ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁၅ စာ. ၂၉-၃၁
  • ယေဟောဝါ၏ ထူးကဲသောကျေးဇူးတော်ကို သူမခံစားခဲ့ရခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ ထူးကဲသောကျေးဇူးတော်ကို သူမခံစားခဲ့ရခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူမ၏ထူးခြားသောအခွင့်အရေး
  • သူမသည် ယောသပ်၏မိန်းမဖြစ်လာသည်
  • မာရိမှာ အခြားသားသမီးများရှိ
  • ဘုရားသခင်ကိုကြောက်ရွံ့သောမိခင်
  • ယေရှု၏တပည့်တော်အဖြစ် မာရိ
  • ထာဝရအခွင့်အရေးများ
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏ ကျွန်မဖြစ်ပါ၏!’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁၅ စာ. ၂၉-၃၁

ယေဟောဝါ၏ ထူးကဲသောကျေးဇူးတော်ကို သူမခံစားခဲ့ရခြင်း

“ထူးကဲသောကျေးဇူးတော်ကို ခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။” ဝမ်းသာအားရ နှုတ်ခွန်းဆက်စကားပါတကား! မြွက်ဆိုသူကား ကောင်းကင်တမန် ဂါဗြေလကိုယ်တိုင်ပင် ဖြစ်သည်။ စိတ်နှိမ့်ချသော အမျိုးသမီးငယ်—ဧလိ၏သမီးမာရိ—အား သူစကားပြောဆိုနေခြင်းဖြစ်သည်။ ခုနှစ်မှာ ဘီ.စီ.အီး. ၃ ခုနှစ်ဖြစ်ပြီး နေရာမှာ နာဇရက်မြို့တွင် ဖြစ်သည်။—လုကာ ၁:၂၆-၂၈၊ သတင်းကောင်း။

မာရိသည် လက်သမားဆရာ ယောသပ်နှင့်ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်းထားသည်။ ဂျူးပညတ္တိကျမ်းနှင့် ထုံးစံအရ သူမသည် ထိမ်းမြားဆောင်နှင်းထားသူအဖြစ် ယူမှတ်ခံရသည်။ (မဿဲ ၁:၁၈) သူမနည်းတူ သူသည်လည်း ဘဝလူနေမှုအဆင့်အတန်းနိမ့်သူတစ်ဦးဖြစ်သည်။ သို့ဖြစ်လျက်ပင် ထူးကဲသောကျေးဇူးတော်ခံရသောမိန်းမဟု ကောင်းကင်တမန်က သူမအား အဘယ်ကြောင့်နှုတ်ဆက်ရသနည်း။

သူမ၏ထူးခြားသောအခွင့်အရေး

ဂါဗြေလက ဤသို့ထပ်ဆင့်သည်– “မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်ရမည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။ သူသည်ကြီးမြတ်၍ မြင့်မြတ်သောအရှင်၏သားတော်ဟုအခေါ်ခံလျက် သူ့အဘဒါဝိဒ်မင်း၏နန်းမွေကို ဘုရားသခင်ပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။”—လုကာ ၁:၂၉-၃၃၊ ကဘ။

အလွန်အံ့ဩသွားပြီး နားမလည်နိုင်ရှာ၍ မာရိက “ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါ” ဟုပြန်မေးသည်။ ဂါဗြေလက ဤသို့ဖြေဆိုသည်– “သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍ အမြင့်ဆုံးသော ဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။” သံသယကင်းရှင်းစေရန် ကောင်းကင်တမန်သည် ဤသို့ထပ်ဆင့်လေသည်– “ထိုမှတစ်ပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သော သင်၏အဆွေအမျိုး ဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခုခြောက်လအဝင်ရှိပြီ။ ဘုရားသခင် တတ်နိုင်တော်မမူသောအမှုမရှိ။”—လုကာ ၁:၃၄-၃၇။

