မိသားစု လူ့လိုအပ်ချက်တစ်ခု!
လူ့မိသားစုများကောင်းစားပါမှ လူ့အဖွဲ့အစည်းလည်းကောင်းစားမည်ဟု ဆိုကြသည်။ မိသားစုအစီအစဉ် ယိုယွင်းပျက်စီးလာသည်နှင့်အမျှ လူ့အသိုင်းအဝိုင်းနှင့် တိုင်းနိုင်ငံများ၏စွမ်းအင်လည်း ကျဆင်းလာကြောင်း သမိုင်းကဖော်ပြသည်။ ရှေးဂရိနိုင်ငံရှိမိသားစုများ၌ ကိုယ်ကျင့်တရားဆုတ်ယုတ်လာသောအခါ ယင်းတို့၏ ယဉ်ကျေးမှုသည်လည်း အစိတ်စိတ်အမြွှာမြွှာပြိုကွဲကာ ရောမလူမျိုးတို့၏ သိမ်းပိုက်အောင်မြင်မှုကို အလွယ်တကူခံခဲ့ရသည်။ ရောမတို့၏မိသားစုများ ခိုင်ခံ့သမျှကာလပတ်လုံး ယင်း၏အင်ပါယာသည်လည်း ခိုင်ခံ့ခဲ့သည်။ သို့သော် ရာစုနှစ်များကုန်လွန်လာသည်နှင့်အမျှ မိသားစုဘဝသည်ချည့်နဲ့လာပြီး အင်ပါယာ၏အင်အားသည်လည်း ဆုတ်ယုတ်လာလေသည်။ “မိသားစုနှင့် မိသားစုဘဝလုံခြုံရေး၊ အဆင့်အတန်းမြင့်မားရေးတို့သည် ယဉ်ကျေးမှု၏အဓိကသော့ချက်ဖြစ်ပြီး ကြိုးစားအားထုတ်မှုမှန်သမျှ၏ အဆုံးစွန်ရည်မှန်းချက်ဖြစ်သည်ဟု ဟားဗက်တက္ကသိုလ်၏ဥက္ကဋ္ဌဟောင်း ချားလ်စ် ဒဗ္ဗလျူ. အဲလိယက်တ်ကမှတ်ချက်ချခဲ့သည်။
မိသားစုသည် လူ့လိုအပ်ချက်တစ်ခုဖြစ်သည်မှာအမှန်။ ယင်းသည် အဖွဲ့အစည်းတည်ငြိမ်ရေး၊ ကလေးငယ်များနှင့် အနာဂတ်လူမျိုးဆက်ကောင်းစားရေးတို့ကို တိုက်ရိုက်အကျိုးသက်ရောက်သည်။ သားသမီးကောင်းဖြစ်အောင် အပြင်းအထန်ကြိုးစားပြီး ကျွေးမွေးပြုစုရသည့် တစ်ကိုယ်ရေမိခင်များစွာရှိပြီး သူတို့၏ကြိုးစားလုပ်ဆောင်မှုကြောင့် ချီးမွမ်းခံသင့်သည်မှာ သံသယရှိစရာမလိုပါ။ သို့သော် ကလေးငယ်များသည် မိစုံဖစုံရှိသောမိသားစုတွင်နေထိုင်ရပါက အခြေအနေများစွာပို၍ ကောင်းလေ့ရှိသည်ဟု လေ့လာမှုများကဖော်ပြသည်။
ဩစတြေးလျတွင် အရွယ်ရောက်စလူငယ် ၂,၁၀၀ ကျော်တို့ကို လေ့လာမှုတစ်ခုပြုလုပ်ရာ၌ “ပြိုကွဲနေသောမိသားစုများမှ ဆယ်ကျော်သက်များသည် ကျန်းမာရေးချို့တဲ့မှုပိုများပြီး စိတ်ပိုင်းဆိုင်ရာပြဿနာများ၏ လက္ခဏာများပေါ်ရန်အကြောင်းပိုများကာ ဥမကွဲသိုက်မပျက်ရှိသည့်မိသားစုမှ ကလေးများထက် လိင်စိတ်ဘက်တွင်ထက်သန်ဖို့အကြောင်းပိုများသည်ကို” တွေ့ရှိခဲ့ကြ၏။ ယူ.အက်စ် အမျိုးသားကျန်းမာရေးစစ်တမ်းက ပြိုကွဲနေသောအိမ်ထောင်များရှိ ကလေးငယ် “၂၀-၃၀ ရာခိုင်နှုန်းမှာ မတော်တဆထိခိုက်မှုဖြစ်ရန်၊ ၄၀-၇၅ ရာခိုင်နှုန်းမှာ တစ်တန်းကိုအကြိမ်ကြိမ်ပြန်တက်ရန်၊ ၇၀ ရာခိုင်နှုန်းမှာ ကျောင်းထုတ်ခံရရန်အကြောင်းပိုများသည်” ဟုဖော်ပြသည်။ ထို့ပြင် “မိမစုံဖမစုံမိသားစုမှ ကလေးငယ်များသည် မိရိုးဖလာအိမ်ထောင်စု၌ ကြီးပြင်းလာသောကလေးများထက် ရာဇဝတ်မှုကျူးလွန်ဖို့အကြောင်းပိုများသည်” ဟုမူဝါဒဆိုင်ရာ ဆန်းစစ်သူတစ်ဦးက သတင်းပေးပို့သည်။
