ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁ စာ. ၂၀-၂၃
  • ‘အကျွန်ုပ်ဗတ္တိဇံယူသင့်သလော’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အကျွန်ုပ်ဗတ္တိဇံယူသင့်သလော’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗတ္တိဇံယူခြင်းတွင် အဘယ်အရာများအကျုံးဝင်
  • မည်သူဗတ္တိဇံယူသင့်သနည်း
  • ‘အကျွန်ုပ်ငယ်ပါသေးသည်’
  • ‘အကျွန်ုပ်အသက်ကြီးလွန်းပြီ’
  • ‘ယခုတွင် ဗတ္တိဇံသည် သင့်အားကယ်တင်နေသည်’
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • လူငယ်တို့၊ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၁– နှစ်ခြင်းရဲ့ အဓိပ္ပာယ်
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁ စာ. ၂၀-၂၃

‘အကျွန်ုပ်ဗတ္တိဇံယူသင့်သလော’

လူ့အသက်တာဘဝတွင် ဆုံးဖြတ်စရာရှိရှိသမျှတွင် ‘အကျွန်ုပ်ဗတ္တိဇံယူသင့်သလော’ တမျှအရေးကြီးသည့်ဆုံးဖြတ်ချက်ရှိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။ အကြောင်းမူကား၊ ဤမေးခွန်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်သည် ကျွန်ုပ်တို့၏မျက်မှောက်ဘဝအသက်အတွက်သာမက ထာဝရအကျိုးဖြစ်ထွန်းမှုအတွက်ပါ တိုက်ရိုက်အကျိုးသက်ရောက်နေသောကြောင့်ဖြစ်သည်။

ဤဆုံးဖြတ်ချက်ကိုပြုရန် သင်အရေးကြုံနေသလော။ ယေဟောဝါသက်သေများနှင့် သင်ကျမ်းစာလေ့လာခဲ့သည်မှာ အတန်ကြာရှိနေမည်။ သို့မဟုတ် ငယ်စဉ်ကတည်းက သင့်မိဘများ ကျမ်းစာသွန်သင်ပေးခဲ့မည်။ ယခု အသင်ဘာပြုလုပ်ရမည်ကို ဆုံးဖြတ်ချက်ချစရာအကြောင်း ပေါ်နေမည်။ မှန်ကန်စွာဆုံးဖြတ်နိုင်ရန် ဗတ္တိဇံယူခြင်းတွင် အဘယ်အရာများအကျုံးဝင်သည်ကို သင်သဘောပေါက်ဖို့လိုပေမည်။ ထို့ပြင် မည်သူဗတ္တိဇံယူသင့်ကြောင်း သိဖို့လိုမည်။

ဗတ္တိဇံယူခြင်းတွင် အဘယ်အရာများအကျုံးဝင်

ဗတ္တိဇံသည် ထိမ်းမြားခြင်းကဲ့သို့ပင် ဆက်ဆံမှုတစ်ခုကို အတည်ပြုစေသည့်အခမ်းအနားတစ်ခုဖြစ်သည်။ ထိမ်းမြားမင်္ဂလာပွဲပြုရာတွင် ထိမ်းမြားသူ အမျိုးသား၊ အမျိုးသမီးတို့သည် ရင်းနှီးမှုရှိနှင့်ပြီးသားဖြစ်ကြသည်။ သူတို့နှစ်ဦး အိမ်ထောင်ပြုပေါင်းစည်းကြရန် နှစ်ကိုယ်ကြားဆုံးဖြတ်ပြီးသားကိစ္စကို လူသိရှင်ကြားဖြစ်စေရန်အတွက်သာ ထိမ်းမြားမင်္ဂလာပွဲကျင်းပခြင်းဖြစ်သည်။ ထိုမောင်နှံစုံအတွက် အခွင့်အလမ်းများအပြင် ဆောင်ရွက်စရာတာဝန်များလည်း ရှိစေသည်။

