“ခရစ်ယာန်စစ်များဟာ ဒီအတိုင်းပဲ ပြုမူသင့်တယ်”
၁၉၉၀ ပြည့်နှစ်က အောက်ရှ်ဗစ္စမှ လွတ်မြောက်လာသူ တီဘောဗောလ် ထုတ်ဝေခဲ့သော အာဘေ့တ်မာ့ခ်တော့တ်—အီနယူဂျင့် အီးန် အောက်ရှ်ဗစ္စ (သင့်အား အသေသတ်သည့်အလုပ်—အောက်ရှ်ဗစ္စမှ လုလင်ပျို) စာအုပ်၌ သူအမှတ်မထင်ကြားလိုက်သည့် အကျဉ်းသားနှစ်ဦး၏စကားကို မှတ်တမ်းတင်ရေးသားထားသည်။ တစ်ဦးက “မယုံကြည်သူ” ပါဟုဆိုသော ဩစတြီးယားနိုင်ငံသားဖြစ်သည်။ သို့ဖြစ်သော်လည်း ခရမ်းရောင်တြိဂံတံဆိပ်တပ်သော အကျဉ်းသားများ—ကျမ်းစာကျောင်းသားများဟု တပ်စခန်းတွင်ခေါ်သော ယေဟောဝါသက်သေများ—ကိုသူချီးကျူးခဲ့သည်။
ဩစတြီးယားနိုင်ငံသားက သူ၏အဖော်အား “သူတို့စစ်မတိုက်ကြဘူး” ဟု ပြောပြသည်။ “တစ်ဦးတစ်ယောက်ကို သတ်မယ့်အစား သူတို့ကိုယ်တိုင် အသတ်ခံလိုကြတယ်။ ကျွန်တော့်အမြင်မှာတော့ ခရစ်ယာန်စစ်များဟာ ဒီအတိုင်းပဲ ပြုမူသင့်တယ်။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်ကြုံခဲ့ရတဲ့ နှစ်လို့ဖွယ်ဖြစ်ရပ်တစ်ခုကို ပြောပြရဦးမယ်။ ရှတွတ်ဟော့ဖ်တပ်စခန်းမှာ ဂျူးနဲ့ကျမ်းစာကျောင်းသားတွေနဲ့အတူ ကျွန်တော်တို့ဟာ တစ်တိုက်တည်းမှာ အကျဉ်းကျခဲ့ကြတယ်။ အဲဒီအချိန်က ကျမ်းစာကျောင်းသားတွေဟာ အလွန့်အလွန်ချမ်းစိမ့်တဲ့ အပြင်ဘက်မှာ အလုပ်ကြမ်းလုပ်ကြရတယ်။ သူတို့ ဘယ်လိုနည်းနဲ့ အသက်ရှင်နိုင်ကြတယ်ဆိုတာကို ကျွန်တော်တို့နားကိုမလည်နိုင်ဘူး။ သူတို့က ယေဟောဝါပေးတဲ့ခွန်အားကြောင့်လို့ဆိုကြတယ်။ သူတို့ခမျာ ငတ်ပြတ်နေကြတဲ့အတွက် မုန့်စားဖို့အလွန်အမင်း လိုအပ်နေတယ်။ ဒါပေမဲ့ သူတို့ဘယ်လိုလုပ်ကြသလဲ။ သူတို့ဆီမှာရှိတဲ့ စားစရာမုန့်အားလုံးကို စုလိုက်ကြပြီး ထက်ဝက်ကိုစား၊ ကျန်ထက်ဝက်ကို အခြားတပ်စခန်းများက ဆာဆာနဲ့ ရောက်လာကြတဲ့ သူတို့ရဲ့ညီအစ်ကိုတွေ၊ ဝိညာဏညီအစ်ကိုတွေကို ပေးလိုက်တယ်။ သူတို့ကို လှိုက်လှိုက်လှဲလှဲ နမ်းရှုပ်ပြီး ကြိုဆိုကြတယ်။ အစာမစားခင် သူတို့ဆုတောင်းတယ်။ စားပြီးတဲ့နောက် ကျေနပ်ရွှင်ပြုံးတဲ့မျက်နှာထားတွေကို တွေ့ရှိရတယ်။ အဲဒီနောက် တစ်ယောက်မှ မဆာကြတော့ဘူးလို့ သူတို့ပြောတယ်။ ဒါကြောင့် ‘ဒီလူတွေဟာ ခရစ်ယာန်အစစ်တွေပဲ’ လို့ကျွန်တော်ကောက်ချက်ချမိတယ်။ ခရစ်ယာန်စစ်များဟာ ဒီလိုပဲဖြစ်ရလိမ့်မယ်လို့ ကျွန်တော်တွေးခဲ့ဖူးတယ်။ အောက်ရှ်ဗစ္စမှာလည်း ဆာလောင်မွတ်သိပ်နေတဲ့ အဖော်အဖက်တွေကို ဒီလိုသာဧည့်ခံကြိုဆိုနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ!”