ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၂/၁ စာ. ၈-၁၃
  • မြင့်မြတ်သောသွန်သင်ခြင်းအောင်ပွဲခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင့်မြတ်သောသွန်သင်ခြင်းအောင်ပွဲခံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဉာဏ်ပညာကိုရှာဖွေခြင်း
  • ယေဟောဝါ၏ကြီးမြတ်သောပြဋ္ဌာန်းစာအုပ်
  • တိုးတက်သိနားလည်မှု
  • ဘုရားသခင့်အံ့ဖွယ်အလင်းတော်ထဲသို့
  • စိတ်နှင့်သမ္မာတရားဖြင့်ကိုးကွယ်ခြင်း
  • စုံစမ်းခြင်းများနှင့်လောကအပေါ်အောင်ပွဲခံ
  • မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများ၌ပျော်မွေ့ ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မြင့်မြတ်သောသွန်သင်ခြင်းသည် တန်ခိုးပါစွာ ဩဇာလွှမ်းမိုး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • မြင့်မြတ်သောသွန်သင်ခြင်းကို အားရရွှင်လန်းဖွယ် စည်းဝေးပွဲကြီးများက မြှင့်တင်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၂/၁ စာ. ၈-၁၃

မြင့်မြတ်သောသွန်သင်ခြင်းအောင်ပွဲခံ

“သင့်မျက်စိများသည် ကြီးမြတ်သောညွှန်ကြားပေးရှင်ကိုမြင်ရသော မျက်စိဖြစ်လာမည်။ ‘အသင်လူတို့၊ ဤလမ်းဖြစ်၏။ ထိုအတိုင်းလျှောက်လော့’ ဟု သင့်နောက်တွင်ပြောသည်ကို သင့်နားကိုယ်နှိုက်နှင့်ကြားရလိမ့်မည်။”—ဟေရှာယ ၃၀:၂၀၊ ၂၁၊ ကဘ။

၁။ ယေဟောဝါ၏ညွှန်ကြားမှုကို မြင့်မြတ်သောသွန်သင်ခြင်းဟု အဘယ်ကြောင့်တော်မှန်စွာခေါ်နိုင်သနည်း။

ယေဟောဝါဘုရားသခင်သည် မည်သူမဆိုခံယူနိုင်သည့် အကောင်းဆုံးသောသွန်သင်ခြင်း၏ ပင်ရင်းအမြစ်ဖြစ်တော်မူသည်။ အထူးသဖြင့် မိမိ၏မြင့်မြတ်သောနှုတ်ကပါဌ်တော်အားဖြင့်မိန့်တော်မူခြင်းကို ကျွန်ုပ်တို့နားထောင်လျှင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ကြီးမြတ်သောညွှန်ကြားပေးရှင်ဖြစ်မည်။ (ဟေရှာယ ၃၀:၂၀) ဟေဗြဲကျမ်းစာကလည်း ကိုယ်တော်အား “တန်ခိုးကြီးသောဘုရားသခင်” ဟုခေါ်ဆိုထားသည်။ (ဆာလံ ၅၀:၁) ထို့ကြောင့် ယေဟောဝါ၏ညွှန်ကြားမှုသည် မြင့်မြတ်သောသွန်သင်ခြင်းဖြစ်သည်။

၂။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ဉာဏ်ပညာရှိသည်ဟုဆိုရာတွင် မည်သည့်သဘောဖြင့်မှန်ကန်သနည်း။

၂ လောကသည် ယင်း၏ပညာရေးအခြေစိုက်ဌာနများဖြင့် ဝါကြွားနေသော်လည်း ယင်းတို့တစ်ခုမျှ မြင့်မြတ်သောသွန်သင်ခြင်းကို ဝေငှပေးခြင်းမရှိပါ။ ယေဟောဝါ၏အဆုံးမရှိဉာဏ်ပညာတော်ကို အခြေပြုသည့် မြင့်မြတ်သောသွန်သင်ခြင်းနှင့်ယှဉ်လိုက်လျှင် သမိုင်းတစ်လျှောက် ရှာဖွေစုဆောင်းရလာခဲ့သမျှသော လောကဉာဏ်ပညာသည် အတိုင်းအတာအားဖြင့် မဆိုစလောက်သာဖြစ်သွားသည်။ ရောမ ၁၆:၂၇ က ဘုရားသခင်တစ်ပါးတည်းသာ ဉာဏ်ပညာရှိကြောင်းဖော်ပြထားပြီး ယင်းအချက်သည် ယေဟောဝါသာလျှင် ပြည့်ဝစုံလင်သည့်ဉာဏ်ပညာကို ပိုင်ဆိုင်သည့်သဘောဖြင့် မှန်ကန်သည်။

၃။ မြေကြီးပေါ်ရှိသမျှတို့တွင် အဘယ်ကြောင့် ယေရှုခရစ်သည် အကြီးမြတ်ဆုံးဆရာဖြစ်သနည်း။

၃ ဘုရားသခင့်သားတော်ယေရှုခရစ်သည် ဉာဏ်ပညာအရာတွင် အကောင်းဆုံးစံပြဖြစ်ပြီး မြေကြီးပေါ်ရှိသမျှတို့တွင် အကြီးမြတ်ဆုံးဆရာဖြစ်သည်။ အံ့ဩစရာမဟုတ်ပါလေ! ကောင်းကင်တွင် ကြာမြင့်စွာကတည်းက ကိုယ်တော်၏ဆရာသည်ယေဟောဝါဖြစ်ခဲ့သည်။ အမှန်အားဖြင့် ဘုရားသခင်၏ဦးဆုံးဖန်ဆင်းရာဖြစ်သည့် မိမိ၏တစ်ပါးတည်းသောသားတော်ကို ကိုယ်တော်စတင်သွန်သင်သည့်အချိန်တွင် မြင့်မြတ်သောသွန်သင်ခြင်းအစပြုခဲ့သည်။ ထို့ကြောင့် ယေရှုဤသို့ပြောနိုင်ခဲ့ခြင်းဖြစ်သည်– “ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည့်အတိုင်း ငါဟောပြောသည်။” (ယောဟန် ၈:၂၈; သု. ၈:၂၂၊ ၃၀) သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ခရစ်တော်ကိုယ်တိုင်၏စကားများသည် မြင့်မြတ်သောသွန်သင်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏အသိပညာကို များစွာတိုးပွားစေသည်။ ယေရှုသွန်သင်ခဲ့သည့်အရာများကို သင်ပေးခြင်းအားဖြင့် ဘိသိက်ခံခရစ်ယာန်များသည် “ဘုရားသခင့်အထူးထူးအပြားပြားသော ဉာဏ်ပညာတော်” ကို အသင်းတော်မှတစ်ဆင့် လူအများသိရှိရန်အလိုတော်ရှိသည့် မိမိတို့၏ကြီးမြတ်သောညွှန်ကြားပေးရှင်အား နာခံရာရောက်သည်။—ဧဖက် ၃:၁၀၊ ၁၁၊ သမ; ၅:၁; လုကာ ၆:၄၀။

