ချီလီတောင်ပိုင်းတွင် ဘုရားနိုင်ငံတော် မျိုးစေ့ကြဲရန် စိန်ခေါ်ချက်
ချီလီတောင်ပိုင်းရှိ ဆိတ်ငြိမ်သောကျေးလက်တစ်ခု၏ လမ်းပေါ်တွင်လျှောက်နေရခြင်းသည် မည်မျှ စိတ်ချမ်းမြေ့ဖွယ်ပါတကား။ နွားများသည် နှင်းများဖုံးအုပ်နေသောမီးတောင်တစ်ဘက်ရှိ သစ်ပင်များတန်းစီစိုက်ထားသောလယ်ကွက်တွင် အစာစားလျက်ရှိသည်။ ငှက်များ၏အသံနှင့် လေပြည်လေညင်းတွင် သစ်ရွက်များပွတ်တိုက်နေသံကိုလည်းကြားနိုင်သည်။ ထိုသို့သောစွဲမက်ဖွယ်ဝန်းကျင်ရှိသော်လည်း ဘုရားနိုင်ငံတော်မျိုးစေ့ကြဲသူများအတွက် ဤတွင်စိန်ခေါ်ချက်များရှိလေသည်။
ကျွန်ုပ်တို့၏ရှေ့ဆောင်အချို့ သို့မဟုတ် အချိန်ပြည့်ဘုရားနိုင်ငံတော်ဟောပြောသူအချို့ကို သင်တွေ့ဆုံလိုပါသလော။ သူတို့သတင်းကောင်းကြေညာစဉ် သူတို့နှင့်တစ်ရက်နှစ်ရက်ခန့်လိုက်သွားလျှင် မကောင်းပေလော။ ဦးစွာ၊ ချီလီတောင်ပိုင်းတွင် တစ်နေ့တာပျော်ရွှင်ဖွယ်နှင့် စိန်ခေါ်ချက်များအကြောင်း ဂျိမ်းနှင့်အော်စကာပြောပြသည်ကို နားထောင်ကြပါစို့။
ဟောပြောခြင်းလုပ်ငန်းတွင် တစ်နေ့တာ
“ကျွန်ုပ်တို့လှုပ်လှုပ်ရွရွဖြစ်လာပြီး ကျွန်ုပ်တို့၏အိမ်လေးထဲသို့ ထိုးဖောက်ရောက်ရှိနေသော အအေးဒဏ်ကိုသတိပြုမိသည်။ သိုးမွှေးခြေစွပ်ကိုဝတ်ထားလျက် ခေါင်းစွပ်,စွပ်ထားဆဲ အော်စကာသည် သူ၏အိပ်ရာထဲမှကုန်းထလိုက်သည်။ သူသည်ထင်းမီးဖိုကိုမီးမွှေးပြီး၊ အခန်းထဲမှ အအေးကိုထုတ်ပစ်ရန် အပူပေးဂက်စ်လေးတစ်ခုကို မီးထွန်းညှိကာ သူ၏နွေးထွေးသော အိပ်ရာသို့ပြန်ဦးလှည့်သွားသည်။ အပြင်ဘက်တွင်မှောင်နေဆဲဖြစ်ပြီး၊ တစ်ညလုံးမိုးရွာနေသံကို ကျွန်ုပ်တို့ကြားနိုင်သည်။ ကျွန်ုပ်တို့ပြတင်းပေါက်အပြင်သို့ကြည့်လိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကြသည်။ အိုး၊ ဒီတစ်နေ့တော့နားလိုက်ရင် ဘယ်လောက်ကောင်းလိုက်လေမလဲ။ သို့သော်ဤနေ့အတွက်အစီအစဉ်များနှင့် ယမန်နှစ်ကလုံးဝမရောက်ခဲ့သော သီးခြားရပ်ကွက်၌အမှုဆောင်ရန်လိုအပ်ပုံများကို ကျွန်တော်တို့သတိရလာသည်။ အလုပ်စရန် လှုံ့ဆော်မှုဖြစ်လေသည်။
