့်အပ်ခံခဲ့ရသည်။ ထိုတွင် အထူးဝေစာများကို ဘာသာစကားဆယ်မျိုးဖြင့်စီစဉ်ပြီး ဤဝေစာသန်းပေါင်းများစွာတို့ကို အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများတွင် ဒေသခံဖြန့်ဝေသူများအားဖြင့် ဝေငှနိုင်ခဲ့သည်။ ထိုအချိန်တွင် အသင်ရှိခဲ့မည်ဆိုလျှင် သင့်အရပ်ဒေသနှင့် တိုင်းတစ်ပါးအထိ သတင်းကောင်း ပျံ့နှံ့ရန် အတတ်နိုင်ဆုံးကြိုးစားဖို့ လှုံ့ဆော်တိုက်တွန်းခံရပါမည်လော။
၇။ (က) သက်သေခံခြင်းလုပ်ငန်းကို တိုးချဲ့ရန် သတင်းစာများကို မည်သို့အသုံးပြုခဲ့သနည်း။ (ခ) “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကားအဘယ်နည်း။ တစ်နှစ်အတွင်း လူပေါင်းမည်မျှ ယင်းကိုရှုစားခဲ့သနည်း။
၇ တစ်ပါးအမျိုးသားအချိန် ကုန်ဆုံးခါနီးသည်နှင့်အမျှ ညီအစ်ကိုရပ်စယ်လ်၏ ကျမ်းစာဟောပြောချက်များကို ကြေညာရန် သတင်းစာများကို အသုံးပြုခဲ့သည်။ ယင်းတို့တွင် အဓိကအရေးပေးချက်သည် ၁၉၁၄ ခုနှစ်မဟုတ်ဘဲ ဘုရားသခင့်ရည်ရွယ်ချက်နှင့် ယင်းအမှန်ပင်ပြည့်စုံလိမ့်မည်ကို စိတ်ချနိုင်ခြင်းဖြစ်သည်။ ဖတ်ရှုသူ ၁၅,၀၀၀,၀၀၀ ထံရောက်သည့် ဤဟောပြောချက်များ မှန်မှန်ပါသော သတင်းစာများကို တစ်ကြိမ်လျှင် စောင်ရေ ၂,၀၀၀ စီထုတ်ဝေခဲ့သည်။ ထို့နောက် ၁၉၁၄ ခုနှစ်ဆန်းလာသည်နှင့်အမျှ အသင်းမသည် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို လူထုအား ပြသတင်ဆက်ခြင်းအစီအစဉ် စတင်ခဲ့သည်။ ၂ နာရီကြာသည့်တင်ဆက်မှုလေးခုတွင် ဖန်ဆင်းခြင်းမှစ၍ အနှစ်တစ်ထောင်ကာလအထိ သမ္မာတရားများကို တင်ဆက်ပြသခဲ့သည်။ တစ်နှစ်တည်းအတွင်း မြောက်အမေရိက၊ ဥရောပ၊ ဩစတြေးလျားနှင့် နယူးဇီလန်နိုင်ငံတို့တွင် ယင်းကိုကြည့်ရှုပြီးသည့်ပရိသတ် ကိုးသန်းကျော်ရှိခဲ့သည်။
၈။ ၁၉၁၄ ခုနှစ်တွင် နိုင်ငံမည်မျှအထိ သတင်းကောင်းကို ကျမ်းစာကျောင်းသားများ ရောက်စေခဲ့ပြီနည်း။
၈ ရနိုင်သည့်မှတ်တမ်းများအရ ၁၉၁၄ ခုနှစ်နှောင်းပိုင်းတွင် ဤဇွဲရှိသောသတင်းကောင်းဟောပြောသူများအဖွဲ့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြွေးကြော်ခြင်းကို ၆၈ နိုင်ငံအထိကြဲဖြန့်ခဲ့သည်။aသို့သော် ယင်းသည် အစမျှသာရှိသေးသည်!
တည်ထောင်ခဲ့ပြီဖြစ်သော ဘုရားသခင့်နိုင်ငံတော်ကို ဇွဲလုံ့လအပြည့်ဖြင့် ကြွေးကြော်ခြင်း
၉။ စီဒါပွိုင့်စည်းဝေးပွဲများတွင် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သက်သေခံခြင်းလုပ်ငန်းကို မည်သို့အထူးတွန်းအားပေးခဲ့သနည်း။
၉ ၁၉၁၉ ခုနှစ်တွင် အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့၌ ကျမ်းစာကျောင်းသားများစည်းဝေးသောအခါ ထိုအချိန်က ကင်းမျှော်စင်အသင်းဥက္ကဋ္ဌဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က ဤသို့ကြေညာခဲ့သည်– “ကျွန်ုပ်တို့၏အလုပ်အကိုင်ဖြစ်မြဲဖြစ်နေသည့်အရာမှာ ရောက်ရှိလာမည့် ဘုန်းအသရေထည်ဝါသည့် မေရှိယနိုင်ငံတော်ကိုကြေညာခြင်းဖြစ်သည်။” ၁၉၂၂ ခုနှစ်၊ စီဒါပွိုင့်၌ ဒုတိယအကြိမ်ကျင်းပသောအစည်းအဝေးတွင် ညီအစ်ကိုရပ်သဖော့ဒ်က ၁၉၁၄ ခုနှစ်၊ တစ်ပါးအမျိုးသားအချိန်ကုန်ဆုံးသောအခါ ‘ဘုန်းကျက်သရေထည်ဝါသည့်ဘုရင်မင်းမြတ်သည် မိမိ၏တန်ခိုးတော်ကိုရယူကာ စတင်အုပ်ချုပ်ပြီ’ ဟူသောအချက်ကို ထင်ရှားပေါ်လွင်စေခဲ့သည်။ ထိုနောက် ပရိသတ်ရှေ့ ဤသို့ရိုးရိုးသားသား ပြောဆိုသည်– “‘ဘုန်းကျက်သရေထည်ဝါသည့်ဘုရင်မင်းမြတ်သည် စတင်အုပ်ချုပ်ပြီဟု ယုံကြည်သလော။ သို့ဆိုလျှင် အသင် အမြင့်ဆုံးသောဘုရားသခင်၏သားများ လယ်ကွင်းဆင်းကြ! . . . သတင်းတရားကို အနှံ့အပြား သံတော်ဆင့်ကြ။ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၍ ယေရှုခရစ်သည် ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်ဖြစ်ကြောင်း ကမ္ဘာသိရှိရမည်။ ဤသည်ကား နေ့တကာတို့ထက် ထူးသောနေ့ဖြစ်သည်။ ကြည့်ရှုလော့၊ ဘုရင်မင်းမြတ် အုပ်စိုးပြီ! သင်တို့သည် ကိုယ်တော်၏ ကြော်ငြာကိုယ်စားလှယ်များဖြစ်ကြသည်။”