ဗတ္တိဇံလည်းဆင်တူယိုးမှားပင်။ သမ္မာကျမ်းစာကိုလေ့လာရာတွင် ကျွန်ုပ်တို့အတွက် မေတ္တာရှင်ယေဟောဝါပြုထားတော်မူသောအရာများအကြောင်း သိရှိလာရသည်။ ကျွန်ုပ်တို့အား အသက်ရှင်ခွင့်ကိုသာမကဘဲ ဆက်အသက်ရှင်နိုင်ရန် လိုအပ်လေသမျှကိုပေးထားကာ အပြစ်သားသည် ကိုယ်တော်နှင့်ဆက်ဆံမှုရှိစေနိုင်၍ ပရဒိသုမြေကြီးပေါ်ထာဝရအသက်ရနိုင်ရန် တစ်ပါးတည်းသောသားတော်ကိုပါ ပေးသနားထားတော်မူခဲ့ပြီ။ ယင်းတို့အကြောင်းစဉ်းစားမိလျှင် တစ်စုံတစ်ရာကိုပြုလုပ်ရန် လှုံ့ဆော်တိုက်တွန်းခံရသည်မဟုတ်လော။

အဘယ်အမှုကို လုပ်ဆောင်နိုင်မည်နည်း။ ဘုရားသခင်၏သားတော်ယေရှုခရစ် ပြောပြပါသည်။ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ့်ကိုယ်ကိုငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ (မဿဲ ၁၆:၂၄) မှန်ပါသည်။ ယေရှုခရစ်၏တပည့်များဖြစ်လာနိုင်သည်။ ကိုယ်တော်ကိုအတုယူကာ ခမည်းတော်ယေဟောဝါ၏အမှုရေးရာများကို ဆောင်ရွက်နိုင်ပါသည်။ သို့ရာတွင် ထိုသို့ပြုမူရန် ကိုယ့်ကိုယ်ကို ‘ငြင်းပယ်ဖို့’ လိုသည်။ ကိုယ့်အလိုထက် ဘုရားသခင့်အလိုတော်ကိုလိုက်ပါမည်ဟု ဆုံးဖြတ်ခြင်းကိုဆိုလိုသည်။ ယင်းအမှု၌ ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းငှာ မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ ကိုယ့်ကိုယ်တိုင် ဤသို့ဆုံးဖြတ်ခဲ့ခြင်းကို လူသိရှင်ကြားဖြစ်စေရန် အခမ်းအနားပြုရသည်။ ထိုအခမ်းအနားကား ရေ၌ဗတ္တိဇံယူခြင်းဖြစ်၍ ယင်းသည် ဘုရားသခင်ထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံခြင်း၏ အထိမ်းအမှတ်ဖြစ်သည်။

မည်သူဗတ္တိဇံယူသင့်သနည်း

‘သွား၍လူမျိုးတကာတို့ကို သင်တို့အား ငါပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးလျက် ငါ့တပည့်ဖြစ်စေပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးလော့’ ဟုတပည့်နောက်လိုက်များအား ယေရှုခရစ်မိန့်မှာခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဗတ္တိဇံယူနိုင်သူများသည် စိတ်နှလုံးရင့်ကျက်မှုအတော်အတန်ရှိရန်လိုအပ်ကြောင်း ထင်ရှားနေသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သူတို့လေ့လာခဲ့ခြင်းအားဖြင့် ယခင်ဘဝဟောင်းကို ‘နောင်တယူ၍ လှည့်လာရန်’ လိုအပ်ကြောင်း သူတို့သဘောပေါက်ခဲ့ကြပြီ။ (တမန်တော် ၃:၁၉) ထိုနောက် ယေရှုခရစ်ပြုတော်မူခဲ့သော ဧဝံဂေလိသတင်းဟောခြင်းလုပ်ငန်းကိုလုပ်ကိုင်ရန်လိုကြောင်း၊ သို့ဖြင့် တပည့်တော်များဖြစ်ရန်လိုကြောင်းကို သူတို့နားလည်လာကြပြီ။ ဤအမှုများသည် ဗတ္တိဇံယူသည့်အဆင့်မတိုင်မီ ဖြစ်ပျက်ခဲ့ပေပြီ။

