ဂရိနိုင်ငံတွင် အောင်မြင်သော သက်သေခံလုပ်ငန်း
ယေဟောဝါသက်သေများသည် ဂရိနိုင်ငံတွင် ဆန့်ကျင်မှုကို နှစ်ရှည်လများ တွေ့ကြုံခဲ့ရသည်။ ဂရိသြသဒေါက်စ် ဓမ္မဆရာများက ဖိအားပေးလေ့ရှိသောကြောင့် အချို့သောရဲများ၊ တရားရုံးနှင့် အစိုးရအရာရှိများသည် ယေဟောဝါသက်သေများကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ဘာသာသွင်းခြင်းမလုပ်ရဟူသည့် ဂရိနိုင်ငံ၏ဥပဒေကြောင့် တစ်ကြောင်း၊ စစ်ထဲတွင်ပါဝင်ခြင်းကိုဖြစ်စေ၊ သွေးသွင်းခြင်းကိုဖြစ်စေ ယေဟောဝါသက်သေများ၏ ကျမ်းစာကိုအခြေပြုကာ ငြင်းပယ်ခြင်းကြောင့်တစ်ကြောင်း ဖြစ်လေ့ရှိသည်။—ဟေရှာယ ၂:၂-၅; တမန်တော် ၁၅:၂၈၊ ၂၉။
ဂရိနိုင်ငံရှိ နှလုံးရိုးဖြောင့်သော အာဏာပိုင်များ သာ၍နားလည်မှုရှိစေဖို့ ကမကထပြုကြိုးစားလုပ်ဆောင်မှုတစ်ခုတွင် ဘာသာရေးဓမ္မအမှုဆောင်များအဖြစ် ဂရိအစိုးရက အသိအမှတ်ပြုထားသည့် သက်သေခံ ၂၀၀ ခန့်အပြင် ရှေ့နေရှေ့ရပ်လုပ်သည့် သက်သေခံတချို့တို့သည် မကြာသေးမီက နိုင်ငံတစ်ဝန်းလှုပ်ရှားမှု၌ ပါဝင်ခဲ့ကြသည်။ သူတို့သည် ဂရိနိုင်ငံရှိ ယေဟောဝါသက်သေများ ခေါင်းစဉ်ဖြင့် အထူးစီမံထားသော ဘရိုရှာတစ်မျိုးအပြင် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်ကိုပါ ဝေငှခဲ့ကြသည်။ ယေဟောဝါသက်သေများကို ညှဉ်းဆဲခြင်းသည် တရားဥပဒေအရ ခိုင်လုံသောအခြေအမြစ်မရှိကြောင်း တင်ပြသည့် စာရွက်စာတမ်းတစ်ထုပ်ကိုလည်း သူတို့ဝေပေးခဲ့ကြသည်။ သက်သေခံများသည် ရဲမှူးများ၊ မြို့တော်ဝန်များ၊ နိုင်ငံတော်ရှေ့နေများနှင့် အခြားအရာရှိအရာခံများထံ သွားရောက်ခဲ့ကြသည်။
ရလဒ်ကားအဘယ်နည်း။ ရာနှင့်ချီသောတွေ့ကြုံမှုကောင်းများဖြစ်သည်။ ဥပမာအချို့ကို သုံးသပ်ကြည့်ကြစို့။
အနောက် မက်စီဒိုးနီးယားရှိ ရဲစခန်းမှူးက ညီအစ်ကိုများကို လက်ခံကြိုဆိုကာ ဤသို့ပြောခဲ့သည်– “ခင်ဗျားတို့ကို ကျွန်တော်သိတာ ကြာပြီ၊ . . . ခင်ဗျားတို့ရဲ့ စည်းကမ်းသေဝပ်မှုကို ကျွန်တော်လေးစားတယ်ဗျာ။ . . . ဘာသာသွင်းခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို ကျွန်တော်မကြိုက်ဘူး၊ ကျွန်တော်သာအာဏာရှိမယ်ဆိုရင် အဲ့ဒါကို ပယ်ဖျက်လိုက်မှာပဲ။”