“ရှစ်နာရီမထိုးမီလမ်းတွင်သွားစဉ် တစ်ယောက်ယောက်သည် ကားကြုံလိုက်ရန်ခေါ်လေမလား သို့မဟုတ် ဘတ်စ်ကားလာလေမလားဟုမျှော်လင့်လျက် ကျွန်ုပ်တို့ခြေလှမ်းသွက်သွက် လှမ်းကြသည်။ ကျွန်ုပ်တို့ရပ်ကွက်ရှိ သီးခြားဖြစ်နေသောအိမ်များနှင့် ရွာငယ်လေးသို့သွားသော လမ်းကြားသို့အမြန်ရောက်ရန်ဖြစ်သည်။ အလုပ်သမားအချို့ပါလာသော နောက်တွဲဆွဲလာသည့် ထွန်စက်တစ်စီးလာနေပေပြီ။ ဒရိုင်ဘာသည်ရပ်၍ ကျွန်တော်တို့အားအပေါ်သို့တက်စေသည်။ ယနေ့တွင် ခါတိုင်းကဲ့သို့ ဖုံထုကြီးထဲတွင် ခရီးမသွားရသောကြောင့် ကျွန်ုပ်တို့ပျော်ကြပြီး၊ မနေ့ညမိုးကို ကျေးဇူးတင်မိသည်။ လမ်း၌သွားရင်း စိုက်ပျိုးရေးလုပ်သားများကို သတင်းကောင်းဝေမျှခဲ့သည်။ ဆင်းရန်အချိန်ရောက်သောအခါ သူတို့ကိုမဂ္ဂဇင်းအချို့ ပေးလိုက်ခဲ့သည်။ ထိုသို့စီးရသည့်အတွက် ခုနစ်မိုင်လမ်းလျှောက်ရန် သက်သာသွားရ၍ ကျွန်ုပ်တို့အထူးဝမ်းမြောက်မိကြပါသည်။
“ကျေးလက်တွင်အနှံ့သွားကာ ထိုက်တန်သူကိုရှာဖွေရင်း ယင်းနေ့သည်ရှည်လျားပေဦးမည်။ ကျွန်ုပ်တို့ရပ်ကွက်တွင် အစပြုခဲ့စဉ်ကလူများသည် ကျွန်ုပ်တို့ဟောပြောသည်ကို သဘောတူသော်လည်း အဘယ်ကြောင့်ကျမ်းစာ စာပေများယူရန်တွန့်ဆုတ်သည်ကို ကျွန်ုပ်တို့နားမလည်နိုင်ခဲ့ချေ။ အများအားဖြင့် သူတို့သည်စာမဖတ်တတ်၍ဖြစ်သည်ကို ကျွန်ုပ်တို့သိရှိလာသည်။ ထို့ကြောင့်ကျွန်ုပ်တို့၏စာပေများသည် သူတို့၏ကလေးများနှင့် ဆွေမျိုးများအတွက် ထူးမြတ်လှသောဆုကျေးဇူးဖြစ်ပြီး၊ သူတို့မှတစ်ဆင့်စာအုပ်တွင်ပါသည်များကို ပြောပြခိုင်းနိုင်ကြောင်း ညွှန်ပြသောအခါ အကျိုးရှိကြောင်းတွေ့ရသည်။ ကျွန်ုပ်တို့ဟောပြောသောသူအများသည် ဤလောကပစ္စည်းအရ သိပ်မရှိကြချေ။ သို့သော်သူတို့သည် မိမိတို့၌ရှိသည်ကို ဝေမျှလိုသောကြောင့် ကျမ်းစာ စာပေများရရှိသောအခါ သူတို့သည်အများအားဖြင့် ကျွန်ုပ်တို့အား ကြက်ဥ၊ အာလူး၊ မုံလာဥနီ၊ ကြက်သွန်၊ ပဲတောင့်၊ ပဲစသည်တို့ ပေးခဲ့ကြသည်။
အိမ်ရှင်တစ်ဦးသည် သူ့ကိုပေးသောကျမ်းစာ,စာပေများအတွက် လှူဒါန်းလိုသောအခါ ဂျိမ်း၌အကြံပြုစရာများရှိလေသည်။ အဘယ်ကြောင့်နည်း။ တစ်ခါကရှေ့ဆောင်များသည် ဟင်းသီးဟင်းရွက် ၈ ပိဿာနှင့်သူ့အဖော်စာအုပ်အိတ်ထဲတွင် ကြက်အရှင်တစ်ကောင်ကို နေ့ပိုင်းလင်းနေသည့်အချိန်တွင် သယ်လာခဲ့သည်။ ဂျိမ်းကအများအားဖြင့် ငရုပ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့်ချက်သည့် မယ်ကွင်း ဟင်းကိုအကြံပြုလေ့ရှိသည်။ ဆက်၍ဆိုသည်ကား—
