သတိရအောက်မေ့ပွဲကို ထိုက်သင့်လျော်ကန်စွာ ကျင်းပခြင်း
စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်၏ညနေပိုင်းချိန်ခါတွင် သတိရအောက်မေ့ပွဲကို ယေရှု အစပြုတည်ထောင်ခဲ့၏။a ကိုယ်တော်သည် မိမိ၏ ၁၂ ပါးသောတမန်တော်တို့နှင့်အတူ ပသခါပွဲကို ကျင်းပပြီးရုံသာရှိသေးသောကြောင့် ထိုနေ့စွဲနှင့်ပတ်သက်၍ ကျွန်ုပ်တို့သံသယကင်းနိုင်ပေသည်။ သစ္စာဖောက်ယုဒကို ထွက်သွားစေပြီးနောက် ယေရှုသည် “မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ‘ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့’ ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင် ထိုသူရှိသမျှတို့သည် သောက်ကြ၏။ ကိုယ်တော်ကလည်း ‘ဤခွက်ကား “ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍” လူများအဖို့အလိုငှာ သွန်းသော “ငါ၏အသွေး” ဖြစ်၏’ . . . ဟု မိန့်တော်မူ၏။”—မာကု ၁၄:၂၂-၂၅။
ယေရှုသည် မိမိ၏သေခြင်းကို သတိရအောက်မေ့ပွဲကျင်းပကြရန် တပည့်တော်များအား မိန့်မှာတော်မူခဲ့ရခြင်းမှာ ယင်း၏အရေးပါမှုအတွက်ကြောင့်ဖြစ်၏။ (လုကာ ၂၂:၁၉; ၁ ကောရိန္သု ၁၁:၂၃-၂၆) ကိုယ်တော်၏ပူဇော်သကာတစ်ခုတည်းကသာ အမွေဆက်ခံထားရသည့် အပြစ်နှင့် သေခြင်းကျိန်စာမှ လူသားများကို ရွေးနုတ်နိုင်သည်။ (ရောမ ၅:၁၂; ၆:၂၃) ကိုယ်တော်အသုံးပြုခဲ့သည့် မုန့်နှင့် စပျစ်ရည်သည် ကိုယ်တော်၏စုံလင်သော ခန္ဓာကိုယ်နှင့် အသွေးတော်ကို ကိုယ်စားပြု၏။ မူလနေ့စွဲကို သိရှိထားခြင်းက ဂျူးပသခါပွဲကို ကျင်းပခဲ့ကြသကဲ့သို့ နှစ်စဉ်နှစ်တိုင်းလျော်ညီသည့်နေ့ရက်၌ ပွဲတော်ကို ကျင်းပနိုင်စေသည်။ သို့သော် ထိုက်သင့်လျော်ကန်စွာ ကျင်းပရမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း။
အထိမ်းအမှတ်များဖြစ်သော မုန့်နှင့် စပျစ်ရည်ကို သုံးဆောင်သူတို့သည် “သခင်ဘုရားအသေခံတော်မူခြင်း ကို ကြွလာတော်မမူမီတိုင်အောင်ပြကြ၏” ဟု တမန်တော်ပေါလုက ဆိုသည်။ (၁ ကောရိန္သု ၁၁:၂၆) ထို့ကြောင့် ပွဲ၏အဓိကအချက်မှာ ယေရှု၏သေခြင်းနှင့် လူသားများနှင့်ပတ်သက်သော ယင်း၏အဓိပ္ပာယ်တို့ပင် ဖြစ်ပေသည်။ ထိုပွဲသည် လေးနက်မှုရှိရမည်၊ ဘုရားသခင်၏ကောင်းမြတ်မှုကိုလည်းကောင်း၊ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်အပေါ် ကျွန်ုပ်တို့၌ရှိသင့်သောလေးမြတ်မှုကိုလည်းကောင်း အလေးအနက်စဉ်းစားသင့်သည့်အချိန်ဖြစ်သည်။ (ရောမ ၅:၈; တိတု ၂:၁၄; ၁ ယောဟန် ၄:၉၊ ၁၀) ထို့ကြောင့် “သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏” ဟု ပေါလု သတိပေးခဲ့သည်။—၁ ကောရိန္သု ၁၁:၂၇။
