ငြိမ်သက်ခြင်း၏စစ်မှန်သောတမန်များကားမည်သူများနည်း
၁၉၉၆၊ မေ ၃၁ ရက်နေ့၌ ငြိမ်သက်မှုဖြစ်ဟန်ရှိသောသတင်းကို သတင်းဌာနများကကြေညာလိုက်သည်။ ထိုနေ့မတိုင်မီတွင် အစ္စရေးဝန်ကြီးချုပ်ဖြစ်လာတော့မည် ဘင်ဂျမင် နေတန်ယာဟုက တရားဝင်ကြေညာချက် တစ်ရပ်ဖြစ်သည့် “အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအားလုံးကြားတွင် ငြိမ်းချမ်းရေးနှင့်အတူလုံခြုံမှုအတွက် ဆက်၍ဖျန်ဖြေစေ့စပ်ဖို့ရန် တာဝန်ယူသည်” ဟုအခိုင်အမာထုတ်ပြန်ပြောဆိုခဲ့သည်။
နေတန်ယာဟု၏ ကျယ်ပြန့်စွာကြေညာခဲ့သောရွေးကောက်ပွဲက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးသည် အိပ်မက်မျှမဟုတ်ဘဲ အမှန်တကယ်ဖြစ်လာစေမည်လောဟူ၍ လူအများကိုစဉ်းစားစရာဖြစ်စေသည်။ အကယ်၍ဖြစ်လာခဲ့လျှင် အခြားနိုင်ငံများကလည်း သူတို့၏ကွာဟချက်များကို မေ့ပျောက်ပြီးအတုယူကာ အဆင်ပြေစေနိုင်ကြမည်လော။
အမှန်ပင်၊ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားခြင်းထက် ငြိမ်းချမ်းရေးရမည်ဟုကတိပြုခြင်းကပို၍လွယ်ကူပါသည်။ ယင်းကိုသိရှိထားသဖြင့် အများကသံသယဝင်ကြသည်။ ပင်တိုင်ဆောင်းပါးရှင် ဟမ်မီ ရှာလက်က “ယခုတွင် အစ္စရေးရှိလူထုထက်ဝက်မှာ ကယ်ဆယ်ခြင်းသည် လက်တစ်ကမ်းအကွာတွင်ရှိသည်ဟု ခံစားနေကြရပြီး အခြားသူတို့မှာမူ ယင်းသည်မြေကြီးပေါ်ရှိငရဲ၌ ထောင်ချောက်မိနေသည်ဟု ယုံကြည်ကြသည်” ဟူ၍ရေးသားထားသည်။ အကျဉ်းချုပ်၍သူက “အချို့သူတို့သည် ရွှင်လန်းနေကြ၍; အခြားသူများမှာမူ ငိုကြွေးနေရသည်” ဟုဖော်ပြထားသည်။
ယင်းကား ငြိမ်းချမ်းရေးရဖို့ လူသားတို့ကြိုးစားရာတွင် ပေါ်ပေါက်သည့်အခြေအနေဖြစ်သည်။ ခေါင်းဆောင်တစ်ဦးနှင့်သူ၏ထောက်ခံသူများ အနိုင်ရရှိခြင်းသည် အခြားဆန့်ကျင်ဘက်အဖွဲ့အတွက် ရှုံးနိမ့်ခြင်းဖြစ်သည်။ မကျေနပ်ခြင်းက အသိအမြင်မှားခြင်းကိုပို့ဆောင်၍ ၎င်းအမြင်မှားခြင်းမှ ပုန်ကန်ခြင်းကိုဖြစ်စေသည်။ အရှေ့အလယ်ပိုင်း၌ဖြစ်စေ၊ လက်တင်အမေရိက၊ အရှေ့ဥရောပ သို့မဟုတ် မည်သည့်နေရာ၌ပင်ဖြစ်ပါစေ ငြိမ်းချမ်းရေးအတွက် လူတို့၏ကြိုးပမ်းမှုသည် အမြဲပင်အထင်အမြင်မှားခြင်းကိုသာဖြစ်စေသည်။
နီးကပ်နေသည့် စစ်မှန်သောငြိမ်သက်ခြင်း!
