အရေးတကြီးခံစားမှုဖြင့် အမှုဆောင်ခြင်း
ဟန်စ်ဖဲန်ဖြူအဲရာ ပြောပြသည်
၁၉၆၂ ခု၏တစ်မနက်တွင် နယ်သာလန်နိုင်ငံရှိ ကင်းမျှော်စင်အသင်းဌာနခွဲကြီးကြပ်မှူးဖြစ်သူ ပဲအူးလ်ကွတ်ရှ်နီးရ်သည် ရော့တဒမ်ဆိပ်ကမ်းဒေသတွင် ကျွန်တော်နှင့်တွေ့ဆုံခဲ့သည်။ မှိန်မှိန်ပျပျမီးရောင်ထွန်းထားသည့် လက်ဖက်ရည်ဆိုင်တစ်ခုတွင် စားပွဲကိုကျော်၍ ကျွန်တော့်အားကြည့်လိုက်ပြီး “သဘောပေါက်လားဟန်စ်၊ ခင်ဗျားဒီတာဝန်ကိုလက်ခံလိုက်ရင်တော့ ခင်ဗျားနဲ့ခင်ဗျားဇနီးအတွက် တစ်လမ်းသွားလက်မှတ်ပဲရလိမ့်မယ်” ဟုပြောလိုက်သည်။
“ဟုတ်ကဲ့၊ ဆူဇီလည်း အဲဒါကိုသဘောတူမယ်လို့ ကျွန်တော်ကျိန်းသေပြောရဲတယ်။”
“ကောင်းပြီလေ၊ ဆူဇီနဲ့ဆွေးနွေးကြည့်ဦးပေါ့။ ခင်ဗျားဆုံးဖြတ်ချက်ကို ကျွန်တော့်ကိုစောစောအသိပေးနိုင်လေ ပိုကောင်းလေပဲ။”
နောက်တစ်နေ့မနက်တွင် “ကျွန်တော်တို့သွားကြမယ်” ဟူသောအဖြေကို သူရခဲ့သည်။ သို့နှင့် ၁၉၆၂ ခု၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အမ်စတာဒမ်မြို့၏ နှင်းများဖုံးနေသောစခီပေါလ်လေဆိပ်၌ ကျွန်တော်တို့၏ဆွေမျိုးမိတ်သင်္ဂဟများကို နှုတ်ဆက်ကြပြီး မည်သည့်ကင်းမျှော်စင်သာသနာပြုမျှ မရောက်ဖူးသေးသည့်—နယ်သာလန်နယူးဂီနီ (ယခု အနောက်အီရီယန်၊ အင်ဒိုနီးရှား)—ပါပူဝါလူမျိုးတို့၏ဒေသသို့ လေယာဉ်ဖြင့်ထွက်ခွာခဲ့ကြသည်။
စိန်ခေါ်ချက်ဖြစ်သည့်ဤတာဝန်ကို လက်ခံခဲ့ခြင်းအတွက် ကျွန်တော်တို့ဇဝေဇဝါဖြစ်ခဲ့သလော။ လုံးဝမဖြစ်ခဲ့ပါ။ မိမိတို့၏ဘဝကို ဘုရားသခင့်အလိုတော်ဆောင်ရန် ကိုယ်တော့်ထံအကြွင်းမဲ့ဆက်ကပ်အပ်နှံထားခဲ့ပြီးဖြစ်ရာ ကျွန်တော်တို့ကို ကိုယ်တော်ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ယုံစားကြသည်။ ကျွန်တော်တို့၏ဘဝနောက်ကြောင်းကို ပြန်ကြည့်လိုက်သောအခါ ယေဟောဝါအားကျွန်တော်တို့ယုံကြည်စိတ်ချမှုသည် မည်သည့်အခါမျှလွဲမှားချွတ်ချော်မှုမရှိခဲ့ချေ။ သို့သော် အင်ဒိုနီးရှားတွင်ဘာဖြစ်ခဲ့သည်ကိုမပြောပြမီ ကျွန်တော်တို့၏အစောပိုင်းအချိန်များအကြောင်းကို ပြောပြပါရစေ။
စစ်ပွဲကာလအတွင်းလေ့ကျင့်မှု
သတ္တိရှိသည့်သက်သေခံ အာတူရ်ဗင်ကလာ ကျွန်တော်တို့မိသားစုထံ ဦးဆုံးအကြိမ်လာရောက်လည်ပတ်သည့် ၁၉၄၀ ခုနှစ်က ကျွန်တော့်အသက်ဆယ်နှစ်သာရှိသေးသည်။ ကျွန်တော့်မိဘများသည် ခရစ်ယာန်ဘောင်၏သွန်သင်ချက်များမှားကြောင်း ကျမ်းစာဖော်ပြထားသည်ကို သိရှိလာခဲ့သောအခါ အလွန်တုန်လှုပ်ခဲ့ကြသည်။ ထိုအချိန်က နယ်သာလန်နိုင်ငံကို နာဇီဂျာမနီကသိမ်းပိုက်ထားပြီး ယေဟောဝါသက်သေများသည် နှိပ်စက်ညှဉ်းပန်းခြင်းခံနေကြရရာ ကျွန်တော့်မိဘများသည် ပိတ်ပင်ခံထားရသည့်အဖွဲ့အစည်းနှင့်ပေါင်းရမည့်ကိစ္စအတွက် ဆုံးဖြတ်စရာဖြစ်ခဲ့သည်။ ပေါင်းရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။