၁၀၊ ၁၁။ ဘုရားသခင့်နိုင်ငံတော်သမ္မာတရားသည် လူတို့ထံရောက်ရှိရန် ရေဒီယို၊ အသံချဲ့စက်ပါကားများနှင့် ကြော်ငြာကပ်ပြားများကို မည်သို့ထိရောက်စွာ အသုံးပြုခဲ့သနည်း။
၁၀ ထိုစီဒါပွိုင့်အစည်းအဝေးကြီးများမှစလျှင် ယခုနှစ်ပေါင်း ၇၀ ကျော်ကြာလာခဲ့ပြီ—ယေဟောဝါသည် မိမိ၏အုပ်စိုးပိုင်ထိုက်သောအာဏာတော်ကို သားတော်အုပ်ချုပ်သည့်မေရှိယနိုင်ငံတော်အားဖြင့် စတင်အကောင်အထည်ဖော်ခဲ့သည့်အချိန်မှစလျှင် နှစ်ပေါင်း ၈၀ နီးနေပြီဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် သူတို့အတွက်ချမှတ်ပေးထားသည့်အလုပ်ကို ယေဟောဝါသက်သေများသည် မည်သည့်အတိုင်းအတာအထိ အမှန်တကယ်လုပ်ဆောင်ပြီးမြောက်ပြီနည်း။ အသင်ကိုယ်တိုင် ယင်းလုပ်ငန်းတွင် အဘယ်မျှ ပါဝင်နေသနည်း။
၁၁ ၁၉၂၀ ပြည့်လွန်နှစ်အစောပိုင်းတွင် ဘုရားသခင်နိုင်ငံတော်သတင်းကောင်းကို ကျယ်ကျယ်ပြန့်ပြန့် လူအများသိရှိစေရေးအတွက် အခြားကိရိယာတစ်ခုအဖြစ်အသုံးပြုရန် ရေဒီယို ပေါ်လာပြန်သည်။ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဘုရားသခင့်နိုင်ငံတော်သည် လောက၏မျှော်လင့်ရာဖြစ်ကြောင်း တင်ပြသည့် ခရိုင်စည်းဝေးကြီးဟောပြောချက်များကို ရေဒီယိုစနစ်များ သို့မဟုတ် ကြိုးဖြင့်အသံလွှင့်စနစ်များနှင့် တယ်လီဖုန်းများအားဖြင့် ကမ္ဘာတစ်ခွင်လုံး ဖြန့်ခဲ့သည်။ ကျမ်းစာဟောပြောချက်များကို လူအများရှိသည့်နေရာတွင်တင်ဆက်ရန် အသံချဲ့စက်ပါသည့်ကားများကိုအသုံးပြုခြင်းလည်း လိုက်ပါလာသည်။ ထို့နောက် ၁၉၃၆ ခုနှစ်ရောက်သောအခါ စကော့တလန်နိုင်ငံ၊ ဂလပ်စ်ဂိုမြို့တွင် ညီအစ်ကိုများသည် ကြော်ငြာကပ်ပြားများကို ကိုယ်တွင်ချိတ်ဆွဲပြီး စီးပွားရေးရပ်ကွက်များတွင် စီတန်းလှည့်လည်ကာ လူထုဟောပြောပွဲကိုကြေညာခဲ့ကြသည်။ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့အရေအတွက်နည်းစဉ်က လူများစွာထံသက်သေခံခြင်းကို ထိရောက်စွာလုပ်ဆောင်ခဲ့သည့်နည်းလမ်းများဖြစ်ကြသည်။
၁၂။ ကျမ်းစာဖော်ပြသည့်အတိုင်း ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် သက်သေခံရန် အထိရောက်ဆုံးနည်းတစ်နည်းကား အဘယ်နည်း။
၁၂ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့တစ်ဦးစီသည် သက်သေခံရန်တာဝန်ရှိကြောင်း ကျမ်းစာကရှင်းလင်းစွာဆိုထားသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သတင်းစာဆောင်းပါးများ သို့မဟုတ် ရေဒီယိုအသံလွှင့်ခြင်းဖြင့်သာ ထိုအလုပ်ကိုလုပ်စေ၍မဖြစ်ပါ။ ထောင်ပေါင်းများစွာသောသစ္စာရှိခရစ်ယာန်များ—ယောက်ျား၊ မိန်းမနှင့် လူငယ်များ—သည် ထိုတာဝန်ကိုလက်ခံယူထားကြပြီ။ ယင်းကြောင့် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းသည် ယေဟောဝါသက်သေများကို ခွဲခြားသိမြင်ရန် အမှတ်အသား ဖြစ်လာပေပြီ။—တမန်တော် ၅:၄၂; ၂၀:၂၀။
လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့ထံ ပေါက်ရောက်ခြင်း
၁၃၊ ၁၄။ (က) သက်သေခံအချို့သည် ဓမ္မအမှုကိုထမ်းဆောင်ရန် အခြားမြို့များအပြင် နိုင်ငံခြားသို့ပင် အဘယ်ကြောင့်ရွှေ့ပြောင်းနေထိုင်ကြသနည်း။ (ခ) မိမိတို့၏မွေးရပ်မြေရှိသူများအတွက် မေတ္တာရှိခြင်းက သတင်းကောင်း အနှံ့အပြားရောက်ရန် မည်သို့အထောက်အကူပြုသနည်း။
၁၃ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတွင် ဟောပြောရလိမ့်မည်ကိုသိထားသောကြောင့် အချို့သောယေဟောဝါသက်သေများသည် သူတို့၏အသိုင်းအဝိုင်းနှင့်ဝေးကွာသည့်ဒေသများသို့ ရောက်ရှိနိုင်ရန် မိမိတို့ကိုယ်တိုင်အနေနှင့် ဘာပြုလုပ်နိုင်ကြောင်းကို လေးလေးနက်နက်စဉ်းစားသုံးသပ်ခဲ့ကြပြီ။
၁၄ အချို့သူတို့သည် မိမိတို့၏အရပ်ဒေသများမှ ဝေးလံသောအရပ်ဒေသများသို့ ပြောင်းရွှေ့ပြီးမှ သမ္မာတရားကိုသိရှိခဲ့ကြသည်။ ရုပ်ပစ္စည်းအကျိုးအမြတ်အတွက် သူတို့ပြောင်းရွှေ့ခဲ့သည်မှန်သော်လည်း သာ၍တန်ဖိုးရှိသည့်အရာကို တွေ့ရှိသွားကြပြီး အချို့တို့သည် သူတို့၏မွေးရပ်မြေသို့ပြန်ပြီး သမ္မာတရားကိုဝေငှရန် လှုံ့ဆော်ခံခဲ့ကြရသည်။ သို့ဖြင့် ဤရာစုအစောပိုင်းတွင် သတင်းကောင်းဟောပြောခြင်းသည် စကင်ဒီနေးဗီးယား၊ ဂရိ၊ အီတလီ၊ အရှေ့ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံများစွာသို့ ပျံ့နှံ့ရှိခဲ့သည်။ ၁၉၉၀ ပြည်လွန်နှစ်များဖြစ်သော ယခုတွင်ပင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် ထပ်တူနည်းဖြင့် ပျံ့နှံ့နေပါသည်။
၁၅။ ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဟေရှာယ ၆:၈ ပါစိတ်ထားရှိသူအချို့ကြောင့် အဘယ်အမှု ဖြစ်မြောက်ခဲ့သနည်း။
၁၅ အချို့သူများမူ မိမိတို့အသက်တာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လက်တွေ့ကျင့်သုံးသောအားဖြင့် ထိုအချိန်မတိုင်မီက မိမိတို့မနေဖူးသည့်ဒေသများသို့ သွားရောက်အမှုဆောင်ရန် အသင့်ရှိခဲ့ကြသည်။ ဒဗလျူ. အာရ်. ဘရောင်း (“ကျမ်းစာဘရောင်း” ဟုမကြာခဏ ခေါ်ခံရသူ) သည် ဤသူများအဝင်ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် ဧဝံဂေလိသတင်းဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့ရန် ထရီနီဒက်မှ အနောက်အာဖရိကသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဖရန့်ခ်နှင့် ဂရေး စမစ်သ်၊ ရောဘတ် နစ္စဘက်တ်နှင့် ဒေးဗစ် နော်မန်တို့သည် အာဖရိကအရှေ့ကမ်းခြေတစ်လျှောက် ဘုရားသခင့်နိုင်ငံတော်သတင်း သယ်ဆောင်သူများအဝင်ဖြစ်ကြသည်။ အခြားသူတို့သည် တောင်အမေရိကလယ်ကွင်းကို ပြုစုပျိုးထောင်ရန် အကူအညီပေးခဲ့သည်။ ကနေဒီယံလူမျိုး ဂျော့ချ်ယန်းသည် ၁၉၂၀ ပြည့်လွန်နှစ်များအစောပိုင်း၌ အာဂျင်တီးနား၊ ဘရာဇီး၊ ဘိုလစ်ဗီးယား၊ ချီလီနှင့်ပီရူးနိုင်ငံများတွင် လုပ်ငန်းတော်၌ ပါဝင်လုပ်ဆောင်ခဲ့သည်။ စပိန်နိုင်ငံတွင်အမှုဆောင်ခဲ့သော ကဝမ်မြူနဲ့ဇ်သည် အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံများတစ်လျှောက် ဆက်အမှုဆောင်ခဲ့သည်။ ဤသူအားလုံးတို့သည် ဟေရှာယ ၆:၈ ပါစိတ်ဓာတ်မျိုး တင်ပြခဲ့သည်– “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ။”
၁၆။ စစ်မတိုင်မီနှစ်များအတွင်း လူဦးရေအများဆုံးရှိ နေရာများအပြင် အဘယ်နေရာများတွင်လည်း သက်သေခံနေကြသနည်း။
၁၆ သတင်းကောင်းဟောပြောခြင်းသည် ဝေးလံသည့်ဒေသများသို့ပင် ရောက်ရှိခဲ့သည်။ သက်သေခံများ မောင်းနှင်သည့်ရေယာဉ်များသည် နယူးဖောင်လန်ဆိပ်ကမ်းမြို့များ၊ နော်ဝေးကမ်းရိုးတန်းမှ အာတိတ်သမုဒ္ဒရာထဲအထိ၊ ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းများနှင့် အရှေ့တောင်အာရှမှ ဆိပ်ကမ်းများသို့ လည်ပတ်ရောက်ရှိခဲ့ကြသည်။