ဉာဏ်ပညာကိုရှာဖွေခြင်း

၄။ ဦးနှောက်၏အစွမ်းသတ္တိနှင့်ပတ်သက်၍ မည်သို့အဆိုရှိသနည်း။

၄ မြင့်မြတ်သောသွန်သင်ခြင်းမှ အကျိုးဖြစ်ထွန်းသည့်ဉာဏ်ပညာကို ရယူနိုင်ရန် ကျွန်ုပ်တို့သည် ဘုရားပေးဆင်ခြင်စဉ်းစားနိုင်သည့်အစွမ်းသတ္တိကို အပတ်တကုတ်ကျင့်သုံးရန်လိုသည်။ ယင်းသို့ ပြုရန်ဖြစ်နိုင်သည့်အကြောင်းမှာ လူ့ဦးနှောက်တွင် အံ့မခန်းဖွယ်အစွမ်းသတ္တိ ရှိနေသောကြောင့်ဖြစ်သည်။ အံ့ဖွယ်စက် အမည်ရှိသောစာအုပ်က “ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သည့် အရှုပ်ထွေးဆုံးသောကွန်ပျူတာပင်လျှင် အတိုင်းအဆမရှိ ရှုပ်ထွေးပြီးလိုက်လျောညီထွေလုပ်ဆောင်နိုင်သည့်—ယင်း၏ ရှုပ်ထွေးနက်နဲသော၊ ရေတွက်မှတ်သားထားသော လျှပ်စစ်ဓာတုအချက်ပြစနစ်ဖြင့်လုပ်ဆောင်နိုင်သော လူ့ဦးနှောက်နှင့်ယှဉ်လိုက်လျှင် အကြမ်းထည်ဖြစ်သွားသည်။ . . . အချိန်တိုင်းတွင် ထိုအချက်ပြသန်းပေါင်းများစွာတို့သည် နားမလည်နိုင်သည့်သတင်းအချက်အလက်များကို သယ်ဆောင်၍ သင့်ဦးနှောက်ထဲတွင် လျင်မြန်စွာဖြတ်သန်းနေကြသည်။ ယင်းတို့သည် သင့်ကိုယ်တွင်းနှင့် ပြင်ပဝန်းကျင်ဆိုင်ရာ– သင့်ခြေချောင်းများကြွက်တက်ခြင်း၊ သို့မဟုတ် ကော်ဖီအမွှေးနံ့၊ သို့မဟုတ် မိတ်ဆွေတစ်ဦး၏ရယ်ရွှင်ဖွယ်စကား စသည်တို့နှင့်ဆိုင်သည့်သတင်းများကို သယ်ဆောင်ပေးသည်။ အချို့အချက်ပြများသည် သတင်းများကိုစီ၍ပိုင်းခြားစိစစ်သည်နှင့်အမျှ ယင်းတို့က စိတ်လှုပ်ရှားမှု၊ မှတ်ဉာဏ်၊ စဉ်းစားခြင်း သို့မဟုတ် ဆုံးဖြတ်ချက်သို့ဦးတည်သည့်အစီအစဉ်များကို ဖြစ်ပေါ်စေသည်။ ချက်ချင်းဆိုသလို သင့်ဦးနှောက်မှအချက်ပြများသည် သင့်ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများအား ယင်းတို့ဘာလုပ်ရမည်– သင့်ခြေချောင်းကိုလှုပ်ရှားခြင်း၊ ကော်ဖီသောက်ခြင်း၊ ရယ်ခြင်း သို့မဟုတ် လိမ္မာပါးနပ်စွာတုံ့ ပြန်ခြင်းတို့ကို ပြောကြားသည်။ တစ်ချိန်တည်းတွင် သင့်ဦးနှောက်သည် သင့်အသက်ရှူခြင်း၊ သွေးတွင်းဓာတုလုပ်ဆောင်မှု၊ အပူချိန်နှင့် သင်မသိရှိနိုင်သည့်အခြားသောအစီအစဉ်များကို ထိန်းကွပ်သည်။ အမြဲပြောင်းလဲနေသည့်ပတ်ဝန်းကျင်တွင် သင့်ကိုယ်ခန္ဓာသည် သင့်တင့်ညီညွတ်စွာလုပ်ဆောင်နိုင်ရန် ယင်းကအမိန့်ပေးသည်။ ယင်းသည် အနာဂတ်လိုအပ်ချက်များအတွက်လည်း ပြင်ဆင်မှုပြုသည်။”—စာမျက်နှာ ၃၂၆။