ဤအံ့ချီးဖွယ်ကောင်းသော လုပ်ငန်းတော်အခွင့်ထူးကို မာရိသည် ချက်ချင်းလက်ခံလေသည်။ တလိုတလားဖြစ်ရုံမက နှိမ့်ချစွာဖြင့် သူမက ဤသို့တုံ့ပြန်၏– “အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏! ကိုယ်တော်၏ စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသော။” ထိုအခါ ဂါဗြေလသည် သူမထံမှထွက်ခွာသွားလေသည်။ မာရိသည် ထ၍ တောင်ထူထပ်သော ယုဒနယ်ရှိမြို့တစ်မြို့သို့ အလျင်အမြန်သွားလေသည်။ ယဇ်ပုရောဟိတ်ဇာခရိ နှင့် သူ၏ဇနီး ဧလိရှဗက်တို့အိမ်သို့ ရောက်လေသော် ကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်နေသည်ကို တွေ့ရှိလေသည်။ မာရိသည် မည်မျှဝမ်းသာအယ်လဲဖြစ်ရသည်တကား! သူမ၏ နှုတ်ခမ်းတွင် ယေဟောဝါအား ချီးမွမ်းထောမနာစကားများ ဗလုံစီထလေတော့သည်။—လုကာ ၁:၃၈-၅၅။

သူမသည် ယောသပ်၏မိန်းမဖြစ်လာသည်

အပျိုကညာတစ်ဦးသည် ယေရှု၏လူသားခန္ဓာကိုယ်ကို ဖြည့်စွမ်းပေးဖို့ ကြိုတင်ဟောပြောထား၏။ (ဟေရှာယ ၇:၁၄; မဿဲ ၁:၂၂၊ ၂၃) သို့သော် စေ့စပ်ကြောင်းလမ်းထားသည့် အပျိုကညာတစ်ဦးဖြစ်ဖို့ အဘယ်ကြောင့်လိုအပ်သနည်း။ သားအား ဒါဝိဒ်မင်း၏ရာဇပလ္လင်ကို တရားဝင်ပိုင်ဆိုင်ခွင့်ရရှိရန် မွေးစားဖခင်တစ်ဦး ရှိစေဖို့ဖြစ်သည်။ ယောသပ်နှင့်မာရိတို့ နှစ်ဦးစလုံးသည် ယုဒအမျိုးအနွယ်မှဖြစ်ကြပြီး ဒါဝိဒ်မင်း၏ မျိုးစဉ်မျိုးဆက်များဖြစ်သည်။ သို့ဖြစ်သောကြောင့် အမွေစားအမွေခံဖြစ်ခွင့်ကို နှစ်ဦးနှစ်ဖက်စလုံးမှ ယေရှုရပိုင်ခွင့် ရှိတော်မူသည်။ (မဿဲ ၁:၂-၁၆; လုကာ ၃:၂၃-၃၃) ယင်းကြောင့် မာရိသည် ပဋိသန္ဓေရှိသည်မှန်သော်လည်း သူမအား တရားဝင်ခင်ပွန်းအဖြစ် သိမ်းပိုက်ရန် မဝံ့မရဲမဖြစ်ဖို့ နောင်၌ ကောင်းကင်တမန်က ယောသပ်အား ထောက်ခံအားပေးခဲ့ခြင်းဖြစ်သည်။—မဿဲ ၁:၁၉-၂၅။a

ကဲသာဘုရင်သြဂုတ္တု၏ အခွန်အတုတ်အမိန့်တော်က ယောသပ်နှင့်မာရိတို့သည် ဗက်လင်မြို့တွင် မှတ်ပုံတင်ဖို့အကြောင်း ဖြစ်ပေါ်စေသည်။ ထိုတွင်ရောက်ရှိနေစဉ် သားဦးကို သူမမွေးဖွားခဲ့သည်။ သိုးထိန်းများသည် နို့စို့ကလေးကို လာကြည့်ရှုကြ၍ သူ၏ခမည်းတော် ယေဟောဝါကို ချီးမွမ်းထောမနာပြုကြသည်။ မောရှေ၏ ပညတ္တိကျမ်းအရ ရက်ပေါင်း ၄၀ စင်ကြယ်ခြင်းကိုပြုရသောကာလ စေ့ပြီးနောက် မာရိသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့သွား၍ အပြစ်ဖြေခြင်းကို ပြုလေသည်။ (ဝတ်ပြုရာ ၁၂:၁-၈; လုကာ ၂:၂၂-၂၄) မှန်ပါသည်၊ သူမကိုယ်တိုင် အပြစ်ကင်းစင်စွာ ပဋိသန္ဓေမတည်ခဲ့၍ အပြစ်နှင့်စွန်းထင်းသူဖြစ်သောကြောင့် သူမ၏ မွေးရာပါ မစုံလင်မှုများကို ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်ဖြေဖို့လိုနေသည်။—ဆာလံ ၅၁:၅။

