သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်ကြောင့် အဓိပ္ပာယ်ရှိကြောင်း
ယေရှုခရစ်တော်သည် ကိုယ်တော့်လူ့အသက်တာဘဝ၏ နောက်ဆုံးညတွင် သခင့်ညစာစားပွဲကို စတင်ကျင်းပတော်မူခဲ့သည်။ ယင်းကား ကြာသပတေးနေ့ညနေ၊ မတ် ၃၁ ရက်ဖြစ်ခဲ့၍ သောကြာနေ့မွန်းလွဲပိုင်း၊ ဧပြီ ၁ ရက်နေ့တွင် ယေရှုကွယ်လွန်တော်မူခဲ့သည်။ ဂျူးပြက္ခဒိန်အရ နေ့ရက်များကို နေ့တစ်နေ့၏ညနေချိန်မှ နောက်နေ့ညနေချိန်အထိ သတ်မှတ်လေ့ရှိသည့်အတွက် သခင့်ညစာစားပွဲနှင့် ယေရှု၏သေသောနေ့ပါ စီအီး ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ဖြစ်သည်။
ဤစားသောက်ပွဲကို ယေရှုအဘယ်ကြောင့် စတင်ကျင်းပတော်မူသနည်း။ ကိုယ်တော်အသုံးပြုခဲ့သော မုန့်နှင့်စပျစ်ရည်က အဘယ်အရာကိုပုံဆောင်သနည်း။ မည်သူတို့ ပါဝင်သုံးဆောင်သင့်သနည်း။ ဤပွဲတော်ကို အကြိမ်ပေါင်းမည်မျှ ကျင်းပသင့်ပါသနည်း။ ယင်းသည် သင့်အတွက် မည်သို့အဓိပ္ပာယ်ရှိနိုင်ပါသနည်း။
အဘယ်ကြောင့် စတင်ကျင်းပခဲ့သနည်း
သခင့်ညစာစားပွဲနှင့်စပ်လျဉ်း၍ တမန်တော်များအား ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့။” ဟု မိန့်တော်မူ၏။ အခြားဘာသာပြန်ကျမ်းတစ်ကျမ်းအရ ကိုယ်တော်က “သတိရအောက်မေ့ဖို့ရာ ဤသို့ ပြုလော့” ဟုမိန့်တော်မူ၏။ (၁ ကောရိန္သု ၁၁:၂၄။ The New English Bible) အမှန်မှာ၊ သခင့်ညစာစားပွဲကို ခရစ်တော်သေခြင်း၏ အောက်မေ့ရာပွဲတော်ဟူ၍ မကြာခဏရည်ညွှန်းလေ့ရှိကြသည်။
ယေရှုသည် ယေဟောဝါ၏ ပိုင်သအုပ်စိုးခွင့်ကို သမာဓိစောင့်သိစွာ ထောက်ခံသူအဖြစ် ကွယ်လွန်ခဲ့ရာ ဖြောင့်မတ်သူများသည် ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်၏ဟု စွပ်စွဲသူ စာတန်သည် မုသားသုံး၊ ကဲ့ရဲ့သူမျှဖြစ်ကြောင်း သက်သေထူတော်မူသည်။ (ယောဘ ၂:၁-၅) ကိုယ်တော်၏သေခြင်းက ဘုရားသခင့်နှလုံးတော်ကို ရွှင်လန်းစေတော်မူခဲ့သည်။—သု၊ ၂၇:၁၁။
စုံလင်သောလူသားတစ်ဦးအဖြစ် ကွယ်လွန်ခြင်းအားဖြင့် ယေရှုသည် ‘အသက်ကိုစွန့်၍ လူများအတွက်ရွေးနှုတ်ဖိုးပေး’ နိုင်တော်မူခဲ့သည်။ (မဿဲ ၂၀:၂၈) ဘုရားသခင်ကို ပြစ်မှားခြင်းအားဖြင့် ပထမလူသားသည် စုံလင်သောလူ့အသက်နှင့် ယင်း၏မျှော်လင့်ရာများကိုပါ စွန့်လွှတ်ခဲ့သည်။ သို့သော် “ဘုရားသခင်၏ သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) မှန်ပါသည်။ “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”—ရောမ ၆:၂၃။
