ရေစီးတစ်ခါရေသာတစ်လှည့်ကာလတစ်လျှောက် ဘုရားသခင်၏လုပ်ငန်းတော်ကို စည်းလုံးစွာဖြင့် ထမ်းဆောင်ခြင်း
မီရှယ်လ်နှင့် ဘာဘက်မျူလာတို့ပြောပြသည်
“ခင်ဗျားတို့အတွက် သတင်းဆိုးပဲ။ အာဖရိကမှာ သာသနာပြုဖို့ မစဉ်းစားပါနဲ့တော့” ဟုဆရာဝန်ကပြောသည်။ သူက ကျွန်တော့်ဇနီး ဘာဘက်ကိုကြည့်ပြီး “ခင်ဗျား၊ ရင်သားကင်ဆာဖြစ်နေတယ်” ဟုပြောလိုက်သည်။
ကျွန်တော်တို့ ကြက်သေသေသွားကြသည်။ စိတ်ထဲ အကြောင်းအမျိုးမျိုးဝင်လာသည်။ ဤတစ်ကြိမ် ဆရာဝန်ထံသွားခြင်းသည် နောက်ဆုံးဆေးစစ်ခံရန်အတွက်သာဖြစ်မည်ဟု ကျွန်တော်တို့ထင်မိခဲ့ကြသည်။ အနောက်အာဖရိက၊ ဘီနင်နိုင်ငံသို့ အပြန်ခရီးလက်မှတ်များကို ကျွန်တော်တို့ဝယ်ထားနှင့်ပြီးပြီဖြစ်၍ တစ်ပတ်အတွင်း ပြန်ရောက်လိုကြသည်။ ကျွန်တော်တို့၏ ၂၃ နှစ်တာ အိမ်ထောင်သက်အတွင်း ရေစီးတစ်ခါရေသာတစ်လှည့်ဘဝကိုကျော်ဖြတ်ခဲ့ကြရသည်။ ယခုလည်း စိတ်ရှုပ်ထွေးပြီး စိုးရွံ့စွာဖြင့် ကင်ဆာရောဂါကိုခုခံဖို့ ကျွန်တော်တို့အားတင်းလိုက်ကြသည်။
အစကနဦးက ပြန်စကြစို့။ မီရှယ်လ်သည် ၁၉၄၇၊ စက်တင်ဘာလတွင်မွေးဖွားခဲ့သည်။ ဘာဘက်မူကား ၁၉၄၅၊ ဩဂုတ်လတွင်မွေးဖွားခဲ့သည်။ ကျွန်တော်တို့သည် ပြင်သစ်နိုင်ငံတွင် ကြီးပြင်းလာကြပြီး ၁၉၆၇ ခုနှစ်တွင် မင်္ဂလာဆောင်ခဲ့ကြသည်။ ပါရီမြို့တွင် ကျွန်တော်တို့နေထိုင်ကြသည်။ ၁၉၆၈ ခုနှစ်ဦးပိုင်း၊ နံနက်ခင်းတစ်ခု၌ ဘာဘက်သည် အလုပ်သွားရန် နောက်ကျနေသည်။ ထိုအချိန်တွင် အမျိုးသမီးတစ်ဦးရောက်လာပြီး ဘာသာရေးဘရိုရှာတစ်စောင်ကမ်းလှမ်းသဖြင့် ဘာဘက်ကလက်ခံယူလိုက်ရာ သူမက “ကျွန်မခင်ပွန်းနဲ့အတူ ရှင်တို့လင်မယားကို စကားလာပြောလို့ရမလား” ဟုမေးသည်။
ဘာဘက်သည် သူမ၏လုပ်ငန်းအကြောင်းသာ စဉ်းစားနေသည်။ ထိုအမျိုးသမီးကို ထွက်ခွာသွားစေလို၍ “ကောင်းပြီ” ဟု လွယ်လွယ်ပြောလိုက်သည်။
မီရှယ်လ်က ဤသို့ ပြန်ပြောပြသည်– “ဘာသာရေးကို ကျွန်တော်စိတ်မဝင်စားဘူး။ ဒါပေမဲ့ ဘရိုရှာကိုတော့ ကျွန်တော်စိတ်ဝင်စားမိလို့ ဖတ်ကြည့်လိုက်တယ်။ တစ်ရက်နှစ်ရက်ကြာတော့ ဂျာ့စလင်လမွမ်ဆိုတဲ့ အဲ့ဒီအမျိုးသမီးက သူ့ခင်ပွန်း ကလော့ဒ်နဲ့ ပြန်လာကြတယ်။ ကျမ်းစာကိုအသုံးပြုတာ တကယ်ကျွမ်းကျင်တယ်ဗျာ။ ကျွန်တော့်မေးခွန်းတွေအားလုံးကို သူဖြေပေးနိုင်တယ်။ သူတို့ကို ကျွန်တော် အတော်အထင်ကြီးသွားတယ်။
“ဘာဘက်က စိတ်ကောင်းရှိတဲ့ ကက်သလစ်တစ်ယောက်ပဲ။ ဒါပေမဲ့ သူ့မှာ ကျမ်းစာအုပ်တော့မရှိဘူး။ ကက်သလစ်တွေအတွက် အဲ့ဒါကတော့ မထူးဆန်းပါဘူးလေ။ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကို သူတွေ့ရပြီး ဖတ်လိုက်ရလို့ အတော်စိတ်ပျော်သွားတယ်။ ကျွန်တော်တို့သွန်သင်ခံထားရတဲ့ ဘာသာရေးအယူအဆ တော်တော်များများဟာ မှားနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့လေ့လာမှုကနေ သိလာတယ်။ ဒါနဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို အဲ့ဒီအကြောင်းတွေ ကျွန်တော်တို့စပြောပြကြတယ်။ ၁၉၆၉၊ ဇန်နဝါရီလမှာ ကျွန်တော်တို့ ယေဟောဝါရဲ့ နှစ်ခြင်းခံသက်သေတွေဖြစ်လာကြတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေထဲကနေ ကိုးယောက် နှစ်ခြင်းယူကြတယ်။”
