ယေဟောဝါသည် အကူအညီအတွက် ကျွန်ုပ်တို့၏အရေးတကြီးဟစ်ကြွေးသံကို နားညောင်းတော်မူ
အကူအညီ အရေးတကြီးလိုအပ်ခဲ့သည်။ ယင်းကိုဘုရင့်ခွက်တော်ကိုင်၏ ကြေကွဲနေသောမျက်နှာမှပေါ်လွင်ခဲ့သည်။ ဘာဖြစ်သနည်းဟုမေးသောအခါ ခွက်တော်ကိုင်က ယေရုရှလင်နှင့်ယင်း၏တံတိုင်းများ ပျက်သုဉ်းနေခြင်းကိုဝမ်းနည်းကြောင်း ပြောပြသည်။ သို့နှင့် ‘အဘယ်သို့တောင်းလျှောက်ချင်သနည်း’ မေးလာသည်။ “ [ချက်ချင်းပင်ငါသည်] ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အားဆုတောင်း” ခဲ့သည်ဟု ခွက်တော်ကိုင်နေဟမိသည် နောက်ပိုင်းတွင်ရေးသားခဲ့သည်။ ယင်းသည်ယေဟောဝါအကူအညီအတွက် လျင်မြန်သော၊ တိတ်ဆိတ်သော၊ အရေးတကြီးဟစ်ကြွေးသံဖြစ်သည်။ ရလဒ်ကားအသို့နည်း။ ပေရသိဘုရင်အာတဇေရဇ်သည် ချက်ချင်းပင် နေဟမိအားယေရုရှလင်၏တံတိုင်းများ ပြန်လည်တည်ဆောက်ရန် အခွင့်အပ်နှင်းခဲ့ပါသည်တကား။—နေဟမိ ၂:၁-၆။
မှန်ပါသည်၊ ဘုရားရှင်သည် မိမိအားချစ်မြတ်နိုးသူများ၏ အရေးတကြီးတောင်းလျှောက်သံကို နားညောင်းတော်မူသည်။ (ဆာလံ ၆၅:၂) ထို့ကြောင့်စုံစမ်းမှုတစ်ခုသည် သင်ခံနိုင်သည်ထက် ပိုကြီးမားနေလျှင် သင်သည်ဆာလံ ၇၀ တွင်ဒါဝိဒ်သည် ဘုရားအကူအညီကို ရုတ်တရက်လိုအပ်သောအခါ ပြုသကဲ့သို့ပြုနိုင်သည်။ ဤဆာလံကျမ်းပိုဒ်ခေါင်းစဉ်က ယင်း၏ရည်ရွယ်ချက်သည် “သတိရစေရန်” ဖြစ်ကြောင်းတင်ပြသည်။ ၄င်းသည်အနည်းအကျဉ်းသာပြောင်းလဲလျက် ဆာလံ ၄၀:၁၃-၁၇ ကိုထပ်၍တင်ပြထားသည်။ သို့သော်ဆာလံအခန်းကြီး ၇၀ သည်ယေဟောဝါလူမျိုးအဖြစ် ကျွန်ုပ်တို့အားမည်သို့ကူညီပေးနိုင်မည်နည်း။
ချက်ချင်းကယ်နှုတ်ရန် တောင်းလျှောက်ချက်
ဒါဝိဒ်က “အိုဘုရားသခင်၊ အကျွန်ုပ်ကိုနှုတ်ယူတော်မူပါ။ အိုထာဝရဘုရား [ယေဟောဝါ၊ NW] အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။” (ဆာလံ ၇၀:၁) ဒုက္ခရောက်သောအခါ ဘုရားရှင်သည်ကျွန်ုပ်တို့အား လျင်မြန်စွာလာကူမရန် ကျွန်ုပ်တို့ဆုတောင်းနိုင်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့အားမကောင်းမှုနှင့် မစုံစမ်းချေ။ ကိုယ်တော်သည် “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှာ. . . တတ်နိုင်တော်မူသည်။” (၂ ပေတရု ၂:၉။ ယာကုပ် ၁:၁၃) သို့သော်အကယ်၍ကျွန်ုပ်တို့အားတစ်ခုခုသင်ပေးလို၍ စုံစမ်းခြင်းတစ်ခုကို ကိုယ်တော်ခွင့်ပြုထားလျှင်ကော မည်သို့နည်း။ သို့ဖြစ်လျှင်ယင်းကိုဖြေရှင်းနိုင်ရန် ကိုယ်တော်ထံကျွန်ုပ်တို့ဉာဏ်ပညာတောင်းနိုင်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းနှင့်ဆုတောင်းလျှင် ကိုယ်တော်သည်ကျွန်ုပ်တို့အား ဉာဏ်ပညာပေးတော်မူသည်။ (ယာကုပ် ၁:၅-၈) ဘုရားရှင်သည်ကျွန်ုပ်တို့အား စုံစမ်းခြင်းများကိုခံနိုင်ရန် ခွန်အားကိုလည်းပေးတော်မူသည်။ ဥပမာ၊ ကိုယ်တော်သည်ကျွန်ုပ်တို့ ‘နာဖျားသောအခါထောက်ပင့်တော်မူသည်။’—ဆာလံ ၄၁:၁-၃။ ဟေဗြဲ ၁၀:၃၆။
ကျွန်ုပ်တို့၏အမွေခံအပြစ်သားဖြစ်မှု၊ စုံစမ်းခြင်းအစဉ်ခံနေရခြင်း၊ ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုဖျက်ဆီးရန် မာရ်နတ်၏ကြိုးပမ်းနေခြင်းက ကျွန်ုပ်တို့အားနေ့စဉ်ပင် ဘုရားအကူအညီတောင်းခံရန် လှုံ့ဆော်သင့်သည်။ (ဆာလံ ၅၁:၁-၅။ ရောမ ၅:၁၂။ ၁၂:၁၂) ယေရှု၏ပုံနမူနာဆုတောင်းချက်မှ “အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ” ဟူသည့်စကားများသည် မှတ်သားဖွယ်ဖြစ်သည်။ (မဿဲ ၆:၁၃) မှန်ပါသည်၊ ကိုယ်တော်အားနာမခံရန် သွေးဆောင်ခံရသောအခါ ပါမသွားရန်နှင့် “ဆိုးယုတ်သူ” စာတန်လက်မှကာကွယ်ရန် ကျွန်ုပ်တို့သည်ဘုရားထံ တောင်းလျှောက်နိုင်သည်။ သို့သော်ကျွန်ုပ်တို့သည် ကယ်နှုတ်ရန် မိမိတို့၏တောင်းလျှောက်ခြင်းကို မလိုအပ်ဘဲသွေးဆောင်ခံရခြင်းနှင့် စာတန်၏ထောင်ချောက်ထဲ ရောက်ရှိစေနိုင်သော အခြေအနေများကိုရှောင်ရှားခြင်းတို့ဖြင့် ပူးတွဲနိုင်သည်။—၂ ကောရိန္သု ၂:၁၁။
“အေ့ဟေ” ဟုပြောနေသူများ
ကျွန်ုပ်တို့သည် မိမိတို့ကျင့်သုံးသောယုံကြည်ခြင်းအတွက် ရန်သူများ၏ရှုတ်ချမှုကြောင့် လုံးဝနွမ်းလျနေပေမည်။ သင်၌လည်းထိုသို့ဖြစ်လျှင် ဒါဝိဒ်၏စကားများကိုသုံးသပ်ပါ။ “အကျွန်ုပ်အသက်ကို သတ်ခြင်းငှာရှာကြံသောသူတို့သည် အရှက်ကွဲ၍မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ်ကို ‘အေ့ဟေ၊ အေ့ဟေ’ ဟုဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရကြပါစေသော။” (ဆာလံ ၇၀:၂၊ ၃) ဒါဝိဒ်၏ရန်သူများသည် သူသေသည်ကိုမြင်လိုသည်။ သူတို့သည်သူ့ ‘အသက်ကိုသတ်ခြင်းငှာရှာကြံ’ နေကြသည်။ ပြန်ဂလဲ့စားချေမည့်အစား ဘုရားသည်သူတို့အား အရှက်ကွဲစေမည်ဟု သူယုံကြည်သည်။ ဒါဝိဒ်ကသူ၏ရန်သူတို့သည် သူတို့၏ဆိုးယုတ်သော အစီအစဉ်များကို လုပ်ဆောင်သွားရာ၌ “အရှက်ကွဲ၍မျက်နှာပျက်” ရန်၊ စိတ်ရှုပ်ထွေးရန်၊ ပျက်ပြားရန်၊ မညီညွတ်ရန်၊ ပျက်စီးရန် တောင်းလျှောက်ခဲ့သည်။ မှန်သည်၊ သူ၏အကျိုးနည်းခြင်းကိုရှာသူနှင့် သူ၏ဒုက္ခရောက်ခြင်း၌ဝမ်းမြောက်သူသည် ရှုပ်ထွေး၍ ဂုဏ်အသရေမဲ့ပါစေ။