အိမ်ထောင်ဟူသည်ခိုနားရာ
မိသားစုအစီအစဉ်သည် လူအားလုံးအတွက် ပျော်ရွှင်သော၊ တည်ဆောက်စရာဖြစ်၍ နှစ်လိုဖွယ်ကောင်းသော အိမ်ထောင်ကိုဖြစ်စေသည်။ ဆွီဒင်အာဏာပိုင်တစ်ဦးက “ပျော်ရွှင်မှုနှင့် ကောင်းကျိုးချမ်းသာ၏ အရေးအကြီးဆုံးအခြေခံအကြောင်းတရားသည် အလုပ်အကိုင်၊ ဝတ္ထုပစ္စည်း၊ ဝါသနာနှင့် မိတ်ဆွေသင်္ဂဟများမဟုတ်ဘဲ မိသားစုသာဖြစ်သည်” ဟုဆိုသည်။
မြေကြီးပေါ်ရှိမိသားစုအားလုံးတို့သည် မိသားစုတိုင်း၏ကြီးမြတ်သောဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကြောင့် သူတို့၏အမည်နာမကိုရထားကာ ထိုနည်းဖြင့် ကိုယ်တော်သည် မိသားစုအစီအစဉ်ကို တည်ထောင်တော်မူကြောင်း သမ္မာကျမ်းစာကဖော်ပြပါသည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၂၃၊ ၂၄; ဧဖက် ၃:၁၄၊ ၁၅) သို့သော် မှုတ်သွင်းခံကျမ်းစာတွင် တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်ပြင်ပတွင် အကျင့်သိက္ခာနှင့် လူ့အဖွဲ့အစည်းယိုယွင်းပျက်စီးစေသည့်အထိ မိသားစုအပေါ်အပြင်းအထန်ထိခိုက်မှုအကြောင်း တင်ကူးပြောကြားခဲ့၏။ “ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်” သူများအလယ်၌ပင် သစ္စာမဲ့ခြင်း၊ ပကတိကြင်နာစုံမက်ခြင်းကင်းခြင်းနှင့် မိဘစကားကိုနားမထောင်ခြင်းတို့သည် “နောက်ဆုံးကာလ” ၏အမှတ်အသားများဖြစ်မည်ဟုသူဆိုသည်။ ထိုသူတို့ကိုရှောင်ကြဉ်ဖို့ ခရစ်ယာန်များကို သူတိုက်တွန်းခဲ့၏။ ဘုရားသခင်၏သမ္မာတရားကိုဆန့်ကျင်ခြင်းက မိသားစုများကိုကွဲပြားစေမည်ဟု ယေရှုတင်ကူးဟောကြားခဲ့သည်။—၂ တိမောသေ ၃:၁-၅; မဿဲ ၁၀:၃၂-၃၇။
သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုအကူအညီမဲ့ ပစ်မထားပါ။ ကိုယ်တော်၏နှုတ်တော်ထွက်စကားတွင် မိသားစုဆက်ဆံရေးနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များစွာပေးထားပါသည်။ အောင်မြင်သောမိသားစုဖြစ်ရန်၊ အိမ်ထောင်သည် မိသားစုဝင်တိုင်း တစ်ဦးပေါ်တစ်ဦးကူညီရိုင်းပင်းရန်တာဝန်ရှိသည့် နှစ်သက်ဖွယ်အရပ်ဖြစ်ရန် မည်သို့လုပ်ဆောင်နိုင်ပုံကို ကျွန်ုပ်တို့အားပြောပြသည်။a—ဧဖက် ၅:၃၃; ၆:၁-၄။
