ယေဟောဝါကျွန်ုပ်တို့အားလုပ်ပေးခဲ့သည်ကိုကြည့်ပါလေ
“အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ဆုတောင်းလေ့ရှိတယ်” ဟု လူတစ်ယောက်ပြောခဲ့သည်။ အခြားတစ်ဦးမှာမူ ဆုတောင်းရန်အတွက် နေ့တိုင်းနံနက်လေးနာရီထလေ့ရှိသည်။ အဘယ်အတွက်နည်း။ “တစ်နေ့ကျရင် ယေဟောဝါကို ကျွန်တော်တို့လွတ်လပ်စွာဝတ်ပြုနိုင်ဖို့အတွက်ဖြစ်တယ်” ဟု သူပြောခဲ့သည်။ အီသီယိုးပီးယားနိုင်ငံရှိယေဟောဝါသက်သေများသည် “လွတ်လပ်မှုချစ်မြတ်နိုးသူများ” ခရိုင်စည်းဝေးပွဲကြီးကိုတက်ရောက်ရန် အဒစ္စအဘာဘာတွင်စုရုံးသည့် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလရောက်သောအခါ ဤနှိမ့်ချမှုရှိပြီးရိုးသားသောဆုတောင်းချက်များ ဖြေကြားခံရကြောင်းထင်ရှားခဲ့သည်။
ထိုအီသီယိုးပီးယားခရိုင်စည်းဝေးပွဲကြီးသည် အာဖရိကနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောအပြောင်းအလဲကို ဖော်ပြသည်။ မကြာသေးမီနှစ်များက ထိုဒေသရှိနိုင်ငံပေါင်း ၁၃ နိုင်ငံမှယေဟောဝါ၏လူများသည် ယခင်ကပိတ်ပင်မှု သို့မဟုတ် ကန့်သတ်မှုခံရသည့်အခြေအနေမှ တရားဝင်လွတ်လပ်မှုရရှိခဲ့ကြသောကြောင့် ဝမ်းမြောက်ခဲ့ကြသည်။ အီသီယိုးပီးယားတွင် ၃၄ နှစ်ကြာတရားဝင်ပိတ်ပင်မှုသည် အစိုးရက တရားဝင်အသိအမှတ်ပြုခြင်းနှင့်မှတ်ပုံတင်ခြင်းကို ပေးအပ်လိုက်သည့် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင်ပြီးဆုံးသွားသည်။ ချက်ချင်းပင် သက်သေခံများသည် အပြည်ပြည်ဆိုင်ရာအစည်းအဝေးကိုကျင်းပရန် စီစဉ်ကြတော့သည်။ သို့သော် အဒစ္စအဘာဘာမြို့တော်၏ အားကစားရုံတွင် လူပေါင်း ၇၅၇၃ ယောက်စုရုံးရောက်ရှိကြသောအခါ လူတိုင်းစိတ်ကူးထားသည့်အရေအတွက်ထက် သာလွန်နေသည်ကိုတွေ့ခဲ့ရသည်။ တက်ရောက်သူအများစုတို့အတွက် အိပ်မက်ပမာခံစားခဲ့ကြရသည်။ “ကြည့်စမ်းပါဦးညီအစ်ကိုရယ်။ ယေဟောဝါကျွန်တော်တို့ကိုလုပ်ပေးခဲ့တဲ့အရာတွေကို” ဟုအချင်းချင်းထပ်ခါထပ်ခါပြောဆိုနေကြတော့သည်။—ဆာလံ ၆၆:၁-၅၊ ၁၂၆:၁ နှိုင်းယှဉ်။
၃၄ နှစ်ကြာ ပိတ်ပင်ခံရခြင်းသည် မမျှော်လင့်သောပြဿနာအချို့ကိုတွေ့ကြုံရစေသည်။ အများစုတို့မှာ သာယာလှပသည့်ဘုရားနိုင်ငံတော်သီချင်းများနှင့် အကျွမ်းတဝင်မရှိခဲ့ကြပါ။ ယင်းတို့ကိုသီဆိုနိုင်ရန် ခရိုင်စည်းဝေးပွဲမတိုင်မီ သူတို့မည်သို့သင်ယူခဲ့ကြသနည်း။ အစည်းအဝေးအစီအစဉ်တွင် သီဆိုမည့်သီချင်း ၁၇ ပုဒ်အပါအဝင် သီချင်း ၄၀ တို့ကို အမ်ဟားရစ်ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့သည်။ ထို့နောက် သီချင်းများကို ကက်ဆက်ဖြင့်အသံသွင်းရန် အထူးသီချင်းဆိုအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ မြို့တော်ရှိအသင်းတော်တိုင်းသည် တိပ်ခွေတစ်ခုစီရရှိကြသည်။ ထိုအခါ အသင်းတော်တစ်ခုလုံးသည် အစည်းအဝေးများမစမီနှင့်ပြီးနောက်တွင် နာရီဝက်ခန့်စီမျှ သီချင်းလေ့ကျင့်ရန်အချိန်ယူကြသည်။ အဘယ်ရလဒ်ရရှိသနည်း။ အစည်းအဝေးအတွင်း အားကစားရုံသည် စိတ်နှလုံးအကြွင်းမဲ့နှင့် ရွှင်လန်းစွာသီဆိုသူများနှင့်ပြည့်နှက်ခဲ့သည်။
နိုင်ငံ၏အရှေ့ပိုင်းဒေသမှအနှောင့်အယှက်များကြောင့် မြို့တော်မှနေ၍ ဒီရီဒဝါးမြို့နှင့် ဟာရာမြို့များသို့ဆက်သွယ်သောလမ်းမသည် ပိတ်ဆို့ခံထားရသည်။ ထိုနေရာများမှလာနိုင်ရန် တစ်ခုတည်းသောနည်းမှာ လေယာဉ်အားဖြင့်သာဖြစ်သည်။ လေယာဉ်ခလည်းမတတ်နိုင်၊ အစည်းအဝေးလည်းတက်ရန်ဆုံးဖြတ်ထားသော ဟာရာမြို့ရှိညီအစ်ကိုရှစ်ယောက်တို့သည် စစ်ဌာနချုပ်သို့သွားပြီး စစ်လေယာဉ်ဖြင့်လိုက်ပါခွင့်ကိုတောင်းခံခဲ့ကြရာ အံ့ဖွယ်ပင် အစည်းအဝေးကျင်းပရာသို့ အခမဲ့လိုက်ပါခွင့်ရခဲ့ကြသည်။
လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ်ခန့်က အခက်အခဲနှင့်နှိပ်စက်ညှဉ်းပန်းမှုများကိုခံခဲ့ရသည်သာမက သူတို့၏မိတ်ဆွေများအဆုံးစီရင်ခံရခြင်းကိုပင်မြင်တွေ့ခဲ့ရသော ထိုအီသီယိုးပီးယားညီအစ်ကိုများအဖို့ သူတို့၏ဆုတောင်းပြည့်သောအခါ ဝမ်းသာလုံးဆို့ပြီးမျက်ရည်လည်ကြရသည်။ စည်းဝေးပွဲလာသူတစ်ဦးက “အစည်းအဝေးစကတည်းက ကျွန်တော်ငိုခဲ့ရတယ်” ဟုပြောခဲ့သည်။ အခြားတစ်ယောက်က “ခင်ဗျားမှာ နှလုံးသားကိုဖတ်နိုင်တဲ့အရည်အချင်းသာရှိမယ်ဆိုရင် ကျွန်တော်ဘယ်လောက်ပျော်သလဲဆိုတာကို ခင်ဗျားမြင်ရမှာပဲ” ဟုပြောခဲ့သည်။ မှန်ပါသည်။ ဤသစ္စာရှိသက်သေခံများအတွက် ယေဟောဝါမည်မျှအံ့ချီးဖွယ်လုပ်ဆောင်ပေးခဲ့သည်တကား။—ဆာလံ ၆၆:၁၆၊ ၁၉။
အာဖရိကအနောက်နှင့်အလယ်ပိုင်းတို့မှ သာ၍ကြီးမားသော လွတ်လပ်မှု
ဘီနင်သည် မကြာသေးမီက ယေဟောဝါသက်သေများ၏လုပ်ငန်း တရားဝင်အသိအမှတ်ပြုခြင်းခံရသော အခြားနိုင်ငံတစ်ခုဖြစ်သည်။ ယင်းကို သက်သေခံများမည်သို့ခံစားကြရသနည်း။ ထိုဒေသရှိခရစ်ယာန်အစည်းအဝေးတစ်ခုမှ ဟောပြောသူတစ်ဦးက “ဒီနိုင်ငံမှာ ဝတ်ပြုကိုးကွယ်ခွင့်လွတ်လပ်မှုဟာ ယေဟောဝါထံကလာတဲ့ဆုကျေးဇူးအမှန်ဖြစ်တယ်” ဟုပြောခဲ့သည်။ မှန်ပါသည်။ ထိုတွင်ရှိသောယေဟောဝါသက်သေများသည် ဝတ်ပြုရာတွင်အတူတကွတွေ့ဆုံခွင့်၊ မိမိတို့၏အိမ်နီးချင်းများအား ယေဟောဝါ၏နိုင်ငံတော်သတင်းဟောပြောခွင့်ဆိုင်ရာ အကန့်အသတ်မရှိသောလွတ်လပ်မှုအတွက် ယေဟောဝါအားလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြသည်။ ကျွန်ုပ်တို့အများစုက အမှုမဲ့အမှတ်မဲ့ခံယူနေကြသောလွတ်လပ်မှုဖြစ်သည်။
သူတို့၏ရွှင်လန်းမှုကို မည်သို့တင်ပြကြမည်နည်း။ အထက်ဖော်ပြပါဟောပြောသူက နည်းတစ်ခုကိုတင်ပြရာတွင်ပြောသည်မှာ “ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ပါဝင်မှု—အထူးသဖြင့် သတင်းကောင်းနဲ့အတူ တစ်အိမ်မှတစ်အိမ်ကိုသွားခြင်း—ဟာ ဒီလွတ်လပ်မှုကို ကျွန်တော်တို့လေးမြတ်တန်ဖိုးထားကြောင်း တင်ပြခြင်းပါပဲ” ဟူ၍ဖြစ်သည်။ ဘီနင်နိုင်ငံတွင် ယင်းသည် အမှန်အရေးပါခဲ့သည်။ သက်သေအနေနှင့် ရှေ့ဆောင်များ၏အရေအတွက်ကိုသာကြည့်ပါ။ ၁၄ နှစ်ကြာပိတ်ပင်မှုကို ရုတ်သိမ်းလိုက်သည့် ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလအချိန်တွင် ကြေညာသူ ၇၇ ယောက်တို့သည် မှန်မှန်အချိန်ပြည့်လုပ်ငန်းတွင် ပါဝင်ခဲ့ကြသည်။ နောက်နှစ်နှစ်ကြာသောအခါ အရေအတွက်မှာ သုံးဆကျော်သော ၂၂၄ ယောက်ဖြစ်လာသည်။
သို့သော် ဘီနင်ရှိသက်သေခံများသည် ပိတ်ပင်ခံရချိန်က တက်ကြွစွာမလှုပ်ရှားခဲ့ဟုပြော၍မရပါ။ အမှန်မှာ သူတို့၏ခံရပ်မှုသည် သူတို့အဖမ်းခံရချိန်က အကျဉ်းစခန်းတစ်ခုသို့သူတို့အားခေါ်သွားရန် တာဝန်ကျသောအရာရှိတစ်ဦးအား ကြီးမားစွာအကျိုးသက်ရောက်ခဲ့သည်။ ယေဟောဝါအားဝတ်ပြုရန်သူတို့၏ဆုံးဖြတ်ချက်ကြောင့် မကြာခဏအဖမ်းခံရကြရာ ထိုအရာရှိသည် ထိုသက်သေခံများနှင့် အမြဲတွေ့ဆုံရသည်။ သို့ရာတွင် သူတို့တရားဝင်လွတ်လပ်မှုမရမီက သူနှင့်ပျော်ရွှင်ဖွယ်ကျမ်းစာဆွေးနွေးခဲ့ခြင်းများကို သူ့အားပြန်လည်သတိရစေသည်။
