ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁ စာ. ၃၀-၃၁
  • ကနဦးခရစ်ယာန်များဘုရားသခင့် နာမတော်ကိုအသုံးပြုခဲ့ကြသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကနဦးခရစ်ယာန်များဘုရားသခင့် နာမတော်ကိုအသုံးပြုခဲ့ကြသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁ စာ. ၃၀-၃၁

ကနဦးခရစ်ယာန်များဘုရားသခင့် နာမတော်ကိုအသုံးပြုခဲ့ကြသလော

ဘုရားသခင့်နာမတော်သည် ဟေဗြဲကျမ်းစာစောင်များတွင် ဗျည်းလေးလုံးဖြင့်ဖော်ပြထားသည့် יהוה (ယဟဝဟ၊ တက်ထရာဂရမ်မီတန်) ဖြင့် အကြိမ်ထောင်ပေါင်းများစွာပါဝင်သည်။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်မတိုင်မီ၊ ပြည်နှင်မခံရသေးသည့်ဣသရေလလူမျိုးအလယ်တွင် နာမတော်သည် သုံးရိုးသုံးစဉ်ဖြစ်ခဲ့ပြီး ပြည်နှင်ခံရပြီးနောက်ပိုင်းမှရေးသားသော ဧဇရ၊ နေဟမိ၊ ဒံယေလနှင့် မာလခိကျမ်းစာစောင်များတွင် ထပ်ခါတလဲပါရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနပညာရှာဖွေတွေ့ရှိချက်များက ဖော်ပြသည်။ နောက်ပိုင်းတွင် မေရှိယပေါ်ထွန်းရန်အချိန်နီးကပ်လာသည်နှင့်အမျှ ဂျူးတို့သည် အယူသီးစွာဖြင့် နာမတော်အသုံးပြုရန်ဝန်လေးခဲ့ကြသည်။

ယေရှု၏တပည့်တော်များသည် ဘုရားသခင့်နာမတော် (ပုံမှန်အားဖြင့် အင်္ဂလိပ်လို “ဂျီဟိုးဗား” သို့မဟုတ် “ယာဝေး” ဟုပြန်ဆိုလေ့ရှိ) ကိုအသုံးပြုခဲ့ကြသလော။ အသုံးပြုခဲ့ကြကြောင်း အထောက်အထားများကဖော်ပြသည်။ ယေရှုက နောက်တော်လိုက်များအား “ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟု ဘုရားသခင်ထံဆုတောင်းကြရန် သင်ပေးခဲ့သည်။ (မဿဲ ၆:၉) မြေကြီးဓမ္မအမှုပြီးဆုံးသောအခါ မိမိကိုယ်တိုင် ကောင်းကင်ခမည်းတော်ထံဆုတောင်းခဲ့သည်မှာ “ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ” ဟူ၍ဖြစ်သည်။ (ယောဟန် ၁၇:၆) ထို့အပြင် ယေရှု၏တပည့်တော်များအသုံးပြုခဲ့သော ဟေဗြဲကျမ်းစာစောင်များကိုဂရိသို့ ပြန်ဆိုထားသည့် စပ်ထွားဂျင့် ကျမ်း၏ ရှေးကျသည့်မိတ္တူများတွင် ဘုရားသခင့်နာမတော်သည် ဟေဗြဲတက်ထရာဂရမ်မီတန်ပုံစံဖြင့်ပါရှိသည်။

ခရစ်ဝင်ကျမ်းများနှင့် အခြားသောခရစ်ယာန်ဂရိကျမ်းစာစောင်များ (“ဓမ္မသစ်ကျမ်း”) ကား မည်သို့နည်း။ စပ်ထွားဂျင့် တွင် ဘုရားသခင့်နာမတော်ပါရှိသည်ဖြစ်ရာ ဤကျမ်းစာစောင်များ၏ ရှေးကျသောမိတ္တူများတွင်လည်း—အနည်းဆုံး စပ်ထွားဂျင့် ကျမ်းကို ကိုးကားထားသည့်နေရာများတွင် ပါရှိရမည်ဟု ကျိုးကြောင်းဆက်စပ်ယူနိုင်သည်။ သို့အားဖြင့် ယေဟောဝါဟူသောဘုရားသခင့်နာမတော်သည် ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်း တွင် အကြိမ်ပေါင်း ၂၀၀ ကျော်ပါဝင်သည်။ အချို့တို့က ယင်းကို မှန်ကန်မှုမရှိဟုပြစ်တင်ဝေဖန်ကြသည်။ သို့သော် ခြားနားသည့်အခြေအမြစ်တစ်ခုမှ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို ထောက်ခံပေးနိုင်ဖွယ်ရှိသည်။ ယင်းမှာ ဗာဗုလုန်တယ်လ်မုဒ်ကျမ်းဖြစ်သည်။