ဟောပြောသူများလိုအပ်သည့်နေရာတွင် အမှုဆောင်ခြင်း
နှစ်ခြင်းခံပြီး များမကြာမီအချိန်တွင် ကျွန်တော်တို့ ဤသို့စဉ်းစားခဲ့သည်– ‘ငါတို့မှာ ကလေးမှမရှိတာ၊ အချိန်ပြည့်ဓမ္မအမှုကို ထမ်းဆောင်ကြရင် မကောင်းဘူးလား။’ သို့နှင့် ၁၉၇၀ ခုနှစ်တွင် အလုပ်ကထွက်ကြပြီး မှန်မှန်ရှေ့ဆောင်များအဖြစ် စာရင်းသွင်းကြသည်။ ထို့နောက် ပြင်သစ်နိုင်ငံ အလယ်ပိုင်း၊ နဲဗားစ်မြို့အနီးရှိ မာန်ယီလောမ်မြို့ငယ်ကလေးသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ထိုနေရာတွင် အမှုဆောင်ခြင်းသည် မလွယ်ကူလှပါ။ ကျမ်းစာလေ့လာလိုသူများကို တွေ့ဖို့ရန်ခဲယဉ်းသည်။ ဝမ်းစာရှာလုပ်ငန်းလည်းမရသောကြောင့် ကျွန်တော်တို့တွင် ငွေများများမရှိကြပါ။ တစ်ခါတစ်ရံ စားစရာ အာလူးသာရှိသည်။ ဆောင်းရာသီတွင် အပူချိန်သည် သုံညဒီဂရီဖာရင်ဟိုက်အောက် အတော်ကျသည်။ ထိုနေရာတွင် ကျွန်တော်တို့နေထိုင်ခဲ့သည့်ကာလကို နွားပိန်ခုနစ်ကောင်ကာလဟု အမည်ပေးခဲ့ပါသည်။—ကမ္ဘာဦး ၄၁:၃။
သို့သော် ကျွန်တော်တို့ကို ယေဟောဝါထောက်ပံ့ကူညီပေးတော်မူခဲ့သည်။ ကျွန်တော်တို့ စားစရာကုန်ခါနီးတစ်နေ့တွင် စာပို့လုလင်သည် ဘာဘက်၏အစ်မထံမှ ဒိန်ခဲဘူးကြီးတစ်ဘူး လာပို့ပေးသည်။ နောက်တစ်နေ့တွင် ဟောပြောခြင်းလုပ်ငန်းပြီး၍ အိမ်ပြန်ရောက်လာသောအခါ မိုင် ၃၀၀ ကျော်မှ အလည်လာကြသောမိတ်ဆွေများကို တွေ့လိုက်ရသည်။ ကျွန်တော်တို့၏ကျပ်တည်းမှုအကြောင်း သူတို့သတင်းရကြသည့်အတွက် ကားနှစ်စီးအပြည့် စားစရာများတင်လာခဲ့ကြသည်။
နောက်တစ်နှစ်ခွဲအကြာတွင် အသင်းမက ကျွန်တော်တို့ကို အထူးရှေ့ဆောင်များအဖြစ် ခန့်အပ်လိုက်သည်။ ထို့နောက်လေးနှစ်တာအတွင်း နဲဗားစ်မြို့၊ ထရွိုင်ယက်စ်မြို့နှင့် နောက်ဆုံး မောန်တိနီလေမက်စ်ဇ်မြို့များတွင် အမှုထမ်းခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် မီရှယ်လ်သည် ပြင်သစ်နိုင်ငံ၏ အနောက်တောင်ဘက်တွင် တိုက်နယ်ကြီးကြပ်မှူးအဖြစ်အမှုထမ်းရန် ခန့်အပ်ခံရသည်။
၎င်းနောက် နှစ်နှစ်ကြာလေသော် တိုက်နယ်ကြီးကြပ်မှူးသင်တန်းတက်နေစဉ် သာသနာပြုများအဖြစ် နိုင်ငံခြားသွားရန် ကင်းမျှော်စင်အသင်းထံမှ ကျွန်တော်တို့အတွက် ဖိတ်စာရောက်လာသည်; ချာ့ဒ် သို့မဟုတ် ဘာကီနာဖာဆို (ထိုစဉ်က အထက်ဗောလ်တာ) ကြိုက်သည့်နိုင်ငံတစ်နိုင်ငံကို ကျွန်တော်တို့ရွေးချယ်နိုင်သည်ဟု စာတွင်ဆိုထားသည်။ ချာ့ဒ်နိုင်ငံကို ကျွန်တော်တို့ ရွေးလိုက်သည်။ တဟီတီဌာနခွဲလက်အောက်၌ အမှုထမ်းကြရန်တာဝန်ကျသည်ဟူ၍ အခြားစာတစ်စောင် မကြာမီတွင်ရောက်လာပြန်သည်။ ဧရာမတိုက်ကြီးဖြစ်သည့် အာဖရိကတိုက်သို့ပို့ပေးရန် ကျွန်တော်တို့တောင်းဆိုခဲ့သော်လည်း နောက်ဆုံး ကျွန်းငယ်ကလေးတစ်ခုပေါ်တွင် ကျွန်တော်တို့ရောက်ရှိသွားကြ၏!