၅။ ဝိညာဏသဘောအားဖြင့် ဉာဏ်ပညာကား အဘယ်နည်း။

၅ လူ့ဦးနှောက်သည် အံ့ဖွယ်အစွမ်းသတ္တိများရှိနေသည်မှာ စောဒကတက်ဖွယ်မရှိသော်လည်း ကျွန်ုပ်တို့သည် စိတ်ကို အကောင်းဆုံးနည်းဖြင့် မည်သို့အသုံးချနိုင်သနည်း။ ဘာသာစကား၊ သမိုင်း၊ သိပ္ပံပညာတို့ကိုအပတ်တကုတ်လေ့လာခြင်း သို့မဟုတ် ဘာသာတရားများကိုနှိုင်းယှဉ်ခြင်းတို့တွင် မိမိကိုယ်ကို လုံးလုံးလျားလျားနှစ်မြုပ်ထားခြင်းအားဖြင့်မဟုတ်ပါ။ ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်နိုင်သည့်အရည်အချင်းကို အဓိကအားဖြင့် မြင့်မြတ်သောသွန်သင်ခြင်းခံယူရန်အတွက် အသုံးချသင့်သည်။ ယင်းသို့ပြုမှသာလျှင် စစ်မှန်သောဉာဏ်ပညာကို ရရှိနိုင်သည်။ သို့သော် စစ်မှန်သောဉာဏ်ပညာကား အဘယ်နည်း။ ကျမ်းစာသဘောအရ ဉာဏ်ပညာဟူသည် တိကျမှန်ကန်သောအသိပညာနှင့် စစ်မှန်သောသိနားလည်မှုတို့အပေါ် အခြေပြုသည့် တော်လျော်မှန်ကန်စွာချင့်ချိန်ဝေဖန်နိုင်ခြင်းဖြစ်သည်။ ဉာဏ်ပညာက ကျွန်ုပ်တို့အား အသိပညာနှင့်သိနားလည်မှုတို့ကို အောင်မြင်စွာအသုံးပြုပြီး ပြဿနာများကိုဖြေရှင်းရန်၊ အန္တရာယ်များကိုရှောင်နိုင်ရန် သို့မဟုတ် လွဲဖယ်နိုင်ရန်၊ သူတစ်ပါးကိုကူညီနိုင်ရန်၊ ရည်မှန်းချက်များအောင်မြင်နိုင်ရန်တို့ကို ဖြစ်စေသည်။ စိတ်ဝင်စားဖွယ်ကား ကျမ်းစာက ဉာဏ်ပညာကို မိုက်မဲခြင်းနှင့်ထုံထိုင်းခြင်းတို့ဖြင့် ဆန့်ကျင်ဘက်သဘောဖော်ပြထားသည်—ကျွန်ုပ်တို့အမှန်ရှောင်လွဲလိုသည့်အဖြစ်များပင်။—တရားဟောရာ ၃၂:၆; သု. ၁၁:၂၉; ဒေသနာ ၆:၈။

ယေဟောဝါ၏ကြီးမြတ်သောပြဋ္ဌာန်းစာအုပ်

၆။ ကျွန်ုပ်တို့သည် စစ်မှန်သောဉာဏ်ပညာကိုတင်ပြမည်ဆိုပါက မည်သည့်အရာကို ကောင်းစွာအသုံးချရမည်နည်း။

၆ ကျွန်ုပ်တို့ပတ်လည်တွင် လောကဉာဏ်ပညာအမြောက်အမြားရှိနေသည်။ (၁ ကောရိန္သု ၃:၁၈၊ ၁၉) ဤလောကတွင် ကျောင်းများ၊ စာအုပ်သန်းပေါင်းများစွာရှိသည့် စာကြည့်တိုက်များစွာတို့ရှိနေသည်! ယင်းစာအုပ်များစွာတို့သည် ဘာသာစကား၊ သင်္ချာ၊ သိပ္ပံနှင့် အခြားပညာရပ်နယ်ပယ်များဆိုင်ရာ သွန်သင်ချက်များပေးသော ပြဋ္ဌာန်းစာအုပ်များဖြစ်ကြသည်။ သို့သော် ကြီးမြတ်သောညွှန်ကြားပေးရှင်သည် အခြားသောပြဋ္ဌာန်းစာအုပ်အားလုံးထက် သာလွန်သော ပြဋ္ဌာန်းစာအုပ်—ကိုယ်တော့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို ပေးထားတော်မူခဲ့သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ယင်းသည် သမိုင်း၊ ပထဝီနှင့် ရုက္ခဗေဒတို့ကဲ့သို့သော ပညာရပ်များနှင့်ပတ်သက်၍ ဖော်ပြခြင်းတွင်သာမက အနာဂတ်ကိုကြိုတင်ဟောပြောခြင်းတွင်လည်း တိကျမှန်ကန်မှုရှိသည်။ ထို့အပြင် ယခုပင်လျှင် အပျော်ရွှင်ဆုံးနှင့်အကျိုးဖြစ်ထွန်းဆုံးဘဝကိုရရန် ကျွန်ုပ်တို့အားအကူအညီပေးသည်။ မှန်ပါသည်၊ လောကကျောင်းသားများသည် မိမိတို့၏စာအုပ်များကို အသုံးပြုရန်လိုအပ်သကဲ့သို့ ကျွန်ုပ်တို့လည်း “ယေဟောဝါသွန်သင်” ခံရသူများအဖြစ် စစ်မှန်သောဉာဏ်ပညာကိုတင်ပြလိုလျှင် ဘုရားသခင်၏ကြီးမြတ်သောပြဋ္ဌာန်းစာအုပ်နှင့် ကျွန်ုပ်တို့အကျွမ်းတဝင်ဖြစ်ပြီး ယင်းကိုအသုံးပြုရမည်။—ယောဟန် ၆:၄၅၊ ကဘ။

၇။ ဉာဏ်ရည်ဉာဏ်သွားအရ သမ္မာကျမ်းစာတွင်ပါဝင်သောအရာများနှင့် အကျွမ်းတဝင်ရှိခြင်းသည် အဘယ်ကြောင့်မလုံလောက်ဟုဆိုမည်နည်း။