မြို့များစွာရှိ ရဲဌာနများစွာမှ စခန်းမှူးများသည် ဤကဲ့သို့ မှတ်ချက်ချကြသည်– “လူမှုဝန်ထမ်းကိစ္စတွေမှာ ခင်ဗျားတို့ပါဝင်လုပ်ဆောင်တဲ့အတွက် ချီးမွမ်းပါတယ်။” “ခင်ဗျားတို့အဖွဲ့က ရဲတွေကို ဘယ်တော့မျှ အလုပ်မပေးဘူး; ခင်ဗျားတို့ဟာ လူမှုရေးကိစ္စကို လုပ်ဆောင်ကြတယ်။” “ကျွန်တော်တို့ဟာ ခင်ဗျားတို့နဲ့ ဘာပြဿနာမျှ မရှိဘူး။ ခင်ဗျားတို့ကို လေးစားတယ်။ ချီးလည်းချီးမွမ်းပါတယ်။”
ပိုင်ရီးအက်မြို့ လုံခြုံရေးရဲဌာနရှိ အဆင့်မြင့်အရာရှိတစ်ဦးက မိမိသည် ယေရှုခရစ်နာမမှတစ်ဆင့် ယေဟောဝါဘုရားသခင်ထံ ဆုတောင်းရမည်ကို သိကြောင်း ညီအစ်ကိုများကို မျက်ရည်ကျလျက် ပြောပြခဲ့သည်။ အာမဂေဒုန်မတိုင်မီ ညီအစ်ကိုများအတော်အတန်ညှဉ်းဆဲခံရဖို့ အလားအလာရှိသည်ကို သူသိကြောင်း၊ ထိုအချိန်တွင် သူတို့ကို အကူအညီပေးဖို့ ဘုရားသခင်က မိမိကို အသုံးပြုမည်ဟု မျှော်လင့်ကြောင်း ညီအစ်ကိုများကို သူပြောပြလိုက်သောအခါတွင် သက်သေခံများ ထပ်၍အံ့အားသင့်သွားကြသည်တကား! ညီအစ်ကိုများက ထပ်မံဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကို သူလက်ခံခဲ့သည်။
အစိုးရအရာရှိများ တုံ့ပြန်ကြ
ကြွေးကြော်သူများ စာအုပ်နှင့်ပတ်သက်၍ သက်စလီမြို့တော်ဝန်တစ်ဦးက ဤသို့ဆိုသည်– “အဲ့ဒါကို ထင်ရှားတဲ့နေရာတစ်ခုဖြစ်တဲ့ မြူနီစီပယ် စာကြည့်တိုက်မှာ ထားသင့်တယ်!” သူသည် စာအုပ်စင်မှ စာအုပ်များကို ရှင်းပစ်ပြီး ကြွေးကြော်သူများ စာအုပ်၏ မျက်နှာဖုံးကို မြင်နိုင်ရန် ယင်းနေရာတွင် ထားလိုက်သည်။
ဂရိနိုင်ငံမြောက်ပိုင်းတွင် မြို့တော်ဝန်တစ်ဦးသည် ညီအစ်ကိုများလာရောက်လည်ပတ်သည်ကို လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ပြီး ဤသို့ပြောသည်– “ကျွန်တော့်ရဲ့မြူနီစီပယ်နယ်မှာ ရှိစေချင်တဲ့ အကောင်းဆုံးလူတွေဟာ ခင်ဗျားတို့ပဲ။” မြောက်အဲဗီးယားကျွန်းရှိ ကြင်နာတတ်သော မြို့တော်ဝန်တစ်ဦးက ညီအစ်ကိုများကို ဤသို့ပြောခဲ့သည်– “ကျွန်တော်ဟာ စစ်တပ်အရာရှိဟောင်းတစ်ဦးပါ။ ခင်ဗျားတို့—ဟုတ်တယ် ခင်ဗျားတို့ကို ကျွန်တော် သိပ်ချီးကျူးတယ်ဗျာ။” သူသည် သက်သေခံများတင်ပြသည့် အချက်အလက်များကို အားတက်သရောလက်ခံသဘောတူခဲ့သည်။ ကင်းမျှော်စင်အသင်းမှ ထုတ်ဝေသည့် ရွေးထားသောစာအုပ်များကို ပြလိုက်သောအခါ သူဤသို့ပြောခဲ့သည်– “ဒီစာအုပ်အကုန်လုံးကို ဖတ်မယ်လို့ ကျွန်တော်ကတိပေးရင် ခင်ဗျားတို့က အဲ့ဒါတွေအားလုံး ကျွန်တော့်ကို ပေးမှာလား။” “တကယ်ပေးမှာပေါ့—အဲ့ဒါတွေအားလုံးဟာ ခင်ဗျားအတွက်ပဲ!” သူသဘောခွေ့သွားပြီး ညီအစ်ကိုများကို မပြန်စေလိုတော့ပါလေ!