ရန်သူဒုက္ခရောက်သောအခါ ကျွန်ုပ်တို့သည်ရန်ငြိုးသဘောနှင့် အားရလျှင်ကျွန်ုပ်တို့အပြစ်အတွက် ယေဟောဝါထံ၌စာရင်းရှင်းရမည်။ (သု၊ ၁၇:၅။ ၂၄:၁၇၊ ၁၈) သို့သော်၊ ရန်သူများသည် ဘုရားရှင်နှင့်ကိုယ်တော်၏လူမျိုးကို ရှုတ်ချသောအခါ ကိုယ်တော်၏နာမမြတ်ကြောင့် သူတို့ဘုန်းအသရေရှာနေသော လူမျိုးရှေ့ ၌ ယေဟောဝါသည်သူတို့အား “လှန်. . . ၍၊ ရှက်ကြောက်ခြင်းသို့ရောက်” စေရန်ကျွန်ုပ်တို့ဆုတောင်းနိုင်သည်။ (ဆာလံ ၁၀၆:၈) ဂလဲ့စားချေခြင်းသည် ဘုရားအလုပ်ဖြစ်ပြီး၊ ကိုယ်တော်သည် မိမိနှင့်ကျွန်ုပ်တို့၏ရန်သူများကို ရှုပ်ထွေး၍နှိမ့်ချလိုက်နိုင်သည်။ (တရားဟောရာ ၃၂:၃၅) ဥပမာ၊ နာဇီခေါင်းဆောင် အဒေါ့၊ ဟစ်တလာသည် ယေဟောဝါသက်သေများကို ဂျာမနီမှ ရှင်းပစ်ရန်ကြိုးစားခဲ့သည်။ သူသည်မရှုမလှ အရေးနိမ့်ခဲ့ပြီး၊ ယခုထောင်ပေါင်းများစွာသောသူတို့သည် ထိုတွင်ဘုရားနိုင်ငံတော်သတင်း ကြွေးကြော်နေကြပါသည်တကား။
ကဲ့ရဲ့သရော်လျက် ကျွန်ုပ်တို့၏ရန်သူများသည် “အေ့ဟေ၊ အေ့ဟေ” ဟုဆိုပေမည်။ သူတို့သည်ဘုရားရှင်နှင့် ကိုယ်တော်၏လူမျိုးကို ကဲ့ရဲ့သောကြောင့် ထိုအပြစ်သားများသည် ဂုဏ်အသရေမဲ့လျက် “အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရကြပါစေသော။” ထိုအတွက်ဆုတောင်းစဉ် ကိုယ်တော်သည် စာတန်နှင့်မိမိအားကဲ့ရဲ့သူ မည်သူကိုမဆို ချေပနိုင်ရန်အတွက် ကျွန်ုပ်တို့သည် မိမိတို့၏သမာဓိကိုစောင့်ထိန်းကာ ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေကြပါစို့။ (သု၊ ၂၇:၁၁) ကျွန်ုပ်တို့သည်မိမိတို့၏ ထောင်လွှားသောရန်သူများကို ဘယ်တော့မျှမကြောက်ရွံ့သင့်ချေ။ အကြောင်းမှာ၊ “ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။” (သု၊ ၂၉:၂၅) ဘုရားလူမျိုးတော်ကို ဖမ်းဆီးသွားခဲ့သည့် ထောင်လွှားသောဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် အသရေမဲ့ခဲ့ရပြီး၊ ‘ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချခြင်းငှာတတ်နိုင်တော်မူ၏’ ဟုဝန်ခံခဲ့ရသည်။—ဒံယေလ ၄:၃၇။
