ဘော့စနီးယားရှိ ကျွန်ုပ်တို့၏ယုံကြည်ခြင်း အိမ်သူအိမ်သားများကို ကူညီခြင်း
ယေဟောဝါသက်သေများသည် နိုင်ငံရေးပဋိပက္ခများတွင် မပါဝင်ကြပါ။ (ယောဟန် ၁၇:၁၆) သို့သော် “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်” ကျေးဇူးပြုရန် ပေါလု၏သြဝါဒကို လိုက်လျှောက်ကာ စစ်ဘေးစစ်ဒဏ်ခံဒေသများရှိ မိမိတို့၏ခရစ်ယာန်ချင်းတို့ကို ဖေးမကူညီရန် သူတို့အဆင်သင့်ရှိကြသည်။ (ဂလာတိ ၆:၁၀) ၁၉၉၃-၉၄ ၏ဆောင်းရာသီ ချဉ်းကပ်လာသည်နှင့်အမျှ ဩစတြီးယားနှင့် ခရိုအေးရှားမှသက်သေခံများသည် ဘော့စနီးယားတွင်ရှိ မိမိတို့ ယုံကြည်ခြင်း၏အိမ်သူအိမ်သားများကို ဖေးမကူညီရန် သက်စွန့်ဆံဖျားလုပ်ကိုင်ခဲ့ကြရသည်။ သူတို့ထံမှသတင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၉၃ ခုနှစ်မတ်လမှ အောက်တိုဘာလအထိ ဘော့စနီးယားသို့ ကယ်ဆယ်ရေးပစ္စည်းထုပ်များ ပို့ရန်အခွင့် မရှိခဲ့ပေ။ သို့သော် အောက်တိုဘာလဆန်းတွင် အာဏာပိုင်များက ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဘော့စနီးယားစစ်မျက်နှာအားလုံးတွင် အပြင်းအထန်တိုက်ခိုက်နေသည့်အတွက် အန္တရာယ်ရှိသော လုပ်ဆောင်မှုဖြစ်နေပါလိမ့်ဦးမည်။
မည်သို့ပင်ဖြစ်စေ ၁၉၉၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်၊ အင်္ဂါနေ့တွင် ကျွန်ုပ်တို့ထရပ်ကားများသည် ဘော့စနီးယားရှိခရစ်ယာန်ချင်းတို့အတွက် အစားအသောက်နှင့် ထင်း ၁၆ တန်သယ်ဆောင်ကာ ဗီယင်နာမြို့မှ ထွက်ခွာခဲ့ကြသည်။ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိမြင်ရန် ခရိုင်စည်းဝေးကြီးရင်ထိုးတံဆိပ်များကို ကျွန်ုပ်တို့တပ်ဆင်ထားကြသည်။
ခရိုအေးရှားနှင့် ဘော့စနီးယားနယ်စပ်အရောက်တွင် ကျွန်ုပ်တို့သည် စစ်အခြေစိုက်စခန်းတစ်ခုသို့ လိုက်သွားရပြီး ထိုတွင် ကျွန်ုပ်တို့၏ထရပ်ကားများကို စေ့စေ့စပ်စပ်ရှာကြသည်။ ဆားဗီးယန်းဒေသကို ဖြတ်သွားဖို့ ကျွန်ုပ်တို့၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ ယာဉ်ခရီးကို ဘော့စနီးယားအလယ်ဗဟိုဖြစ်သော တိုက်ပွဲဖြစ်ပွားနေသည့် ဇုန်တည့်တည့်မှသာ ဖြတ်သွားခွင့်ပြုမည်ဖြစ်သည်!
အရာမထင်သော ကြိုးစားအားထုတ်မှုများလော
စစ်ဘက်ဆိုင်ရာအစောင့်အကြပ်များက စစ်ဆေးရေးဌာန တစ်ခုပြီးတစ်ခုသို့ ကျွန်ုပ်တို့အား ဦးဆောင်ခေါ်သွားကြရာ တင့်ကားနှင့်လက်နက်များမှ နားကွဲမတတ် ကျယ်လောင်သောပေါက်ကွဲသံများကို ကျွန်ုပ်တို့ကြားကြရသည်။ ညအချိန်တွင် တင့်ကားနှစ်စီးနှင့် ဂျစ်ကားတစ်စီး ခြံရံလိုက်ပါလျက် သစ်တောများကို ဖြတ်သွားကြရသည်။ ကျွန်ုပ်တို့၏ထရပ်ကားများကို ရှေ့တန်းစစ်မျက်နှာတစ်လျှောက် ဖြည်းဖြည်းလေးမောင်းသွားကြရသည်! ကျည်ဆံများ ကျွန်ုပ်တို့ခေါင်းပေါ်တွင် ဝဲပျံနေပြီး တောင်ကုန်းကို အကာအကွယ်ယူခဲ့ရသော နံနက်ပိုင်းအထိ ချောချောမောမော ဆက်သွားကြရသည်။ ပစ်ခတ်မှုများ ရပ်တန့်သွားပြီးနောက် ကျွန်ုပ်တို့ခရီးဆက်ခဲ့ကြသည်။
