ရဲဝံ့သောယုံကြည်ခြင်းရှိ ကျွန်ုပ်တို့၏ရဝမ်ဒါညီအစ်ကိုများ
၁၉၉၄ ခုနှစ်ဦးပိုင်းက အာဖရိကရှိ ရဝမ်ဒါနိုင်ငံတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသတင်းကြောင့် ကမ္ဘာကတုန်လှုပ်ခဲ့ရသည်။ အလွန်ပြင်းထန်သည့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ ရာစုနှစ်များစွာတည်ရှိခဲ့သည့်ရန်ငြိုးတို့သည် အထွတ်အထိပ်သို့ရောက်ခဲ့သည်။
ငြိမ်ဝပ်မှု လုံးလုံးပျက်ယွင်းသည့်အခြေအနေနှင့် ရင်ဆိုင်ရသော ရဝမ်ဒါရှိ ယေဟောဝါသက်သေ ၂,၀၀၀ ကျော်တို့သည် အသက်ဘေးမှလွတ်မြောက်ရန် ထွက်ပြေးခဲ့ကြရသည်။ ၁,၃၀၀ ခန့်တို့သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဇိုင်ယဲရ်နှင့် တန်ဇန်းနီးယားနိုင်ငံတို့ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံရာရခဲ့ကြသော်လည်း အချို့တို့သည် အချိန်မီမထွက်ပြေးနိုင်ခဲ့ကြချေ။ အားလုံး အရပ်သားများဖြစ်သော ကလေးနှင့်လူကြီးများပါဝင်သည့် ၄၀၀ ခန့်သော ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများသည် ပြင်းထန်သည့်အကြမ်းဖက်မှုထဲတွင် အသက်ဆုံးရှုံးခဲ့ကြရသည်ကို တင်ပြရခြင်းသည် ဝမ်းနည်းဖွယ်ဖြစ်သည်။ ထိုရဲစွမ်းသတ္တိရှိသော သမာဓိစောင့်သိသူများအတွက် ကမ္ဘာတစ်ဝန်းလုံးရှိခရစ်ယာန်များက ပူဆွေးကြပြီး ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျမ်းစာကတိတော်အားဖြင့် နှစ်သိမ့်မှုရယူကြသည်။—ယောဟန် ၁၁:၂၅။
လွတ်မြောက်လာသည့် ရဝမ်ဒါညီအစ်ကိုညီအစ်မများ မည်သို့တွေ့ကြုံရင်ဆိုင်ကြရသနည်း။ နိုင်ငံများစွာမှ အကြီးအကဲများသည် အကြောင်းခြင်းရာများကို ကိုယ်တွေ့စုံစမ်းရန် စေလွှတ်ခံရကြသည်။ သတင်းတစ်ခုအရ ရဝမ်ဒါညီအစ်ကိုများသည် အခြေအနေကို “ဂုဏ်သိက္ခာနှင့်၊ ရဲစွမ်းသတ္တိအလွန်ရှိစွာဖြင့်” ရင်ဆိုင်ကြသည်။ ဥပမာ၊ ညီအစ်ကိုများ ဦးဆုံးတောင်းဆိုသည့်အရာမှာ ကျမ်းစာစာပေများဖြစ်သည်။ ‘သူတို့သည် အပူတပြင်းလိုအပ်သည့်အရာ မြောက်မြားစွာရှိနေသည့်ကြားမှ ကာယရေးအကူအညီထက် ဝိညာဏအစားအစာကို ပို၍အာရုံစိုက်ပုံရကြသည်’ ဟု သတင်းကနိဂုံးချုပ်သည်။ စခန်းတွင်းရှိအခြေအနေသည် ရှေးရိုးကျသော်လည်း ‘အသန့်ရှင်းဆုံးနေရာမှာ ကျွန်ုပ်တို့၏ညီအစ်ကိုများနေသည့်နေရာဖြစ်သည်။’
ကင်းမျှော်စင်အသင်းသည် အစားအစာများ၊ စောင်များ၊ အဝတ်အစားများ၊ ဖိနပ်များနှင့် ဆေးဝါးများကိုဝယ်ယူနိုင်ရန် ရန်ပုံငွေရှာကြသည်။ ပြင်သစ်နိုင်ငံမှ ကျွန်ုပ်တို့၏ညီအစ်ကိုများက ရက်ရက်ရောရောပါဝင်ကူညီကြပြီး ဇွန်လဦးပိုင်းလောက်တွင် လိုအပ်မှုရှိနေသော ထိုသက်သေခံများထံသို့ နှစ်တန်နီးပါးရှိ ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လိုက်သည်။
ထိုအဖြစ်အပျက်များသည် ကောင်းမွန်သည့်သက်သေခံချက်ဖြစ်သွားသည်မှာ အံ့ဩစရာမဟုတ်ပါ။ ကျွန်ုပ်တို့၏ရဝမ်ဒါညီအစ်ကိုများသည် သက်သေခံအမှုဆောင်ဖက်များမှ ယင်းသို့ကူညီထောက်ပံ့ခံရခြင်းက သတိထားမိသူများ၏ခံစားချက်ကို နှိုးဆွပြီး ဤအကူအညီများကို အခြားသူများနှင့်ဝေမျှနိုင်ခဲ့သည်။ သက်သေခံများသည် ဘာသာတူအသင်းသားချင်း လာရောက်လည်ပတ်ခံရသည့် တစ်ခုတည်းသောအုပ်စုဖြစ်သည်ဟု လူအချို့မှတ်ချက်ချကြသည်!
ရဝမ်ဒါရှိကျွန်ုပ်တို့ညီအစ်ကိုများ၏အခြေအနေက ဤ “နောက်ဆုံးသောကာလ” တွင် လူတို့သည် “ခက်ထန်ကြမ်းတမ်း” ပြီး “အကြမ်းဖက်” သူများဖြစ်ကြမည်ဟူသည့်အချက်ကို ကျွန်ုပ်တို့အားသတိရစေသည်။ (၂ တိမောသေ ၃:၁-၅; Today’s English Version) ယေဟောဝါသည် မိမိ၏လူများအား ကာယရေးအန္တရာယ်များမှ အံ့ဖွယ်နည်းဖြင့်ကာကွယ်ပေးမည်ဟု ကတိမပေးထားသော်လည်း သူတို့၏ဝိညာဏရေး၊ ကိုယ်တော်နှင့်ဆက်ဆံရေးတို့ကို ကာကွယ်ပေးရန်နှင့် ယခုအသက်ဆုံးရှုံးသူများသည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးတွင် ရှင်ပြန်ထမြောက်ခြင်းခံရရန် ကတိပြုထားတော်မူသည်။ (ဆာလံ ၉၁:၁-၁၀) အသက်ရှင်ကျန်ရစ်သော ကျွန်ုပ်တို့၏ရဝမ်ဒါညီအစ်ကိုများအား ဤစုံစမ်းရာကာလအတွင်း ယေဟောဝါကူညီထောက်ပံ့ရန် သူတို့အတွက် ကျွန်ုပ်တို့ဆက်၍ဆုတောင်းပေးနေကြစို့။—ဆာလံ ၄၆:၁။