တောင်ပစိဖိတ်တွင် အမှုတော်ထမ်းခြင်း
တဟီတီကျွန်းသည် တောင်ပစိဖိတ်ရှိ အလွန်လှပသော အပူပိုင်းဇုံ ကျွန်းတစ်ကျွန်းဖြစ်သည်။ လေဆိပ်တွင် ညီအစ်ကိုတစ်ရာခန့် ကျွန်တော်တို့ကို လာကြိုဆိုကြသည်။ ကျွန်တော်တို့ကို ပန်းကုံးများစွပ်ပေးပြီးကြိုဆိုကြရာ ပြင်သစ်မှ ခရီးရှည်ကြောင့် ပင်ပန်းနေကြသော်လည်း အလွန်ပျော်ရွှင်သွားပါသည်။
တဟီတီကိုရောက်ပြီး လေးလအကြာတွင် အုန်းသီးခြောက်များတင်ထားသည့် ရွက်လှေတစ်စီးဖြင့် ကျွန်တော်တို့ စီးနင်းလိုက်ပါသွားကြသည်။ ငါးရက်အကြာတွင် ကျွန်တော်တို့တာဝန်ကျရာနေရာသစ်—မာကီစာ့စ်ကျွန်းစုများရှိ နူကူဟီဗာကျွန်းသို့ ရောက်ရှိသွားသည်။ ထိုကျွန်းပေါ်တွင် လူ ၁,၅၀၀ ခန့်နေထိုင်သည်။ သို့သော် ကျွန်တော်တို့မှလွဲ၍ ညီအစ်ကိုတစ်ယောက်မျှမရှိပါ။
ထိုအချိန်က အခြေအနေများသည် အလွန်ခေတ်နောက်ကျသည်။ ကွန်ကရစ်နှင့်ဝါးဖြင့် ဆောက်ထားသောအိမ်ငယ်တစ်လုံးတွင် ကျွန်တော်တို့နေထိုင်ကြသည်။ လျှပ်စစ်မီးမရှိပါ။ တစ်ခါတစ်ရံသာရေလာသည့်ရေဘုံပိုင်တစ်ခုရှိသော်လည်း ရေမှာ နောက်ကျိနေလေ့ရှိသည်။ များသောအားဖြင့် ကျွန်တော်တို့ မိုးရေခံပြီးသုံးစွဲသည်။ ကတ္တရာလမ်းများမရှိပါ။ မြေလမ်းများသာရှိသည်။
ကျွန်းပေါ်တွင် ခရီးဝေးသွားရန် မြင်းငှားရသည်။ မြင်းကုန်းနှီးများကို သစ်သားဖြင့်ပြုလုပ်ထားရာ ထိုင်ရအလွန်ခက်ပါသည်။ အထူးသဖြင့် မြင်းမစီးဖူးသော ဘာဘက်အတွက် ပိုခဲယဉ်း၏။ မြေလမ်းပေါ်လဲကျနေသော ဝါးများကိုခုတ်ရှင်းဖို့အတွက် ဓားမတစ်ချောင်းယူသွားရသည်။ ပြင်သစ်တွင် နေပုံထိုင်ပုံနှင့် အကွာကြီးကွာခြားသည်။
တနင်္ဂနွေနေ့တွင် စည်းဝေးတက်သူ ကျွန်တော်တို့နှစ်ယောက်တည်းရှိသော်လည်း စည်းဝေးလုပ်ပါသည်။ ကျွန်တော်တို့နှစ်ယောက်တည်းရှိသည့်အတွက် အစကနဦးတွင် အခြားစည်းဝေးများကို မကျင်းပပါ။ ယင်းအစား စည်းဝေးတွင်လေ့လာသောအကြောင်းကို အတူတကွ ဖတ်ရှုကြသည်။
