ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏”
▫ ယေရှုက “သူ [သိုးထိန်း] ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ထုတ်ဆောင်တတ်၏” ဟုမိန့်တော်မူသည်။ (ယောဟန် ၁၀:၃) ထပ်ဆင့်၍ “ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏” ဟုမြွက်တော်မူ၏။ (ယောဟန် ၁၀:၁၄) သိုးကဲ့သို့သောသူတို့သည် သမ္မာကျမ်းစာမှတစ်ဆင့် ကိုယ်တော်မိန့်တော်မူသောစကားများကို နားထောင်ကြသည်။ ဤလမ်းစဉ်ကို အီတလီနိုင်ငံရှိ စိတ်နှလုံးရိုးသားသူနှစ်ဦး မည်သို့လိုက်လျှောက်ခဲ့ကြောင်း သတိပြုပါ။
သူနောက်ဆုံးတွင် နားထောင်လေသည်
▫ အဲလ်ဘာတိုဤသို့စာရေး အကြောင်းကြားသည်။ “မာရီဝါနာနှင့်အဲလ်စက်စ်ဒီ စသုံးစွဲချိန်တွင် ကျွန်တော် ၁၆ နှစ်သာရှိသည်။ ၁၈ နှစ်တွင် ဟီးရိုးအင်းဆက်သုံးသည်။ ဤမူးယစ်ဆေးဝါးများကိုဝယ်ယူနိုင်ရန် နည်းအမျိုးမျိုးကြံဖန်သည်။ ကျွန်တော်ခိုးသည်၊ မူးယစ်ဆေးဝါးရောင်းချသည်၊ လိမ်လည်သည်၊ ကိုယ်ပိုင်ပစ္စည်းအားလုံးကို ရောင်းထုတ်ခဲ့သည်။ ဆေးစွဲခြင်းကို ဖြတ်၍မရခဲ့ဘူး။ တိုင်းတစ်ပါးတွင် အပန်းဖြေခရီးထွက်ခြင်း၊ တောပိုင်းဒေသများတွင် ကြာရှည်သွားရောက်နေထိုင်ခြင်း၊ မတရားမှုကိုတိုက်ဖျက်ရန် တစ်ဖက်စွန်းအုပ်စုများ၌ဝင်၍ နိုင်ငံရေးတွင်ပါဝင်ပတ်သက်ခြင်းတို့ကို စမ်းကြည့်ခဲ့သော်လည်း ဆေးမဖြတ်နိုင်ခဲ့ပါ။ အိမ်ထောင်ပြုကြည့်သေးသည်။ သို့သော် မကြာမီပင် ယခင်အခြေအနေသို့သာ ကျွန်တော်ပြန်ရောက်ခဲ့သည်။ သမီးလေးမွေးလာခြင်းပင် မူးယစ်ဆေးစွဲခြင်းကို အနိုင်မယူနိုင်ခဲ့ပါ။ အမှန်မှာ ယခုငွေပိုကုန်ကျရတော့သည့်အတွက် အခြေအနေပိုဆိုးဝါးလာသည်။ ထိုနောက် ကျွန်တော့်ဇနီး အိမ်မှဆင်းသွားခဲ့သည်။ တစ်ကိုယ်တည်းနေထိုင်ခဲ့သည့် နှစ်နှစ်အတွင်းတွင် သမီးလေးကို နှစ်ကြိမ်သာတွေ့ရှိခဲ့သည်။ ကြွေးရှင်များဖြစ်သည့် မူးယစ်ဆေးဝါးရောင်းချသူတို့ကိုလည်း အမြဲပုန်းရှောင်နေခဲ့ရသည်။ ဆေးရပ်ခံစားခြင်းလက္ခဏာများကို ကြိမ်ဖန်များစွာ ကျွန်တော်ခံစားခဲ့ရသည်။
“ထိုအခါ နှစ်အနည်းငယ်က ယေဟောဝါသက်သေများ ကျွန်တော့်အားပေးခဲ့သည့်စာအုပ်တစ်အုပ်ကို ကျွန်တော်သတိရလိုက်သည်။ ၄င်းကိုရှာပြီး ကျမ်းစာနှင့်အတူ တွဲဖတ်ရှုလေသည်။ ဤနည်းဖြင့် စစ်မှန်သောဘုရားသခင်ယေဟောဝါကို ကျွန်တော်သိရှိလာသည်။ ကိုယ်တော်ထံအကူအညီတောင်းဆိုလိုက်သည်။ ကျွန်တော်သိရှိလာသည့်အရာများကို တဖြည်းဖြည်းလက်တွေ့ကျင့်သုံးယင်း ကျွန်တော်၏ဆေးရပ်ခံစားခြင်းလက္ခဏာများသည် မဆိုးဝါးလှတော့ပါ။ အလုပ်ရှာလုပ်ပြီး ယေဟောဝါအကူအညီဖြင့် မိသားစုနှင့်အတူပြန်နေထိုင်နိုင်ခဲ့သည်။ နိုင်ငံတော်ခန်းမသို့သွားပြီး ယေဟောဝါသက်သေများတွင် အမှန်တရားရှိကြောင်း ထိုအခါအသိအမှတ်ပြုခဲ့ရသည်။ ပြန်ပေါင်းနေထိုင်ကြပြီး ကျွန်တော်နှင့်ကျွန်တော်၏ဇနီးသည် သက်သေခံများနှင့်ကျမ်းစာလေ့လာကြကာ နောက်ဆုံးနှစ်ခြင်းခံယူခဲ့ကြသည်။ ယခုကျွန်တော်တို့သည် မှန်မှန်ရှေ့ဆောင်များအနေနှင့် ကျွန်တော်တို့၏မျှော်လင့်ချက်ကို သူတစ်ပါးအားပြောပြရခြင်းကြောင့် များစွာရွှင်လန်းအားရနိုင်ကြပါသည်။”
ဘုရားတရားကြည်ညိုသော အမျိုးသမီး၏ဆုတောင်းချက်ပြည့်
▫ အမျိုးသမီးတစ်ဦး ဤသို့အကြောင်းကြားသည်။ “၁၉၅၈ ခုနှစ်တွင် ကျွန်မသည်ချာ့ချ်လုပ်ငန်း၌ လှုပ်ရှားခဲ့သည်။ အထူးသဖြင့် ရောမမြို့ရှိ မြင့်မြတ်သောမေတ္တာတော်မက်ဒေါနာ၏ချာ့ချ်သို့ ဘုရားဖူးသွားခြင်းအစရှိသည်တို့ဖြစ်သည်။ အတန်ကြာသော် ရောမမြို့ဆရာတော်၏ ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်လာသည်။ ပုပ်ရဟန်းမင်း ပေါလ်နှင့် ဂျွန်ပေါလ်တို့နှင့်လည်း နှစ်ဦးကြားစကားများပြောဆိုခွင့် အကြိမ်ကြိမ်ရရှိခဲ့ပေသည်။ ဘုရားဖူးအဖွဲ့များကိုလည်း ၂၅ နှစ်တိုင်ဦးစီးဦးဆောင်ပြီးနောက် သိက္ခာရလက်မှတ်ကိုဆုချခံခဲ့ရသည်။ သို့ရာတွင် ကျွန်မအယုံအကြည်လျော့နည်းလာသည်။ ခိုးမှု၊ လိမ်လည်မှု၊ ကိုယ့်မျိုးကိုယ့်ဆွေမျက်နှာလိုက်မှု၊ မှောင်ခိုမှုအမျိုးမျိုးကိုတွေ့မြင်ခဲ့ရသည်။ ဘုရားသခင်၏ပညတ်တော်ကို မကြာခဏခြေဖြင့်နင်းနေကြောင်း တွေ့မြင်လာသည့်အခါ အသင်းတော်အပေါ် အမြင်ထူးခြားကွဲလွဲလာသည်။ အဆိုပါအပြုအမူများကား ကျွန်မအားစိတ်အနှောင့်အယှက်ပေးလာသည်။ ကျွန်မယုံကြည်ခြင်းလျော့နည်းလာသည့်အတွက် ဘုရားသခင်ထံအကူအညီတောင်းဆိုခဲ့သည်။ မကြာခဏကျွန်မငိုခဲ့ရသည်။
“ထိုနောက် လွန်ခဲ့သောလေးနှစ်က ကျွန်မသားသည် ကင်းမျှော်စင် နှင့်နိုးလော့ မဂ္ဂဇင်းများကို ယေဟောဝါသက်သေများထံမှ ကျွန်မအတွက်ဝယ်ခဲ့ပေးသည်။ ထိုမဂ္ဂဇင်းများသည် အလွန်စိတ်ဝင်စားစရာကောင်းသည့်အတွက် ထပ်ဝယ်လာပေးရန် သူ့အားတောင်းဆိုခဲ့သည်။ နောက်များမကြာမီ ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမတစ်ခုကိုကျွန်မရှာပြီး ကျွန်မထံတစ်ဦးတစ်ယောက်လည်ပတ်လာရန် အမှာစာတစ်ခုတံခါးပေါ်ကပ်ထားပေးခဲ့သည်။ လေးရက်အကြာတွင် သက်သေခံများရောက်လာသည်။ ကျမ်းစာစလေ့လာတော့သည်။ နှစ်ခြင်းခံယူနိုင်သည်အထိ ကျွန်မတိုးတက်လာသည်။ ယခု ကျွန်မရှာတွေ့လိုခဲ့သော အမှန်တရားကို နောက်ဆုံးတွေ့ပြီဟုပြောနိုင်ပါသည်။”
ဤသူတို့သည် သိုးထိန်းကောင်း ယေရှုခရစ်၏စကားသံကိုကြားသူများဖြစ်ကြသည်။ ‘သမ္မာတရားက သူတို့အားလွတ်မြောက်စေခဲ့ပြီ။’—ယောဟန် ၈:၃၂။