၁၇။ (က) ၁၉၃၅ ခုနှစ်တိုင်လေသော် နိုင်ငံပေါင်းမည်မျှသို့ သက်သေခံများ ရောက်နေကြပြီနည်း။ (ခ) ထိုအချိန်တွင် လုပ်ငန်းတော် အဘယ်ကြောင့် မပြီးဆုံးခဲ့သနည်း။
၁၇ အံ့ဖွယ်ကောင်းလောက်အောင်ပင် ၁၉၃၅ ခုနှစ်တွင် ယေဟောဝါသက်သေများသည် နိုင်ငံပေါင်း ၁၁၅ နိုင်ငံတွင် ဟောပြောခြင်းလုပ်ငန်းဖြင့်အလုပ်များနေကြပြီး အခြားသော ၃၄ နိုင်ငံသို့လည်း သက်သေခံခရီးစဉ်အားဖြင့်ဖြစ်စေ၊ စာတိုက်မှ စာအုပ်စာတမ်းပို့ပေးခြင်းအားဖြင့်ဖြစ်စေ ရောက်ရှိခဲ့ကြသည်။ သို့ဖြစ်၍ပင် လုပ်ငန်းမပြီးဆုံးသေးချေ။ ထိုနှစ်တွင် ယေဟောဝါသည် သူတို့၏မျက်စိများကို ပွင့်စေပြီး ကိုယ်တော့်ကမ္ဘာသစ်ထဲသို့ ကပ်ကျော်မည့် “လူအုပ်ကြီး” ကို စုသိမ်းရန် ရည်ရွယ်ချက်ကို သိရှိစေတော်မူခဲ့သည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄) ဆက်သက်သေခံဖို့ရန် အလုပ်များစွာရှိနေပါသေးသည်တကား!
၁၈။ ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်ခြင်းလုပ်ငန်းတွင် ဂိလဒ်ကျောင်းနှင့် ဓမ္မအမှုထမ်းသင်တန်းကျောင်းသည် အဘယ်အကျိုးများကို ဆောင်ရွက်ပေးသနည်း။
၁၈ ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာကြီးကိုမွှေနှောက်ခဲ့စဉ်အချိန်၊ နိုင်ငံပေါင်းများစွာတို့တွင် သူတို့၏စာအုပ်စာတမ်းများသော်လည်းကောင်း သက်သေခံများ၏လုပ်ငန်းသော်လည်းကောင်း၊ ပိတ်ပင်တားဆီးခြင်းကိုခံခဲ့ရချိန်အတွင်းပင် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာသင်တန်းကျောင်းသည် အလားအလာရှိသည့်သာသနာပြုများကို သာ၍ထူးကဲသော အပြည်ပြည်ဆိုင်ရာ ဘုရားသခင့်နိုင်ငံတော်သတင်း ကြွေးကြော်ခြင်း လုပ်ငန်းကြီးအတွက် လေ့ကျင့်ပေးရန် ယင်း၏တံခါးများကို ဖွင့်ခဲ့သည်။ ယခုအချိန်အထိ ဂိလဒ်ကျောင်းဆင်းများသည် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အမှုဆောင်နေကြသည်။ သူတို့သည် စာပေဝေငှခြင်းထက်မကပြုလုပ်ကြပြီး ရှေ့ဆက်ထွက်သွားကြသည်။ ကျမ်းစာသင်အံမှုများကျင်းပခြင်း၊ အသင်းတော်များဖွဲ့စည်းခြင်း၊ သီအိုကရက်တစ်တာဝန်များကို ပခုံးပြောင်းယူနိုင်ရန် လူများကိုလေ့ကျင့်ပေးခြင်းတို့ကို ပြုလုပ်ကြသည်။ မကြာမီကလည်း ဓမ္မအမှုထမ်းသင်တန်းကျောင်းဆင်းသူ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် တိုက်ကြီးခြောက်ခုတွင် ယင်းလုပ်ငန်းကို လိုအပ်သလို ဖြည့်စွက်ထမ်းဆောင်ကူညီပေးနေကြသည်။ ဆက်လက်ကြီးပွားတိုးတက်ရန် ခိုင်မာသည့်အုတ်မြစ်ချထားပြီ။—၂ တိမောသေ ၂:၂ နှိုင်းယှဉ်။
၁၉။ သာ၍လိုအပ်သောဒေသများတွင် အမှုထမ်းကြရန် ဖိတ်ခေါ်ချက်ကို ယေဟောဝါ၏ကျေးကျွန်များ အဘယ်အတိုင်းအတာအထိ လက်ခံခဲ့ကြသနည်း။
၁၉ အခြားသူများလည်း အမှုမဆောင်ရသေးသည့်ရပ်ကွက်အချို့တွင် ကူညီလုပ်ဆောင်နိုင်သလော။ ၁၉၅၇ ခုနှစ်၊ ကမ္ဘာအနှံ့တွင်ကျင်းပသော ခရိုင်စည်းဝေးပွဲများတွင် တစ်ဦးစီနှင့်မိသားစုများ—ယေဟောဝါ၏ရင့်ကျက်သောသက်သေများ—သည် သာ၍လိုအပ်သောဒေသများသို့ ပြောင်းရွှေ့နေထိုင်ပြီး ထိုတွင်ဆက်၍ဓမ္မအမှုဆောင်ခြင်းကိစ္စကို စဉ်းစားရန် တိုက်တွန်းခံခဲ့ကြရသည်။ ထိုဖိတ်ခေါ်ချက်သည် ရူပါရုံတွင် မိမိထံလူတစ်ယောက်ရောက်လာပြီး “မာကေဒေါနိပြည်သို့ကူးပါ။ ငါတို့ကိုမစပါ” ဟုတောင်းပန်ခြင်းခံရသော တမန်တော်ပေါလုအား ဘုရားသခင်ဖိတ်ခေါ်ခြင်းနှင့် အလွန်အသွင်တူသည်။ (တမန်တော် ၁၆:၉၊ ၁၀) အချို့တို့သည် ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ပြောင်းရွှေ့ခဲ့ကြသည်; အချို့တို့က ထိုနောက်ပိုင်းတွင်ပြောင်းရွှေ့ခဲ့ကြသည်။ အိုင်ယာလန်နှင့်ကိုလံဘီယာသို့ ပြောင်းရွှေ့ခဲ့သော သက်သေခံ တစ်ထောင်နီးပါးရှိသည်; ရာပေါင်းများစွာတို့မူ အခြားသောနေရာများသို့ ပြောင်းရွှေ့ကြသည်။ ထောင်ပေါင်းများစွာသောသူတို့သည် မိမိတို့နိုင်ငံအတွင်းရှိ သာ၍လိုအပ်နေသောဒေသများသို့ ပြောင်းရွှေ့ခဲ့ကြသည်။—ဆာလံ ၁၁၀:၃။