၇ သို့သော် ဉာဏ်ရည်ဉာဏ်သွားအရ သမ္မာကျမ်းစာနှင့်အကျွမ်းတဝင်ရှိခြင်းသည် စစ်မှန်သောဉာဏ်ပညာ၊ မြင့်မြတ်သောသွန်သင်ခြင်းတို့နှင့်အညီ လိုက်လျှောက်ခြင်းနှင့် မတူပါ။ ဥပမာပြရလျှင် စီ.အီး. ၁၇ ရာစုက ကော်နေးလယပ်စ်ဗန်ဒါစတိန်းအမည်ရှိ ကက်သလစ်တစ်ဦးသည် ဂျက်စွတ်တစ်ဦးဖြစ်လိုခဲ့သော်လည်း သူသည် အလွန်အရပ်နိမ့်သောကြောင့် ငြင်းပယ်ခံခဲ့ရသည်။ ဂျက်စွတ်—ယေရှု၏အဖွဲ့အစည်းဆိုင်ရာသမိုင်းနှင့်ဒဏ္ဍာရီ အမည်ရှိမိမိ၏စာအုပ်တွင် မန်းဖရက်ဘာတလ်ဤသို့ဆိုထားသည်– “ကော်မတီက အရပ်အမောင်းနှင့်ပတ်သက်သောတောင်းဆိုချက်ကို လျှော့ပေးရန်အသင့်ရှိကြောင်း ဗန်ဒါစတိန်းအားအကြောင်းကြားခဲ့သည်၊ သို့သော် ကျမ်းစာတစ်အုပ်လုံးကို အလွတ်ရွတ်ဆိုပြနိုင်သည်အထိ ကျက်မှတ်ရမည်ဟူသည့်ခြွင်းချက်ဖြင့်သာဖြစ်သည်။ အကယ်၍ ဗန်ဒါစတိန်းသည် ထိုတရားလွန်တောင်းဆိုမှုကိုသာ မလိုက်လျှောက်ခဲ့ပါမူ အဖြစ်အပျက်ကိုပြောပြထိုက်မည်မဟုတ်ချေ။” ကျမ်းစာတစ်အုပ်လုံးကို အလွတ်ရရန် မည်မျှကြိုးစားရပါမည်တကား! သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အလွတ်ကျက်ခြင်းထက် နားလည်ခြင်းက များစွာသာ၍အရေးကြီးသည်ကား သေချာပါသည်။

၈။ ကျွန်ုပ်တို့သည် မြင့်မြတ်သောသွန်သင်ခြင်းမှ အကျိုးခံစားရပြီး စစ်မှန်သောဉာဏ်ပညာကိုတင်ပြနိုင်ရန် မည်သည့်အရာကအကူအညီပေးမည်နည်း။

၈ ကျွန်ုပ်တို့သည် မြင့်မြတ်သောသွန်သင်ခြင်းမှ အပြည့်အဝအကျိုးခံစားရပြီး စစ်မှန်သောဉာဏ်ပညာကိုတင်ပြလိုလျှင် ကျမ်းစာ၏တိကျမှန်ကန်သောအသိပညာကို ကျွန်ုပ်တို့လိုအပ်သည်။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားတတ်သောစွမ်းအား၏ လမ်းညွှန်မှုကိုလည်း ကျွန်ုပ်တို့ခံယူရမည်။ ယင်းက “ဘုရားသခင်၏နက်နဲသောအရာ” ဖြစ်သည့် နက်ရှိုင်းသောသမ္မာတရားကို ကျွန်ုပ်တို့အားသိရှိစေမည်။ (၁ ကောရိန္သု ၂:၁၀) သို့ဖြင့် ယေဟောဝါ၏ကြီးမြတ်သောပြဋ္ဌာန်းစာအုပ်ကို အပတ်တကုတ်လေ့လာပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လမ်းညွှန်ပေးရန် ကိုယ်တော်အားကျွန်ုပ်တို့ဆုတောင်းကြစို့။ သု. ၂:၁-၆ နှင့်အညီ ဉာဏ်ပညာကိုအာရုံစိုက်ပြီး ကျွန်ုပ်တို့နှလုံးကို ပိုင်းခြားဝေဖန်မှုနှင့်အညီဖြစ်စေကာ သိနားလည်မှုကိုလှုံ့ဆော်ပါ။ ယင်းကို ဝှက်ထားသည့်ရတနာရှာဖွေသကဲ့သို့ ရှာဖွေရန်လိုအပ်သည်။ သို့မှသာ ကျွန်ုပ်တို့သည် ‘ယေဟောဝါအားကြောက်ရွံ့ ခြင်းကို နားလည်ပြီး ဘုရားသခင့်အသိပညာကိုတွေ့ရှိ’ မည်ဖြစ်သည်။ မြင့်မြတ်သောသွန်သင်ခြင်း၏ အောင်မြင်မှုနှင့်အကျိုးကျေးဇူးအချို့ကို ဆင်ခြင်သုံးသပ်ခြင်းက ဘုရားပေးဉာဏ်ပညာကို ကျွန်ုပ်တို့လေးမြတ်မှုတိုးပွားစေမည်။

တိုးတက်သိနားလည်မှု

၉၊ ၁၀။ ကမ္ဘာဦး ၃:၁၅ တွင် ဘုရားသခင်ဘာပြောထားပြီး ယင်းစကားများ၏ တော်လျော်သောသိနားလည်မှုကား အဘယ်နည်း။

၉ ယေဟောဝါ၏လူများအား ကျမ်းစာဆိုင်ရာတိုးတက်သောသိနားလည်မှုကို ဝေမျှပေးခြင်းအားဖြင့် မြင့်မြတ်သောသွန်သင်ခြင်းအောင်ပွဲခံသည်။ ဥပမာအားဖြင့် ဧဒင်တွင် စာတန်မာရ်နတ်သည် မြွေတစ်ကောင်အားဖြင့်စကားပြောပြီး တားမြစ်ထားသည့်အသီးကိုစားလျှင် သေဒဏ်ခံရမည်ဟု ဘုရားသခင်ပြောရာတွင် ကိုယ်တော်လိမ်လည်ခြင်းဖြစ်ကြောင်း သူပြောခဲ့သည်။ မည်သို့ဆိုစေ ယေဟောဝါအားမနာခံခြင်းသည် လူသားမျိုးနွယ်အပေါ် သေခြင်းကိုသက်ရောက်စေကြောင်း ကျွန်ုပ်တို့သိခဲ့ရသည်။ (ကမ္ဘာဦး ၃:၁-၆; ရောမ ၅:၁၂) သို့သော် ဘုရားသခင်သည် မြွေကိုပြောသောကြောင့် စာတန်ကိုပြောရာရောက်သည့်ဤစကားများအားဖြင့် လူသားကို မျှော်လင့်ချက်ပေးတော်မူသည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။”—ကမ္ဘာဦး ၃:၁၅။