တပ်စခန်းတစ်ခုသို့ ကျွန်ုပ်တို့ရောက်သောအခါ ဦးစီးအရာရှိက ကျွန်ုပ်တို့ဘယ်သူတွေလဲ၊ ဘာအလိုရှိသလဲဟု မေးသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ကို ပြောပြပြီးနောက် သူက “ခင်ဗျားတို့ရဲ့ ဆောင်ရွက်ချက်ဟာ လုံးဝအထမမြောက်ပါဘူး” ဟု ပြောခဲ့သည်။ “ကိုက်နည်းနည်းလေးသွားရင်တောင် လုံလုံခြုံခြုံရောက်ဖို့ ခင်ဗျားတို့မှာ အလားအလာရှိမှာမဟုတ်ဘူး။ လူတွေဟာ ခင်ဗျားတို့ကို တိုက်ခိုက်ပြီး ခင်ဗျားတို့ပစ္စည်းတွေကို ခိုးယူမယ့်အထိ တိုင်းပြည်ထဲမှာအကြီးအကျယ်ငတ်ပြတ်နေတယ်” ဟု ပြောသည်။ လှည့်ပြန်ရန် ကျွန်ုပ်တို့ကို သူတိုက်တွန်းခဲ့သည်။
ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုသည် “လုံးဝအထမမြောက်” ဘဲဖြစ်သွားမည်လော။ စစ်ဘေးစစ်ဒဏ်ခံဒေသများနှင့် အငတ်ဘေးဆိုက်နေသည့်ဒေသများတွင် ကျွန်ုပ်တို့ပစ္စည်းများနှင့် အသက်ရှင်လျက် ဖြတ်သန်းသွားနိုင်ရန်မျှော်လင့်ခြင်းသည် အချည်းနှီးဖြစ်ပါသလော။ အရေးကြီးသော ဆုံးဖြတ်ချက်ချရတော့မည်။ သေနတ်ပစ်သံများနှင့် နားပင်းမတတ် ဗုံးပေါက်ကွဲသံများကို ကျွန်ုပ်တို့ကြားခဲ့ကြပြီ။ ကျွန်ုပ်တို့သည် စစ်သားများနှင့်အတူ ညအိပ်ပြီးနောက် သူတို့သည် စစ်ပွဲ၏အကျဉ်းအကျပ်အတွက် အသင့်ရှိကြသည်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ သူတို့သည် ကျည်ကာအင်္ကျီများဝတ်ကြပြီး လက်နက်အပြည့်တပ်ဆင်ထားကြသည်။ ထမင်းချက်ပင်လျှင် ကျောတွင် စက်သေနတ်ဆောင်ထားသည်။ ကျွန်ုပ်တို့မှာမူ ရှပ်အင်္ကျီများ၊ လည်စည်းများနှင့် ရင်ထိုးတံဆိပ်များ ဝတ်ဆင်ထားကြသည်။ ကျွန်ုပ်တို့ ဆက်သွားခြင်းသည် ပညာရှိရာကျမည်လော။
ထရာဗ်နိခ်မြို့သို့ ဆိုက်ရောက်
ထင်မှတ်ရသည့် ကျွန်ုပ်တို့မျှော်လင့်စရာတစ်ခုတည်းမှာ ဤစစ်ပွဲအဝင် တတိယအုပ်စုနှင့် စေ့စပ်ဆွေးနွေးရန်ဖြစ်သည်။ နောက်တစ်နေ့နံနက်တွင် ဤအုပ်စု၏ဌာနချုပ်စခန်းကို သိမသိအမျိုးသမီးငယ်တစ်ယောက်ကို ကျွန်ုပ်တို့မေးကြသည်။ “မဝေးပါဘူး၊ ဒီသစ်တောကို ဖြတ်သွားလိုက်၊ တစ်ချိန်က ဆေးရုံတစ်ရုံဖြစ်တဲ့ အဆောက်အအုံတစ်ခုကို ရှင်တို့တွေ့လိမ့်မယ်” ဟု သူမပြောသည်။ ကျွန်ုပ်တို့ သိပ်သွားချင်သည်။ လက်နက်မပါဘဲ စခန်းမှထွက်သွားဝံ့သည်ကို စစ်သားများက အံ့အားသင့်နေကြသည်။
ဆေးရုံဟောင်းသည် ပျက်စီးယိုယွင်းနေသော်လည်း အရာရှိတစ်ယောက်ရှိနေသည်။ ကူညီဖို့ သူသဘောတူကာ သူ့ဦးစီးအရာရှိကိုအရင်စကားပြောဆိုရန် အကြံပေးသည်။ သူ၏ပျက်ယွင်းနေသောကားဖြင့် ရှေ့တန်းစစ်မျက်နှာတစ်လျှောက် မိုင်ကုန်မောင်းကာ ကျွန်ုပ်တို့ကို ခေါ်သွားသည်။ မှောင်နေသောအခန်းတွင် ကျွန်ုပ်တို့အား ဦးစီးအရာရှိက လက်ခံဆွေးနွေးသည့် အဆောက်အအုံ၌ ကျွန်ုပ်တို့ ရပ်လိုက်ကြသည်။
“မနေ့ညက မင်းတို့ကို ငါတို့ပစ်မလို့”ဟု သူပြောသည်။ “မင်းတို့ဘာလိုချင်သလဲ။”
“ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေပါ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဆီ ကယ်ဆယ်ရေးပစ္စည်းတွေ ယူသွားချင်ပါတယ်။”
အပတ်အနည်းငယ်ကတည်းက ဘော့စနီးယားအတွင်းသို့ စွန့်စားသွားရောက်ဝံ့သည့် ကယ်ဆယ်ရေးယာဉ်တန်း မရှိခဲ့သည့်အတွက် သူအလွန်အံ့သြပြီး အထင်ကြီးလေးစားခဲ့သည်။ စေ့စေ့စပ်စပ်ရှာဖွေခံရပြီးနောက် အတည်ပြုချက်စာတစ်စောင်ကို ကျွန်ုပ်တို့အားပေးခဲ့သည်။ ယမန်ညက ကျွန်ုပ်တို့ခရီးဆက်ဖို့ အလားအလာမရှိတော့ဟု ထင်မှတ်ခဲ့ကြရသည်။ ယခုမူ အစောင့်အကြပ်မပါဘဲ ကျွန်ုပ်တို့ ခရီးဆက်နိုင်ကြသည်!