“လယ်ကွင်းများကိုဖြတ်ကျော်၍ ကျွန်ုပ်တို့သည် မပွတ်ချ် [“ဤနယ်မြေလူများ” ဟုအဓိပ္ပာယ်ရ] တိုင်းရင်းသားများ၏ ရူကပ်စ် [အိမ်များ] အချို့သို့ရောက်ရှိလာသည်။ လူကြီးပိုင်းနှင့် စကားပြောရန်ခက်ခဲသည်။ အများသည် သူတို့၏ တိုင်းရင်းစကားကိုသာပြောသောကြောင့်ဖြစ်သည်။ အနားတွင် လူငယ်များရှိခဲ့သော် သူတို့သည်အများအားဖြင့် ဘာသာပြန်ပေးလေ့ရှိသည်။ ကျေးလက်ဒေသ၏ အတွင်းကျကျအပိုင်းသို့ ကျွန်ုပ်တို့ရောက်သောအခါ သမ္မာကျမ်းစာတစ်ခါမျှမမြင်ဘူးသော သို့မဟုတ် ဒေသမြို့တော် တင်မူကို ကဲ့သို့သောမြို့ကြီးများသို့ မလည်ပတ်ရသေးသောသူများကိုတွေ့ခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ့အခြေအနေများသည် မည်မျှယိုယွင်းနေကြောင်း သူတို့သဘောပေါက်ရန်ကူညီပေးရာ၌ စိန်ခေါ်ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည်ယင်းကို အဆင့်ဆင့်ရှင်းပြရသည်။ ဒေသခံပြဿနာများသည် အခြားနေရာတွင်ဖြစ်ပျက်နေသည်များကို ရောင်ပြန်ကြောင်းပြသရသည်။
“နေ့ကုန်လာသည်နှင့်အမျှ၊ ကျွန်ုပ်တို့၏နွမ်းလျနေသော ခြေများသည်နားရန် တောင်းဆိုလာသည်။ ရာသီဥတုသည် ပူပြင်းလိုက်၊ ထီးများသုံး၍မရနိုင်လောက်အောင် မိုးသည်းထန်လိုက်နှင့် ပြောင်းလဲနေခဲ့သည်။ မကြာသေးမီက ထွန်ထားသောလယ်ကွက်များသည် ကျွန်ုပ်တို့၏ဘွတ်ဖိနပ်များအား ရွှံ့များဖြင့်ကပ်စေခဲ့သည်။ ကျွန်ုပ်တို့သည် ပေ့စ်နိုမတ်စ် (အထဲကိုဝင်လာပါ) ဟူသည့်စကားကိုကြားလျှင် ကျေးဇူးတင်စွာဖြင့် မီးဖိုချောင်ထဲသို့ဝင်ကာ ထင်းမီးဖို၏နွေးထွေးမှုကိုခံစားလျက်၊ စပါးမျိုးမှဖောက်ထားသော ‘ကော်ဖီ’ တစ်ခွက်၊ အိမ်သုံးချိစ်ဒိန်ခဲနှင့် အိမ်လုပ်လတ်ဆတ်သော ပေါင်မုန့်ကိုစားသောက်ကြသည်။ ထိုလတ်ဆတ်သောပေါင်မုန့်အနံ့သည် ချိုဆိမ့်လှပါသည်တကား။
“အားသစ်များပြည့်လျက် ကျွန်ုပ်တို့သည်ညနေပိုင်းအထိ ဆက်ကြကာ၊ ခြံစည်းရိုးကာခဲသော လယ်ကွင်းများကို ဖြတ်ကျော်လျက် ပီကာ-ပီကာ ဟုခေါ်သော ပန်းပွင့်ဝါများပွင့်သည့် အမြဲစိမ်းလန်းနေသော အပင်ပုလေးများ ကာရံထားသည့် ဂျုံကွင်းအချို့ကိုလည်းသင်တွေ့နိုင်သည်။ နေသည်မကြာမီဝင်တော့မည်မို့ ကျွန်ုပ်တို့သည် မြို့သို့ပြန်သော နောက်ဆုံးဘတ်စ်ကားကိုမီရန် နောက်လမ်းမကြီးတစ်ခုသို့ ရောက်အောင်သွားရမည်။ သို့နှင့် ၁၂ မိုင်ခြေလျင်ခရီးသည် မြန်မြန်ပြီးဆုံးသွားမည်။
“ကျွန်တော်တို့သည် မောပန်းသော်လည်း သိုးကဲ့သို့သူများနှင့် ရွှင်လန်းဖွယ်စကားများစွာပြောခဲ့ရသောကြောင့် ပျော်ရွှင်စွာဖြင့်အိမ်သို့ ဘေးမသီရန်မခဘဲ ပြန်ရောက်လာသည်။ စားသောက်ကြပြီး၊ ကျွန်တော်တို့သည် တစ်နေ့တာအကြောင်း နောက်ကြောင်းပြန်ကာ နွမ်းလျလျက်အိပ်ရာဝင်ကြသည်။”
ချီလိုသို့လည်ပတ်ခြင်း
ချီလိုကျွန်းစုသည် ကျွန်းငယ်လေးအတော်များများ ပေါင်းစည်းထားသည်။ ယင်း၏ကျွန်းမသည် ၁၁၀ မိုင်ရှည်လျားပြီး၊ အိုင်ငယ်များနှင့်ခြားထားသည့် စိမ်းလန်းသောတောင်ကုန်းများတည်ရှိသည်။ သွားသည့်နေရာတိုင်းတွင် ချမ်းမြေ့ဖွယ်ပင်လယ်ကမ်းခြေရှုခင်းများနှင့် နှစ်လိုဖွယ်တံငါရွာများကို သင်မြင်တွေ့နိုင်သည်။
ကျွန်းမကြီးအလွန် အခါအိုမြို့တွင် ရုဗင်နှင့်စစီလီယာတို့ကို ကျွန်တော်တို့တွေ့ရသည်။ ၁၉၈၈ မတ်လတွင်သူတို့ရောက်လာစဉ် နယ်ခံဓမ္မဆရာကလူများအား ‘ကျွန်းတစ်ခုလုံးကိုလျှောက်၍ သမ္မာကျမ်းစာအကြောင်း ဟောပြောနေသောအတွဲကို နားမထောင်ရန် သတိပေးခဲ့သည်။’ သူ၏အပြောကြောင့် အချို့၏စိတ်နှလုံးကို ပိတ်ခဲ့သော်လည်း အခြားသူများ၏စူးစမ်းလိုမှုကို နှိုးဆွပေးခဲ့သည်။ မကြာမီပင် ရုဗင်နှင့်စစီလီယာတို့သည် သင်အံမှု ၂၈ ခုကျင်းပလျက်ရှိခဲ့ကြသည်။ သင်အံမှုအများသည် ကျောင်းဆရာများနှင့်ဖြစ်၍ လေးဦးမှာ သူတို့၏ကျောင်းတွင် ဘာသာရေးပို့ချရန် ကင်းမျှော်စင်စာပေများဖြစ်သော “ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” နှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင် ကိုသင်ကြသည်။
တစ်နေ့လျှင် ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်မိုင် ၂၀ လျှောက်သော ဤကြိုးပမ်းသည့်ရှေ့ဆောင်များကို ယေဟောဝါစောင့်ရှောက်တော်မူ၏။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) တစ်နေ့တွင် ရုဗင်နှင့်စစီလီယာတို့သည် ကမ်းခြေရှိလမ်းလေးတွင် လျှောက်နေကြစဉ် ဒီရေကျသွားသောအခါ ချိုရီတော့စ် (ခုံး သို့မဟုတ် ဂုံးကောင်တစ်မျိုး) များစွာတွေ့ကြသည်။ ရုဗင်ကစကောက်သည်။ သို့သော်မည်သို့ အိမ်ကိုသယ်မည်နည်း။ စစီလီယာက ယင်းပြဿနာကိုဖြေရှင်းလိုက်သည်။ သူ၏ခြေအိတ်ရှည်သည် အိတ်ဖြစ်သွားခဲ့သည်။ ယခုရှေ့ဆောင်များသည် အရသာရှိလှသည့် ပင်လယ်ဟင်းချက်ရန် ရရှိနေပေပြီ။
