“အလင်းဆောင်သူများ”—ခရိုင်စည်းဝေးပွဲကြီးမှ ကြွယ်ဝသောကောင်းချီးများ
လွန်ခဲ့သည့်နှစ်ပေါင်း ၂,၇၀၀ ခန့်က ပရောဖက်ဟေရှာယဤသို့ရေးသားခဲ့သည်။ “ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။” (ဟေရှာယ ၆၀:၂) ဤစကားများမည်မျှမှန်ကန်လိုက်လေခြင်း။ သို့သော် မျှော်လင့်ချက်ရှိသည်။ အကြောင်းမှာ ယေဟောဝါသည် အလင်းထွန်းလင်းစေတော်မူခဲ့သောကြောင့်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ဘုရားသခင်၏အလင်းတော်ကိုချစ်မြတ်နိုးသူများသည် “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကြီးကိုတက်ရောက်ရန် လှိုက်လှဲစွာဖိတ်ခေါ်ခံခဲ့ကြရသည်။
အစည်းအဝေးအစီအစဉ်ကို မြောက်အမေရိက၌ ဇွန်လတွင်ပထမဆုံးကျင်းပခဲ့သည်။ နောက်လများအတွင်း အရှေ့နှင့်အနောက်ဥရောပ၊ ဗဟိုနှင့်တောင်အမေရိက၊ အာဖရိက၊ အာရှနှင့် ပင်လယ်ထဲရှိကျွန်းများတွင် ကျင်းပခဲ့သည်။ တက်ရောက်သူသန်းချီ၍ကျော်ခဲ့သည်။ မည်မျှကြွယ်ဝသည့်ဝိညာဏခဲဖွယ်စားဖွယ်ပွဲကြီးကို သူတို့တက်ရောက်ခဲ့ကြပါသည်တကား။
“အလင်းဆောင်သူ သင်တို့အပေါင်းအားကြိုဆိုပါ၏”
ဒေသအများစုတွင် အစည်းအဝေးသည် သောကြာနေ့တွင်စတင်ပြီး တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင်နိဂုံးချုပ်သည်။ အစည်းအဝေးတက်ရောက်သူများသည် သောကြာနေ့နံနက်ပိုင်း၌မိမိတို့၏ထိုင်ခုံတွင်ထိုင်ကြသည့်အခါ ဤဆုံးခန်းကာလအတွင်း ယေဟောဝါ၏အလင်းတော်သည် ခါတိုင်းနှင့်မတူပိုမိုထွန်းလင်းလာခဲ့ပုံများကို ခြုံ၍အကျဉ်းကြားနာခဲ့ကြရသည်။ ထို့နောက် စင်မြင့်ပေါ်သို့ အစည်းအဝေးသဘာပတိရောက်ရှိလာသည်။ သူက ခရစ်ယာန်စစ်အားလုံးသည် အလင်းဆောင်သူများဖြစ်သင့်ပြီး “အလင်းဆောင်သူသင်တို့အပေါင်းအားကြိုဆိုပါ၏” ဟု လှိုက်လှဲစွာခေါ်ဖိတ်ခဲ့သည်။ အစည်းအဝေးအစီအစဉ်သည် စည်းဝေးပွဲလာသူများအား ယေဟောဝါ၏အလင်းတော်ကို ဆက်၍ရောင်ပြန်ဟပ်ရန်အကူအညီဖြစ်စေပေမည်။
အဓိကဟောပြောချက်က အစည်းအဝေးတစ်ခုလုံး၏ယေဘုယျအသွင်အပြင်ကို ဖော်ပြသည်။ ဤဟောပြောသူက စည်းဝေးပွဲတက်ရောက်သူများအား လူသားများအတွက်တောက်ပသည့်မျှော်လင့်ချက်ရောင်ခြည်သည် ဧဒင်ဥယျာဉ်ကတည်းကမှေးမှိန်ကွယ်ပျောက်ခဲ့ရကြောင်း သတိပေးသည်။ ထိုအချိန်မှစ၍ စာတန်သည် လူသားများကို သမ္မာတရားအလင်းကွယ်အောင်ပြုခဲ့သည်။ (၂ ကောရိန္သု ၄:၄) သို့ရာတွင် “လူမျိုးများအတွက်အလင်း” အဖြစ် ယေရှုကြွလာတော်မူခဲ့သည်။ (ဟေရှာယ ၄၂:၁-၆) ဘာသာရေးမှောက်မှားမှုများကို ကိုယ်တော်ဖော်ထုတ်တော်မူခဲ့သည်။ အမှောင်နှင့်သက်ဆိုင်သောအလုပ်များကို ကိုယ်တော်မှတ်သားဖော်ပြတော်မူသည်။ ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကိုထောက်ခံပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခဲ့သည်။ ယေရှု၏နောက်တော်လိုက်များလည်း အလားတူပြုခဲ့ကြပြီး ပြုမြဲပြုနေကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဟောပြောသူက ‘ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ အလင်းဆောင်သူများဖြစ်နိုင်ကြသည်။ ကျွန်ုပ်တို့ခေတ်တွင် ယင်းထက်သာ၍အရေးကြီးသောအလုပ်မရှိတော့ပါ။ ယင်းထက်သာ၍ကြီးမြတ်သောအခွင့်ထူးမရှိတော့ပါ’ ဟူ၍ တက်တက်ကြွကြွပြောကြားသွားသည်။
ခရိုင်စည်းဝေးပွဲပထမနေ့ပြီးဆုံးခါနီးလောက်တွင် အံ့အားသင့်စရာတစ်ခုဖြစ်ပျက်ခဲ့သည်။ ခရိုင်အစည်းအဝေးသဘာပတိက ဟောပြောစင်မြင့်သို့တစ်ဖန်ပြန်ရောက်ရှိလာပြီး ပထမဦးဆုံးသော ဝေစာအသစ်လေးစောင်ကိုထုတ်ဝေကြောင်း ကြေညာခဲ့သည်။ လှိုက်လှိုက်လှဲလှဲလက်ခုပ်တီး၍သြဘာပေးကြပြီး စည်းဝေးပွဲလာသူယောက်တိုင်း ထိုဝေစာတစ်ရွက်စီ လက်ဆောင်ရကြသည်။
သောကြာနေ့မွန်းလွဲပိုင်းတွင် စည်းဝေးပွဲအစီအစဉ်သည် အလင်းဆောင်သူခရစ်ယာန်များအတွက် အခြေခံသြဝါဒကို အာရုံစိုက်စေသည်။ ပထမဟောပြောချက်နှစ်ခုက လောက၏မှောင်မိုက်ကူးစက်ခံရခြင်းမှ ရှောင်ရှားနိုင်သည့်နည်းများကိုဖော်ပြသည်။ စာတန်သည် လင်းသောကောင်းကင်တမန်အသွင်ဖြင့် ပေါ်လာတတ်ရာ လောကရှိမသန့်ရှင်းရာများသည် ကျွန်ုပ်တို့ကိုသွေးမဆောင်နိုင်ရန်အလို့ငှာ ကျွန်ုပ်တို့၏ဝိညာဏအမြင်ကိုဆက်လက်ထိန်းသိမ်းရန် အလွန်အရေးကြီးသည်။ (၂ ကောရိန္သု ၁၁:၁၄) ပေါလုဤသို့သြဝါဒပေးခဲ့သည်။ “သင်တို့သည် လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။” (ရောမ ၁၂:၂) ခရစ်ယာန်တစ်ဦး၏ပုံသဏ္ဌာန်ပြောင်းလဲခြင်းသည် စဉ်ဆက်လုပ်ရပ်ဖြစ်ကြောင်း စည်းဝေးပွဲလာသူများကြားခဲ့ကြရသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့လေ့လာပြီး သိရှိထားသည့်အရာများကို ကျင့်သုံးသည်နှင့်အမျှ ကျွန်ုပ်တို့၏စိတ်သည် အစဉ်တစိုက်သန့်စင်ခြင်းနှင့်ပုံသွင်းခြင်းခံသွားရသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် “မခံစားထိုက်သောကရုဏာတော်နှင့်သမ္မာတရားဖြင့်ကြွယ်ဝတော်မူသော” ယေရှုနှင့် တူသည်ထက်တူလာပေမည်။—ယောဟန် ၁:၁၄။
အလင်းဆောင်သူလူငယ်များ
သောကြာနေ့မွန်းလွဲပိုင်း၏ နောက်ပိုင်းအစီအစဉ်သည် လူငယ်များကိုရည်ညွှန်းသည်။ ပထမဟောပြောချက် (လူငယ်များ—မည်သည့်အရာကိုသင်တို့လိုက်စားနေသနည်း) သည် သစ္စာစောင့်ခြင်းတွင် ပုံသက်သေကောင်းသောခရစ်ယာန်လူငယ်များအား ချီးမွမ်းထားသည်။ သို့သော် စာတန်၏အဓိကပစ်မှတ်များလည်းဖြစ်ကြောင်း သတိပေးထားသည်။ ကောင်းမွန်စွာလေ့ကျင့်ထားသည့်အားကစားသမားတစ်ဦးပင်လျှင် နည်းပြဆရာလိုသည်။ ထိုနည်းတူ လူငယ်များသည် အလင်းတွင်ဆက်လက်လျှောက်လှမ်းနိုင်ရန် မိဘများနှင့်အသင်းတော်၏အကူအညီလိုအပ်သည်။
