‘မိမိအိမ်သူအိမ်သားများကို ထောက်ပံ့ခြင်း’—ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
“မိမိလူတို့ကိုမပြုစု ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။” ထိုသို့ပင် တမန်တော်ပေါလုဆိုသည်။ (၁ တိမောသေ ၅:၈) ကြွယ်ဝသောနိုင်ငံများတွင် မိသားစုတစ်စုကို မွေးမြူပျိုးထောင်ရေးသည် အခက်အခဲတိုးများလာသည်ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံတွင် ဤသို့မွေးမြူပျိုးထောင်ရေးသည် သာ၍ပင်မရှူနိုင်မကယ်နိုင်သော စိန်ခေါ်ချက်ဖြစ်လေ့ရှိသည်။
ဥပမာ အာဖရိကတွင် စီးပွားရေးအကျပ်အတည်းဟူသည် မဆန်းတော့သည့်ဖြစ်မြဲကိစ္စဖြစ်လေ့ရှိသည်။ အလုပ်အကိုင် ရှားပါးလှပြီး ရပြန်လျှင်လည်း စားရရုံလေးအတွက် လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ဖို့ လိုအပ်ပေမည်။ အိမ်ထောင်ဦးစီးများသည် အလုပ်ရဖို့အရေး လနှင့်နှစ်နှင့်ချီ၍ မိမိတို့၏အိမ်ထောင်ဖက်နှင့် သားသမီးများကိုချည်းထားရစ်ကာ ဝေးလံသောအရပ်သို့ ခရီးနှင်ရပေမည်။ နေရာထိုင်ခင်း အလုံအလောက်ရဖို့လည်း ခက်ခဲလှသည်။ အာဖရိကန်မိသားစုများစွာသည် မိသားစုကြီးများဖြစ်သည်; ထို့ကြောင့် လူနေရပ်ကွက်များသည် အခြေခံကျသော နှစ်လိုဖွယ်ရာများကင်းမဲ့ပြီး ပြွတ်သိပ်ကျပ်ညှပ်လာတော့သည်။ ကျန်းမာရေးမညီသည့်အခြေအနေများက လွှမ်းမိုးထားလေ့ရှိသည်။
ထို့အပြင် ဒေသထုံးစံများ၊ နှစ်ရှည်လများတည်ရှိလာသည့် ရိုးရာထုံးတမ်းများနှင့် ရေပန်းစားနေသော သဘောထားများသည် ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာ၏သဘောနှင့် တစ်လွဲစီဖြစ်နေပေမည်။ အိမ်ထောင်ရေး၊ သားသမီးတို့နှင့်ပတ်သက်၍ လွှမ်းမိုးနေသောသဘောထားတချို့ကို သုံးသပ်ကြည့်ကြစို့။ အချို့အိမ်ထောင်ဦးစီးများက မိမိတို့သည် အိမ်လခပေးရေးနှင့် မတတ်သာသည့်အဆုံးကျောင်းလခပေးရေးတာဝန်သာရှိသည်ဟု ယူဆထားကြသည်။ စားရေး၊ ဝတ်ရေးကဲ့သို့သော အခြေခံကျသည့်အရာများထောက်ပံ့ပေးရသည့်အလုပ်ကို သူတို့၏ဇနီးသည်များနှင့်—တစ်ခါတစ်ရံ သားသမီးအကြီးများနှင့်ပင်—ပစ်ထားလိုက်သည်။
ထို့အပြင် လင်ယောက်ျားအချို့က “ငါ့ငွေဟာ ငါ့ငွေပဲ၊ မင်းငွေလည်း ငါ့ငွေပဲ” ဟူသည့် အချိုးမျိုးရှိကြသည်။ ယင်းသည် ဝင်ငွေရှိသောဇနီးသည်များကို မခံချိမခံသာဖြစ်ရန် ဆွပေးလေ့ရှိသည်။ တန်ဇန်းနီးယားအမျိုးသမီးတစ်ဦးက “ငွေတွေဟာ ကျွန်မတို့သုံးလို့ ဒါမှမဟုတ် သားသမီးတွေသုံးလို့ကုန်တာမဟုတ်ဘဲ သောက်ပစ်လို့ ကုန်သွားတာ။ ကျွန်မတို့ အတူတူအလုပ်လုပ်တယ်၊ ပိုတောင်လုပ်ရပေမဲ့လည်း ငွေတွေအားလုံးယူပစ်လိုက်ပြီး အဲ့ဒါသူရဲ့ငွေတွေ—သူရှာထားတာလို့ပြောတော့တာပဲရှင်” ဟု ညည်းတွားခဲ့သည်။