၂၀။ (က) ၁၉၃၅ ခုနှစ်ကတည်းက မဿဲ ၂၄:၁၄ ပါယေရှု၏ပရောဖက်ပြုချက် ပြည့်စုံသည့်အနေနှင့် အဘယ်အမှု ပြီးစီးခဲ့ပြီနည်း။ (ခ) လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း လုပ်ငန်းတော်၏ အရှိန်အဟုန် မည်သို့တိုးမြှင့်လာသနည်း။
၂၀ လူမျိုးတော်အပေါ် ယေဟောဝါကောင်းချီး သက်ရောက်စေခြင်းကြောင့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းသည် အလွန်ထူးခြားသောအဟုန်ဖြင့် ဆက်တိုးတက်နေပါသည်။ ၁၉၃၅ ခုနှစ်မှစ၍ ကြေညာသူ အဆရှစ်ဆယ်နီးပါး တိုးလာခဲ့သည်။ ကြေညာသူတိုးတက်နှုန်းထက် ရှေ့ဆောင်များအရေအတွက် တိုးတက်နှုန်းသည် ၆၀ ရာခိုင်နှုန်းပိုများပါသည်။ အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကို ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း စတင်ခဲ့သည်။ ယခု ပျမ်းမျှအားဖြင့် လစဉ် လေးသန်းခွဲမက ကျင်းပနေရပါသည်။ ၁၉၃၅ ခုနှစ်မှစ၍ နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းကို နာရီပေါင်း ကုဋေ ၁,၅၀၀ မကထမ်းဆောင်နေသည်။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ၂၃၁ နိုင်ငံတွင် ယခု မှန်မှန်ထမ်းဆောင်နေသည်။ အရှေ့ဥရောပနှင့်အာဖရိကရှိရပ်ကွက်များ၌ သာ၍လွတ်လပ်စွာသတင်းကောင်းဟောပြောခွင့်ရလာသောအခါ လူထုရှေ့တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို တိုး၍ဖိအားပေးဟောပြောရန် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးများကို ထိထိရောက်ရောက် အသုံးပြုခဲ့ကြသည်။ ရှေးအချိန်ကတည်းက ဟေရှာယ ၆၀:၂၂ တွင် ယေဟောဝါကတိပြုတော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် အမှန်ပင် ‘အချိန်တန်လျှင် လုပ်ငန်းကို အရှိန်အဟုန်တိုးမြှင့်ပေးနေ’ တော်မူပြီ။ ယင်းတွင်ပါဝင်ရန် မည်မျှထူးမြတ်သည့်အခွင့်အရေးကြီးကို ကျွန်ုပ်တို့ရထားကြပြီတကား!
သတင်းကောင်းကို လူတိုင်းထံရောက်ရှိရန် အတတ်နိုင်ဆုံး ကြိုးစားခြင်း
၂၁၊ ၂၂။ ကျွန်ုပ်တို့အမှုထမ်းသည့်နေရာတိုင်းတွင် ပိုမိုထိရောက်သောသက်သေများဖြစ်ဖို့ရန် ကျွန်ုပ်တို့တစ်ဦးစီ မည်သို့ပြုလုပ်နိုင်သနည်း။
၂၁ လုပ်ငန်းတော်ပြီးဆုံးပြီဟု သခင်အရှင် မိန့်တော်မမူသေးချေ။ စစ်မှန်သောဝတ်ပြုရေးကို လက်ခံနေသူ ထောင်ပေါင်းများစွာရှိနေတုန်းပင်။ ထို့ကြောင့် ပေါ်ပေါက်လာသည့်မေးခွန်းမှာ ဤလုပ်ငန်းကိုဆောင်ရွက်ရန် ယေဟောဝါစိတ်ရှည်စွာဖြင့် ပေးထားတော်မူသည့်အချိန်ကို အတတ်နိုင်ဆုံး ကြိုးစားအသုံးပြုနေပါသလော ဖြစ်သည်။—၂ ပေတရု ၃:၁၅။
၂၂ ရံဖန်ရံခါသာ အမှုဆောင်သည့်ရပ်ကွက်သို့ လူတိုင်း ပြောင်းရွှေ့နေထိုင်နိုင်မည်မဟုတ်ပါ။ သို့သော် သင်ရရှိသောအခွင့်အရေးများကို အပြည့်အဝအသုံးပြုနေပါသလော။ လုပ်ဖော်ကိုင်ဖက်များ၊ ဆရာဆရာမများနှင့် ကျောင်းနေဖက်တို့အား အသင် သက်သေခံပါသလော။ သင့်ရပ်ကွက်ရှိ ပြောင်းလဲလာသည့်အခြေအနေအလိုက် ပြုပြင်ပြောင်းလဲခဲ့ပြီလော။ အလုပ်ဝင်ချိန် ပြောင်းလဲလာသည့်အတွက် တစ်နေ့တာအတွင်း အိမ်တွင် လူအနည်းငယ်နှင့်သာ တွေ့ဆုံနိုင်သဖြင့် သူတို့ထံ ညနေချိန်တွင် လည်ပတ်ရန် သင့်အစီအစဉ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီလော။ ကြိုတင်ဖိတ်ခေါ်မထားသည့် ဧည့်သည်များအား ဝင်ခွင့်မပေးသည့်တိုက်ခန်းများ ရှိမည်ဆိုလျှင် တယ်လီဖုန်းဖြင့် သက်သေခံနေပါသလော။ သို့မဟုတ် စာရေးခြင်းအားဖြင့် သက်သေခံနေပါသလော။ စိတ်ဝင်စားသူများထံ ပြန်သွားပြီး အိမ်တွင်းကျမ်းစာသင်အံမှုစတင်ရန် ကမ်းလှမ်းနေသလော။ သင့်ဓမ္မအမှုကို စေ့ငစွာ ဆောင်ရွက်နေပါသလော။—တမန်တော် ၂၀:၂၁; ၂ တိမောသေ ၄:၅ နှိုင်းယှဉ်။
၂၃။ လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ပြုမူဆောင်ရွက်သမျှကို ယေဟောဝါကြည့်ရှုတော်မူစဉ် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အဘယ်အရာထင်ရှားသင့်သနည်း။
၂၃ ကျွန်ုပ်တို့အားလုံး ဤအရေးကြီးသည့်အချိန်ကာလပိုင်းတွင် ယေဟောဝါ၏သက်သေများဖြစ်ရသောအခွင့်ထူးကြီးကို အမှန်လေးမြတ်သည့်သဘောပီပြင်စွာတင်ပြရန် မိမိတို့၏ဓမ္မလုပ်ငန်းတွင် ပါဝင်နေကြစို့။ ဖောက်ပြန်ယိုယွင်းသည့်စနစ်ဟောင်းကို ယေဟောဝါတရားစီရင်ပြီး ဘုရင်ယေရှုခရစ်၏ ခမ်းနားထည်ဝါသည့် အနှစ်တစ်ထောင်အုပ်ချုပ်ရေးကို ယူဆောင်ပေးသောအခါ မျက်မြင်သက်သေဖြစ်ခွင့်သည် ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်ပါလေစေ!
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းကရှိသည့် ကမ္ဘာ့နိုင်ငံများ ပိုင်းခြားထားသည့်အနေအထားအရ ရည်တွက်ထားသည်။
ပြန်လည်သုံးသပ်ရာတွင်
◻ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းသည် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။
◻ ၁၉၁၄ ခုနှစ်အထိ သတင်းကောင်းဟောပြောခြင်းသည် မည်သည့်အတိုင်းအတာအထိရောက်ရှိခဲ့သနည်း။
◻ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ချိန်ကတည်းက သတင်းကောင်းကိုမည်သည့်အတိုင်းအတာအထိတိုးချဲ့ခဲ့ပြီနည်း။
◻ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်မှုကို ပိုတိုးပွားစေရန် အဘယ်အရာက အကူအညီဖြစ်နိုင်သနည်း။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
ယေဟောဝါသက်သေများ—ဘုရားသခင်၏နိုင်ငံတော်ကို ကြွေးကြော်သူများ
၁၉၉၃-၁၉၉၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ကျင်းပခဲ့သည့် ရာနှင့်ချီသောစည်းဝေးပွဲကြီးများတွင် ယေဟောဝါသက်သေများ—ဘုရားသခင်၏နိုင်ငံတော်ကို ကြွေးကြော်သူများအမည်ရှိ စာအုပ်အသစ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေကြောင်း ကြေညာခဲ့သည်။ ယင်းကား ယေဟောဝါသက်သေများ၏ အလွန်မှတ်သားဖွယ်ကောင်းပြီး ပြည့်ပြည့်စုံစုံ ဖော်ပြထားသောသမိုင်းဖြစ်သည်။ ယင်းသည် ၇၅၂-မျက်နှာရှိပြီး နိုင်ငံပေါင်း ၉၆ နိုင်ငံမှ စုဆောင်းထားသော လှပသည့်ရုပ်ပုံ တစ်ထောင်ကျော်ပါဝင်သောစာအုပ်ဖြစ်သည်။ ယင်းကို ၁၉၉၃ ခုနှစ်အကုန်အထိ ၂၅ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေပြီးဖြစ်၍ ထပ်ဆင့်ဘာသာပြန်နေဆဲရှိသည်။