အခါအိုမြောက်ဘက်လေးတွင် အထူးရှေ့ဆောင်များဟုသိကြသော အချိန်ပြည့်ဟောပြောသူနှစ်ဦးသည် လီနာအိုရှိအသင်းတော်ငယ်လေးနှင့် ပေါင်းသင်းနေကြသည်။ ထိုတွင်ဟောပြောခြင်းသည် ၁၉၆၈ တွင်အစပြုခဲ့ပြီး၊ လီနာအိုရှိဦးဆုံး ယေဟောဝါသက်သေခံသည် ၁၉၇၀ တွင်နှစ်ခြင်းခံခဲ့သည်။ လေးနှစ်လုံးလုံး ဤညီအစ်ကိုသည် ဟောပြောခြင်းလုပ်ငန်းတွင် တစ်ဦးတည်းဖြစ်ကာ အိမ်သားများနှင့် အပေါင်းအသင်းများထံမှ ပျက်ရယ်ပြုခံခဲ့ရသည်။ နောက်ဆုံးတွင်၊ ၁၉၇၄ ၌သူ၏ဇနီးသည် သမ္မာတရားကိုတုံ့ပြန်ခဲ့ပြီး နှစ်ခြင်းခံခဲ့သည်။ ထိုနောက်ဆက်တိုက်ပင် သွေးသားညီအစ်ကိုလေးဦး၊ ညီအစ်မလေးဦး၊ ဘကြီးလေးဦး၊ တူခြောက်ယောက်၊ သားမက်တစ်ဦးနှင့် သူ၏ဇနီးနှစ်ခြင်းခံကြသည်။ ထိုတွင်ဖွဲ့စည်းထားသောအသင်းတော်သည် မိသားစုကြီးတစ်ခုဖြစ်သည်။ အချိန်တန်သော်၊ ညီအစ်ကိုငါးဦးမှ သုံးဦးသည်အကြီးအကဲအဖြစ်နှင့် တစ်ဦးသည်ဓမ္မအမှုထမ်းအဖြစ် စတင်အမှုထမ်းကြသည်။
လူ့ဝစ်နှင့်ဂျူအန်သည် လီနာအိုမှမိုင် ၂၀ ဝေးသောမြို့ငယ်လေးဖြစ်သော ကွင်ချီတွင်ဘုရားနိုင်ငံတော်မျိုးစေ့ကြဲခြင်းကို စူးစိုက်နေသော အချိန်ပြည့်ဟောပြောသူများဖြစ်သည်။ နေ့စဉ်ပင်၊ သူတို့သည်ခြံစည်းရိုးများကိုကျော်တက်ခြင်း၊ ထူထဲသောအပင်များရှိကွင်းများကို ဖြတ်ကျော်ခြင်း၊ တောင်ကုန်းများတက်ဆင်းလျက် လေနှင့်မိုးသည်အမြဲအဖော်များဖြစ်ကြသည်။ သူတို့သည်အနီးအပါးရှိကျွန်းများသို့ရောက်ရန် ချီလိုကျွန်းသို့ တစ်ပတ်လျှင်တစ်ကြိမ်နှစ်ကြိမ်သွားသော မော်တော်ဘုတ်များကို စီးကြသည်။ သူတို့သည်ကျွန်းတစ်ကျွန်းတွင် ရက်အတန်ကြာနေကြသည်။ ကျွန်းများသို့သွားလာရာတွင် ပင်လယ်မကျွမ်းသူကို အနည်းငယ်အော့အန်စေသည်။ သို့သော်ကျွန်းသားများ၏ ဧည့်ဝတ်နှင့်ကြင်နာမှုကသွားရကျိုးနပ်စေသည်။ လူ့ဝစ်၊ ဂျူအန်တို့နှင့် နောက်ကြေညာသူတစ်ဦး ပူးပေါင်းလာပြီး၊ သူတို့သည်သူတို့ရပ်ကွက်ရှိ နေထိုင်သူ ၁၁,၅၀၀ များထံရောက်ရှိရန် ကြိုးပမ်းကြသည်။ တိုးတက်မှုနှုန်းနှေးသော်လည်း လူ့ဝစ်နှင့်ဂျူအန်သည် ၁၉၈၉ အောက်မေ့ရာပွဲတော်၌ ၃၆ ဦးတက်ရောက်သည့်အတွက် အလွန်ဝမ်းမြောက်ကြသည်။
ကျွန်းမသို့ပြန်ခြင်း