“သခင်ဘုရားထံ၌ ငါခံရပြီ”
ခရစ်တော်သေခြင်း၏ အထိမ်းအမှတ်ပွဲကျင်းပရခြင်းအကြောင်းကို တမန်တော်ပေါလု၏စကားက ပိုမိုသဘောပေါက်နားလည်စေသည်။ “သင်တို့ ၌ ငါအပ်ပေးသောအရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့အပ်နှံခြင်းကိုခံသောနေ့ညမှာ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ‘ဤမုန့်ကား သင်တို့အဖို့အလို့ငှာ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့’ ဟုမိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ ‘ဤခွက်ကား ငါ၏အသွေး၌တည်သောပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကိုအောက်မေ့ဖို့ရာသောက်ကြလော့’ ဟုမိန့်တော်မူ၏။ အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြကြ၏။”—၁ ကောရိန္သု ၁၁:၂၃-၂၆။
စီအီး ၃၃ နိသန်လ ၁၄ ရက်နေ့တွင် ပေါလုသည် ယေရှုနှင့်တမန်တော် ၁၁ ပါးနှင့်အတူ မရှိခဲ့သဖြင့် ယင်းအကြောင်းကို မှုတ်သွင်းခံဗျာဒိတ်တော်အားဖြင့် “သခင်ဘုရားထံ၌ ငါခံရပြီ” ဟုဆိုနိုင်ခဲ့ကြောင်း ထင်ရှားသည်။ ခရစ်တော်ကို နှက်တိုင်တင်သတ်ခြင်းငှာ ရောမလူမျိုးတို့အား တိုက်တွန်းခဲ့သော ဂျူးဘာသာရေးခေါင်းဆောင်များ၏လက်သို့ ယုဒ၏အပ်နှံခြင်းကိုခံသောနေ့ည” တွင် ယေရှုသည် သတိရအောက်မေ့ပွဲကို စတင်ကျင်းပခဲ့သည်။ အထိမ်းအမှတ်များဖြစ်သော မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်ခွင့်ရှိသူများသည် ကိုယ်တော်အား သတိရအောက်မေ့ခြင်းငှာ ထိုသို့ ပြုကြပါသည်။
အကြိမ်ပေါင်းမည်မျှတိုင် ကျင်းပကြရမည်နည်း
“သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြကြ၏” ဟူသောပေါလု၏စကားအဓိပ္ပာယ်ကား အဘယ်နည်း။ သစ္စာရှိဘိသိက်ခံခရစ်ယာန်များသည် သတိရအောက်မေ့ရာ အထိမ်းအမှတ်များကို သူတို့သေသည့်တိုင်အောင် “အခါခါ” သုံးဆောင်ပြီးနောက် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခံကြရမည်ဖြစ်သည်။ ယေရှု၏ပူဇော်သက္ကာသည် ယေဟောဝါ၏ပြင်ဆင်ချက်ဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်ကို ဘုရားသခင့်ရှေ့၊ လောကီသားများရှေ့တွင် ဤနည်းဖြင့် တင်ပြကြမည်ဖြစ်သည်။ မည်မျှကြာရှည် တင်ပြကြရမည်နည်း။ “ကြွလာတော်မမူမီတိုင်အောင်” ဟုပေါလုပြောဆိုခဲ့သဖြင့် ယေရှု “ရောက်ရှိနေချိန်” အတွင်း ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းကင်အရပ်သို့ ကိုယ်တော်၏ဘိသိက်ခံ တပည့်နောက်လိုက်များကို ခေါ်ဆောင်သွားရန် ယေရှုမရောက်မချင်း ဤပွဲတော်ကိုကျင်းပရမည်ဖြစ်သည်ဟု ဆိုလိုနေကြောင်း ထင်ရှားပါသည်။ (၁ သက်သာလောနိတ် ၄:၁၄-၁၇) ယင်းကား သစ္စာရှိတမန်တော် ၁၁ ပါးအား ခရစ်တော်မိန့်တော်မူခဲ့သောစကားများဖြစ်သည့် “ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” နှင့်ကိုက်ညီပါသည်။—ယောဟန် ၁၄:၃။
ခရစ်တော်သေခြင်း၏ အထိမ်းအမှတ်အဖြစ် နေ့စဉ်၊ သို့မဟုတ် ပတ်စဉ်ပွဲတော်ကျင်းပသင့်ပါသလော။ ပြန်သတိရပါ။ သခင့်ညစာစားပွဲကို ယေရှုစတင်ကျင်းပပြီးနောက် အီဂျစ်နိုင်ငံတွင် ကျွန်ဘဝမှ လွတ်မြောက်လာခြင်းကို ဣသရေလလူမျိုး အောက်မေ့ရာအဖြစ် ကျင်းပသော ပသခါပွဲတော်နေ့တွင် ကိုယ်တော်အသတ်ခံခဲ့ရသည်။ အမှန်သော်ကား၊ ယေရှုသည် ခရစ်ယာန်များအတွက် ပူဇော်သောသိုးသငယ်ဖြစ်သောကြောင့် ကိုယ်တော်အား “ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်” ဟူ၍ခေါ်ဆိုထားသည်။ (၁ ကောရိန္သု ၅:၇) ပသခါပွဲတော်ကို တစ်နှစ်တစ်ခါ နိသန်လ ၁၄ ရက်နေ့၌သာ ကျင်းပခဲ့ကြပါသည်။ (ထွက်မြောက်ရာ ၁၂:၆၊ ၁၄။ ဝတ်ပြုရာ ၂၃:၅) ယင်းကြောင့် ယေရှု၏သေခြင်းကို ပသခါပွဲတော်ကျင်းပခဲ့သည့်အခါခါ—နေ့စဉ်၊ သို့မဟုတ် ပတ်စဉ်မဟုတ်ပဲ နှစ်စဉ်သာ အထိမ်းအမှတ်အဖြစ် ကျင်းပသင့်ကြောင်း သဘောပေါက်နားလည်စေသည်။
ခရစ်ယာန်အမည်ခံယူသူများစွာသည် ယေရှု၏သေခြင်းကို တစ်နှစ်လျှင်တစ်ကြိမ် အထိမ်းအမှတ်ပွဲကျင်းပခဲ့ခြင်းမှာ ရာစုနှစ်ပေါင်းများစွာရှိပါပြီ။ နိသန်လ ၁၄ ရက်နေ့တွင် သူတို့ကျင်းပခဲ့ကြသောကြောင့် သူတို့အား “ဆယ့်လေးရက်သမားများ” အဓိပ္ပာယ်ရှိသည့် ကွာတိုဒက်စီမင် ဟူ၍ခေါ်ကြသည်။ သူတို့အကြောင်း သမိုင်းဆရာ ဂျေ၊ အယ်လ် ဖောန် မိုရှိန်းက ဤသို့ရေးသားခဲ့သည်။ “အာရှမိုင်းနားရှိ ခရစ်ယာန်များသည် သခင့်ညစာစားပွဲနှင့် ယေရှုခရစ်သေခြင်း၏ အထိမ်းအမှတ်အဖြစ် ဤမြင့်မြတ်သောပွဲတော်ကို ဂျူးများ ပါ့စကဲလ်သိုးသငယ်သုံးဆောင်သည့် ပထမလ [နိသန်] ဆယ့်လေးရက်နေ့ ၏ညနေချိန် တစ်ချိန်တည်း တွင်ပင် ကျင်းပလေ့ရှိကြသည်။ . . . ပညတ်တရားကို လိုက်နာဘိသကဲ့သို့ ခရစ်တော်၏ပုံသက်သေကို သူတို့ယူမှတ်ကြပါသည်။”
အထိမ်းအမှတ်များ၏ လေးနက်သောအဓိပ္ပာယ်