သို့သော် ခရစ်ယာန်များမူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဒေသထုံးစံ သို့မဟုတ် ရေပန်းစားနေသောအယူအဆထက် အလေးထားကြသည်။ ကျမ်းစာက မိမိ၏မိသားစုကို ကျွေးမွေးပြုစုရေးကိစ္စတွင် အကူအညီဖြစ်စေသော ညွှန်ကြားချက်ကို ပေးထားသည်။ ဥပမာ ယင်းက “သားသမီးတို့သည် မိဘအတွက် ဥစ္စာကို ဆည်းပူးရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းပူးရ၏” ဟုဆိုထားသည်။ (၂ ကောရိန္သု ၁၂:၁၄) ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့သောအလုပ်လုပ်နိုင်သည့် အမျိုးသားများသည် အပျင်းထူသောကြောင့် မိသားစု စားရေးဝတ်ရေးအတွက်ထောက်ပံ့ပေးရန် မိမိတို့ဇနီးသည်များ၊ သားသမီးအကြီးများနှင့် ပစ်မထားကြပါ; ထိုတာဝန်သည် အိမ်ထောင်ဦးစီး၏ပခုံးပေါ်တွင် တိုက်ရိုက်ကျရောက်ပါသည်။—၁ ကောရိန္သု ၁၁:၃။
လင်သားတစ်ဦး၏ဝင်ငွေသည် မိသားစု၏လိုအပ်ချက်အရပ်ရပ်အတွက် မဖူလုံဘဲဖြစ်နိုင်သည်မှာအမှန်ပင်။ သို့သော် မိမိဇနီးသည်က အပြင်ဝင်ငွေရှာမည်ဆိုလျှင် ခရစ်ယာန်အမျိုးသားတစ်ဦးသည် မခံချိမခံသာဖြစ်မည်မဟုတ်ပါ။ ယင်းသို့ဖြစ်မည်အစား သူသည် သူမကို လေးစားရပါသော “ခင်ပွန်း” အဖြစ် သဘောထားဆက်ဆံမည်။ (မာလခိ ၂:၁၄) ထို့ကြောင့် သူသည် ပင်ပင်ပန်းပန်းနှင့်သူမရှာထားသောငွေကို မညှာအတာယူသွားမည်မဟုတ်သလို သူမ၏ခံစားချက်ကို အလေးမထားဘဲ ဖြုန်းတီးပစ်မည်လည်းမဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်လျက် သူနှင့်သူ့ဇနီးတို့သည် ‘အတူတူဆွေးနွေး’ ကာ မိမိတို့၏ရန်ပုံငွေအား မိသားတစ်စုလုံး၏အကျိုးအတွက် အကောင်းဆုံးမည်သို့အသုံးပြုနိုင်ပုံကို ဆုံးဖြတ်မည်ဖြစ်သည်။ (သု. ၁၃:၁၀၊ ကဘ) ဖြစ်နိုင်သည့်ကဏ္ဍများတွင် ကျမ်းစာခေတ်က “အရည်အချင်းပြည့်စုံသောဇနီး” ကိုပေးထားသကဲ့သို့ လင်ယောက်ျားတစ်ဦးသည် မိမိဇနီးဖြစ်သူအား အတော်အတန်လွတ်လပ်စွာငွေကြေးစီမံခွင့်ကိုပင် ပေးထားသည်။ (သု. ၃၁:၁၀၊ ၁၁၊ ၁၆၊ ကဘ) ဤကိစ္စများတွင် ကျမ်းစာသြဝါဒကို လိုက်နာခြင်းသည် မိသားစုပျော်ရွှင်မှုနှင့် ရောင့်ရဲမှုကို မြေတောင်မြှောက်ပေးသည်။
အလုပ်လက်မဲ့စိန်ခေါ်ချက်များကို ရင်ဆိုင်ခြင်း
အလုပ်လက်မဲ့ပြဿနာကို သုံးသပ်ကြည့်ပါ။ အလုပ်အကိုင်ပါးပြီး လုပ်ခနည်းသောအခါ အာဖရိကန်အိမ်ထောင်ဦးစီးများစွာသည် အိမ်မှဝေးသော—သတ္တုတွင်းများ၊ စက်ရုံများ၊ ယာခင်းများနှင့် စိုက်ခင်းခြံများတွင် အလုပ်ရှာခဲ့ကြသည်။ ခရစ်ယာန်တစ်ဦးသည် ဤအခြေအနေရောက်နေလျှင် မိမိသည် ဝတ်ပြုသူချင်းများနှင့် တသီးတခြားဖြစ်နေကြောင်းနှင့် အလွန်ဆိုးသောအပေါင်းအသင်းများ၏အန္တရာယ် သင့်ရောက်မည့်အခြေအနေတွင်ရှိနေကြောင်းတွေ့ရှိရပေမည်။ (သု. ၁၈:၁; ၁ ကောရိန္သု ၁၅:၃၃) မိမိ၏မိသားစုက ထိုအခြေအနေကို အတတ်နိုင်ဆုံးကောင်းအောင် ကိုင်တွယ်ပါသော်လည်း အိမ်တွင် ဝိညာဉ်ရေးအရနှင့် ဦးဆောင်ဦးရွက်ပြုဖို့ သို့မဟုတ် စိတ္တရေးအရထောက်မမှုပေးဖို့ ဖခင်မရှိသည့်အတွက်ကြောင့် သူတို့ဒုက္ခရောက်ရဖွယ်ရှိသည်။ အိမ်တွင်ကြာရှည်မရှိသောကြောင့် ခုတ်ရာတခြား ရှရာတလွဲဖြစ်ကာ တားဆီးကာကွယ်မည်ဟုစိတ်ကူးထားသည့် ငွေကြေးအခက်အခဲသာပြန်တွေ့ရဖွယ်ရှိသည်။
မိခင်တစ်ဦး ဤသို့ဆိုသည်– “ကျွန်မရဲ့ယောက်ျား ရွှေတူးသွားတယ်။ တစ်လ အများဆုံးနှစ်လကြာရင် ပြန်လာဖို့သူ စီစဉ်တယ်။ အခါလည်သွားပြီလေ! ကျွန်မဟာ ကျွေးမွေးပြုစုရမဲ့ သားသမီးခြောက်ယောက်နဲ့ပစ်ထားခံရတယ်။ အိမ်လခ ပေးရမယ်။ ကျွန်မရဲ့ကျန်းမာရေးက မကောင်းတဲ့အတွက် ဆေးဖိုးဝါးခပေးရမယ်။ အဝတ်အစားတွေလိုပြီး နေ့စဉ်စားရမယ်လေ။ ကျွန်မက အလုပ်မရှိ အကိုင်မရှိ။ ကသီလှပါတယ်ရှင်။ အခက်ဆုံးအပိုင်းကတော့ သားသမီးတွေကို ဝိညာဉ်ရေးဘက် ဂရုစိုက်ပြုစုပေးခြင်းဖြစ်တဲ့ မိသားစုလေ့လာမှု၊ အစည်းအဝေးတွေနဲ့ ဟောပြောခြင်းလုပ်ငန်းဖြစ်တယ်။ ယေဟောဝါရဲ့ထောက်မမှုနဲ့ တစ်နည်းနည်းနဲ့တော့ ရုန်းကန်သွားနိုင်ပါတယ်။”
အချို့သောမိခင်များပင် အလုပ်လုပ်နိုင်ရန် မိမိတို့၏မိသားစုကို လနှင့်ချီ ပြီး မလွဲသာမရှောင်သာ ထားရစ်သွားရဖို့ရှိသည်ဟု ခံစားကြရသည်။ အချို့သူများသည် နယ်လှည့်ကုန်သည်များအနေနှင့် အသက်မွေးကြရပြီး အိမ်တွင် မြင်ရခဲသည်။ ထို့ကြောင့် သားသမီးအကြီးတို့သည် မိဘတာဝန်နှင့် စားရေးသောက်ရေး၊ အိမ်မှုကိစ္စ၊ မိမိအောက်ငယ်သော ညီ၊ ညီအစ်မလေးတို့ကို ဆိုဆုံးမရေးကိုပင် မဖြစ်မနေတာဝန်ယူလိုက်ရတော့သည်။ ဝိညာဉ်ရေးလုပ်ဆောင်မှုများတွင်ပါဝင်ခြင်းမှာ ထိခိုက်လာတော့သည်။ မှန်ပါသည်၊ ဤမိသားစုသည် အကြီးအကျယ်ရုန်းကန်ရနိုင်သည်!