မိသားစုသည် အပြင်းအထန်ခြိမ်းခြောက်ခံနေရသော မျက်မှောက်ခေတ်တွင် ယင်းသို့သော ပျော်ရွှင်သည့်ဆက်ဆံရေးကို ရရှိနိုင်ပါမည်လော။ အမှန်ရရှိနိုင်ပါသည်! စရိုက်ကြမ်း၍ ကန္တာရနှင့်တူသောလောကတွင် သင့်မိသားစုကို ပျော်စရာကောင်း၍ လန်းဆန်းမှုပေးသော အိုအေစစ်ဖြစ်စေနိုင်ပါသည်။ သို့သော် ထိုသို့ဖြစ်ရန် မိသားစုအသိုင်းအဝိုင်းရှိသူအားလုံး အရာတစ်ခုကိုပြုလုပ်ဖို့လိုအပ်ပါသည်။ အောက်ပါတို့မှာ အကြံပေးချက်အချို့ဖြစ်သည်။
သင့်မိသားစုတည်တံ့ရန် ကူညီပေးခြင်း
မိသားစုစည်းလုံးစွာနေထိုင်နိုင်သည့် အကောင်းဆုံးနည်းတစ်နည်းမှာ အချိန်ကိုအတူတကွအသုံးပြုခြင်းဖြစ်သည်။ မိသားစုဝင်အားလုံးသည် မိမိတို့၏အားလပ်ချိန်ကို လိုလိုလားလားအသုံးပြုသင့်ပေသည်။ ယင်းသို့ပြုခြင်းသည် စွန့်လွှတ်မှုဖြစ်ပေမည်။ ဥပမာ အသင်ဆယ်ကျော်သက်များအနေနှင့် မိမိတို့အနှစ်သက်ဆုံး တီဗွီအစီအစဉ်တစ်ခုခု၊ အားကစားတစ်ခုခု သို့မဟုတ် သူငယ်ချင်းများနှင့် အပျော်ခရီးထွက်ခြင်းတို့ကို စွန့်လွှတ်ကောင်းစွန့်လွှတ်ရပေမည်။ အိမ်ထောင်၏စားဝတ်နေရေးကို အဓိကတာဝန်ယူလေ့ရှိသော အသင်ဖခင်တို့၊ သင့်အားလပ်ချိန်ကို မိမိ၏ဝါသနာ သို့မဟုတ် အခြားစိတ်ဝင်စားစရာများနှင့်သာ မကုန်လွန်ပါစေနှင့်။ မိသားစုနှင့်အတူလုပ်ဆောင်ရန် စီစဉ်ပါ၊ သတ္တပတ်ကုန်ရက်များ သို့မဟုတ် အားလပ်ရက်များကို သင့်မိသားစုနှင့်အတူ မည်သို့အသုံးပြုနိုင်မည်စသည်တို့ ဖြစ်သည်။ လူတိုင်းစောင့်မျှော်၍ ပျော်ရွှင်စေမည့်အရာတစ်ခုကို စီစဉ်ရန်ဖြစ်သည်။
ကလေးများသည် အရည်အသွေးပြည့်အချိန်ဟုခေါ်ကြသည့် တစ်နည်းအားဖြင့် ကလေးများအတွက် နာရီဝက်ခန့် အခါအားလျော်စွာ အချိန်သတ်မှတ်ထားပေးခြင်းနှင့်မလုံလောက်ပါ။ သူတို့ကိုအချိန်များများပေးဖို့လိုအပ်ပါသည်။ ဆွီဒင်နေ့စဉ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “သတင်းထောက်တစ်ဦးအဖြစ် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း သက်ငယ်ပြစ်မှုကျူးလွန်သူများစွာကို ကျွန်တော်တွေ့ရှိခဲ့ပါသည်။ . . . ဖြစ်လေ့ဖြစ်ထရှိသည်မှာ သူတို့သည် အရည်အသွေးပြည့်ပေါင်းသင်းချိန်ဖြင့် ပြုစုပျိုးထောင်ခံလာရဖွယ်ရှိသည်– ‘ကျွန်တော့်မိဘတွေမအားကြဘူး။’ ‘သူတို့ဘယ်တော့မှ နားမထောင်ကြဘူး။’ ‘အမြဲတမ်း ခရီးထွက်နေကြတာပဲ။’ . . . မိဘတစ်ဦးအနေနှင့် သင့်ကလေးကိုအချိန်မည်မျှပေးမည်ကို သင်အမြဲရွေးချယ်နိုင်ပါသည်။ နောင် ၁၅ နှစ်အကြာတွင် အကြင်နာမဲ့သော ၁၅ နှစ်အရွယ်ရှိရင်သွေးက သင့်ရွေးချယ်မှုကိုအဆုံးအဖြတ်ပေးပါသည်။”
