ဆိုးသွမ်းမှု၏ကိုယ်စားလှယ်များ
လူ့ရေးရာများတွင် နတ်ဆိုးတို့၏အခန်းကဏ္ဍနှင့်ပတ်သက်၍ သမ္မာကျမ်းစာရှင်းလင်းချက်က အခြားနည်းဖြင့်အဖြေမရနိုင်သည့် အခြေခံမေးခွန်းများကို ဖြေဆိုပေးသည်။ ဥပမာ၊ ဘော်လ်ကန်ဒေသတွင်ဖြစ်နေသောစစ်ပွဲများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာသတင်းကြေညာသည့်စင်မြင့် ၏ အောက်ပါဖော်ပြချက်ကို ဆင်ခြင်ကြည့်ပါ– “စိတ်ပျက်အားငယ်၍ စိတ်ဓာတ်ကျဆင်းပြီး မိမိတို့နိုင်ငံမှထွက်သွားကြစေရန်ရည်ရွယ်သည့် စနစ်ကျသောအကြမ်းဖက်ဝါဒ၏ တစ်စိတ်တစ်ဒေသအဖြစ် . . . အဓမ္မပြုကျင့်ခဲ့ကြောင်း ဥရောပအဖွဲဝင်နိုင်ငံများ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က မှတ်ချက်ချသည်။”
တိုင်းမ် မဂ္ဂဇင်းမှဆောင်းပါးတစ်ပိုဒ်က ယင်းအခြေအနေကို ဤသို့အကြိတ်အနယ်ကြိုးစားရှင်းပြသည်– “တစ်ခါတစ်ရံ စစ်ပွဲတွင်လူငယ်များအဓမ္မပြုကျင့်ရခြင်းသည် မိမိတို့၏အကြီးအကဲများ၊ အရာရှိများသဘောကျစေရန်နှင့် ဖခင်ကသားကိုသဘောကျသည့်ပုံစံမျိုးကို ရယူလိုသောကြောင့်ဖြစ်သည်။ ရဲရင့်တက်ကြွမှုကို သက်သေထူသည်။ စက်ဆုပ်ရွံရှာဖွယ်အမှုများကို လူငယ်တစ်ဦးပြုကျင့်လိုခြင်းမှာ အလျော့ပေးလိုက်လျောမှုမရှိသည့် အဖွဲ့၏ရည်ရွယ်ချက်များနှင့် တစ်ပြေးညီဖြစ်စေရန် မိမိ၏သြတ္တပ္ပစိတ်ကိုနှိမ့်ချလိုက်ခြင်းကြောင့်ဖြစ်သည်။ လူတစ်ဦးသည် ကြမ်းကြုတ်ယုတ်မာမှုကိုကျူးလွန်ခြင်းအားဖြင့် မိမိ၏ကျေးဇူးသစ္စာစောင့်သိမှုကို ခိုင်မာစေသည်။”
သို့သော် “အလျှော့ပေးလိုက်လျောမှုမရှိသည့် အဖွဲ့၏ရည်ရွယ်ချက်များသည်” အဖွဲ့သားများ၏သြတ္တပ္ပစိတ်ထက် အဘယ်ကြောင့်ယုတ်ညံ့ရသနည်း။ တစ်ဦးစီအနေနှင့် လူတိုင်းလိုလိုသည် မိမိ၏အိမ်နီးနားချင်းများနှင့် အေးအေးဆေးဆေးနေလိုကြသည်သာဖြစ်သည်။ သို့ပါလျက် စစ်ပွဲအချိန်တွင် လူတို့သည် အဘယ်ကြောင့် အဓမ္မပြုကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အချင်းချင်းသတ်ဖြတ်ခြင်းတို့ကို ပြုရကြသနည်း။ အဓိကအကြောင်းရင်းကား နတ်ဆိုးသြဇာများသက်ရောက်နေသောကြောင့်ဖြစ်သည်။
နတ်ဆိုးတို့၏အခန်းကဏ္ဍကို နားလည်ထားခြင်းကလည်း လူအချို့ခေါ်သော “ဓမ္မပညာပြဿနာများ” ကို ဖြေရှင်းပေးနိုင်သည်။ ပြဿနာကား အောက်ပါအချက်သုံးချက်ကို မည်သို့ဆက်စပ်ညီညွတ်စေမည်နည်းဟူသည့်အချက်ဖြစ်သည်– (၁) ဘုရားသခင်သည် တန်ခိုးအကြီးဆုံးဖြစ်သည်; (၂) ဘုရားသခင်သည် မေတ္တာရှိပြီးကောင်းမြတ်တော်မူသည်; နှင့် (၃) ထိတ်လန့်ကြောက်မက်ဖွယ်ရာများဖြစ်ပွားနေသည်။ ယင်းအချက်နှစ်ချက်လောက်ကို ဆက်စပ်ညီညွတ်စေနိုင်သော်လည်း သုံးချက်စလုံးသဟဇာတဖြစ်ရန်ကိုမူ ဘယ်တော့မျှမလုပ်နိုင်ဟု လူအချို့ယူမှတ်ကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုယ်နှိုက်က အဖြေပေးထားပြီး ယင်းအဖြေတွင် မမြင်နိုင်သောနာမ်ဝိညာဉ်များဖြစ်သည့် ဆိုးသွမ်းမှု၏ကိုယ်စားလှယ်များပါဝင်ပတ်သက်သည်။