ကျွန်ုပ်တို့သည် သစ်တောများတစ်လျှောက် မောင်းနှင်သွားကြပြီး စစ်ဆေးရာဌာနတစ်ခုပြီး တစ်ခုဖြတ်ကျော်ကာ မကြာခဏ ရှေ့တန်းစစ်မျက်နှာတစ်လျှောက် မောင်းနှင်ခဲ့ကြပါသည်။ အန္တရာယ်ကြား ထရာဗ်နိခ်မြို့သို့ ဘေးကင်းလုံခြုံစွာရောက်လာခဲ့ကြသည်။ ကျွန်ုပ်တို့ရောက်ရှိလာသည်ကိုကြားသော စစ်သားတစ်ယောက်သည် ညီအစ်ကိုများစုဝေးနေသည့် အိမ်သို့ပြေးဝင်သွားသည်။ “ခင်ဗျားတို့လူတွေ ထရပ်ကားတွေနဲ့ ရောက်ပြီဟေ့!” ဟု သူအော်ပြောခဲ့သည်။ သူတို့၏ရွှင်လန်းမှုကို သင်စဉ်းစားကြည့်နိုင်သည်။ ကျွန်ုပ်တို့သည် အိမ်ထဲသို့ အစားအသောက်များကိုသယ်ကြ၍ စကားအနည်းငယ်ပြောပြီးသည်နှင့် ထွက်ခွာခဲ့ကြရသည်။ မှောင်စပြု အန္တရာယ်များသော မိုင် ၂၀ ခရီးက ရှေ့တွင်အစင်းသား ရှိနေသည်။
ဇယ်နက်စာမြို့သို့
အစောင့်အကြပ်ကားတစ်စီးက သစ်တောတစ်လျှောက် မိုင်ကုန်ဖွင့်ကာ ကျွန်ုပ်တို့ကို ဦးဆောင်သွားသည်။ အချို့က ကျွန်ုပ်တို့သည် ဇယ်နက်စာမြို့သို့ ဘယ်တော့မျှ ချောချောမောမော ရောက်နိုင်မည်မဟုတ်ဟု ပြောခဲ့ကြသော်လည်း ကျွန်ုပ်တို့ချောချောမောမော ရောက်ကြပါသည်။ ဤမြို့အပေါ် စိတ်ဓာတ်ကျဆင်းမှု အမှောင်ရိပ် ကျနေဟန်တူသည်။ လမ်းပေါ်တွင် မီးမရှိ၊ ကားများမရှိ။ ဇယ်နက်စာမြို့သည် အဘက်ဘက်တွင် ဝိုင်းရံခံထားရပြီး အကြီးအကျယ်ငတ်ပြတ်မှုနှင့် စိတ်ကျမှုခံစားနေရသည်။
လမ်းတစ်လျှောက် မောင်းသွားစဉ် အံ့ချီးဖွယ်ရာတစ်ခု—ခရစ်ယာန်ညီအစ်မနှစ်ယောက် သက်သေခံနေသည်ကို တွေ့ခဲ့ရသည်! ယမန်နေ့ သူတို့၏အစည်းအဝေးတွင် ပံ့ပိုးပစ္စည်းများ ကုန်ခန်းသွားပြီဖြစ်၍ အစားအသောက်ရှာဖွေရန် တောထဲသွားကြရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်ကို ကျွန်ုပ်တို့သိရှိခဲ့ရသည်။ ကျွန်ုပ်တို့သည် အချိန်မီကလေး ရောက်ခဲ့ကြသည်တကား! ကျွန်ုပ်တို့သည် လမ်းပေါ်တွင် လူတစ်စုံတစ်ယောက်မျှမရှိချိန် နံနက် ၄ နာရီတွင် ထရပ်ကားတစ်စီးပေါ်မှ ကုန်ချခဲ့ကြသည်။
နောက်တစ်နေ့တွင် ကျွန်ုပ်တို့သည် ဗိုလ်ချုပ်တစ်ယောက်ကို အဆက်အသွယ်လုပ်ရာ ဇယ်နက်စာသို့ ကျွန်ုပ်တို့ချောချောမောမော ရောက်ခဲ့ကြသည်ကို သူကအလွန်အံ့သြခဲ့သည်။ ကျွန်ုပ်တို့၏ နောက်ခရီးစဉ်ဖြစ်သော ဆာရာယေဗိုသို့အသွားလမ်းကို ယခုတွင် စုံစမ်းခဲ့သည်။
“ထရပ်ကားတွေနဲ့ စွန့်စားသွားရောက်ရဲတဲ့သူ မရှိတာ လနဲ့ချီပြီ” ဟု ဗိုလ်ချုပ်က ပြောသည်။ နောက်ဆုံးတွင် တောင်များကို ဖြတ်ကျော်ခရီးသွားရန် ကျွန်ုပ်တို့အား သူခွင့်ပြုချက်ပေးခဲ့သည်။ “ဒါပေမဲ့ ခင်ဗျားတို့ကို ကျုပ်ပြောမယ်၊ အထမြောက်အောင် ဆောင်ရွက်နိုင်ဖို့တော့ ခက်မယ်” ဟုသူပြောခဲ့သည်။ “ခင်ဗျားတို့ရဲ့ ထရပ်ကားတွေ ခင်ဗျားတို့မှန်းထားတဲ့ ခရီးလမ်းဆုံးကို ချောချောမောမော ရောက်ဖို့ကတော့ မသေချာဘူး။”