စီးပွားရေးအခြေအနေက အလွန်ကျပ်တည်းလာသောအခါ မိဘတစ်ဦးသည် မိမိ၏မိသားစုကိုထောက်ပံ့ဖို့အတွက် အဝေးတွင် အလုပ်သွားရှာရန်မှတစ်ပါး အခြားနည်းလမ်းမရှိဘဲဖြစ်နိုင်သည်။ ကျမ်းစာခေတ်တွင် ယာကုပ်၏သားတို့သည် အီဂျစ်ပြည်တွင် အစားအစာသွားယူနိုင်ဖို့အတွက် မိမိတို့၏မိသားစုတို့ကို ထားရစ်ခဲ့ရကြောင်း ထင်ရှားသည်။ (ကမ္ဘာဦး ၄၂:၁-၅) ထို့ကြောင့် ယနေ့တွင်လည်း အလားတူအခြေအနေများ ပေါ်ပေါက်လာသောအခါ အိမ်ထောင်ဦးစီးဖြစ်သူများသည် ဝေးလံသည့်အရပ်တွင် အလုပ်လုပ်၍ရသော ငွေကြေးအကျိုးအမြတ်အစုစုနှင့် ကြာရှည်စွာခွဲနေခြင်းကြောင့်ရလာနိုင်သည့် ဝိညာဏနှင့်စိတ္တရေးထိခိုက်ဖျက်ဆီးမှုတို့ကို ချင့်တွက်ရမည်။ မိသားစုများစွာသည် အချိန်အကြာကြီးခွဲနေမည့်အစား စီးပွားရေးအကျပ်အတည်းကို ကြံ့ကြံ့ခံရပ်တည်ဖို့ရွေးကြသည်။ သူတို့သည် ၁ တိမောသေ ၆:၈ တွင်တွေ့ရသည့် “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဟူသည့် ပေါလု၏စကားများကို စိတ်စွဲမှတ်ထားကြသည်။—သု. ၁၅:၁၇ နှိုင်းယှဉ်။
ခရီးထွက်စရာမလိုသည့် အခြားလုပ်ငန်းများ ရှိလေ့ရှိသည်။ စတင်ကြံဆတီထွင်လုပ်ပြကာ အချို့သူများသည် အသုံးဝင်သောလုပ်ငန်းများa ကို စီမံပေးခြင်းဖြင့် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြသည်။ (သု. ၃၁:၂၄ နှိုင်းယှဉ်။) သို့မဟုတ် ယင်းသို့သွားစရာမလိုခြင်းမှာ အခြားသူများအမြင်တွင် အောက်တန်းကျသည့် နိမ့်ကျသောအလုပ်များကို လက်ခံလိုက်ခြင်းကြောင့် ဖြစ်ပေမည်။ (ဧဖက် ၄:၂၈) တမန်တော်ပေါလုကိုယ်တိုင် အခြားသူများအတွက် ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် “ပင်ပန်းစွာကြိုးစားအားထုတ်၍ နေ့ညမပြတ်လုပ်ဆောင်” ခဲ့သည်။ (၂ သက်သာလောနိတ် ၃:၈) ယနေ့ခရစ်ယာန်အမျိုးသားများလည်း ဤနမူနာကို လိုက်နိုင်သည်။
ကျောင်းပညာသင်ကြားရေးပြဿနာများ
နောက်ပြဿနာတစ်ခုမှာ ကျောင်းပညာသင်ကြားရေးနှင့် ပတ်သက်သည်။ ဝေးလံသောအချို့ဒေသများတွင် မိဘဖြစ်သူများသည် မိမိတို့၏ရင်သွေးများ အလုံအလောက်ကျောင်းပညာသင်ကြားခွင့်ရစေရန် သားသမီးများကို အဝေးတွင် နှစ်ရှည်လများ ဆွေမျိုးဉာတိများထံ ပို့ထားကြခြင်းမှာသမားရိုးကျဖြစ်နေပြီ။ သူတို့၏မိဘများနှင့်ခွဲနေရသော အဆိုပါသားသမီးများသည် အစည်းအဝေးများတက်ခြင်း သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ခြင်းတို့တွင် အခက်တွေ့ရကြလေ့ရှိသည်။ သူတို့ခမျာ လိုအပ်သော ပဲ့ပြင်ဆုံးမမှုကို မခံရဘဲဖြစ်ရာ မကောင်းသောအပေါင်းအသင်းများ၏အမဲကောင်ဘဝ အလွယ်တကူရောက်သွားကြရရှာသည်။ ရလဒ်အနေနှင့် များစွာသောသူများသည် ခရစ်ယာန်အသက်လမ်းကို ကျောခိုင်းထွက်ခွာသွားခဲ့ကြသည်။