ယေရှုသည် “မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့” ခဲ့သည်ဟု ပေါလုပြောပါသည်။ တဆေးမပါပဲ ဂျုံနှင့်ရေကိုနယ်၍ဖုတ်သောမုန့်ကြွပ်ကို စားသုံးခြင်းငှာ ဖဲ့ပေးရန် လိုခဲ့သည်။ ကျမ်းစာပုံဆောင်ချက်စကားအရ တဆေးသည် အပြစ်၊ သို့မဟုတ် ပုပ်ပျက်ခြင်းကို ဆိုလိုပါသည်။ အသင်းတော်မှ စာရိတ္တယိုယွင်းသူတစ်ဦးအား ကောရိန္သုခရစ်ယာန်များ နှင်ထုတ်ပစ်ရန် တိုက်တွန်းခဲ့ရာတွင် ပေါလုက “အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။ သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏။ ထိုကြောင့် ဟောင်းသောတဆေး၊ ဆိုးညစ်မိုက်မဲခြင်းတဆေးတို့ကိုပယ်ပစ်၍ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။” (၁ ကောရိန္သု ၅:၆-၈) မုန့်ချဉ်အနည်းငယ်သည် မုန့်တစ်ပုံလုံးကို ဖောင်းပွစေနိုင်သကဲ့သို့ အပြစ်ရှိသောသူ၏ ပျက်စီးညစ်ညူးစေသောသြဇာကို ပယ်ထုတ်မပစ်လျှင် အသင်းတော်သည် ဘုရားသခင့်မျက်မှောက်တော်တွင် မသန့်မရှင်းဖြစ်သွားနိုင်ပါသည်။ ပသခါပွဲပြီးနောက် တဆေးမဲ့မုန့်ပွဲခံချိန်တွင် ဣသရေလလူမျိုးသည် မိမိတို့အိမ်များတွင် တဆေးမထားရသကဲ့သို့ပင် သူတို့အလယ်မှ “တဆေး” ကိုထုတ်ပစ်ကြရန်လိုပါသည်။
တဆေးမပါသော သတိရအောက်မေ့ရာပွဲတော်မုန့်နှင့်စပ်လျဉ်း၍ ယေရှုက “ဤမုန့်ကား သင်တို့အဖို့အလို့ငှာ . . . ငါ၏ကိုယ်ဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၄) ထိုမုန့်သည် ယေရှု၏စုံလင်သော အသွေးအသားကိုယ်ခန္ဓာကိုပုံဆောင်၍ ယင်းအကြောင်း ပေါလု ဤသို့ရေးသားခဲ့သည်။ “ခရစ်တော် [ယေရှု] သည် ဤလောကသို့ ကြွလာသောအခါ ‘အိုဘုရားသခင်၊ ကိုယ်တော်သည် “ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူ” သောအခါ (ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ) “အကျွန်ုပ်သည် ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှာ သွားပါမည်” ဟု အကျွန်ုပ်ဝန်ခံပါသည်ဟုလျှောက်ဆို၏။’ . . . ထို ‘အလိုတော်’ နှင့်အညီ ယေရှုခရစ်၏ကိုယ်တော်ကို တစ်ခါတည်းပူဇော်သောအားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။” (ဟေဗြဲ ၁၀:၅-၁၀) ယေရှု၏စုံလင်သောလူ့ခန္ဓာကိုယ်သည် အပြစ်မရှိ၍ လူသားအတွက် ရွေးနှုတ်ဖိုးပူဇော်သက္ကာအဖြစ် အသုံးတော်ခံနိုင်ပါသည်။—ဟေဗြဲ ၇:၂၆။