မြောက်ဘက်သို့ဆက်သွားပြန်ရာ၊ ကျွန်ုပ်တို့သည်ရေလက်ကြားကို ဖြတ်ကျော်ကာ ကျွန်းမသို့ရောက်လေသည်။ ဤဒေသတွင်၊ ရှေ့ဆောင်များဖြစ်သော ရေမွန်နှင့်အိုင်ရင်းတို့သည် မောလင်း၊ ကရယ်မပူနှင့် ပါဂွာရှိသီးခြားအုပ်စုများအပါအဝင် ကြီးမားလှသောရပ်ကွက်ကြီးကို လုပ်ဆောင်နေကြသည်။ ချီလိုရှိသက်သေခံများသည် တစ်နာရီခန့်လမ်းလျှောက်ပြီးနောက် ရေလက်ကြားကိုဖြတ်၍ ပါဂွာရှိခရစ်ယာန်စည်းဝေးများကိုတက်ရန် ထရန်စ်ဘော်ဒေဒါ (ကူးတို့လှေ) ကိုစီးကြသည်။ ရေမွန်သည် အများအားဖြင့်ကြေညာသူရှိသည်ထက်နှစ်ဆတက်လေ့ရှိသော စည်းဝေးများကိုတက်ရန် ဘတ်စ်ကားဖြင့် တစ်နာရီမိနစ် ၂၀ သွားရသည်။ ၂၄ မိုင်သာဝေးသောခရီးကိုသွားရန် အဘယ်ကြောင့်ဤမျှကြာရသနည်း။ အကြောင်းမှာဘတ်စ်ကားသည် အသီးအနှံ၊ ဟင်းသီးဟင်းရွက်အိတ်များနှင့်ခရီးသည်များ၊ အာလူး၊ ကြက်သွန်ဆာလာအိတ်များ၊ တစ်ခါတစ်ရံဝက်များနှင့် ကြက်အရှင်များတင်ရန် တစ်လမ်းလုံးရပ်နေသောကြောင့်ဖြစ်သည်။ ကားခေါင်မိုးပေါ်တင်၍မရသော အရာဟူသမျှကို အတွင်း၌ထားသည်။ အသားတင်ရလဒ်ကား အနံ့အသက်၊ မြင်ကွင်းနှင့်အသံပေါင်းစုံဖြင့် ခရီးရှည်ဖြစ်လေသည်။
ဤရှေ့ဆောင်အနည်းငယ်သာ ကားရှိသောကြောင့် တစ်မြို့နှင့်တစ်မြို့ကြား ပြေးဆွဲနေသောဘတ်စ်ကားကိုလွတ်သွားလျှင် ကားကြုံလည်းမစီးရသော် ခရီးရှည်လျှောက်ရလေသည်။ ရေမွန်နှင့်ကျမ်းစာကျောင်းသားတစ်ဦးသည် ဒရိုင်ဘာနှင့်အတူကားစီးသွားရင်းသူက “ခင်ဗျားတို့ရဲ့လုပ်ငန်းကို လူတွေဘယ်လိုတုံ့ပြန်နေကြသလဲ” ဟုမေးသည်။ သူတို့၏သိမြင်လိုသော အကြည့်ကိုသတိပြုလျက် “ကျွန်တော်ဟာဒီပြူဘလိုမှာ ဘုန်းကြီးပဲ။ ခင်ဗျားတို့ဟာယေဟောဝါသက်သေတွေပဲ။ ခင်ဗျားတို့ရဲ့အလုပ်ကို ကျွန်တော်ကောင်းကောင်းသိတယ်။ ခင်ဗျားတို့ရဲ့မဂ္ဂဇင်းတွေကိုလည်း ကြိုက်တယ်။” စည်းဝေးအတွက်အချိန်မီ ပါဂွာတွင်မဆင်းမီ မေးဖြေခန်း အတော်ပြုလုပ်လိုက်ရသည်။ ဘုန်းကြီးသည်ကျွန်ုပ်တို့၏ အခြားစာစောင်များကို ဆက်လက်ဖတ်ရှုစဉ် အမှန်ပင်အခြားမေးခွန်းများ၏အဖြေများကိုလည်း ရရှိသွားပေမည်။
ရေမွန်နှင့်အိုင်ရင်းအတွက် သူတို့ကျမ်းစာသင်ပေးသောအိမ်ခြေ ၂၀ သို့ရောက်ရန်အမြဲလွယ်ကူသည်မဟုတ်ချေ။ အချို့သည်မောလင်းမြစ်တစ်ဘက် သို့မဟုတ် သီးခြားတံငါရွာလေးများတွင် တည်ရှိသောကြောင့် မော်တော်ငယ်လေးများ စီးသွားရသည်။ သည်းထန်းသောမိုးသည် အားလျော့ဖွယ်ဖြစ်နိုင်သော်လည်း အေက်မေ့ရာပွဲအတွက် ၇၇ ဦးတက်သောအခါ သူတို့နှင့်ရပ်ကွက်အစွန်အဖျားတစ်လျှောက် ကြဲပြန့်နေသော အခြားဘုရားနိုင်ငံတော်ကြေညာသူ ၁၈ ဦးတင်ပြသည့်ခံနိုင်ရည်သည် အသီးများသီးနေကြောင်းထင်ရှားသည်။
လော့စ်မြူရ်မော့စ်တွင် အချိန်ပြည့်ဟောပြောသူ ဂျူအန်နှင့်ဂလက်ဒီစ်တို့သည် ကျမ်းစာသင်အံမှု ၂၃ ခုကျင်းပခဲ့ကြသည်။ သင်၍ရသောနှလုံးများတွင် မျိုးစေ့အမြစ်တွယ်သောအခါ ရွှံ့လမ်းများတွင် ခရီးရှည်လျှောက်ခြင်းများသည် ဆုချခံခဲ့ရသည်။ အက်စတာကွီလာအနီး တောင်ခြေတန်းတွင်ရှိ ဒေသတစ်ခုတွင် ဂျူအန်နှင့်ဂလက်ဒီစ်သည် ယခင်ကမလည်ပတ်ဘူးခဲ့သောနေရာကို အမှုဆောင်ကြသည်။ သူတို့က ကျမ်းစာသင်သားတစ်ဦးအား တစ်နေ့တာအတွက် သူ၏မြင်းကို ငှားရမ်းနိုင်မည်လောဟုမေးသည်။ “ရတာပေါ့” ဟုသူကဖြေသည်။ “ကျွန်တော်ကောလိုက်နိုင်မလား။” မကြာမီပင်ယင်းသည် ယေဟောဝါညွှန်ကြားမှုဖြစ်ကြောင်း ဂျူအန်သိမှတ်ခဲ့သည်။ ထူထပ်သောသစ်တောထဲတွင် ပျောက်သွားရန်လွယ်သည်။ သို့သော်ထိုစိတ်ဝင်စားသူသည် နယ်ကျွမ်းပြီး၊ တောင်ပေါ်လမ်းမှမမြင်ရသော အိမ်များသို့သူဦးဆောင်ခေါ်သွားခဲ့သည်။ ကိုးနာရီကြာလမ်းလျှောက်၊ မြင်းစီးပြီးနောက်အတော်နာကျင်နေလျက် အထူးရှေ့ဆောင်တစ်ဦးက ကျမ်းစာသင်သားအား သူမည်သို့ခံစားရသည်ကို မေးကြည့်သည်။ သူက “ကျွန်တော်တောင်းချင်တာတစ်ခုတည်းကတော့ နောက်တစ်ခါသွားရင် ကျွန်တော်ကိုခေါ်ပါဦး” ဟုတုံ့ပြန်လေသည်။ ဤလေးမြတ်မှုတင်ပြသောသူသည် ဝိညာဉ်ရေးတွင် ဆက်လက်တိုးတက်သွားကာ ၁၉၈၈ ဇန်နဝါရီလတွင် နှစ်ခြင်းခံခဲ့သည်။ သူ၏ဇနီးသည် မကြာမီတွင် တိုက်နယ်အစည်းအဝေးတစ်ခု၌ နှစ်ခြင်းခံခဲ့သည်။
တိုက်နယ်ကြီးကြပ်ရေးမှူးလည်ပတ်ချိန်တွင် အက်တကွီလာရှိကြေညာသူ ၁၁ ဦးသည်လူထုဟောပြောပွဲတွင် ၁၁၀ တက်ရောက်သည့်အတွက် ဝမ်းမြောက်ကြသည်။ လော့စ်မြူရ်မော့စ်နှင့်ပို၍နီးသော လူဦးရေတစ်ထောင်ရှိသော မြို့လေးတွင် အောက်မေ့ရာပွဲတော်အတွက် ၆၆ ဦးတက်ရောက်ခဲ့သည်။ ထို့ကြောင့်ဤကျယ်ပြန့်သောလယ်ကွင်းတွင် လုပ်စရာများစွာရှိလေသည်။—မဿဲ ၉:၃၇၊ ၃၈။
မြောက်ဘက်ပိုင်းတွင် ရှေ့ဆောင်အယ်လန်နှင့်ဖါနံဒိုကို ကျွန်ုပ်တို့တွေ့ရသည်။ သူတို့သည်တစ်နေ့တွင်ဖုံထူသောလမ်းတွင် လျှောက်သွားနေစဉ် ဒရိုင်ဘာတစ်ဦးသည် သူ၏ထရပ်ကားနောက်မှလိုက်စီးရန်ခေါ်ခဲ့သည်။ ကားမှဆင်းသောအခါ ဖုံထုကြီးသည် သူတို့၏ဦးခေါင်းမှခြေချောင်းအထိ ဖုံးနေသောကြောင့် သူတို့ရယ်ခဲ့ကြရသည်။ ရယ်ရွှင်ဖွယ်နှင့်အိမ်တွင်းကျမ်းစာသင်အံမှု ၂၀ ကျင်းပရခြင်း ပျော်ရွှင်မှုများက ထိုသို့သောသက်သောင့်သက်သာမရှိမှုများကို ကျော်လွှားနိုင်ရန် ကူညီပေးသည်။ အောက်မေ့ရာပွဲတော်ကို ၆၆ ဦးတက်ရောက်ပြီး၊ နောက်လတွင် ပထမဦးဆုံးနယ်ခံနှစ်ဦးသည် သူတို့နှင့်အတူ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်လာသောအခါ သူတို့၏ရွှင်လန်းမှုကို စဉ်းစားကြည့်ပါလေ။
