အရက်ယမကာနှင့်ပတ်သက်၍ ဘုရားရေးရာအမြင်မျိုး သင်၌ရှိသလော
လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ခန့်က ရှေးဟောင်းသုတေသနပညာရှင်များသည် အီရန်နိုင်ငံ အူရ်မီးယားမြို့အနီးတွင် အဆောက်အဦဟောင်းတစ်ခုကို တူးဖော်ခဲ့သည်။ ထိုအဆောက်အဦထဲတွင်ကြွေအိုးတစ်လုံးကို သူတို့တွေ့ရှိခဲ့ကြသည်၊ သိပ္ပံပညာရှင်များအဆိုအရ ၎င်းသည် နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်သော အစောပိုင်းလူသားများ အခြေတကျနေထိုင်ခဲ့ကြသည့်အချိန်ကဖြစ်သည်။ မကြာသေးမီက နောက်ဆုံးပေါ်နည်းပညာဖြင့် ထိုအိုးကိုလေ့လာခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် ၎င်းအိုးထဲတွင် ရှေးအကျဆုံးဝိုင်ပြုလုပ်နည်းဆိုင်ရာ ဓာတုဗေဒအထောက်အထားကို ရှာဖွေတွေ့ရှိရသည့်အတွက် အံ့အားသင့်ခဲ့ကြသည်။
ဝိုင်၊ ဘီယာနှင့် အခြားအရက်ယမကာများကို ရှေးအချိန်ကတည်းက သောက်သုံးခဲ့ကြကြောင်းသမ္မာကျမ်းစာကလည်း ရှင်းလင်းစွာသက်သေထူသည်။ (ကမ္ဘာဦး ၂၇:၂၅; ဒေသနာ ၉:၇; နာဟုံ ၁:၁၀) အခြားအစားအစာများနည်းတူ—အရက်သောက်မည် မသောက်မည်နှင့်ပတ်သက်၍ ယေဟောဝါသည် ကျွန်ုပ်တို့အားကိုယ်ပိုင်ရွေးချယ်ခွင့် ပေးထားသည်။ ယေရှုသည် မိမိအစာနှင့်အတူဝိုင်ကို မကြာခဏသောက်သုံးခဲ့သည်။ နှစ်ခြင်းပေးသူယောဟန်မူ အရက်ယမကာကို ရှောင်ကြဉ်ခဲ့သည်။—မဿဲ ၁၁:၁၈၊ ၁၉။
သောက်ကြူးခြင်းကို သမ္မာကျမ်းစာကတားမြစ်သည်။ သောက်ကြူးခြင်းသည် ဘုရားသခင်အားဆန့်ကျင်သည့်အပြစ်ဖြစ်သည်။ (၁ ကောရိန္သု ၆:၉-၁၁) ယင်းနှင့်အညီ ယေဟောဝါသက်သေများသည် နောင်တမယူသောသောက်ကြူးသူမည်သူကိုမဆို ခရစ်ယာန်အသင်းတော်ထဲတွင် ဆက်လက်နေခွင့်မပြုပါ။ အသင်းတော်ထဲမှ အရက်ယမကာသောက်သုံးလိုသူများသည် တော်သင့်ရုံအသုံးပြုအပ်သည်။—တိတု ၂:၂၊ ၃။
ဘုရားရေးရာမဆန်သောအမြင်
ယနေ့လူအများစုမှာ အရက်ယမကာနှင့်ပတ်သက်၍ ဘုရားရေးရာအမြင်မျိုးမရှိကြပါ။ ယင်းက စာတန်သည် ရှေးကျသောဤထုတ်ကုန်အား အလွဲသုံးစားပြုခြင်းကို အားပေးနေကြောင်း သိသာစေသည်။ ဥပမာ တောင်ပစိဖိတ်မှကျွန်းတချို့တွင် ယောက်ျားများသည်စုပေါင်း၍ အိမ်တွင်ဖောက်သော ကစော်များကိုအမြောက်အမြားသောက်သည့် အလေ့အထရှိသည်။ ဤအစီအစဉ်များသည် နာရီပေါင်းများစွာကြာနိုင်၍ ယင်းကိုမကြာခဏကျင်းပကြပြီး—လူအများစုမှာ ထိုသို့နေ့စဉ်သောက်သည့်အကျင့်ရှိသည်။ အချို့က ယင်းကို ယဉ်ကျေးမှုတစ်ခုမျှသာ ယူဆကြသည်။ တစ်ခါတစ်ရံ အိမ်တွင်ပြုလုပ်သောကစော်အစား—သို့မဟုတ် ၎င်းအပြင်—ဘီယာ သို့မဟုတ် အရက်ကိုလည်း သောက်သုံးကြသည်။ အကျိုးရလဒ်မှာ မကြာခဏအရက်မူးကြခြင်းဖြစ်သည်။
ပစိဖိတ်၏ အခြားဒေသတစ်ခုတွင် ယောက်ျားများ တော်သင့်ရုံအရက်သောက်ခြင်းကို မကြားဖူးသလောက်ဖြစ်သည်။ အများအားဖြင့် သူတို့အရက်သောက်သည့်အခါ အရက်မူးဖို့သောက်ခြင်းဖြစ်သည်။ ဖြစ်တတ်သည်မှာ လခထုတ်သည့်ရက်တွင် ယောက်ျားတစ်စုသည်အုပ်စုဖွဲ့ ၍ တစ်ကာတွန်းလျှင် ၂၄ ပုလင်းပါဝင်သော ဘီယာကာတွန်းများစွာကို ဝယ်သောက်လေ့ရှိကြသည်။ ဘီယာကုန်သွားသည့်အခါမှသာ အသောက်ရပ်တော့သည်။ အကျိုးဆက်အနေနှင့် အုပ်စုလိုက်အရက်မူးခြင်းသည် လုံးဝမဆန်းတော့သည့် အရာဖြစ်သွားသည်။
အာဖရိကနိုင်ငံများ၌ ထန်းရည်ကဲ့သို့သော အချဉ်ဖောက်ထားသည့်ယမကာများနှင့် ဒေသတွင်းချက်အရက်များကို အစဉ်အလာအရသောက်သုံးကြသည်။ အချို့လူမျိုးစုထုံးစံတွင် ဧည့်သည်များကိုဧည့်ဝတ်ပြုသည့်အခါ အရက်နှင့်ဧည့်ခံရန် သတ်မှတ်ထားသည်။ ဓလေ့ထုံးစံအရ ဧည့်ဝတ်ကျေပွန်သောအိမ်ရှင်သည် သူ၏ဧည့်သည်သောက်သုံးနိုင်သည်ထက်ပို၍ ပေးထားရသည်။ ဒေသတစ်ခု၌ ဧည့်သည်တစ်ဦးလျှင် ဘီယာ ၁၂ ပုလင်းစီ ချထားပေးရသည့်ထုံးစံရှိသည်။
များစွာသောဂျပန်ကုမ္ပဏီတို့သည် သူတို့၏အလုပ်သမားများအတွက် ဘတ်စကားအပျော်ခရီးစဉ်များကို စီစဉ်ပေးထားသည်။ အရက်ယမကာများစွာ ယူဆောင်သွားပြီး သောက်စားမူးယစ်ခြင်းကိုခွင့်ပြုသည်။ ဤကုမ္ပဏီအချို့ အပျော်ခရီးထွက်ခြင်းသည် နှစ်ရက် သို့မဟုတ် သုံးရက်ကြာတတ်သည်။ အေးရှားဝိခ် မဂ္ဂဇင်းအရ ဂျပန်နိုင်ငံတွင် “လယ်သမားအစ ချမ်းသာသောနိုင်ငံရေးသမားများအဆုံး သူသောက်သုံးနိုင်သည့် အရက်ပမာဏပေါ်မူတည်၍ ယောက်ျားပီသမှုကို တိုင်းတာသည့်အစဉ်အလာရှိသည်။” အလားတူအလေ့အထများကို အခြားအာရှနိုင်ငံများ၌ တွေ့ မြင်နေရသည်။ “ယခုခေတ် တောင်ကိုရီးယားလူမျိုးတစ်ဦးသည် ကမ္ဘာ၏မည်သည့်နေရာမှမဆို အရက်သောက်သူများထက်ပို၍သောက်ကြသည်” ဟု အေးရှားဝိခ် ကဆိုသည်။
အလွန်အကျွံသောက်စားခြင်းသည် အမေရိကန်နိုင်ငံမှ ကောလိပ်နယ်မြေတွင် ပျံ့နှံ့လျက်ရှိသော အလေ့အကျင့်တစ်ခုဖြစ်လာသည်။ အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ်အရ “မိမိတို့သည်ဒုက္ခပေးသည့် အမူးသမားများဖြစ်သည်ဟု အလွန်အကျွံသောက်စားသူအများစုတို့ မယူမှတ်ကြပေ။”a ယင်းကို မအံ့သြသင့်ပါ၊ အကြောင်းမှာ နိုင်ငံများစွာတွင် လူထုဆက်သွယ်ရေးလမ်းကြောင်းများက အရက်သောက်ခြင်းကို သည်းထိတ်ရင်ဖိုစရာဖြစ်သော ခေတ်မီ၍ လူရည်လည်သောအပြုအမူအဖြစ် ကြော်ငြာပေးသောကြောင့်ဖြစ်သည်။ ဤသတင်းဖြန့်ချိမှုသည် လူငယ်များကို အထူးပစ်မှတ်ထားလေ့ရှိသည်။