ဗိုလ်ချုပ်သည် ချဲ့ကား၍မပြောခဲ့ပေ။ ဆာရာယေဗိုမှ ၂၅ မိုင်မျှအကွာတွင် ကျွန်ုပ်တို့ရောက်ရှိနေစဉ် သစ်တောများကိုဖြတ်၍ ကွေ့ဝိုက်သွားရသော မိုင် ၉၀ ခရီးကို ကျွန်ုပ်တို့သွားကြရ၏! အများအားဖြင့် တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့်သာ သုံးရက်နှင့် နှစ်ညကြာခဲ့သည့် ဇက်နက်စာမှဆာရာယေဗိုကိုဖြတ်၍ ယော့လန်နီစာသို့သွားခဲ့သော ဤခရီးကို ကျွန်ုပ်တို့ဘယ်တော့မျှ မေ့နိုင်တော့မည်မဟုတ်ပေ။ ဤ “လမ်း” မှာ စစ်ကားများ မောင်းနှင်ဖန်များသောကြောင့် ပေါ်ပေါက်လာသောလမ်းဖုန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိတ်လန့်ဖွယ်ကောင်းသော ကျောက်ဆောင်များနှင့် တွင်းပေါက်များပေါ် မောင်းနှင်ကြရသည်။ ကျွန်ုပ်တို့သည် မကြာခဏ မီးမရှိဘဲမောင်းကြရပြီး ကျွန်ုပ်တို့၏ထရပ်ကားများသည် မထင်မှတ်သော အန္တရာယ်တောင်ကုန်းများအောက် နှစ်ကြိမ်နှစ်ခါ ချော်ကျလုနီးပါးဖြစ်ခဲ့ရသည်။ ကျွန်ုပ်တို့ကားတန်းနောက်တွင်ရှိ စစ်ထရပ်ကားတစ်စီးက ခဏလေးမီးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပစ်ခတ်ခံရသည်။ မကြာခဏ ပျက်ယွင်းနေသော တံတားများနှင့် တာယာများကို ကျွန်ုပ်တို့သည် ပြုပြင်ရကြသည်။
ကျွန်ုပ်တို့သည် ဆာရာယေဗို၏ ဆင်ခြေဖုံးဒေသသို့ ရောက်သည့်အခါ တာဝန်ခံဗိုလ်ချုပ်နှင့် စကားပြောရန် ကျွန်ုပ်တို့ တောင်းဆိုကြသည်။ စောင့်ဆိုင်းနေစဉ် အလောင်းဆယ်လောင်းနှင့် ခေါင်းများကိုထည့်ထားသည့် ဂုန်နီအိတ်တစ်လုံးကို သယ်လာသည့် ထရပ်ကားတစ်စီးကို လမ်းပေါ်တွင် ကျွန်ုပ်တို့တွေ့ကြသည်; စစ်သားများက မနှစ်မြို့ဖွယ်မြင်ကွင်းအမှန်ဖြစ်သည့် အလောင်းများလွှဲအပ်မှုကို စေ့စပ်ဆွေးနွေးနေကြရာ ယင်းက ကျွန်ုပ်တို့အား စစ်အဆုံးတိုင်မည့်နေ့ကို တောင့်တငံ့မျှော်စေသည်။—ဟေရှာယ ၂:၄။
နောက်ဆုံးတွင် နံနက် ၁၀:၀၀ နာရီ၌ ကျွန်ုပ်တို့ထဲမှ တစ်ဦးကို ဖယောင်းတိုင်မီးအလင်းသာရှိသည့် မှောင်နေသောအခန်းတွင် ဗိုလ်ချုပ်နှင့် သူ့အထက်အရာရှိများက စကားပြောဆိုမည်ဖြစ်ကြောင်း ကတိပေးသည်။
“ခင်ဗျားတို့ ဘယ်သူတွေလဲ” ဟု ဗိုလ်ချုပ်က မေးသည်။
“ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေပါ။ ဆာရာယေဗိုမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သက်သေခံချင်းတွေဆီကို အစားအသောက်တွေ ယူသွားချင်ပါတယ်။”
“ဆာရာယေဗိုမှာ ယေဟောဝါသက်သေတွေ အများကြီးရှိတယ်ဆိုတာ ခင်ဗျားတို့သိလို့လား။”
“ဟုတ်ကဲ့ သိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဒီကိုရောက်လာကြတာပါ။”
ထို့နောက် ဗိုလ်ချုပ်က သက်သေခံတစ်ဦး၏နာမည်ကို ဖော်ပြသည်။ “ခင်ဗျားသူ့ကို သိလား။”