လောကီပညာရေးသည် အကျိုးကျေးဇူးများ ရရှိစေသည်မှာ ငြင်းဆိုဖွယ်ရာမရှိပါ။ သို့သော် ကျမ်းစာက ဝိညာဏပညာရေးကို သာ၍တန်ဖိုးထားပြီး ဘုရားသခင်သည် အဆိုပါပို့ချချက်ပေးဖို့တာဝန်ကို မိဘများအား ပေးထားတော်မူသည်။ (တရားဟောရာ ၁၁:၁၈၊ ၁၉; သု. ၃:၁၃၊ ၁၄) သို့သော် သားသမီးတစ်ယောက်ကို အချိန်ကြာညောင်းစွာ အဝေးတွင်ပို့ထားခြင်းသည် “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” သူ့အား မွေးမြူဖို့မိဘတို့၏ကြိုးစားအားထုတ်မှုများကို အခြေပျက်သွားစေနိုင်သည်။—ဧဖက် ၆:၄၊ ကဘ။b
ပညာရေးအတွက် ဒေသခံအခွင့်အလမ်းသည် မလုံလောက်ပါဟု ယူဆသောအခါ မိဘဖြစ်သူများသည် အခြေခံစွမ်းရည်များကို မိမိတို့သားသမီးများအား မိမိတို့ကိုယ်တိုင်သင်ကြားပို့ချပေးရန်မှတစ်ပါး ရွေးစရာမရှိဘဲဖြစ်နိုင်သည်။ “မြင့်မြတ်သောသွန်သင်ရှင်” ဖြစ်တော်မူသော ယေဟောဝါရှင်ကလည်း အကူအညီပေးထားတော်မူသည်။ (ဟေရှာယ ၃၀:၂၀၊ ကဘ) ယေဟောဝါသက်သေတို့၏ဒေသခံအသင်းတော်များသည် ပညာပေးရေးဆိုင်ရာအစီအစဉ်များစွာကို စီစဉ်ပေးသည်။ အသင်းတော်များစွာသည် အရေးအဖတ်သင်တန်းများကို ပို့ချပေးသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် ကလေး၏စာဖတ်စွမ်းရည်နှင့် ရှင်းရှင်းလင်းလင်းပြောဆိုမှုကို ထက်မြက်စေနိုင်သည့် အလားတူအထောက်အကူပြု အစီအစဉ်တစ်ရပ်ဖြစ်သည်။
သားသမီးမွေးဖွားခြင်းနှင့်ပတ်သက်သည့် မျှတသောအမြင်
သားသမီးများအား ထောက်ပံ့ပေးရေးသည် မိသားစုများသောအခါတွင် အထူးသဖြင့် ခက်ခဲနိုင်သည်။ အာဖရိကန်လူမျိုးမိဘများက မိမိတို့သည် သားသမီးများကို ချစ်ကြကြောင်း တဖွဖွပြောကြသည်; ထို့ကြောင့် မွေးနိုင်သလောက် အတတ်နိုင်ဆုံးမွေးကြလေသည်! သားသမီးများသည် စီးပွားရေးစွမ်းပကားအဖြစ် ရှုမြင်ခံရသော်လည်း မိဘများစွာသည် သူတို့တစ်အုံတစ်မကြီးကို ဖူဖူလုံလုံမထောက်ပံ့နိုင်ကြပါ။