သင့်ဝိညာဏတိုးတက်မှုတွင် ဤအဆင့်သို့ရောက်လာပြီလော။ ဘုရားသခင့်အမှုတော်ကို သင်ထမ်းဆောင်လိုသလော။ ထိုသို့ဆိုလျှင် တမန်တော် အခန်းကြီး ၈ တွင်မှတ်တမ်းတင်ထားသည့် အဲသယောပိအမတ်အကြောင်းကို ဆုတောင်းလျက်သုံးသပ်ပါ။ မေရှိယယေရှုနှင့်ပတ်သက်သော ပရောဖက်ပြုချက်များကို သူ့အားရှင်းပြပေးပြီးနောက် မိမိစိတ်နှလုံးကိုစစ်ဆေးကာ “အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟုမေးမြန်းခဲ့သည်။ ဆီးတားစရာအကြောင်းမရှိ၍လည်း ဗတ္တိဇံခံယူလေတော့သည်။—တမန်တော် ၈:၂၆-၃၈။

ယနေ့ “အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟူသည့်ထပ်တူမေးခွန်းကို မေးမြန်းသူများစွာရှိသည်။ ယင်းကြောင့် ၁၉၉၁ ခုနှစ်အတွင်း ဆက်ကပ်အပ်နှံထားသူလူသစ် ၃၀၀,၉၄၅ ယောက်ဗတ္တိဇံခံယူခဲ့သည်။ ယင်းသည် ယေဟောဝါ၏လူမျိုးအပေါင်းကို အလွန်အားရဝမ်းသာစေ၍ အသင်းတော်များရှိအကြီးအကဲများသည် အခြားစိတ်ထားမှန်ကန်သူတို့လည်း တိုးတက်ကြ၍ ဗတ္တိဇံယူနိုင်သည့်အရည်အချင်းများရှိလာနိုင်ရန် ကူညီပေးဖို့အသင့်ရှိကြပါသည်။

သို့ရာတွင် သင့်အသင်းတော်ရှိအကြီးအကဲများက ခေတ္တစောင့်ဆိုင်းရန် သင့်အားအကြံပြုကောင်းပြုမည်။ သို့မဟုတ် သင်သည် လူငယ်တစ်ဦးဖြစ်ပါက သင့်မိဘများက နေပါဦးဟု ညွှန်ကြားမည်။ ထိုအခါ မည်သို့ပြုမည်နည်း။ စိတ်ဓာတ်မကျပါနှင့်။ အမြင့်မြတ်ဆုံးအရှင်နှင့် နှစ်ကိုယ်ကြားဆက်ဆံမှုရှိလာခြင်းသည် အလွန်အရေးပါသောကိစ္စဖြစ်ကြောင်း စွဲမှတ်ထားပါ။ မြင့်မားသောစံချိန်များကိုမီ၍ အမြဲကြိုးစားနေရမည်။ ထိုကြောင့်သင်ရရှိသည့်အကြံပြုချက်များကိုနာယူကာ စိတ်ရောကိုယ်ပါလိုက်နာကျင့်သုံးပါ။ အကြောင်းပြချက်များကို ကောင်းစွာသဘောမပေါက်နိုင်လျှင် မရှက်ပါနှင့်။ အသင်ဘာလုပ်ရန်လိုသည်ကို သိရှိနားလည်သည်အထိ မေးခွန်းများမေးမြန်းပါ။

တစ်ဖက်ကကြည့်ပြန်လျှင် အချို့သူများသည် ဗတ္တိဇံယူရန် တွန့်ဆုတ်နေကြမည်။ အသင်လည်း ထိုလူတန်းစားအဝင်တစ်ဦးလော။ ဆက်ကပ်အပ်နှံ၊ ဗတ္တိဇံမယူနိုင်သေးသည့် အကြောင်းပြချက်ကောင်းများရှိရမည်။ သို့သော်အသင်သည် အရည်အချင်းရှိလျက်နှင့် ဆိုင်းငံ့နေမည်ဆိုလျှင် “အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ကိုယ်ကိုယ်ကိုမေးသင့်ပါသည်။ ယေဟောဝါနှင့်နှစ်ကိုယ်ကြားဆက်ဆံမှုရှိရန် ကိုယ်တော်ဖိတ်ခေါ်ထားလျက်နှင့် ရက်ရွှေ့နေရန် အကြောင်းကောင်းရှိမရှိ သင့်အခြေအနေကို ဆုတောင်းကာ စစ်ဆေးသုံးသပ်ကြည့်ပါ။

