ရိတ်သိမ်းချိန်!
“ခရစ်ယာန်အယူဝါဒ” ၏ရာဇဝင်သည် အဘယ်ကြောင့်ခရစ်ယာန်မဆန်လွန်းသနည်း။ စဉ်းစားသည့်လူများစွာ ယင်းသို့မေးကြသည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ လောက်က ယင်းကို ပုံဥပမာတစ်ခုတွင် ယေရှုအဖြေပေးထားသည်။ “ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူ” အကြောင်း ကိုယ်တော်မိန့်တော်မူခဲ့သည်။ ထို့နောက် “သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့်လက္ခဏာတူသောတောမျိုးစေ့ကို စပါးအထဲ၌ကြဲ၍သွားလေ၏။” မျိုးစေ့များအပင်ပေါက်လာသောအခါ အလုပ်သမားများက တောမျိုးပင်များကိုသတိပြုမိပြီး ယင်းတို့ကိုနှုတ်ပစ်လိုကြသည်။ သို့သော် ထိုလူက “စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ” ဟုဆိုသည်။ ရိတ်သိမ်းရာကာလရောက်သော် စပါးနှင့် တောမျိုးစေ့တို့ ခွဲခြားခြင်းခံရမည်။—မဿဲ ၁၃:၂၄-၃၀။
ပုံဥပမာကို ယေရှုရှင်းပြသည်မှာ “ကောင်းသောမျိုးစေ့”—ခရစ်ယာန်စစ်များ—ကိုကြဲသောသူကား မိမိကိုယ်တိုင်ဖြစ်သည်။ ရန်သူကား “တောမျိုးစေ့”—အသင်းတော်ထဲသို့စိမ့်ဝင်လာသော ခရစ်ယာန်အတုအယောင်—များကိုကြဲသောသူ စာတန်ဖြစ်သည်။ ခရစ်ယာန်အတုနှင့်ခရစ်ယာန်အစစ်နှစ်မျိုးလုံးကို ယေရှုက အတူဆက်ရှိခွင့်ပြုသည်—သို့သော် ရိတ်သိမ်းရာအချိန်အထိသာဖြစ်သည်။ ထို့နောက် သူတို့ ခွဲခြားခြင်းခံရကြမည်။—မဿဲ ၂၄:၃၆-၄၄။
ထို့ကြောင့် နှစ်ရာစုများတစ်လျှောက် “ခရစ်ယာန်” အဖွဲ့အစည်းများသည် တိတ္ထိအယူဝါဒများကိုခံယူခြင်း၊ အကျင့်ယိုယွင်းမှုကိုခွင့်ပြုခြင်း၊ စစ်ပွဲများအောင်နိုင်ရန် ထောက်ခံအားပေးခြင်းနှင့် ရက်စက်သည့်ဘာသာရေးစစ်ကြောမေးမြန်းခန်းများကို ပြုကြခြင်းအားဖြင့် ဘုရားသခင်အား ဂုဏ်ယုတ်အောင်ပြုခဲ့ကြကြောင်း သိရသောအခါ ကျွန်ုပ်တို့မအံ့သြကြပါ။ ယင်းအားဖြင့် မကောင်းသောမျိုးစေ့များကို စာတန်ကြဲခဲ့ကြောင်းကျွန်ုပ်တို့သတိရသည်။ သို့သော် ကျမ်းစာစည်းမျဉ်းများကိုလိုက်လျှောက်ရန် ရှောင်လွဲမည့်အစား အကျဉ်းချခြင်း သို့မဟုတ် သေခြင်းကိုရင်ဆိုင်ခဲ့ရသော သူတစ်ဦးချင်းတို့၏အကြောင်းများကို ကျွန်ုပ်တို့ဖတ်ရသောအခါ ကောင်းသောမျိုးစေ့များသည် ပယ်ရှင်းမခံရကြောင်းကျွန်ုပ်တို့သိရကြသည်။
“စပါးရိတ်သောကာလကား ကမ္ဘာကုန်သောကာလဖြစ်၏” ဟု ယေရှုမိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာ့အစီအစဉ်စနစ်၏ဆုံးခန်းကာလတွင် အသက်ရှင်နေကြသည်ဖြစ်ရာ ယခုအချိန်သည် ရိတ်သိမ်းချိန်သာဖြစ်ရမည်! ထို့ကြောင့် ခရစ်ယာန်စစ်နှင့်ခရစ်ယာန်တုများစပ်ကြား ခွဲခြားခြင်းဖြစ်ရမည်။ ယနေ့ တကွဲတပြားစီဖြစ်မနေသော၊ ခရစ်ယာန်စစ်များဟု ယေရှု၏သတ်မှတ်ချက်နှင့်ကိုက်ညီသော—ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံပြီး ယင်းနိုင်ငံတော်သတင်းကောင်းကို ဟောပြောကြသော၊ ကျမ်းစာအခြေပြုသည့်စာရိတ္တစံချိန်ကို ထောက်ခံအားပေးပြီး ကျမ်းစာသမ္မာတရားကိုထောက်၍ တိတ္ထိအယူဝါဒများကိုငြင်းပယ်သော၊ ဘုရားသခင့်နာမတော်ထင်ရှားအောင်ပြုပြီး လောက၏အစိတ်အပိုင်းမဖြစ်သော လူတစ်စုရှိသည်။—မဿဲ ၆:၃၃; ၂၄:၁၄; ယောဟန် ၃:၂၀; ၈:၃၂; ၁၇:၆၊ ၁၆။
ထိုကဲ့သို့သောလူများရှိကြောင်း သင့်အားကျွန်ုပ်တို့အာမခံပါသည်! ဘုရားသခင်လက်ခံနိုင်ဖွယ်နည်းဖြင့် ကိုယ်တော်ကိုသင်ဝတ်ပြုလိုပါသလော။ သို့ဆိုလျှင် ထိုလူများကိုရှာဖွေပြီး သူတို့နှင့်အတူ ဘုရားသခင်ကိုဝတ်ပြုပါ။