ဗိမာန်တော်တွင် မာရိနှင့်ယောသပ်တို့ ရောက်ရှိနေစဉ် သက်ကြီးရွယ်အိုရှုမောင်နှင့် အသက်ကြီးရင့်သူ ပရောဖက်မအန္နတို့သည် ဘုရားသခင့်သားတော်ကို တွေ့မြင်ခွင့်ရရှိကြသည်။ မာရိသည် အဓိက အာရုံစူးစိုက်ခံရသူမဟုတ်ပါ။ (လုကာ ၂:၂၅-၃၈) နောက်ပိုင်းတွင် မာဂုပညာရှင်များသည် သူမကိုမဟုတ်ဘဲ ယေရှုကို ပျပ်ဝပ်ကိုးကွယ်ကြ၏။—မဿဲ ၂:၁-၁၂။

အီဂျစ်ပြည်သို့ ထွက်ပြေးသွားပြီး မင်းဆိုးဟေရုဒ်သေသည်အထိ ထိုတွင်နေထိုင်ပြီးနောက် ယေရှု၏ မိဘများသည် ပြန်လာပြီး နာဇရက်မြို့ရွာကလေးတွင် အခြေချကြသည်။ (မဿဲ ၂:၁၃-၂၃; လုကာ ၂:၃၉) ထိုအရပ်၌ ယောသပ်နှင့်မာရိသည် ဘုရားတရားကြည်ညိုသော အိမ်ထောင်အတွင်း ယေရှုကို မွေးမြူကြည့်ရှုခဲ့ကြသည်။

မာရိမှာ အခြားသားသမီးများရှိ

အတန်ကြာသော် မာရိနှင့်ယောသပ်တို့သည် ယေရှုအတွက် သွေးရင်းညီအစ်ကိုမောင်နှမများ ဖွားမြင်ပေးခဲ့သည်။ ယေရှု၏ဇာတိ နာဇရက်မြို့သို့ ကိုယ်တော်၏ဓမ္မအမှုအတွင်း ပြန်ရောက်လာသောအခါ ကိုယ်တော်၏ ငယ်ပေါင်းများက သူ့အား မှတ်မိကြသည်။ သူတို့က “သူသည် လက်သမားသားမဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော။ သူ့ညီကား ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒ ဟုဆိုကြသည်မဟုတ်လော။ သူ့နှမများတို့သည်လည်း ငါတို့နှင့် အနီးအပါး နေကြသည်မဟုတ်လော” ဟု မေးမြန်းကြသည်။ (မဿဲ ၁၃:၅၅၊ ၅၆) နာဇရက်မြို့သားတို့သည် ယေရှု၏ မောင်နှမအရင်းအချာအဖြစ် သူတို့သိရှိခဲ့သော သူမ၏သားသမီးများအပါအဝင် ယောသပ်နှင့်မာရိတို့၏ သွေးရင်းသားရင်းမိသားစုကို ရည်ညွှန်းနေကြခြင်းဖြစ်သည်။