‘အကျွန်ုပ်ငယ်ပါသေးသည်’

သင်သည် လူငယ်တစ်ဦးဖြစ်ပါက ‘အကျွန်ုပ်ငယ်ပါသေးသည်’ ဟုထင်မှတ်နေမည်။ လူငယ်များသည် နာခံမှုရှိရှိ၊ ခရစ်ယာန်မိဘများစကားကိုလိုက်နာမည်၊ ကျမ်းစာမူများကို အတတ်နိုင်ဆုံးကျင့်သုံးနေမည်ဆိုလျှင် ယေဟောဝါကသူတို့အား “သန့်ရှင်းသည်” ဟုယူမှတ်လိမ့်မည်ကား မှန်သည်။ ဖြောင့်မတ်သောမိဘများခံစားရသော ဘုရားသခင့်မျက်နှာသာတော်သည် မှီခိုနေသောသားသမီးများထံသက်ရောက်သည်ဟု သမ္မာကျမ်းစာဆိုသည်။ (၁ ကောရိန္သု ၇:၁၄) သို့ရာတွင်ဤမှီခိုရသောအရွယ်သည် အဘယ်အချိန်အထိဖြစ်ကြောင်းကိုကား သမ္မာကျမ်းစာမဖော်ပြပါ။ ထိုကြောင့် ‘အကျွန်ုပ်ဗတ္တိဇံယူသင့်သလော’ ဟုခရစ်ယာန်လူငယ်များ အလေးအနက်သုံးသပ်ကြည့်ရန် အရေးကြီးပါသည်။

‘အသက်ပျိုစဉ်အခါတွင် သင့်ဖန်ဆင်းရှင်ကိုအောက်မေ့လော့’ ဟုလူငယ်များအား သမ္မာကျမ်းစာတိုက်တွန်းထားပါသည်။ (ဒေသနာ ၁၂:၁) ယင်းနှင့်စပ်လျဉ်း၍ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အမှုတော်ကိုဆောင်ရွက်ခဲ့သော” သူငယ်ရှမွေလဥပမာရှိသည်။ ငယ်သောအရွယ်မှစ၍ မိခင်နှင့်အဖွားတို့၏သွန်သင်မှုကြောင့် သမ္မာတရားကိုနှလုံးပိုက်ကျုံးခဲ့သူ တိမောသေ၏ဥပမာလည်းရှိသည်။—၁ ဓမ္မရာဇဝင် ၂:၁၈။ ၂ တိမောသေ ၁:၅။ ၃:၁၄၊ ၁၅။

ယနေ့လည်း လူငယ်အမြောက်အမြားသည် ယေဟောဝါအမှုတော်ထမ်းရန် မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံခဲ့ကြပြီ။ လုပ်ငန်းတော်အစည်းအဝေးတွင် ကြားနာခဲ့သည့်အကြောင်းတစ်ချက်ကြောင့် ဗတ္တိဇံယူရန်ဆုံးဖြတ်လိုက်ဖို့ သူ့အားတိုက်တွန်းခဲ့ကြောင်း ၁၅ နှစ်အရွယ်၊ အာကီဖူစာက ပြောပြသည်။ အယူမီသည် ဆယ်နှစ်အရွယ်တွင်နှစ်ခြင်းခံခဲ့သည်။ သူမသည် ယေဟောဝါကိုအမှန်တကယ်ချစ်မြတ်နိုးလာသောကြောင့် ကိုယ်တော်၏အမှုဆောင်လိုသည်။ ယခုသူမသည် ၁၃ နှစ်ရှိကာ သူမ၏ကျမ်းစာသင်သားလည်း ယေဟောဝါကိုချစ်မြတ်နိုးလာကာ ၁၂ နှစ်အရွယ်တွင် နှစ်ခြင်းခံလာသည့်အတွေ့အကြုံကို ခံစားရသည်။ အယူမီ၏မောင် ဟီကာရူသည် ဆယ်နှစ်အရွယ်တွင်နှစ်ခြင်းခံခဲ့သည်။ သူက “ကျွန်တော်သိပ်ငယ်သေးတယ်လို့ တစ်ချို့ကပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ဘယ်လိုခံစားရတယ်ဆိုတာ ယေဟောဝါသိပါတယ်။ ကျွန်တော်ဟာ ကိုယ်တော်ကို ကျွန်တော့်မှာရှိသမျှနဲ့အမှုဆောင်ဖို့ဆက်ကပ်ရန်ဆုံးဖြတ်ပြီးတာနဲ့ နှစ်ခြင်းခံဖို့စိတ်ပိုင်းဖြတ်ပြီးဖြစ်ပါတယ်။