“ဟုတ်ကဲ့၊ သူဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေပါ။”
“ကျုပ်ရဲ့မိတ်ဆွေလည်းဖြစ်တယ်၊” ဟု ဗိုလ်ချုပ်က ပြောသည်။ “ကျုပ်တို့ ကျောင်းအတူတူသွားခဲ့ကြတာ။ သူသက်သေခံတစ်ဦးဖြစ်သွားကတည်းက သူ့ကို ကျုပ်ပိုလို့တောင် လေးစားသေးတယ်။ သူခင်ဗျားတို့လူတွေအတွက် အများကြီးလုပ်ပေးတယ်။ ကျေးဇူးပြု၍ ယေဟောဝါသက်သေတွေအကြောင်း ထပ်ပြောပြပါလား။”
တစ်နာရီကြာ ဆွေးနွေးခန်းပြီးနောက် အကျိုးဆက်အနေနှင့် တစ်ဒါဇင်ထက်များသော မဂ္ဂဇင်းနှင့် ဘရိုရှာများကို ဝေငှခဲ့ရသည်။ ဒုတိယစည်းဝေးအပြီးတွင် ဗိုလ်ချုပ်က ဆာရာယေဗိုရှိ ညီအစ်ကိုများထံ ကယ်ဆယ်ရေးပစ္စည်းများကို လက်ရောက်ပေးအပ်နိုင်စေရန် အထူးအစီအစဉ်များ စီစဉ်ပေးရန်သဘောတူသည်။
ယင်းသည် အသေးအဖွဲကိစ္စမဟုတ်ပေ။ သက်သေခံမဟုတ်သူများအပါအဝင် လူ ၃၀ ခန့်က တစ်ထုပ်လျှင် ၆၀ ပေါင်ခန့်လေးသော အထုပ်များကို တနင့်တပိုးသယ်ခဲ့ကြရသည်။ သူတို့သည် စုစုပေါင်း ၁၈ နာရီကြာသည့် ညနှစ်ညတွင် ည ၈:၀၀ နာရီမှ နံနက် ၅:၀၀ နာရီထိ ပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့ကြသည်။ မိမိ၏အိမ်နီးနားချင်းများသည် ကယ်ဆယ်ရေးကြိုးစားလုပ်ဆောင်မှုများကို အလွန်အံ့အားသင့်ပြီး ညီအစ်ကိုများနှင့်အတူ ဒူးထောက်ကာ ယေဟောဝါကို ကျေးဇူးတင် ချီးမွမ်းခဲ့ကြောင်း အကြီးအကဲတစ်ဦး ပြန်ပြောပြခဲ့ပါပကော! သူတို့လည်း အစာတချို့ရရှိခဲ့ကြသည်။
ကယ်ဆယ်ရေးပစ္စည်း ၂၄,၂၅၀ ပေါင်ခန့် ရရှိခဲ့သည့်အတွက် ကျွန်ုပ်တို့ညီအစ်ကိုများ၏ ဝမ်းမြောက်ရွှင်လန်းမှုကို စဉ်းစားကြည့်ပေတော့! အခြေအနေမှာ ကြံရာမရပင်။ ဒေသတွင်းတွင် ဂျုံမှုန့် နှစ်ပေါင်တန်ဖိုးမှာ DM၄၅၀ နှင့် DM၁,၀၀၀ (ဒေါ်လာ ၃၀၀ နှင့် ဒေါ်လာ၆၆၀ U.S.) ကြားတွင်ရှိသည်။ ထင်းတစ်အိတ်တန်ဖိုးမှာ DM၄၀၀ (ဒေါ်လာ ၂၆၀, U.S.) ခန့်ရှိပြီး ဒီဇယ်ဆီ တစ်ကွတ်၏တန်ဖိုးမှာ DM၃၀ (ဒေါ်လာ ၂၀, U.S.) ရှိသည်။
ယင်းသည် လမ်းတစ်လျှောက် ကျွန်ုပ်တို့ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်တိုင်းအတွက် ယခုကျွန်ုပ်တို့ ဆုချခံရသကဲ့သို့ ဖြစ်နေသည်။ ဤကယ်ဆယ်ရေးပို့ကုန်ကို ကျွန်ုပ်တို့ညီအစ်ကိုများလက်ခံရရှိစဉ် သူတို့၏ရွှင်လန်းမှုကို စေ့စေ့မြင်တွေ့ရခြင်းသည် ကျွန်ုပ်တို့အား နှစ်ထောင်းအားရဖြစ်စေသည်။ ယင်းသည် သူတို့ကော ကျွန်ုပ်တို့ပါ မေ့တော့မည်မဟုတ်သည့် တွေ့ကြုံမှုတစ်ခုဖြစ်သည်။ သို့သော် ယခုကျွန်ုပ်တို့သည် နေရင်းအိမ်သို့ အပြန်စိန်ခေါ်မှုအကြောင်းကို စတင်စဉ်းစားကြရပြီ။
နေရင်းအိမ်သို့အပြန်
“ကျွန်တော်တို့ ဘယ်လိုပြန်ကြရမလဲ” ဟု ဗိုလ်ချုပ်ကို ကျွန်ုပ်တို့မေးသည်။
“လာလမ်းအတိုင်းပေါ့” ဟု သူပြန်ဖြေသည်။
ကျွန်ုပ်တို့မောဟိုက်နေပြီး ဆီသိပ်မရှိတော့ဘဲဖြစ်ကာ အပိုတာယာများမရှိပါ။ မိုးစရွာပြီး ရွှံ့ဗွက်ထဲတွင် ကျွန်ုပ်တို့မသွားနိုင်ပါ။ ကျွန်ုပ်တို့သည် တောင်ဘက်ကို သွားနိုင်မနိုင် ဗိုလ်ချုပ်ကိုမေးခဲ့သည်။
“အဲ့ဒီမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်နေတာ” ဟုသူကပြောသည်။ “ကြွက်ကလေးတစ်ကောင်တောင် ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။” သို့သော် ခဏအကြာတွင် သူပြန်စဉ်းစားသည်။ “ကြိုးစားကြည့်လေ၊” ဟု သူပြောသည်။ “ခင်ဗျားတို့ ဒီကိုရောက်လာကြတာပဲ။”
ထရပ်ကားတစ်စီးကို ကျွန်ုပ်တို့ ထားခဲ့ရပြီး အခြားထရပ်ကားသုံးစီးတွင် ယင်း၏ဆီကို မျှထည့်ခဲ့သည်။ ညသန်းခေါင်တွင် ကျွန်ုပ်တို့ထွက်ခဲ့ကြပြီး သစ်တောများတွင်းသို့ တစ်ဖန်မောင်းသွားကြသည်။
ကျွန်ုပ်တို့၏အပြန်ခရီးသည် အခက်အခဲမရှိ ဖြစ်ခဲ့သည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် တိမ်းမှောက်နေသည့် စစ်ထရပ်ကားတစ်စီးနှင့် ပက်ပင်းတိုးခဲ့ရပြီး ကျွန်ုပ်တို့ ဖြတ်သွားရန် လိုအပ်သည့် တံတား၏တစ်ဝက်ခန့်ကို လမ်းပိတ်နေသည်။ ယင်း၏ဘီးတစ်ဘီးလောက်ကို ဖြုတ်နိုင်ပါက ဖြတ်သွားရန် နေရာအလုံအလောက်ရှိမည်ဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရှိကြသည်။
ကျွန်ုပ်တို့သည် လက်နက်ကိုင်စစ်သားတစ်ယောက်ထံ ဤသို့အသနားခံသည်။ “ဘီးတစ်ဘီးကို ကျွန်တော်တို့ဖြုတ်ပြီး တံတားကို ဖြတ်ကျော်ပြီးတဲ့နောက် ပြန်တပ်ပေးမယ်ဆိုရင် ဖြစ်နိုင်မလား ခင်ဗျာ။”
“ဘီးကို မင်းတို့ထိကြည့်၊ ငါ့သေနတ်နဲ့ မင်းတို့ကိုပစ်ထည့်လိုက်မယ်” ဟု စစ်သားကပြန်ပြောပြီး လက်နက်နှင့် ချိန်ထားသည်။
ကျွန်ုပ်တို့သည် ဤစစ်သားအား ကော်ဖီတစ်ခွက် ဖျော်ပေးလျှင် ကောင်းလိမ့်မည်ဟု ထင်မှတ်ကြသည်။ ကျွန်ုပ်တို့သည် ဇာဂရက်မြို့တွင်ကျင်းပခဲ့သော ၁၉၉၁ ခုနှစ်အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးများကဲ့သို့သော စည်းဝေးပွဲကြီးများအကြောင်းကို နာရီအတော်အတန်ကြာမျှ သူ့အားပြောပြသည်။ ဤသို့ပြောပြပြီးနောက် သူ၏သဘောထား အနည်းငယ်ပျော့ပျောင်းလာပြီး ဘီးကိုဖြုတ်ခွင့်ပြုခဲ့သည်။
ယော့လန်နိစာမြို့တွင် ကျွန်ုပ်တို့ထဲမှတစ်ဦးက ကျွန်ုပ်တို့သွားလိုသောလမ်းခရီးစဉ်အကြောင်း တပ်မှူးတစ်ယောက်ကို မေးခဲ့သည်။ သူကြားသည့်အရာကို သူမယုံနိုင်အောင်ဖြစ်ခဲ့သည်။ “ခင်ဗျားတို့ နာရက်ဗားတောင်ကြားကို ဖြတ်သွားချင်တယ်ဟုတ်လား။”