၁၀ ယင်းစကားများတွင် မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် တိုးတက်ထင်ရှားလာသည့် လျှို့ဝှက်ချက်တစ်ခုပါဝင်သည်။ ကျမ်းစာ၏အဓိကအကျဆုံးသောခေါင်းစဉ်မှာ ဘုရားနိုင်ငံတော်ကို အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်လာသည့် တရားဝင်အုပ်စိုးခွင့်ရသော မျိုးစေ့အားဖြင့် ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းစေရန်ဖြစ်ကြောင်း မိမိ၏လူများကို ယေဟောဝါသွန်သင်ပေးသည်။ (ကမ္ဘာဦး ၂၂:၁၅-၁၈; ၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃; ယေဇကျေလ ၂၁:၂၅-၂၇) ယေရှုခရစ်သည် ဘုရားသခင်၏စကြဝဠာအဖွဲ့အစည်းဖြစ်သည့် “မိန်းမ” ၏အဓိကမျိုးစေ့ဖြစ်ကြောင်း ကျွန်ုပ်တို့၏ကြီးမြတ်သောညွှန်ကြားပေးရှင်က ကျွန်ုပ်တို့အားသင်ကြားထားသည်။ (ဂလာတိ ၃:၁၆) သူ့အပေါ်စာတန်သက်ရောက်စေသော စမ်းသပ်မှုအားလုံးကြားမှ ယေရှုသမာဓိစောင့်ထိန်းခဲ့သည်မှာ—သေသည့်အထိ၊ မျိုးစေ့၏ဖနောင့်တွင် အကြိတ်ခံရသည့်အထိဖြစ်သည်။ လူသားများထဲမှ ဘုရားသခင့်နိုင်ငံတော်အမွေခံဖက် ၁၄၄,၀၀၀ တို့သည် ခရစ်တော်နှင့်အတူ “ရှေးမြွေဟောင်း” စာတန်၏ခေါင်းကိုကြိတ်ခြင်းတွင် ပါဝင်ကြမည်ကိုလည်း ကျွန်ုပ်တို့သိရှိခဲ့ကြရသည်။ (ဗျာဒိတ် ၁၄:၁-၄; ၂၀:၂; ရောမ ၁၆:၂၀; ဂလာတိ ၃:၂၉; ဧဖက် ၃:၄-၆) ဘုရားသခင့်နှုတ်ကပါဌ်တော်ဆိုင်ရာ ထိုအသိပညာများကို ကျွန်ုပ်တို့မည်မျှလေးမြတ်လိုက်သည်ဖြစ်ခြင်း!

ဘုရားသခင့်အံ့ဖွယ်အလင်းတော်ထဲသို့

၁၁။ မြင့်မြတ်သောသွန်သင်ခြင်းသည် လူများကို ဝိညာဏအလင်းသို့ခေါ်ဆောင်ပေးခြင်းအားဖြင့် အောင်ပွဲခံသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၁ လူများကို ဝိညာဏအလင်းထဲသို့ ခေါ်သွင်းခြင်းအားဖြင့် မြင့်မြတ်သောသွန်သင်ခြင်းအောင်ပွဲခံသည်။ ၁ ပေတရု ၂:၉ ပြည့်စုံသည့်အနေနှင့် ဘိသိက်ခံခရစ်ယာန်များသည် ထိုသို့တွေ့ ကြုံခဲ့ရသည်– “သင်တို့မူကား မှောင်မိုက်ထဲမှအံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏။” ယနေ့ ဘုရားသခင်ပေးသည့်အလင်းကို မြေကြီးပရဒိသုတွင် ထာဝစဉ်နေထိုင်မည့် ‘လူအုပ်ကြီး’ ကလည်း မွေ့လျော်လျက်ရှိသည်။ (ဗျာဒိတ် ၇:၉; လုကာ ၂၃:၄၃) ဘုရားသခင်သည် မိမိ၏လူများကိုသွန်သင်သည်နှင့်အမျှ သု. ၄:၁၈ (ကဘ) မှန်ကန်သည်– “ဖြောင့်မတ်သောသူတို့၏လမ်းသည် နေ့ဘက်သို့လုံးလုံးရောက်သည်အထိ တိုး၍တိုး၍လင်းလာသော တောက်ပသည့်အလင်းကဲ့သို့ ဖြစ်၏။” ကျောင်းသားများသည် သဒ္ဒါ၊ ရာဇဝင် သို့မဟုတ် အခြားသောဘာသာရပ်များကိုသင်ယူစဉ် ဆရာ၏ကောင်းမွန်သောအကူအညီကြောင့် တိုးတက်မှုရရှိလာသကဲ့သို့ပင် တိုးတက်သိရှိမှုအစီအစဉ်သည် မြင့်မြတ်သောသွန်သင်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏သိနားလည်မှုကို တိုးတက်ကောင်းမွန်စေသည်။

၁၂၊ ၁၃။ မြင့်မြတ်သောသွန်သင်ခြင်းသည် မည်သည့်အယူဝါဒဆိုင်ရာအန္တရာယ်များမှ ယေဟောဝါ၏လူများကိုကာကွယ်ပေးသနည်း။

