ကွဲပြားနေသောချာ့ချ်—တည်မြဲနိုင်မည်လော
“ခရစ်တော်၏ ကယ်တင်ခြင်းသမ္မာတရားကို ခံယူထားသူအားလုံး မျက်မြင်ရချာ့ချ်အဝင်ဖြစ်သည်။ ခရစ်ယာန်ဘောင်၏ ကွဲပြားမှုများ—အရှေ့ပိုင်းနှင့်အနောက်ပိုင်း၊ ရောမနှင့် ပြုပြင်ပြောင်းလဲရေးချာ့ချ်များ စပ်ကြား—သည် ချာ့ချ်တစ်ခုတည်းအတွင်း ကွဲပြားမှုများ ဖြစ်သည်။” (အယူဝါဒတူသော ခရစ်ယာန်များ) စာရေးဆရာတစ်ဦးက ခရစ်ယာန်ဘာသာတရားကို ယေရှုခရစ်၌ တစ်နည်းနည်းတစ်ဖုံဖုံဖြင့် ယုံကြည်ကြသည့် အနှံ့အပြားပြန့်ကျဲနေသော ဘာသာရေး မိသားစုအဖြစ်ရှုမြင်သည်။
သို့ရာတွင် ယုံကြည်ချက်များနှင့် အမူအကျင့်စံချိန်များ ကွဲပြားခြားနားသည့် မိသားစုကြီးဖြစ်နေသည်။ “ယခုခေတ် ခရစ်ယာန် . . . ဘာသာဝင်ဖြစ်ရန် လိုက်နာရမည့်စည်းမျဉ်းများသည် ဘတ်စ်ကားတက်စီးခွင့်ရရန်အတွက်မျှပင် စံချိန်မမြင့်လှပေ” ဟုသုတေသနပြုသူတစ်ဦး ဆိုပါသည်။ သို့ဖြစ်လျှင် ယင်း၏ဝိညာဉ်ရေးအခြေအနေကို မည်သို့အကဲဖြတ်သင့်သနည်း။ ကက်သလစ်ဘိရှော့ ဗဲစဲလ်ဘတ်တလာက ဤသို့ကောက်ချက်ချသည်– “ကွဲပြားသော ခရစ်ယာန်ဘာသာတရားသည် အမှန်တကယ်ပင် အကြီးအကျယ် နာမကျန်းဖြစ်နေသည်။” (ချာ့ချ်နှင့် စည်းလုံးမှု) မည်သို့စတင်ဖျားနာခဲ့သနည်း။ နာလန်ထူရန် မျှော်လင့်ချက် ရှိသလော။
“အဓမ္မလူ”
သဘောထားကွဲပြားမှု ဖြစ်ပေါ်လာမည်ဟု တမန်တော်ပေါလု သတိပေးခဲ့သည်။ ခရစ်တော် ရောက်လုနီးပြီဟု ယူမှတ်သော သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များထံ ဤသို့စာရေးခဲ့သည်– “အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက် [ယေဟောဝါ၏နေ့ရက်] မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍ အဓမ္မလူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။”—၂ သက်သာလောနိတ် ၂:၃၊ ကဘ။
ဤ “အဓမ္မလူ” သည် ခရစ်ယာန်အသင်းတော်အတွင်း အယူဖောက်ပြန်ခြင်းနှင့် ပုန်ကန်မှုကို သွတ်သွင်းခဲ့သည်။ သူကား မည်သူနည်း။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မဟုတ်ဘဲ ခရစ်ယာန်ဘောင်ဓမ္မဆရာအတန်းအစားဖြစ်သည်။ ယေရှု၏တမန်တော်များ ကွယ်လွန်ပြီးနောက် များမကြာမီအချိန်တွင် ဤအတန်းအစားသည် အယူဖောက်ပြန်သော အသင်းတော်အထက် ကိုယ်ကိုယ်ကို မြှင့်တင်လိုက်ပြီး သုံးပါးတစ်ဆူ၊ လူ့ဝိညာဉ်စိုးလ်မသေနိုင် အစရှိသောတိတ္ထိအတွေးအခေါ်များကို တဖြည်းဖြည်း သွန်သင်ပေးလေတော့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀; ၂ ပေတရု ၂:၁-၃) သေစေတတ်သောဗိုင်းရတ်ပိုးကဲ့သို့ မလွဲမသွေစိတ်ဝမ်းကွဲစေမည့် နတ်ဆိုးအယူများကို ခရစ်ယာန်အမည်ခံ အသင်းတော်အတွင်း ကူးစက်ပျံ့နှံ့သွားစေခဲ့သည်။—ဂလာတိ ၅:၇-၁၀။