ထိုနောက်ပိုင်းတွင် ကျွန်တော့်အမေ၏သတ္တိ၊ လွတ်လပ်မှုနှင့်အသက်ကိုပင် အဆုံးရှုံးခံလိုသည့်စိတ်ဆန္ဒများက ကျွန်တော့်စိတ်တွင် စွဲမြဲထင်ဟပ်ခဲ့သည်။ တစ်ခါက ခုနစ်မိုင်ခရီးကိုသူစက်ဘီးနင်းပြီး ကျမ်းစာဝေစာများနှင့်ပြည့်နေသောအိတ်တစ်လုံးဖြင့် မှောင်ထဲတွင်စောင့်နေသည်။ အထူးလှုပ်ရှားမှုစရန် အချိန်ရောက်လာသောအခါ စက်ဘီးကိုမြန်နိုင်သမျှမြန်အောင်နင်းပြီး အိတ်ထဲမှဝေစာများကို မှန်မှန်နှိုက်ထုတ်ကာ လမ်းများပေါ်တွင်ကြဲချခဲ့သည်။ နောက်မှလိုက်လာသောစက်ဘီးသမားတစ်ဦးက နောက်ဆုံးသူမကိုမီသွားကာ မောကြီးပန်းကြီးဖြင့် ဤသို့အော်ပြောသည်–“အမကြီး၊ အမကြီး၊ ခင်ဗျားပစ္စည်းတွေကျကျန်နေခဲ့တယ်။” ထိုအကြောင်းအမေပြန်ပြောပြသောအခါ ကျွန်တော်တို့ရယ်မောမဆုံးဖြစ်ခဲ့ရသည်။
ကျွန်တော်အလွန်ငယ်သေးသော်လည်း ဘဝတွင်ကျွန်တော်ဖြစ်လိုသည့်အရာကို ကျွန်တော်သိခဲ့သည်။ ၁၉၄၂ ခုနှစ်လယ်လောက်က ကျွန်တော်တို့၏အစည်းအဝေးတစ်ခုတွင် ဦးဆောင်သူက “နောက်တစ်ခါကျရင် ဘယ်သူတွေနှစ်ခြင်းခံချင်ကြသလဲ” ဟု မေးမြန်းခဲ့သည်။ ကျွန်တော့်လက်ကို ဆတ်ကနဲထောင်လိုက်သည်။ ကျွန်တော့်မိဘများက စိုးရိမ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထိုသို့ဆက်ကပ်အပ်နှံမှုကို ကျွန်တော်နားမှလည်သေးပါစဟု သံသယဖြစ်ခဲ့ကြသည်။ သို့သော် ကျွန်တော့်အသက် ၁၂ နှစ်သာရှိသေးသော်လည်း ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်း၏အဓိပ္ပာယ်ကို ကျွန်တော်သဘောပေါက်ခဲ့သည်။
ကျွန်တော်တို့ကို နာဇီများလိုက်လံနေသည့်ကြားမှ တစ်အိမ်တက်ဆင်းဟောပြောရခြင်းသည် သတိကြီးစွာထားရသည့်အလုပ်ဖြစ်သည်။ ကျွန်တော်တို့ကို နာဇီထံတိုင်နိုင်မည့်အိမ်ကိုမခေါ်မိရန် နေ့ဘက်တွင် နာဇီလိုလားထောက်ခံသူများက သူတို့၏ပြတင်းပေါက်များတွင် ပိုစတာများကပ်နေစဉ် ကျွန်တော်စက်ဘီးပတ်စီးလိုက်ပြီး သူတို့၏လိပ်စာများကို အတိုကောက်မှတ်သားလိုက်သည်။ တစ်ခါက ကျွန်တော့်လုပ်ရပ်ကို လူတစ်ဦးသတိပြုမိလိုက်ပြီး ဤသို့အော်ခဲ့သည်–“သိပ်ကောင်းတယ်ကောင်လေး။ ရေးထား၊ ရေးထား—အားလုံးကိုရေးထား!” ကျွန်တော်စိတ်အားထက်သန်ခဲ့သော်လည်း သတိပညာသိပ်မရှိသေးကြောင်းထင်ရှားခဲ့သည်တကား! ၁၉၄၅ ခုနှစ်စစ်ပြီးသောအခါ ဟောပြောခြင်းအတွက် ပိုမိုလွတ်လပ်မှုရရန်ကျွန်တော်တို့မျှော်၍ ဝမ်းသာခဲ့ကြသည်။
