၁၉၉၆ ခုနှစ် “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” စည်းဝေးကြီး
ရှးခေတ်က ယေဟောဝါ၏လူမျိုးတော်သည် အဓိကပွဲတော်သုံးခုကို နှစ်စဉ်ကျင်းပကြသည်။ အလားတူစွာ ယနေ့ခေတ်တွင် ယေဟောဝါ၏နာမတော်ခံယူထားသည့် လူမျိုးတော်သည် ပွဲတော်အခါသမယများအတွက် တစ်နှစ်လျှင် သုံးကြိမ်စုဝေးကြသည်။ သူတို့သည် တစ်ရက် အထူးအစည်းအဝေးနေ့၊ နှစ်ရက် တိုက်နယ်အစည်းအဝေးနှင့် သုံးရက် သို့မဟုတ် လေးရက် ခရိုင်စည်းဝေးကြီးတို့အတွက် စုဝေးကြသည်။ ဤနှစ်တွင် ခရိုင်စည်းဝေးကြီး၏အဓိကခေါင်းစဉ်မှာ “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ဖြစ်သည်။
အလွန်ဆီလျော်လှသည့် အဓိကခေါင်းစဉ်ပင်တည်း! ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါသည် “ငြိမ်သက်ခြင်း၏အရှင်” ဖြစ်တော်မူသည်။ ကျွန်ုပ်တို့၏ခေါင်းဆောင် ယေရှုခရစ်သည် “ငြိမ်သက်ခြင်းမင်း” ဖြစ်ပြီး ယေဟောဝါ၏ကျေးကျွန်များ ယူဆောင်လာသည့် သတင်းသည် ဘုရားရေးရာငြိမ်သက်ခြင်းသတင်းဖြစ်သည်။ (ဖိလိပ္ပိ ၄:၉; ရောမ ၁၅:၃၂; ဟေရှာယ ၉:၆၊ သမ; နာဟုံ ၁:၁၅) လူအားလုံးသည် ဘုရားရေးရာငြိမ်သက်ခြင်း၏ အရေးကြီးမှုကို ပို၍အပြည့်အဝ နားလည်သဘောပေါက်ရန် ကောင်းမွန်သောစည်းဝေးကြီးအစီအစဉ်ကို စီစဉ်ထားပြီ။
ဤနှစ်၌ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် စည်းဝေးကြီး ၁၉၈ ခု ကျင်းပမည်။ သင့်အနီးအနားတွင်လည်း စည်းဝေးကြီးတစ်ခု ကျင်းပဖွယ်ရှိသည်။ ကျင်းပမည့်အချိန်နှင့် နေရာအတိအကျကို သင့်အနီးအနားရှိ ယေဟောဝါသက်သေများထံမှ စုံစမ်းမေးမြန်းပါ၊ ထို့နောက် တက်ရောက်ဖို့စီစဉ်ပါ။ စစ်မှန်ပြီး အဓွန့်ရှည်သောငြိမ်သက်ခြင်းတွင် စိတ်ပါဝင်စားသူအားလုံးကို လှိုက်လှဲစွာကြိုဆိုပါသည်။