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးသည် အထူးစိတ်ဝင်စားဖွယ်ရာ သတင်းတစ်ရပ်ဖြစ်နေချိန်တွင် နောက်ထပ်ငြိမ်သက်ခြင်း၏သတင်းကို ကြားခဲ့ရပြန်သည်။ ယင်းက လူသိများသည့်နိုင်ငံရေးမြွက်ဟပြောဆိုချက်တစ်ရပ် မဟုတ်သကဲ့သို့ နိုင်ငံများအကြား ငြိမ်သက်ခြင်းအတွက် တေ့ဆိုင်စေ့စပ်ခြင်းလည်းမဟုတ်ပါ။ ယင်းအစား ဤသတင်းသည် ဘုရားသခင့်နိုင်ငံတော်အားဖြင့်သာလျှင် ငြိမ်သက်ခြင်းရရှိလိမ့်မည်ဖြစ်ကြောင်း ကြေညာသည်။ မည်သည့်နေရာတွင် ဤသတင်းကိုကြားခဲ့ရသနည်း။ ၁၉၉၆/၉၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ နေရာပေါင်း ၁,၉၀၀ ကျော်တွင်ကျင်းပသည့် ယေဟောဝါသက်သေများ၏ “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီးတွင်ဖြစ်သည်။
ထိုစည်းဝေးကြီးများ၌ စစ်မှန်သောငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုမည်သည့်လူသားအစိုးရကမျှ ပေးနိုင်မည်မဟုတ်ကြောင်း ထင်ရှားစေခဲ့သည်။ အဘယ်ကြောင့်နည်း။ နေ့စဉ် ကျွန်ုပ်တို့၏ငြိမ်သက်ခြင်းကို ကင်းမဲ့စေသည့်အရာများ အဆုံးတိုင်သွားစေရန် ပြုလုပ်ဖို့လိုအပ်မည်ဖြစ်သောကြောင့်တည်း။ စစ်မှန်သောငြိမ်သက်ခြင်းဟူသည် နံနက်နိုးထလာတိုင်း စစ် သို့မဟုတ် အကြမ်းဖက်မှုတို့၏ခြိမ်းခြောက်မှု မရှိခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ရာဇဝတ်မှု၊ ကျွန်ုပ်တို့၏တံခါးများကိုသော့ခတ်ရခြင်း၊ လမ်းပေါ်၌ကြောက်ရွံ့ထိတ်လန့်စွာသွားလာရခြင်း၊ မိသားစုများပြိုကွဲရခြင်း လုံးဝမရှိတော့ခြင်းပင်ဖြစ်သည်။ ထိုအရာအားလုံးကို ကမ္ဘာပေါ်ရှိမည်သည့်အစိုးရ ဆောင်ရွက်ပေးနိုင်သနည်း။ တကယ်ပင် ၎င်းတို့ကိုပြုလုပ်ပေးမည်ဟု ကမ္ဘာပေါ်ရှိမည်သည့်အစိုးရက ကတိပေးဝံ့သနည်း။
သို့သော်လည်း ဘုရားသခင့်နိုင်ငံတော်သည် ထိုအရာတို့ကို ပြုလုပ်ပေးနိုင်၍ ပြုလုပ်ပေးလိမ့်မည်။ သမ္မာကျမ်းစာက “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟူ၍ကတိပေးထားသည်။ (ဗျာဒိတ် ၂၁:၃၊ ၄) ဒုက္ခဆင်းရဲခံနေရသောလူသားထုအတွက်မည်မျှသက်သာမှုပါတကား!