တမန်တော်ပေါလုခေတ်တွင် ထိုကူးစက်နာသည် စဖြစ်နှင့်နေပြီ။ ဤသို့သူရေးခဲ့သည်– “ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မီတိုင်အောင် ဆီးတားလိမ့်မည်။” (၂ သက်သာလောနိတ် ၂:၇) တမန်တော်များသည် အယူဖောက်ပြန်ခြင်းအဆိပ်၏ ကာကွယ်ဆေးသဖွယ် ဖြစ်ခဲ့သည်။ စည်းလုံးစေသော သူတို့၏သြဇာ ကွယ်ပျောက်သွားသည့်အခါ အယူဖောက်ပြန်မှုသည် ပုပ်ရိနာကဲ့သို့ အတားအဆီးမရှိ ပျံ့နှံ့လာလေသည်။—၁ တိမောသေ ၄:၁-၃; ၂ တိမောသေ ၂:၁၆-၁၈။
ဤ “အဓမ္မလူ” သည် မလျှော့တမ်း ဆက်လက်လှုပ်ရှားနေဆဲရှိသည်။ “လိင်ဆိုင်ရာနှင့် ဓမ္မအသိပညာဆိုင်ရာ ဆင်းရဲပင်ပန်းခြင်းခံနေရသော ချာ့ချ်တစ်ခု” နှင့်ပတ်သက်၍ မကြာမီက သတင်းတစ်ရပ်တွင် အင်္ဂလီကန်ချာ့ချ် ဂိုဏ်းထောက်ကြီးတစ်ဦး၏ မကျေနပ်ချက်ကို ဤသို့ကိုးကားဖော်ပြသည်– “ဓမ္မဆရာများသည် အိမ်ထောင်ပြင်ပ သာယာမှုမရှာကြရန် သတိပေးသည့် အဆိုပြုချက်များကို စွန့်လွှတ်လေပြီ။ လိင်တူကျင့်သူများအား ဓမ္မဆရာအရာတွင် ခန့်အပ်နေကြသည်။ မကောင်းကို အကောင်း၊ အကောင်းကို မကောင်း အလွဲယူနေကြပြီ။”—စန်းဒေးတိုင်းမ်စ် မဂ္ဂဇင်း၊ လန်ဒန်မြို့၊ နိုဝင်ဘာ ၂၂၊ ၁၉၉၂။
ဂျုံစပါးနှင့် တောမျိုးစေ့
ခရစ်ယာန်ဘာသာတရားစစ်သည် အခိုက်အတန့်အားဖြင့်ကွယ်ပျောက်လိမ့်မည်ဟု ယေရှုခရစ်ကိုယ်တော်တိုင် သွန်သင်တော်မူခဲ့သည်။ ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခြင်းသည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့်တူ၏ဟု ကိုယ်တော်မိန့်တော်မူသည်။ သို့သော် “သူ၏ရန်သူသည် လာ၍ . . . တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍ သွားလေ၏” ဟုယေရှုမိန့်မြွက်တော်မူသည်။ တောမျိုးစေ့ကို ရွေးပြီးနုတ်ပစ်ရမည်လောဟု သခင့်ကျွန်များ မေးမြန်းသောအခါ လယ်ရှင်က ဤသို့ဆိုသည်– “ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကို ရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။” ဂျုံစပါးနှင့်တောမျိုးစေ့သည် အဘယ်အချိန်အထိ ဆက်ရောနှောနေမည်နည်း။ လယ်ရှင်က ဤသို့ဆိုသည်– “စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ။”—မဿဲ ၁၃:၂၅၊ ၂၉၊ ၃၀။
“စပါးရိတ်ချိန်” သို့မဟုတ် “အစီအစဉ်စနစ်” ၏ နောက်ဆုံးကာလအတွင်း သီးသန့်ခွဲခြားမည့်အချိန်အထိ အတုအယောင်ခရစ်ယာန်များသည် ခရစ်ယာန်အစစ်များနှင့် ယှဉ်တွဲ၍ ကြီးထွားနေမည်။ (မဿဲ ၂၈:၂၀) စာတန်မာရ်နတ်သည် အယူဖောက်ပြန်သူများကို အသုံးပြုကာ ပျက်စီးယိုယွင်း၊ အစိတ်စိတ်အမြွှာမြွှာကွဲပြားသော အတုအယောင် ခရစ်ယာန်အသင်းတော်ကို ဖြစ်ပေါ်လာစေသည်။ (မဿဲ ၁၃:၃၆-၃၉) ခရစ်ယာန်ဘာသာတရားစစ်၏ ရှက်ဖွယ်ရာ အတုအယောင်ကြီးတစ်ခုကို သူတို့ပြုပြင်ဖန်တီးလေတော့သည်။ (၂ ကောရိန္သု ၁၁:၃၊ ၁၃-၁၅; ကောလောသဲ ၂:၈) နှစ်ရာစုများတစ်လျှောက် ချာ့ချ်သည် အစိတ်စိတ်အမြွှာမြွှာဖြစ်လာရာ ခရစ်ယာန်အစစ်များကို ခွဲခြားသိမြင်နိုင်ရန် ပိုမိုခဲယဉ်းလာသည်။
ကွဲပြားမှုအသစ်များ
ပို၍ခေတ်သစ်ဆန်းချိန်တွင် “ဂိုဏ်းဂဏအသစ်များ၊ အထူးသဖြင့် ကိုယ်တိုင်ယုံကြည်၍ တွေ့ကြုံခံစားရခြင်းကို အလေးထားသည့် ဝိညာဉ်တော်ဂိုဏ်းဂဏများ ပေါ်ထွက်လာသည်” ဟု ချာ့ချ်များကို စမ်းသပ်ခြင်း—၁၉၃၂-၁၉၈၂ စာအုပ်ကဆိုသည်။ စိတ်ဝင်စားစရာမှာ ဒုတိယအကြိမ်မွေးဖွားခြင်းအယူကို အလေးထားသော ဝိညာဉ်တော်ဂိုဏ်းများကို အချို့သူများက ဂိုဏ်းဂဏအသစ်များဟု မယူမှတ်ဘဲ ဝိညာဉ်ရေးရာ၌ ပြန်လည်စိတ်ဝင်စားခြင်းလက္ခဏာဟု ယူမှတ်ကြသည်။ ဥပမာ၊ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံတွင် ၁၈၅၀ ပြည့်လွန်နှစ်များအတွင်း ထိုသို့ပြန်အသက်ဝင်လှုပ်ရှားလာကြသည်။ ထိုစဉ်က မျှော်လင့်ချက်ကြီးမားခဲ့ကြသည်။ “ပရက်စဘီတေးရီးယန်း၊ ဝက်စလီယန်းနှင့် အင်ဒီပဲန်ဒင့်ချာ့ချ်များ၏ ဓမ္မဆရာများအချင်းချင်း ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် စည်းရုံး . . . လာကြ” သည့်အပြင် “အာရုံဝင်စားခြင်း၊ အိပ်ခြင်း၊ ရူပါရုံမြင်ခြင်း၊ အိပ်မက်များ မြင်မက်ခြင်းနှင့် အံ့ဖွယ်တန်ခိုးများရသည်ဟု အသစ်အသစ်သောသတင်းများကို နေ့စဉ်ကြားကြရသည်” ဟုသတင်းတစ်ရပ်က ဆိုသည်။—ဘာသာရေးဆိုင်ရာ ပြန်အသက်ဝင်ခြင်း။
ဤစိတ်တုန်လှုပ်ဖွယ်ထင်ရှားပြုမူချက်များသည် အသင်းတော်ကို ပြန်အသက်ဝင်စေရန် ဘုရားသခင်၏ဝိညာဉ်တော် လှုပ်ရှားမှုဖြစ်သည်ဟု ယူမှတ်ကြသူ များစွာရှိသည်။ ယင်းကိုသုတေသီတစ်ဦးက “ဤအရပ်ဒေသရှိ ဘုရားသခင့်ချာ့ချ်၏ အမွန်မြတ်ဆုံးသောသဘောသည် ပြန်အသက်ဝင်လာသည်” ဟုဆိုသည်။ သို့ရာတွင် ယင်းအသက်ဝင်လာခြင်းကို “အာလ်စတာခရိုင်၏ ဘာသာရေးသမိုင်းတွင် တစ်ချိန်တစ်ခါနှင့်မျှမတူသည့် ခမ်းနားထည်ဝါသောခေတ်” ဟုကြွေးကြော်သည်မှန်သော်လည်း ၎င်းနှင့် ၎င်းကဲ့သို့သော အခြားအသက်ဝင်လာခြင်းတို့သည် ဝိညာဉ်ရေးအရ ပြန်လည်ဖွားမြင်သည်ဟု အခိုင်အမာပြောဆိုသူတို့အတွင်း ဘာသာရေးစည်းလုံးမှု ရှိလာသည်ကို မတွေ့ရှိရချေ။