ဗြိတိန်တွင် အနှစ် ၂၀ အတွင်း ဘီယာသောက်သုံးသည့် အရေအတွက်နှစ်ဆတိုးလာ၍ အပြင်းစားအရက်သောက်ခြင်းသည် သုံးဆတိုးလာသည်။ အရက်သောက်သူများသည် ယခင်သောက်သုံးသူများထက်ပိုငယ်ပြီး အရက်သောက်သည့်မိန်းမဦးရေပိုများလာသည်။ အလားတူအဖြစ်အပျက်မျိုးကို အရှေ့ဥရောပနှင့် လက်တင်အမေရိကနိုင်ငံများ၌ တွေ့ မြင်ရသည်။ အရက်နာကျခြင်းနှင့် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှုနှုန်း မြင့်တက်လာခြင်းက ယင်းကိုပေါ်လွင်စေသည်။ ရှင်းနေသည်မှာ အရက်သေစာအလွဲသုံးစားပြုခြင်းသည် ကမ္ဘာအနှံ့တိုးများလာကြောင်း ထင်ရှားသည်။
အလွန်အကြူးဟူသည် မည်မျှနည်း
အရက်ယမကာနှင့်ပတ်သက်၍ သမ္မာကျမ်းစာရှုထောင့်သည် မျှတမှုရှိသည်။ တစ်ဖက်ကကြည့်မည်ဆိုလျှင် ကျမ်းစာကဝိုင်ကို “လူတို့ကိုရွှင်လန်းစေ” သည့် ယေဟောဝါဘုရားထံမှ လက်ဆောင်တစ်ခုအဖြစ် ဖော်ပြထားသည်။ (ဆာလံ ၁၀၄:၁၊ ၁၅) အခြားတစ်ဖက်တွင်မူ၊ သောက်ကြူးခြင်းကို ပြစ်တင်ရှုတ်ချရာဝယ် “သောက်ကြူးမူးယစ်ခြင်း” ‘စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း’ ‘စပျစ်ရည်ကိုသောက်ကြူးခြင်း’ နှင့် ‘စပျစ်ရည်၌လွန်ကြူး’ ခြင်း စသည့်အသုံးအနှုန်းများကို သမ္မာကျမ်းစာကအသုံးပြုထားသည်။ (လုကာ ၂၁:၃၄၊ သမ; ၁ ပေတရု ၄:၃; ၁ တိမောသေ ၃:၈; တိတု ၂:၃) သို့ရာတွင် “စပျစ်ရည်ကိုသောက်ကြူး” ခြင်းဆိုသည်မှာ မည်မျှသောက်ခြင်းဖြစ်သနည်း။ အရက်ယမကာနှင့်ပတ်သက်သော ဘုရားရေးရာအမြင်တွင် အဘယ်အရာပါဝင်ကြောင်း ခရစ်ယာန်တစ်ဦး မည်သို့ဆုံးဖြတ်နိုင်သနည်း။
သောက်ကြူးခြင်းကို သိဖို့မခဲယဉ်းပါ။ ယင်း၏အကျိုးဆက်များကို သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထားသည်– “အဘယ်သူသည်ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည်ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူသည်မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား၊ စပျစ်ရည်ကိုကြာမြင့်စွာသောက်လျက်နေသောသူ၊ ဆေးနှင့်ရောသောစပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သောလက္ခဏာရှိကြ၏။ . . . သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သောစကားကို မြွက်ဆိုလိမ့်မည်။”—သု. ၂၃:၂၉-၃၃။