အဘယ်အရာနှင့်မျှရောစပ်ခြင်းမရှိသော စပျစ်ရည်အနီ ခွက်ဖလားအတွက် ဆုတောင်းပေးပြီးနောက် ယေရှုက “ဤခွက်ကား ငါ၏အသွေး၌တည်သောပဋိညာဉ်တရားသစ်ဖြစ်၏” ဟုမိန့်တော်မူသည်။ (၁ ကောရိန္သု ၁၁:၂၅) အခြားဘာသာပြန်တစ်ခုက “ဤခွက်ကား ငါ၏အသွေးအားဖြင့် တရားဝင်အတည်ပြုသော ပဋိညာဉ်သစ်ဖြစ်သည်” ဟုဆိုသည်။ (Moffatt) ဣသရေလလူမျိုးနှင့် ဘုရားသခင်ဖွဲ့တော်မူခဲ့သော ပညတ်ပဋိညာဉ်ကို ပူဇော်ခံရသည့်နွားနှင့်ဆိတ်များ၏အသွေးက အတည်ပြုခဲ့သည့်အတိုင်းပင် သေခြင်း၌သွန်းတော်မူခဲ့သော ယေရှု၏အသွေးသည် ပဋိညာဉ်သစ်ကို တရားဝင်အတည်ပြုခဲ့သည်။ ထိုပဋိညာဉ်အကြောင်း ဖော်ပြခြင်းဖြင့် သတိရအောက်မေ့ရာပွဲတော်၏ အထိမ်းအမှတ်များကို မည်သူမည်ဝါများ သုံးဆောင်ခွင့်ရှိကြောင်း သိနိုင်ရန် အကူအညီပေးပါသည်။
မည်သူသုံးဆောင်သင့်သနည်း
ပဋိညာဉ်သစ်အဝင်ဖြစ်သော ယေရှု၏ဘိသိက်ခံနောက်တော်လိုက်များသည် သတိရအောက်မေ့ရာပွဲတော် အထိမ်းအမှတ်များကို သင့်တော်စွာ သုံးဆောင်ခွင့်ရှိသည်။ ဤပဋိညာဉ်ကို ဘုရားသခင်နှင့် ဝိညာဏဣသရေလလူမျိုးစပ်ကြား ဖွဲ့ထားတော်မူသည်။ (ယေရမိ ၃၁:၃၁-၃၄။ ဂလာတိ ၆:၁၆) သို့သော် ပဋိညာဉ်သစ်သည် နောက်ဆုံးတွင် နာခံမှုရှိသောလူသားအပေါင်းအပေါ် ကောင်းချီးများသက်ရောက်စေမည်ဖြစ်၍ အသင်သည် ထိုကောင်းချီးများကို ခံစားရသူများအဝင် ဖြစ်နိုင်ပါသည်။
သတိရအောက်မေ့ရာပွဲတော် အထိမ်းအမှတ်များကို သုံးဆောင်သူများသည် ယေရှုဖွဲ့တော်မူခဲ့သော နိုင်ငံတော်အတွက် နှစ်ကိုယ်ကြားပဋိညာဉ်အဝင် ဖြစ်ကြရမည်။ ဤပွဲတော်ကို စတင်ကျင်းပခဲ့သောအခါ သစ္စာရှိတမန်တော်များအား ယေရှုက “ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကိုပေးတော်မူသည်နှင့်အညီ . . . ငါသည် သင်တို့အားပေးမည်” ဟုမိန့်တော်မူခဲ့သည်။ (လုကာ၊ ၂၂:၂၉) ဒါဝိဒ်မင်းကြီးနှင့် ဘုရားသခင်ဖွဲ့တော်မူခဲ့သော နိုင်ငံတော်ပဋိညာဉ်သည် ကောင်းကင်နိုင်ငံတော်တွင် ထာဝစဉ်အစိုးရတော်မူမည့်ယေရှု ကြွရောက်လာမည်အကြောင်း ညွှန်ပြခဲ့သည်။ ယေရှုနှင့်အတူ တွဲဖက်အုပ်စိုးကြမည့် ဝိညာဏဣသရေလ ၁၄၄,၀၀၀ သည်သိုးသငယ်ယေရှုခရစ်တော်နှင့်အတူ ကောင်းကင်အရပ်ဆိုင်ရာ ဇိအုန်တောင်ပေါ်ရပ်နေကြ၏ဟု ဖော်ပြထားပါသည်။ ရှင်ပြန်ထမြောက်ကြသည့်အခါ သူတို့သည် ခရစ်တော်နှင့်အတူ တွဲဖက်ဘုရင်နှင့်ယဇ်ပုရောဟိတ်များအဖြစ် အုပ်စိုးကြလိမ့်မည်။ (၂ ဓမ္မရာဇဝင် ၇:၁၁-၁၆။ ဗျာဒိတ် ၇:၄။ ၁၄:၁-၄။ ၂၀:၆) ပဋိညာဉ်သစ်အဝင်ဖြစ်၍ ယေရှုနှင့် နှစ်ကိုယ်ကြားပဋိညာဉ်တွင် ပါဝင်သောသူများသာလျှင် သခင့်ညစာစားပွဲ၏ အထိမ်းအမှတ်များကို သုံးဆောင်ထိုက်သည်။
ဘိသိက်ခံသူတို့သည် ဘုရားသခင်၏သားများ၊ ခရစ်တော်နှင့်အတူ အမွေစားအမွေခံသူများဖြစ်ကြောင်း ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့၏ဝိညာဉ်နှင့်တွဲဖက် သက်သေခံတော်မူ၏။ ပေါလုဤသို့ရေးသားခဲ့သည်။ “ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။” (ရောမ ၈:၁၆၊ ၁၇) ကောင်းကင်အသက်တာအတွက် ဘိသိက်ခံသူများအားသတ်မှတ်ထားကြောင်း ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားသောစွမ်းအားက သူတို့အတွင်း၌ ခံစားချက်ဖြစ်ပေါ်စေသည်။ ကောင်းကင်အသက်တာအကြောင်း ကျမ်းစာဖော်ပြသမျှသည် မိမိတို့နှင့်ဆိုင်သည်ဟု သူတို့ယူမှတ်ကြကာ လူ့အသက်တာအပါအဝင် မြေကြီးနှင့်ဆိုင်သောအရာအားလုံးကို စွန့်လွှတ်ရန် ဝန်မလေးကြပါ။ မြေကြီးဆိုင်ရာ ပရဒိသုတွင် အသက်ရှင်ခွင့်သည် အံ့ဖွယ်ကောင်းလိမ့်မည်ဖြစ်သော်လည်း ယင်းကို သူတို့မမျှော်လင့်ကြပါ။ (လုကာ ၂၃:၄၃) မှောက်မှားသောဘာသာရေးအမြင်ကိုအခြေမခံသည့် အမှန်ဖြစ်သော မပြောင်းမလဲနိုင်သည့် ကောင်းကင်မျှော်လင့်ချက်က သူတို့အား သတိရအောက်မေ့ရာပွဲတော် အထိမ်းအမှတ်များကို သုံးဆောင်ခွင့်ပြုသည်။
ကောင်းကင်ဘုရင်၊ ယဇ်ပုရောဟိတ်အရာအတွက် ခေါ်တော်မူခြင်းမခံရပဲလျက် မိမိကိုယ်ကို ထိုကဲ့သို့သောသူဖြစ်သည်ဟုအဆိုပြုလျှင် ယေဟောဝါအလိုတော်နှင့်တွေ့လိမ့်မည်မဟုတ်ပါ။ (ရောမ ၉:၁၆။ ဗျာဒိတ် ၂၂:၅) ယဇ်ပုရောဟိတ်အရာကို ရောင့်တက်ကာ လုယူရန်ကြံရွယ်ခဲ့သော ကောရအား ဘုရားသခင်ဒဏ်စီရင်တော်မူခဲ့သည်။ (ထွက်မြောက်ရာ ၂၈:၁။ တောလည်ရာ ၁၆:၄-၁၁၊ ၃၁-၃၅) ထိုကြောင့် စိတ်ထက်သန်ပြင်းပြခြင်း၊ သို့မဟုတ် ယခင်ဘာသာတရားအယူအဆများက တစ်ဦးတစ်ယောက်အား သတိရအောက်မေ့ရာပွဲတော် အထိမ်းအမှတ်များကို မှားယွင်းစွာ သုံးဆောင်စေခဲ့မည်ဆိုလျှင်ကော။ သို့ ဖြစ်လျှင် ထိုသူသည် မစားသုံးတော့ပဲ သူ့အား ဘုရားသခင်ခွင့်လွှတ်တော်မူရန် နှိမ့်ချစွာ ဆုတောင်းသင့်ပါသည်။—ဆာလံ ၁၉:၁၃။
သင့်ပေါ် မည်သို့အကျိုးသက်ရောက်
ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာအကျိုးကျေးဇူးကိုခံစားရပြီး ကမ္ဘာပေါ် ထာဝရအသက်ရရှိရန် သတိရအောက်မေ့ရာပွဲတော် အထိမ်းအမှတ်များကို သုံးဆောင်ရန် မလိုပါ။ ဥပမာ၊ အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ရေဗက္က၊ ဗောဇ၊ ရုသနှင့် ဒါဝိဒ်အစရှိသော ဘုရားကိုကြောက်ရွံ့သူများသည် ဤအထိမ်းအမှတ်များကို သုံးဆောင်ရလိမ့်မည်ဟု သမ္မာကျမ်းစာက တင်ပြမထားပါ။ သို့သော် သူတို့နှင့် အခြားသူအားလုံးတို့သည် ဤကမ္ဘာမြေကြီးပေါ် အဆုံးမရှိသောအသက်တာဘဝကို ရလိုကြလျှင် ဘုရားသခင်နှင့်ခရစ်တော်ကိုလည်းကောင်း၊ ယေဟောဝါပြင်ဆင်ပေးတော်မူခဲ့သော ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကိုလည်းကောင်း ယုံကြည်ကြောင်း တင်ပြကြရမည်။ (ယောဟန် ၃:၃၆။ ၁၄:၁) ခရစ်တော်သေခြင်း၏ နှစ်ပတ်လည်ပွဲတော်ကျင်းပခြင်းက ထိုကြီးမြတ်တော်မူသောယဇ်ပူဇော်သက္ကာကို သတိရစေပါသည်။
တမန်တော်ယောဟန်က “သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင် ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏” ဟုဆိုခြင်းဖြင့် ယေရှု၏ယဇ်ပူဇော်သက္ကာ၏ အရေးပါမှုကို ဖော်ပြပါသည်။ (၁ ယောဟန် ၂:၁၊ ၂) ယေရှုသည် မိမိတို့၏ “အပြစ်ဖြေစရာအကြောင်း” ဖြစ်သည်ဟူ၍ ဘိသိက်ခံခရစ်ယာန်များ ပြောနိုင်ကြသည်။ သို့ရာတွင် ကိုယ်တော်သည် လောကီသားအပေါင်းတို့၏အပြစ်အတွက် ယဇ်ပူဇော်သက္ကာဖြစ်သောကြောင့် ယခုအလွန်နီးကပ်နေသော ပရဒိသုကမ္ဘာပေါ်တွင် နာခံမှုရှိလူသားတို့သည် ထာဝရအသက်ရနိုင်ကြပါသည်။
ခရစ်တော်သေခြင်း၏ အထိမ်းအမှတ်ပွဲကိုတက်ရောက်ခြင်းအားဖြင့် စဉ်းစားစရာဖြစ်သော ကျမ်းစာဆိုင်ရာဟောပြောချက်မှ အသင် အကျိုးခံစားရလိမ့်မည်။ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မည်မျှအကျိုးကျေးဇူးပြုတော်မူခဲ့ကြောင်း သတိရပါလိမ့်မည်။ ဘုရားသခင်နှင့်ခရစ်တော်ကိုလည်းကောင်း၊ ယေရှု၏ ရွေးနှုတ်ဖိုးပူဇော်သက္ကာကိုလည်းကောင်း နက်ရှိုင်းလေးနက်စွာတန်ဖိုးထားတတ်သူများနှင့်အတူ စည်းဝေးခြင်းသည် ဝိညာဉ်ရေးဘက် များစွာအကျိုးသက်ရောက်စေပါလိမ့်မည်။ ဘုရားသခင်၏ မခံစားထိုက်သောကရုဏာတော်ကို ခံစားရသဖြင့် နောက်ဆုံးတွင် ထာဝရအသက်ရမည့်သူတစ်ဦးဖြစ်လိုသည့်ဆန္ဒကိုလည်း တိုးပွားခိုင်ခံ့မည်။ သခင့်ညစာစားပွဲသည် သင့်အတွက် များစွာအဓိပ္ပာယ်ရှိနိုင်သဖြင့် ၁၉၉၃၊ ဧပြီ ၆ ရက်၊ နေဝင်ပြီးအချိန်တွင် ယေရှုခရစ်တော်သေခြင်း၏ အထိမ်းအမှတ်ပွဲတော်ကျင်းပခြင်းငှာ ယေဟောဝါသက်သေများနှင့်အတူ စည်းဝေးတက်ရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။