ဤသို့သောသူတို့က အခြေခံတို့၌ သဘောညီညွတ်ပါသည်ဟု ဆင်ခြေကန်ကြမည်။ သို့သော် “ခရစ်ယာန်များအား စည်းလုံးစေသည့်အရာသည် သူတို့ကို ကွဲပြားခြားနားစေသည့် ကိစ္စများထက် သာလွန်အရေးပါသည်” ဟု အကျိုးအကြောင်းရှင်းပြသော ခရစ်ယာန်ဘောင်ရှိ ကျန်ကြွင်းသူတို့က ဤဆင်ခြေကိုပင် အသုံးပြုသည်။ (ချာ့ချ်နှင့်စည်းလုံးမှု) ခရစ်ယာန်ဘောင်က ဤသို့အခိုင်အမာဆိုသည်– “ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦးမက ခရစ်ယာန်အားလုံးနှင့် စည်းလုံးရသည့် အခြေခံအချက်မှာ ခရစ်တော်၌ နှစ်ခြင်းခံယူခြင်းကြောင့်ဖြစ်သည်။” (အယူဝါဒတူသော ခရစ်ယာန်များ) သို့ရာတွင် ယေရှုကို အားလုံးယုံကြည်သောကြောင့် ကွဲပြားခြင်းသည် အရေးမကြီးပါဟုဆိုခြင်း သင့်နှလုံးသန်စွမ်းလျှင် သင့်ကင်ဆာရောဂါကို စိုးရိမ်စရာမရှိဟု ပြောဆိုနေဘိသကဲ့သို့ ဖြစ်သည်။
အဖြစ်မှန်မှာ အာဝဇ္ဇန်းရွှင်သော ဆရာသမားများသည် တပည့်နောက်လိုက်များကို စည်းရုံးကြစဉ် ဤခေတ် ဘာသာရေးလှုပ်ရှားမှုများသည် လူတို့အား ပိုမို၍ ရှုပ်ထွေးမှုဖြစ်စေပြီး ဝိညာဉ်ရေးအထိန်းအကွပ်မဲ့ကုန်ပြီဖြစ်သည်။ များမကြာမီက ထောင်ပေါင်းများစွာသောသူတို့အား လမ်းမှားစေခဲ့သော ဝိညာဏခေါင်းဆောင်များမှာ ဂျင်မ်ဂျုန်းစ်နှင့် ဒေးဗစ်ကိုရက်ရှ်တို့ဖြစ်သည်။ (မဿဲ ၁၅:၁၄) နှစ်ခြင်းအသင်း၏ အမှုဆောင်တစ်ဦးမှာ ကူကလပ်စ်ကလန်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ လူဖြူတို့အာဏာရရေးအတွက် သူ၏လှုပ်ရှားမှုကို ဘာသာရေးအသက်ဝင်မှုတစ်ခုနှင့်ဆက်နွှယ်ကာ ထိုအရေးတွင် ပါဝင်သူများသည် “အထွတ်အမြတ်တန်ခိုးတော်ကိုလည်းကောင်း၊ ကရာနီကုန်းပေါ် သေတော်မူသောအရှင် [ယေရှုခရစ်] ၏ အစွမ်းသတ္တိကိုလည်းကောင်း ပေးအပ်ခံရ” လိမ့်မည်ဟုပြောသည်။
ယေရှုအမည်ဖြင့် ဆောင်ရွက်သော အံ့ဖွယ်ရာနှင့် များစွာသောတန်ခိုး နိမိတ်လက္ခဏာများဟု ဆိုသည့်အရာများကော။ ယေရှု၏အလိုတော်နှင့် တွေ့မည့်သူများသည် “သခင်၊ သခင်” ဟုလျှောက်ရုံလျှောက်သူများမဟုတ်ဘဲ ‘ကိုယ်တော့်ခမည်းတော်၏အလိုကို ဆောင်သောသူ’ များဖြစ်မည့်အကြောင်း ကိုယ်တော် တိကျပြတ်သားစွာ သတိပေးသောစကားများကို သတိရပါ။ ကိုယ်တော့်ခမည်းတော်၏အမည်သည် ယေဟောဝါဖြစ်ကြောင်းကိုပင် ယနေ့ မသိသူများစွာရှိသည်။ ‘ကိုယ်တော့်အမည်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်၊ ကိုယ်တော့်အမည်နှင့် များစွာသောတန်ခိုးတို့ကို ပြ’ မည့်သူများဖြစ်လျက်ကယ် “အဓမ္မအမှုကိုပြုသောသူတို့” ဖြစ်လိမ့်မည်ဟု ယေရှုသတိပေးတော်မူခဲ့သည်။—မဿဲ ၇:၂၁-၂၃။
“ငါ၏လူမျိုးတို့ . . . သူ၏အထဲက ထွက်ကြလော့”