၁၂ မြင့်မြတ်သောသွန်သင်ခြင်း၏ နောက်အောင်ပွဲတစ်ခုမှာ ယင်းကိုနှိမ့်ချစွာလက်ခံသူများအား “နတ်ဆိုးတို့၏သွန်သင်ချက်များ” မှ ကာကွယ်ပေးခြင်းဖြစ်သည်။ (၁ တိမောသေ ၄:၁) အခြားတစ်ဖက်တွင် ခရစ်ယာန်ဘောင်ကိုကြည့်ပါဦး! လွန်ခဲ့သည့် ၁၈၇၈ ခုနှစ်က ရိုမန်ကက်သလစ်ဂိုဏ်းချုပ်ဖြစ်သူ ဂျော်န်ဟယ်နရီနျူးမဲန်ဤသို့ရေးသားခဲ့သည်– “ဆိုးသွမ်းမှုသြဇာကိုတွန်းလှန်ရန်အတွက် ခရစ်ယာန်ဘာသာ၏အစွမ်းတန်ခိုးကို ယုံကြည်ကိုးစားခြင်းနှင့် နတ်ဆိုးကိုးကွယ်ခြင်းနှင့်ဆိုင်သည့် ပစ္စည်းကိရိယာနှင့်အလေ့အထများကို ခရစ်ယာန်တရားတော်တွင်အသုံးပြုရန်အတွက် အသွင်ပြောင်းရန် . . . အစောပိုင်းကချာ့ချ်အုပ်ချုပ်သူတို့သည် အခါအခွင့်သင့်လျှင် ခေတ်စားနေသည့် ရိုးရာနှင့်ထုံးတမ်းစဉ်လာများ၊ ပညာတတ်အတန်းအစားတို့၏ အတွေးအခေါ်များကို ခံယူရန် သို့မဟုတ် တုပရန် သို့မဟုတ် တရားဝင်အတည်ပြုရန် သင်ကြားလေ့ကျင့်ခံခဲ့ကြရသည်။” နျူးမဲန်ဆက်ပြောသည်မှာ သန့်ရှင်းသောရေ၊ ဓမ္မဆရာဆိုင်ရာဝတ်ရုံအဆင်တန်ဆာများနှင့် ရုပ်ပုံများကဲ့သို့သောအရာများသည် “တိတ္ထိမှအခြေခံပြီး ချာ့ချ်ကဆက်လက်ခံယူခြင်းအားဖြင့် သန့်စင်ခံရသည်။” မြင့်မြတ်သောသွန်သင်ခြင်းက မိမိတို့အား ထိုကဲ့သို့သောအယူဖောက်ပြန်ခြင်းများမှ ကာကွယ်ပေးသည့်အတွက် ဘုရားသခင်၏လူများသည် အမှန်ပင်ကျေးဇူးတင်ကြသည်။ ယင်းသည် နတ်ဆိုးအယူဝါဒ၏ပုံစံအားလုံးကို အောင်ပွဲခံသည်။—တမန်တော် ၁၉:၂၀။

၁၃ မြင့်မြတ်သောသွန်သင်ခြင်းသည် အမျိုးမျိုးသောဘာသာရေးအမှားအယွင်းအပေါ် အောင်ပွဲခံသည်။ ဥပမာ၊ ဘုရားသခင်သွန်သင်ထားခြင်းခံရသူများအနေနှင့် ကျွန်ုပ်တို့သည် သုံးပါးပေါင်းဘုရားတစ်ဆူကို မယုံကြည်ဘဲ ယေဟောဝါသည် အမြင့်ဆုံးဘုရား၊ ယေရှုသည်ဘုရားသခင့်သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏လှုပ်ရှားတတ်သောစွမ်းအားဖြစ်ကြောင်းကိုသာ ကျွန်ုပ်တို့လက်ခံအသိအမှတ်ပြုထားကြသည်။ ငရဲမီးကိုကျွန်ုပ်တို့မကြောက်ရသည့်အကြောင်းမှာ ကျမ်းစာငရဲသည် လူသားတို့၏သာမန်သင်္ချိုင်းမျှသာဖြစ်သည်ကို ကျွန်ုပ်တို့သိထားသောကြောင့်ဖြစ်သည်။ လူ့စိုးလ်မသေနိုင်ဟု မှားယွင်းသောဘာသာရေးသမားများက ဆိုကြရာတွင် သေသူများသည် ဘာမျှမသိရှိတော့ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် သမ္မာတရားတသီတတန်းကြီးပေါ်ထွက်လာသည်။ ကမ္ဘာ့ဗာဗုလုန်ဘာသာရေးအင်ပါယာဖြစ်သည့် မဟာဗာဗုလုန်၏ ဝိညာဏအနှောင်အဖွဲ့မှ လွတ်ကင်းရခြင်းသည် ကောင်းချီးတစ်ရပ်ပါတကား!—ယောဟန် ၈:၃၁၊ ၃၂; ဗျာဒိတ် ၁၈:၂၊ ၄၊ ၅။

၁၄။ ဘုရားသခင်၏ကျေးကျွန်များသည် အဘယ်ကြောင့် ဝိညာဏအလင်းတွင် ဆက်လက်လျှောက်လှမ်းနေနိုင်ကြသနည်း။

၁၄ မြင့်မြတ်သောသွန်သင်ခြင်းသည် ဘာသာရေးမှားယွင်းမှုကို အောင်ပွဲခံသောကြောင့် ယင်းက ဘုရားသခင့်ကျေးကျွန်များအား ဝိညာဏအလင်းတွင်လိုက်လျှောက်စေနိုင်သည်။ ရလဒ်အနေနှင့် သူတို့နောက်တွင်ပြောဆိုသည့်စကားသံကို ဤသို့ကြားရသည်– “ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့။” (ဟေရှာယ ၃၀:၂၁) ဘုရားသခင်၏သွန်သင်ခြင်းသည် မိမိ၏ကျေးကျွန်များအား မှားယွင်းသောစဉ်းစားဆင်ခြင်မှုမှလည်း ကာကွယ်ပေးသည်။ ကောရိန္သုအသင်းတော်တွင် “မိစ္ဆာတမန်တော်” များက ဒုက္ခပေးသောအခါ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးပြရိုးတို့ကို ဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏။ ထိုလက်နက်အားဖြင့် ဘုရားသခင်၏အကြံအစည်တို့ကိုလည်းကောင်း၊ ဘုရားသခင်ကိုသိသောပညာကို ဆီးတားသောမာန်မာန [စဉ်းစားဆင်ခြင်မှု၊ ကဘ] ရှိသမျှတို့ကိုလည်းကောင်း နှိမ့်ချမှောက်လှန်၍ ခပ်သိမ်းသောစိတ်တို့ကိုဖမ်းသွားချုပ်ထားလျက် ခရစ်တော်၏စကားကိုနားထောင်စေကြ၏။” (၂ ကောရိန္သု ၁၀:၄၊ ၅; ၁၁:၁၃-၁၅) မြင့်မြတ်သောသွန်သင်ခြင်းနှင့် ဆန့်ကျင်သော စဉ်းစားဆင်ခြင်မှုများသည် အသင်းတော်တွင် ဖြည်းညင်းစွာညွှန်ကြားပေးမှုများနှင့် အပြင်လူများကို သတင်းကောင်းဟောပြောခြင်းအားဖြင့် အောင်မြင်နိုင်နင်းခံရသည်။—၂ တိမောသေ ၂:၂၄-၂၆။

စိတ်နှင့်သမ္မာတရားဖြင့်ကိုးကွယ်ခြင်း

၁၅၊ ၁၆။ ယေဟောဝါအား စိတ်နှင့်သမ္မာတရားတို့ဖြင့်ကိုးကွယ်ရမည်ဟူသည် အဘယ်နည်း။

၁၅ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ မြင့်မြတ်သောသွန်သင်ခြင်းသည် ဘုရားသခင်အား ‘စိတ်နှင့်သမ္မာတရားဖြင့်’ မည်သို့ကိုးကွယ်ရမည်ကို နူးညံ့သိမ်မွေ့သူများအားပြသခြင်းဖြင့် အောင်ပွဲခံသည်။ ရှုခါမြို့အနီးရှိ ယာကုပ်ရေတွင်းနားတွင် ရှမာရိအမျိုးသမီးတစ်ယောက်အား ယေရှုက ထာဝရအသက်ကိုရစေသောရေကို မိမိပေးနိုင်ကြောင်း ပြောခဲ့သည်။ ရှမာရိလူများကိုရည်ညွှန်း၍ ဤသို့ဆက်ပြောခဲ့သည်– “သင်တို့သည် ကိုယ်မသိသောအရာကိုကိုးကွယ်၏။ . . . သို့ရာတွင်၊ စစ်မှန်စွာဝတ်ပြုသူတို့သည် ခမည်းတော်ကို စိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ဝတ်ပြုကြမည့်အချိန်လာမည်။ ယခုပင်ဖြစ်၏။ အကြောင်းမှာခမည်းတော်သည် မိမိအားဝတ်ပြုစေရန် ထိုသို့သောပုဂ္ဂိုလ်များကိုရှာလျက်ရှိတော်မူ၏။” (ယောဟန် ၄:၇-၁၅၊ ၂၁-၂၃၊ ကဘ) ထိုအချိန်က ယေရှုသည် မိမိကိုယ်ကို မေရှိယအဖြစ်သတ်မှတ်ဖော်ပြခဲ့သည်။

၁၆ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်ဖြင့်မည်သို့ကိုးကွယ်နိုင်သနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ တိကျမှန်ကန်သောအသိပညာကိုအခြေပြုသည့် ဘုရားသခင်ကိုချစ်ခြင်းနှင့် ပြည့်ဝနေသည့် ကျေးဇူးတင်တတ်သောနှလုံးမှ စင်ကြယ်သောဝတ်ပြုမှုကိုပြုခြင်းအားဖြင့်ဖြစ်သည်။ ဘာသာရေးမှားယွင်းမှုများကို ငြင်းပယ်ပြီး ဘုရားသခင်၏ကြီးမြတ်သောပြဋ္ဌာန်းစာအုပ်မှ မြင့်မြတ်သောအလိုတော်အတိုင်း လိုက်လျှောက်ခြင်းအားဖြင့် ကိုယ်တော်အား သမ္မာတရားဖြင့်ကိုးကွယ်နိုင်သည်။

စုံစမ်းခြင်းများနှင့်လောကအပေါ်အောင်ပွဲခံ

၁၇။ ယေဟောဝါ၏လူများသည် စုံစမ်းခြင်းများကိုရင်ဆိုင်နိုင်ရန် မြင့်မြတ်သောသွန်သင်ခြင်းက အကူအညီပေးခဲ့ကြောင်း မည်သို့သက်သေပြနိုင်သနည်း။

၁၇ ဘုရားသခင့်လူများ စုံစမ်းခြင်းကြုံတွေ့ရသောအခါ မြင့်မြတ်သောသွန်သင်ခြင်းသည် ထပ်ခါတလဲအောင်ပွဲခံသည်။ ဤအချက်ကိုစဉ်းစားကြည့်ပါ– “၁၉၃၉ ခု၊ စက်တင်ဘာလ ဒုတိယကမ္ဘာစစ်စတင်သောအချိန်တွင် ယေဟောဝါ၏လူများသည် ကိုယ်တော်၏ကြီးမြတ်သောပြဋ္ဌာန်းစာအုပ်ကို အထူးထိုးထွင်းသိမြင်ရန် လိုအပ်ခဲ့သည်။ ခရစ်ယာန်ကြားနေမှုကိစ္စနှင့်ပတ်သက်၍ မြင့်မြတ်သောသွန်သင်ခြင်းကို ရှင်းလင်းပြတ်သားစွာဖော်ပြသည့် ၁၉၃၉၊ နိုဝင်ဘာလ ၁ ရက်ထုတ် ကင်းမျှော်စင် (လိပ်) စာစောင်က ကြီးမားသောအကူအညီဖြစ်စေခဲ့သည်။ (ယောဟန် ၁၇:၁၆) အလားတူပင် ၁၉၆၀ ပြည့်လွန်နှစ်များ၏အစောပိုင်းက အစိုးရနှင့်ဆိုင်သော “မင်းအာဏာစက်” ကို အကန့်အသတ်ဖြင့်နာခံခြင်းနှင့်ပတ်သက်သည့် ကင်းမျှော်စင် ဆောင်းပါးများက ဆူပူသောင်းကျန်းမှုများကြားတွင် မြင့်မြတ်သောသွန်သင်ခြင်းကို ဘုရားသခင့်လူများမည်သို့လိုက်လျှောက်ရမည်ကို အကူအညီပေးခဲ့သည်။—ရောမ ၁၃:၁-၇; တမန်တော် ၅:၂၉။

၁၈။ စီ.အီး. ဒုတိယနှင့်တတိယရာစုများတွင် အသက်ရှင်ခဲ့သော ခရစ်ယာန်ဆိုသူများက ယုတ်ညံ့စေသောဖျော်ဖြေမှုများကို မည်သို့ရှုမြင်ခဲ့ကြပြီး ယနေ့ ယင်းကိစ္စနှင့်ပတ်သက်၍ မြင့်မြတ်သောသွန်သင်ခြင်းက မည်သည့်အကူအညီပေးသနည်း။

၁၈ ယုတ်ညံ့စေသောဖျော်ဖြေမှု၏ ထောင်ချောက်များကဲ့သို့သော စုံစမ်းသွေးဆောင်ခြင်းများကို အောင်နိုင်ရန် မြင့်မြတ်သောသွန်သင်ခြင်းက ကျွန်ုပ်တို့အားအကူအညီပေးသည်။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ဒုတိယနှင့်တတိယရာစုများမှ ခရစ်ယာန်ဟုဆိုသူများပြောသည့်စကားများကို မှတ်သားပါ။ တာတူလျန်ဤသို့ရေးသားခဲ့သည်– “ဆပ်ကပ်များ၏ရူးမိုက်မှု၊ ဇာတ်ပွဲရုံများ၏ရှက်ရွံ့ဖွယ်ရာများ၊ ပြိုင်ပွဲကွင်းများ၏ကြမ်းကြုတ်မှုများနှင့် ကျွန်ုပ်တို့သည် အပြော သို့မဟုတ် အမြင် သို့မဟုတ် အကြားအားဖြင့် မည်သည့်နည်းဖြင့်မျှမပတ်သက်ပါ။” ထိုခေတ်ကအခြားစာရေးဆရာတစ်ဦးဤသို့မေးသည်– “သစ္စာရှိခရစ်ယာန်တစ်ဦးသည် ဆိုးသွမ်းမှုကို စိတ်ကူးဖြင့်မျှပင်မတွေးတောရာ ယင်းတို့အလယ်တွင် သူဘာသွားလုပ်မှာနည်း။ တပ်မက်မှုကိုကိုယ်စားပြုသည့်အရာများအလယ်တွင် အဘယ်ကြောင့်ပျော်မွေ့လိုရမည်နည်း။” ဤစာရေးဆရာများသည် ပထမရာစုခရစ်ယာန်များနောက်ပိုင်းတွင် အသက်ရှင်ခဲ့ကြသူများဖြစ်သည့်တိုင် သူတို့သည် ယုတ်ညံ့စေသောဖျော်ဖြေမှုများကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ယနေ့ ညစ်ညမ်းသော၊ စာရိတ္တယိုယွင်းသော၊ အကြမ်းဖက်သော ဖျော်ဖြေမှုများကိုရှောင်နိုင်ရန် မြင့်မြတ်သောသွန်သင်ခြင်းက ကျွန်ုပ်တို့အား ဉာဏ်ပညာပေးသည်။

၁၉။ ကျွန်ုပ်တို့လောကကိုအောင်ပွဲခံရန် မြင့်မြတ်သောသွန်သင်ခြင်းက မည်သို့အကူအညီပေးသနည်း။

၁၉ မြင့်မြတ်သောသွန်သင်ခြင်းကို လိုက်လျှောက်ခြင်းက ကျွန်ုပ်တို့အား လောကကိုအောင်စေသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ကြီးမြတ်သောညွှန်ကြားရှင်၏ သွန်သင်ချက်များကို လိုက်လျှောက်လျှင် စာတန့်သြဇာရှိနေသော ဤလောက၏ ဆိုးညစ်သည့်လွှမ်းမိုးမှုများကို ကျွန်ုပ်တို့အောင်ပွဲခံနိုင်ကြမည်။ (၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉၊ ကဘ) ဧဖက် ၂:၁-၃ (ကဘ) ကပြောသည်မှာ ကျွန်ုပ်တို့သည် လေ၏အခွင့်အာဏာကို အုပ်စိုးသူ၏အလိုနှင့်အညီလျှောက်လှမ်းလျက်၊ မိမိတို့၏လွန်ကျူးမှုများနှင့်အပြစ်များတွင် သေလျက်နေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ကိုရှင်စေတော်မူသည်ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် လောကီတပ်မက်မှုများနှင့် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ရန်သူ—မဟာလှည့်ဖြားသူကြီးစာတန်မာရ်နတ်ထံမှ ပေါ်ပေါက်လာသည့်သဘောထားများကို အောင်နိုင်ရန် မြင့်မြတ်သောသွန်သင်ခြင်းက ကျွန်ုပ်တို့အားအကူအညီပေးသည့်အတွက် ယေဟောဝါအားကျွန်ုပ်တို့ကျေးဇူးတင်ကြသည်!

၂၀။ နောက်ထပ်ဆင်ခြင်သုံးသပ်ရန် မည်သည့်မေးခွန်းများမေးထိုက်သနည်း။

၂၀ ရှင်းနေသည်ကား မြင့်မြတ်သောသွန်သင်ခြင်းသည် နည်းလမ်းများစွာဖြင့်အောင်ပွဲခံလျက်ရှိခြင်းဖြစ်သည်။ အမှန်သော် ယင်း၏အောင်မြင်မှုအားလုံးကို ဖော်ပြရန် ဖြစ်နိုင်ပုံမရချေ။ ယင်းသည် ကမ္ဘာတစ်ဝန်းလုံးရှိလူများကို အကျိုးသက်ရောက်သည်။ သို့သော် ယင်းက သင့်အတွက်မည်သည့်အရာလုပ်ပေးနေသနည်း။ မြင့်မြတ်သောသွန်သင်ခြင်းသည် မည်သည့်နည်းဖြင့် သင့်ဘဝကိုအကျိုးသက်ရောက်နေသနည်း။

သင်ဘာကိုလေ့လာခဲ့သနည်း

◻ စစ်မှန်သောဉာဏ်ပညာကို မည်သို့အဓိပ္ပာယ်ဖွင့်နိုင်သနည်း။

◻ ကမ္ဘာဦး ၃:၁၅ နှင့်ပတ်သက်၍ ဘုရားသခင်မည်သို့ တိုးတက်ဖွင့်ပြပေးသနည်း။

◻ ဝိညာဉ်ရေးရာကိစ္စများတွင် မြင့်မြတ်သောသွန်သင်ခြင်းမည်သို့အောင်ပွဲခံခဲ့ပြီနည်း။

◻ ဘုရားသခင်ကို စိတ်နှင့်သမ္မာတရားတို့ဖြင့် ဝတ်ပြုရမည်ဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

◻ စုံစမ်းခြင်းများနှင့်လောကအပေါ် ဘုရားသခင်၏ကျေးကျွန်များအောင်ပွဲခံနိုင်ရန် မြင့်မြတ်သောသွန်သင်ခြင်းက မည်သို့အကူအညီပေးခဲ့ပြီနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှုသည်သေသည့်အထိ—မျိုးစေ့၏ဖနောင့်တွင် အကြိတ်ခံရသည့်အထိ သမာဓိစောင့်ထိန်းခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