မိဘများ၏ပုံသက်သေသည်လည်း အထောက်အကူပြုကြောင်း ညီအစ်မငယ်တစ်ဦး၏တွေ့ကြုံမှုကတင်ပြပါသည်။ ဖခင်ဖြစ်သူက ဤညီအစ်မငယ်၊ သူ့မောင်လေးနှင့်ညီမလေးတို့အား သမ္မာကျမ်းစာမသင်ပေးရန် မိခင်အားတားဆီးပိတ်ပင်ခဲ့သည်။ သူတို့ကိုရိုက်၍ စာအုပ်စာတမ်းများကိုမီးရှို့ ပါသည်။ သို့သော်မိခင်၏ခံနိုင်ရည်နှင့်ယုံကြည်ခြင်းကြောင့် သားသမီးများသည် ယေဟောဝါဘုရားသခင့်အမှုတော်ဆောင်ခြင်းသည် အရေးကြီးကြောင်း သဘောပေါက်ကြသည်။ ဤလုံမလေးသည် ၁၃ နှစ်အရွယ်တွင်ဗတ္တိဇံယူခဲ့၍ မောင်လေးနှင့်ညီမလေးတို့လည်း ထပ်တူပင်ပြုမူခဲ့ပြီ။

‘အကျွန်ုပ်အသက်ကြီးလွန်းပြီ’

ဆာလံဆရာက “လူအိုနှင့်လူကလေးများတို့ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုချီးမွမ်းကြလော့” ဟုဆိုသည်။ (ဆာလံ ၁၄၈:၁၂၊ ၁၃) မှန်ပါသည်။ လူကြီးများလည်း ယေဟောဝါဘက်နေရန်လိုကြောင်း အသိအမှတ်ပြုကြရမည်။ သို့ရာတွင်အသက်ကြီးရင့်သူအချို့က အပြောင်းအလဲပြုရခြင်းကို ရှောင်လိုကြသည်။ “ခွေး ကြီးမှ လက်ပေးသင်၍မရ” ဟုသူတို့ယူဆကြသည်။ သို့သော်ယေဟောဝါဘုရားသခင်က အာဗြဟံအား “သင်နေသောပြည်နှင့်တကွ အမျိုးသားချင်းများထဲကထွက်ပြီးလျှင် ငါပြလတ္တံ့သောပြည်သို့သွားလော့’ ဟုမှာကြားခဲ့စဉ်က ဤသစ္စာရှိသူသည် ၇၅ နှစ်ရှိနေပြီကိုသတိရပါ။ (တမန်တော် ၇:၃။ ကမ္ဘာဦး ၁၂:၁၊ ၄) “ငါ၏လူ . . . တို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်” လော့ဟုယေဟောဝါအမိန့်ပေးခဲ့ချိန်တွင် မောရှေသည် အသက် ၈၀ ရှိနေပြီ။ (ထွက်မြောက်ရာ ၃:၁၀) ယေဟောဝါကိုချစ်ကြောင်း၊ သူတို့သည် အမှန်ဆက်ကပ်အပ်နှံထားသူများဖြစ်ကြောင်း သက်သေတင်ပြကြရန် မှာကြားခံကြရစဉ် ဤသူများနှင့်အခြားသူတို့ပါ အခြေကျနေပြီဖြစ်သည်။ သို့သော် ယေဟောဝါ၏မိန့်မှာချက်အတိုင်းပြုမူရန် မတုံ့ဆိုင်းခဲ့ကြပါ။