လုပ်ငန်းတစ်ခု၏အစ
၁၉၄၈ ခု၊ နိုဝင်ဘာလ ၁ ရက် ကျွန်တော်ကျောင်းပြီးသောအခါ ပထမဆုံးအနေနှင့် ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဟောပြောခြင်းတာဝန်ကို ကျွန်တော်လက်ခံရရှိခဲ့သည်။ နောက်တစ်လကြာသောအခါ ကျွန်တော်အတူနေသည့်မိသားစုထံသို့ ညီအစ်ကိုဗင်ကလာ ရောက်ရှိလည်ပတ်ခဲ့သည်။ ကျွန်တော်မည်သို့သောသူဖြစ်ကြောင်း သူလာအကဲခတ်ခြင်းဖြစ်ရမည်။ အကြောင်းမှာ နောက်မကြာမီပင် အမ်စတာဒမ်မြို့ရှိ အသင်းမ၏ဌာနခွဲရုံးတွင် ကျွန်တော်အမှုဆောင်ရန်ခေါ်ဖိတ်ခံခဲ့ရသည်။
နောက်ပိုင်းတွင် တိုက်နယ်ကြီးကြပ်မှူးအဖြစ်နှင့် ယေဟောဝါသက်သေအသင်းတော်များကို ကျွန်တော်လည်ပတ်ရသည်။ ၁၉၅၂ ခုနှစ်နှောင်းပိုင်းတွင် သာသနာပြုအဖြစ်လေ့ကျင့်ခံရရန် နယူးယောက်မြို့ရှိ ၂၁ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း တက်ရောက်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။ ထို့ကြောင့် ၁၉၅၂ ခုနှစ်အကုန်ပိုင်းတွင် နယ်သာလန်မှကျွန်တော်တို့ရှစ်ဦးသည် နယူးအမ်စတာဒမ် အမည်ရှိသင်္ဘောဖြင့် အမေရိကသို့ထွက်ခဲ့ကြသည်။
ကျောင်းဆင်းသောအခါ သင်တန်းနည်းပြတစ်ဦးဖြစ်သူ မက်ခ်စ်ဝဲလ်ဖရဲ့န်ဒ်က ဤသို့ပြောခဲ့သည်–“ဒီမှာသင်ခဲ့တဲ့အရာအများစုကို ခင်ဗျားတို့မေ့သွားလိမ့်မယ်။ ဒါပေမဲ့ သုံးခုတော့ ခင်ဗျားတို့နဲ့အတူပါသွားဖို့ ကျွန်တော်တို့မျှော်လင့်တယ်–ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်းတို့ပဲ။” ထို့ပြင် ကျွန်တော့်စိတ်နှင့်နှလုံးထဲတွင် မွန်မြတ်စွာကိန်းအောင်းနေသည့်အရာကား ယေဟောဝါ၏အဖွဲ့အစည်းသည် အရေးတကြီးခံစားမှုဖြင့်အလုပ်လုပ်နေကြောင်းတည်း။
နောက်ပိုင်းတွင် ကျွန်တော်အကြီးအကျယ်စိတ်ပျက်ခဲ့ရသည်။ တစ်ဝက်ခန့်သော ကျွန်တော်တို့ဒတ်ချ်လူမျိုးအုပ်စု—ကျွန်တော်အပါအဝင်—သည် နယ်သာလန်သို့ ပြန်ရန် ခန့်အပ်ခံရကြသည်။ စိတ်ပျက်သော်လည်း ကတောက်ကဆတ်တော့မဖြစ်ခဲ့ပါ။ ရှေးအချိန်က တိုင်းခြားပြည်ခြားတာဝန်ကို မရရှိမီ နှစ်ပေါင်း ၄၀ စောင့်ရသော မောရှေကဲ့သို့စောင့် မနေရရန်ကိုသာ ကျွန်တော်မျှော်လင့်ခဲ့သည်။—တမန်တော် ၇:၂၃-၃၀။
မွန်မြတ်သည့်အထောက်အမတစ်ဦး