အရက်အလွန်အကြူးသောက်ခြင်းသည် စိတ်ရှုပ်ထွေးခြင်း၊ မရှိသည်ကိုအရှိဟု ထင်မှတ်မှားခြင်း၊ သတိလက်လွတ်ဖြစ်ခြင်းနှင့် စိတ်နှင့်ကိုယ်ပိုင်းဆိုင်ရာ အခြားရောဂါများကိုဖြစ်စေနိုင်သည်။ အရက်မူးနေစဉ် လူတစ်ဦးသည် သူ၏အပြုအမူကို မထိန်းချုပ်နိုင်ဘဲ သူ့ကိုယ်ကို သို့မဟုတ် အခြားသူများကို အန္တရာယ်ပေးနိုင်သည်။ အရက်သမားများသည် သရော်ဖွယ်ဖြစ်သော၊ နစ်နာစေသော သို့မဟုတ် အကျင့်စာရိတ္တယိုယွင်းသော လုပ်ရပ်တွင် ပါဝင်သူများအဖြစ် လူသိများသည်။
အထက်ဖော်ပြပါ အကျိုးဆက်များပေါ်ပေါက်သည့်အထိ အရက်သောက်ခြင်းသည် အလွန်အကြူးသောက်ခြင်း အမှန်ပင်ဖြစ်သည်။ သို့ရာတွင် လူတစ်ဦးသည် အရက်အလွန်အကြူးသောက်သည့်လက္ခဏာအားလုံးမပြဘဲလျက် ချင့်ချိန်မှုကင်းမဲ့နိုင်သည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် အရက်အလွန်အကြူးသောက်မသောက်ဆိုသည့်မေးခွန်းသည် အငြင်းပွားစရာဖြစ်လေ့ရှိသည်။ တော်ရုံသင့်ရုံသောက်ခြင်းနှင့် သောက်ကြူးခြင်းသည် မည်သို့ကွာခြားသနည်း။
သင်၏စဉ်းစားဆင်ခြင်နိုင်စွမ်းကိုကာကွယ်ပါ
သမ္မာကျမ်းစာက သွေးတွင်အရက်ပါဝင်မှုရာခိုင်နှုန်း သို့မဟုတ် အခြားအတိုင်းအတာတစ်ခုခုဖြင့် စံနှုန်းမသတ်မှတ်ပေးပါ။ အရက်ဒဏ်ခံနိုင်သည့်စွမ်းအားမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားပေမည်။ မည်သို့ပင်ဆိုစေ ကျမ်းစာမူများသည် ခရစ်ယာန်အားလုံးနှင့်သက်ဆိုင်ကာ အရက်ယမကာနှင့်ပတ်သက်သော ဘုရားရေးရာအမြင် တိုးပွားလာရန် ကျွန်ုပ်တို့ကိုကူညီနိုင်သည်။
ယေရှုပေးခဲ့သည့် ပထမပညတ်မှာ– “သင်၏ဘုရားသခင်ယေဟောဝါကို သင့်နှလုံးအကြွင်းမဲ့၊ သင့်ဝိညာဉ်စိုးလ်တစ်ခုလုံး၊ သင့်စိတ်ရှိသမျှနှင့်ချစ်” ရန်ဖြစ်သည်။ (မဿဲ ၂၂:၃၇၊ ၃၈၊ ကဘ) အရက်သည် စိတ်အာရုံကိုတိုက်ရိုက်အကျိုးသက်ရောက်စေပြီး သောက်ကြူးခြင်းသည် ဤအကြီးမြတ်ဆုံးပညတ်တော်ကိုနာခံခြင်းတွင် အတားအဆီးဖြစ်စေနိုင်သည်။ ကောင်းသောဆုံးဖြတ်ချက်၊ ပြဿနာများကိုဖြေရှင်းနိုင်သည့်စွမ်းရည်၊ ကိုယ့်ကိုကိုယ်ထိန်းချုပ်ခြင်းနှင့် အခြားအရေးကြီးသော စိတ်၏လုပ်ဆောင်ချက်များကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေးဆုံးမသည်– “ပညာရတနာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှမကွာစေဘဲ အစဉ်စောင့်ရှောက်လော့။ သို့ပြုလျှင် ထိုရတနာတို့သည် သင်၏ဝိညာဉ်၌အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေ ဖြစ်လိမ့်မည်။”—သု. ၃:၂၁၊ ၂၂။