ယင်းအချက်ကို သောကြာနေ့အစီအစဉ်ကိုနိဂုံးချုပ်သည့် အလွန်ကောင်းမွန်သော ယေဟောဝါ၏အမြင်၌မှန်ရာကိုလုပ်ခြင်း အမည်ရှိပြဇာတ်ဖြင့် အထူးပြုဖော်ပြခဲ့သည်။ ဘုရင်ယောရှိ၏ပုံသက်သေကို အထူးပေါ်လွင်စေခဲ့သည်။ ငယ်ရွယ်သောသူငယ်လေးမျှသာဖြစ်သော်လည်း ယေဟောဝါအားဝတ်ပြုရန် သူဆုံးဖြတ်ခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင် မကောင်းသောသြဇာလွှမ်းမိုးမှုများရှိခဲ့သော်လည်း ယဇ်ပုရောဟိတ်မင်းကြီးဟိလခိ၏သွန်သင်ပဲ့ပြင်မှုနှင့် သူကိုယ်တိုင်ယေဟောဝါ၏ပညတ်တော်ကိုမြတ်နိုးသည့်သဘောတို့အားဖြင့် ယောရှိသည် ယေဟောဝါ၏အမြင်တွင်မှန်ကန်ရာကို ပြုလုပ်ခဲ့သည်။ ယနေ့ခရစ်ယာန်လူငယ်များလည်း အလားတူပြုမူနိုင်ကြပါစေ။
အလင်းကိုထွန်းလင်းစေကြစို့
တစ်ညတာအနားယူကြပြီးနောက် စည်းဝေးပွဲတက်ရောက်သူတို့သည် စနေနေ့နံနက်ပိုင်းတွင် တည်ဆောက်မှုဖြစ်စေမည့် ထပ်ဆင့်ကျမ်းစာသြဝါဒများကိုနားထောင်ရန် အသင့်ရောက်ရှိနေကြသည်။ သူတို့စိတ်မညစ်ကြပါ။ နေ့စဉ်ကျမ်းချက်ဆွေးနွေးပြီးသည်နှင့် အစီအစဉ်သည် ခရစ်ယာန်တစ်ဦးမိမိ၏အလင်းကို မည်သည့်နည်းအမျိုးမျိုးဖြင့်ထွန်းလင်းနိုင်ပုံဆိုင်ရာ အခန်းဆက်ဟောပြောချက်ဖြစ်သည်။ (မဿဲ ၅:၁၄-၁၆) ဟောပြောခြင်းသည် အရေးကြီးသောနည်းတစ်ခုဖြစ်ပြီး ကောင်းသောအကျင့်အကြံသည်လည်း အရေးပါသည့်အပိုင်းတွင်ပါဝင်သည်။ ဟောပြောသူဤသို့ပြောခဲ့သည်။ “ဟောပြောခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ချက်ကို သူတစ်ပါးအားတင်ပြပြီး မေတ္တာကိုကျင့်သုံးခြင်းက ယင်းကိုသရုပ်ဖော်ပြသည်။”
စည်းဝေးပွဲတက်ရောက်သူများကို အာရုံစိုက်စေသည့် ဟောပြောခြင်းအတွက်အရေးပါသည့်အထောက်အကူတစ်ခုမှာ ဝေစာများဖြစ်သည်။ စည်းဝေးပွဲတက်ရောက်သူများ၏စိတ်တွင် ယမန်နေ့ကကြေညာချက်သည် လတ်လတ်ဆတ်ဆတ်ရှိလျက်ပင်၊ ဤကိရိယာငယ်ကလေးများ၏ အစွမ်းထက်မြက်ပုံကိုသက်သေထူသည့် တွေ့ကြုံမှုများကို ကြားနာခဲ့ကြရသည်။ အစည်းအဝေးတက်ရောက်သူများသည် အချိန်အခါမရွေးအသုံးပြုနိုင်ရန် ဝေစာများကိုမိမိတို့နှင့်အတူအမြဲယူဆောင်သွားဖို့ အားပေးခံကြရသည်။
ဆက်လက်၍ ဘုရားသခင့်နိုင်ငံတော်သတင်းကို အချိန်ပြည့်ကြေညာခြင်းအားဖြင့် အလင်းဆောင်သူများအဖြစ်ကြိုးစားလုပ်ဆောင်နေကြသော ရှေ့ဆောင်များကို အာရုံစိုက်စေသည်။ အလုပ်ကြိုးစားနေကြသောရှေ့ဆောင်များကို ကျွန်ုပ်တို့လေးမြတ်လှပေစွ။ သူတို့၏အရေအတွက်သည် တိုးပွားလျက်ရှိသည်။ မကြာသေးမီကမှ ဝတ်ပြုရေးလွတ်လပ်မှုရသောနိုင်ငံများ၌ပင်လျှင် ရှေ့ဆောင်အရေအတွက်သည် အဆမတန်တိုးပွားလျက်ရှိသည်။ ရှေ့ဆောင်များသည် သူတို့၏အခွင့်ထူးကို တန်ဖိုးထားလေးမြတ်ကြရန် အားပေးတိုက်တွန်းခံခဲ့ကြရသည်။ ရှေ့ဆောင်မလုပ်ရသေးသောသူများသည် မိမိတို့၏အခြေအနေကိုပြန်လည်သုံးသပ်ရန် အားပေးခံရကြသည်။ သူတို့လည်း အချိန်ပြည့်လုပ်ငန်းအားဖြင့် အလင်းကိုထွန်းလင်းရန် မိမိတို့၏အရေးကိစ္စများကို စီစဉ်ဆောင်ရွက်နိုင်ဖွယ်ရှိသည်။
အလင်းဆောင်သူဖြစ်ရန် ကိုယ်ကျိုးစွန့်ခြင်းပါဝင်လေ့ရှိပြီး ယင်းကို “ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ယေဟောဝါကိုအမှုဆောင်ခြင်း” ဟူသည့်နောက်ဟောပြောချက်က ထင်ရှားပေါ်လွင်စေသည်။ ပေါလုက ‘သင်တို့ကိုယ်ခန္ဓာကို အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာအဖြစ် ဘုရားသခင်အားပူဇော်ရန်’ တောင်းပန်ခဲ့သည်။ (ရောမ ၁၂:၁) ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရပ်သောသူတို့သည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကိုတင်ပြကြသည်။ ရှေ့ဆောင်များသည် အချိန်ပြည့်လုပ်ငန်းတွင် ဆက်လက်ရပ်တည်နိုင်ရန် နေ့စဉ်ကိုယ်ကျိုးစွန့်ကြရသည်။ အမှန်မူ ခရစ်ယာန်စစ်အားလုံးသည် အတ္တအကျိုး၊ ဤလောက၏ရုပ်ဝါဒလိုက်စားမှုများတွင်မဟုတ်ဘဲ ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေကြခြင်းအားဖြင့် ကိုယ်ကျိုးစွန့်ကြရသည်ချည်းသာဖြစ်သည်။ ထိုလမ်းစဉ်သည် ယေဟောဝါထံတော်မှ ကြွယ်ဝသောကောင်းချီးများကို ရစေသည်။
ထိုဟောပြောချက်သည် နောက်လာမည့်နှစ်ခြင်းဟောပြောချက်အတွက် ဆီလျော်သောနိဒါန်းပျိုးပေးသည်။ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကြီးတွင် နှစ်ခြင်းခံသူများသည် ဤဟောပြောချက်ကို ဘယ်တော့မျှမေ့မည်မဟုတ်တော့ပါ။ သူတို့၏နှစ်ခြင်းသည် သူတို့၏အသက်တာတွင် အထင်ရှားဆုံးအရာတစ်ခုအမြဲဖြစ်သွားမည်။ အသက် ၃၀ တွင်နှစ်ခြင်းခံခဲ့သောယေရှုခရစ်၏ပုံသက်သေကို လိုက်လျှောက်ရန် သူတို့သတိပေးခံခဲ့ကြရသည်။ ထို့အပြင် နှစ်ခြင်းခံမည့်သူများသည် “မှောင်မိုက်နှင့်ဆိုင်သောအကျင့်များ” ကို စွန့်ပယ်ပြီး “ယေဟောဝါ၏ကျေးကျွန်” ဖြစ်ရန်ဆုံးဖြတ်ခဲ့ခြင်းကိုပြန်လည်သတိရ၍ ဝမ်းသာကြပေမည်။ (ရောမ ၁၂:၁၁။ ၁၃:၁၂) နှစ်ခြင်းခံရာသို့မသွားမီ သူတို့သည် ခရိုင်စည်းဝေးပွဲကြီး၏ပရိသတ်ရှေ့တွင် ရွှင်လန်းစွာရပ်ကြပြီး ကြားလောက်သည့်လူထုရှေ့ခံဝန်ချက်ကို ပြုခဲ့ကြသည်။ (ရောမ ၁၀:၁၀) “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကြီးတွင် မိမိတို့၏ဆက်ကပ်အပ်နှံခြင်းကို ရေအောက်သို့နှစ်ခြင်းခံခြင်းအားဖြင့်တင်ပြခဲ့ကြသူအားလုံးအား ယေဟောဝါကောင်းချီးသွန်းလောင်းပါရန် ကျွန်ုပ်တို့ဆုတောင်းပါသည်။
စနေနေ့မွန်းလွဲပိုင်းသည် ပွင့်လင်းစွာသတိပေးရာအချိန်ပင်ဖြစ်သည်။ “လောဘလွန်ကျူးခြင်း၏ညွှတ်ကွင်းကိုရှောင်”၊ “တစ်စုံတစ်ယောက်သည် သင့်အကျင့်ကောင်းများကိုဖျက်ဆီးနေသလော” နှင့် “အမျိုးမျိုးသောကိုးကွယ်ခြင်းကိုသတိပြုရှောင်ရှားလော့” ဟူသောဟောပြောချက်များအားဖြင့်ဖြစ်သည်။ ယင်းဟောပြောချက်သုံးခုက ခရစ်ယာန်တစ်ဦး အားနည်းသွားရန် စာတန်အသုံးပြုသောနည်းစနစ်များကို ရှင်းလင်းဖော်ထုတ်ပေးသည်။ ယုဒရှကာရုတ်သည် တမန်တော်တစ်ပါးဖြစ်ခဲ့သော်လည်း ငွေအတွက်ကြောင့် ယေရှုအားသစ္စာဖောက်ခဲ့သည်။ သူငယ်ရှမွေလသည် ယေဟောဝါဝတ်ပြုရေး၏အချက်အချာနေရာတွင် ကြီးပြင်းခဲ့သော်လည်း အလွန်ဆိုးသောအပေါင်းအသင်းအချို့နှင့် မလွဲမရှောင်သာနေခဲ့ရသည်။ (၁ ဓမ္မရာဇဝင် ၂:၁၂၊ ၁၈-၂၀) ထိုကိုးကွယ်ခြင်းတွင် လိင်စာရိတ္တယိုယွင်းမှုနှင့် လောဘရမ္မက်ကြီးခြင်းတို့ပါဝင်နိုင်သည်။ (ဧဖက် ၅:၅။ ကောလောသဲ ၃:၅) မှန်ပါသည်။ လောဘ၊ မကောင်းသောအပေါင်းအသင်း၊ ထိုကိုးကွယ်ခြင်းတို့သည် အန္တရာယ်ရှိပြီး ရှောင်ရှားကြရမည်။
ထို့နောက် ခရိုင်စည်းဝေးပွဲအစီအစဉ်သည် အသွင်တစ်မျိုးပြောင်းသွားသည်။ နောက်ဟောပြောချက်တွင် စိတ်ဝင်စားဖွယ်ကောင်းသော ကျမ်းစာဆိုင်ရာမေးခွန်းများကိုမေးပြီး ဖြေဆိုခြင်းပါဝင်သည်။ ဥပမာအားဖြင့် ကြီးစွာသောဒုက္ခမတိုင်မီ သမ္မာတရားကိုလက်မခံဘဲသေဆုံးသွားသူများသည် ရှင်ပြန်ထမြောက်ခြင်းခံရမည်မခံရမည်ကို သင်ရှင်းပြနိုင်သလော။ ခရစ်ယာန်တစ်ဦးသည် သင့်တော်သောအိမ်ထောင်ဖက်ကို ရှာမတွေ့ပါက သူ သို့မဟုတ် သူမသည် ဘာလုပ်နိုင်သနည်း။ ကျမ်းစာအသိပညာကို ပိုမိုလေးလေးနက်နက်သိရှိရန် စည်းဝေးပွဲတက်ရောက်သူများသည် Watch Tower Publications Index ကို အပြည့်အဝအသုံးပြုရန် အထူးသဖြင့် “စာရှုသူများထံမှမေးခွန်းလွှာ” ကဏ္ဍကိုသုံးရန် အားပေးခံရကြသည်။
ခရစ်တော်ရောက်ရှိ၍ပေါ်ထွန်းခြင်း
စနေနေ့အစီအစဉ်၏နိဂုံးချုပ်အပိုင်းတွင် “ခရစ်တော်ရောက်ရှိ၍ပေါ်ထွန်းချိန်အပေါ် ထွန်းလင်းခြင်း” အမည်ရှိ အခန်းဆက်ဟောပြောချက်သုံးခုပါ ပရောဖက်ပြုချက်များဖြစ်သည်။ ယေရှုခရစ်ရောက်ရှိခြင်းကိုသက်သေထူသည့် “နိမိတ်” ၏အသွင်အပြင်များကို ပြန်လည်ဆွေးနွေးသည်။ (မဿဲ ၂၄:၃) ဒုတိယပိုင်းတွင် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ၏ခေတ်သစ်လုပ်ဆောင်မှုများအကြောင်းကို ဆွေးနွေးတင်ပြထားသည်။ (မဿဲ ၂၄:၄၅-၄၇) ၁၉၁၉ ခုနှစ်ကတည်းက ကျေးကျွန်အတန်းစားသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုခဲ့ကြောင်း ထောက်ပြထားသည်။ ထို့နောက် ဘိသိက်ခံခရစ်ယာန်များနှင့်အတူ ယေဟောဝါ၏အလင်းတော်ကိုရောင်ပြန်ဟပ်ခြင်းတွင်ပါဝင်ရန် လူမျိုးအားလုံးမှ လူအုပ်ကြီးတစ်ခုစုသိမ်းခံခဲ့ရသည်။ ဟောပြောသူဤသို့နိဂုံးချုပ်ခဲ့သည်။ “သစ္စာနှင့်သတိပညာရှိကျေးကျွန်အား ဇွဲစိတ်ထက်သန်စွာဖြင့် ဆက်လက်၍ကူညီထောက်မကြစို့။ အကြောင်းမှာ ဤသို့ပြုခြင်းအားဖြင့်သာလျှင် မကြာတော့သည့်တစ်နေ့တွင် သိုးကဲ့သို့သောသူများအားလုံးတို့သည် ‘ငါ့ခမည်းတော်ထံကောင်းချီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင်သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့’ ဟူသောရွှင်လန်းဖွယ်စကားများကို ကြားနိုင်ကြမည်တည်း။”—မဿဲ ၂၅:၃၄။
နောက်ဆုံးဟောပြောသူက ယေရှုခရစ်ပေါ်ထွန်းခြင်း၏အဓိပ္ပာယ်နှင့် ဆိုလိုချက်များကို ဆွေးနွေးခဲ့သည်။ (၁ ကောရိန္သု ၁:၇) ထိုပေါ်ထွန်းခြင်းသည် တွေ့ကြုံမှုကောင်းတစ်ရပ်ပါတကား။ မဟာဗာဗုလုန်ဖျက်ဆီးခံရမည်။ စာတန့်လောကနှင့် ယေရှုနှင့်ကိုယ်တော့်ကောင်းကင်တမန်တို့တိုက်သောစစ်ပွဲကြီးသည် ဤအစီအစဉ်စနစ်ကိုဖျက်ဆီးခြင်းအားဖြင့် နိဂုံးချုပ်မည်။ နောက်ဆုံး စာတန်ကိုယ်တိုင် တွင်းနက်ကြီးထဲသို့ပစ်ချခံရပြီး ဘာမျှမလုပ်နိုင်အောင်ဖြစ်မည်။ သို့သော် ဘုရားသခင်၏လူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ကောင်းကင်တွင် သိုးသငယ်၏မင်္ဂလာဆောင်ပွဲနှင့်အတူ မြေကြီးသစ်တစ်ခုကိုဖြစ်ပေါ်စေမည်။ ဟောပြောသူသည် “ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်သလော” ဟူသောဘရိုရှာအသစ်ကို ထုတ်ဖော်ကြေညာခြင်းအားဖြင့် မိမိ၏ပရိသတ်ကိုသဘောကျစေခဲ့သည်။ ကျွန်ုပ်တို့၏ ဂရုစိုက်တော်မူသောဖန်ဆင်းရှင်နှင့် ကျွန်ုပ်တို့အတွက်ကိုယ်တော့်ရည်ရွယ်တော်မူချက်များကို သိရှိရန်လိုအပ်သော နှိမ့်ချမှုရှိသူများအတွက် မည်မျှကောင်းသည့်အကူအညီပါတကား။
ခရစ်ယာန်အိမ်ထောင်သားများ
ယခုအခါ စည်းဝေးပွဲကြီး၏နောက်ဆုံးနေ့ရက်ဖြစ်သော တနင်္ဂနွေနေ့သို့ရောက်လာပေပြီ။ သို့သော် တင်ပြစရာများစွာကျန်ပါသေးသည်။ နေ့စဉ်ကျမ်းချက်ဆွေးနွေးပြီးနောက် “ခရစ်ယာန်အိမ်ထောင်အတွင်း တစ်ဦးကိုတစ်ဦးကြည့်ရှုစောင့်ရှောက်ခြင်း” ဟူသောခေါင်းစဉ်ပါ အခန်းဆက်ဟောပြောချက်အားဖြင့် ခရစ်ယာန်မိသားစုကို အာရုံစိုက်စေသည်။ ပထမအပိုင်းသည် စည်းဝေးပွဲတက်ရောက်သူများအား အောင်မြင်သောခရစ်ယာန်မိသားစု၏သော့ချက်ဖြစ်သော ဝိညာဏရေးရာကိုရှေးဦးထားခြင်းကို သဘောပေါက်စေသည်။ ဒုတိယပိုင်းက အစည်းအဝေးများတက်ရောက်ခြင်း၊ လယ်ကွင်းဓမ္မအမှု၊ မိသားစုလေ့လာမှု၊ အပန်းဖြေမှုများတွင် မိသားစုလိုက်အတူတကွပါဝင်လုပ်ဆောင်ကြရန် အားပေးထားသည်။ တတိယပိုင်းက သက်ကြီးရွယ်အိုများအားစောင့်ရှောက်ရန်တာဝန်ကို သတိပေးသည်။ ဟောပြောသူက “ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မများသည် အသင်းတော်အတွက်ရတနာဖြစ်” ကြောင်းဖော်ပြသွားသည်။ သူတို့၏တွေ့ကြုံမှုများကို တန်ဖိုးထားလေးစားပြီး သူတို့၏သမာဓိစောင့်သိမှုကို တုပသွားကြစို့။