ဘိုင်အို–ဘိုင်အိုကိုဖြတ်ခြင်း
အင်ဒီးစ်တောင်တန်းနှင့်ပိုနီးသော သိုးကဲ့သောသူများထံရောက်ရှိရန် အောက်ဘက်ပေ ၁၅၀ တွင်ရှိလှိုင်းထနေသော ဘိုင်အို-ဘိုင်အိုမြစ်ရှိသည့် တောင်ကြားကိုဖြတ်ရန်လိုသည်။ တောင်ကြားတစ်ဘက်တစ်ချက်မှ သွယ်တန်းထားသည့်သံကြိုးဖြင့် တွဲလဲဆွဲထားသော ကျိုးပဲ့နိုင်သည့်သစ်ခုံမြင့်ဖြင့် ဖြတ်ကူးရသည်။ စိတ်ဒွိဟဖြစ်လျက် အပေါ်သို့တက်ကာ သစ်ခုံမြင့်ကိုသံကြိုးတစ်လျှောက်လိမ့်သွားစေသော လီဗာကိုနင်းရသည်။ သို့နှင့်ခုံမြင့်ပေါ်တွင်ကိုင်ဆွဲထားရင်း တောင်ကြားအလယ်သို့လျင်မြန်စွာရောက်သွားကာ လွှဲလျက်ရပ်သွားသည်။ အသက်မှန်အောင်ပြန်ရှူပြီးလျှင် နောက်လီဗာတစ်ခုကို ရှေ့တိုးနောက်ဆုတ်လုပ်လျက် ကျန်သည့်တစ်ဝက်ကို ဖြေးဖြေးလှိမ့်သွားရသည်။ နှလုံးအားနည်းသူအတွက်တော့ အမှန်ပင်မသင့်လျော်ပါလေ။ သို့ပင်ငြားလည်း ညီအစ်မတစ်ဦးသည် အလှမ်းဝေးသော တောင်ပေါ်ရွာရှိ သိုးကဲ့သို့စိတ်ထားရှိသူတစ်ဦးထံရောက်ရန် ပတ်စဉ်ဤသို့ပြုနေပါသည်တကား။
ရှေ့ဆောင်များနှင့် အခြားဘုရားနိုင်ငံတော်ကြေညာသူများ၏ပုံသက်သေကောင်းက ကျေးဇူးတင်လေးစားတတ်သည့်နှလုံးရှိသော စိတ်ဝင်စားသူများအား ခရစ်ယာန်စည်းဝေးများတက်ရန် အားပေးမှုဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) မိသားစုတစ်ခုသည် နိုင်ငံတော်ခန်းမသို့ရောက်ရန် ဘိုင်အို-ဘိုင်အိုမြစ်သို့ ၂၅ မိုင်မြင်းစီးသွားပြီး၊ နောက်ထပ် ၇ မိုင်လမ်းလျှောက်ရသည်။
ရှေ့ဆောင်များသည် နောက်ကြောင်းကိုပြန်ကြည့်သောအခါ ဘာကိုသတိရသနည်း။ နှင်းများအုံ့မှိုင်းနေသောမီးတောင်များလော။ ကြည်နူးဖွယ်လယ်ကွင်းများလော။ တောင်ကျချောင်းများလော။ ဖုံ၊ မိုး၊ ရွှံ့နှင့်ခရီးရှည်လျှောက်ခဲ့ခြင်းများလော။ မှန်ပါသည်။ သို့သော် သတင်းကောင်းကိုလက်ခံတုံ့ပြန်သူများကို သူတို့အထူးသတိရကြသည်။ ဤသိုးကဲ့သို့သောသူများသည် အမှန်ပင် အပင်ပန်းခံရကျိုးနပ်လေသည်။ ချီလီတောင်ပိုင်းတွင် ဘုရားနိုင်ငံတော်မျိုးစေ့ကြဲရခြင်းသည် မည်မျှရွှင်လန်းဖွယ်ပါတကား။