ဖျားနာနေသောခရစ်ယာန်ဘောင်နှင့်စပ်လျဉ်း၍ ကြိုတင်ခန့်မှန်းချက်ကား အဘယ်နည်း။ လုံးဝ အားရစရာမရှိပါ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဘိရှော့ ဘတ်တလာ၏ အကြံပေးချက်အတိုင်း “မဆိုင်းမတွ [ချာ့ချ်] အသင်းဝင်ပြီး အသင်းသားတစ်ဦးအဖြစ် ချာ့ချ်၏ ‘သန့်ရှင်းစင်ကြယ်ခြင်း’ ကိုပြုစုပျိုးထောင်သင့်သလော။” လုံးဝမသင့်ပါ! အစိတ်စိတ်အမြွှာမြွှာကွဲပြားနေသော၊ ကွဲပြားစေသော ခရစ်ယာန်ဘောင်သည် တည်ရှိလိမ့်မည်မဟုတ်။ (မာကု ၃:၂၄၊ ၂၅) သူမသည် မဟာဗာဗုလုန်အမည်ရှိ ဗာဗုလုန်ဘာသာရေးဆိုင်ရာ ကမ္ဘာ့အင်ပါယာအဝင် ဖြစ်သည်။ (ဗျာဒိတ် ၁၈:၂၊ ၃) ဤသွေးပြစ်မကင်းသော ဘာသာရေးစနစ်ကြီးသည် ဘုရားသခင့်လက်တော်ဖြင့် မကြာမီ ဖျက်ဆီးခြင်းခံရတော့မည်။
စစ်မှန်သောခရစ်ယာန်များမူကား ဤပျက်စီးယိုယွင်းသော ဘာသာရေးအဖွဲ့အစည်းတွင် ဆက်နေပြီး သူမအား ပြုပြင်ပြောင်းလဲလာရန် ကြိုးစားနေဖို့ သမ္မာကျမ်းစာက အားမပေးပါ။ ထိုသို့မှာကြားမည့်အစား ဤသို့တိုက်တွန်းသည်– “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့။ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။”—ဗျာဒိတ် ၁၈:၄၊ ၅။
အဘယ်သို့ “ထွက်ကြ” ရမည်နည်း။ ရိတ်သိမ်းချိန်တွင် စစ်မှန်သောခရစ်ယာန်များအား ကမ္ဘာချီစည်းလုံးမှုရှိရန် တစ်ဖန်ပြန်စုသိမ်းလိမ့်မည်ဟု ယေရှုကတိထားတော်မူသည်ကို သတိရပါ။ ပရောဖက်မိက္ခာကလည်း တစ်ဖန်ပြန်စုသိမ်းခြင်းအကြောင်း ဤသို့ကြိုတင်ဟောထားသည်– “သိုးခြံ၌ သိုးများကဲ့သို့ . . . သူတို့ကို ငါစု၍ ထားမည်။” (မိက္ခာ ၂:၁၂) ဤသို့ ဖြစ်ပျက်ပြီလော။
ဖြစ်ပျက်နေပြီ! ယခု ခရစ်ယာန်များသည် စည်းလုံးညီညွတ်သော ညီရင်းအစ်ကိုအသင်းအပင်းအတွင်း စုသိမ်းခြင်းခံနေရပါသည်။ သူတို့ကား မည်သူများနည်း။ နိုင်ငံ ၂၃၁ နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို စည်းစည်းလုံးလုံး ကြေညာနေသော ယေဟောဝါသက်သေများ၏ ခရစ်ယာန်အသင်းတော်ဖြစ်သည်။ ဤသူတို့သည် ခရစ်ယာန်ဘောင်၏ ကွဲပြားစေသော သွန်သင်ချက်များကို ငြင်းပယ်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ရှိ သမ္မာတရားနှင့်အညီ ကိုယ်တော်အား ဝတ်ပြုရန် ရှာကြံသူများ ဖြစ်ကြသည်။—ယောဟန် ၈:၃၁၊ ၃၂; ၁၇:၁၇။
သူတို့နှင့် ဆွေးနွေးကြည့်ရန် သင့်အား လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ ယေဟောဝါသက်သေများအကြောင်း ပိုမိုသိရှိလိုပါက မိမိဒေသမှ သူများနှင့်ဖြစ်စေ၊ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ပါ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ”