ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၄/၁ စာ. ၁၃-၁၈
  • လောကအလင်း၏နောက်သို့ မည်သူတို့လိုက်လျှောက်နေကြသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကအလင်း၏နောက်သို့ မည်သူတို့လိုက်လျှောက်နေကြသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှောင်ကိုနှစ်သက်သူများ
  • ယေရှု၏သနားကြင်နာမှု
  • အလင်းဆောင်သူများကိုစုသိမ်းခြင်း
  • ဘုရားသခင့်နိုင်ငံတော်အလင်းကို ရောင်ပြန်ဟပ်ခြင်း
  • ထွန်းလင်းတောက်ပသည့်ကမ္ဘာသစ်
  • အလင်းနောက်လိုက်လျှောက်ရန် အရေးပေါ်နေ
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “အလင်း၏ လက်နက်စုံကိုဝတ်ဆင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အလင်းဆောင်သူများ —အဘယ်ရည်ရွယ်ချက်အတွက်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၄/၁ စာ. ၁၃-၁၈

လောကအလင်း၏နောက်သို့ မည်သူတို့လိုက်လျှောက်နေကြသနည်း

“လောက၌ အလင်းအိမ်များကဲ့သို့ ထိုလူမျိုးအထဲ၌ထွန်းလင်းကြ၏။”—ဖိလိပ္ပိ ၂:၁၅၊သမ္မ။

၁ အရေခြုံဘာသာရေးအလင်းများနှင့်ပတ်သက်၍ သမ္မာကျမ်းစာဘာပြောထားသနည်း။

သမ္မာကျမ်းစာက ယေရှုကို “ကြီးစွာသောအလင်း”၊ “လောက၏အလင်း” ဟု ရှင်းလင်းစွာခေါ်ဆိုထားသည်။ (ဟေရှာယ ၉:၂။ ယောဟန် ၈:၁၂) သို့တိုင်၊ ကိုယ်တော်မြေကြီးပေါ်တွင်ရှိခဲ့စဉ်က အနည်းငယ်သာ နောက်တော်သို့လိုက်ခဲ့ကြသည်။ အမှန်အားဖြင့် လူအများစုသည် မှောင်မိုက်ဆောင်သောသူဖြစ်သည့် အလင်းအရေခြုံများနောက်သို့သာ လိုက်ရန်ရွေးချယ်ခဲ့ကြသည်။ သူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက “ထိုသူတို့သည် မိစ္ဆာတမန်တော်များဖြစ်ကြ၏။ ခရစ်တော်၏တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သောအမှုစောင့်ဖြစ်ကြ၏။ ဤအမှုသည်အံ့သြဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကိုဟောသောဆရာဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံးတွင် အကျိုးအပြစ်ကိုခံရကြလတ္တံ့။”—၂ ကောရိန္သု ၁၁:၁၃-၁၅။

၂။ လူများကို ဆုံးဖြတ်မည့်အရာသည် ဘာဖြစ်သည်ဟုယေရှုပြောခဲ့သနည်း။

၂ ထို့ကြောင့် လူအားလုံးအလင်းကိုမနှစ်သက်သည်မှာ အဆန်းမဟုတ်ပါ။ ယေရှုက “အပြစ်စီရင်ခြင်းကိုခံရကြောင်းကား အလင်းသည် ဤလောကသို့ဝင်၍ လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့် အလင်းထက်မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၃:၁၉၊ ၂၀။

အမှောင်ကိုနှစ်သက်သူများ

၃၊ ၄။ ယေရှုခေတ်ကဘာသာရေးခေါင်းဆောင်များသည် အလင်း၏နောက်သို့မလိုက်လျှောက်လိုကြောင်း မည်သို့တင်ပြခဲ့ကြသနည်း။

၃ ယေရှုမြေကြီးပေါ်တွင်ရှိခဲ့စဉ်က ယင်းမည်သို့ဖြစ်ခဲ့သည်ကို ဆင်ခြင်ကြည့်ပါ။ ယေရှုသည်မေရှိယဖြစ်ကြောင်း အတည်ပြုရန်နည်းလမ်းအဖြစ် ဘုရားသခင်က ယေရှုအား စိတ်လှုပ်ရှားစရာအံ့ဖွယ်အမှုများပြုလုပ်နိုင်သည့် တန်ခိုးအာဏာအပ်နှင်းခဲ့သည်။ ဥပမာ၊ ဥပုသ်နေ့တစ်နေ့တွင် မွေးရာပါမျက်မမြင်တစ်ဦးအား မျက်စိပြန်မြင်အောင် ကိုယ်တော်ပြုလုပ်ပေးခဲ့သည်။ မည်မျှကောင်းမြတ်သည့်ကရုဏာပြသခြင်းပါတကား။ ထိုသူကလည်း ကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း။ ယင်းကား ပထမဦးဆုံးအကြိမ်မြင်နိုင်ခြင်းဖြစ်သည်။ သို့သော် ဘာသာရေးခေါင်းဆောင်များ မည်သို့တုံ့ပြန်ကြသနည်း။ ယောဟန် ၉:၁၆က ဤသို့ဖော်ပြသည်။ “ဖာရိရှဲအချို့တို့က ထိုသူသည် ဥပုသ်မစောင့်၊ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု [ယေရှုနှင့်ပတ်သက်၍] ဆိုကြ၏။” သူတို့၏စိတ်သည် မည်မျှလွဲမှားဖောက်ပြန်နေပါသည်တကား။ ဤတွင် အံ့ဖွယ်ကုသပျောက်ကင်းမှုဖြစ်ခဲ့သော်လည်း ယခင်မျက်စိကန်းနေသူအတွက် ဝမ်းမြောက်ပေးပြီး ကုသပေးသူအားချီးမွမ်းမည့်အစား ယေရှုအားပြစ်တင်ရှုတ်ချကြသည်။ ယင်းသို့ပြုခြင်းအားဖြင့် သူတို့သည်ခွင့်လွှတ်ခြင်းမရနိုင်သည့် အပြစ်ဖြစ်သည့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ထင်ရှားပြသခြင်းကို အမှန်တကယ်ပြစ်မှားခဲ့သည်။—မဿဲ ၁၂:၃၁၊ ၃၂။

၄ နောက်တွင် ထိုဖောက်ပြန်သူများက ယေရှုနှင့်ပတ်သက်၍ ယခင်မျက်စိကန်းသူအားမေးရာတွင် ထိုသူက “သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟုသင်တို့မသိကြသည်ကို အံ့သြဖွယ်ရှိ၏။ ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကိုရိုသေလေးမြတ်၍ အလိုတော်ကိုလိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။ အမိဝမ်းတွင်းကမျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှာတတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍မကြားစဖူး။ ထိုသူ [ယေရှု] သည် ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်” ဟုပြန်ပြောခဲ့သည်။ ဘာသာရေးခေါင်းဆောင်များ မည်သို့တုံ့ပြန်ကြသနည်း။ “ထိုသူတို့ကလည်း သင်သည် မွေးစကပင် ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကိုဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင် ထိုသူကို တရားဇရပ်မှနှင်ထုတ်ကြ၏။” မည်မျှသနားကြင်နာမှုကင်းမဲ့ကြပါသည်တကား။ သူတို့သည် ခိုင်မာသောနှလုံးရှိကြသည်။ ထို့ကြောင့်ယေရှုက သူတို့အား ပကတိမျက်စိဖြင့်မြင်နိုင်ကြသော်လည်း ဝိညာဉ်ရေးအရကန်းနေကြသည်ဟု မိန့်တော်မူခဲ့သည်။—ယောဟန် ၉:၃၀-၄၁။

၅၊ ၆။ ပထမရာစုဘာသာရေးခေါင်းဆောင်များသည် အမှောင်ကိုချစ်မြတ်နိုးကြောင်း မည်သည့်လုပ်ရပ်များဖြင့် တင်ပြကြသေးသနည်း။

၅ ဤဘာသာရေးအရေခြုံများ ဘုရားသခင်၏ဝိညာဉ်တော်ကိုပြစ်မှားကြခြင်းကို အခြားအဖြစ်အပျက်တစ်ခုတွင် တွေ့မြင်နိုင်သည်။ လာဇရုကို ယေရှုရှင်ပြန်ထမြောက်စေခဲ့စဉ်ကဖြစ်သည်။ ထိုအံ့သြဖွယ်ရာကြောင့် သာမညလူတန်းစားများစွာတို့သည် ယေရှုကိုယုံကြည်လာကြသည်။ သို့သော် ဘာသာရေးခေါင်းဆောင်များ ဘာလုပ်ကြသည်ကို သတိထားကြည့်ပါ။ “ထိုအခါ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲများသည် လွတ်အရာရှိတို့ကိုစည်းဝေးစေပြီးလျှင် ငါတို့သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်းလာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။” (ယောဟန် ၁၁:၄၇၊ ၄၈) သူတို့သည် မိမိတို့၏ရာထူးနှင့်ကျော်ကြားမှုအတွက် စိုးရိမ်ပူပန်နေကြသည်။ မည်သို့အကျိုးဖြစ်ထွန်းစေကာမူ သူတို့သည် ဘုရားသခင်၏အကြိုက်မဟုတ်ဘဲ ရောမလူမျိုးများ၏အကြိုက်ကို လိုက်လိုခဲ့ကြသည်။ ထို့ကြောင့် သူတို့ဘာလုပ်ကြသနည်း။ “ထိုနေ့မှစ၍ [ယေရှု] ၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။”—ယောဟန် ၁၁:၅၃။

၆ ထိုမျှသာလော။ မကသေးပါ။ နောက်ထပ်သူတို့ပြုသည့်အရာသည် အမှောင်ကိုသူတို့နှစ်သက်ကြောင်းတင်ပြသည်။ “ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား၍ ယေရှုကိုယုံကြည်သောကြောင့် ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှာ တိုင်ပင်စီရင်ကြ၏။” (ယောဟန် ၁၂:၁၀၊ ၁၁) အံ့သြကုန်နိုင်ဖွယ်ဆိုးညစ်မှုပါတကား။ ယင်းအရာအားလုံးကို သူတို့၏ရာထူးအဆင့်အတန်းကိုကာကွယ်ရန် လုပ်ခြင်းဖြစ်သော်လည်း မည်သို့ဖြစ်ပျက်ခဲ့သနည်း။ ထိုလူမျိုးဆက်အတွင်း၌ပင် သူတို့သည်ရောမများကိုပုန်ကန်သဖြင့် စီ၊ အီး ၇၀ ခုနှစ်တွင် ရောမများ သူတို့ကိုလာတိုက်ခိုက်ပြီး သူတို့၏နေရာ၊ သူတို့၏လူမျိုးနှင့် သူတို့၏အသက်ကိုပင် သုတ်သင်ဖျက်ဆီးခဲ့သည်။—ဟေရှာယ ၅:၂၀။ လုကာ ၁၉:၄၁-၄၄။

ယေရှု၏သနားကြင်နာမှု

၇။ သမ္မာတရားကိုချစ်မြတ်နိုးသူများသည် ယေရှုထံ အဘယ့်ကြောင့်စုရုံးရောက်ရှိလာကြသနည်း။

၇ ကျွန်ုပ်တို့ခေတ်တွင်လည်း အလားတူပင် ဝိညာဏထွန်းလင်းမှုကို လူတိုင်းမလိုလားကြပါ။ သို့သော် သမ္မာတရားကိုမြတ်နိုးသူများသည် အလင်းသို့လာကိုလာလိုကြသည်။ သူတို့သည် ဘုရားသခင်အား သူတို့၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ်လိုလားကြပြီး အလင်းသည် မည်သည့်အရာဖြစ်ကြောင်း ရှင်းပြပေးရန် ဘုရားသခင်စေလွှတ်လိုက်သည့်ယေရှုထံသို့ လာကာ ကိုယ်တော့်နောက်သို့လိုက်ကြသည်။ ယေရှုမြေကြီးပေါ်၌ရှိခဲ့စဉ် နှိမ့်ချမှုရှိသောလူများ ထိုသို့ပင်ပြုခဲ့ကြသည်။ ကိုယ်တော်ထံသို့ သူတို့စုရုံးရောက်ရှိလာကြသည်။ ယင်းအချက်ကို ဖာရိရှဲများကပင်ဝန်ခံကြရသည်။ “ဤလောကသည် ထိုသူနောက်သို့လိုက်ပါသွားပြီတကား” ဟု ဖာရိရှဲများမြည်တမ်းခဲ့ကြသည်။ (ယောဟန် ၁၂:၁၉) သိုးကဲ့သို့သောလူများသည် ယေရှုကိုချစ်ရခြင်းမှာ ကိုယ်တော်သည် တစ်ကိုယ်ကောင်းဆန်၊ မာနထောင်လွှား၊ အာဏာမက်သော ဘာသာရေးခေါင်းဆောင်များနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့အား ကိုယ်တော်ဤသို့ပြောခဲ့သည်။ “အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာတင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှမရွှေ့လိုကြ။ သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့ မှာထင်ရှားစေခြင်းငှာပြုကြ၏။”—မဿဲ ၂၃:၄၊ ၅။

၈။ ယေရှုတွင် ဖောက်ပြန်သောဘာသာရေးသမားများနှင့်ဆန့်ကျင်သည့် မည်သည့်သဘောထားရှိသနည်း။

၈ ဆန့်ကျင်ဘက်အနေနှင့် ယေရှု၏ကြင်နာထောက်စာတတ်သည့်သဘောထားကို မှတ်သားပါ။ “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။” (မဿဲ ၉:၃၆) သို့နှင့် ကိုယ်တော်ဘာပြုခဲ့သနည်း။ စာတန်စနစ်၏ သွေးစုပ်ချယ်လှယ်မှုကိုခံရကြသောသူများအား ကိုယ်တော်က “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်သည်လည်း ပေါ့၏” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀) ယေရှုက ဟေရှာယ ၆၁:၁၊ ၂ တွင် မိမိနှင့်ပတ်သက်၍ ကြိုတင်ပြောထားသည့်အရာများကို ပြုလုပ်ခြင်းဖြစ်သည်။ “ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့အားဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကိုပြစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသောသူတို့ကို နှစ်သိမ့်စေခြင်းငှာလည်းကောင်း [ငါ့ကိုစေလွှတ်တော်မူပြီ]။”

အလင်းဆောင်သူများကိုစုသိမ်းခြင်း

၉။ ၁၉၁၄ ခုနှစ်တွင် ကြီးမားသောမည်သည့်ပြောင်းလဲမှုဖြစ်ခဲ့သနည်း။

၉ ကောင်းကင်သို့ပြန်တက်ကြွသွားပြီးနောက် ဘုရားသခင်က မိမိအား အာဏာအပ်နှင်းသည့်အချိန်ရောက်သည့်အထိ ယေရှုစောင့်ဆိုင်းနေခဲ့ရသည်။ ထိုနောက်တွင် “သိုး” နှင့် “ဆိတ်” ကိုခွဲခြားမည်။ (မဿဲ ၂၅:၃၁-၃၃။ ဆာလံ ၁၁၀:၁၊ ၂) ထိုအချိန်သည် “နောက်ဆုံးကာလ” စတင်ရာ ၁၉၁၄ ခုနှစ်တွင်ရောက်ရှိခဲ့သည်။ (၂ တိမောသေ ၃:၁-၅) ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် အာဏာအပ်နှင်းခံရသောယေရှုခရစ်သည် အလင်းနောက်လိုက်လျှောက်လိုသူများအား မိမိ၏မျက်နှာသာခံလက်ယာဘက်သို့ စတင်စုသိမ်းတော်မူခဲ့သည်။ ပထမကမ္ဘာစစ်ကြီးပြီးနောက် ထိုစုသိမ်းခြင်းလုပ်ငန်းသည် အရှိန်အဟုန်ဖြင့်တိုးပွားလာခဲ့သည်။

၁၀။ စုသိမ်းခြင်းလုပ်ငန်းတွင် ယေရှုအသုံးပြုနေသူများနှင့်ပတ်သက်၍ မည်သည့်မေးခွန်းမေးစရာရှိသနည်း။

၁၀ ခရစ်တော်ယေရှု၏ဦးဆောင်မှုအောက်တွင် ထိုစုသိမ်းခြင်းလုပ်ငန်းသည် ကြီးစွာသောအောင်မြင်မှုဖြင့် ချီးမြှင့်ခံခဲ့ရသည်။ လူမျိုးအားလုံးမှ ဤမျှများပြားသောလူတို့ ရှင်းလင်းထင်ရှားသည့်ဝတ်ပြုရေးမှန်သို့ အတူတကွစုရုံးရောက်ရှိလာကြခြင်းသည် သမိုင်းတွင်တစ်ခါမျှမရှိခဲ့ဖူးပါ။ ယနေ့မည်သူများသည် ဘုရားသခင်နှင့်ခရစ်တော်ထံမှလာသောအလင်းနောက်သို့ လိုက်လျှောက်သောသူများဖြစ်ကြသနည်း။ ဖိလိပ္ပိ ၂:၁၅ (သမ္မ) တွင် ပြောသော “လောက၌ အလင်းအိမ်များကဲ့သို့ထွန်းလင်း” သောသူများ၊ ‘လာ၍ အဖိုးမပေးဘဲ အသက်ရေကိုယူပါ’ ဟု အခြားသူများအားခေါ်ဖိတ်သူများကား အဘယ်သူများနည်း။—ဗျာဒိတ် ၂၂:၁၇။

၁၁။ ဝိညာဏအလင်းနှင့်ပတ်သက်လျှင် ခရစ်ယာန်ဘောင်သည် မည်သည့်အနေအထားတွင်ရှိသနည်း။

၁၁ ယင်းတို့ကို ခရစ်ယာန်ဘောင်များပြုလုပ်နေပါသလော။ ကွဲပြားနေသောဘာသာရေးများရှိသည့်ခရစ်ယာန်ဘောင်သည် အလင်းအိမ်များကဲ့သို့ လုံးဝမထွန်းလင်းပါ။ အမှန်မူ ဓမ္မဆရာများသည် ယေရှုခေတ်ကဘာသာရေးခေါင်းဆောင်များနှင့်တူကြသည်။ သူတို့သည် ဘုရားသခင်နှင့်ယေရှုခရစ်တို့ထံတော်မှ စစ်မှန်သောအလင်းကို ရောင်ပြန်မဟပ်ကြပါ။ လွန်ခဲ့သည့်သုံးဆယ်သုံးနှစ်က Theology Today မဂ္ဂဇင်းက ပြောသည်မှာ “ဝမ်းနည်းစွာဝန်ခံရမည်မှာ ဤအလင်းသည် ချာ့ချ်များတွင် အရှိန်အဝါဖြင့် တောက်ပစွာမထွန်းလင်းပါ။ . . . ချာ့ချ်သည် ယင်း၏ပတ်ဝန်းကျင်အသိုင်းအဝိုင်းရှိ လူ့အဖွဲ့အစည်းများနှင့်တူသည်ထက်တူလာသည်။ ယင်းသည် လောကအတွက် ဆိုသလောက်မလင်းဘဲ လောကကိုယ်နှိုက်ကထွန်းလင်းသည့်အလင်းကို ရောင်ပြန်ဟပ်သူဖြစ်သည်။” ခရစ်ယာန်ဘောင်၏ယနေ့အခြေအနေသည် သာ၍ပင်ဆိုးရွားလာသည်။ လောကမှ သူမ,ရောင်ပြန်ဟပ်သည့် အလင်းဆိုသောအရာသည် အမှန်တွင် အမှောင်သာဖြစ်သည်။ အကြောင်းမှာ ယင်းတို့အားလုံးကို စာတန်နှင့်သူ၏လောကတို့က ပေးရသောကြောင့်ဖြစ်သည်။ သမ္မာတရားအလင်းသည် အကွဲကွဲအပြားပြားဖြစ်နေပြီး လုံးလုံးလျားလျားလောကီဆန်နေသော ခရစ်ယာန်ဘောင်ဘာသာရေးများထံမှ ဘယ်နည်းဖြင့်မျှမလာနိုင်ချေ။

၁၂။ ယနေ့ စစ်မှန်သောအလင်းဆောင်သူများအဖွဲ့အစည်းကို မည်သူများဖြင့်ဖွဲ့စည်းထားသနည်း။

၁၂ ယေဟောဝါသက်သေများ၏ ကမ္ဘာသစ်အဖွဲ့အစည်းသည် ယနေ့အလင်းဆောင်သောအဖွဲ့အစည်းဖြစ်ကြောင်း ယုံကြည်စိတ်ချစွာပြောနိုင်သည်။ ယောက်ျား၊ မိန်းမ၊ ငယ်ရွယ်သူအားလုံးပါဝင်သော ယင်း၏အဖွဲ့ဝင်အားလုံးသည် ယေဟောဝါနှင့်ယေရှုခရစ်တို့ထံမှရသော မိမိတို့၏အလင်းကို လူသားအားလုံးရှေ့ထွန်းလင်းကြသည်။ လွန်ခဲ့သည့်နှစ်က ကမ္ဘာတစ်ခွင်လုံးတွင် ယေဟောဝါသက်သေများ၏အသင်းတော်ပေါင်း ၇၀,၀၀၀ နီးပါးခန့်တို့မှ အလင်းဆောင်သူလေးသန်းကျော်တို့သည် ဘုရားသခင်နှင့်ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်းကို အခြားသူများအား ထက်သန်စွာပြောပြနေခဲ့ကြသည်။ ယခုနှစ်စဉ်နှစ်တိုင်း ဝိညာဉ်ရေးအရအလင်းရလိုသူအစုလိုက်အပြုံလိုက်ကို ဆက်လက်စုသိမ်းနေကြောင်းတွေ့ရသည်။ လူထောင်ပေါင်းများစွာတို့သည် ကျမ်းစာလေ့လာပြီးနောက် နှစ်ခြင်းခံကာ သမ္မာတရားဆိုင်ရာတိကျသောအသိပညာတွင်းသို့ ဝင်လာကြသည်။ အမှန်ပင်၊ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။”—၁ တိမောသေ ၂:၄။

၁၃။ ယေဟောဝါထံတော်မှလာသောအလင်းကို မည်သည့်အရာနှင့် ကျွန်ုပ်တို့နှိုင်းယှဉ်နိုင်သနည်း။

၁၃ ယခု ယေဟောဝါထံတော်မှလာသော ထွန်းလင်းမှုကို ဘုရားသခင်၏ရှေးလူမျိုးတော်အီဂျစ်ပြည်မှ ထွက်ခွာလာစဉ်က အဖြစ်အပျက်နှင့် နှိုင်းယှဉ်နိုင်သည်။ “သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် နေ့၌ကား လမ်းပြဖို့မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ည၌ကား အလင်းပေးဖို့မီးတိုင်အားဖြင့်လည်းကောင်း သူတို့ရှေ့ကကြွတော်မူ၏။” (ထွက်မြောက်ရာ ၁၃:၂၁၊ ၂၂) ဘုရားသခင်ထံမှလာသော နေ့အချိန်အတွက်မိုးတိမ်နှင့် ညအချိန်အတွက်မီးတို့သည် စိတ်ချရသည့်လမ်းညွှန်ဖြစ်ခဲ့သည်။ ယင်းတို့သည် ကျွန်ုပ်တို့နေ့အချိန်အလင်းရောင်ရစေရန် ဘုရားသခင်ဖန်ဆင်းသောနေကဲ့သို့ပင် အားထားစရာဖြစ်ခဲ့သည်။ ထို့ကြောင့် ဤဆိုးသွမ်းသည့်နောက်ဆုံးကာလတွင် သမ္မာတရားရှာဖွေသူများအတွက် ဝိညာဏအလင်းဆက်လက်ထွန်းလင်းပေးရန် ယေဟောဝါကိုအားထားနိုင်သည်။ သု၊ ၄:၁၈ ကကျွန်ုပ်တို့ကိုစိတ်ချမှုပေးသည်မှာ ဤသို့ဖြစ်သည်။ “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအာရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။”

ဘုရားသခင့်နိုင်ငံတော်အလင်းကို ရောင်ပြန်ဟပ်ခြင်း

၁၄။ အလင်းဆောင်သူများအတွက် အဓိကရည်ရွယ်ချက်ကား ဘာဖြစ်ရမည်နည်း။

၁၄ ယေဟောဝါသည် အလင်း၏ပင်ရင်းအမြစ်ဖြစ်ပြီး ခရစ်တော်သည် ၎င်းအလင်း၏ ရောင်ပြန်ဟပ်သူချုပ်ဖြစ်သောကြောင့် ယေရှု၏နောက်တော်လိုက်များလည်း ၎င်းကို ရောင်ပြန်ဟပ်ကြရမည်။ သူတို့အား ကိုယ်တော်ဤသို့မိန့်တော်မူသည်။ “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ . . . သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကိုလင်းစေကြလော့။” (မဿဲ ၅:၁၄၊ ၁၆) လူများရှေ့တွင် တပည့်တော်များထွန်းလင်းရမည့်အလင်း၏ အဓိကအချက်ကား အဘယ်နည်း။ လောကီသမိုင်း၏အထွတ်အထိပ်အချိန်တွင် သူတို့ဘာကိုသွန်သင်ပေးရမည်နည်း။ မိမိ၏တပည့်တော်များသည် လောကီနိုင်ငံရေးအကြောင်းများကိုဟောပြောကြမည်ဟု ယေရှုမိန့်တော်မမူခဲ့ပါ။ ယင်းအစား မဿဲ ၂၄:၁၄ တွင် ကိုယ်တော်ကြိုတင်ပြောထားသည်မှာ ကမ္ဘာချီဆန့်ကျင်မှုများကြားမှပင် “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူ၍ဖြစ်သည်။ ထို့ကြောင့် ယနေ့အလင်းဆောင်သူများသည် အခြားသူများအား စာတန့်လောကကိုနိဂုံးချုပ်ပြီး၊ ဖြောင့်မတ်သောကမ္ဘာသစ်ဖြစ်စေမည့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ပြောပြကြသည်။—၁ ပေတရု ၂:၉။

၁၅။ အလင်းကိုလိုလားသူများ အဘယ်ဘက်သို့လှည့်လာကြမည်နည်း။

၁၅ အလင်းကိုချစ်မြတ်နိုးသူများသည် ဤလောက၏အဆိုများနှင့်ပန်းတိုင်များအားဖြင့် လမ်းလွှဲခံရကြမည်မဟုတ်။ ဤလောက၏အဆုံးနီးလာသည်နှင့်အမျှ ထိုအဆိုနှင့်ပန်းတိုင်များအားလုံးသည် မကြာမီပျောက်ကွယ်သွားကြတော့မည်ဖြစ်သည်။ ဖြောင့်မတ်ခြင်းကိုမြတ်နိုးသူများသည် ဘုရားသခင့်နိုင်ငံတော်အလင်းကို မြေကြီးစွန်းအထိထွန်းလင်းစေကြသောသူများကြွေးကြော်သည့် သတင်းကောင်းဆီသို့ လှည့်လာလိုကြပေမည်။ ထိုသူများအကြောင်း ဗျာဒိတ် ၇:၉၊ ၁၀ တွင် ဤသို့ကြိုတင်ဖော်ပြထားသည်။ “ထိုနောက်မှ ငါကြည့်လျှင် အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေမတွက်နိုင်သောလူများအပေါင်းတို့သည် . . . ပလ္လင်တော်ရှေ့၊ သိုးသငယ် [ခရစ်တော်] ရှေ့မှာရပ်နေကြ၏။ သူတို့ကလည်း ပလ္လင်ပေါ်မှာထိုင်တော်မူသောငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့်ကြွေးကြော်ကြ၏။” အခန်းငယ် ၁၄ က “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်” လာကြသူများဖြစ်သည်ဟုဖော်ပြသည်။ သူတို့သည် ဤလောက၏အဆုံးကိုကပ်ကျော်ပြီး ဘုရားသခင့်နိုင်ငံတော်အောက်ရှိ အဆုံးမရှိသည့်ကမ္ဘာသစ်သို့ ဝင်ရောက်ရမည့်သူများဖြစ်ကြသည်။

ထွန်းလင်းတောက်ပသည့်ကမ္ဘာသစ်

၁၆။ ကြီးစွာသောဒုက္ခအတွင်း စာတန့်လောကဘာဖြစ်သွားမည်နည်း။

၁၆ ကမ္ဘာသစ်သည် တောက်ပသည့်သမ္မာတရားအလင်းဖြင့် လွှမ်းခြုံခြင်းခံရမည်။ ဤလက်ရှိစနစ်ကို ဘုရားသခင်ဖျက်သိမ်းပြီးနောက်ပိုင်းအခြေအနေကို စဉ်းစားကြည့်ပါ။ စာတန်၊ သူ၏နတ်ဆိုးများ၊ သူ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးစနစ်များအားလုံး တစ်ခုမကျန်ရှိတော့မည်မဟုတ်။ စာတန့်ဝါဒဖြန့်သည့်အရာတစ်ခုလုံး ပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့နှင့် ကြီးစွာသောဒုက္ခပြီးသွားသောအခါ ဤဆိုးသွမ်းသောလောကကိုထောက်ခံသည့် မည်သည့် သတင်းစာ၊ မဂ္ဂဇင်း၊ စာအုပ်ကြီးငယ်၊ လက်ကမ်းစာစောင်များထုတ်ဝေတော့မည်မဟုတ်။ လောကရုပ်မြင်သံကြားနှင့် ရေဒီယိုအသံလွှင့်ဌာနများမှ အဖျက်သြဇာသက်ရောက်သည့်အသံလွှင့်ခြင်းများလည်း ရှိတော့မည်မဟုတ်။ စာတန့်လောက၏ အဆိပ်အတောက်ပြည့်ဝသည့်ဝန်းကျင်သည် ကြီးမားသည့်စွမ်းအားဖြင့် တစ်ချက်တည်းသုတ်သင်ခံရမည်။—မဿဲ ၂၄:၂၁။ ဗျာဒိတ် ၇:၁၄။ ၁၆:၁၄-၁၆။ ၁၉:၁၁-၂၁။

၁၇၊ ၁၈။ စာတန့်လောကမရှိသည့်နောက်တွင် ရှိလာမည့်ဝိညာဏဝန်းကျင်အခြေအနေကို သင်မည်သို့ပုံဖော်မည်နည်း။

၁၇ မည်မျှကြီးမားသည့်လွတ်ငြိမ်းချမ်းသာမှုပါတကား။ ထိုနေ့မှစ၍ ယေဟောဝါထံတော်မှလာသော စုံလင်ပြည့်ဝ၍တိုးပွားနေသည့်အလင်းနှင့် ကိုယ်တော့်နိုင်ငံတော်တို့သည် လူသားများအပေါ် ဩဇာလွှမ်းမိုးမည်။ ဟေရှာယ ၅၄:၁၃ ကြိုပြောထားသည်မှာ “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံကြလိမ့်မည်။” ဘုရားသခင့်အုပ်ချုပ်မှုသည် ကမ္ဘာတစ်ခွင်လုံးလွှမ်းမိုးခြင်းနှင့်အတူ ဟေရှာယ ၂၆:၉ (သမ္မ) တွင်ဖော်ပြထားသောကတိတော်လည်း ပြည့်စုံလာမည်။ “လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကိုသင်ရကြပါ၏။”

၁၈ စိတ်ပိုင်းနှင့် ဝိညာဏပိုင်းဆိုင်ရာဝန်းကျင်သည် သာ၍ကောင်းသည့်ဘက်သို့ လျင်မြန်စွာပြောင်းလဲခြင်းခံရမည်။ ယနေ့နေရာအနှံ့ရှိနေသော စိတ်ဓာတ်ကျဆင်းစေသည့်၊ စာရိတ္တယိုယွင်းစေသည့်အရာများရှိမည့်အစား တည်ဆောက်မှုဖြစ်စေသည့်အရာများသာလျှင်ရှိမည်။ ဟေရှာယ ၁၁:၉ သည် အပြည့်ဝဆုံးအတိုင်းအတာဖြင့် ပြည့်စုံလာမည်။ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”

အလင်းနောက်လိုက်လျှောက်ရန် အရေးပေါ်နေ

၁၉၊ ၂၀။ အလင်းနောက်သို့လိုက်လျှောက်လိုသူများသည် အဘယ့်ကြောင့်နိုးကြားနေသင့်သနည်း။

၁၉ ဤဆိုးသွမ်းသည့်အစီအစဉ်၏ နောက်ဆုံးနေ့ရက်များအတွင်းရောက်နေသည့်အတွက် လောကအလင်း၏နောက်သို့လိုက်လျှောက်ရန် အရေးပေါ်နေသည်။ ကျွန်ုပ်တို့သည် အလင်းတွင်ဆက်မလျှောက်နိုင်တော့ရန် အပြင်းအထန်စစ်ဆင်နွှဲခံနေရသောကြောင့် အလွန်သတိရှိရန်လိုအပ်သည်။ ဤဆန့်ကျင်မှုများသည် မှောင်မိုက်၏တန်ခိုးများဖြစ်သည့် စာတန်၊ သူ၏နတ်ဆိုးများနှင့် သူ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းများမှလာသည်။ ထို့ကြောင့် တမန်တော်ပေတရုဤသို့သတိပေးထားသည်။ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။”—၁ ပေတရု ၅:၈။

၂၀ စာတန်သည် အလင်းနှင့်ဆက်ဆံရန်လာသူများ၏ လမ်းခရီးတွင် အနှောင့်အယှက်များချထားမည်ဖြစ်သည်။ အကြောင်းမှာ သူတို့အား အမှောင်ထဲတွင် ဆက်ရှိနေစေလိုသောကြောင့်ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားကိုဆန့်ကျင်သော ဆွေမျိုးများ၊ မိတ်ဟောင်းဆွေဟောင်းများထံမှ ဖိစီးမှုများအားဖြင့်ဖြစ်နိုင်သည်။ မှားယွင်းသောဘာသာ၏သွန်သင်မှုကြောင့် သို့မဟုတ် ယုံကြည်ခြင်းကင်းမဲ့သော ဘုရားမဲ့ဝါဒီနှင့်မသိဝါဒီတို့၏ ဝါဒဖြန့်မှုကြောင့် ကျမ်းစာကိုသံသယဖြစ်ခြင်းဖြစ်နိုင်သည်။ အပြစ်ပြုလွယ်သည့်သဘောကြောင့် ဘုရားသခင့်တောင်းဆိုချက်များနှင့်အညီနေထိုင်ရန် ခက်ခဲခြင်းတို့လည်းဖြစ်နိုင်သည်။

၂၁။ ဘုရားသခင့်ကမ္ဘာသစ်တွင် နေထိုင်လိုသူအားလုံးသည် မည်သည့်လုပ်ရပ်ကိုလုပ်ဆောင်ကြရမည်နည်း။

၂၁ မည်သည့်အနှောင့်အယှက်များပင်ရှိပါစေ ဆင်းရဲခြင်း၊ ရာဇဝတ်မှု၊ မတရားမှုနှင့် စစ်ပွဲများမှကင်းလွတ်သောကမ္ဘာသစ်၌ ဘဝကိုမွေ့လျော်လိုပါသလော။ မြေကြီးပရဒိသုတွင် ကျန်းမာပကတိဖြစ်ပြီး ထာဝရအသက်ရလိုပါသလား။ ယေရှုကို လောက၏အလင်းအဖြစ်လက်ခံ၍ ကိုယ်တော်နောက်လိုက်လျှောက်ကာ “အသက်ရှင်ခြင်းနှင့်ဆိုင်သောနှုတ်ကပါဌ်တော်” ကိုစွဲကိုင်ထားကြသည့် “လောက၌ အလင်းအိမ်များကဲ့သို့ထွန်းလင်း” သောသူများ၏သတင်းကို နားထောင်ပါလေ။—ဖိလိပ္ပိ ၂:၁၅၊ ၁၆။

သင်မည်သို့ဖြေဆိုမည်နည်း

◻ မိမိတို့သည် အမှောင်ကိုချစ်သူများဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်များမည်သို့တင်ပြကြသနည်း။

◻ လူများအပေါ် ယေရှု အဘယ်သဘောထားရှိသနည်း။

◻ အလင်းဆောင်သူများကိုစုသိမ်းခြင်းသည် မည်မျှတွင်ကျယ်နေသနည်း။

◻ မကြာမီ အဘယ်အကြီးအကျယ်ပြောင်းလဲမှုဖြစ်မည်နည်း။

◻ ယနေ့ လောကအလင်းနောက်သို့လိုက်လျှောက်ရန် အဘယ့်ကြောင့်အရေးပေါ်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

နှလုံးခိုင်မာသောဖာရိရှဲတို့သည် ယေရှုအားဖြင့်မျက်စိပြန်မြင်လာသောသူကို နှင်ထုတ်လိုက်ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