နောက်ဆုံးတွင် သူတို့၏ခိုင်မြဲသည့်ယုံကြည်ခြင်းသည် သူ့အတွင်းရှိဝိညာဏဆာလောင်မှုကို နှိုးဆွလေတော့သည်။ အခြားအခြားသောချာ့ချ်များနှင့်ဂိုဏ်းဂဏများကို သူလည်ပတ်ခဲ့ဖူးသော်လည်း ထိုဝိညာဏဆာလောင်မှုကို မရောင့်ရဲစေနိုင်ခဲ့ပါ။ ၁၉၉၀ခုနှစ်၊ ပိတ်ပင်မှုကိုရုတ်သိမ်းလိုက်သောအခါကျမှသာ သူသည် သက်သေခံများနှင့် လွတ်လပ်စွာကျမ်းစာဆွေးနွေးနိုင်ပြီး သူ့ဝိညာဏလိုအပ်ရာများဖြည့်စွက်ခံရတော့သည်။ ယခုသူသည် နှစ်ခြင်းခံပြီး၍ ရှေ့ဆောင်လုပ်နေသည်။ သူ၏ပြောင်းလဲမှုသည် ညီအစ်ကိုများအား တာရှုမြို့သားရှောလု၏အဖြစ်အပျက်ကို တစ်နည်းတစ်လမ်းအားဖြင့် ပြန်လည်သတိရစေသည်။ “ငါတို့ကိုညှဉ်းဆဲဖူးသောသူသည် အထက်ကမိမိဖျက်ဆီးသောယုံကြည်ခြင်းတရားကို ယခုမိမိဟောပြောသည်။”—ဂလာတိ ၁:၂၃။
၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလရောက်သောအခါ အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သော နိုက်ဂျားရှိသက်သေခံများသည် တရားဝင်အသင်းအဖွဲ့အဖြစ်မှတ်ပုံတင်ခံရပြီး သူတို့၏လုပ်ငန်းပိတ်ပင်မှုရပ်စဲခဲ့သည်။ ထိုတွင်လည်း ရွှင်လန်းသောတုံ့ပြန်မှုများရှိခဲ့သည်။ နိုက်ဂျားကိုကြည့်ရှုရသော နိုက်ဂျီးရီးယားဌာနခွဲက ခရိုင်အစည်းအဝေးတစ်ခုမှတုံ့ပြန်မှုကို ဤသို့မှတ်တမ်းပေးပို့သည်။ “မရာဒီးမြို့မှာကျင်းပတဲ့အစည်းအဝေးပွဲရဲ့ သောကြာနေ့အဓိကဟောပြောချက်အပြီးမှာတော့ ယခုနိုက်ဂျားမှာ ကျွန်တော်တို့တရားဝင်အသိအမှတ်ပြုခံရပြီလို့ ညီအစ်ကိုတွေကိုကြေညာလိုက်တယ်။ သူတို့တွေဟာ အရမ်းစိတ်လှုပ်ရှားကြပြီး မိနစ်ပေါင်းများစွာလက်ခုပ်သြဘာပေးကြတယ်။ အစီအစဉ်ပြီးသွားတဲ့အခါမှာတော့ ညီအစ်ကိုတွေဟာ အရမ်းတက်ကြွလှုပ်ရှားပြီး တစ်ယောက်ကိုတစ်ယောက်ဖက်ယမ်းကြပြီး အဲဒီသတင်းကောင်းအတွက် ဝမ်းသာနေကြတယ်။” ထိုမြင်ကွင်းကို ကျွန်ုပ်တို့မြင်ယောင်နိုင်ပြီး သူတို့နှင့်အတူဝမ်းမြောက်နိုင်ကြပါသည်။
ညီအစ်ကိုများသည် သူတို့၏ဖွားသစ်စလွတ်လပ်မှုကို မည်သို့အသုံးပြုကြမည်နည်း။ နိုက်ဂျားရှိရှေ့ဆောင်ညီအစ်မတစ်ဦးက ထိုမေးခွန်း၏အဖြေအပေါ်သံသယမရှိချေ။ သူမဤသို့စာရေးခဲ့သည်။ “နိုက်ဂျားမှာရှိတဲ့ကျွန်မတို့ရပ်ကွက်တွေမှာ အဆုံးမတိုင်မီ မဟာဗာဗုလုန်ကထွက်လာမဲ့သူအများကြီးရှိတယ်ဆိုတာ အဖြစ်မှန်ကတင်ပြနေတယ်။ အဲဒါကိုသက်သေထူဖို့ဆိုရင် ကျွန်မရဲ့ပြန်လည်ပတ်မှုအတော်များများကို တခြားကြေညာသူတွေကိုလွှဲပေးလိုက်ပြီးတာတောင်လစဉ် ပြန်လည်ပတ်မှု ၈၀ ကနေ ၈၅ ခုလုပ်ရပြီး ကျမ်းစာသင်အံမှုဆယ့်သုံးလေးခုကျင်းပပေးရတယ်။”၎င်းသစ္စာရှိညီအစ်မက ဆက်ပြောသည်မှာ “ကျွန်မရဲ့ကျန်းမာရေးအခြေအနေကြောင့် လယ်ကွင်းလုပ်ငန်းမှာ ကျွန်မစိတ်သွားတိုင်းကိုယ်မပါခဲ့ဘူး။ ဒါပေမယ့် လူတိုင်းကတော့ လုပ်နိုင်သလောက်လုပ်နေကြတယ်။”
အလယ်ပိုင်းအာဖရိကရှိ ရဝမ်ဒါနိုင်ငံတွင်လည်း ယေဟောဝါသက်သေများ၏အခြေအနေသည် ရုတ်ချည်းပြောင်းလဲခဲ့သည်။ ၁၉၉၂ ခု၊ ဧပြီလတွင် သူတို့သည် မည်သည့်နည်းဖြင့်မဆို တရားဝင်အဖွဲ့အစည်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကို သတိရအောက်မေ့ပွဲကျင်းပမည့်အပတ်အတွင်း လက်ခံရရှိရာရဝမ်ဒါရှိကြေညာသူ ၁၅၂၆ ယောက်တို့သည် ပွဲတော်တက်ရောက်သူ ၆၂၂၈ ယောက်ကိုတွေ့မြင်ရ၍ စိတ်အားတက်ကြွခဲ့ကြသည်။ ဤချစ်ဖွယ်ကောင်းသောညီအစ်ကိုများသည် သတင်းကောင်းကိုပိုမိုကြေညာခြင်းအားဖြင့် သူတို့၏ရွှင်လန်းမှုနှင့်ကျေးဇူးတင်ခြင်းကို တင်ပြကြမည်လော။ သေချာပါသည်။ ထိုဧပြီလ၌ပင် အသင်းတော်ကြေညာသူများသည် ဟောပြောခြင်းလုပ်ငန်းတွင် ပျမ်းမျှနှုန်းများဖြစ်သည့် ၂၇.၇ နာရီ၊ ပြန်လည်ပတ်မှု ၁၇ ခုနှင့် ကျမ်းစာသင်အံမှု ၂.၄ ခုရရှိခဲ့ကြသည်။ သူတို့အရေအတွက်၏ ၄၀ ရာခိုင်နှုန်းသည် အချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးတွင် ပါဝင်ခဲ့ကြသည်။
တောင်အာဖရိကတွင် တရားဝင်အသိအမှတ်ပြုခြင်း
တောင်အာဖရိကတွင် သန့်ရှင်းလတ်ဆတ်သည့် လွတ်လပ်မှုလေညင်းသည် လှပသောအန်ဂိုလာနှင့်မိုဇမ်ဘစ်နိုင်ငံများကို ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ မိုဇမ်ဘစ်နိုင်ငံ၌ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ထိုတွင် အခြေအနေကောင်းသွားပြီဖြစ်သဖြင့် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းက ပြည်တွင်းစစ်ကြောင့် ဝမ်းနည်းဖွယ်ပျက်စီးဆုံးရှုံးမှုရှိခဲ့သောထိုနိုင်ငံသို့ သာသနာပြုများစေလွှတ်ခဲ့သည်။ မြေသြဇာကောင်းသည့်မြေကို သာသနာပြုများတွေ့မြင်ခဲ့သည်။ ကျမ်းစာစာပေ—အထူးသဖြင့် Questions Young People Ask—Answers That Work—ကို အလွန်လိုအပ်နေကြသည်။ သာသနာပြုတစ်ဦးက နှစ်နာရီခွဲအတွင်း စာအုပ်ပေါင်း ၅၀ ကိုဝေငှခဲ့ရကြောင်း ပြန်ကြားခဲ့သည်။
စိတ်ဝင်စားသူများသည် လျင်မြန်စွာတုံ့ပြန်ကြသည်။ အသင်းမထံပေးပို့ခဲ့သောလိပ်စာတစ်ခုကို သာသနာပြုတစ်ဦးသွားရောက်လည်ပတ်ရာ ထိုသူမှာ စစ်မှုထမ်းတစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။ ထိုသူနှင့်သူ့ဆွေမျိုးနှစ်ဦးတို့နှင့်အတူ ကောင်းစွာဆွေးနွေးခဲ့ရသည်။ ယင်းကိုပြန်လည်ပတ်ရာတွင် ထိုသူနှင့်အခြားသောလူငါးယောက်နှင့်အတူ အကျိုးဖြစ်ထွန်းသောဆွေးနွေးခန်းကို ပြုခဲ့ရပြန်သည်။ ထို့နောက် ထိုသူအားလုံးသည် လူထုဟောပြောပွဲနှင့်ကင်းမျှော်စင်သင်တန်းကိုတက်ရောက်ရန် ဖိတ်ခေါ်ခံခဲ့ကြရပြီး ထိုအခြင်းအရာများသည် လေးရက်အတွင်းဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
အန်ဂိုလာနိုင်ငံတွင် သက်သေခံများ၏လုပ်ငန်းကို ၁၉၉၂ ခုနှစ်၊ ဧပြီလတွင် တရားဝင်အသိအမှတ်ပြုခံရခြင်းဖြင့် အထွတ်အထိပ်ရောက်သွားသော ပိုမိုလွတ်လပ်မှုကို သက်သေခံများပျော်မွေ့ကြရသည်။ သူတို့၏သာ၍လွတ်လပ်မှုကို မည်သို့အသုံးပြုကြမည်နည်း။ လယ်ကွင်းလုပ်ငန်းတွင် သူတို့ပါဝင်ကြခြင်းအားဖြင့်ဖြစ်သည်။ အန်ဂိုလာနိုင်ငံတွင် ကြေညာသူ ၁၇,၀၀၀ ခန့်ရှိပြီး ကျမ်းစာသင်အံမှု ၆၀,၀၀၀ နီးပါးကိုသူတို့ကျင်းပနေကြသည်။ အနာဂတ်တွင် တိုးတက်မည့်အလားအလာကြီးပါတကား။
သက်သေခံခြင်းတွင် ငယ်ရွယ်သူများပါဝင်ကြ
မကြာသေးမီက ဟောပြောခြင်းလုပ်ငန်းတရားဝင်ခွင့်ပြုချက်ရရှိခဲ့သော ဤနိုင်ငံများတွင် ငယ်ရွယ်သူများနှင့် နှစ်ခြင်းမခံရသေးသူများပင် လယ်ကွင်းဓမ္မအမှုလုပ်ငန်းအားဖြင့် သူတို့၏လေးမြတ်မှုကိုတင်ပြကြသည်။ ၁၉၉၀ ခုနှစ်၊ နိုဝင်ဘာလတွင် ယေဟောဝါသက်သေများတရားဝင်ခွင့်ရခဲ့သော ကိပ်ဗဒ်သမ္မတနိုင်ငံတွင်ကျင်းပသည့်ခရိုင်အစည်းအဝေးတစ်ခုတွင် အသက် ၁၇ နှစ်အရွယ်မိန်းကလေးတစ်ဦးသည် ယုံကြည်ခြင်းကိုလူအများရှေ့တင်ပြရန် မတ်တပ်ရပ်ခဲ့သည်။ သူမနှစ်ခြင်းခံပြီးသောအခါ ဧည့်သည်တစ်ဦးက သူမအနားတွင် လူများဝိုင်းအုံလျက်ရှိသည်ကို တွေ့မြင်ခဲ့သည်။ ထိုသူက သူမအားသွား၍ဂုဏ်ပြုနှုတ်ဆက်ပြီး ထိုလူအုပ်မည်သူမည်ဝါများဖြစ်ကြောင်း သူမအားမေးခဲ့သည်။ သူမက “အိုး၊ အဲဒါ ကျွန်မရဲ့ကျမ်းစာသင်သင်အံမှုတွေပဲ” ဟုပြန်ဖြေခဲ့သည်။ သူမသည် ကျမ်းစာသင်အံမှုခုနစ်ခုကျင်းပနေခဲ့ပြီး သူမနှစ်ခြင်းခံသည့်နေ့တွင် သူမ၏ကျမ်းစာသင်သားများက သူမအားဝိုင်းဝန်းဂုဏ်ပြုနှုတ်ဆက်ကြသည်။ သူမသည် အရန်ရှေ့ဆောင်လျှောက်လွှာတင်ပြီးသားဖြစ်ပြီး နောက်ပိုင်းတွင် မှန်မှန်ရှေ့ဆောင်လုပ်နိုင်မည့်အချိန်ကိုမျှော်လင့်လျက်ရှိသည်။
အန်ဂိုလာနိုင်ငံရှိ ဆယ်နှစ်သမီးကလေးက သူမသည်ကြေညာသူလောဟုအမေးခံခဲ့ရသည်။ သူမက “ဟုတ်ကဲ့” ဟုဖြေဆိုခဲ့သည်။ သူမတွင်ကျမ်းစာသင်အံမှုရှိသလော။ “ရှိပါတယ်” ။ မည်မျှနည်း။ “ခုနစ်ခုပါ” ဟုဆယ်နှစ်သမီးလေးကပြန်ဖြေခဲ့သည်။
တမန်တော်ဝတ္ထုကျမ်းတွင် ကျွန်ုပ်တို့တစ်ချက်ဖတ်ရသည်မှာ ပထမရာစုအချိန်က “ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍တည်ဆောက်ခြင်းရှိကြ၏။ ဘုရားသခင် [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏အဆုံးအမ၌လည်းကောင်း မွေ့လျော်သောအားဖြင့်ပွားများကြ၏” ဟူ၍ဖြစ်သည်။ (တမန်တော် ၉:၃၁) ဤအခြေအနေသည်လည်း အာဖရိကရှိကျွန်ုပ်တို့၏ညီအစ်ကိုများအပေါ် ငြိမ်သက်မှုအချိန်ကာလပိုင်းကျရောက်ကြောင်းထင်ရှားခြင်းဖြစ်ရန် ကျွန်ုပ်တို့ဆုတောင်းပါသည်။ သူတို့တည်ဆောက်မှုဖြစ်ခြင်းအတွက် သူတို့နှင့်အတူကျွန်ုပ်တို့ဝမ်းမြောက်ကြပြီး သတင်းကောင်းပျံ့နှံ့ရန်နှင့် ဆက်လက်တိုးပွားကျယ်ပြန့်ရန်အတွက် သူတို့၏လွတ်လပ်မှုကိုအသုံးချနိုင်ရန် သူတို့အပေါ်သို့ယေဟောဝါ၏ဝိညာဉ်တော်သက်ရောက်ဖို့ ကျွန်ုပ်တို့ဆုတောင်းပါသည်။
[စာမျက်နှာ ၂၄ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယေဟောဝါသက်သေများ တရားဝင်အသိအမှတ်ပြုခံခဲ့ရသော သို့မဟုတ် ပိတ်ပင်မှုအောက်မှ လွတ်မြောက်ခဲ့သောနိုင်ငံများ
၁။ ဂမ်ဘီယာ၊ ၁၉၈၉ ဒီဇင်ဘာ
၂။ ဘီနင်၊ ၁၉၉၀ ဇန်နဝါရီ
၃။ ကိပ်ဗဒ် သမ္မတနိုင်ငံ၊ ၁၉၉၀ နိုဝင်ဘာ
၄။ မိုဇမ်ဘစ်၊ ၁၉၉၁ ဖေဖော်ဝါရီ
၅။ ဂါနာ၊ ၁၉၉၁ နိုဝင်ဘာ
၆။ အီသီယိုးပီးယား၊ ၁၉၉၁ နိုဝင်ဘာ
၇။ ကွန်ဂို၊ ၁၉၉၁ နိုဝင်ဘာ
၈။ နိုက်ဂျား၊ ၁၉၉၁ ဒီဇင်ဘာ
၉။ တိုဂို၊ ၁၉၉၁ ဒီဇင်ဘာ
၁၀။ ချာ့ဒ်၊ ၁၉၉၂ ဇန်နဝါရီ
၁၁။ ကင်ညာ၊ ၁၉၉၂ မတ်
၁၂။ အင်ဂိုလာ၊ ၁၉၉၂ ဧပြီ
၁၃။ ရဝမ်ဒါ၊ ၁၉၉၂ ဧပြီ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဘီနင်နိုင်ငံတွင် ကြေညာသူတစ်ဦးကသူ၏စကားပြောဗုံဖြင့်မဿဲ ၂၄:၁၄ ပါစာသားများကိုတီးခတ်ပြနေပုံ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အာဖရိကဒေသများစွာတွင်၊ စစ်မှန်သောခရစ်ယာန်တို့သည် မိမိတို့၏အသစ်တွေ့ရှိထားသည့်သမ္မာတရားကို ကောင်းစွာအသုံးချနေကြသည်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သက်သေခံအသစ်တို့သည်သူတို့၏ ယေဟောဝါထံဆက်ကပ်အပ်နှံမှုကိုရေနှစ်ခြင်းဖြင့်ပြသကြသည်