ဤသို့သောစာအုပ်သည် အဘယ်ကြောင့်အချိန်မီ ထုတ်ဝေသောစာအုပ်တစ်အုပ် ဖြစ်ရသနည်း။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းတွင် သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါသက်သေများ ဖြစ်လာကြပြီ။ ဤသူများသည် မိမိတို့ပူးပေါင်းနေသည့်အဖွဲ့အစည်း၏သမိုင်းကို ကောင်းစွာသိရှိသင့်သည်။ ထို့ပြင် သူတို့၏ဟောပြောခြင်းနှင့်ဝတ်ပြုပုံသည် ကမ္ဘာချီ တိုင်းနိုင်ငံနှင့်လူမျိုးစုအသီးသီးထံ ရောက်ရှိနေ၍ စီးပွားရေးနှင့်ပညာရေးအဆင့်အတန်းအသီးသီးရှိ လူကြီးလူငယ်များ လက်ခံပိုက်ကျုံးနေကြပြီ။ ယင်းကြောင့် ဖြစ်ပျက်နေသမျှကို ရှုစားနေသူများက သက်သေခံများအကြောင်း —သူတို့၏ယုံကြည်ချက်များကိုသာမက သူတို့စဖြစ်ပေါ်လာပုံ၊ သူတို့၏သမိုင်း၊ သူတို့၏အဖွဲ့အစည်း၊ သူတို့၏ရည်မှန်းချက်များကို သိလိုသည့်အရာများရှိကြသည်။ အခြားသူတို့မူ ဤသူများအကြောင်း ရေးသားကြသော်လည်း များသောအားဖြင့် မျက်နှာမလိုက်ဘဲ ရေးသားခြင်းမဟုတ်ပါ။ သို့ရာတွင် ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်သမိုင်းကို သက်သေခံများကိုယ်တိုင်သိသည်ထက်ပို၍ မည်သူမျှမသိပါ။ ဤစာအုပ်ကိုတည်းဖြတ်သူများသည် ယင်းသမိုင်းကို အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ဖော်ပြရန် အတတ်နိုင်ဆုံးကြိုးစားထားသည်။ ဤသို့ပြုလုပ်ရာတွင် မဿဲ ၂၄:၁၄ ၌မှတ်တမ်းတင်ထားသည့် ခရစ်တော်ရောက်ရှိနေခြင်းဆိုင်ရာ ပုဗ္ဗနိမိတ်၏ အလွန်ထူးခြားသောကဏ္ဍသည် ယနေ့အဘယ်အတိုင်းအတာအထိပြည့်စုံနေပုံကိုလည်း ဖော်ပြပြီး ထိုတွင်ကြိုတင်ဟောပြောထားသည့်လုပ်ငန်း၌ အပြည့်အဝပါဝင်သူဖြစ်မှသာ တင်ပြနိုင်မည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားပါသည်။
ဤစာအုပ်ကို အဓိကအပိုင်း ခုနစ်ပိုင်း ပိုင်းထားပါသည်–
အပိုင်း ၁– ဤအပိုင်းတွင် ယေဟောဝါသက်သေများ၏ သမိုင်းဆိုင်ရာ အရင်းအမြစ်များကို စူးစမ်းလေ့လာထားသည်။ ယင်းတွင် ၁၈၇၀ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ်အတွင်း သူတို့၏ခေတ်သစ်သမိုင်းမှ သိမှတ်ဖွယ်ရာများကို တိုတိုနှင့်လိုရင်း ပြန်လည်ခြုံငုံတင်ပြထားချက်များ ပါဝင်သည်။
အပိုင်း ၂– ဤတွင် အခြားဘာသာများနှင့် ယေဟောဝါသက်သေများမတူဘဲ သူတို့အားခြားနားစေသည့်ယုံကြည်ချက်များ တိုးတက်ထွန်းကားလာပုံကို ထုတ်ဖော်တင်ပြထားသည်။
အပိုင်း ၃– စာအုပ်၏ဤအပိုင်းတွင် ၎င်းတို့၏အဖွဲ့အစည်း တည်ဆောက်ပုံ တိုးတက်ပြောင်းလဲလာမှုကို စိစစ်တင်ပြထားသည်။ သူတို့၏ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးကြီးများနှင့် နိုင်ငံတော်ခန်းမများ၊ ထိုထက်ကြီးမားသော စည်းဝေးပွဲခန်းမများနှင့် ကျမ်းစာစာပေများကို ပုံနှိပ်ထုတ်ဝေရန်အတွက် အထောက်အကူပြုပစ္စည်းများကို မည်သို့ဆောက်လုပ်ခဲ့ကြောင်း စိတ်ဝင်စားစွာ ဖော်ပြထားပါသည်။ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောရာတွင် ယေဟောဝါသက်သေများတင်ပြသောဇွဲ၊ ဆင်းရဲဒုက္ခကာလ၌ အချင်းချင်းအပေါ် ထင်ရှားပြသသည့်မေတ္တာတို့ကို ဖော်ကျူးထားသည်။
အပိုင်း ၄– ဤတွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းသည် ကမ္ဘာတစ်ခွင်ရှိ နိုင်ငံကြီးများနှင့် ဝေးလံသည့်ကျွန်းများထံသို့ရောက်ရှိပုံကို အာရုံစူးစိုက်ဖွယ်ကောင်းသည့် အသေးစိတ်မှတ်တမ်းများ သင်တွေ့ရှိမည်။ စဉ်းစားကြည့်လေ—၁၉၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၄၃ နိုင်ငံ၊ ၁၉၉၂ ခုနှစ်တိုင်လေသော် ၂၂၉ နိုင်ငံတွင် ဟောပြောနေကြလေပြီ! ဤကမ္ဘာချီ တိုးချဲ့ရေးလုပ်ငန်းတွင် ပါဝင်သောသူတို့၏ အတွေ့အကြုံများသည် အမှန်ပင်စိတ်အားတက်ကြွဖွယ်ဖြစ်သည်။
အပိုင်း ၅– ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းဆိုင်ရာ ဤလုပ်ငန်းပြီးမြောက်အောင်မြင်ရန် သမ္မာကျမ်းစာများ ပုံနှိပ်ထုတ်ဝေခြင်းအပြင်ကျမ်းစာစာပေများကို ဘာသာစကား နှစ်ရာကျော်ဖြင့်ထုတ်ဝေစေနိုင်သည့် အထောက်အကူပြုပစ္စည်းများကို နိုင်ငံအသီးသီးတွင်လိုအပ်ပါသည်။ ဤတွင် သူတို့လုပ်ငန်း၏ ထိုအပိုင်းကဏ္ဍကို သင်သိရှိလိမ့်မည်။