တမန်တော်ပေါလုက “အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကိုသင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြု” ရန် ခရစ်ယာန်များကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ (ရောမ ၁၂:၁) ခရစ်ယာန်တစ်ဦးသည် သူ၏ “စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်” ကိုလက်လွတ်သည့်အထိ အရက်သောက်ပါက “ဘုရားသခင်နှစ်သက်တော်မူဖွယ်” ဖြစ်မည်လော။ အများအားဖြင့် အရက်အလွန်အကျွံသောက်သူတစ်ဦးသည် အရက်ဒဏ်ခံနိုင်စွမ်း တဖြည်းဖြည်းတိုးလာသည်။ အလွန်အကျွံသောက်ခြင်းသည်—သူ့အတွက်—သောက်ကြူးသည့်အဆင့်သို့မရောက်သေးဟု သူယူဆနိုင်သည်။ သို့သော် သူသည်အန္တရာယ်ရှိသော အရက်စွဲသူတစ်ဦးဖြစ်သွားနိုင်သည်။ ဤကဲ့သို့သောသူတစ်ဦးသည် သူ၏ကိုယ်ခန္ဓာကို “အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ” အဖြစ်တင်ဆက်နိုင်မည်လော။
ခရစ်ယာန်တစ်ဦးအနေဖြင့် သင်၏ “လက်တွေ့ကျသော ဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်” ကိုပျက်စီးစေသည့် မည်သည့်အရက်ပမာဏမဆို သင့်အတွက်များလွန်းနေပြီ။
အရက်နှင့်ပတ်သက်၍သင်၏အမြင်ကို မည်သည့်အရာကလွှမ်းမိုးသနည်း
အရက်သောက်ခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်တစ်ဦး၏သဘောထားသည် လက်ရှိအခြေအနေ သို့မဟုတ် ရိုးရာဓလေ့များ၏ ဩဇာလွှမ်းမိုးခံရခြင်းရှိမရှိ ဝေဖန်သင့်သည်။ အရက်ယမကာနှင့်ပတ်သက်လာသည့်အခါ ယဉ်ကျေးမှုအရ သို့မဟုတ် လူထုဆက်သွယ်ရေးသတင်းဖြန့်ချိမှုပေါ်မူတည်၍ ရွေးချယ်မှုပြုရန် သင်လုံးဝလိုလားမည်မဟုတ်ပေ။ သင့်ကိုယ်ပိုင်သဘောထားကို ဝေဖန်ရာတွင် သင့်ကိုယ်သင်ဤသို့မေးပါ၊ “အရက်နှင့်ပတ်သက်သည့်ကျွန်ုပ်၏သဘောထားကို လူအများလက်ခံသည့်အချက်ဖြင့် ဩဇာလွှမ်းမိုးထားသလော။ သို့မဟုတ် ကျွန်ုပ်၏သောက်စားမှုကို ကျမ်းစာမူများဖြင့် ထိန်းထားသလော။”