ယေဟောဝါဘုရားသခင်၏ကတိတော်သည် မပြည့်စုံဘဲမနေပါ။ သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ကိုယုံကြည်စိတ်ချစေသည်– “ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ စကားတော်အတိုင်းမပြုဘဲ နေတော်မူမည်လော။ ကတိထားတော်မူပြီးမှ ကတိတော်မတည်ဘဲနေတော်မူမည်လော။” (တောလည်ရာ ၂၃:၁၉) မှန်ပါသည်၊ ကိုယ်တော်ဘက်တွင်ရပ်တည်သူအားလုံးအဖို့ ကောင်းချီးမင်္ဂလာသည် ဘုရားသခင်ကတိပြုထားသည့်အတိုင်း ဖြစ်ပျက်လာပါလိမ့်မည်။
ဘုရားသခင့်ငြိမ်သက်ခြင်း၏တမန်များ
ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းနှင့်ပတ်သက်၍ သူတို့၏ဇွဲကြောင့် ယေဟောဝါသက်သေများကို လူသိများကြသည်။ သမ္မာကျမ်းစာ၏အားပေးချက်သတင်းများကို အခြားသူများထံဝေမျှရာတွင် သူတို့သည် နာရီသန်းပေါင်းတစ်ထောင်ကျော်ကို နှစ်စဉ် အသုံးပြုကြသည်။ ယင်းကား ယေရှုစကား၏ပြည့်စုံချက်ပင်ဖြစ်သည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) လူသားများအတွက် တစ်ခုတည်းသောမျှော်လင့်ချက်အနေနှင့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ကို ကြေညာသည့်အတွက် သက်သေခံများသယ်ဆောင်သောသတင်းသည် အမှန်တကယ်ပင် “သတင်းကောင်း” ဖြစ်သည်။ အနာဂတ်အတွက် ခိုင်ခံ့သောမျှော်လင့်ချက်ပါတကား!
ယခုပင်လျှင် ဘုရားသခင့်နိုင်ငံတော်သည် မိမိ၏လက်အောက်ခံများ၌ စစ်မှန်သောငြိမ်သက်ခြင်းနှောင်ကြိုးနှင့် ညီရင်းအစ်ကိုမေတ္တာကို ဖြစ်ပေါ်စေသည်။ ယေရှုက ဤသို့ဆိုခဲ့သည်– “သင်တို့သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) စစ်မှန်သောခရစ်ယာန်ဘာသာ၏ ဤအခြေခံလိုအပ်ချက်အတိုင်းနေထိုင်ရန် ယေဟောဝါသက်သေများကြိုးစားကြသည်။ ရလဒ်အနေနှင့် ဂျူးလူမျိုးနှင့် အာရပ်လူမျိုး၊ ခရိုအက်လူမျိုးနှင့် ဆာ့ဘ်လူမျိုး၊ ဟူတူနှင့် တွတ်စီလူမျိုးများအကြား သူတို့၏အံ့မခန်းဖွယ်ရာ ညီအစ်ကိုအသင်းအပင်း၏ စည်းလုံးမှုရှိနေကြသည်။ လူသားအများထုအတွက် အိပ်မက်မျှသာဖြစ်နိုင်သည့် ဤငြိမ်သက်ခြင်းကို ယခုကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာသော ယေဟောဝါသက်သေများက ပိုင်ဆိုင်ထားကြသည်။
“ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီးအစီအစဉ်၏ ပေါ်လွင်ချက်မှာ ကျမ်းစာမူများနှင့်အညီ ဆက်၍နေထိုင်ဖို့အားပေးချက်နှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဆက်လက်ဟောပြောရန်ဖြစ်သည်။ သန်းပေါင်းများစွာ ရွှင်လန်းခဲ့ကြသည့် စိတ်လှုပ်ရှားဖွယ်ရာ သုံးရက်စည်းဝေးကြီး၏ အောက်ပါမှတ်တမ်းကို ဖတ်ရှုကြည့်ရန် ကျွန်ုပ်တို့အသင့်အားဖိတ်ခေါ်ပါသည်။