ကျမ်းစာက “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်” ကြောင်း ပြောထားသည်မှာ မှန်ပါသည်။ (ဆာလံ ၁၂၇:၃) သို့သော် ဤစကားများကို ဣသရေလနိုင်ငံတွင် အခြေအနေကောင်းသောကာလအတွင်း ရေးသားခဲ့ကြောင်းမှတ်သားပါ။ နောက်ပိုင်းတွင် ပြင်းထန်သည့်အငတ်ဘေးနှင့် စစ်ဘေးတို့ကြောင့် သားသမီးမွေးဖွားခြင်းသည် အကြီးအကျယ်ဒုက္ခရောက်ခဲ့သည်။ (ယေရမိမြည်တမ်းစကား ၂:၁၁၊ ၂၀; ၄:၁၀) ဖွံ့ဖြိုးဆဲနိုင်ငံအများတွင် ကြုံနေရဆဲဖြစ်သည့် ခက်ခဲသောအခြေအနေကြောင့် တာဝန်ရှိသောခရစ်ယာန်များသည် သားသမီးမည်မျှကို မိမိတို့အမှန်တကယ် ကျွေးနိုင်၊ အဝတ်အစားဆင်နိုင်၊ နေရာထိုင်ခင်းစီစဉ်ပေးနိုင်ပြီး လေ့ကျင့်ပေးနိုင်မည်ကို အလေးအနက်စဉ်းစားသင့်သည်။ မောင်နှံစုံများစွာသည် အကုန်အကျကိုတွက်ချက်ကာ ရိုးရာထုံးတမ်းအတိုင်းမလိုက်ဘဲ သူတို့တွင်ရှိရမည့်သားသမီးအရေအတွက်ကို ကန့်သတ်ခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ကြသည်။c—လုကာ ၁၄:၂၈ နှိုင်းယှဉ်။
ဤအချိန်သည် “ခဲယဉ်းသောကာလဖြစ်” နေသည်မှာ ရှင်းပါသည်။ (၂ တိမောသေ ၃:၁-၅) ဤအစီအစဉ်စနစ်သည် ရှောင်လွဲ၍မရသော ယင်း၏အဆုံးသို့ ထိုးစိုက်ကျလာသည်နှင့်အမျှ ဖွံ့ဖြိုးဆဲနိုင်ငံများရှိမိသားစုများအပေါ်တွင်ကျရောက်သောဖိစီးမှုများသည် တိုးပွားလာမည်မှာ မလွဲဧကန်ပင်။ သို့သော် အိမ်ထောင်ဦးစီးများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မူများကို ထက်ကြပ်မကွာလိုက်ခြင်းအားဖြင့် မိမိတို့မိသားစု၏ ကာယရေးနှင့် ဝိညာဉ်ရေးလိုအပ်ချက် နှစ်တန်စလုံးကို စောင့်ရှောက်ပြုစုရာတွင် အောင်မြင်နိုင်ပါသည်။ အကြောင်းမှာ ယေဟောဝါရှင်က ကိုယ်တော်၏အမှုတော်ကို သစ္စာရှိရှိထမ်းရွက်သူများအား “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား” ဟုကတိပေးထားတော်မူသောကြောင့်တည်း။ (ဟေဗြဲ ၁၃:၅) မှန်ပါသည်၊ နွမ်းပါးသောနိုင်ငံများတွင်ပင် ခရစ်ယာန်များသည် မိမိတို့အိမ်သူအိမ်သားများအတွက် ထောက်ပံ့ရေးစိန်ခေါ်ချက်ကို အောင်မြင်စွာရင်ဆိုင်နိုင်ပါသည်!
[အောက်ခြေမှတ်ချက်များ]
a ကျွန်ုပ်တို့၏လက်စွဲဂျာနယ်ဖြစ်သော နိုးလော့! အောက်တိုဘာ ၂၂ ရက်၊ ၁၉၉၄ ခုနှစ်ထုတ် [လိပ်] ပါ “ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင်များဖန်တီးခြင်း” ဆောင်းပါးကို ရှု။
b ထပ်ဆင့်အသေးစိတ်အချက်အလက်များအတွက် ဩဂုတ်လ ၁၅၊ ၁၉၈၂ ကင်းမျှော်စင် [လိပ်] ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” တွင်ရှု။
c အထောက်အကူဖြစ်စေသောအချက်အလက်များကို ဖေဖော်ဝါရီ ၂၂၊ ၁၉၉၃ နိုးလော့! [လိပ်] တွင်တွေ့ရသည့် “မိသားစုစီမံကိန်း—ကမ္ဘာချီပြဿနာ” ဆက်တိုက်ဆောင်းပါများတွင် ဖော်ပြထားသည်။