သူစိုးရိမ်တကြီးဖြစ်စရာပါပဲ။ နာရက်ဗားတောင်ကြား၏ တောင်စောင်းများကို အုပ်စုကွဲစစ်တပ်များက တပ်ချထားသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး အဆက်မပြတ်ပစ်ခတ်နေကြသည်။ ဆယ်မိုင်နီးပါးခန့် မထင်မှတ်သော အန္တရာယ်များရှိသည့်လမ်းဖြစ်သည်။ “ဒီလိုလမ်းကို ခင်ဗျားတို့ ဖြတ်သွားချင်သေးလား” ဟု ဗိုလ်ချုပ်ကပြောသည်။
အကြောင်းအရာကို ချင့်ချိန်ပြီးနောက် ဗိုလ်ချုပ်က အာဏာရပုဂ္ဂိုလ်များလိုက်ပါမှသာလျှင် ကျွန်ုပ်တို့သွားနိုင်ကြောင်း ပြောသည်။ သို့သော် ဤအာဏာရပုဂ္ဂိုလ်များက ကျွန်ုပ်တို့နှင့်အတူသွားရန် ငြင်းဆန်ကြသည်ကိုး! နောက်ဆုံးတွင် အခြားတစ်ဖက်ကို သူတို့ဆက်သွယ်ရုံဆက်သွယ်ပေးပြီး ကျွန်ုပ်တို့မောင်းလာနေကြောင်း အကြောင်းကြားပေးရန် ကျွန်ုပ်တို့တောင်းဆိုသည်။ နောက်တစ်နေ့နံနက် ကျွန်ုပ်တို့တွင် အစောင့်အကြပ်မပါဘဲ ဖြတ်သွားကြမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ထရပ်ကားများပေါ် လူ့အကျိုးပြုအထောက်အကူပစ္စည်းများ သယ်ဆောင်လာကြောင်း စာလုံးကြီးဖြင့် ချိတ်ဆွဲရေးကပ်ထားသည်။ ဆုတောင်းပြီးနောက် ကျွန်ုပ်တို့တောင်ကြားတွင်းသို့ မောင်းနှင်ကြသည်။ ပစ်ခတ်ပါက မိုင်နှုန်း မြှင့်တင်ခြင်းအားဖြင့် သံသယဖြစ်မှုကို မဖန်တီးရန် ကျွန်ုပ်တို့သဘောတူကြသည်။
ကျွန်ုပ်တို့သည် အခြားမြစ်တစ်ဖက်ကမ်းသို့ တံတားဖြင့်ကျော်ဖြတ်၍ နောက်တောင်ကြားတစ်လျှောက် ဆက်လက်သွားခဲ့ကာ တိရစ္ဆာန်အသေကောင်များ၊ ပျက်စီးနေသောထရပ်ကားများနှင့် တင့်ကားများကို ဖြတ်သန်းခဲ့သည်။ လမ်းပေါ်တွင် မိုင်းများချထားပြီး ဖြတ်ကျော်ရန် မဖြစ်နိုင်ကြောင်း ရုတ်တရက် ကျွန်ုပ်တို့သတိပြုမိကြသည်။ ကျောက်ဆောင်အကွယ်မှ စစ်သားနှစ်ဦးချောင်းကြည့်သည့်အထိ ကျွန်ုပ်တို့ ကားဟွန်းတီးကြသည်။ “ခင်ဗျားတို့ဘယ်သူတွေလဲ။ ဘာလိုချင်သလဲ” ဟု သူတို့က မေးသည်။
ကျွန်ုပ်တို့ မည်သူမည်ဝါဖြစ်ကြောင်း သိရှိစေပြီးနောက် သူတို့ လမ်းကိုရှင်းပေးနိုင်မလားဟု ကျွန်ုပ်တို့ မေးခဲ့ကြရာ သူတို့သဘောတူကြသည်။ နောက်ဆုံးတွင် အခြားတစ်ဖက်သို့ ကျွန်ုပ်တို့ဆိုက်ရောက်ကြသည်။
ဤတွင်ရှိသော စစ်သားများသည် ကျွန်ုပ်တို့ကိုတွေ့ရ၍ အံ့အားသင့်ကြသည်။ သူတို့သည် ပုန်းအောင်းရာနေရာများမှ တဖြည်းဖြည်းထွက်လာကြကာ ကျွန်ုပ်တို့ကို သေနတ်များနှင့် တည့်တည့်ချိန်ပြီး ထရပ်ကားဆီသို့ ချဉ်းကပ်လာကြသည်။ ကျွန်ုပ်တို့သည် စစ်ဇုန်ကို ဖြတ်မောင်းသွားစဉ် လုံခြုံမှုအကြောင်းများကြောင့် ဖြုတ်ထားသည့် ကားနံပါတ်ပြားများနှင့်အတူ ခွင့်ပြုမိန့်စာများကို ထုတ်ပြသည်။
“ခင်ဗျားတို့ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မသိဘူး” ဟုစစ်သားတစ်ယောက်က ပြောသည်။ “ခင်ဗျားတို့ ဘယ်လိုဖြတ်နိုင်ခဲ့သလဲဗျာ။”