ဦးဆုံးပုန်ကန်သူ
ဘုရားသခင်ကိုယ်နှိုက်သည် နာမ်ဝိညာဉ်ဖြစ်ကြောင်း သမ္မာကျမ်းစာကကျွန်ုပ်တို့ကိုဖော်ပြသည်။ (ယောဟန် ၄:၂၄) တစ်ချိန်တွင် သန်းပေါင်းများစွာသော အခြားနာမ်ဝိညာဉ်သတ္တဝါများဖြစ်သည့် ကောင်းကင်တမန်သားများကို ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင့်ကျေးကျွန်ဒံယေလသည် ရူပါရုံအားဖြင့် ကောင်းကင်တမန်သန်းတစ်ရာကို မြင်ခဲ့သည်။ ယေဟောဝါဖန်ဆင်းသော နာမ်ဝိညာဉ်ပုဂ္ဂိုလ်အားလုံးတို့သည် ဖြောင့်မတ်ပြီး ကိုယ်တော့်အလိုတော်နှင့်ညီညွတ်ကြသည်။—ဒံယေလ ၇:၁၀၊ကဘ; ဟေဗြဲ ၁:၇။
နောက်ပိုင်း ဘုရားသခင်သည် ‘မြေကြီးအမြစ်ကိုတည်’ သောအချိန်တွင် ဤကောင်းကင်တမန်သားများသည် “တညီတညွတ်တည်းသီချင်းဆို” “ဝမ်းမြောက်သဖြင့် ကြွေးကြော်” ခဲ့ကြသည်။ (ယောဘ ၃၈:၄-၇) သို့သော် သူတို့ထဲမှတစ်ဦးသည် ဖန်ဆင်းရှင်သာလျှင် တော်လျော်မှန်ကန်စွာရထိုက်သော ကိုးကွယ်ခံရမှုကို လုယူလိုသည့်စိတ်ဆန္ဒများပေါ်ပေါက်ခဲ့သည်။ ဘုရားသခင်ကိုပုန်ကန်ဆန့်ကျင်ခြင်းအားဖြင့် ထိုကောင်းကင်တမန်သည် မိမိကိုယ်ကို စာတန် (“ဆန့်ကျင်သူ” အဓိပ္ပာယ်ရှိ) နှင့် မာရ်နတ် (“ကဲ့ရဲ့ရှုတ်ချသူ” အဓိပ္ပာယ်ရှိ) ဖြစ်စေခဲ့သည်။—ယေဇကျေလ ၂၈:၁၃-၁၅ နှိုင်းယှဉ်။
ပထမဆုံးလူမိန်းမဧဝကိုစကားပြောရန် မြွေကိုအသုံးပြုခြင်းအားဖြင့် ဥယျာဉ်ထဲရှိအပင်တစ်ပင်၏အသီးကိုမစားရန် ဘုရားသခင်၏တိုက်ရိုက်ပညတ်ချက်ကို သူမ မနာခံအောင်စာတန်လှည့်ဖြားနိုင်ခဲ့သည်။ နောက်ပိုင်း သူမ၏ခင်ပွန်းလည်း အလိုတူအလိုပါဖြစ်ခဲ့သည်။ သို့နှင့် ပထမဆုံးလူသားမောင်နှံသည် ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်မှုတွင် ကောင်းကင်တမန်နှင့်ပူးပေါင်းခဲ့သည်။—ကမ္ဘာဦး ၂:၁၇; ၃:၁-၆။
ဧဒင်ရှိအဖြစ်အပျက်သည် နာခံမှုဆိုင်ရာ ရှင်းလင်းပြတ်သားသည့်သင်ခန်းစာ ဖြစ်ဖွယ်ရှိစဉ်တွင် စာတန်က အကျင့်သိက္ခာဆိုင်ရာအရေးကြီးသည့်မေးခွန်းနှစ်ရပ်ကို ပေါ်ပေါက်စေခဲ့သည်။ ပထမအချက်မှာ မိမိဖန်ဆင်းရာသတ္တဝါများအပေါ် ယေဟောဝါ၏အုပ်ချုပ်မှုသည် တော်မှန်မှုရှိပြီး သူတို့၏အကောင်းဆုံးအကျိုးအတွက်ဖြစ်ပါ၏လော ဟူ၍ဖြစ်သည်။ လူသားများသည် သာ၍ကောင်းသည့်နည်းဖြင့် မိမိတို့ကိုယ်ကိုမိမိတို့အုပ်ချုပ်နိုင်ဖွယ်ရှိသည်။ ဒုတိယအချက်မှာ နာခံမှုသည် ရုပ်ပိုင်းဆိုင်ရာအကျိုးအမြတ်မရှိသောကြောင့် အသိဉာဏ်ရှိသတ္တဝါများသည် ဘုရားသခင်အားတည်ကြည်လျက်သစ္စာစောင့်ကြပါမည်လော ဟူ၍ဖြစ်သည်။a