ယေဟောဝါသက်သေများသည် ဓလေ့ထုံးတမ်းကို ဆန့်ကျင်သူများမဟုတ်သော်လည်း ယနေ့ နေရာအနှံ့အပြား၌လက်ခံသည့် အကျင့်ဓလေ့အများစုကို ယေဟောဝါမနှစ်သက်ကြောင်း သူတို့နားလည်ကြသည်။ လူ့အသိုင်းအဝိုင်းအချို့တို့က ကလေးဖျက်ချခြင်း၊ သွေးသွင်းခြင်း၊ လိင်တူဆက်ဆံခြင်း သို့မဟုတ် လင်ပြိုင် မယားပြိုင်ထားသည့်ဓလေ့တို့ကို အရေးမယူခွင့်ပြုသည်။ သို့သော်လည်း ခရစ်ယာန်များသည် ဤအရာများကို ဘုရားရေးရာအမြင်နှင့်အညီ ပြုမူနေထိုင်ကြသည်။ မှန်ပါသည်၊ ၎င်းတို့ကို ယဉ်ကျေးမှုအရလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ခရစ်ယာန်တစ်ဦးသည် ဤကဲ့သို့သော အကျင့်ဓလေ့များကိုမုန်းတီးဖို့ ဘုရားရေးရာအမြင်ကလှုံ့ဆော်ပေးမည်။—ဆာလံ ၉၇:၁၀။
သမ္မာကျမ်းစာက “စပျစ်ရည်နှင့်ယစ်မူးခြင်း” နှင့် “သောက်ကြူးခြင်း” တို့ပါဝင်သည့် “သာသနာပလူတို့၏အလို” အကြောင်းဖော်ပြထားသည်။ “သောက်ကြူးခြင်း” ဟူသည့်စကားရပ်က အရက်များစွာသောက်ဖို့ အထူးရည်ရွယ်ချက်ဖြင့်စုရုံးခြင်းဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။ ကျမ်းစာခေတ်က မမူးဘဲအရက်များစွာသောက်နိုင်သည်ကို အရည်အချင်းတစ်ခုအနေနှင့်ဂုဏ်ယူကြသူ အချို့တို့က အခြားသူများထက်ပိုသောက်ဖို့ကြိုးစားခြင်း သို့မဟုတ် မည်သူအများဆုံးသောက်နိုင်သည်ကို ကြည့်ဖို့ကြိုးစားခဲ့ကြပုံပေါက်သည်။ နောင်တယူပြီးသောခရစ်ယာန်များဘယ်သောအခါမျှပါဝင်မည်မဟုတ်သည့် ဤကဲ့သို့သောအပြုအမူမျိုးကို တမန်တော်ပေတရုက “ကာမဂုဏ်၌လွန်ကျူးညစ်ညူး” ခြင်းအဖြစ်ဖော်ပြထားသည်။—၁ ပေတရု ၄:၃၊ ၄။
ခရစ်ယာန်တစ်ဦးသည် အရက်မမူးသေးသ၍ အဘယ်နေရာတွင်၊ အဘယ်အချိန်တွင် သို့မဟုတ် မည်မျှအတိုင်းအတာဖြင့်သောက်စေကာမူ အမှန်ပင်အရေးကြီးမည်မဟုတ်ဟူသည့် အမြင်ကိုလက်ခံကျင့်သုံးခြင်းသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ပါသလော။ ယင်းသည် ဘုရားရေးရာအမြင်ဖြစ်သလောဟု ကျွန်ုပ်တို့မေးနိုင်သည်။ သမ္မာကျမ်းစာကဤသို့ဆိုသည်– “သင်တို့သည်စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။” (၁ ကောရိန္သု ၁၀:၃၁) လူရှေ့သူရှေ့ အရက်များစွာသောက်ရန်စုရုံးသည့် လူတစ်စုသည် အားလုံးအရက်မူးချင်မှမူးမည်ဖြစ်သော်လည်း သူတို့၏အပြုအမူက ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေမည်လော။ သမ္မာကျမ်းစာက ဤသို့သတိပေးဆုံးမသည်– “သင်တို့သည်လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။”—ရောမ ၁၂:၂။
အခြားသူများအား ထိမိ၍လဲစေခြင်းကိုရှောင်
စိတ်ဝင်စားစရာကား၊ သောက်ကြူးသူတစ်ဦးက မိမိသည် ဘုရားသခင်၏လူတစ်ဦးဖြစ်သည်ဟုပြောလာသောအခါ သောက်ကြူးခြင်းကို သည်းခံခွင့်ပြုသည်ဆိုသောယဉ်ကျေးမှုအသိုင်းအဝိုင်းများကပင် ယင်းကို မကြာခဏနှာခေါင်းရှုံ့တတ်ကြသည်။ တောင်ပစိဖိတ်ရှိ ရပ်ကွက်ငယ်တစ်ခုမှ တွေ့မြင်သူတစ်ဦးက ဤသို့ဆိုသည်– “ခင်ဗျားတို့လူတွေကို ကျွန်တော်လေးစားပါတယ်။ ခင်ဗျားတို့ဟာ သမ္မာတရားကိုဟောပြောကြတယ်။ ဒါပေမဲ့ ပြောစရာက ခင်ဗျားတို့လူတွေဟာ အရက်အရမ်းသောက်ကြတယ်။” သတင်းအရ၊ တစ်ဦးချင်းအနေနှင့်မမူးကြသော်လည်း ယင်းအချက်သည် ပတ်ဝန်းကျင်ရှိလူအများရှေ့ မထင်ရှားပါ။ သောက်စားသည့်ဝိုင်းများတွင်ပါဝင်သည့် အခြားသူအများစုကဲ့သို့ သက်သေခံများလည်းမူးကြသည်ဟုသာ တွေ့ မြင်သူများက လွယ်ကူစွာကောက်ချက်ချနိုင်သည်။ ကြာရှည်စွာသောက်စားသည့်ဝိုင်းများတွင် ပါဝင်သည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးသည် နာမည်ကောင်းကိုထိန်းသိမ်း၍ ရဲရင့်စွာဟောပြောခြင်းဖြင့် သူ၏လူထုရှေ့ဓမ္မအမှုကို ပြီးမြောက်နိုင်မည်လော။—တမန်တော် ၂၈:၃၁။
တစ်ခါတစ်ရံ အချို့ညီအစ်ကို၊ ညီအစ်မများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ စူးရှသောအရက်နံ့ဖြင့် ရောက်ရှိလာကြကြောင်း ဥရောပနိုင်ငံတစ်နိုင်ငံမှ သတင်းကဖော်ပြသည်။ ယင်းက အခြားသူများ၏သြတ္တပ္ပစိတ်ကို အနှောင့်အယှက်ဖြစ်စေသည်။ သမ္မာကျမ်းစာက ဤသို့သတိပေးဆုံးမသည်– “အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းမှစ၍၊ ညီအစ်ကိုထိမိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကိုရှောင်အပ်၏။” (ရောမ ၁၄:၂၁) အရက်ယမကာနှင့်ပတ်သက်၍ ဘုရားရေးရာအမြင်က ရင့်ကျက်သောခရစ်ယာန်တစ်ဦးအား အချို့အခြေအနေအောက်တွင် အရက်မသောက်ဘဲနေသည့်အထိ အခြားသူများ၏သြတ္တပ္ပစိတ်ကို အကင်းပါးစွာသိရှိဖို့အတွက် တိုက်တွန်းပေးပါလိမ့်မည်။
ခရစ်ယာန်များ သိသိသာသာကွာခြားကြ
ဝမ်းနည်းဖွယ်မှာ၊ အရက်ယမကာအပါအဝင် လူသားတို့အားကိုယ်တော်ပေးထားသည့် ကောင်းမြတ်သည့်အရာများကို အလွဲသုံးစားခြင်းဖြင့် ဤလောကသည် ယေဟောဝါကိုဆန့်ကျင်ခဲ့ကြပြီ။ ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တစ်ဦးစီအနေနှင့် ခေတ်စားနေသော ဘုရားရေးရာမဆန်သည့်အမြင်များကို ရှောင်ရန်ကြိုးစားသင့်သည်။ ဤနည်းအားဖြင့်၊ လူတို့သည် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိ” နိုင်လိမ့်မည်။—မာလခိ ၃:၁၈။