ထိုက်သင့်လျော်ကန်စွာ—မည်သို့အားဖြင့်နည်း
ရှင်းနေသည်မှာ ကျွန်ုပ်တို့သည် သံသယဖြစ်ဖွယ်ရှိသောအမူအကျင့်များ၌ ပါဝင်ခြင်းအားဖြင့်သော်လည်းကောင်း၊ တိတ္ထိဓလေ့ထုံးစံများကို ခံယူခြင်းအားဖြင့်သော်လည်းကောင်း ထိုပွဲကို မလေးမခန့် ပြုမည်ဆိုပါက ဘုရားသခင်နှစ်သက်တော်မူလိမ့်မည်မဟုတ်ချေ။ (ယာကုပ် ၁:၂၇; ၄:၃၊ ၄) ယင်းက အီစတာ၏ရေပန်းစားသောထုံးစံများကို မြစ်တားပေလိမ့်မည်။ “[ကိုယ်တော့်] ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြ” ခြင်းငှာ ယေရှု၏ညွှန်ကြားချက်ကိုလိုက်လျှောက်ရာ၌ သတိရအောက်မေ့ပွဲကို ကိုယ်တော်အစပြုတည်ထောင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့ကျင်းပလိုကြမည်။ (လုကာ ၂၂:၁၉; ၁ ကောရိန္သု ၁၁:၂၄၊ ၂၅) ယင်းက ခရစ်ယာန်ဘောင်ချာ့ချ်များ ပွဲတော်၌ထပ်ထည့်ခဲ့ကြသည့်အဆောင်အယောင်များကို ပယ်ချေတော့မည်။ “ယနေ့ခေတ် မားစ်သည် ခရစ်တော်နှင့် ကိုယ်တော့်တမန်တော်များ လိုက်လျှောက်ခဲ့ကြသော အလွန်ရိုးရှင်းသည့်ပွဲနှင့် ကွာခြားလှပေသည်” ဟု New Catholic Encyclopedia က ဝန်ခံထားသည်။ ထို့ ပြင် ခရစ်ယာန်ဘောင်သည် မားစ်ကို မကြာခဏကျင်းပခြင်း၊ နေ့စဉ်ပင်ကျင်းပခြင်းအားဖြင့် ယေရှု ရည်ရွယ်ခဲ့သည့်အရာမှ သွေဖည်သွားပြီး ထိုပွဲကို သာမန်အဖြစ်အပျက်တစ်ခုမျှ ဖြစ်သွားစေသည်။
ပေါလုသည် ကောရိန္သုမြို့သား ခရစ်ယာန်များထံ ထိုက်သင့်လျော်ကန်စွာ ပါဝင်သုံးဆောင်ခြင်းနှင့်ပတ်သက်၍ စာရေးခဲ့သည်။ အကြောင်းမှာ သခင့်ညစာစားပွဲနှင့်စပ်လျဉ်း၍ အသင်းတော်တွင်း ပြဿနာတစ်ရပ်ပေါ်ပေါက်နေခြင်းကြောင့်ဖြစ်သည်။ အချို့တို့က ၎င်း၏မြင့်မြတ်မှုကို လေးစားမှုမရှိကြချေ။ သူတို့၏ညစာကို ယူဆောင်လာကြပြီး စည်းဝေးချိန်မတိုင်မီ သို့မဟုတ် စည်းဝေးချိန်အတွင်း၌ စားသောက်ကြသည်။ မကြာခဏပင် သူတို့သည် အလွန်အကျွံစားသောက်ကြသည်။ ယင်းက သူတို့ကို ငိုက်မြည်းစေပြီး အာရုံများကို ထိုင်းမှိုင်းစေသည်။ စိတ်ပိုင်းနှင့် ဝိညာဏပိုင်း၌ နိုးကြားမှုမရှိကြခြင်းအားဖြင့် “ကိုယ်တော်ကို ပိုင်းခြား၍မသိ” နိုင်ကြသောကြောင့် “သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှား” ကြလေသည်။ ထိုအခိုက်အတန့်၌ ညစာမစားခဲ့သောသူတို့သည် ဆာလောင်ပြီး အာရုံမစိုက်နိုင်ဘဲဖြစ်လာလေသည်။ သူတို့အားလုံးနီးပါးတို့သည် ပွဲ၏လေးနက်မှု—သခင့်သေဆုံးခြင်းကို အောက်မေ့သည့်အနေနှင့် ပွဲကျင်းပခြင်း—ကို အပြည့်အဝနားလည်သဘောပေါက်မှု၊ လေးမြတ်မှုတို့ဖြင့် အထိမ်းအမှတ်များကိုသုံးဆောင်ကြသည့် အခြေအနေမျိုး၌ မရှိကြချေ။ ယင်းက သူတို့အပေါ်၌ အပြစ်သာရောက်စေခဲ့သည်။ အကြောင်းမှာ ၎င်းကို သူတို့မလေးမစား၊ မထီမဲ့မြင်ပင်ပြုကြသည့်အတွက်ကြောင့် ဖြစ်သည်။—၁ ကောရိန္သု ၁၁:၂၇-၃၄။