ကျွန်ုပ်တို့တောင်းဆိုချက်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် ကျွန်ုပ်တို့လာနေကြောင်း ဤကင်းစခန်းများရှိ မည်သူတစ်ဦးတစ်ယောက်မျှ သတင်းမရခဲ့ပေကိုး! အရာရှိက ဤသို့ဆက်ပြောသည်– “ကျုပ်တို့သေနတ်တွေကို မောင်းတင်ထားပြီး ခင်ဗျားတို့ကို စပစ်တော့မဲ့ ဆဲဆဲပဲ။”
ဘာကြောင့် သူတို့မပစ်ကြောင်း ကျွန်ုပ်တို့ မေးကြသည်။
“ကျုပ်မသိဘူးဗျာ” ဟု စစ်သားကပြန်ဖြေသည်။ “ခင်ဗျားတို့ရဲ့ ကံကြမ္မာပဲလို့ ကျုပ်ထင်တယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့မှန်ပြောင်းနဲ့ ခင်ဗျားတို့ကိုကြည့်လိုက်တဲ့အခါ ‘လူ့အကျိုးပြုအထောက်အကူ’ စာလုံးချိတ်ဆွဲထားတာကို ကျုပ်တို့တွေ့ရပြီး ခင်ဗျားတို့ကို ဘာလုပ်ရမလဲဆိုဒါ ဝေခွဲလို့မရဘူး။ ဒါကြောင့် ခင်ဗျားတို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာ။” ကျွန်ုပ်တို့သည် နောက်ပိုင်းတွင် ယေဟောဝါ၏ကာကွယ်မှုအတွက် ကိုယ်တော်ကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းကြသည်။
သူတို့၏အဖြစ်သနစ်သည် အလူးအလဲဖြစ်သော်လည်း ကျွန်ုပ်တို့ ဘော့စနီးယား ညီအစ်ကို၊ ညီအစ်မများ၏ စိတ်ဓာတ်သည် အားရစရာဖြစ်သည်။ သူတို့တွင်ရှိသော ရုပ်ပိုင်းဆိုင်ရာများ၊ ယုံကြည်ခြင်းနှင့် အားပေးစကားများကို ဝေမျှကြသည်။ ဇယ်နက်စာမြို့တွင် အထူးရှေ့ဆောင် ၂ ဦး၊ အရန်ရှေ့ဆောင် ၁၁ ဦး၊ နှစ်ခြင်းခံသူလူသစ် ၁၄ ဦးအပါအဝင် တက်ကြွသောသက်သေခံ ၄၀ ရှိသည်။ ဆာရာယေဗိုမြို့တွင် ဆက်ရှိနေသေးသည့် သက်သေခံ ၆၅ ယောက်နှင့် အရန်ရှေ့ဆောင် ၄ ယောက်တို့သည် ကျမ်းစာသင်အံမှု ၁၃၄ ခုကျင်းပနေသည်။ သက်သေခံများသည် ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းအကြောင်း ပြောပြခြင်းတွင် လစဉ်ပျမ်းမျှနာရီ ၂၀ အသုံးပြုနေသည်။
မှန်ပါသည်၊ ယေဟောဝါသက်သေများသည် ကမ္ဘာချီယုံကြည်ခြင်း၏ အိမ်သူအိမ်သားများဖြစ်ကြသည်။ သူတို့သည် ယုံကြည်ခြင်းတွင် သူတို့နှင့်ပတ်သက် ဆက်နွှယ်နေသူများအတွက်—ယခင်ကတစ်ခါမျှ မတွေ့မမြင်ဖူးသူများအတွက်ပင် အသက်စွန့်ရန် အသင့်ရှိကြသည်။ အဘယ့်ကြောင့်နည်း။ သူတို့ကိုချစ်သောကြောင့်ဖြစ်သည်။ ယေရှုခရစ် ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ယင်းသည် ဘော့စနီးယားတွင်ရှိ ယုံကြည်ခြင်း၏ အိမ်သူအိမ်သားများနှင့်ပတ်သက်၍ အမှန်ပင် ဖြစ်ပျက်ခဲ့ပြီ။
[စာမျက်နှာ ၂၄ ပါ မြေပုံ/ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဩစတြီးယား
စလိုဗေးနီးယား
ဟန်ဂေရီ
ခရိုအေးရှား
ဘော့စနီးယား
ဆားဘီးယား
ထရာဗ်နိခ်
ဇယ်နက်စာ
ဆာရာယေဗို
အေဒရီအာတစ်ပင်လယ်
[Pictures]
တိမ်းမှောက်နေသော ထရပ်ကားကို တဖြည်းဖြည်းချင်းဖြတ်ကျော်နေ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားသို့ အကူအညီပေးခြင်း