ဤမောင်နှမများသည် ယေရှု၏ဝမ်းကွဲများမဟုတ်ကြပါ။ ကိုယ်တော်၏တပည့်တော်များ၊ သို့မဟုတ် ဝိညာဏမောင်နှမများလည်း မဟုတ်ကြပါ။ အကြောင်းမူကား ယောဟန် ၂:၁၂ က ဤသို့ဆိုခြင်းအားဖြင့် ယင်းလူစုနှစ်စုကို ကွဲကွဲပြားပြား ခွဲခြားဖော်ပြသည်– “ထိုနောက် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ [ယေရှု] ကြွတော်မူ၏။” နှစ်အတန်ကြာလေသော် ယေရုရှလင်မြို့၌ ကေဖ သို့မဟုတ် ပေတရုကို တွေ့ဆုံချိန်တွင် တမန်တော်ပေါလုက “သခင်ဘုရား၏ ညီတော် ယာကုပ်မှတစ်ပါး အခြားသော တမန်တော်တစ်ယောက်ကိုမျှ ငါမတွေ့မမြင်” ဟုထပ်မံဖြည့်စွက်ပြောဆိုခဲ့သည်။ (ဂလာတိ ၁:၁၉) ထို့ပြင် ယောသပ်သည် “သားဦးကိုမဖွားမီတိုင်အောင် [မာရိနှင့်] သံဝါသမပြုဘဲနေ၏” ဟုဆိုထားခြင်းက ယေရှု၏မွေးစားဖခင်သည် နောက်ပိုင်း၌ သူမနှင့် ကိုယ်လက်နှီးနှောခဲ့ပြီး အခြားသားသမီးများကို မွေးဖွားခဲ့ကြောင်း ဖော်ပြသည်။ (မဿဲ ၁:၂၅) ယင်းကြောင့် လုကာ ၂:၇ ကယေရှုအား သူမ၏ “သားဦး” ဟုခေါ်ဆိုခြင်းတည်း။

ဘုရားသခင်ကိုကြောက်ရွံ့သောမိခင်

ဘုရားကိုကြောက်ရွံ့သောမိခင်တစ်ဦးအနေနှင့် ဖြောင့်မတ်ခြင်းတရားလမ်း၌ မိမိသားသမီးတို့ကို ယောသပ်နှင့်အတူ မာရိဝိုင်းဝန်းသွန်သင်ပေးခဲ့သည်။ (သု. ၂၂:၆) သူ့အားဧလိရှဗက်နှုတ်ဆက်ရာတွင် သူမ၏ ဝိညာဉ်ရေးရာကြွယ်ဝသောစကားများက သူမသည် ကျမ်းစာကို စိတ်အားထက်သန်စွာ လေ့လာထားသူတစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ ထိုအချိန်တွင် ယေရှု၏မိခင်သည် ဟန္န၏ထောမနာသီချင်းမှ သဘောတင်ပြချက်များကို ထပ်ဆိုပြပြီး ဆာလံသီချင်းများ၊ သမိုင်းဝင်စာပေ၊ ပရောဖက်ပြုရေးသားထားရာများနှင့် မောရှေ၏စာစောင်များကို သိကျွမ်းကြောင်း ထင်ရှားပြခဲ့သည်။ (ကမ္ဘာဦး ၃၀:၁၃; ၁ ဓမ္မရာဇဝင် ၂:၁-၁၀; သု. ၃၁:၂၈; မာလခိ ၃:၁၂; လုကာ ၁:၄၆-၅၅) မာရိသည် ပရောဖက်ပြုချက်ဆိုင်ရာ အဖြစ်အပျက်နှင့် ဖွင့်ဆိုချက်များကို မှတ်ကျုံးပြီး စိတ်နှလုံး၌သိုထားကာ စဉ်းစားဆင်ခြင်ခဲ့၏။ ယင်းကြောင့် သူငယ်ယေရှုအား မိဘဆိုင်ရာ ဆုံးမသွန်သင်ပေးခြင်းတွင် ပါဝင်ရန် လိုအပ်သောအသိပညာပြည့်စုံခဲ့ပေသည်။—လုကာ ၂:၁၉၊ ၃၃။

