“အခိုင်အမာယုံကြည်စိတ်ချစေ”
“အဲဒီမှာပါတဲ့ အချေအတင်ဆွေးနွေးချက်တွေဟာ တကယ်ပဲ အခိုင်အမာယုံကြည်စိတ်ချစေတဲ့အတွက် နက်ဖြန်နေ့ကစပြီး ဟောပြောခြင်းလုပ်ငန်းမှာ အဲဒါကိုအသုံးပြုမယ်” ဟုပြင်သစ်နိုင်ငံမှ ယေဟောဝါသက်သေတစ်ဦးက ရေးသားခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ သက်သေခံတစ်ဦးက ဤသို့ရေးသားခဲ့သည်– “အရေးမစိုက်တဲ့သူ၊ ကျမ်းစာကိုအယုံအကြည်မရှိတဲ့သူတွေနဲ့တွေ့ဆုံရတဲ့အတွက် အဲဒါကို ချက်ချင်းပဲဖတ်လိုက်ပြီး လယ်ကွင်းအမှုဆောင်ခြင်းမှာအသုံးပြုဖို့ မစောင့်နိုင်မဆိုင်းနိုင်ဖြစ်ရပါတယ်။” သူတို့ဖော်ပြနေကြသည့်အရာကား အဘယ်နည်း။ ၁၉၉၇/၉၈ ခုနှစ်အတွင်းကျင်းပခဲ့သော “ဘုရားသခင့်နှုတ်ကပါဌ်တော်၌ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီးအတွင်း ကင်းမျှော်စင်အသင်းမှထုတ်ဝေသည့် လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဟုခေါင်းစဉ်တပ်ထားသော ၃၂-မျက်နှာရှိဘရိုရှာဖြစ်ပါသည်။
ဤစာစောင်သည် ပညာတတ်သော်လည်း ကျမ်းစာနှင့်ပတ်သက်၍ အနည်းငယ်သာသိထားသူများအတွက် အထူးရည်စူး၍ပြင်ဆင်ထားသည်။ ထိုသို့သောသူများစွာသည် သူတို့ကိုယ်တိုင် ကျမ်းစာကိုမဖတ်ဖူးကြသော်လည်း ၎င်းနှင့်ပတ်သက်သည့် တိကျသေချာသောထင်မြင်ချက်များ သူတို့တွင်ရှိသည်။ ဤဘရိုရှာ၏ရည်ရွယ်ချက်မှာ စာဖတ်သူများအား ယုတ်စွအဆုံး ကျမ်းစာကို လေ့လာဆန်းစစ်ထိုက်ကြောင်း ယုံကြည်စေရန်ဖြစ်သည်။ ဘရိုရှာက ကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံဖြစ်ကြောင်း စာဖတ်သူလက်ခံအောင် အတင်းမတိုက်တွန်းပါ။ ယင်းအစား အချက်အလက်မှန်များက ယင်းတို့ကိုယ်နှိုက်ကို သက်သေထူစေသည်။ အသုံးအနှုန်းများသည် အဆင့်မြင့်စာလုံးကြီးကြီးအသုံးအနှုန်း မဟုတ်ဘဲ ရှင်းလင်းပြတ်သား၍တိုက်ရိုက်ကျသည်။
အထက်တွင်ကိုးကားထားသော မှတ်ချက်များကဖော်ပြထားသည့်အတိုင်း စည်းဝေးကြီးများတွင် ရောက်ရှိနေသူများသည် ဤဘရိုရှာကို မိမိတို့၏လယ်ကွင်းအမှုဆောင်ခြင်းတွင် အသုံးပြုရန် စိတ်အားထက်သန်လျက်ရှိကြသည်။ ဥပမာအနေဖြင့် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့လူငယ်များနေ့အတွက် ကမ္ဘာတစ်လွှားမှ ထောင်နှင့်ချီသောလူငယ်များသည် ပါရီမြို့၌ စုဝေးကြသည့် ဩဂုတ် ၂၃ နှင့် ၂၄ တွင် အထူးသက်သေခံခြင်းကင်ပိန်းကို စီစဉ်ခဲ့ကြသည်။ သက်သေခံ ၂,၅၀၀ ခန့် (အများစုသည် အသက် ၁၆ နှစ်မှ ၃၀ နှစ်အတွင်း) သည် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ပိုလန်နှင့် စပိန်ဘာသာစကားများဖြင့် ဘရိုရှာစောင်ရေ ၁၈,၀၀၀ ကိုဝေငှခဲ့ကြသည်။
ကျွန်ုပ်တို့၏ဓမ္မအမှုတွင် လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဘရိုရှာကိုအသုံးပြုကြပါစို့။ ဤစာစောင်သည် ကျမ်းစာကိုဆန်းစစ်သင့်ကြောင်း ဆင်ခြင်တုံတရားရှိသူများ နားဝင်အောင် ပြောပြရာတွင် အဖိုးတန်သည့်အရာဖြစ်ပါစေ။