“ဘုရားသခင်ဘုန်းကြီးစေသတည်း”
ရန်သူများသည် ကျွန်ုပ်တို့အားဒုက္ခပေးသော်လည်း ကျွန်ုပ်တို့သည်ဝတ်ပြုသူချင်းများနှင့်အတူ ယေဟောဝါကိုအစဉ် ထောမနာပြုကြပါစို့။ ဘုရားရှင်ကိုထောမနာမပြုနိုင်သည်အထိ ဒုက္ခထဲတွင်မိမိကိုယ်ကို ဝါးမျိုခွင့်ပြုမည့်အစား ဒါဝိဒ်က “ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ဝမ်းမြောက်ရွှင်လန်း ကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည် ‘ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်း’ ဟုအစဉ်မပြတ် ပြောကြပါစေသော” ဟုဆိုခဲ့သည်။ (ဆာလံ ၇၀:၄) ယေဟောဝါ၏လူမျိုးသည် ဆက်လက်၍လွန်စွာ ဝမ်းမြောက်ကြသည်။ ကိုယ်တော်၌သူတို့သည် “ဝမ်းမြောက်ရွှင်လန်း” သောကြောင့်ဖြစ်သည်။ ကိုယ်တော်၏ဆက်ကပ်ထားသော နှစ်ခြင်းခံသက်သေများအဖြစ် သူတို့သည်ကိုယ်တော်နှင့်အနီးကပ် ဆက်ဆံရေးမှဖြစ်ပေါ်လာသော ရွှင်လန်းမှုကြီးရရှိထားသည်။ (ဆာလံ ၂၅:၁၄) သို့ပင်ငြားလည်း၊ သူတို့အား ဘုရားကိုနှိမ့်ချစွာရှာသူများအဖြစ် ရှုမြင်နိုင်သည်။ ဘုရားပညတ်တော်ကိုစောင့်ထိန်းသော ယုံကြည်သူများဖြစ်သောကြောင့် သူတို့သည် ကိုယ်တော်နှင့်ကိုယ်တော့်နှုတ်ကပါဌ်တော် အပေါ်ထပ်ဆင့်အသိပညာကို မပြတ်ရှာဖွေကြသည်။—ဒေသနာ ၃:၁၁။ ၁၂:၁၃၊ ၁၄။ ဟေရှာယ ၅၄:၁၃။
ယေဟောဝါသက်သေများ သတင်းကောင်းကိုကြေညာစဉ် အမှန်ပင်သူတို့သည် “ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်း” ဟုမပြတ်ဆိုနေခြင်းဖြစ်သည်။ သူတို့သည်ယေဟောဝါကို ချီးမွမ်းပြီး၊ ကိုယ်တော်ကိုအမြင့်ဆုံးဂုဏ်တင်ကြသည်။ ရွှင်လန်းစွာဖြင့်၊ သူတို့သည် သမ္မာတရားရှာသူများအား ဘုရားရှင်အကြောင်းသင်ကြားရန်နှင့် ကိုယ်တော်အားဂုဏ်တင်ရန် ကူညီပေးသည်။ လောကီစည်းစိမ်မြတ်နိုးသူများနှင့်မတူဘဲ ယေဟောဝါ၏လူမျိုးသည် ‘ကယ်တင်တော်မူခြင်းကျေးဇူးကိုနှစ်သက်’ ကြသည်။ (၂ တိမောသေ ၃:၁-၅) သူတို့၏အမွေခံအပြစ်ကိုသိမှတ်လျက် သူတို့သည်ယေဟောဝါ၏ချစ်လှစွာသောသားတော် ယေရှုခရစ်၏ အပြစ်ဖြေရာပူဇော်သက္ကာအားဖြင့် ရရှိစေသော ထာဝရအသက်ကယ်တင်ခြင်းကို နက်ရှိုင်းစွာကျေးဇူးတင်ကြသည်။ (ယောဟန် ၃:၁၆။ ရောမ ၅:၈။ ၁ ယောဟန် ၂:၁၊ ၂) အသင်သည် ကိုယ်တော်အားချီးမြှောက်ခြင်းအတွက် စစ်မှန်သောဝတ်ပြုရေးကို ကျင့်စောင့်ခြင်းဖြင့် ဘုရားရှင်ကိုဂုဏ်တင်၍ ကိုယ်တော်၏ ‘ကယ်တင်တော်မူခြင်းကျေးဇူးကိုနှစ်သက်’ ကြောင်းပြသနေပါသလော။—ယောဟန် ၄:၂၃၊ ၂၄။
ကယ်တင်သောသူကိုကိုးစားလော့
ဒါဝိဒ်သည်ဤဆာလံကျမ်းတွင် ဖော်ပြရာ၌ သူသည်အထူးလိုအပ်နေသည့်အတွက် “အကျွန်ုပ်မူကားဆင်းရဲငတ်မွတ်ပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန်ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုမစသောသူ၊ ကယ်တင်သောသူဖြစ်တော်မူ၏။ အို [ယေဟောဝါ] ဆိုင်းလင့်တော်မမူပါနှင့်။” (ဆာလံ ၇၀:၅) နှိပ်စက်ခြင်း၊ သွေးဆောင်ခြင်းနှင့်စာတန်၏ထိုးနှက်မှုစသည့် ဒုက္ခများဖြစ်သော စုံစမ်းခြင်းများသည် ယုံကြည်သူများကို ဝန်းရံနေသောကြောင့် ကျွန်ုပ်တို့သည် “ဆင်းရဲ” သကဲ့သို့ဖြစ်နေပေမည်။ ကျွန်ုပ်တို့သည် ခိုကိုးရာမဲ့ဖြစ်မည်မဟုတ်သော်လည်း ကျွန်ုပ်တို့သည် ရှက်ကြောက်မှုကင်းသောရန်သူများတစ်ဘက်၌ အကွယ်အကာမဲ့သယောင်ဖြစ်နေသည်။ သို့ပင်ငြားလည်း၊ ယေဟောဝါသည်ကျွန်ုပ်တို့အား ကိုယ်တော်၏သစ္စာရှိကျေးကျွန်များအဖြစ် ကယ်တင်နိုင်၍ ကယ်တင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။—ဆာလံ ၉:၁၇-၂၀။
ယေဟောဝါသည် ကျွန်ုပ်တို့လိုအပ်သောအခါ “ကယ်တင်သောသူ” ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်နှိုက်၏ အားနည်းချက်များသည် ကျွန်ုပ်တို့အား စုံစမ်းခြင်းအခြေအနေသို့သက်ရောက်စေမည်။ သို့သော်ကျွန်ုပ်တို့သည် ‘မိုက်သောသဘောကြောင့် လမ်းလွဲလျှင်’ ကျွန်ုပ်တို့၏နှလုံးသည် ‘ယေဟောဝါကိုအမျက်မထွက်’ ရန်ဖြစ်သည်။ (သု၊ ၁၉:၃) ကိုယ်တော်ကိုအပြစ်တင်ရန်မဟုတ်ချေ။ ကျွန်ုပ်တို့သည် ကိုယ်တော်ထံယုံကြည်ခြင်းနှင့် ဆုတောင်းလျှင် ကိုယ်တော်သည်ကျွန်ုပ်တို့အား ကူညီရန်အသင့်ပင်။ (ဆာလံ ၃၇:၅) ကျွန်ုပ်တို့သည် အပြစ်ကိုရှောင်ရန် ရုန်းကန်နေလျှင်ကော။ သို့ဖြစ်လျှင်ယင်းကို ဆုတောင်းခြင်းတွင် အတိအကျတင်ပြလျက် ဖြောင့်မတ်သောလမ်းကို ဆက်လျှောက်လှမ်းနိုင်ရန် ဘုရားအကူအညီကို တောင်းခံပါ။ (မဿဲ ၅:၆။ ရောမ ၇:၂၁-၂၅) ဘုရားရှင်သည် ကျွန်ုပ်တို့၏နှလုံးထဲမှ ဆုတောင်းခြင်းကို ဖြေကြားမည်ဖြစ်ပြီး၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုအောက်လက်အောက်ခံလျှင် ဝိညာဉ်ရေးအရ တိုးပွားပါလိမ့်မည်။—ဆာလံ ၅၁:၁၇။ ဧဖက် ၄:၃၀။