လအနည်းငယ်အကြာတွင် ထိုသို့ဆက်လုပ်ကိုင်ခြင်းသည် မကောင်းပါဟု ကျွန်တော်တို့ဆုံးဖြတ်သည်။ မီရှယ်လ် ဤသို့ပြောပြသည်– “‘ငါတို့ ကောင်းကောင်းဝတ်စားရမယ်။ မင်းက ဟိုမှာထိုင်။ ငါဒီမှာထိုင်မယ်။ ဆုတောင်းပြီး သီအိုကရက်တစ်ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော်စည်းဝေးတွေကို စကျင်းပမယ်။ မေးခွန်းတွေမေးတဲ့အခါ အခန်းထဲမှာ မင်းတစ်ယောက်ထဲရှိပေမဲ့ ဖြေဆိုရမယ်’ လို့ဘာဘက်ကို ကျွန်တော်ပြောတယ်။ အဲ့ဒီလိုကျွန်တော်တို့စီစဉ်တာ အတော်ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းတော်မရှိရင် ဝိညာဉ်ရေးဘက်မှာ ပေါ့ပျက်ပျက်ဖြစ်သွားတတ်တယ်။”
ကျွန်တော်တို့၏ ခရစ်ယာန်အစည်းအဝေးများကို အခြားသူများပါ လာတက်ရောက်စေရန် အတန်ကြာစောင့်ခဲ့ရသည်။ ပထမရှစ်လအတွင်း ကျွန်တော်တို့နှစ်ယောက်တည်းသာရှိသည်။ နောက်ပိုင်းတွင် ကျွန်တော်တို့နှင့်အတူ အခြားသူတစ်ယောက်၊ နှစ်ယောက်၊ တစ်ခါတစ်ရံ သုံးယောက် စည်းဝေးတက်လာသည်။ တစ်နှစ်တွင် နှစ်စဉ်ကျင်းပသော သခင့်ညစာစားပွဲကို စကျင်းပချိန်တွင် ကျွန်တော်တို့နှစ်ယောက်တည်းသာရှိသည်။ ဆယ်မိနစ်အကြာတွင် လူအချို့ရောက်လာသဖြင့် ဟောပြောချက်ကိုရပ်ပြီး အစကပြန်ဟောပေးခဲ့ရသည်။
ယနေ့ မာကီစာ့စ်ကျွန်းစုတွင် အသင်းတော် ၃ ခုနှင့် ကြေညာသူ ၄၂ ယောက်ရှိနေပါသည်။ ကျွန်တော်တို့၏လုပ်ငန်းကို နောက်ဆက်ခံသူများက အတော်များများလုပ်ကိုင်ဆောင်ရွက်ကြသည်မှန်သော်လည်း ထိုစဉ်က ကျွန်တော်တို့စတွေ့ခဲ့သူအချို့သည် ယခုနှစ်ခြင်းခံယူပြီးနေကြပါပြီ။
ကျွန်တော်တို့၏ညီအစ်ကိုများသည် တန်ဖိုးရှိ၏
နူကူဟီဗာတွင် စိတ်ရှည်ခြင်းကို ကျွန်တော်တို့ သင်ယူခဲ့ရသည်။ အဓိကလိုအပ်ရာများမှအပ အစစအရာရာအတွက် ကျွန်တော်တို့ စောင့်ဆိုင်းရသည်။ ဥပမာ၊ စာအုပ်တစ်အုပ်အလိုရှိလျှင် စာရေးမှာပြီးနောက် နှစ်လသုံးလအထိ စောင့်နေရသည်။
ကျွန်တော်တို့တတ်သိလာသည့် အခြားသင်ခန်းစာတစ်ခုမှာ ညီအစ်ကိုများသည် တန်ဖိုးရှိသူများဖြစ်ကြောင်းတည်း။ တဟီတီကိုသွားလည်၍ စည်းဝေးတက်သည့်အခါ ညီအစ်ကိုများသီချင်းဆိုသံကိုကြားရပြီး ကျွန်တော်တို့မျက်ရည်ကျခဲ့ရကြသည်။ အချို့ညီအစ်ကိုများနှင့် ပေါင်းသင်းရန် မလွယ်ကူသည်မှာ မှန်ပေသည်။ သို့သော် မိမိတစ်ယောက်တည်းရှိသည့်အခါ ညီအစ်ကိုများအသင်းအပင်းနှင့်ရှိခြင်းသည် မည်မျှကောင်းမွန်သည်ကို သဘောပေါက်ရ၏။ ၁၉၈၀ တွင် ကျွန်တော်တို့ တဟီတီသို့ ပြန်ပြီး တိုက်နယ်လုပ်ငန်းလုပ်ရန် အသင်းမက ဆုံးဖြတ်ခဲ့သည်။ ထိုတွင် ညီအစ်ကိုများ၏ လှိုက်လှဲပျူငှာမှုနှင့် ဟောပြောခြင်းလုပ်ငန်းကို မြတ်နိုးမှုက ကျွန်တော်တို့အတွက် အားပေးမှုများစွာဖြစ်ခဲ့သည်။ တဟီတီတွင် တိုက်နယ်လုပ်ငန်းကို သုံးနှစ်ကြာ လုပ်ဆောင်ခဲ့ပါသည်။
