ကွဲပြားနေသောချာ့ချ်—အဘယ်အထိ အခြေအနေဆိုးရွားသနည်း
“ခနော်ခနဲ့ဖြစ်နေသော အိမ်အိုကြီးတစ်ခု၏ အိမ်ရှေ့နံရံ ရုတ်တရက် ပြိုလဲသွား၍ လန့်ဖျပ်နေရာ အခန်းတိုင်းနီးပါးတွင် ခိုက်ရန်ဖြစ်နေပုံရသော အထိတ်တလန့်ဖြစ်နေသည့်မိသားစုကြီးတစ်ခုပမာ—ချူတပ်ဗုံငယ်များကို ရိုက်ခတ်နေသော ယေရှု၏သူငယ်များသည် အနက်ရောင် ပိုးထည်ဝတ်စုံများ ဝတ်ဆင်၍ ကြော့မော့နေကြသည့် အင်္ဂလို-ကက်သလစ် လိင်တူသမားများနှင့်ခိုက်ရန်ဖြစ်ပွားနေပုံရှိသည်။”—စန်းဒေးတိုင်းမ်စ်၊ လန်ဒန်၊ ဧပြီ ၁၁၊ ၁၉၉၃။
ဤမိသားစုသည် အင်္ဂလီကန်ဖြစ်သည်။ ခိုက်ရန်ဖြစ်ပွားမှုမှာ အမျိုးသမီးများအား ဘုန်းကြီးဝတ်ခွင့်ပြုခြင်းဖြစ်သည်။ စည်းလုံးမှုမရှိခြင်းကို ဤသို့ကွင်းကွင်းကွက်ကွက် ဖော်ပြချက်သည် ခရစ်ယာန်ဘောင်တစ်ခုလုံးလည်းထပ်တူသက်ဆိုင်ပါသည်။ ဩသဒေါက်စ်ချာ့ချ်၏ ချာ့ချ်လူကြီးများနှင့် ပုပ်ရဟန်းမင်းတို့ပါ အမျိုးသမီးများအား ဘုန်းကြီးဝတ်ခွင့်ပြုခြင်းကို ပြစ်တင်ရှုတ်ချနေရာ ခြုံကြည့်လိုက်သော် “ခရစ်ယာန်ဘောင်၏ အခြားအခြားချာ့ချ်များနှင့် ပြန်လည်ပေါင်းစည်းခြင်း၏ စိတ်ကူးယဉ်အိပ်မက်သည် ရုပ်လုံးပေါ်ရန် ဝေးသည်ထက် ဝေးလေစွ” ဟုသတင်းတစ်ရပ်က ဆိုသည်။
ချာ့ချ်သည် အဘယ်အထိ ကွဲပြားနေသနည်း
မဿဲ ၇:၂၁ တွင်ကျွန်ုပ်တို့ဖတ်ရှုရသည့်အတိုင်း များစွာသောသူတို့သည် ယေရှုခရစ်ကို သခင်အဖြစ်ယုံကြည်ကြောင်းဖော်ပြလျက်ပင် ‘ကိုယ်တော့်ခမည်းတော်၏အလိုကိုဆောင်’ ရွက်ရေးတွင် ပျက်ကွက်ကြမည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ မက္ခလီးန်စ်မဂ္ဂဇင်းက ဤသို့ဆိုသည်– “ခရစ်ယာန်များနှင့် ယင်းတို့၏ချာ့ချ်များသည် ဘုရားသခင့်အလိုတော်အတိအကျ အဘယ်အရာဖြစ်သည်နှင့်ပတ်သက်၍ အလွန့်အလွန်ကွဲပြားနေရာ မဿဲကျမ်းကိုဖတ်ရှုသည့် ကယ်တင်ခြင်းရလိုသူများ ဤမေးခွန်းအပေါ်ရှုပ်ထွေးနေမှုအတွက် ခွင့်လွှတ်မှုရနိုင်ပါသည်။” ကနေဒါလူမျိုးများ၏ မဲဆန္ဒပွဲတစ်ခုအပြီးတွင် “ကနေဒါနိုင်ငံရှိ ခရစ်ယာန်များ၏ ယုံကြည်ချက်နှင့် လုပ်ထုံးလုပ်နည်းများသည် အကြီးအကျယ်ကွဲပြားမှု—အမှန်မှာ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းခြားနားသည်ထက် တစ်ဂိုဏ်းတည်းရှိ အသင်းသားများအချင်းချင်းပင် ပိုမိုကွဲပြားခြားနားနေသည်” ဟုဆုံးဖြတ်စီရင်ကြသည်။
ယင်းသုံးသပ်ချက်အရ သန္ဓေတားနည်းများ အသုံးပြုခြင်းကို မိမိတို့၏ ချာ့ချ်က ပြစ်တင်ရှုတ်ချသော်လည်း ကက်သလစ် ၉၁ ရာခိုင်နှုန်းက သဘောတူသည်; အမျိုးသမီးများအား ဘုန်းကြီးဝတ်ခွင့်ပြုသင့်သည်ဟု ၇၈ ရာခိုင်နှုန်းက ယူမှတ်သည်; “အချို့သောအခြေအနေတို့တွင်” ကိုယ်ဝန်ဖျက်ချခြင်းကို ၄၁ ရာခိုင်နှုန်းသော သူတို့က လက်ခံကြသည်။ ဂိုဏ်းဂဏအသီးသီးတို့သည် “ဓမ္မပညာရပ်ဆိုင်ရာမေးခွန်းအများအပြား” တွင်သဘောထား ကွဲလွဲနေကြခြင်းက “အများလက်ခံထားသော ချာ့ချ်များသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေကြောင်း အလေးအနက်ပေါ်လွင်စေသည်” ဟုမက္ခလီးန်စ်ကဆိုသည်။