ငွေကြေးအပေါ်လျောက်ပတ်သည့်အမြင်
အိမ်သားအားလုံး ငွေကြေးနှင့်ပတ်သက်၍ လျောက်ပတ်သောအမြင်ကိုလည်း မွေးမြူသင့်ပေသည်။ မိသားစု၏သာမန်အသုံးစရိတ်များကာမိစေရန် မိမိတို့တတ်နိုင်သည့်အတိုင်း စုပေါင်းထည့်ဝင်ရန်အသင့်ရှိသင့်ပါသည်။ အမျိုးသမီးများစွာတို့မှာ စားဝတ်နေရေးအလျဉ်မီရန် အလုပ်ထွက်လုပ်ရသည်၊ သို့သော် ဇနီးသည်တို့၊ သင်တို့ကြုံတွေ့ရဖွယ်ရှိသည့် အန္တရာယ်များနှင့် စုံစမ်းသွေးဆောင်မှုများကို သတိပြုသင့်ပေသည်။ ဤလောကသည် မိမိကိုယ်ကို “ဖြည့်ဆည်း” ရန်နှင့် “ကိုယ်ကြိုက်ရာကိုယ်လုပ်” ရန်လှုံ့ဆော်ပေးသည်။ ယင်းကြောင့် အမှီအခိုကင်းစိတ်ဝင်လာနိုင်၍ မိခင်တစ်ဦးနှင့် အိမ်ကိုပြုစုပေးသူအနေဖြင့် ဘုရားပေးတာဝန်နှင့် မကျေနပ်နိုင်ဘဲဖြစ်လာနိုင်သည်။—တိတု ၂:၄၊ ၅။
အသင်မိခင်များသည် အိမ်တွင်နေ၍ သင့်သားသမီးများ၏ အုပ်ထိန်းသူနှင့် မိတ်ဆွေဖြစ်မည်ဆိုလျှင် မည်သည့်ခက်ခဲမှုရှိပါစေ သင့်မိသားစုကိုစည်းလုံးစေမည့် ခိုင်ခံ့သောနှောင်ကြိုးကိုဖန်တီးတည်ဆောက်ရာတွင် အထောက်အကူပြုမည်အမှန်။ အမျိုးသမီးတစ်ဦးသည် ပျော်ရွှင်၊ လုံခြုံ၍ လက်တွေ့ကျသောအိမ်ထောင်တစ်ခုဖြစ်ရန် အထူးဝိုင်းဝန်းလုပ်ဆောင်နိုင်ပေသည်။ “တပ်စခန်းတစ်ခုကိုဖန်တီးရန် အမျိုးသားတစ်ရာလိုအပ်သည်၊ သို့သော် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်တစ်ခုကိုဖန်တီးနိုင်သည်” ဟု ၁၉ ရာစုမှ နိုင်ငံရေးသမားတစ်ဦးကဆိုသည်။
အိမ်သားအားလုံး မိသားစုဝင်ငွေနှင့် လောက်ငအောင်နေထိုင်ရာတွင် ပူးပေါင်းဆောင်ရွက်ပါက မိသားစုသည် ပြဿနာများစွာကို ရှောင်ကွင်းနိုင်မည်။ မောင်နှံစုံတို့သည် ရိုးရှင်းစွာအသက်ရှင်ကာ ဝိညာဉ်ရေးအကျိုးစီးပွားကို ဦးစားထားရန် သဘောတူညီသင့်သည်။ ကလေးများအနေနှင့် မိသားစုဘတ်ဂျက်အရ မဖြစ်နိုင်သောအရာများကို အလွန်အမင်းတောင်းဆိုခြင်းမပြုဘဲ ရောင့်ရဲမှုကိုသင်ယူသင့်သည်။ မျက်စိတပ်မက်ခြင်းကို သတိပြုပါ! လက်လှမ်းမမီနိုင်သည့်အရာများကို ဝယ်ယူရန်သွေးဆောင်ခံရခြင်းက အကြွေးတင်ကာ မိသားစုများစွာ ပျက်စီးရသည့်ကိန်းဆိုက်စေပါသည်။ စိတ်လန်းဆန်းစေသောခရီးစဉ်၊ နေအိမ်အတွက် အသုံးဝင်ပြီး နှစ်သက်ဖွယ်ကောင်းသောပစ္စည်း သို့မဟုတ် ခရစ်ယာန်အသင်းတော်ကို အလှူငွေထောက်ပံ့ခြင်းစသည့် ပူးပေါင်းတာဝန်တစ်ရပ်အတွက် မိမိတို့ငွေကြေးကို စုပေါင်းထည့်ဝင်ကြမည်ဆိုလျှင် မိသားစုစည်းလုံးမှုအတွက် အကျိုးဖြစ်ထွန်းပေမည်။