ကောင်းစွာဆုံးမသွန်သင်ခံရသူ ၁၂ နှစ်သားယေရှုသည် ဗိမာန်တော်၌ ပညာတတ်တို့အား အံ့သြသွားစေလောက်သည့် ကျမ်းစာအသိပညာကို ဖော်ပြခဲ့သည်။ ထိုပသခါပွဲအချိန်အခါအတွင်း သူသည် မိဘတို့နှင့် လူချင်းကွဲသွားသောကြောင့် မိခင်က “ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသောစိတ်နှင့် မိဘတို့သည် မောင်ကို ရှာကြပြီ” ဟုဆိုသော် ယေရှုက “မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏ အိမ်၌ နေရသည်ကို မသိပါသလော” ဟုပြန်ဖြေသည်။ ထိုစကား၏လေးနက်မှုကို နားမလည်သဖြင့် မာရိသည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။ နာဇရက်မြို့သို့ သူတို့ပြန်သွားကြပြီး ယေရှုသည် “အစဉ်အတိုင်း ကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။”—လုကာ ၂:၄၂-၅၂။

ယေရှု၏တပည့်တော်အဖြစ် မာရိ

နောက်ဆုံးတွင် မာရိသည် ယေရှုကို ကြည်ညိုလေးမြတ်သော တပည့်တော်တစ်ဦးဖြစ်လာခဲ့ခြင်းသည် မည်မျှလျောက်ပတ်လိုက်သည်ဖြစ်ခြင်း! ထူးခြားသော ဘုရားပေးတာဝန်ကို ရရှိခဲ့သော်လည်း သူမ၌နှိမ့်ချမှုရှိပြီး ထင်ပေါ်လိုစိတ်လုံးဝမရှိခဲ့ချေ။ ကျမ်းစာကို မာရိသိကျွမ်း၏။ ၎င်းကို အသင်ကိုယ်တိုင် ဆည်းပူးလေ့လာပါက သူမသည် အလင်းစက်ဝန်းကိုဆင်မြန်းထား၍ “မယ်တော်-မိဖုရား” အဖြစ် ပလ္လင်ပေါ်တွင်ထိုင်ကာ ခရစ်တော်၏ဘုန်းရောင်ခြည်ကို လွှမ်းခြုံရသူဖြစ်သည်ဟူ၍ လုံးဝတွေ့ရှိလိမ့်မည်မဟုတ်ပါ။ ယင်းအစား သူမသည် နောက်ကွယ်ရာ ခပ်လှမ်းလှမ်းအရပ်တွင် မထင်မပေါ်မသိမသာ နေခဲ့ကြောင်း တွေ့ရှိရလိမ့်မည်။—မဿဲ ၁၃:၅၃-၅၆; ယောဟန် ၂:၁၂။

တပည့်နောက်လိုက်တော်တို့တွင် မာရိကိုကိုးကွယ်ခြင်းဆိုင်ရာအဘယ်ကိစ္စမျိုးကိုမဆို မဖြစ်ပေါ်လာစေရန် ယေရှုသည် အညွှန့်တုံးစေတော်မူခဲ့သည်။ တစ်ခါက ကိုယ်တော်ဟောပြောနေတော်မူစဉ် “မိန်းမတစ်ယောက်သည် လူအစုအဝေးထဲက ခေါ်၍ ‘ကိုယ်တော်ကို လွယ်သောဝမ်းနှင့် စို့တော်မူသော သားမြတ်သည် မြတ်စွာသောမင်္ဂလာရှိသည်တကား!’ ဟုလျှောက်လျှင် ကိုယ်တော်က ‘ထိုသို့ဖြစ်မည့်အစား ဘုရားသခင့်နှုတ်ကပါဌ်တော်တရားတော်ကို နာ၍ ကျင့်စောင့်သောသူတို့သည် မြတ်စွာသောမင်္ဂလာရှိသည်’ ဟုမိန့်တော်မူ၏။” (လုကာ ၁၁:၂၇၊ ၂၈၊ အမေရိကန်ကက်သလစ်ကျမ်းစာအသင်းဝင်များ ပြန်ဆိုသည့် The New American Bible) မင်္ဂလာဆောင်ပွဲတစ်ခုတွင် ယေရှုက မာရိအား “အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေး” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၂:၄) အခြားဘာသာပြန်ကျမ်းတို့က “ထိုကိစ္စကို ငါတာဝန်ယူမည်” (Weymouth) “ငါ့ကို မညွှန်ကြားနှင့်” (An American Translation) ဟူ၍ဆိုသည်။ မှန်ပါ၏၊ ယေရှုသည် မိခင်ကို လေးစားသော်လည်း သူမအား အထွတ်အမြတ်ထားတော်မမူချေ။

ထာဝရအခွင့်အရေးများ

ထူးမြတ်လှသောအခွင့်ကို မာရိခံစားခဲ့ရသည်တကား! ယေရှုကို ဖွားမြင်ရ၏။ ထို့နောက် သူငယ်ကို မိခင်အဖြစ်ပြုစုစောင့်ရှောက် မွေးမြူ၍ လေ့ကျင့်ခဲ့၏။ အဆုံးတွင် သူမသည် ယုံကြည်ခြင်းကျင့်သုံးခဲ့ပြီး ခရစ်တော်၏တပည့်တော်နှင့် ဝိညာဏညီအစ်မတစ်ဦး ဖြစ်လာလေသည်။ ကျမ်းစာတွင် မာရိကို ကျွန်ုပ်တို့ နောက်ဆုံးအကြိမ် မထင်မရှားတွေ့မြင်ခဲ့ရသည့်အချိန်ကား ယေရုရှလင်မြို့၏ အထက်ခန်းမတွင်ဖြစ်သည်။ ယေဟောဝါကို ကိုးကွယ်ဝတ်ပြုသူများဖြစ်ကြသော ယေရှု၏တမန်တော်များ၊ မာရိ၏ အခြားသားများနှင့် သစ္စာရှိအမျိုးသမီးအချို့တို့နှင့်အတူ ထိုနေရာတွင် သူမရှိနေပါသည်။—တမန်တော် ၁:၁၃၊ ၁၄။

အတန်ကြာသော် မာရိသေလွန်၍ သူမ၏ ကိုယ်ခန္ဓာသည် မြေမှုန့်သို့ ပြန်ရောက်သွားလေသည်။ သူမ၏ချစ်မြတ်နိုးရသောသားတော်၏ ကနဦး အခြားဘိသိက်ခံနောက်လိုက်များနည်းတူ ကောင်းကင်တွင် မပုပ်မပျက်သောအသက်တာကို နာမ်ဝိညာဉ်သားတစ်ဦးအဖြစ် ရရှိရန် ရှင်ပြန်ထမြောက်စေမည့် ဘုရားသခင်သတ်မှတ်ထားချိန်အထိ သူမသည် သေခြင်း၌ အိပ်ပျော်ခဲ့သည်။ (၁ ကောရိန္သု ၁၅:၄၄၊ ၅၀; ၂ တိမောသေ ၄:၈) ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တော်၏ မျက်မှောက်တော်တွင် ယခုရောက်ရှိနေသော ဤထူးကဲသော ‘ကျေးဇူးတော်ကိုခံစားရသူ’ သည် မည်မျှကြည်နူးပီတိဖြစ်နေမည်ပါတကား!

[အောက်ခြေမှတ်ချက်များ]

a မာရိသာ အပျိုကညာမဖြစ်လျှင် သူမကို မည်သူထိမ်းမြားလိုမည်နည်း။ မိန်းကလေးသည် အပျိုကညာအစစ်ဖြစ်ရန် ဂျူးလူမျိုးတို့ အခိုင်အမာတောင်းဆိုသည်။—တရားဟောရာ ၂၂:၁၃-၁၉; ကမ္ဘာဦး ၃၈:၂၄-၂၆ နှိုင်းယှဉ်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မာရိသည် ယေရှု၏မိခင်အဖြစ် ထူးကဲသောကျေးဇူးတော်ခံစားခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