ပြင်းပြစွာယုံကြည်ခြင်းစမ်းသပ်ခံရစဉ် ကျွန်ုပ်တို့သည် ဆက်လက်မခံရပ်နိုင်တော့ဟု ခံစားမိမည်။ ကျွန်ုပ်တို့၏အပြစ်သွေးသားသည် အားနည်းသောကြောင့် အမြန်ကယ်တင်ရန် တောင့်တမိပေမည်။ (မာကု ၁၄:၃၈) ထို့ကြောင့်ကျွန်ုပ်တို့သည် “အိုထာဝရဘုရား [ယေဟောဝါ၊ NW ] ဆိုင်းလင့်တော်မမူပါနှင့်” ဟုတောင်းလျှောက်ပေမည်။ အထူးသဖြင့်ကျွန်ုပ်တို့သည် ဘုရားနာမအပေါ်ရှုတ်ချမှုကို စိုးရိမ်မကင်းဖြစ်လျှင် ပရောဖက်ဒံယေလကဲ့သို့ ဆုတောင်းရန်လှုံ့ဆော်ခံရပေမည်။ “အိုဘုရားရှင် [ယေဟောဝါ၊ NW ] နားထောင်တော်မူပါ။ အိုဘုရားရှင် အပြစ်ကိုလွှတ်တော်မူပါ။ အိုဘုရားရှင် နားထောင်၍ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်အတွက်ဖင့်နွှဲတော်မမူပါနှင့်။ . . . ကိုယ်တော်၏လူစုသည် နာမတော်ဖြင့်သမုတ်ခြင်းရှိပါသည်။” (ဒံယေလ ၉:၁၉) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် နောက်ကျလွန်းမည်မဟုတ်ကြောင်း ယုံကြည်နိုင်သည်။ အကြောင်းမှာ၊ တမန်တော်ပေါလုက “ငါတို့သည်သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။”—ဟေဗြဲ ၄:၁၆။
ယေဟောဝါသည် ကယ်တင်ရှင်ဖြစ်သည်ကို ဘယ်တော့မျှမမေ့ပါနှင့်။ ကိုယ်တော်၏ကျေးကျွန်များအဖြစ် ယင်းနှင့်ဆာလံ ၇၀ ၏ဆုတောင်းချက် သဘောထားများကို သတိရလျှင် ကျွန်ုပ်တို့အတွက်ကောင်းကျိုးဖြစ်သည်။ အထူးစိုးရိမ်ဖွယ်ကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ထပ်တစ်လဲလဲ ဆုတောင်းရန်လိုသည့်အခါများလည်းရှိပေမည်။ (၁ သက်သာလောနိတ် ၅:၁၇) ပြဿနာတစ်ခုကိုဖြေရှင်း၍မရ၊ ကျွန်ုပ်တို့အကျပ်အတည်းမှ ထွက်ပေါက်ရှာမတွေ့သကဲ့သို့ဖြစ်နိုင်သည်။ သို့သော်ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အားခွန်အားရှိစေမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ခံနိုင်သည်ထက် စုံစမ်းရန်ခွင့်ပြုမည်မဟုတ်ချေ။ ထို့ကြောင့်၊ နှလုံးထဲမှ ဆုတောင်းလျက် ထာဝရဘုရင်၏ပလ္လင်ရှေ့မှောက် သွားရောက်ခြင်းကို လက်ပန်းမကျပါနှင့်။ (၁ ကောရိန္သု ၁၀:၁၃။ ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃။ ဗျာဒိတ် ၁၅:၃) ယုံကြည်ခြင်းဖြင့်ဆုတောင်းပါ။ ကိုယ်တော်အားအကြွင်းမဲ့ ကိုးစားပါ။ ယေဟောဝါသည်ကျွန်ုပ်တို့၏ အရေးတကြီးဟစ်ကြွေးသံကို နားညောင်းတော်မူသောကြောင့်ဖြစ်သည်။