အက်တီကာမြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် မြို့တော်ဝန်တစ်ဦးသည် ညီအစ်ကိုများဝေငှသည့် စာပေများကို လက်ခံကာ သူ့ထံသို့ အဖွဲ့အစည်း၏စာပေများ ဆက်ယူလာပေးရန် တောင်းဆိုခဲ့သည်။ သူတို့ထွက်ခွာလာသောအခါတွင် သူဤသို့ပြောလိုက်သည်– “လူတွေဟာ နိုင်ငံရေးကို အတော့်ကိုစိတ်ပျက်နေကြပြီး အမှန်တရားစစ်ကို ဟိုဟိုဒီဒီလျှောက်ရှာနေကြတယ်လေ။ ခင်ဗျားတို့မှာ အမှန်တရားရှိတဲ့အတွက် အခုကစပြီး ခင်ဗျားတို့အလုပ်ရှုပ်ဦးမယ်ဆိုတာ ကျွန်တော် ကျိန်းသေသိတယ်။”
နိုင်ငံတော်ရှေ့နေများ တုံ့ပြန်ကြ
ဂရိနိုင်ငံမြောက်ပိုင်းရှိ လက်ထောက်နိုင်ငံတော်ရှေ့နေတစ်ဦးထံ သွားရောက်လည်ပတ်သည့် ညီအစ်ကိုများက ဤသို့ဇာတ်ကြောင်းပြန်သည်–
“ကျွန်တော်တို့ရဲ့ စာပေတွေနဲ့ တင်ဆက်ပုံအပြင် ကျွန်တော်တို့ရဲ့လူတွေဟာ သွေးသွင်းခြင်းနဲ့ပတ်သက်လို့ ကြီးလေးတဲ့ကိစ္စနဲ့ရင်ဆိုင်ရတဲ့အခါ သူတို့အကူအညီမဲ့မသွားကြောင်းသေချာဖို့ ကျွန်တော်တို့ရဲ့အားထုတ်လုပ်ဆောင်မှုတွေကြောင့် သူစွဲမှတ်သွားခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့က သူ့ဆီကို အရင်ဆုံးလာလည်ပြီး ရှင်းလင်းပြတာကို သူက ကျေးဇူးတင်ကြောင်းပြောပြီး လှိုက်လှိုက်လှဲလှဲချီးမွမ်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က လယ်ကွင်းလုပ်ငန်းလုပ်ဆောင်နေတဲ့ ညီအစ်ကိုနှစ်ယောက်ကို ဖမ်းဆီးဖို့ ရဲကို သူညွှန်ကြားခဲ့ကြောင်း နောက်ပိုင်းမှာ ကျွန်တော်တို့သိလိုက်ရတယ်။”
အေသင်မြို့ရှိ နိုင်ငံတော်ရှေ့နေရုံးများသို့ သွားရောက်လည်ပတ်ခဲ့သည့် သက်သေခံရှေ့နေနှစ်ဦးသည် အများတကာလေးစားခံရသော နာမည်ကြီး နိုင်ငံတော်ရှေ့နေကြီးတစ်ဦးက သူတို့ထံ ချဉ်းကပ်လာခြင်းကြောင့် အံ့အားသင့်သွားကြသည်။ သူတို့ကို အနားသို့ခေါ်ပြီး ဘာသာသွင်းခြင်းကို ကန့်ကွက်သည့် ဥပဒေသည် အခြေအမြစ်လုံးဝမရှိကြောင်း၊ ဂရိတရားရုံးစနစ်ကို ရှုပ်ထွေးစေကြောင်း ပြောပြခဲ့သည်။ လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ကာ ညီအစ်ကိုများကို ကျေးဇူးတင်စကားဆိုခဲ့သည်။
ဂရိနိုင်ငံမြောက်ပိုင်းတွင် နိုင်ငံတော်ရှေ့နေတစ်ဦးသည် အလွန်ဖော်ရွေပြီး စာပေကို လက်ခံခဲ့သည်။ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ကိုလှန်လှောကြည့်လိုက်သည်နှင့် မာတိကာပါ အခန်းမျိုးစုံကို တွေ့မြင်ရသောအခါ အံ့ဩတကြီးဖြစ်သွားသည်။ သူဤသို့မှတ်ချက်ချသည်– “ဒီစာအုပ်ဖော်ပြတဲ့အချက်တွေကို ဩသဒေါက်စ်ယုံကြည်ချက်တစ်ခုလုံးမှာ တစ်ခါမျှမတွေ့ဖူးဘူး။”