ဖခင်ရင်းကဲ့သို့ ကြင်နာတတ်သော ကျွန်တော့်မိတ်ဆွေတစ်ဦးဖြစ်သူ ဖရစ်တ်ဇ်ဟပ်တ်စတန်က ကျွန်တော်အိမ်ထောင်ပြုမည့်အစီအစဉ်ကို သိသွားသောအခါ “ဒီထက်ကောင်းဒါတော့မရှိတော့ဘူးလို့ငါထင်တယ်” ဟုပြောခဲ့သည်။ ဆူဇီ၏ဖခင်ဖြစ်သူ ကေစီစတူဖေးသည် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတော်လှန်ရေးတွင် ဦးဆောင်တိုက်ခိုက်သူတစ်ဦးဖြစ်ခဲ့သည်။ သို့သော် ၁၉၄၆ ခုနှစ်တွင် ယေဟောဝါသက်သေများနှင့်တွေ့သွားသောအခါ ကျမ်းစာသမ္မာတရားကို ချက်ချင်းလက်ခံခဲ့သည်။ မကြာမီ သူနှင့်သူ့ကလေးခြောက်ယောက်မှ သုံးယောက်—ဆူဇီ၊ မယ်ရီယန်နှင့် ကက်နက်သ်—တို့သည် နှစ်ခြင်းခံခဲ့ကြသည်။ ၁၉၄၇ ခု၊ မေလ ၁ ရက်နေ့တွင် ဤကလေးသုံးယောက်လုံး ရှေ့ဆောင်အချိန်ပြည့်ဓမ္မအမှုဆောင်များအဖြစ် စတင်လုပ်ကိုင်ကြသည်။ ၁၉၄၈ ခုနှစ်တွင် ကေစီသည် သူ့လုပ်ငန်းကိုရောင်းလိုက်ပြီး ရှေ့ဆောင်စလုပ်သည်။ နောက်ပိုင်းတွင် သူဤသို့မှတ်ချက်ချခဲ့သည်–“အဲဒီနေ့တွေဟာ ကျွန်တော့်ဘဝမှာ အပျော်ဆုံးနေ့တွေပဲဗျာ!”
၁၉၄၉ ခုနှစ်၊ အမ်စတာဒမ်ဌာနခွဲရုံးတွင်အလုပ်လုပ်ရန် ဆူဇီခေါ်ဖိတ်ခံရသောအခါ သူနှင့်ကျွန်တော်ရင်းနှီးရည်ငံလာခဲ့ကြသည်။ နောက်တစ်နှစ်တွင် သူနှင့်သူ့ ညီမမယ်ရီယန်တို့သည် ၁၆ ကြိမ်မြောက်ဂိလဒ်သင်တန်းတက်ရန် ထွက်ခွာသွားကြပြီးနောက် သူတို့တာဝန်ကျသည့်နေရာ—အင်ဒိုနီးရှားသို့ သင်္ဘောဖြင့်ထွက်ခွာသွားကြသည်။ သာသနာပြုတာဝန်ငါးနှစ်ထမ်းဆောင်ပြီး ၁၉၅၇ ခုနှစ်ရောက်သောအခါ ဆူဇီသည် ကျွန်တော်နှင့်လက်ထပ်ရန် နယ်သာလန်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်သည် တိုက်နယ်ကြီးကြပ်မှူးအဖြစ်အမှုထမ်းနေပြီး ကျွန်တော်တို့၏အိမ်ထောင်သက်တမ်းတစ်လျှောက်လုံးတွင် သူမသည် ဘုရားနိုင်ငံတော်လုပ်ငန်းအတွက် ကိုယ်ကျိုးစွန့်ရန်စိတ်ဆန္ဒကို မကြာခဏတင်ပြခဲ့သည်။
ကျွန်တော်တို့လက်ထပ်ပြီးသောအခါ နယ်သာလန်ဒေသအသီးသီးရှိ အသင်းတော်များသို့ ကျွန်တော်တို့ဆက်၍လည်ပတ်ကြသည်။ ဆူဇီအတွက် သာသနာပြုတာဝန်၏ခက်ခဲမှုများသည် အသင်းတော်တစ်ခုမှတစ်ခုသို့ စက်ဘီးဖြင့်သွားလာရသည့်ကျွန်တော်တို့ခရီးစဉ်အတွက် ကောင်းစွာပြင်ဆင်မှုဖြစ်ခဲ့သည်။ ကျွန်တော်တို့တိုက်နယ်လုပ်ငန်းလုပ်နေစဉ် ၁၉၆၂ ခုနှစ်တွင် ညီအစ်ကိုကွတ်ရှ်နီးရ်သည် ကျွန်တော့်ကို ရော့တဒမ်တွင်လာရောက်တွေ့ဆုံပြီး အင်ဒိုနီးရှားနိုင်ငံ၊ အနောက်အိုင်ရီယန်သို့ပြောင်းရွှေ့ရန် ခေါ်ဖိတ်ခဲ့သည်။
အင်ဒိုနီးရှားတွင် သာသနာပြုလုပ်ငန်း
မာနကွာရီမြို့သို့ ကျွန်တော်တို့ရောက်ခဲ့သည်—သီးခြားကမ္ဘာတစ်ခုပင်! အပူပိုင်းည၏ချောက်ချားဖွယ်အသံများကြားရသည်၊ အပူနှင့်ဖုန်များကို ထိတွေ့ခံစားရသည်။ ထို့နောက် နံငယ်ပိုင်းကလေးများကိုသာဝတ်ထားကြသည့် ပါပူဝါကျွန်းသားများသည် ဓားမများကိုကိုင်ထားကြကာ ကျွန်တော်တို့နောက်မှကပ်လိုက်ပြီး ကျွန်တော်တို့၏ဖြူသောအသားများကို လိုက်ကိုင်ကြည့်ရန်နှစ်သက်ကြသည်—ဤအရာအားလုံးနှင့်နေသားကျရန်မလွယ်လှပါ။
ကျွန်တော်တို့ရောက်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် ဓမ္မဆရာများသည် ယေဟောဝါသက်သေများရောက်ရှိလာပြီဖြစ်ကြောင်း သတိပေးချက်များကို ချာ့ချ်စင်မြင့်များပေါ်တွင်ဖတ်ကြားပြပြီး ထိုစာရွက်များကို တက်ရောက်သူအားလုံးအားဝေငှကြသည်။ ဒေသန္တရရေဒီယိုအသံလွှင့်ဌာနကပင် ထိုစာပါအကြောင်းကို အသံလွှင့်ခဲ့သည်။ ထို့နောက် ဓမ္မဆရာသုံးဦးကျွန်တော်တို့ထံရောက်လာကာ ဤကျွန်းမှထွက်ခွာပြီး “တိတ္ထိများ” ဟုသူတို့ဆိုသောသူများတို့ထံတွင် သွားအလုပ်လုပ်ရန် တောင်းဆိုခဲ့သည်။ ပါပူဝါရဲအရာရှိကြီးတစ်ဦးကလည်း ကျွန်တော်တို့ထွက်ခွာသွားရန်တိုက်တွန်းပြီး လျှို့ဝှက်ရဲအဖွဲ့ဝင်တစ်ဦးကမူ ကျွန်တော်တို့ကိုသတ်ဖို့စီစဉ်ထားပြီးဖြစ်ကြောင်း ပြောသည်။
သို့သော် ကျွန်တော်တို့ကို လူတိုင်းကဆန့်ကျင်ကြသည်မဟုတ်ပါ။ နယ်သာလန်သို့ထွက်ခွာတော့မည့် ဒတ်ချ်လူမျိုးဖြစ်သူ နိုင်ငံရေးအကြံပေးအရာရှိတစ်ဦးက ပါပူဝါရှိအကြီးအကဲများစွာတို့ကို ကျွန်တော်တို့နှင့်မိတ်ဆက်ပေးခဲ့သည်။ “ခင်ဗျားတို့သိထားတာထက် ပိုကောင်းတဲ့ခရစ်ယာန်ဘာသာကို ယေဟောဝါသက်သေတွေကယူလာပေးလိမ့်မယ်။ ဒါကြောင့် သူတို့ကို ခင်ဗျားတို့လက်ခံသင့်တယ်” ဟု သူတို့ကိုသူပြောပြသည်။
နောက်ပိုင်းတွင် အစိုးရအရာရှိတစ်ဦးသည် လမ်းပေါ်တွင် ဆူဇီထံချဉ်းကပ်ပြီး “ခင်ဗျားတို့ဒီနေရာမှာ လုပ်ငန်းအသစ်တစ်ခုစပြီလို့ ကျွန်တော်တို့သတင်းရထားတယ်။ ဒါကြောင့် ခင်ဗျားတို့ကို နေခွင့်မပေးနိုင်ဘူး။ ဒါပေမဲ့၊ အဲ . . . ခင်ဗျားတို့ချာ့ချ်သာရှိမယ်ဆိုရင်တော့ ရမယ်” ဟု တီးတိုးပြောခဲ့သည်။ လမ်းစပွင့်ခဲ့ပြီတကား! ချက်ချင်းပင် ကျွန်တော်တို့၏အိမ်နံရံများကိုဖြုတ်ပစ်လိုက်ပြီး ခုံတန်းများကိုစီထည့်၊ ဟောပြောစဉ်တစ်ခုတပ်ဆင်ကာ “ဘုရားနိုင်ငံတော်ခန်းမ” ဟု ရှေ့တွင်ဆိုင်းဘုတ်တပ်လိုက်သည်။ ထို့နောက် ထိုအရာရှိကို ကျွန်တော်တို့အလည်အပတ်ခေါ်ဖိတ်ခဲ့သည်။ သူက ခေါင်းကိုညိတ်ကာ ပြုံးပြီး ‘သိပ်လည်တယ်၊ သိပ်လည်တယ်’ ဟုပြောသည့်အဓိပ္ပာယ်ဖြင့် သူ့ခေါင်းကိုသူ့လက်ညိုးဖြင့်တဆတ်ဆတ်ရိုက်ပြသည်။
၁၉၆၄ ခု၊ ဇွန်လ ၂၆ ရက်နေ့၊ ကျွန်တော်တို့ရောက်ပြီး တစ်နှစ်ခွဲအကြာတွင် ကျွန်တော်တို့ကျမ်းစာသင်အံမှုပါပူဝါလူမျိုး ၁၂ ဦးနှစ်ခြင်းခံခဲ့ကြသည်။ မကြာမီ နောက်ထပ် ၁၀ ဦးပါနှစ်ခြင်းခံခဲ့ကြပြီး အစည်းအဝေးတက်ရောက်သူ ပျမ်းမျှ ၄၀ ယောက်ရှိခဲ့သည်။ ကျွန်တော်တို့ကိုကူညီရန် အင်ဒိုနီးရှားရှေ့ဆောင်နှစ်ဦးရောက်လာသည်။ မာနကွာရီတွင် အသင်းတော်အတည်တကျဖြစ်လာသောအခါ အသင်းမ၏အင်ဒိုနီးရှားဌာနခွဲက ကျွန်တော်တို့အား အခြားသောဟောပြောခြင်းတာဝန်တစ်ခုကို ၁၉၆၄ ခု၊ ဒီဇင်ဘာလတွင် ဆက်လက်ပေးအပ်ခဲ့သည်။
ကျွန်တော်တို့မထွက်ခွာမီ အစိုးရ၏လူထုဆက်သွယ်ရေးဌာနအကြီးအကဲက ကျွန်တော်တို့နှင့် ဤသို့သီးသန့်စကားပြောခဲ့သည်–“ခင်ဗျားတို့သွားရမှာကို ကျွန်တော်ဝမ်းနည်းပါတယ်။ ခင်ဗျားတို့ကိုအဝေးပို့လိုက်ဖို့ ဓမ္မဆရာတွေက ကျွန်တော့်ကိုပတ်တိုင်းတောင်းဆိုတယ်။ ခင်ဗျားတို့က သူတို့အသီးတွေကိုကောက်လို့ဆိုပဲ။ ဒါပေမဲ့ သူတို့ကိုကျွန်တော်ပြောတယ်–‘မဟုတ်ဘူး။ သူတို့က ခင်ဗျားတို့ရဲ့အပင်ကို မြေသြဇာလောင်းပေးနေတာ။’” သူဤသို့ဆက်ပြောသေးသည်။ “ရောက်လေရာရာမှာ ဆက်သာတိုက်လှန်နေပါ။ ခင်ဗျားတို့နိုင်ရမယ်!”
ရုတ်ချည်းအာဏာသိမ်းမှုကြားတွင်
၁၉၆၅ ခု၊ စက်တင်ဘာလ၏ညတစ်ည၊ ဂျကာတာမြို့တော်တွင် လူ ၄၀၀,၀၀၀ ခန့်အသက်ဆုံးခဲ့ကြရသည်။
အိမ်ရှင်များသည် ကျွန်တော်တို့ကိုလန့်နေကြပုံရသော်လည်း ကျွန်တော်တို့၏ကျမ်းစာသတင်းကို သူတို့ကြားပြီးသောအခါ သက်သာမှုရကြပြီး ကျွန်တော်တို့အားအိမ်ထဲသို့ခေါ်ဖိတ်ကြသည်။ သူတို့နှင့်ကျွန်တော်တို့ရှိနေခြင်းကို လုံခြုံသည်ဟုသူတို့ခံစားကြရသည်။ ယေဟောဝါကိုအားထားရန်နှင့် ဆင်းရဲဒုက္ခရောက်နေသည့်အခြေအနေများတွင် မျှတမှုရှိရန် ထိုအချိန်ကာလများက ကျွန်တော်တို့ကိုသင်ခန်းစာပေးသည်။
အခြားသောဆန့်ကျင်မှုများကိုအောင်မြင်ကျော်လွှားခဲ့
၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် လှပသည့်ဆောက်သ်မောလ်ကာကျွန်းများတွင်တည်ရှိသော အယ်မ်ဘော်န်မြို့သို့ ကျွန်တော်တို့ပြောင်းရွှေ့ခဲ့သည်။ ထိုတွင် ဖော်ရွေပျူငှာသောသူများထဲမှ ဝိညာဉ်ရေးစိတ်ဝင်စားသူများစွာတို့ကို တွေ့ရှိရသည်။ ကျွန်တော်တို့၏အသင်းတော်ငယ်ကလေးသည် လျင်မြန်စွာကြီးထွားလာပြီး အစည်းအဝေးတက်ရောက်သူသည် တစ်ရာနီးပါးရှိလာသည်။ ထို့ကြောင့် ခရစ်ယာန်ဘောင်အကြီးအကဲများက သာသနာရေးရုံး၏ဦးစီးမှူးအား ကျွန်တော်တို့ကိုအယ်မ်ဘော်န်မှနှင်ထုတ်စေရန် ဖိအားပေးဖို့ ထိုရုံးသို့သွားခဲ့ကြသည်။ သို့သော် ဦးစီးမှူး၏စားပွဲပေါ်တွင် ကင်းမျှော်စင်အသင်း၏စာအုပ်များကို သူတို့အထင်းသားတွေ့ ကြရသည်။ ဦးစီးမှူး၏သဘောကိုပြောင်းရန် သူတို့မတတ်နိုင်သောအခါ ဂျကာတာရှိသာသနာရေးဝန်ကြီးဌာနမှ အရာရှိများနှင့်ဆက်သွယ်ပြီး အယ်မ်ဘော်န်မှသာမက အင်ဒိုနီးရှားတစ်ခွင်လုံးမှ ကျွန်တော်တို့ကိုနှင်ထုတ်ပစ်ရန် သူတို့ကြိုးစားခဲ့ကြသည်။
ဤတစ်ကြိမ်တွင် သူတို့အောင်မြင်ပုံရသည်။ အကြောင်းမှာ ၁၉၆၈ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် ကျွန်တော်တို့ထွက်ခွာရမည့်နေ့အဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် ဂျကာတာရှိ ကျွန်တော်တို့၏ခရစ်ယာန်ညီအစ်ကိုများက သာသနာရေးဝန်ကြီးဌာနမှ အဆင့်မြင့်မွတ်စလင်အရာရှိတစ်ဦးနှင့်ဆက်သွယ်ခဲ့ရာ သူက ဆုံးဖြတ်ချက်ကိုရုတ်သိမ်းရန် အကူအညီပေးခဲ့သည်။ တစ်ဆက်တည်းတွင် ယခင်နိုင်ငံရေးမူဝါဒပြောင်းလဲသွားပြီး အခြားသာသနာပြုများပင်ဝင်ရောက်ခွင့်ရခဲ့သည်။
သို့နှင့် နောက်ဆယ်နှစ်အတွင်းတွင် စူမာတြာကျွန်းမြောက်ပိုင်းရှိ အံ့မခန်းလှပသော တောတောင်ရေမြေမြစ်ချောင်းအင်းအိုင်များတွင် ဩစတြေးလျ၊ ဩစတြီးယား၊ ဂျာမနီ၊ ဖိလစ်ပိုင်၊ ဆွီဒင်နှင့် အမေရိကန်နိုင်ငံတို့မှ သာသနာပြုများနှင့်အတူ ကျွန်တော်တို့အမှုဆောင်နေခဲ့ကြသည်။ ဟောပြောခြင်းလုပ်ငန်းအထမြောက်အောင်မြင်ခဲ့ပြီး အထူးသဖြင့် အဓိကဒေသခံလူမျိုးစုဖြစ်သည့် ဘာတပ်ခ်လူမျိုးများတွင် အောင်မြင်မှုရခဲ့သည်။
သို့သော် ဘာသာရေးမသမာသူများသည် ၁၉၇၆ ခု၊ ဒီဇင်ဘာလတွင် ကျွန်တော်တို့၏ဟောပြောခြင်းလုပ်ငန်းပိတ်ပင်ခံရအောင် လုပ်နိုင်ခဲ့ခြင်းဖြင့် အောင်မြင်မှုရခဲ့သည်။ သို့နှင့် နောက်တစ်နှစ်တွင် သာသနာပြုအများစုတို့သည် အခြားနိုင်ငံတွင်အမှုဆောင်ရန် ထွက်ခွာခဲ့ကြသည်။ နောက်ဆုံး ၁၉၇၉ ခုနှစ်တွင် ကျွန်တော်တို့လည်းထွက်ခွာခဲ့သည်။
တောင်အမေရိကသို့
ဤအချိန်တွင် ကျွန်တော်တို့အသက် ၅၀ ခန့်ရှိကြပြီး အခြားနိုင်ငံတစ်ခုသို့သွားရန် အစီအစဉ်ပြုနိုင်မပြုနိုင်ကို မတင်မကျဖြစ်နေကြသည်။ “ကျွန်မတို့တာဝန်သစ်လက်ခံမလား၊ တစ်နေရာရာမှာပဲအခြေချကြမလား” ဟု ဆူဇီကမေးသည်။
“အင်း၊ ယေဟောဝါကိုယ်တို့ကိုဖိတ်ခေါ်ခဲ့ဖူးတဲ့ ဘယ်နေရာမဆိုမှာ ဒို့ကိုကိုယ်တော်ကြည့်ရှုစောင့်ရှောက်ခဲ့တာပဲ။ ရှေ့ မှာ ဘယ်လိုကောင်းချီးတွေထပ်ရဦးမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ” ဟုကျွန်တော်ပြန်ဖြေခဲ့သည်။ သို့နှင့် ခန့်အပ်ခံရပ်ကွက်သစ်ဖြစ်သော တောင်အမေရိကနိုင်ငံ၊ စူရီနမ်သို့ ကျွန်တော်တို့ရောက်ခဲ့သည်။ နှစ်လအတွင်း ကျွန်တော်တို့သည် နယ်လှည့်လုပ်ငန်းတွင် တစ်ဖန်ပြန်ကျင်လည်ကာ မကြာမီနေသားကျသွားသည်။