အပိုင်း ၆– သက်သေခံများသည် စမ်းသပ်မှုများကိုလည်း ရင်ဆိုင်ကြရသည်—အချို့တို့သည် လူ့မစုံလင်မှုကြောင့်၊ အချို့မှာမူ ညီအစ်ကိုအတုအယောင်များကြောင့်၊ ထို့အပြင် ကိုယ်ထိလက်ရောက်နှိပ်စက်ညှဉ်းပန်းမှုကိုခံရခြင်းကြောင့်လည်း ဖြစ်ကြသည်။ ထိုသို့ဖြစ်လိမ့်မည်ဟု ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အားသတိပေးထားပါသည်။ (လုကာ ၁၇:၁; ၂ တိမောသေ ၃:၁၂; ၁ ပေတရု ၄:၁၂; ၂ ပေတရု ၂:၁၊ ၂) ဤအပိုင်းက အမှန်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် ယေဟောဝါသက်သေများ၏ယုံကြည်ခြင်းသည် သူတို့အား မည်သို့အောင်မြင်မှုပေးခဲ့ပုံတို့ကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်။
အပိုင်း ၇– အဆုံးပိုင်းတွင် ယေဟောဝါသက်သေများ၏ အဖွဲ့အစည်းသည် ဘုရားသခင်၏ဦးဆောင်မှုအမှန်ခံနေရသည်ဟု သူတို့ အဘယ်ကြောင့်အခိုင်အမာယုံကြည်ကြောင်းနှင့် အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးစီဖြစ်စေ သူတို့ အဘယ်ကြောင့် သတိနှင့်စောင့်နေရန်လိုအပ်သည်ဟု ခံယူကြောင်းကို ဆင်ခြင်သုံးသပ်ဖော်ပြထားသည်။
အထက်ပါအချက်အလက်များမျှမကသေးချေ။ ဤစာအုပ်တွင် လှပပြီးအလွန်မှတ်သားဖွယ်ကောင်းသည့် စာမျက်နှာ ၅၀ ပါဝင်သော ရောင်စုံရုပ်ပုံများကဏ္ဍတွင် ကမ္ဘာ့ဌာနချုပ်နှင့် ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများ အသုံးပြုနေကြသော ဌာနခွဲအဆောက်အအုံများပါဝင်သည်။
ဤစာအုပ်ကို မဖတ်ရသေးလျှင် ဤစိတ်ဝင်စားစရာကောင်းသောစာအုပ်ကို ရယူ၊ ဖတ်ရှုခြင်းဖြင့်အမှန်အကျိုးရရှိပေမည်။
ဖတ်ပြီးသူအချို့ထံမှ ကျေးဇူးတင်စကားများ
ဤစာအုပ်ကို ဖတ်ရှုပြီးသူများ၏ တုံ့ပြန်ချက်များကား အဘယ်နည်း။ ဤတွင် အချို့ကိုဖော်ပြထားသည်–
“အလွန်စိတ်စွဲငြိဖွယ် အသက်ဝင်သော မှတ်တမ်းတင်စာအုပ် ယေဟောဝါသက်သေများ—ဘုရားသခင်၏နိုင်ငံတော်ကို ကြွေးကြော်သူများကိုဖတ်ပြီးရုံရှိပါသည်။ သမ္မာတရားကို သစ္စာရှိရှိ ရိုးသားမှန်ကန်စွာ ဖော်ပြလိုသည့် အဖွဲ့အစည်းသာလျှင် ရဲရင့်ပွင့်လင်းစွာမက ခံစားချက်အပြည့်ဖြင့် ဤကဲ့သို့ ရေးသားဖော်ပြနိုင်ပါသည်။”
“ယင်း၏ရိုးသားမှန်ကန် ပွင့်လင်းပုံက တမန်တော်ဝတ္တုကို ဖတ်ရသည့်အတိုင်း ဖြစ်သည်။”
“တကယ်စိတ်ဝင်စားစရာကောင်းသည့် စာအုပ်အသစ်ပါတကား! . . . သမိုင်းဝင် ဂန္ထဝင်မြောက်စာစောင်ပင် အမှန်ဖြစ်သည်။”
ဤစာအုပ်ကို တစ်ဝက်ခန့်ဖတ်ရှုပြီးသည့်အခါ အမျိုးသားတစ်ဦး ဤသို့ရေးသားသည်– “ကျွန်ုပ်ကြောက်ရွံ့ရိုသေ၊ အံ့သြခဲ့ရုံမက မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့သည်။ . . . ကျွန်ုပ်တစ်သက်တာတွင် အခြားမည်သည့်စာအုပ်မျှ ဤစာအုပ်ကဲ့သို့ စိတ်လှုပ်ရှားမှုဘက် အားမာန်အပြည့် မပါခဲ့ပါ။”
“ယနေ့ အဖွဲ့အစည်းထဲ ဝင်လာသော လူငယ်များသာမက လူသစ်များ၏ ယုံကြည်ခြင်းကို ဤစာအုပ်သည် မည်သို့ခိုင်ခံ့စေနိုင်မည့်အကြောင်း စဉ်းစားကြည့်တိုင်း အကျွန်ုပ်အလွန်စိတ်ရွှင်လန်းအားရမိသည်။”
“သမ္မာတရားကို ကျွန်ုပ်အမြဲတန်ဖိုးထားခဲ့ပါသည်။ သို့သော် ဤစာအုပ်ကို ဖတ်ပြီးသည့်နောက် ယင်းနောက်ဝယ်တွင် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်း ယခင်ကထက်ယခု ပိုမိုသိနားလည်လာပါပြီ။”
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သက်သေခံအရေအတွက် အနည်းငယ်သာရှိချိန်ကပင် ဘုရားသခင့်နိုင်ငံတော်သတင်းသည် လူမြောက်မြားစွာထံ ရောက်ရှိခဲ့