လွန်ခဲ့တဲ့အချိန်က ယေဟောဝါသက်သေများ၏ဆန္ဒကို ဆန့်ကျင်ကာ သွေးသွင်းဖို့အမိန့်ထုတ်ခဲ့ကြောင်း ဗီအောတီးအာခရိုင်ရှိ နိုင်ငံတော်ရှေ့နေတစ်ယောက်က ဝန်ခံခဲ့သည်။ သို့သော် ဤကိစ္စကို ညီအစ်ကိုများက သူနှင့်ဆွေးနွေးသုံးသပ်ပြီးနောက် သူဤသို့ထုတ်ဖော်ပြောခဲ့သည်– “နောက်ဆိုရင် အဲ့လိုအမိန့်မျိုးကို ကျွန်တော် ဘယ်တော့မျှ ထုတ်မှာမဟုတ်ဘူး။” သွေးအစားအခြားနည်းအားလုံးကို စမ်းကြည့်နိုင်ရန်အလို့ငှာ ယေဟောဝါသက်သေများ၏ ဒေသခံဆေးရုံဆက်သွယ်ရေးကော်မတီနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သူဆုံးဖြတ်ခဲ့သည်။ လူငယ်များအမေး စာအုပ်ကို သူ ဝမ်းပန်းတသာလက်ခံခဲ့သည်။
စာကြည့်တိုက်မှူးများ တုံ့ပြန်ကြ
ထိုအကြောင်းအရာကို စာကြည့်တိုက်မှူးများစွာထံသို့လည်း တင်ပြခဲ့ကြသည်။ အေသင်မြို့ရှိ စာကြည့်တိုက်တစ်ခုတွင် ယဉ်ကျေးသိမ်မွေ့သော စာကြည့်တိုက်မှူးတစ်ဦးသည် စာပေကို လက်ခံကာ ဤသို့မှတ်ချက်ချခဲ့သည်– “ကျွန်တော်တို့ရဲ့ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အများစုဟာ ခင်ဗျားတို့ကို ဆန့်ကျင်တဲ့စာအုပ်တွေဖြစ်တာကြောင့် ခင်ဗျားတို့ရဲ့စာအုပ်တွေကို ကျွန်တော်တို့အတွက် ယူလာပေးတာ သိပ်ကောင်းတာပေါ့။ . . . ဓမ္မဆရာတစ်ဦးကတော့ ခင်ဗျားတို့စာအုပ်တွေကို ဒီစာကြည့်တိုက်မှာ လုံးဝမမြင်ချင်ဘူး။ . . . ကိစ္စမရှိပါဘူး။ သဘောထင်မြင်ချက်အားလုံးကို ကြားနာသင့်ပါတယ်။”
ယေဟောဝါသက်သေများကို စစ်အကျဉ်းစခန်းထဲတွင် သိရှိလာခဲ့သော ကရေတေကျွန်းရှိ မြို့တော်စည်ပင်သာစာကြည့်တိုက်တစ်ခုမှ အရာရှိတစ်ဦးက စစ်ပွဲတွင် မပါဝင်ရန် ယေဟောဝါသက်သေများ ငြင်းဆန်ခြင်းကြောင့် မိမိစွဲမှတ်သွားရပါကြောင်း ညီအစ်ကိုများကို ပြောပြခဲ့သည်။ ‘ဒီလူတွေဟာ ဘာကြောင့်ဒုက္ခရောက်ကြရတာလဲ’ ဟု သူ့ကိုယ်ကို ဆက်ခါဆက်ခါ မေးနေခဲ့သည်။ ညီအစ်ကိုများထံမှ စာပေကို သူလက်ခံခဲ့ပြီး ညီအစ်ကိုများ၏လက်ရှိလှုပ်ရှားမှုနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ခင်ဗျားတို့ဟာ အလွန်ကောင်းတဲ့အလုပ်ကို လုပ်ခဲ့ကြတယ်၊ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အဲ့လိုလုပ်သင့်တာ။ . . . ဂရိနိုင်ငံမှာ စိတ်စွန်းကွက်မှုတွေ အများကြီးရှိနေတယ်။” ညီအစ်ကိုများ မကြာမီ ထပ်လည်ပတ်ပေးဖို့ သူတောင်းဆိုခဲ့သည်။
ဤအထူးလှုပ်ရှားမှုပြုလုပ်ချိန်အတွင်း ညီအစ်ကိုများသည် ကြွေးကြော်သူများ စာအုပ် ၁,၀၀၀ ကျော်၊ ဂရိနိုင်ငံရှိ ယေဟောဝါသက်သေများ ဘရိုရှာ ၁,၆၀၀ ကျော်အပြင် ရာနှင့်ချီသော စာအုပ်ကြီးများနှင့် မဂ္ဂဇင်းများကို ဝေငှခဲ့ကြသည်။ သူတို့သည် ရာနှင့်ချီသော ဂရိအရာရှိများနှင့် နဖူးတွေ့ဒူးတွေ့ပြောဆိုကြခြင်းက သာ၍ပင် အကျိုးဖြစ်ထွန်းသည်။ ယခုအခါတွင် ဂရိနိုင်ငံရှိ နှလုံးရိုးဖြောင့်သော အာဏာပိုင်များသည် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ သဘောထားပျော့ပျောင်းလာမည်ဟု ဂရိနိုင်ငံရှိ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ မျှော်လင့်ကြသည်။