အရက်ယမကာနှင့်ပတ်သက်လာသည့်အခါ ယေဟောဝါသက်သေများနှင့်လောက၏ ကွဲပြားခြားနားချက်သည် သိသိသာသာဖြစ်သင့်သည်။ အရက်ယမကာသောက်သုံးခြင်းသည် စစ်မှန်သောခရစ်ယာန်များ၏ ဘဝအသက်တာတွင် အဓိကအချက်မဖြစ်သင့်ပါ။ သူတို့သည် သောက်ကြူးသည့်အထိ အန္တရာယ်ရှိလာစေသော အရက်ဒဏ်ခံနိုင်သည့်အတိုင်းအတာကို စမ်းသပ်ခြင်းမပြုကြသကဲ့သို့ အရက်ယမကာကြောင့် စိတ်နှလုံးအကြွင်းမဲ့နှင့် ကြည်လင်သောစိတ်နှလုံးဖြင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်းကို ထိခိုက်စေရန် သို့မဟုတ် တစ်နည်းနည်းဖြင့်အနှောင့်အယှက်ဖြစ်ရန် ခွင့်မပြုကြပေ။
အုပ်စုတစ်စုအနေနှင့်၊ ယေဟောဝါသက်သေများသည် အရက်ယမကာနှင့်ပတ်သက်၍ ဘုရားရေးရာအမြင်ရှိကြသည်။ အသင်ကော၊ မည်သို့နည်း။ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် “ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကိုပယ်ရှားလျက်၊ ယခုဘဝ၌ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကိုပြုနေရမည်” ဟူသည့်ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာစဉ် ယေဟောဝါ၏ကောင်းချီးများကို စိတ်ချမျှော်လင့်နိုင်သည်။—တိတု ၂:၁၂။
[အောက်ခြေမှတ်ချက်များ]
a အလွန်အကျွံသောက်စားခြင်းကို ယောက်ျားများအတွက် ငါးခွက်နှင့်အထက် မိန်းမများအတွက်လေးခွက် သို့မဟုတ် ယင်းထက်ပိုသည့်အရက်များကို ဆက်တိုက်သောက်သုံးခြင်းအဖြစ် အနက်ဖွင့်ထားသည်။—အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ်။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင်ချစ်မြတ်နိုးသူများ၏စကားကိုနားထောင်ပါ
ချင့်ချိန်မှုမရှိသည့်သောက်စားသူတစ်ဦးသည် မိမိ၌ပြဿနာရှိကြောင်း နောက်ဆုံးမှသိရသည့်သူတစ်ဦးဖြစ်လေ့ရှိသည်။ ချင့်ချိန်မှုမရှိသည့် ချစ်မြတ်နိုးရသူတစ်ဦးကိုအကူအညီပေးရန် ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ခရစ်ယာန်အကြီးအကဲများ မတုံ့ဆိုင်းသင့်ပါ။ တစ်ဖက်တွင်မူ၊ ချစ်မြတ်နိုးသူများက သင်၏အရက်သောက်သည့်အကျင့်ကြောင့် ကသိကအောက်ဖြစ်ကြောင်း ဖော်ပြပါက ၎င်းအတွက် သူတို့၌ သင့်လျော်သောအကြောင်းကောင်းများရှိနိုင်သည်။ သူတို့ပြောသည့်အရာများကို စဉ်းစားဆင်ခြင်ပါ။—သု. ၁၉:၂၀; ၂၇:၆။