နှစ်ဖက်ခွ စံချိန်များ
အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍ နှစ်ဖက်ခွစံချိန်များအပြင် ဆန့်ကျင်သောစံချိန်များပင် ရှိသည်။ အချို့သူများက ကျမ်းစာမူများကို ထောက်ခံသည်ဟုဆိုကြသော်လည်း အခြားသူများမှာမူ ယင်းတို့ကို မထီမဲ့မြင်ပြုကြသည်။ ဥပမာအနေနှင့် တိုရောန်တိုမြို့ရှိ မက်ထြိုပေါ်လတန်ချာ့ချ်တွင် လိင်တူဆက်ဆံသောအမျိုးသမီးနှစ်ဦး၏ “လက်ထပ်မင်္ဂလာ” ပွဲသည် ဘုရားသခင့်အလိုတော်နှင့်အညီ ဖြစ်ပါသလော။ ညီပါသည်ဟု သူတို့ယူမှတ်နေကြောင်း ထင်ရှားသည်။ “ကျွန်ုပ်တို့၏မေတ္တာကို လူသိရှင်ကြား ဘုရားသခင့်ရှေ့ ကြွေးကြော်လိုသည်” ဟုသူတို့ဆိုခဲ့သည်။
စည်းလုံးမှုမရှိသောချာ့ချ်သည် စိတ်ဝမ်းကွဲပြားသူများကို ထွက်ပေါ်စေသည်။ ဘော်လဂါပြည်နယ်တွင် ဆားဘီးယားနှင့် ခရိုအေးရှား “ခရစ်ယာန်များ” က သူတို့ “တရားသဖြင့်တိုက်သောစစ်” တွင် သူတို့နှင့်အတူ ခရစ်တော်ရှိသည်ဟု ယူဆသည်။ စစ်တိုက်စဉ် ခရော့စ်ပုံများကို ဆင်ယင်ကြသည်; တစ်ဦးဆိုလျှင် “မီးကုန်ယမ်းကုန် တိုက်ခိုက်နေစဉ် သူ၏ခရော့စ်ပုံကို ပါးစပ်ထဲ အမြဲကိုက်ထားတတ်” ကြောင်းဖြစ်သည်။
“အချင်းချင်း မကွဲပြား” သင့်
အချို့ကိစ္စများကို ဩတ္တပ္ပစိတ်အရ ပြုရမည်ဟု ကျမ်းစာခွင့်ပြုသည် မှန်သော်လည်း ယင်းကြောင့် အချင်းချင်းကွဲပြားစရာအကြောင်း မရှိသင့်ပါ။ တမန်တော်ပေါလုက ဤသို့ရှင်းလင်းပြတ်သားစွာ ပြောဆိုခဲ့သည်– “သင်တို့ရှိသမျှသည် စကား [နှင့်အကျင့်] တညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ” နေသင့်သည်။—၁ ကောရိန္သု ၁:၁၀; ဧဖက် ၄:၁၅၊ ၁၆။
ထိုစကားများကို တမန်တော်ပေါလုရေးသားပြီးနောက် နှစ်ပေါင်း နှစ်ထောင်ခန့်အကြာတွင်ရှိသော “ခရစ်ယာန်ဘာသာတရား” ကို ရိုးသားမှန်ကန်စွာ လေ့လာကြည့်ခဲ့ရာ အရေးကြီးသည့်မေးခွန်းအချို့ ပေါ်ပေါက်စေခဲ့သည်။ “ခရစ်ယာန်များ” သည် အဘယ်ကြောင့် ဤမျှကွဲပြားနေကြရသနည်း။ ဤမျှကွဲပြားနေသောချာ့ချ်သည် တည်မြဲနိုင်မည်လော။ တစ်စည်းတစ်လုံးရှိသော ခရစ်ယာန်ဘောင် ပေါ်ထွက်လာနိုင်ပါမည်လော။ ဤမေးခွန်းများကို နောက်ဆက်တွဲဆောင်းပါးက ဆင်ခြင်သုံးသပ်လိမ့်မည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကိုယ်ဝန်ဖျက်ချခြင်းကို ဘုန်းကြီးများ ဆန္ဒပြခြင်း
[Credit Line]
မျက်နှာဖုံးနှင့်အထက်–Eleftherios/Sipa Press