တစ်ကျွန်းမှ တစ်ကျွန်းသို့
ထို့နောက် ပစိဖိတ်ကျွန်းတစ်ကျွန်းဖြစ်သည့် ရာအီးအာတီအာ သာသနာပြုအိမ်၌ တာဝန်ကျ၍ ထိုတွင် နှစ်နှစ်နေထိုင်ခဲ့သည်။ ရာအီးအာတီအာမြို့တွင်နေပြီးနောက် တူအာမိုတူကျွန်းစုတွင် တိုက်နယ်လုပ်ငန်းထမ်းဆောင်ရကြသည်။ ကျွန်းပေါင်း ၈၀ အနက်မှ ၂၅ ကျွန်းသို့ ကျွန်တော်တို့ သင်္ဘောဖြင့်လည်ပတ်ခဲ့ရသည်။ ယင်းသည် ဘာဘက်အတွက် အလွန်ခဲယဉ်းသည်။ သင်္ဘောစီးတိုင်း သူ့ခမျာလှိုင်းမူးသည်။
ဘာဘက်က ဤသို့ဆိုသည်– “တကယ်ခံရခက်တယ်! သင်္ဘောပေါ်မှာ ကျွန်မတစ်ချိန်လုံး လှိုင်းမူးနေတော့တာပဲ။ ပင်လယ်ထဲမှာ ငါးရက်ကြာရင် ငါးရက်စလုံး ကျွန်မလှိုင်းမူးတယ်။ ဘာဆေးကမှ မသက်သာစေဘူး။ အဲ့ဒီလိုလှိုင်းမူးတဲ့ကြားက သမုဒ္ဒရာကြီးဟာ အရမ်းလှတယ်လို့ ကျွန်မထင်ခဲ့တယ်။ တကယ်အံ့ဖွယ်ရှုခင်းတစ်ခုပဲ။ လင်းပိုင်တွေဟာ သင်္ဘောနဲ့ ရေပြိုင်ကူးကြတယ်။ လက်ခုပ်တီးပေးရင် ရေထဲက သူတို့ခုန်ခုန်ထွက်တတ်ကြတယ်!”
တိုက်နယ်လုပ်ငန်းတွင် ငါးနှစ်ပါဝင်ပြီးနောက် တဟီတီတွင် နှစ်နှစ်ပြန်တာဝန်ကျပြီး ဟောပြောခြင်းလုပ်ငန်း၌ ပျော်မွေ့ခဲ့ရပြန်သည်။ ကျွန်တော်တို့အသင်းတော်သည် တစ်နှစ်ခွဲအတွင်း ကြေညာသူ ၃၅ မှ ၇၀ အထိ နှစ်ဆတိုးလာသည်။ ကျွန်တော်တို့၏ကျမ်းစာသင်အံမှုများအနက် ဆယ့်နှစ်ဦးသည် ကျွန်တော်တို့မထွက်ခွာမီလေးတွင် နှစ်ခြင်းယူခဲ့ကြသည်။ သူတို့ထဲမှအချို့တို့သည် ယခုအသင်းတော်အကြီးအကဲများဖြစ်နေကြပြီ။
တောင်ပစိဖိတ်၌ ၁၂ နှစ်ကြာခဲ့သည်။ ထို့နောက် အသင်းမထံမှ စာတစ်စောင်ရောက်လာသည်။ ယခုအခါ ကျွန်းများပေါ်တွင် အသင်းတော်များ အခိုင်အမာရှိနေပြီဖြစ်ရာ သာသနာပြုများမလိုတော့ဟူ၍ဆိုသည်။ တဟီတီကို ကျွန်တော်တို့ရောက်ခါစတွင် ကြေညာသူ ၄၅၀ ခန့်ရှိသည်။ ထိုနေရာမှ ထွက်ခွာချိန်တွင် ၁,၀၀၀ ကျော်ရှိသည်။
နောက်ဆုံး အာဖရိကသို့ရောက်လာ!
ပြင်သစ်ကိုကျွန်တော်တို့ပြန်သွားပြီးနောက် တစ်လခွဲကြာသောအခါ အသင်းမက ကျွန်တော်တို့ကို အနောက်ပိုင်းအာဖရိက၊ ဘီနင်နိုင်ငံ၌ တာဝန်အသစ်ချပေးသည်။ လွန်ခဲ့သော ၁၃ နှစ်က ကျွန်တော်တို့အာဖရိကသို့သွားလိုခဲ့ကြသောကြောင့် ယခုအလွန်ဝမ်းသာကြပါသည်။
၁၉၉၀၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ဘီနင်နိုင်ငံသို့ ကျွန်တော်တို့ရောက်လာသည်။ ဘုရားသခင်၏နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ၁၄ နှစ်ကြာပိတ်ပင်ထားပြီး ပြန်ခွင့်ပြုသည့်အချိန်၌ ကျွန်တော်တို့သည် ဦးဆုံးရောက်လာသည့် သာသနာပြုများအဝင်ဖြစ်သည်။ အလွန်စိတ်လှုပ်ရှား ပျော်ရွှင်စရာအချိန်ဖြစ်သည်။ ဤနေရာတွင် ကျွန်တော်တို့ နေသားကျရန်လည်း မခဲယဉ်းပါ။ အကြောင်းမှာ ပစိဖိတ်ကျွန်းစုတွင် နေထိုင်ခဲ့ပုံနှင့် မထူးခြားပါ။ ဤနေရာရှိလူတို့သည် ခင်မင်ရင်းနှီးပြီး ဧည့်ဝတ်ပျူငှာတတ်ကြသည်။ လမ်းပေါ်ရှိမည်သူနှင့်မဆို ရပ်စကားပြောနိုင်သည်။
ဘီနင်သို့ရောက်ပြီး အပတ်အနည်းငယ်ကြာသောအခါ ဘာဘက်သည် သူ့ရင်သားတွင် အကြိတ်တစ်ခုကိုသတိထားမိသည်။ ထိုအခါ ဖွင့်ခါစ ဌာနခွဲအနီးရှိ ဆေးခန်းငယ်ကလေးတစ်ခုသို့ သွားခဲ့ရာ ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီးနောက် အမြန်ဆုံးခွဲစိတ်ကုသဖို့လိုသည်ဟု ပြောသည်။ နောက်တစ်နေ့တွင် အခြားဆေးခန်းတစ်ခုသို့သွားခဲ့ရာ ပြင်သစ်မှလာသော သားဖွားမီးယပ်ပါရဂူ၊ ဥရောပဆရာဝန်တစ်ဦးနှင့် စမ်းသပ်ခဲ့ပြန်သည်။ သူမကလည်း ပြင်သစ်သို့အမြန်ဆုံးပြန်ပြီး ခွဲစိတ်ကုသရန်တိုက်တွန်းသည်။ နှစ်ရက်အကြာတွင် ပြင်သစ်သို့ လေယာဉ်ဖြင့်ပြန်သွားကြသည်။
ဘီနင်မှထွက်ခွာရသည့်အတွက် ကျွန်တော်တို့ဝမ်းနည်းမိသည်။ ဘာသာရေးလွတ်လပ်မှု ပြန်ရထားရာ သာသာနာပြုအသစ်များရောက်လာသဖြင့် ညီအစ်ကိုများက ဝမ်းသာနေကြသည်။ ကျွန်တော်တို့လည်း ဝမ်းသာ၏။ ထို့ကြောင့် ထိုနိုင်ငံတွင် အပတ်အနည်းငယ်သာနေရပြီးနောက် ပြန်လာရသဖြင့် ကျွန်တော်တို့စိတ်မကောင်းဖြစ်နေပါသည်။
ပြင်သစ်သို့ရောက်သည့်အခါ ခွဲစိတ်ကုသဆရာဝန်က ဘာဘက်ကိုစမ်းသပ်ပြီး ခွဲစိတ်ရန်လိုသည်ဟု အတည်ပြုပြောပြသည်။ ဆရာဝန်များသည် အမြန်ဆုံး အနည်းအကျဉ်းခွဲစိတ်ပြီး နောက်နေ့တွင်ပင် ဘာဘက်ဆေးရုံဆင်းနိုင်ခဲ့သည်။ ယင်းနှင့်ကိစ္စအားလုံးပြီးပြီဟု ကျွန်တော်တို့ယူမှတ်ခဲ့ကြသည်။
နောက်ရှစ်ရက်အကြာတွင် ခွဲစိတ်ဆရာဝန်နှင့်ပြန်တွေ့သောအခါ သူက ဘာဘက်သည် ရင်သားကင်ဆာဖြစ်နေသည်ဟု ထုတ်ပြောသည်။
ထိုအခါ ဘာဘက်မည်သို့ခံစားရကြောင်းကို ဤသို့ပြန်ပြောင်းပြောပြသည်– “အစတော့ မီရှယ်လ်လောက် ကျွန်မစိတ်မပူဘူး။ ဒါပေမဲ့ သတင်းဆိုးကြားပြီး နောက်နေ့ကျတော့ ကျွန်မမှာ ခံစားချက်မရှိတော့ဘူး။ ကျွန်မမငိုနိုင်၊ မပြုံးနိုင်တော့ဘဲ သေတော့မှာပဲလို့ စဉ်းစားမိတယ်။ ကင်ဆာရောဂါဟာ ကျွန်မအတွက် သေတာနဲ့အတူတူပဲ။ ကျွန်မရဲ့သဘောက လုပ်ရမဲ့ဟာကိုတော့ လုပ်ရမှာပဲပေါ့။”
ကင်ဆာကိုတိုက်လှန်ခြင်း
ထိုသတင်းဆိုးကို သောကြာနေ့တွင် ကျွန်တော်တို့ကြားသည်။ အင်္ဂါနေ့တွင် ဘာဘက်ကို ဒုတိယအကြိမ်ခွဲစိတ်ရန် ချိန်းချက်ထားသည်။ ထိုအချိန်တွင် ကျွန်တော်တို့ ဘာဘက်အစ်မအိမ်တွင် တည်းသည်။ သို့သော် သူမသည်လည်း ဖျားနာနေသည့်အတွက် သူမ၏အခန်းကျဉ်းတွင် ကျွန်တော်တို့ဆက်တည်းခိုနေရန် မသင့်ပါ။
ဘယ်သွားနေရမည်နည်းဟု စဉ်းစားမိသည်။ ထိုအခါ အီးဗ်နှင့်ဘရစ်ဂျစ်မာဒါတို့ကို သတိရသည်။ ယခင်က သူတို့အိမ်တွင် ကျွန်တော်တို့တည်းဖူးသည်။ သူတို့သည် ကျွန်တော်တို့အပေါ် အလွန်ပျူပျူငှာငှာရှိခဲ့ပါသည်။ သို့နှင့် အီးဗ်ကိုဖုန်းဆက်ကာ ဘာဘက်သည် ခွဲစိတ်ကုသခံရန်လိုကြောင်း၊ တည်းခိုစရာနေရာမရှိကြောင်း ပြောပြသည်။ ထို့ပြင်မီရှယ်လ်လည်း အလုပ်အကိုင်တစ်ခုရလိုကြောင်းကိုပါ ဆက်ပြောပြသည်။
အီးဗ်သည် မီရှယ်လ်ကို သူ၏အိမ်တွင် အလုပ်ခန့်လိုက်သည်။ ညီအစ်ကိုများကလည်း ကြင်နာမှုအမျိုးမျိုးပြပြီး ထောက်ပံ့ကူညီအားပေးခဲ့သည်။ ငွေရေးကြေးရေးဖြင့်လည်း ကူညီကြသည်။ ဘာဘက်၏ဆေးဖိုးဝါးခကို အသင်းမက ခံပေးသည်။
စိုးရိမ်ဖွယ်ခွဲစိတ်ကုသမှုဖြစ်သည်။ ပြန်ရည်ဖုများနှင့် ရင်သားကို ဆရာဝန်များခွဲထုတ်လိုက်ရမည်ဖြစ်သည်။ ဓာတုကုထုံးကို သူတို့ချက်ချင်းစလိုက်သည်။ ဘာဘက်သည် တစ်ပတ်အကြာတွင် ဆေးရုံဆင်းနိုင်သည်။ သို့သော် သုံးပတ်တစ်ကြိမ်ပြန်ပြပြီး ရောဂါကိုဆက်ကုသရမည်ဖြစ်သည်။
ဘာဘက်သည် ရောဂါကုသနေစဉ် အသင်းတော်ရှိညီအစ်ကိုများက များစွာအကူအညီပေးခဲ့သည်။ ရင်သားကင်ဆာဖြစ်ခဲ့ဖူးသော ညီအစ်မတစ်ယောက်သည် အထူးအားပေးမှုဖြစ်ခဲ့သည်။ မည်သို့ ဖြစ်ပျက်မည်ကို ဘာဘက်အားပြောပြထားကာ အတော်ပင်နှစ်သိမ့်မှုပေးခဲ့သည်။
မည်သို့ဆိုစေကာမူ ကျွန်တော်တို့၏နောင်ရေးအတွက် စိုးရိမ်မိသည်။ ယင်းကိုရိပ်မိကြသူ မီရှယ်လ်နှင့်ဂျနက်တ်စဲလရဲတို့သည် ကျွန်တော်တို့ကို စားသောက်ဆိုင်ခေါ်သွားပြီး ကျွေးမွေးခဲ့သည်။
ကျွန်တော်တို့သည် သာသနာပြုလုပ်ငန်းမှထွက်ရမည်ဖြစ်ကြောင်း၊ အာဖရိကသို့ ပြန်သွားနိုင်တော့မည်မဟုတ်ကြောင်း သူတို့ကိုပြောပြသည်။ သို့သော် ညီအစ်ကို စဲလရဲက ဤသို့ဆိုသည်– “ဘာ၊ ထွက်ရမယ်လို့ ဘယ်သူပြောသလဲ။ အုပ်ချုပ်ရေးအဖွဲ့က ပြောသလား။ ပြင်သစ်နိုင်ငံက ညီအစ်ကိုတွေပြောသလား။ ဘယ်သူပြောသလဲ။”
“ဘယ်သူမှမပြောဘူး။ ကျွန်တော်ပြောပြနေတာပါ” ဟုဖြေလိုက်သည်။
“အဲ့ဒီလိုမပြောနဲ့။ မှားလိမ့်မယ်! ခင်ဗျား ပြန်သွားရမှာပါ!” ဟုညီအစ်ကိုစဲလရဲကပြောသည်။
ဓာတုကုထုံးပြီးနောက် ဓာတ်ရောင်ခြည်ကင်သည့်ကုထုံးဖြင့် ဆက်ကုသပေးကြသည်။ ၁၉၉၁၊ ဩဂုတ်လတွင် ယင်းကုသမှု ပြီးစီးသွားသည်။ ထိုနောက် အာဖရိကသို့ ပြန်မသွားနိုင်စရာအကြောင်းမရှိကြောင်း၊ သို့သော် ပြင်သစ်သို့ ဘာဘက်မှန်မှန်ပြန်လာပြီး ဆေးစစ်ရမည်ဖြစ်ကြောင်း ဆရာဝန်များကပြောဆိုသည်။
ဘီနင်သို့ ပြန်ရောက်
ထို့ကြောင့် သာသနာပြုလုပ်ငန်းကို ပြန်လုပ်ခွင့်ပြုရန် ဘရွတ်ကလင်ဌာနချုပ်သို့ စာရေးအကြောင်းကြားလိုက်သည်။ ပြန်စာရရန် ကျွန်တော်တို့ ဆန္ဒစောနေကြသည်။ ကျွန်တော်တို့အတွက် နေ့ရက်များသည် ကုန်ခဲလှသည်။ မီရှယ်လ်သည် နောက်ဆုံး မစောင့်ဆိုင်းနိုင်တော့သဖြင့် ဘရွတ်ကလင်သို့ ဖုန်းဆက်ပြီး ကျွန်တော်တို့၏စာရမရ မေးမြန်းသည့်အခါ ကျွန်တော်တို့ကိစ္စကို သူတို့ဆွေးနွေးပြီးကြောင်း၊ ဘီနင်ပြန်သွားနိုင်ကြောင်း အဖြေရသည်! ကျွန်တော်တို့ ယေဟောဝါကို အလွန်ကျေးဇူးတင်မိလိုက်သည့်ဖြစ်ခြင်း!
ထိုသတင်းကိုရပြီးနောက် မာဒါမိသားစုက ကျွန်တော်တို့အတွက် မိတ်ဆုံစားပွဲကြီးတစ်ခု စီစဉ်ပေးပါသည်။ ၁၉၉၁၊ နိုဝင်ဘာလတွင် ဘီနင်သို့ ပြန်ရောက်သွားသောအခါ ညီအစ်ကိုများက ကျွန်တော်တို့ကို စားသောက်ပွဲကျင်းပပြီးကြိုဆိုကြသည်!
ယခု ဘာဘက်အခြေအနေကောင်းနေပါသည်။ အပြည့်အစုံဆေးစစ်ရန်အတွက် ပြင်သစ်သို့ ရံဖန်ရံခါ ပြန်သွားခဲ့သည်။ ဆရာဝန်များက ကင်ဆာလက္ခဏာကို လုံးဝမတွေ့တော့ပါ။ ကျွန်တော်တို့၏သာသနာပြုလုပ်ငန်းတွင် ပြန်အမှုဆောင်နိုင်၍ အလွန်ဝမ်းသာရပါသည်။ ဘီနင်တွင် ကျွန်တော်တို့၏အကူအညီ လိုအပ်သည်ဟုခံစားရသည်။ ကျွန်တော်တို့၏လုပ်ငန်းကိုလည်း ယေဟောဝါ ကောင်းချီးပေးတော်မူ၏။ ပြန်ရောက်လာကတည်းက လူ ၁၄ ယောက်ကို နှစ်ခြင်းယူသည်အထိ ကျွန်တော်တို့ကူညီပေးနိုင်ခဲ့သည်။ သူတို့အနက် ငါးယောက်သည် မှန်မှန်ရှေ့ဆောင်နေပြီး တစ်ယောက်မှာမူ ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ခံရသည်။ ကျွန်တော်တို့၏အသင်းတော်ငယ်ကလေးသည် ကြီးမားလာပြီး အသင်းတော်နှစ်ခုဖြစ်သွားသည်ကို တွေ့ခဲ့ရပြီ။
ကျွန်တော်တို့သည် နှစ်ကာလတစ်လျှောက် မောင်နှံစုံဘဝဖြင့် ယေဟောဝါအမှုတော်ကိုထမ်းဆောင်ခွင့်ရခဲ့ပြီး ကောင်းချီးများစွာကို ခံစားခဲ့ရပြီ။ အလွန်ချစ်ခင်မြတ်နိုးစရာကောင်းသောသူ မြောက်မြားစွာတို့ကိုလည်း သိကျွမ်းလာခဲ့ရသည်။ တစ်ကြိမ်တည်းတွင် အခက်အခဲများကို အောင်မြင်စွာခံရပ်နိုင်ရန် ယေဟောဝါ၏လေ့ကျင့်မှုနှင့် ခွန်အားဖြည့်စွက်မှုကိုလည်း ခံခဲ့ရသည်။ ယောဘနည်းတူ အခြေအနေအချို့သည် အဘယ်ကြောင့်ပေါ်ပေါက်လာခဲ့သည်ကို နားမလည်နိုင်သောအချိန်အခါများရှိခဲ့သော်လည်း ကျွန်တော်တို့နှင့်အတူ ယေဟောဝါအမြဲရှိပြီး ကူညီမစပေးတော်မူကြောင်းကို သိရှိခဲ့ရသည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော် မိန့်တော်မူသည်အတိုင်းပင်ဖြစ်သည်– “ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။”—ဟေရှာယ ၅၉:၁။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဘီနင်တွင် တိုင်းရင်းသားဝတ်စုံဝတ်ဆင်ထားသော မီရှယ်လ်နှင့် ဘာဘက်မျူလာတို့၏ပုံ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အပူပိုင်းဒေသရှိ တဟီတီတွင် ပိုလနီးရှားကျွန်းသားများအလယ် သာသနာပြုလုပ်ငန်းထမ်းဆောင်စဉ်