ထိုးထွင်းသိမြင်မှုလိုအပ်
အချို့သောသူတို့သည် သတိရအောက်မေ့ပွဲအထိမ်းအမှတ်များကို သုံးဆောင်ခဲ့ကြသော်လည်း ထိုသို့မလုပ်ဆောင်သင့်ကြောင်း နောက်ပိုင်း၌ ပြန်လည်သိမြင်လာကြသည်။ သတိရအောက်မေ့ပွဲအထိမ်းအမှတ်များ သုံးဆောင်ထိုက်သူများကို ဘုရားသခင်ရွေးချယ်ထားပြီးဖြစ်ကာ ယင်းအတွက်လည်း ဘုရားသခင်၏ဝိညာဉ်တော်သက်သေခံချက်ရှိလေသည်။ (ရောမ ၈:၁၅-၁၇; ၂ ကောရိန္သု ၁:၂၁၊ ၂၂) သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့် ထိုက်တန်သူများဖြစ်သွားကြခြင်းမဟုတ်ပါ။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်ချုပ်မည့်သူ အရေအတွက်မှာ ၁၄၄,၀၀၀ ဖြစ်သည်ဟု ဘုရားသခင်ကန့်သတ်ထားတော်မူပြီးဖြစ်ရာ ခရစ်တော်၏ရွေးနုတ်ဖိုးမှ အကျိုးခံစားရသူအားလုံးနှင့် နှိုင်းစာလျှင် ယင်းသည် အနည်းငယ်သောအရေအတွက်သာဖြစ်သည်။ (ဗျာဒိတ် ၁၄:၁၊ ၃) ရွေးချယ်မှုသည် ယေရှုခေတ်အချိန်က စတင်ခဲ့သောကြောင့် ယနေ့ သုံးဆောင်သူအနည်းငယ်သာ ရှိလေတော့သည်။ သူတို့ထဲမှ အချို့သူများသေဆုံးသွားကြသည့်အတွက် အရေအတွက်မှာ လျော့နည်းသွားသင့်သည်။
လူတစ်ဦးသည် အထိမ်းအမှတ်များကို အဘယ့်ကြောင့် မှားယွင်းစွာ သုံးဆောင်မိသွားနိုင်သနည်း။ ယင်းမှာ သစ္စာရှိသူအားလုံး ကောင်းကင်သွားမည်ဟူသည့် ယခင်ဘာသာရေးအမြင်ကြောင့် ဖြစ်ကောင်းဖြစ်မည်။ သို့တည်းမဟုတ် ရည်ရွယ်ချက်ကြီးမှု၊ အတ္တဆန်မှု—အခြားသူများထက် ပို၍ထိုက်တန်သည်ဟူသည့်ခံစားချက်—နှင့် ကျော်ကြားလိုသည့် စိတ်ဆန္ဒတို့ကြောင့် ဖြစ်ကောင်းဖြစ်မည်။ ၎င်းမှာ ကမ္ဘာပေါ်၌ အသက်ရှင်ချင်စိတ်ကုန်သွားစေသည့် အလွန်ခက်ခဲသောပြဿနာများ သို့မဟုတ် ဘေးဒုက္ခများမှ ထွက်ပေါ်လာသည့် ပြင်းထန်သည့်စိတ်လှုပ်ရှားမှုများ၏ အကျိုးရလဒ်ကြောင့် ဖြစ်ကောင်းဖြစ်မည်။ ကောင်းကင်ခေါ်တော်မူခြင်းခံရသောသူတစ်ဦးတစ်ယောက်နှင့် ရင်းနှီးသည့်မိတ်ဆွေဖြစ်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။ ဆုံးဖြတ်ချက်ချရမည်မှာ ကျွန်ုပ်တို့မဟုတ်ဘဲ ဘုရားသခင်တစ်ပါးတည်းသာဖြစ်ကြောင်း ကျွန်ုပ်တို့သတိရဖို့လိုအပ်၏။ (ရောမ ၉:၁၆) ထို့ကြောင့် ပုဂ္ဂိုလ်တစ်ဦးသည် “စစ်ကြောပြီး” ကာမှ အထိမ်းအမှတ်ကို အမှန်တကယ်သုံးဆောင်သူ မဖြစ်သင့်ကြောင်းတွေ့ရှိပါက ယခုသူရှောင်ကြဉ်သင့်ပြီ။—၁ ကောရိန္သု ၁၁:၂၈။