ဤဂျူးဘာသာရေးစာအုပ်၏ ပထမပိုင်းသည် ရှားဘတ် (ဥပုသ်) ဟူသောခေါင်းစဉ်ရှိပြီး ဥပုသ်နေ့တွင် ပြုမူကျင့်ကြံမှုကိုထိန်းချုပ်သည့် အတိုင်းထက်အလွန်များပြားသော ဥပဒေသမြောက်မြားစွာပါဝင်သည်။ ကဏ္ဍတစ်ခုတွင်ပါသည့်အရ ဥပုသ်နေ့တွင် ကျမ်းစာစာမူများကို မီးဘေးမှလွတ်စေရန်ပြုခြင်းသည် သင့်မသင့်ဆွေးနွေးထားပြီး နောက်စာပိုဒ်တွင် ဤသို့ဖော်ပြထားသည်။ “ကျမ်းစာတွင်ဖော်ပြထားသည်မှာ ကွက်လပ်များ [ဂေလ်ယိုနင်] နှင့် မီနင်မ်တို့၏စာအုပ်များကို မီးဘေးမှလွတ်အောင် ကျွန်ုပ်တို့လုပ်မည်မဟုတ်ပါ။ အာရ်ဂျိုဇာကပြောသည်မှာ ဥပုသ်နေ့မဟုတ်သောအခြားနေ့ရက်များတွင် ဘုရားသခင့်နာမတော်ပါဝင်သည့်နေရာများကို ဖြတ်ထုတ်ပြီး ယင်းတို့ကိုဝှက်ထားကာ ကျန်အစိတ်အပိုင်းများကို မီးရှို့ပစ်ရမည်ဟူ၍ဖြစ်သည်။ အာရ်တာဖောန်ပြောသည်မှာ ယင်းတို့သည် ကျွန်ုပ်လက်ထဲရောက်လာသောအခါ ယင်းတို့ကို ဘုရားသခင့်နာမတော်နှင့်အတူ ကျွန်ုပ်မီးမရှို့ပစ်ခဲ့လျှင် ကျွန်ုပ်၏သားကိုသင်္ဂြိုဟ်ရသည့်ကျိန်ဒဏ် ကျွန်ုပ်ပေါ်သက်ရောက်ပါစေသားဟူ၍ဖြစ်သည်။”—ဒေါက်တာဖရိဒ်မန်ဘာသာပြန်သည်။

မီနင်မ် တို့ကား မည်သူများနည်း။ ထိုဝေါဟာရ၏အဓိပ္ပာယ်မှာ “ဂိုဏ်းခွဲများ” ဖြစ်ပြီး ဇဒ္ဒုကဲများ သို့မဟုတ် ရှမာရိများကို ရည်ညွှန်းနိုင်သည်။ သို့သော် ဒေါက်တာဖရိဒ်မန်၏အဆိုအရ ဤအပိုင်းတွင် ဂျူးလူမျိုးခရစ်ယာန်များကို ရည်ညွှန်းဖွယ်အကြောင်းများသည်။ သို့နှင့် ဒေါက်တာဖရိဒ်မန်က “ကွက်လပ်များ” ဟုဘာသာပြန်သည့် ဂေလ်ယိုနင် ၏အဓိပ္ပာယ်ကား အဘယ်နည်း။ ဖြစ်နိုင်သည့်အဓိပ္ပာယ်နှစ်ခုရှိသည်။ ကျမ်းစာလိပ်၏ လွတ်နေသောအနားများ သို့မဟုတ် လွတ်နေသောကျမ်းစာလိပ်တစ်ခုလုံးကို ဆိုလိုခြင်းဖြစ်နိုင်သည်။ သို့မဟုတ်—ထေ့ငေါ့ပြောဆိုသည့်သဘောအရ—ယင်းအရေးအသားများသည် လွတ်နေသောကျမ်းစာလိပ်သဖွယ် မည်သည့်တန်ဖိုးမျှမရှိကြောင်းဆိုလိုသည့် မီနင်မ် တို့၏အရေးအသားများဖြစ်နိုင်သည်။ အဘိဓာန်များတွင် ဤဒုတိယအဓိပ္ပာယ်ကို “ခရစ်ဝင်ကျမ်းများ” ဟုဖော်ပြထားသည်။ ယင်းနှင့်အညီ တယ်လ်မုဒ်ကျမ်းကိုကိုးကားထားသည့် အထက်ပါစာပိုဒ်မတိုင်မီဝါကျက “မီနင်မ်တို့၏စာအုပ်များသည် ကွက်လပ်များ [ဂေလ်ယိုနင်] နှင့်တူသည်” ဟုဖော်ပြထားသည်။

အလားတူပင် လောရဲန့်စ်အိပ်ချ်. ရှစ်ဖ်မန်ရေးသည့် မည်သူသည်ဂျူးတစ်ယောက်ဖြစ်ခဲ့သနည်း ဟူသောစာအုပ်တွင် အထက်ပါတယ်လ်မုဒ်ကျမ်းကိုကိုးကားထားသည့်အပိုင်းကို ဤအတိုင်းဘာသာပြန်ထားသည်– “ခရစ်ဝင်ကျမ်းများနှင့် မီနင်မ် (‘မိစ္ဆာတိတ္ထိများ’) တို့၏စာအုပ်များကို (ဥပုသ်နေ့တွင်) မီးဘေးမှလွတ်အောင် ကျွန်ုပ်တို့မပြုကြပါ။ ယင်းတို့နှင့်အတူပါရှိသည့် ဗျည်းလေးလုံးပါစာလုံးများလည်း အရှိအတိုင်း မီးရှို့ခံရကြသည်။ ရဗ္ဗိယိုစဲဟာဂယ်လလီက ရက်သတ္တပတ်အတွင်း လူတစ်ဦးသည် မိမိတွင်ရှိသောဗျည်းလေးလုံးပုံစံစာလုံးကို ဖြတ်တောက်ပစ်ပြီး ယင်းတို့ကိုဝှက်ထားကာ ကျန်အားလုံးကိုမီးရှို့ပစ်သင့်သည်ဟုပြောသည်။ ရဗ္ဗိတာဖောန်ပြောသည်မှာ ကျွန်ုပ်၏သားကိုသင်္ဂြိုဟ်ရပါစေသား! (ဤစာအုပ်များ) သည် ကျွန်ုပ်လက်ထဲရောက်လာလျှင် ယင်းတို့၏ဗျည်းလေးလုံးပုံစံစာလုံးများနှင့်အတူ ကျွန်ုပ်မီးရှို့ပစ်မည်ဟူ၍ဖြစ်သည်။” ဤတွင်ပါသော မီနင်မ် များသည် ဂျူးလူမျိုးခရစ်ယာန်များကိုဆိုလိုကြောင်း ဒေါက်တာရှစ်ဖ်မန်က ဆက်၍အခိုင်အမာပြောဆိုသည်။

တယ်လ်မုဒ်ကျမ်း၏ဤအစိတ်အပိုင်းသည် ရှေးဂျူးခရစ်ယာန်များအကြောင်းပြောဆိုခြင်း အမှန်ဖြစ်သလော။ သို့မှန်ပါက ယင်းသည် ခရစ်ဝင်ကျမ်းများနှင့်ကျမ်းစာစာပေများတွင် တက်တြာဂရမ်မီတန်ဖြစ်သောဘုရားသခင့်နာမတော်ကို ခရစ်ယာန်များထည့်သွင်းခဲ့ကြောင်း ခိုင်မာသည့်အထောက်အထားဖြစ်သည်။ တယ်လ်မုဒ်ကျမ်းသည် ဂျူးခရစ်ယာန်များအကြောင်းကို ဆွေးနွေးတင်ပြနေခြင်းပို၍ဖြစ်နိုင်သည်။ ယင်းယူမှတ်ချက်နှင့်ပတ်သက်၍ ကျမ်းပညာဆိုင်ရာထောက်ခံချက်ရှိပြီး တယ်လ်မုဒ်ကျမ်းပါအထက်အောက်စကားများက အခြားထောက်ခံချက်များထပ်ဆင့်ပေးထားသည်။ ရှားဘတ် ခေါင်းစဉ်အောက်မှကိုးကားထားသည့် အထက်ပါအပိုဒ်ပြီး နောက်တစ်ပိုဒ်တွင် ဂါမလျေလနှင့် ခရစ်ယာန်တရားသူကြီးတစ်ဦးတို့၏ဇာတ်လမ်းကို ပြန်ဖော်ပြထားသည့် တောင်ပေါ်ဒေသနာ၏အစိတ်အပိုင်းအဝင်များ ကိုးကားခံရသည်။

နောက်ပိုင်း ခရစ်ယာန်အယူဖောက်ပြန်မှုသည် ခရစ်တော်၏ရိုးရှင်းသည့်သွန်သင်ချက်များမှ ခွဲထွက်သွားသောအခါမှသာ အမည်ခံခရစ်ယာန်များသည် ဘုရားသခင့်နာမတော်ကို အသုံးမပြုကြတော့သည်သာမက စပ်ထွားဂျင့် ကျမ်းမိတ္တူများနှင့် ခရစ်ဝင်ကျမ်းများ၊ အခြားသောကျမ်းစာစောင်များမှ ထုတ်ပယ်ပစ်သည်အထိပင်ဖြစ်ခဲ့သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယေရှုအချိန်က ဘုရားသခင့်နာမတော်သည် “စပ်ထွားဂျင့်” ကျမ်းများတွင်ပါရှိခဲ့သည်

[Credit Line]

Israel Antiquities Authority

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