၄၅ နှစ်ထက်မနည်းသော ကျွန်တော်တို့၏အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းကို ပြန်လှန်သုံးသပ်ကြည့်သောအခါ ကျွန်တော်တို့မိဘများ၏ထောက်ပံ့အားပေးခဲ့မှုသည် သာသနာပြုလုပ်ငန်းကိုကျွန်တော်တို့တက်လှမ်းနိုင်ရန် အကူအညီဖြစ်စေဖို့ မည်မျှအရေးပါကြောင်း ကျွန်တော်နှင့်ဆူဇီတို့နားလည်လာခဲ့ကြသည်။ နောက်ထပ်ခြောက်နှစ်အကြာ ၁၉၆၉ ခုနှစ်တွင် မိဘများကိုကျွန်တော်တစ်ဖန်တွေ့ခွင့်ရသောအခါ အဖေက ကျွန်တော့်ကိုသူ့အနားခေါ်ပြီး “အကယ်၍အမေအရင်ဆုံးခဲ့ရင် မင်းအိမ်ပြန်လာစရာမလိုဘူး။ မင်းရပ်ကွက်မှာပဲနေ။ အဖေကြည့်စီစဉ်လိုက်မယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ခဲ့ရင်တော့ မင်းအမေကိုမင်းမေးကြည့်ရလိမ့်မယ်” ဟုပြောခဲ့သည်။ အမေကလည်း ထိုအတိုင်းပင်ပြောခဲ့သည်။
ဆူဇီ၏မိဘများလည်း အလားတူစွာပင် တစ်ကိုယ်ကောင်းမဆန်သည့်သဘောထားရှိကြသည်။ တစ်ချက်အနေနှင့် ဆူဇီသူတို့နှင့်ခွဲခွာခဲ့ရသည်မှာ ၁၇ နှစ်ပင်ရှိသော်လည်း စိတ်ဓာတ်ကျစရာစာတစ်လုံးကိုမျှ သူတို့မရေးခဲ့ကြပါ။ ကျွန်တော်တို့မိဘများအတွက် အခြားအကူအညီမရှိပါက ကျွန်တော်တို့အိမ်ပြန်ကြရမည်ဖြစ်သည်။ ထူးခြားချက်ကား ကျွန်တော်တို့၏မိဘများသည် သာသနာပြုလုပ်ငန်းအပေါ် တစ်ပုံစံတည်းတန်ဖိုးထားကြပြီး သူတို့သေဆုံးသည်အထိ ကျွန်တော်တို့၏နှလုံးတွင်သူတို့စွဲမြဲစေခဲ့သည့်အတိုင်း အရေးတကြီးခံစားချက်ဖြင့် ယေဟောဝါအားအမှုဆောင်ခဲ့ကြသည်။—၁ ဓမ္မရာဇဝင် ၁:၂၆-၂၈ နှိုင်းယှဉ်။
ကျွန်တော်တို့ထံမှန်မှန်စာရေးသည့် သစ္စာရှိသူများအားဖြင့်လည်း အားပေးခံရကြသည်။ နှစ်ပေါင်း ၃၀ ကျော်သာသနာပြုလုပ်ငန်းတစ်လျှောက် တစ်လမျှပင် ကျွန်တော်တို့ထံစာရေးမပျက်သောသူသုံးလေးဦးရှိသည်။ သို့သော် အဓိကအားဖြင့် မြေကြီးပေါ်ရှိမိမိ၏ကျေးကျွန်များအား မည်သို့ထောက်ပံ့ရမည်ကိုသိတော်မူသော ကျွန်တော်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်ယေဟောဝါဘုရားသခင်အား အမြဲသတိရကြသည်။ ထို့ကြောင့် ကျွန်တော်တို့စောင့်မျှော်နေကြသည့် အဖြစ်အပျက်များ၏အထွတ်အထိပ်ကို ချဉ်းကပ်လာသည်နှင့်အမျှ ဆူဇီနှင့်ကျွန်တော်တို့သည် အရေးတကြီးခံစားမှုဖြင့် ယေဟောဝါအားဆက်လက်အမှုဆောင်နေကြခြင်းအားဖြင့် “ယေဟောဝါ၏နေ့ရက်ရောက်လာမည်ကို စိတ်စွဲလမ်း” နေရန် ဆန္ဒရှိကြပါသည်။—၂ ပေတရု ၃:၁၃၊ ကဘ။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၇ ခုတွင်လက်ထပ်ခဲ့ကြသည်
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ရှေ့ဆောင်များအဖြစ် လူငယ်ခြောက်ဦး—မည်မျှအားရဖွယ်ပါတကား!