လူအများစု၏ရှေ့၌ ဘုရားသခင်ချထားပေးတော်မူသော မျှော်လင့်ချက်မှာ ပရဒိသုကမ္ဘာပေါ်တွင် ထာဝရအသက်ရှင်ခြင်းဖြစ်သည်။ ၎င်းကို မျှော်လင့်စောင့်စားရခြင်းသည် ကြီးမားသည့်ကောင်းချီးတစ်ရပ်ဖြစ်ကာ ကျွန်ုပ်တို့ကို လွယ်လင့်တကူဆွဲဆောင်မှုရှိစေသည့် အရာတစ်ခုဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈; ဆာလံ ၃၇:၉၊ ၁၁) သစ္စာရှိသူများသည် မိမိတို့၏ ထမြောက်လာမည့်ချစ်မြတ်နိုးရသူများနှင့် ပြန်လည်တွေ့ဆုံပေါင်းစည်းရာနှင့်၊ ကောင်းကင်အသက်တာလမ်းကို ယေရှုဖွင့်မပေးမီက သေဆုံးသွားကြသော ရှေးကဖြောင့်မတ်သူများဖြစ်သည့် အာဗြဟံ၊ စာရာ၊ မောရှေ၊ ရာခပ်၊ ဒါဝိဒ်၊ နှစ်ခြင်းဆရာယောဟန်တို့နှင့် ဆုံစည်းရာနေရာမှာ ကမ္ဘာပေါ်၌ပင်ဖြစ်သည်။—မဿဲ ၁၁:၁၁; ၁ ကောရိန္သု ၁၅:၂၀-၂၃ နှိုင်းယှဉ်။
မြေကြီးမျှော်လင့်ချက်ရှိသူများသည် မုန့်နှင့် စပျစ်ရည်ကို မသုံးဆောင်ကြသော်လည်း ပွဲတော်ကိုတက်ရောက်ခြင်း၊ လေးစားဂရုပြုခြင်းအားဖြင့် သခင့်ညစာစားပွဲကို ထိုက်သင့်လျော်ကန်စွာ ကျင်းပကြသည်။ ဘုရားသခင်၏ရှေ့တော်၌ မျက်နှာသာရစေနိုင်သော ခရစ်တော်၏ပူဇော်သကာမှ သူတို့သည်လည်း အကျိုးခံစားရပါသည်။ (ဗျာဒိတ် ၇:၁၄၊ ၁၅) ဟောပြောချက်ကို နားထောင်နေစဉ် မြင့်မြတ်သောအရာများအပေါ် သူတို့၏ကျေးဇူးတင်လေးမြတ်မှု ပိုခိုင်မာလာပြီး အရပ်ရပ်ရှိဘုရားသခင့်လူမျိုးနှင့် ဆက်လက်၍စည်းလုံးစွာနေထိုင်လိုစိတ် တိုးပွားလာပါသည်။
ဤနှစ် ဧပြီ ၂ ရက်၊ အင်္ဂါနေ့နေဝင်ပြီးနောက်၌ ကမ္ဘာတစ်ဝန်းရှိ ၇၈,၀၀၀ ကျော်သော ယေဟောဝါသက်သေများ၏အသင်းတော်အားလုံးတွင် သတိရအောက်မေ့ပွဲကို ကျင်းပကြပါလိမ့်မည်။ တက်ရောက်သူများတွင် အသင်ပါဝင်မည်လော။
[အောက်ခြေမှတ်ချက်များ]
a ဂျူးနေ့ရက်သည် ညနေပိုင်းတွင် အစပြု၏။ ကျွန်ုပ်တို့၏ပြက္ခဒိန်အရဆိုလျှင် နိသန်လ ၁၄ ရက်သည် မတ် ၃၁၊ ကြာသပတေးနေ့ ညနေပိုင်းမှစ၍ ဧပြီ ၁၊ သောကြာနေ့ ညနေပိုင်းနေဝင်ချိန်အထိ ဖြစ်သည်။ သတိရအောက်မေ့ပွဲကို ကြာသပတေးနေ့ညနေပိုင်း၌ အစပြုတည်ထောင်ခဲ့ပြီး ဂျူးနေ့ တစ်နေ့အတွင်းသာဖြစ်သော သောကြာနေ့မွန်းလွဲပိုင်းတွင် ယေရှုသေဆုံးခဲ့သည်။ တတိယမြောက်နေ့ ဖြစ်သော တနင်္ဂနွေနေ့နံနက်အစောပိုင်းတွင် ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူခဲ့သည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် သတိရအောက်မေ့ပွဲကို တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသည်