လောကီဘာသာရေး အဘယ်ကြောင့် အဆုံးတိုင်ရ
“ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။”—ဗျာဒိတ် ၁၈:၄။
၁။ (က) အဘယ်နည်းဖြင့် မဟာဗာဗုလုန် ပြိုလဲနေသနည်း။ (ခ) ယင်းအဖြစ်အပျက်က ယေဟောဝါသက်သေများကို အဘယ်အကျိုးပြုသနည်း။
‘မဟာဗာဗုလုန် ပြိုလဲပြီ!’ မှန်ပါသည်၊ ယေဟောဝါ၏ရှုထောင့်မှကြည့်လျှင် ဗာဗုလုန်ဘာသာရေးဆိုင်ရာ ကမ္ဘာ့အင်ပါယာကြီးသည် ပြိုလဲနေပါပြီ။ ခရစ်တော်၏ညီတော်များမှ ကျန်ကြွင်းသူများသည် လျှို့ဝှက်နက်နဲသောဗာဗုလုန်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ခရစ်ယာန်ဘောင်၏ဩဇာအောက်မှ ထွက်လာခဲ့ကြသည့် ၁၉၁၉ ခုနှစ်မှစ၍ ဤသို့ ဖြစ်လာခဲ့လေပြီ။ ရလဒ်အနေနှင့် သူတို့သည် ဗာဗုလုန်ဘာသာတရားကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချရန်နှင့် မေရှိယသခင်၏နိုင်ငံတော်အားဖြင့်ဖြစ်မည့် ဘုရားသခင်၏ဖြောင့်မတ်သောအုပ်ချုပ်မှုကိုကြေညာရန် လွတ်လပ်မှုရရှိခဲ့ကြပေပြီ။ ယေဟောဝါ၏ သစ္စာရှိသက်သေခံများသည် “ဤလောကတစ်နိုင်ငံလုံး” ကိုလှည့်ဖြားရန် စာတန်အသုံးပြုသည့် ရောကျော် ရုပ်သေးဘာသာတရားများကို ဤရာစုနှစ်တစ်လျှောက်လုံး ဖော်ထုတ်နိုင်ခဲ့ကြပေပြီ။—ဗျာဒိတ် ၁၂:၉; ၁၄:၈; ၁၈:၂။
မဟာဗာဗုလုန်သည် မည်သို့ ပြိုလဲခဲ့ပြီနည်း
၂။ လက်ရှိကမ္ဘာ့ဘာသာတရားများ၏အခြေအနေကား အဘယ်နည်း။
၂ သို့သော် တစ်ဦးတစ်ယောက်က ‘ဘာသာရေးသည် အလွန်များစွာသော တိုင်းနိုင်ငံတို့တွင် ထွန်းကားပြန့်ပွားနေပုံပေါက်ရာ ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု အဘယ်နည်းဖြင့် ဆိုနိုင်မည်နည်း’ ဟုမေးလိုပေမည်။ ကက်သလစ်နှင့် အစ္စလာမ်ဘာသာတို့က မိမိတို့၌ ယုံကြည်သူ သန်းတစ်ထောင်ကျော်ရှိသည်ဟု အသီးသီးဆိုကြ၏။ ပရိုတက်စတင့်ဘာသာသည် အမေရိကတိုက်များတွင် အောင်မြင်ဖြစ်ထွန်းနေဆဲဖြစ်ပြီး ဘုရားရှိခိုးကျောင်းနှင့် ဝတ်ပြုဆောင်များ အသစ်အသစ်ပေါ်ပေါက်နေသည်။ . . . ဘာသာရေး အခမ်းအနားလုပ်ထုံးလုပ်နည်းများကိုလိုက်သူ သန်းပေါင်းများစွာတို့လည်းရှိ၏။ သို့တိုင် ဤဘာသာတရားအပေါင်းအနေဖြင့် သန်းပေါင်းများစွာသော ဤသူတို့၏ပြုမူကျင့်ကြံပုံအပေါ် အဘယ်အတိုင်းအတာအထိ အပြုသဘောသြဇာသက်ရောက်မှုရှိသနည်း။ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံတွင် ချာ့ချ်နှင့် ပရိုတက်စတင့်တို့ကို အချင်းချင်းမသတ်ဖြတ်အောင် တားဆီးပေးခဲ့ပြီလော။ အရှေ့အလယ်ပိုင်းဒေသတွင် ဂျူးနှင့် မွတ်စလင်တို့စပ်ကြား စစ်မှန်သောငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးခဲ့ပြီလော။ အိန္ဒိယနိုင်ငံတွင် စည်းလုံးစေခဲ့ပြီလော။ ထို့ထက်ပို၍ မကြာမီက ဆားဗီးယားသြသဒေါက်စ်များ၊ ခရိုအေးရှားချာ့ချ်များနှင့် ဘော့စနီးယားမွတ်စလင်များတို့အကြား တစ်ဦးကိုတစ်ဦး “လူမျိုးစုသန့်စင်ခြင်း”၊ လုယက်တိုက်ခိုက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို မပြုလုပ်ကြရန် တားဆီးပေးခဲ့ပြီလော။ ဘာသာတရားသည် များသောအားဖြင့် အမှတ်တံဆိပ်သက်သက်၊ အသာကလေးဖိမိရုံဖြင့် ကွဲအက်တတ်သော ကြက်ဥခွံတမျှပါးသည့် အပေါ်ယံအလှအပဖြစ်နေသည်။—ဂလာတိ ၅:၁၉-၂၁; ယာကုပ် ၂:၁၀၊ ၁၁ နှိုင်းယှဉ်။
၃။ ဘာသာတရားသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်ကြောင့်တရားစီရင်ခံနေရသနည်း။
၃ ဘုရားသခင်၏ရှုထောင့်မှကြည့်လျှင် လူထု၏ဘာသာရေးထောက်ခံအားပေးမှုက ဘာသာတရားအပေါင်းသည် ဘုရားသခင့်ရှေ့တော်၌ တရားစီရင်ခံနေရသည်ဟူသော ရှောင်လွှဲ၍မရသည့် အဖြစ်မှန်ကို မပြောင်းလဲစေပါ။ မဟာဗာဗုလုန်၏ “အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ” ဖြစ်ကြောင်း ၎င်း၏သမိုင်းက သက်သေထူသည်နှင့်အညီ ယင်းသည် ဒဏ်စီရင်ခြင်းခံထိုက်ပေသည်။ (ဗျာဒိတ် ၁၈:၅) ပရောဖက်စကားဖြင့် ဟောရှေက “လေမျိုးစေ့ကိုကြဲ၍ လေပွေစပါးကို ရိတ်ရကြလိမ့်မည်” ဟုရေးသားခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ စာတန်၏ ဗာဗုလုန်ဘာသာတရားအားလုံးသည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော့်မေတ္တာတော်၊ နာမတော်နှင့် သားတော်ကိုလည်းကောင်း သစ္စာဖောက်မှုကြောင့် အမြင့်ဆုံးသောအဖိုးအခကို ပေးဆပ်ကြရလိမ့်မည်ဖြစ်သည်။—ဟောရှေ ၈:၇; ဂလာတိ ၆:၇; ၁ ယောဟန် ၂:၂၂၊ ၂၃။
သင်ရွေးချယ်ရအံ့
၄၊ ၅။ (က) ယနေ့ ကျွန်ုပ်တို့သည် အဘယ်အခြေအနေမျိုးတွင် အသက်ရှင်နေကြရသနည်း။ (ခ) အဘယ်မေးခွန်းများကို ကျွန်ုပ်တို့ဖြေဆိုရမည်နည်း။
၄ ကျွန်ုပ်တို့သည် “နောက်ဆုံးကာလ” ၏ နိဂုံးပိုင်းတွင် အသက်ရှင်နေကြရသည်။ ခရစ်ယာန်စစ်များအနေနှင့် ဤ “ခဲယဉ်းသောကာလ” ကိုကပ်ကျော်ရန် ရုန်းကန်နေကြရသည်။ (၂ တိမောသေ ၃:၁-၅) ခရစ်ယာန်စစ်များသည် လူသတ်သမား၊ မုသာကောင်၊ ရှုတ်ချသူတည်းဟူသော စာတန်၏ ယိုယွင်းသောစရိုက်အကျင့်ကို အမှန်ထင်ဟပ်နေသည့်လောကတွင် ဧည့်သည်အာဂန္တုများဖြစ်နေကြသည်။ (ယောဟန် ၈:၄၄; ၁ ပေတရု ၂:၁၁၊ ၁၂; ဗျာဒိတ် ၁၂:၁၀) အဓမ္မမှု၊ ကောက်ကျစ်စဉ်းလဲမှု၊ လိမ်လည်လှည့်ဖြားမှု၊ ယိုယွင်းမှု၊ ကမ်းကုန်အောင် စာရိတ္တယိုယွင်းမှုတို့သည် ကျွန်ုပ်တို့ကို ဝန်းရံနေ၏။ လူတို့သည် အခြေခံကျင့်ဝတ်များကို ဥပေက္ခာပြု လျစ်လျူရှုကြပြီ။ ဇိမ်ခံပျော်ပါးခြင်း၊ မီးစင်ကြည့်ကခြင်းဟူသောစကားလုံးများသည် အခြေအနေ၏ သရုပ်မှန်ကို ဖော်ညွှန်းသည့်ဝေါဟာရများပင်ဖြစ်သတည်း။ ဓမ္မဆရာများသည် သမ္မာကျမ်းစာ၏ ရှင်းလင်းပြတ်သားသည့် ပြစ်တင်ရှုတ်ချထားမှုတို့ကို ပေါ့ပြက်ပြက်ဖြစ်စေခြင်းအားဖြင့် စာရိတ္တယိုယွင်းခြင်းကို ခွင့်ပြုထားကြသည်။ ဤသို့ ဖြင့် မေးစရာပေါ်လာသည်မှာ သင်သည် ဗာဗုလုန်ဝတ်ပြုရေးကို ထောက်ခံခွင့်ပြုသလော၊ သို့မဟုတ် စစ်မှန်သောဝတ်ပြုရေးတွင် လှုပ်ရှားတက်ကြွစွာ ပါဝင်သလော ဟူ၍ဖြစ်ပေသည်။—ဝတ်ပြုရာ ၁၈:၂၂; ၂၀:၁၃; ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၆:၉-၁၁။
၅ ယခုအချိန်သည် စကာချချိန်ဖြစ်သည်။ သို့ဖြစ်၍ ဝတ်ပြုရေးအမှားနှင့်အမှန်ကို ခွဲခြားသိမြင်ရန်အကြောင်း ပို၍များလာ၏။ ၎င်းတို့ကို ဤမျှပြစ်တင်စရာဖြစ်စေအောင် ခရစ်ယာန်ဘောင်၏ ဘာသာတရားများသည် အခြားမည်သည့်အမှုများကို ပြုနေကြသေးသနည်း။—မာလခိ ၃:၁၈; ယောဟန် ၄:၂၃၊ ၂၄။
ဗာဗုလုန်ဘာသာ စွဲချက်တင်ခံရ
၆။ ခရစ်ယာန်ဘောင်သည် ဘုရားသခင်၏နိုင်ငံတော်ကို မည်သို့သစ္စာဖောက်ခဲ့ပြီနည်း။
၆ ခရစ်ယာန်ဘောင်မှ သန်းပေါင်းများစွာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော် တည်ထောင်ပါစေသောဟုဆိုကာ သခင့်ပတ္ထနာကို မှန်မှန်ရွတ်ဖတ်ကြသော်လည်း ယင်းသီအိုကရက်တစ်အစိုးရကို ပစ်ပယ်ပြီး နိုင်ငံရေးသရုပ်သကန်ဟူသမျှကို ဇွဲလုံ့လဖြင့် အားပေးထောက်ခံခဲ့ကြပြီ။ ရာစုနှစ်များစွာက ဘုန်းတော်ကြီးများဖြစ်သူ ရီရှယ်လျူး၊ မဲဇရင်နှင့် ဝပ်လစီ အစရှိသော ချာ့ချ်၏ “မင်းညီမင်းသား” တို့သည် အစိုးရဝန်ကြီးများဖြစ်သည့် လောကီနိုင်ငံရေးသမားများအဖြစ်လည်း အမှုထမ်းခဲ့ကြသည်။
၇။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ယေဟောဝါသက်သေများသည် ခရစ်ယာန်ဘောင်ကို မည်သို့ဖော်ထုတ်လှစ်ဟခဲ့သနည်း။
၇ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ဘာသာတရားသည် လေပွေတိုက်ခတ်ခံရခြင်း ဟူသောစာအုပ်ငယ် (အင်္ဂလိပ်) တွင် ယေဟောဝါသက်သေများက နိုင်ငံရေးနှင့် ခရစ်ယာန်ဘောင်၏ ပါဝင်ပတ်သက်မှုကို ဖော်ထုတ်လှစ်ဟပြခဲ့သည်။aထိုစဉ်က သူတို့၏ ဤပြောဆိုရေးသားချက်သည် ယနေ့လည်း ထပ်တူထပ်မျှမှန်ကန်နေဆဲပင်ဖြစ်သည်– “ဂိုဏ်းဂဏအားလုံး၏ ဘာသာရေးဓမ္မဆရာများနှင့်ပတ်သက်၍ ရိုးသားစွာ စုံစမ်းစစ်ဆေးမှုပြုလိုက်ပါက ‘ခရစ်ယာန်ဘောင်’ အားလုံး၏ ဘာသာရေးခေါင်းဆောင်များသည် . . . လောကီရေးရာ၌ ဝင်စွက်နေကြကြောင်း တွေ့ရှိရမည်ဖြစ်သည်။” နာဇီဟစ်တလာနှင့်လည်းကောင်း (၁၉၃၃)၊ ဖက်ဆစ်ဖရန်ကိုနှင့်လည်းကောင်း (၁၉၄၁) သဘောတူညီချက်ပြုခဲ့ခြင်းနှင့် လူသိများသော ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအပြီး လအနည်းငယ်အကြာဖြစ်သည့် ၁၉၄၂၊ မတ်လတွင် ကျူးကျော်သူ ဂျပန်နိုင်ငံနှင့် သံတမန်အပြန်အလှန်ဖလှယ်မှု ပြုခဲ့ခြင်းတို့ကြောင့် ပုပ်ရဟန်းမင်းပိုင်ယပ်စ် ၁၂ ကို ထိုစဉ်က သက်သေခံများ ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ “မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏” ဟူသော ယာကုပ်၏သတိပေးချက်ကို ပုပ်ရဟန်းမင်းလိုက်နာရန် ပျက်ကွက်ခဲ့သည်။—ယာကုပ် ၄:၄။
၈။ ချာ့ချ်သည် ယနေ့ နိုင်ငံရေးတွင် မည်သို့ပါဝင်ပတ်သက်နေသနည်း။
၈ ယနေ့ အခြေအနေမည်သို့ရှိသနည်း။ ပုပ်ရဟန်းမင်းအာဏာသည် ယင်း၏ ဓမ္မဆရာနှင့် ဒါယကာအတန်းအစားကိုယ်စားလှယ်နှစ်ရပ်အားဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမြဲ ပတ်သက်နေသည်။ မကြာသေးမီအချိန်များက ပုပ်ရဟန်းမင်းအသီးအသီးတို့သည် လူလုပ် ကမ္ဘာ့ငြိမ်းချမ်းရေးအတုအယောင်ကိုပေးသည့် ကုလသမဂ္ဂအဖွဲ့၌ မိန့်ခွန်းများပြောခြင်းဖြင့် ယင်းကိုထောက်ခံအားပေးခဲ့ကြပြီ။
၉။ ပရိုတက်စတင့်ဘာသာများသည် ယင်းတို့၏အဖော်အဖက်များထက် သာ၍မကောင်းပါဟု အဘယ်ကြောင့်ပြောဆိုနိုင်သနည်း။
၉ မကြာသေးမီက ထုတ်ဝေသည့် ဗက်တီကင်တရားဝင်သတင်းစာ လော့စေရ်ဗာတိုရာ ရိုမာနို တွင် “ဂိုဏ်းအုပ်အာဏာပိုင်သို့” နိုင်ငံခုနစ်နိုင်ငံမှ သံအမတ်အသစ်တို့သည် “ဟိုးလီးဖာသာ” ထံ မိမိတို့၏ခန့်အပ်လွှာများကို ပေးအပ်ကြကြောင်း ကြေညာ၏။ ယေရှုနှင့် ပေတရုတို့သည် ယင်းသို့သော ဖလှယ်မှုမျိုးကို ပြုလုပ်ကြလိမ့်မည်ဟု ကျွန်ုပ်တို့စိတ်ကူးကြည့်နိုင်မည်လော။ ဂျူးတို့က မိမိအား ရှင်ဘုရင်အဖြစ် တင်မြှောက်မည်ပြုသည်ကို ယေရှုငြင်းပယ်ခဲ့ပြီး မိမိနိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်ကြောင်း မိန့်တော်မူခဲ့သည်။—ယောဟန် ၆:၁၅; ၁၈:၃၆။ ပရိုတက်စတင့်ခေါင်းဆောင်များသည် ကက်သလစ်များထက်ပို၍ကောင်းကြပါသလော။ အမေရိကန်နိုင်ငံတွင် မော်မင်ဘာသာအပါအဝင် ရှေးရိုးစွဲ ပရိုတက်စတင့်ဘာသာများစွာတို့သည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုခုကို ဘက်လိုက်သော ဘာသာတရားများဖြစ်ကြောင်း သိရှိရ၏။ ခရစ်ယာန်ညွန့်ပေါင်းအဖွဲ့သည် အမေရိကန်နိုင်ငံရေးတွင် နက်ရှိုင်းစွာပါဝင်ပတ်သက်လျက်ရှိသည်။ အခြားသော ပရိုတက်စတင့်ဓမ္မဆရာများကလည်း နိုင်ငံရေးရပ်တည်မှုတစ်မျိုးစီကို သိသာထင်ရှားစွာ တင်ပြကြသည်။ မကြာခဏမေ့လျော့တတ်ကြသည်မှာ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ပက်တ်ရော်ဘင်ဆန်နှင့် ဂျက်စီဂျက်ကဆန်တို့သည် ဗြိတိသျှပါလီမန်အဖွဲ့ဝင် မြောက်ပိုင်းအိုင်ယာလန်သား အီယံပေးဇလီကဲ့သို့ပင် “သိက္ခာတော်ရဆရာကြီးများ” ဖြစ်ကြကြောင်း၊ သို့မဟုတ် ဖြစ်ခဲ့ကြကြောင်းပင်ဖြစ်သည်။ ဤသူတို့သည် မိမိတို့၏ အနေအထားကို မည်သို့ကာကွယ်ပြောဆိုနိုင်ကြမည်နည်း။—တမန်တော် ၁၀:၃၄၊ ၃၅; ဂလာတိ ၂:၆။
၁၀။ ၁၉၄၄ ခုနှစ်က အဘယ်ရှင်းလင်းပြတ်သားသောစကားကို ပြောဆိုခဲ့သနည်း။
၁၀ ၁၉၄၄ ခုနှစ်က ဘာသာတရားသည် လေပွေတိုက်ခတ်ခံရခြင်း စာအုပ်ငယ်တွင် မေးခွန်းထုတ်ထားခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း အလားတူပြန်မေးလိုပါသည်– “လောကီအာဏာစက်များနှင့်သဘောတူ စာချုပ်များချုပ်ဆိုကာ လောကီနိုင်ငံရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျက် ဤလောကမှ ကိုယ်ကျိုးစီးပွားနှင့် အကာအကွယ်ကို ရှာကြံသော အဖွဲ့အစည်းတစ်ခုသည် . . . ဘုရားသခင်၏အသင်းတော်ဖြစ်နိုင်မည်လော၊ သို့မဟုတ် ကမ္ဘာပေါ်တွင် ခရစ်တော်ယေရှုအား ကိုယ်စားပြုနိုင်မည်လော။ . . . ဤလောက၏ တိုင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သော ဘာသာရေးသမားတို့သည် ခရစ်တော်ယေရှုအစိုးရသော ဘုရားသခင်၏နိုင်ငံတော်ကို ကိုယ်စားမပြုနိုင်ကြသည်မှာ အရှင်းသားပင်ဖြစ်သည်။”
ဗာဗုလုန်ဘာသာ၏ ကာဣနစိတ်ထား
၁၁။ ဗာဗုလုန်ဘာသာတရားသည် ကာဣန၏ပုံနမူနာအတိုင်း မည်သို့လိုက်လျှောက်ခဲ့သနည်း။
၁၁ သမိုင်းတစ်လျှောက် ဗာဗုလုန်ဘာသာရေးသည် မိမိ၏ညီ အာဗေလကိုသတ်သူ ကာဣန၏စိတ်ထားကို ပြသခဲ့လေပြီ။ “ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကိုမကျင့်သောသူ၊ မိမိညီအစ်ကိုကို မချစ်သောသူမည်သည်ကား ဘုရားသခင်နှင့်မဆိုင်။ သင်တို့သည် ရှေ့ ဦးစွာကပင်ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။ ကာဣနသည် မိမိညီကိုအဘယ်ကြောင့်သတ်သနည်းဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။” စင်ကြယ်၍ ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်သော ညီ၏ဘုရားဝတ်ကို သည်းမခံနိုင်သည့်အဆုံး ကာဣနသည်—မိမိတို့၏လုပ်ရပ်ကို ယုတ္တိရှိရှိ မရှင်းပြနိုင်သူတို့၏ထုံးစံအတိုင်း—အကြမ်းဖက်နည်းကို အသုံးပြုလေတော့သည်။—၁ ယောဟန် ၃:၁၀-၁၂။
၁၂။ ဘာသာရေးသည် စစ်ပွဲများနှင့် ပဋိပက္ခများတွင် ရောပြွမ်းခဲ့ကြောင်း အဘယ်သာဓကရှိသနည်း။
၁၂ ဗာဗုလုန်ဘာသာရေးအပေါ် ဤစွဲချက်တင်ခြင်းကို ဖြစ်ရပ်မှန်များက ထောက်ခံပါသလော။ တရားဟောဆရာများ လက်နက်တင်ပြ စာအုပ်တွင် စာရေးသူက “ယဉ်ကျေးမှုအသီးသီး၏သမိုင်းတွင် . . . အင်အားစုနှစ်စုသည် ပူးတွဲမဟာမိတ် အမြဲဖွဲ့ခဲ့ကြသည်။ ၎င်းတို့မှာ စစ်နှင့် ဘာသာရေးပင်ဖြစ်ကြသည်။ တစ်ဖန် ကမ္ဘာ့အဓိကဘာသာကြီးများအနက် . . . [ခရစ်ယာန်ဘောင်] ထက်ပို၍ စစ်ရေး၌ပါဝင်လုံးပန်းသောဘာသာဟူ၍ မရှိတော့ချေ” ဟုဆိုထားသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ကနေဒါနိုင်ငံ၊ ဗင်ကူးဗားမြို့ထုတ် သည်ဆန်း သတင်းစာက “ချာ့ချ်အနေဖြင့် အမျိုးသားစိတ်ကို အားပေးခြင်းသည် ဘာသာရေးအဖွဲ့အစည်းအားလုံးတို့၏ အားနည်းချက်ပင်ဖြစ်သည်။ . . . မိမိဘက်တွင် ဘုရားသခင်ပါရှိသည်ဟု အခိုင်အမာမဆိုသော အဘယ်စစ်ပွဲမျိုး တိုက်ခိုက်ခဲ့ဖူးသနည်း” ဟုရေးခဲ့သည်။ ဤအဆိုမှန်ကန်ကြောင်းတင်ပြသည့် အထောက်အထားများကို ဒေသခံချာ့ချ်အချို့၌ သင်တွေ့မြင်ပြီးဖြစ်ကောင်းဖြစ်ပေမည်။ တရားဟောပလ္လင်ကို အမျိုးသားအလံများဖြင့် မကြာခဏတန်ဆာဆင်တတ်ကြ၏။ ယေရှုသည် အဘယ်အလံကိုကိုင်ပြီး ချီတက်တော်မူမည်ထင်သနည်း။ “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်” ဟူသောကိုယ်တော်၏မိန့်တော်မူချက်သည် ရာစုနှစ်များတစ်လျှောက်လုံး ပဲ့တင်ထပ်ခဲ့ပေပြီ!—ယောဟန် ၁၈:၃၆။
၁၃။ (က) ဗာဗုလုန်ဘာသာတရားသည် အာဖရိကတွင် မည်သို့ရှုံးနိမ့်ခဲ့ပြီနည်း။ (ခ) ခရစ်ယာန်ဘာသာတရားကို ခွဲခြားသိမြင်နိုင်စေသည့် အဘယ်အမှတ်လက္ခဏာကို ယေရှုပေးတော်မူခဲ့သနည်း။
၁၃ ခရစ်ယာန်ဘောင်၏ဘာသာတရားများသည် မိမိတို့၏ ဘာသာဝင်များကို စစ်မှန်သော ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာဆိုင်ရာ အမှန်တရားကို သွန်သင်မပေးထားကြချေ။ ၎င်းအစား လူမျိုးလူနွယ်ကွဲပြားခြင်းကိုအခြေပြု၍ အချင်းချင်း စိတ်ဝမ်းကွဲစေခဲ့ကြလေပြီ။ သတင်းများ၏အဆိုအရ ရဝမ်ဒါနိုင်ငံ လူမျိုးဖြုတ်သတ်ဖြတ်မှုဖြစ်ပွားစေခဲ့သည့် စိတ်ဝမ်းကွဲပြားမှုတွင် ကက်သလစ်နှင့် အင်္ဂလီကန်ဓမ္မဆရာများ၏ပယောဂမကင်းကြောင်း သိရှိရသည်။ “ရဝမ်ဒါတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများက ထိုတွင်ရှိ ကက်သလစ်များစွာတို့အဖို့ ချာ့ချ်အာဏာပိုင်အဖွဲ့အပေါ် အယုံအကြည်လျော့နည်းစရာဖြစ်စေခဲ့သည်။ ချာ့ချ်သည် ဟူတူနှင့် တွတ်စီလူမျိုးနှစ်မျိုးကြား လူမျိုးစဉ်ကိုလိုက်၍ မကြာခဏ စိတ်ဝမ်းကွဲပြားလေ့ရှိသည်” ဟုသည်နယူးရောက်တိုင်းမ်စ် သတင်းစာက ရေးသားဖော်ပြ၏။ “ချာ့ချ်အနေနဲ့ ၁၉၉၄ ခုနှစ်က ရဝမ်ဒါနိုင်ငံမှာ မရှုမလှရှုံးနိမ့်ခဲ့ပါတယ်။ ရဝမ်ဒါလူမျိုးတို့ဟာ ချာ့ချ်ကို စွန့်လွှတ်သွားကြပြီ။ ချာ့ချ်အနေနဲ့လည်း ယုံကြည်စိတ်ချမှု လုံးဝမခံရတော့ပါဘူး” ဟုမေရီနော်လ်ဘုန်းကြီးတစ်ပါးက ပြောကြားကြောင်း ထိုသတင်းစာကပင် ကိုးကားဖော်ပြထား၏။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟူသောယေရှု၏စကားနှင့် ခြားနားလိုက်လေခြင်း။—ယောဟန် ၁၃:၃၅။
၁၄။ ခရစ်ယာန်ဘာသာမဟုတ်သည့် အခြားဘာသာတရားကြီးများသည် အဘယ်အပြုအမူဆိုင်ရာစံချိန်တင်ခဲ့ပြီနည်း။
၁၄ မဟာဗာဗုလုန်၏ အခြားဘာသာတရားကြီးများကလည်း ထိုထက်ပို၍ကောင်းသောစံနမူနာကို မပြခဲ့ကြချေ။ အိန္ဒိယနိုင်ငံကို ခွဲဝေပိုင်းခြားခဲ့သည့် ၁၉၄၇ ခုနှစ်တွင်ဖြစ်ပျက်ခဲ့သော ထိတ်လန့်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ သည်းခံခြင်းတရားကို ထိုတွင်ရှိ အဓိကဘာသာတရားကြီးများက မသွန်သင်ခဲ့ကြောင်းဖော်ပြသည်။ လူအများသည် စိတ်ထားမပြောင်းလဲသေးကြောင်း အိန္ဒိယနိုင်ငံတွင် ဆက်လက်ဖြစ်ခဲ့သည့် အတူနေထိုင်သူအချင်းချင်းကြား ဖြစ်ပွားသော အကြမ်းဖက်မှုများက ပြသသည်။ ယင်းကြောင့် အင်ဒီယားထူဒေး မဂ္ဂဇင်းက “ဘာသာရေးသည် အကြည်းတန်အဆိုးရွားဆုံးသောရာဇဝတ်မှုများကို ကျူးလွန်စေသည့် အကြောင်းတရားဖြစ်နေသည်။ . . . ၎င်းသည် ဧရာမအကြမ်းဖက်မှုများကို ပေါက်ကွဲပွင့်အန်စေပြီး အဖျက်စွမ်းအား အလွန်ပြင်းသောအင်အားစုပင်ဖြစ်သည်” ဟုကောက်ချက်ချခြင်းသည် အံ့ဩစရာမဟုတ်ပေ။
“ရှေ့နောက်မညီသယောင်ထင်ရသော်လည်း ထူးခြားစွာ ရှေ့နောက်ညီမှု”
၁၅။ အနောက်တိုင်းတွင် ဘာသာတရား၏အခြေအနေကား အဘယ်နည်း။
၁၅ ယုံကြည်စိတ်ချမှု ပျိုးထောင်ရေး၊ စစ်မှန်သော တန်ဖိုးထားအပ်ရာများကို နားလည်စေရေးနှင့် လောကီရေးလိုက်စားခြင်းကို တွန်းလှန်ရေးတို့တွင် ဘာသာတရား၏ ပျက်ကွက်မှုကို လောကီဋီကာဆရာများပင် သတိပြုမိခဲ့ကြပြီဖြစ်သည်။ ဝရုန်းသုန်းကား ဟူသောစာအုပ်ကိုရေးသူ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း ဇူဘိဂနဲဗ်ဘရေဇင်စကီးက “‘ဘုရားသခင်သေပြီ’ ဟူသောအဆိုအတွက် အကြီးကျယ်ဆုံးအောင်ပွဲခံမှုသည် မာ့ခ်စ်ဝါဒကြီးစိုးသော နိုင်ငံများတွင်မဖြစ်ပျက်ဘဲ . . . ယဉ်ကျေးမှုအရ ကိုယ်ကျင့်တရားဆိုင်ရာဥပေက္ခာတရားကို ပျိုးထောင်ခဲ့ပြီဖြစ်သည့် လွတ်လပ်သောအနောက်တိုင်းဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း၌ဖြစ်ပျက်ခဲ့ခြင်းသည် ရှေ့နောက်မညီသယောင်ထင်ရသော်လည်း ထူးခြားစွာ ရှေ့နောက်ညီမှုတစ်ရပ်ပင်ဖြစ်ချေပြီ။ အနောက်တိုင်းလူ့အဖွဲ့အစည်း၌ အမှန်တရားမှာ ဘာသာရေးသည် အဓိကကျသော လူမှုရေးတွန်းအားမဟုတ်တော့ခြင်းပင်ဖြစ်သည်” ဟုရေးခဲ့သည်။ သူကဆက်၍ “ဥရောပလူ့အဖွဲ့အစည်းအပေါ် ဘာသာရေး၏သြဇာညောင်းမှုသည် အကြီးအကျယ် ကျဆင်းခဲ့ရာ ယနေ့ဥရောပသည် အနှစ်သာရအားဖြင့်—အမေရိကထက်ပင်ပို၍—လောကီလူ့အဖွဲ့အစည်းတစ်ခုဖြစ်နေသည်” ဟုရေးသားခဲ့လေသည်။
၁၆၊ ၁၇။ (က) ယေရှုသည် မိမိခေတ်ရှိ ဓမ္မဆရာများနှင့်ပတ်သက်၍ အဘယ်သြဝါဒစကားကို မိန့်တော်မူခဲ့သနည်း။ (ခ) ယေရှုသည် အသီးအပွင့်နှင့်ပတ်သက်၍ အဘယ်အခြေခံမူကောင်းကို မိန့်တော်မူခဲ့သနည်း။
၁၆ ယေရှုသည် မိမိခေတ်ရှိ ဂျူးဓမ္မဆရာများအကြောင်း မည်သို့မိန့်မြွက်တော်မူခဲ့သနည်း။ “ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် [တိုရာပညတ္တိကျမ်းကို သွန်သင်ပေးရန်] မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။ ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏အကျင့်အတိုင်းမကျင့်ကြနှင့်။ အကြောင်းမူကား သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ” ဟူ၍ဖြစ်သည်။ မှန်ပါသည်၊ ဘာသာရေးအရေခြုံမှုသည် အသစ်အဆန်းမဟုတ်ပေ။—မဿဲ ၂၃:၂၊ ၃။
၁၇ ဗာဗုလုန်ဘာသာရေး၏ အသီးအပွင့်များက ယင်းကိုပြစ်တင်ရှုတ်ချပါသည်။ “ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။ သို့ ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကိုထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်” ဟူသောယေရှုပေးတော်မူခဲ့သည့် စည်းမျဉ်းနှင့် အလွန်ကိုက်ညီပေသည်။—မဿဲ ၇:၁၇-၂၀။
၁၈။ ခရစ်ယာန်ဘောင်သည် မိမိ၏အနေအထားကို သန့်ရှင်းစင်ကြယ်စွာရှိနေစေရန် မည်သို့ပြုသင့်သနည်း။
၁၈ ခရစ်ယာန်ဘောင်ဘာသာများသည် ယင်း၏သင်းဝင်သူဟု မိမိကိုယ်ကိုဆိုသူများအပေါ် ပေါင်းသင်းမှုရပ်စဲခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဟူသော ခရစ်ယာန်ဆုံးမပဲ့ပြင်နည်းကို ကျင့်သုံးပါက မည်သို့ ဖြစ်မည်နည်း။ နောင်တမရသော လိမ်လည်သူ၊ မတရားမေထုန်ပြုသူ၊ သူ့သားအိမ်ရာပြစ်မှားသူ၊ လိင်တူဆက်ဆံသူ၊ ကလိမ်ကျသူ၊ ရာဇဝတ်ကောင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ၊ စနစ်တကျဖွဲ့စည်းသော ရာဇဝတ်ဂိုဏ်းမှ ဂိုဏ်းဝင်သူ စသည်တို့အားလုံး မည်သို့ ဖြစ်ကြမည်နည်း။ ခရစ်ယာန်ဘောင်၏ ပုပ်ပျက်သောအသီးအပွင့်က ၎င်းကို ဘုရားသခင်၏ဖျက်ဆီးခြင်း ခံထိုက်သူသာဖြစ်စေသည်မှာ စောဒကတက်စရာမလိုပေ။—၁ ကောရိန္သု ၅:၉-၁၃; ၂ ယောဟန် ၁၀၊ ၁၁။
၁၉။ ဘာသာရေးခေါင်းဆောင်များအကြောင်း အဘယ်ဝန်ခံချက်များ ပြုခဲ့ပြီနည်း။
၁၉ အမေရိကန်နိုင်ငံ ပရက်စ်ဘီတီရီးယန်ချာ့ချ်၏ အထွေထွေညီလာခံတွင် ဝန်ခံခဲ့ကြသည်မှာဤသို့– “ကျွန်ုပ်တို့သည် ယင်း၏အတိုင်းအတာနှင့် ပါဝင်ပတ်သက်မှုအရ ထိတ်လန့်ဖွယ်ကောင်းသော အကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။ . . . နိုင်ငံတစ်ဝန်း ဓမ္မဆရာ ၁၀ မှ ၂၃ ရာခိုင်နှုန်းတို့သည် သူတို့၏ သာသနာ့နယ်ခံများ၊ လက်အောက်ခံများ၊ အလုပ်သမားများ၊ အစရှိသူတို့နှင့် လိင်မှုအကဲပြ အပြုအမူများ သို့မဟုတ် စာရိတ္တယိုယွင်းမှုများကျူးလွန်ခဲ့ဖူးကြပြီ။” အမေရိကန်လုပ်ငန်းရှင်တစ်ဦးက လိုရင်းအချက်ကို ချုပ်၍ ဆီလျော်စွာ ကောက်ချက်ချလိုက်သည်မှာ “ဘာသာရေးအသင်းအဖွဲ့များသည် မိမိတို့၏သမိုင်းအစဉ်အလာတန်ဖိုးကို ပေးဝေရန် ပျက်ကွက်ခဲ့ကြပြီး များစွာသောကိစ္စများ၌ ၎င်းတို့ကိုယ်နှိုက်သည် ပြဿနာ၏အစိတ်အပိုင်းဖြစ်နေကြသည်” ဟူ၍ဖြစ်သည်။
၂၀၊ ၂၁။ (က) ယေရှုနှင့်ပေါလုတို့သည် အရေခြုံမှုကို မည်သို့ပြစ်တင်ရှုတ်ချခဲ့သနည်း။ (ခ) အဘယ်မေးခွန်းများကို ဖြေဆိုရန်လိုသေးသနည်း။
၂၀ ဘာသာရေးအရေခြုံမှုနှင့်ပတ်သက်၍ ယေရှု၏ရှုတ်ချပြစ်တင်စကားသည် ကိုယ်တော့်အချိန်က မှန်ကန်ခဲ့သကဲ့သို့ ယနေ့လည်း မှန်ကန်နေဆဲရှိ၏– “လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ‘ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏။’” (မဿဲ ၁၅:၇-၉) တိတုထံ ပေးပို့ခဲ့သည့် ပေါလု၏စာပါ စကားများကလည်း ကျွန်ုပ်တို့၏ခေတ်အခြေအနေကို ဖော်ပြနေ၏– “သူတို့သည် ဘုရားသခင်ကိုသိယောင်ဆောင်သော်လည်း အကျင့်အားဖြင့် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတစ်ခုကိုမျှ ပြုတတ်သောဉာဏ်မရှိသောသူဖြစ်ကြ၏။”—တိတု ၁:၁၆။
၂၁ လူကန်းက လူကန်းကို လမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျကြလိမ့်မည်ဟု ယေရှု မိန့်တော်မူခဲ့သည်။ (မဿဲ ၁၅:၁၄) မဟာဗာဗုလုန်နှင့်အတူ သင်နိဂုံးချုပ်လိုပါသလော။ သို့မဟုတ် မျက်စိအလင်းပွင့်လျက် ဖြောင့်ဖြူးသောလမ်းခရီးအတိုင်း လျှောက်လှမ်းကာ ယေဟောဝါ၏ကောင်းချီးများကို မွေ့လျော်လိုသလော။ ယခု ကျွန်ုပ်တို့ရင်ဆိုင်သောမေးခွန်းများမှာ– အကယ်၍ ရှိပါက အဘယ်ဘာသာတရားသည် ဘုရားတရားကြည်ညိုခြင်းဆိုင်ရာ အသီးအပွင့်များကို သီးပွင့်သနည်း။ ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်သော ဝတ်ပြုရေးအစစ်အမှန်ကို ကျွန်ုပ်တို့ မည်သို့ခွဲခြားသိမြင်နိုင်မည်နည်း ဟူ၍ဖြစ်သည်။—ဆာလံ ၁၁၉:၁၀၅။
[အောက်ခြေမှတ်ချက်များ]
a ၁၉၄၄ ခုနှစ်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေခဲ့သည်; ယခု မထုတ်တော့ပါ။
သင်မှတ်မိသလော
◻ ဘုရားသခင်၏ရှေ့တော်၌ မဟာဗာဗုလုန်၏ လက်ရှိအနေအထားကား အဘယ်နည်း။
◻ ဗာဗုလုန်ဘာသာတရားသည် အဘယ်အတွက် စွဲချက်တင်ခံရသနည်း။
◻ ဗာဗုလုန်ဘာသာတရားသည် ကာဣန၏စိတ်ထားကို မည်သို့တင်ပြခဲ့ပြီနည်း။
◻ ဘာသာတရားတစ်စုံတစ်ခုနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရန် အဘယ်အခြေခံမူကို ယေရှုချမှတ်ပေးတော်မူသနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
သမိုင်းတစ်လျှောက် ဘာသာရေးခေါင်းဆောင်များသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဤဓမ္မဆရာများသည် အာဏာရှိ နိုင်ငံ့ခေါင်းဆောင်များလည်းဖြစ်ခဲ့ကြ
ဘုန်းတော်ကြီး မဲဇရင်
ဘုန်းတော်ကြီး ရီရှယ်လျူး၊
ဘုန်းတော်ကြီး ဝပ်လစီ
[Picture Credit Line]
ဘုန်းတော်ကြီး မဲဇရင်နှင့် ဘုန်းတော်ကြီး ရီရှယ်လျူး– Ridpath’s History of the World (Vol. VI and Vol. V respectively) စာအုပ်မှ။ ဘုန်းတော်ကြီး ဝပ်လစီ– History of Protestantism (Vol. I) စာအုပ်မှ။