ယနေ့ကော။ သမ္မာကျမ်းစာကိုစလေ့လာချိန်တွင် ရှီဇူးမီးသည် ၇၈ နှစ်တိုင်ဗာဗုလုန်ဘာသာဝင်တစ်ဦးဖြစ်ခဲ့သည်။ သူ၏မိသားစုက သူ့အားအတိုက်အခံပြုခဲ့ရာ အိမ်ထဲတွင်ပင် ကျမ်းစာလေ့လာခွင့်မပြုခဲ့ပါ။ တစ်နှစ်တည်းတွင်ပင် ယေဟောဝါထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံဖို့လိုကြောင်း သဘောပေါက်ခဲ့၍ ဗတ္တိဇံယူခဲ့သည်။ အဘယ်ကြောင့်ပြုပြင်ပြောင်းလဲခဲ့သနည်း။ “ဗာဗုလုန်ဘာသာရဲ့လှည့်စားမှုကို နှစ်ချီပြီးခံခဲ့ရတယ်။ ယေဟောဝါမှသမ္မာတရားကို ထာဝစဉ်ဆက်ခံစားချင်တယ်” ဟုပြောပြပါသည်။

‘ယခုတွင် ဗတ္တိဇံသည် သင့်အားကယ်တင်နေသည်’

အချိန်သည် အလျင်အမြန်ကုန်ခမ်းနေပြီ။ သင်ကိုယ်တိုင်အပါအဝင် လူတို့သည် သေရေးရှင်ရေးကိုကြုံနေကြသည်။ ထိုကြောင့်ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ယင်းကို ရေ၌ဗတ္တိဇံယူခြင်းအားဖြင့်တင်ပြကြရန် အလေးအနက်စဉ်းစားကြဖို့ အလွန်အရေးကြီးနေပြီ။ “ထိုသို့သောဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် . . . ငါတို့ကိုကယ်တင်တတ်၏” ဟုဆိုကာ ယင်းကိုတမန်တော်ပေတရုအလေးအနက်ဖော်ပြခဲ့သည်။ ဗတ္တိဇံသည် “ကိုယ်ကာယ၏အညစ်အကြေးဆေးကြောခြင်းကိုမဆိုလို။ (ဗတ္တိဇံယူရန် အရည်အချင်းမပြည့်မီကတည်းက ထိုသို့ပြုခဲ့ပြီးသားဖြစ်မည်။) ကိုယ့်ကိုယ်ကိုသိသောစိတ်ကြည်လင်၍ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကိုဆိုလိုသတည်း” ဟုသူဆက်၍ရှင်းပြပါသည်။—၁ ပေတရု ၃:၂၁။

ယေဟောဝါတောင်းခံထားသည့်အရည်အချင်းများရှိနေသဖြင့် ဗတ္တိဇံခံယူပြီးသောတပည့်တစ်ဦးသည် ကြည်လင်သောသြတ္တပ္ပစိတ်ကို ပိုင်ဆိုင်ပေပြီ။ ယေဟောဝါအမှုတော်တွင် အတတ်နိုင်ဆုံးဆက်ကြိုးစားခြင်းအားဖြင့် စိတ်တည်ငြိမ်မှုနှင့်တင်းတိမ်ရောင့်ရဲမှုကို သူခံစားရသည်။ (ယာကုပ် ၁:၂၅) ထိုထက်မက လာမည့်စနစ်သစ်တွင် ယေဟောဝါထံတော်မှကောင်းချီးများကိုအဆက်မပြတ်ခံစားရရန် စိတ်ချလက်ချမျှော်လင့်နိုင်ပါသည်။ ‘အကျွန်ုပ်ဗတ္တိဇံယူသင့်သလော’ ဟူသည့်မေးခွန်းကို အပြုသဘောပါစွာ သင်တုံ့ပြန်ဖြေဆိုရာတွင် ထိုအတိုင်းပင် သင့်အဖို့ဖြစ်ပါလေစေ။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သူငယ်အဖြစ် ယေဟောဝါရှေ့မှောက်ရှမွေလအမှုထမ်းခဲ့

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယေဟောဝါ မောရှေအား တာဝန်အပ်နှင်းခဲ့ချိန်တွင်သူသည် အသက် ၈၀ ရှိပြီ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယနေ့ဘုရားသခင့်စနစ်သစ်တွင် ကောင်းချီးများအဆက်မပြတ်ခံစားရရန် ဗတ္တိဇံယူသူ လူကြီးလူငယ်တို့မျှော်လင့်နိုင်ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