ပျော်ရွှင်သောမိသားစုစိတ်ဓာတ်ရရှိရန် မိသားစုဝင်အားလုံး ပါဝင်ထည့်လှူသင့်သော “အလှူ” နောက်တစ်မျိုးမှာ သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအလုပ်—အိမ်၊ ခြံ၊ ကားစသည်တို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းအလုပ်များတွင် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြစ်သည်။ ငယ်ရွယ်သူများမှအစ အိမ်သားအားလုံးကို တာဝန်အချို့ချပေးနိုင်သည်။ သားသမီးတို့၊ အချိန်ကိုမဖြုန်းမိဖို့ ကြိုးစားကြလေ။ အချိန်ဖြုန်းမည့်အစား ကူညီသည့်စိတ်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့်သဘောကို မွေးမြူပါ; ယင်းက မိသားစုစည်းလုံးမှုကို တည်ဆောက်ပေးသည့် စစ်မှန်သောရင်းနှီးမှုနှင့် အဖော်အဖက်စိတ်ထားကို ရရှိစေမည်။
ကျမ်းပညာရေး၏တန်ဖိုး
စည်းလုံးသောခရစ်ယာန်မိသားစုသည် ကျမ်းစာမှန်မှန်လေ့လာခြင်း၏ အရေးကြီးမှုကိုလည်း အထူးအလေးထားသည်။ သမ္မာကျမ်းစာကို နေ့စဉ်ဆွေးနွေးခြင်းနှင့် သန့်ရှင်းသောကျမ်းစောင်များကို ပတ်စဉ်လေ့လာခြင်းက မိသားစုစည်းလုံးမှုအုတ်မြစ်ကို တည်ဆောက်ပေးသည်။ ကျမ်းစာအခြေခံပညာနှင့် မူများကို မိသားစုဝင်အားလုံး၏ စိတ်တွင်စွဲမှတ်စေသည့်နည်းဖြင့် အတူတကွဆွေးနွေးသင့်သည်။
ယင်းသို့သော မိသားစုအစီအစဉ်များသည် ပညာရရှိရုံမက တစ်ကြိမ်တည်းတွင် ပျော်ရွှင်စရာနှင့် အားတက်စရာလည်းဖြစ်သင့်ပါသည်။ ဆွီဒင်နိုင်ငံမြောက်ပိုင်းတွင် နေထိုင်သောမိသားစုတစ်ခုသည် ရက်သတ္တတစ်ပတ်အတောအတွင်း ပေါ်ပေါက်လာသောမေးခွန်းများကို သားသမီးများကိုရေးချစေလေ့ရှိသည်။ ထို့နောက် ယင်းမေးခွန်းများကို ပတ်စဉ်ကျမ်းစာလေ့လာသည့်အခါ ဆွေးနွေးကြ၏။ မေးခွန်းများသည် လေးနက်၍ စဉ်းစားမှုကိုလှုံ့ဆော်ပေးပြီး ကလေးများ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် ကျမ်းစာသင်ကြားမှုကိုလေးမြတ်ခြင်းတို့ကို ထင်ဟပ်သည်။ အချို့မေးခွန်းများမှာ– “ယေဟောဝါဟာ အပင်တိုင်းကိုအချိန်တိုင်းပေါက်နေအောင် လုပ်ပေးသလား ဒါမှမဟုတ် တစ်ခါထဲလုပ်ပေးထားသလား။” “ဘုရားသခင်ဟာ လူမဟုတ်တဲ့အတွက် လူကို ‘သူ့ပုံသဏ္ဌာန်နဲ့အညီ’ ဖန်ဆင်းတယ်လို့ ဘာကြောင့်ကျမ်းစာကပြောတာလဲ။” “ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ဧဝတို့ဟာ ဖိနပ်လည်းမပါ အဝတ်အစားလည်းမရှိတဲ့အတွက် ဆောင်းရာသီမှာအရမ်းချမ်းမနေဘူးလား။” “ညအချိန်မှာ မှောင်နေသင့်လျက်နဲ့ လကိုဘာကြောင့်လိုအပ်ပါသလဲ။” ယခုကလေးများသည် ကြီးပြင်းလာ၍ အချိန်ပြည့်ဓမ္မအမှုဆောင်များအဖြစ် အမှုထမ်းနေကြပါသည်။
အသင်မိဘတို့၊ မိသားစုပြဿနာများကိုကိုင်တွယ်သောအခါ အပြုသဘောဆောင်၍ ကြည်လင်ရွှင်ပျရန် ကြိုးစားပါလေ။ အရေးကြီးသည့်မူများကို လိုက်နာသည့်အခါ စာနာမှုရှိ၍ ပြောင်းသာလွှဲသာရှိပါ၊ သို့တိုင် ရှေ့နောက်ညီညွတ်မှုရှိပါလေ။ ဘုရားသခင်နှင့် ကိုယ်တော်၏မှန်ကန်သောမူများကို ချစ်သည့်မေတ္တာက သင့်အဆုံးအဖြတ်ကို အစဉ်ထိန်းချုပ်ထားကြောင်း ကလေးများသိမြင်စေပါ။ ကျောင်းပတ်ဝန်းကျင်တွင် ဖိစီးမှုနှင့် စိတ်ဓာက်ကျစရာများကို အများဆုံးတွေ့ကြုံရတတ်ရာ ကလေးများသည် အဆိုပါသြဇာလွှမ်းမိုးမှုကို တွန်းလှန်နိုင်ရန် အိမ်တွင် အားပေးမှုများစွာလိုအပ်ပါသည်။
မိဘတို့၊ စုံလင်မှုရှိသည့်ပုံ မဖမ်းပါနှင့်။ လိုအပ်သည့်အခါ အမှားကိုဝန်ခံပြီး သင့်သားသမီးများကို ဝန်ချတောင်းပန်ပါလေ။ လူငယ်တို့၊ သင့်မိခင်နှင့် ဖခင်တို့ကအမှားဝန်ခံသည့်အခါ သူတို့ကိုမေတ္တာပွားပါလေ။—ဒေသနာ ၇:၁၆။
စည်းလုံးသောမိသားစုတစ်ခုသည် ငြိမ်သက်၊ လုံခြုံ၍ ပျော်ရွှင်ဖွယ်ကောင်းသောအိမ်ထောင်ကို ဖြစ်ပေါ်စေပါသည်။ တစ်ခါက ဂျာမန်ကဗျာဆရာဂိုသဲလ်စ် ဤသို့ပြောခဲ့သည်– “ရှင်ဘုရင်ဖြစ်စေ၊ လယ်သမားဖြစ်စေ မိမိအိမ်ထောင်တွင် ပျော်ရွှင်မှုတွေ့သူသည် အပျော်ရွှင်ဆုံးလူဖြစ်သည်။” ကျေးဇူးတင်လေးမြတ်တတ်သော မိဘများနှင့် သားသမီးများအတွက် အိမ်နှင့်တူသည့်နေရာ မရှိသင့်ပေ။
မိသားစုသည် ကျွန်ုပ်တို့နေထိုင်နေသော လောက၏ဖိစီးမှုများဖြင့် ယနေ့အပြင်းအထန်ခြိမ်းခြောက်ခံနေရသည်မှာအမှန်။ သို့ရာတွင် မိသားစုသည် ဘုရားသခင်ထံမှအစပြုသောကြောင့် တည်တံ့ပါလိမ့်မည်။ ပျော်ရွှင်သောမိသားစုဘဝအတွက် ဘုရားသခင်၏ ဖြောင့်မတ်သောလမ်းညွှန်မှုများကို လိုက်နာမည်ဆိုလျှင် သင့်မိသားစုသည်လည်းကောင်း၊ အသင်သည်လည်းကောင်း တည်တံ့နိုင်ပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ဤအကြောင်းနှင့်စပ်လျဉ်း၍ အသေးစိတ်သိလိုလျှင် နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် [လိပ်] ဟူသော ၁၉၂ မျက်နှာရှိစာအုပ်ကိုရှု။