ယေဟောဝါ၏ဂုဏ်ရည်တော်များနှင့်အတူ ဧဒင်တွင်ပေါ်ပေါက်ခဲ့သည့်ပြဿနာများကို ရှင်းလင်းစွာသိနားလည်ခြင်းက “ဓမ္မပညာဆိုင်ရာပြဿနာ” ၏အဖြေကို ကျွန်ုပ်တို့အားသဘောပေါက်စေပြီး တစ်နည်းအားဖြင့် ဆိုးသွမ်းမှုတည်ရှိနေခြင်းကို တန်ခိုးနှင့်မေတ္တာတည်းဟူသော ဘုရားသခင့်ဂုဏ်ရည်တော်များနှင့် ဆက်စပ်ညီညွတ်မှုရှိစေသည်။ ယေဟောဝါသည် အတိုင်းအဆမရှိသည့်တန်ခိုးတော်ကို ပိုင်ဆိုင်တော်မူပြီး မေတ္တာ၏ပြယုဂ်ဖြစ်တော်မူ၍တစ်ချိန်တည်းတွင် ဉာဏ်ပညာနှင့်တရားမျှတမှုလည်း ရှိတော်မူသည်။ ယင်းဂုဏ်ရည်တော်လေးရပ်ကို စုံလင်သည့်မျှတမှုဖြင့် ကိုယ်တော်ကျင့်သုံးတော်မူသည်။ ထို့ကြောင့် တွန်းလှန်မှုမပြုနိုင်သောတန်ခိုးတော်အားဖြင့် ပုန်ကန်သူသုံးဦးအား ချက်ချင်းမဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြုလျှင် တရားမျှတမည်ဖြစ်သော်လည်း ဉာဏ်ပညာ သို့မဟုတ် မေတ္တာရှိရာကျမည်မဟုတ်ပေ။ ထို့အပြင် မေတ္တာရှိလမ်းစဉ်ဖြစ်သည်ဟု လူအချို့ယူမှတ်ဖွယ်ရှိသော ခွင့်လွှတ်လိုက်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားခြင်းလည်း ကိုယ်တော်မပြုပါ။ ထိုသို့ပြုပြန်လျှင် ဉာဏ်ပညာကောတရားမျှတမှုပါ ရှိရာကျမည်မဟုတ်ပါ။
စာတန်ဖြစ်ပေါ်စေသည့်ပြဿနာကိုဖြေရှင်းရန် အချိန်လိုသည်။ လူသားများသည် ဘုရားသခင့်အကူအညီမပါဘဲ မိမိတို့ကိုယ်ကိုတော်လျော်စွာ အုပ်ချုပ်နိုင်မနိုင်ကိုသက်သေပြရန် အချိန်ယူရပေမည်။ ယေဟောဝါသည် ပုန်ကန်သူသုံးဦးအား ဆက်လက်အသက်ရှင်ခွင့်ပေးခြင်းအားဖြင့်လည်း ခက်ခဲသည့်အခြေအနေများအောက်တွင် ဘုရားသခင်ကိုသစ္စာရှိစွာအမှုဆောင်ခြင်းအားဖြင့် စာတန်၏စွဲချက်များမှားကြောင်း လူသားများအားသက်သေထူခွင့်ပေးသည်။b
တားမြစ်ထားသည့်အသီးကိုစားလျှင် သေရမည်ဖြစ်ကြောင်း အာဒံနှင့်ဧဝတို့အား ရှင်းလင်းပြတ်သားစွာ ဘုရားသခင်မိန့်တော်မူခဲ့သည်။ စာတန်က မသေဟု ဧဝအားအာမခံခဲ့သော်လည်း သူတို့သေကိုသေခဲ့ရသည်။ စာတန်ကိုယ်နှိုက်လည်း သေဒဏ်စီရင်ခံရသည်; တစ်ချိန်တည်းတွင် လူသားများကို သူဆက်၍လှည့်ဖြားနေခဲ့သည်။ အမှန်အားဖြင့် သမ္မာကျမ်းစာဤသို့ဆိုသည်– “လောကတစ်ခုလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေသည်။”—၁ ယောဟန် ၅:၁၉၊ ကဘ; ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၄; ၅:၅။
အခြားကောင်းကင်တမန်များပုန်ကန်
ဧဒင်အဖြစ်အပျက်နောက်မကြာမီ အခြားကောင်းကင်တမန်များသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ဆန့်ကျင်ပုန်ကန်ခြင်းတွင် ပါဝင်လာကြသည်။ သမ္မာကျမ်းစာဤသို့ဖော်ပြသည်– “မြေကြီးပေါ်မှာ လူတို့သည်များပြား၍ သမီးများကိုရကြသောအခါ ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍ ကိုယ်စိတ်ရှိသည်အတိုင်းစုံဖက်ကြ၏။” တစ်နည်းပြောရလျှင် ထိုကောင်းကင်တမန်များသည် “မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ် [ကောင်းကင်] ကိုစွန့်ပစ်” ပြီး မြေကြီးသို့ဆင်းကာ လူ့အသွင်ကိုယူဆောင်၍ လူမိန်းမများနှင့် ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသည်။—ကမ္ဘာဦး ၆:၁၊ ၂; ယုဒ ၆။
ကမ္ဘာဦး ၆:၄ တွင် မှတ်တမ်းက ဤသို့ဆက်၍ဖော်ပြသည်– “ထိုကာလ၌ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူ [နက်ဖလင်၊ ကဘ] အချို့ရှိကြ၏။ ထိုနောက်၌လည်း ဘုရားသခင်၏သားတို့သည် လူသမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည် အားကြီးသောသူ၊ ရှေးကာလမှစ၍ကျော်စောသောသူဖြစ်ကြ၏။” ကောင်းကင်တမန်များဖြင့် လူမိန်းမများရ၍မွေးလာသော ထိုကပြားသားများသည် သာမန်ထက်ထူးကဲစွာတုတ်ခိုင်သန်မာကြပြီး “အားကြီးသောသူ” များဖြစ်ကြသည်။ သူတို့သည် ကြမ်းတမ်းရမ်းကားသူများ သို့မဟုတ် နက်ဖလင်များ ဟူသောဟေဗြဲဝေါဟာရ၏အဓိပ္ပာယ်အရ “အခြားသူတို့ကို လဲကျစေသူများ” ဖြစ်ကြသည်။
မှတ်သားစရာကား ယင်းအဖြစ်အပျက်များသည် ရှေးကျသည့်လူ့ယဉ်ကျေးမှုဆိုင်ရာ ဒဏ္ဍာရီများတွင် ဖော်ပြပါရှိခြင်းဖြစ်သည်။ ဥပမာ၊ နှစ်ပေါင်း ၄,၀၀၀ ကြာခဲ့သည့် ဗာဗုလုန်ကျောက်စာတစ်ခုတွင် အားကြီး၍ကြမ်းတမ်းသည့် ဘုရားတစ်ပိုင်းလူတစ်ပိုင်းဖြစ်သူ၊ “မည်သည့်အပျိုစင်ကိုမျှ သူ၏ချစ်သူအဖြစ်မှအလွတ်မပေး” သူ ဂိလဂါမက်ရှ်၏ လူထက်သာလွန်သောအစွမ်းသတ္တိများအကြောင်းကို ကမ္ပည်းထိုးထားသည်။ ဂရိဒဏ္ဍာရီမှ အခြားဥပမာတစ်ခုမှာ လူထက်ခွန်အားကြီးမားသည့် ဟာကြူလီ (သို့မဟုတ် ဟယ်ရယ်ကလီ) ဖြစ်သည်။ လူသားမိခင်ဖြစ်သူအဲ့လ်ခ်မီနီနှင့် နတ်ဘုရားဇုသမှမွေးဖွားလာသော ဟာကြူလီသည် ရူးသွပ်ခြင်းကြောင့် မိမိ၏မယားနှင့်ကလေးများကို သတ်ဖြတ်ပြီးနောက်ပိုင်း အကြမ်းဖက်စွန့်စားမှုများကို ဆက်တိုက်လုပ်ဆောင်တော့သည်။ ထိုကဲ့သို့သောပုံပြင်များသည် လူမျိုးတစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းလာခဲ့ရာတွင် မူလနှင့်အလွန်အမင်းကွာခြားမှုများရှိလာခဲ့သည့်တိုင် နက်ဖလင်များနှင့် သူတို့၏ဖခင်၊ ပုန်ကန်သောကောင်းကင်တမန်များအကြောင်း သမ္မာကျမ်းစာဖော်ပြချက်နှင့် ဆက်စပ်နေသည်။
ဆိုးသောကောင်းကင်တမန်များနှင့် လူထက်အစွမ်းကြီးမားသောသူတို့သားများ၏ ဩဇာလွှမ်းမိုးမှုကြောင့် ကြီးစွာသောရေလွှမ်းမိုးဘေးကြီးတစ်ခုဖြင့် လောကကိုဖျက်ဆီးပစ်ရန် ယေဟောဝါဆုံးဖြတ်ရသည့်အထိ မြေကြီးပေါ်တွင် အဓမ္မမှုများပြည့်နှက်ခဲ့သည်။ နက်ဖလင်တို့သည် ဘုရားတရားမဲ့သည့်လူသားများနှင့်အတူ ဖျက်ဆီးခံခဲ့ကြရပြီး; ဖြောင့်မတ်သောနောဧနှင့် သူ့မိသားစုသာလျှင် လွတ်မြောက်ခဲ့ကြသည်။—ကမ္ဘာဦး ၆:၁၁; ၇:၂၃။
သို့သော် ကောင်းကင်တမန်ဆိုးများမူ မသေခဲ့ကြပါ။ သူတို့၏လူသားကိုယ်ခန္ဓာကို စွန့်လွှတ်ပြီး နာမ်ဝိညာဉ်နယ်ပယ်သို့ ပြန်တက်သွားကြသည်။ သူတို့၏မနာခံမှုကြောင့် ဖြောင့်မတ်သောကောင်းကင်တမန်များအဖြစ် ဘုရားသခင့်မိသားစုအဝင်ဖြစ်ရခြင်းကို ပြန်မရတော့ချေ; နောဧခေတ်ကကဲ့သို့ လူ့ကိုယ်ခန္ဓာကိုပြန်ယူဆောင်ခွင့်လည်း မရတော့ချေ။ သို့တိုင် သူတို့သည် “နတ်ဆိုးမင်း” စာတန်မာရ်နတ်၏အခွင့်အာဏာဖြင့် လူသားများ၏အရေးကိစ္စတွင် အဖျက်သြဇာလွှမ်းမိုးနေကြဆဲဖြစ်သည်။—မဿဲ ၉:၃၄၊ သမ္မ; ၂ ပေတရု ၂:၄; ယုဒ ၆။
လူသားတို့၏ရန်သူများ
စာတန်နှင့်နတ်ဆိုးများသည် သတ်ဖြတ်ဖျက်ဆီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းသဘော အစဉ်သဖြင့်ရှိလာခဲ့ကြသည်။ စာတန်သည် ‘စုံလင်ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သော၊ မကောင်းသောအကျင့်ကိုရှောင်သောသူ’ ယောဘ၏ ပစ္စည်းဥစ္စာများနှင့် ကျွဲနွားတိရစ္ဆာန်များကို လုယူသွားခဲ့ပြီး အစေခံအများစုကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ယောဘ၏သားသမီးဆယ်ယောက်ရှိနေသည့်အိမ်ကို ‘လေပြင်းမုန်တိုင်း’ တစ်ခုတိုက်ခတ်စေ၍ ပြိုလဲစေခြင်းဖြင့် သူတို့ကိုသတ်ဖြတ်ခဲ့သည်။ ထို့နောက် စာတန်သည် ယောဘအား “ခြေဖဝါးမှသည်ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများတိုးပေါက်စေ” ခဲ့သည်။—ယောဘ ၁:၇-၁၉; ၂:၃၊ ၇။
နတ်ဆိုးများသည်လည်း အလားတူဆိုးညစ်သည့်သဘောထားကို တင်ပြကြသည်။ ယေရှုအချိန်ကဆိုလျှင် လူများအား စကားအအောင်၊ မျက်စိမမြင်အောင် လုပ်ခဲ့ကြသည်။ လူတစ်ဦးအား မိမိကိုယ်ကိုကျောက်နှင့်ရှစေရန် သူတို့လုပ်ကြသည်။ ယောက်ျားလေးတစ်ဦးအား မြေပေါ်မှာလှဲ၍ “တောင့်မာစေ” ကြသည်။—လုကာ ၉:၄၂; မဿဲ ၉:၃၂၊ ၃၃; ၁၂:၂၂; မာကု ၅:၅။
စာတန်နှင့်နတ်ဆိုးများ တစ်ခါကနှင့်မျှမတူအောင် အငြိုးကြီးလာကြောင်း ကမ္ဘာအရပ်ရပ်မှမှတ်တမ်းများက တင်ပြသည်။ အချို့လူများကို ဖျားနာမှုဖြင့်တိုက်ခိုက်သည်။ အချို့သူများကိုမူ အိပ်မရအောင်ပြုခြင်း၊ သို့မဟုတ် ကြောက်မက်ဖွယ်အိပ်မက်များပေးခြင်း သို့မဟုတ် သူတို့ကိုလိင်ညစ်ညူးမှုပြုခြင်းအားဖြင့် ဒုက္ခပေးကြသည်။ အချို့သူများအား ရူးသွပ်စေခြင်း၊ လူသတ်စေခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုသတ်သေစေခြင်းများဖြစ်စေကြသည်။
သူတို့ကို မည်မျှကြာကြာခွင့်ပြုထားဦးမည်နည်း
စာတန်နှင့်သူ့နတ်ဆိုးများသည် ထာဝစဉ်ခွင့်ပြုထားခြင်းခံရကြမည်မဟုတ်ပါ။ ခိုင်လုံသည့်အကြောင်းကြောင့် ကျွန်ုပ်တို့အချိန်ထိတိုင်ဆက်လက်တည်ရှိရန် သူတို့ကိုယေဟောဝါခွင့်ပြုထားသော်လည်း ယခုအခါ သူတို့အတွက်အချိန်အနည်းငယ်သာကျန်တော့သည်။ သူတို့၏လုပ်ဆောင်မှုနယ်ပယ်ကို ကန့်သတ်မည့် အဓိကကျသောခြေလှမ်းတစ်ခုသည် ဤရာစုနှစ်အစောပိုင်းက ဖြစ်ခဲ့သည်။ ဗျာဒိတ်ကျမ်းက ဤသို့ရှင်းပြသည်– “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလ [ရှင်ပြန်ထမြောက်ပြီးသောယေရှုခရစ်] နှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါး [စာတန်] ကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူသူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။”—ဗျာဒိတ် ၁၂:၇-၉။
ရလဒ်ကားအဘယ်နည်း။ မှတ်တမ်းကဆက်ပြောသည်– “ထို့ကြောင့် ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့!” စာတန်နှင့် သူ့နတ်ဆိုးများကောင်းကင်တွင် မရှိတော့သည့်အတွက် ဖြောင့်မတ်သောကောင်းကင်တမန်များ ရွှင်လန်းနိုင်ကြသည်။ သို့သော် မြေကြီးပေါ်ရှိသူများအတွက်ကော။ ကျမ်းစာဤသို့ပြောသည်– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။”—ဗျာဒိတ် ၁၂:၁၂။
ဒေါသအမျက်ထွက်လျက် စာတန်နှင့်သူ့လက်ပါးစေတို့သည် နီးကပ်နေသော သူတို့၏နိဂုံးမရောက်မီ အတတ်နိုင်ဆုံးဘေးဒုက္ခဖြစ်စေရန် ရည်ရွယ်ကြသည်။ ဤရာစုနှစ်အတွင်းတွင် ကမ္ဘာစစ်ကြီးနှစ်ခုနှင့် ဒုတိယကမ္ဘာစစ်ပြီးနောက် ယင်းတို့ထက်သေးငယ်သောစစ်ပွဲပေါင်း ၁၅၀ ကျော်တို့ ဖြစ်ပွားခဲ့သည်။ ဤလူမျိုးဆက်၏ အကြမ်းဖက်ရမ်းကားမှုများကို ထင်ဟပ်ပေါ်လွင်စေသည့် စကားစုများသည် ကျွန်ုပ်တို့၏ဝေါဟာရအသုံးအနှုန်းများထဲသို့ ဝင်ရောက်လာခဲ့သည်– “ပိုးမွှားစစ်ပွဲ”၊ “မီးလောင်တိုက်သွင်းမှု”၊ . . . “အနုမြူဗုံး” စသည်တို့ဖြစ်သည်။ သတင်းများသည် မူးယစ်ဆေးဝါး၊ လူသတ်ခြင်း၊ ဗုံးပေါက်ခြင်း၊ စိတ္တဇလူသားစားခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းအကြောင်းများဖြင့် ပြည့်နှက်နေသည်။
ဝမ်းသာစရာကောင်းသည်ကား ထိုအရာများသည် ယာယီသာဖြစ်သည်။ မဝေးတော့သည့်အနာဂတ်တွင် ဘုရားသခင်သည် စာတန်နှင့်သူ၏နတ်ဆိုးများကို တစ်ဖန်အရေးယူတော့မည်။ ဘုရားသခင့်ထံမှရသောရူပါရုံကို တမန်တော်ယောဟန်ဤသို့ဖော်ပြသည်– “တစ်ဖန်ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်းမာရ်နတ်စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကိုမလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။”—ဗျာဒိတ် ၂၀:၁-၃။
ထိုနောက် စာတန်နှင့်သူ၏နတ်ဆိုးများသည် “ခဏလွှတ်” ခြင်းခံရပြီးနောက် ထာဝရဖျက်ဆီးခြင်းခံရကြမည်။ (ဗျာဒိတ် ၂၀:၃၊ ၁၀) ထိုအချိန်သည် မည်မျှထူးခြားကောင်းမွန်လိုက်မည်ဖြစ်ခြင်း! စာတန်နှင့်သူ၏နတ်ဆိုးများသည် ထာဝစဉ်ပျောက်ဆုံးကုန်သည်နှင့် ယေဟောဝါသည် ‘ခပ်သိမ်းသောလူများအတွက် ခပ်သိမ်းသောအရာ’ ဖြစ်တော်မူမည်။ လူတိုင်း “များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” အမှန်။—၁ ကောရိန္သု ၁၅:၂၈; ဆာလံ ၃၇:၁၁။
[အောက်ခြေမှတ်ချက်များ]
a နောက်ပိုင်း ဘုရားသခင်၏ကျေးကျွန်ယောဘနှင့်ပတ်သက်၍ စာတန်က “အရေအဖို့အရေဟုဆိုသကဲ့သို့ လူသည် မိမိအသက်အဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ ယခုတစ်ဖန်လက်တော်ကိုဆန့်၍ သူ့အရိုးနှင့်သူ့အသားကိုထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်” ဟုပြောခဲ့စဉ်က ယင်းအချက်ရှင်းလင်းပေါ်လွင်ခဲ့သည်။—ယောဘ ၂:၄၊ ၅။
b ဆိုးသွမ်းမှုကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုရကြောင်း အသေးစိတ်ဆွေးနွေးချက်ကို နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ် သင်သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင် စာအုပ်ကိုရှု။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယင်းအရာများအတွက် လူသာလျှင်တာဝန်ရှိသလော သို့မဟုတ် ဆိုးသွမ်းယုတ်မာပြီး မမြင်နိုင်သောစွမ်းအားကလည်း တာဝန်ရှိသလော
[Credit Line]
ကူဝိတ်နိုင်ငံတွင်ရေနံတွင်းများမီးလောင်ခြင်း၊ ၁၉၉၁– Chamussy/Sipa Press
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လူသားများကို နတ်ဆိုးများဘယ်တော့မျှဒုက္ခမပေးနိုင်တော့သည့်အချိန်သည် မည်မျှထူးခြားကောင်းမွန်လိုက်မည်ဖြစ်ခြင်း!