“သမ္မာသတိရှိခြင်း” ဟူသောစကား၏အဓိပ္ပာယ်ကို နောက်ဟောပြောချက်က ရှင်းပြသည်။ (၁ ပေတရု ၄:၇) သမ္မာသတိရှိသောသူသည် မျှတမှုရှိ၊ ပညာသတိရှိ၊ အကျိုးသင့်အကြောင်းသင့်ရှိ၊ နှိမ့်ချမှုရှိ၊ ဆင်ခြင်တိုင်းထွာတတ်သည်။ အမှန်နှင့်အမှား၊ အစစ်နှင့်အတုကို ဝေဖန်ပိုင်းခြားနိုင်သည်။ ထို့အပြင် ဝိညာဏကျန်းမာမှုကိုဆက်လက်ထိန်းသိမ်းရန် ကြိုးစားအားထုတ်သည်။
တနင်္ဂနွေနေ့နံနက်ပိုင်းအစီအစဉ်၏ နောက်ဆုံးဟောပြောချက်မှာ ဘုရားသခင်နှင့်ယေရှုခရစ်တို့ထံ ကျွန်ုပ်တို့၏လက်အောက်ခံမှုကို ဆွေးနွေးတင်ပြထားသည်။ “ယေဟောဝါနှင့်ကိုယ်တော့်သားတော်ယေရှုခရစ်တို့ကို လက်အောက်ခံခြင်းထက် သာ၍အရေးကြီးသောအရာမရှိနိုင်တော့ပါ” ဟုဟောပြောသူတင်ပြသွားခဲ့သည်။ ယင်းသည် ကျွန်ုပ်တို့၏ဘဝကဏ္ဍအသီးသီးကို မည်သို့အကျိုးသက်ရောက်ကြောင်း သူဆက်လက်တင်ပြသွားခဲ့သည်။ ကျွန်ုပ်တို့လက်အောက်ခံနေနိုင်ရန် မည်သည့်အရာက အကူအညီဖြစ်စေနိုင်မည်နည်း။ အရည်အချင်းလေးခုဖြစ်သည့် မေတ္တာ၊ ဘုရားရေးရာကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်းနှင့် နှိမ့်ချမှုတို့ဖြစ်ကြသည်။
တနင်္ဂနွေနေ့မွန်းလွဲပိုင်း
မကြာမီပင် တနင်္ဂနွေနေ့မွန်းလွဲပိုင်းသို့ရောက်ရှိလာပြီး စည်းဝေးပွဲကြီး၏ နောက်ဆုံးပိုင်းသို့ရောက်လာသည်။ လူများစွာအတွက် စည်းဝေးပွဲကြီးသည် စသည်မှမကြာသေး၊ ပြီးပင်ပြီးတော့မည်ဟုထင်နေကြသည်။
လူထုဟောပြောပွဲ၏ခေါင်းစဉ်မှာ “လောကအလင်းနောက် လိုက်လျှောက်လော့”ဖြစ်သည်။ အသက်ဆက်လက်ရှင်သန်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာအလင်း၏အခန်းကဏ္ဍနှင့်ပတ်သက်၍ အာရုံစူးစိုက်ဖွယ်ရှင်းလင်းတင်ပြချက်ကို ပရိသတ်များကြားခဲ့ကြရသည်။ ထို့နောက် ဟောပြောသူက ဝိညာဏအလင်း၏ သာ၍အရေးကြီးမှုကိုတင်ပြသည်။ ရုပ်ပိုင်းဆိုင်ရာအလင်းသည် ကျွန်ုပ်တို့အား ဆယ်စုနှစ်အနည်းငယ်သာ ဆက်လက်အသက်ရှင်စေနိုင်သော်လည်း ဝိညာဏအလင်းသည် အမြဲထာဝစဉ်ရှင်သန်သွားစေနိုင်သည်။ ဟောပြောချက်၏ပေါ်လွင်ချက်မှာ ယေရှုခရစ်ကိုလောကအလင်းအဖြစ်ဖော်ပြထားသည့် ယောဟန် ၁:၁-၁၆ ကို အခန်းငယ်တစ်ခုချင်းရှင်းပြသွားခြင်းဖြစ်သည်။ ယနေ့ ဆိုးသွမ်းသောဤနောက်ဆုံးနှစ်များအတွင်းတွင် ဤကဏ္ဍနှင့်ပတ်သက်၍ ယေရှုခရစ်အားလိုက်လံတုပရန် ပိုမိုအရေးကြီးသောအချိန်ဖြစ်သည်။
ထိုအပတ်အတွက် ကင်းမျှော်စင် အကျဉ်းချုပ်ကိုတင်ပြပြီးသောအခါ နိဂုံးချုပ်ဟောပြောချက်အချိန်ရောက်ရှိလာသည်။ ဝမ်းသာစရာကား ရှေ့တွင် မျှော်မှန်းစရာများစွာရှိကြောင်း ဟောပြောသူတင်ပြသွားခဲ့သည်။ ဥပမာအနေနှင့် Doing God’s Will with Zeal အမည်ရှိပြဇာတ်အသံသွင်းကက်ဆက်ခွေကို သူကြော်ငြာခဲ့သည်။ ထိုမျှမကသေးပါ။ The Bible—A Book of Fact and Prophecy အမည်ရှိ ဗွီဒီယိုတိပ်ခွေတွဲအသစ်တွင် The Bible— Accurate History, Reliable Prophecy သည် ပထမတွဲတွင်ပါဝင်သောအကြောင်းအရာဖြစ်ကြောင်း တင်ပြခဲ့သည်။
အဆုံးပိုင်းတွင် ၁၉၉၃ ခုနှစ်ခရိုင်စည်းဝေးပွဲကြီးသည် လေးရက်ဖြစ်ပြီး အာရှ၊ အာဖရိက၊ ဥရောပနှင့် တောင်အမေရိကတို့တွင် အပြည်ပြည်ဆိုင်ရာအထူးအစည်းအဝေးပါပါဝင်သည်။ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကြီးပြီးသွားသည့်တိုင် စည်းဝေးပွဲတက်ရောက်သူများသည် နောက်နှစ်အတွက် စတင်၍အစီအစဉ်များချမှတ်နိုင်ကြသည်။
စည်းဝေးပွဲတက်ရောက်သူများ အိမ်ပြန်ချိန်ရောက်ရှိလာပေပြီ။ ဤအမှောင်လွှမ်းသောလောကအလယ်တွင် ယခင်ကထက်ပို၍အလင်းကိုပိုမိုထွန်းလင်းကြရန် သူတို့စိတ်ဆုံးဖြတ်ခဲ့ကြသည်။ သုံးရက်လုံးလုံး ဝိညာဏကောင်းမြတ်ရာများနှင့်ပြည့်ဝကြပြီးနောက် နောက်ဆုံးဟောပြောချက်တွင် ကိုးကားသော နောက်ဆုံးကျမ်းချက်က အထူးပေါ်လွင်ထင်ရှားခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ဘုရားသခင်ဖြစ်၍ ငါတို့၌ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။ . . . ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။”—ဆာလံ ၁၁၈:၂၇၊ ၂၉။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရုရှားဘာသာစကားဖြင့်ပုံနှိပ်ထားသည့်စည်းဝေးပွဲအစီအစဉ်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အုပ်ချုပ်ရေးအဖွဲ့-အဖွဲ့ဝင်များ ခရိုင်စည်းဝေးပွဲများစွာတို့တွင် ဟောပြောခဲ့ကြ
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့တွင်ကျင်းပသည့်စည်းဝေးပွဲကြီးတွင် ဂျပန်နိုင်ငံမှတက်ရောက်သူများ
လှုံ့ဆော်မှုဖြစ်စေသည့်ကျမ်းစာ ပြဇာတ်က ယေဟောဝါ၏ အမြင်တွင် မှန်ရာကိုလုပ်ရန် လိုအပ်ခြင်းကို အထူးပြုဖော်ပြခဲ့
အလင်းဆောင်သူလူသစ်များသည် ရေနှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါထံမိမိတို့၏ဆက်ကပ် အပ်နှံခြင်းကိုတင်ပြခဲ့ကြ
စိန့်ပီတာစဘာ့ဂ်မြို့တွင် စည်းဝေးပွဲတက်ရောက်သူများ အစီအစဉ်တွင်အာရုံနစ်မြုပ်နေပုံ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
“ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော” ဘရိုရှာသစ်ကို ရရှိ၍တက်ရောက်သူများ ပီတိဖြာကြ