သန့်ရှင်းသောဝိညာဉ်တော် သင့်အားမည်သို့ထိခိုက်နိုင်ပုံ
“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည်အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲသောအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။” (ကမ္ဘာဦး ၁:၁၊ ၂) ဤကျမ်းဆိုင်ရာတင်ပြချက်က အသက်ရှင်နေသူအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်မှ ထူးခြားစွာအကျိုးရရှိကြောင်း ပေါ်လွင်စေသည်။ ဖန်ဆင်းခြင်းအချိန်က ဤဝိညာဉ်တော်သည်လှုပ်ရှားခဲ့ပြီး ယင်း၏လုပ်ဆောင်ချက်ဖြင့် မြေကြီးသည်လူသားများအတွက် ချမ်းမြေ့သောနေအိမ်ဖြစ်လာခဲ့ခြင်းကြောင့် ကျေးဇူးတင်ရန်ဖြစ်သည်။
သို့သော်လူတို့သည်သန့်ရှင်းသောဝိညာဉ်တော်မှ ပိုမိုအကျိုးခံစားနိုင်သည်။ မှုတ်သွင်းခံကျမ်းတစ်ပိုဒ်က “ငါဆုံးမသောစကားကိုနားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကိုသင်တို့အပေါ်သို့ ငါသွန်လောင်း၍ ငါ့စကား၏အနက်အဓိပ္ပာယ်ကို နားလည်စေမည်” ဟုဆိုထားသည်။ (သု၊ ၁:၂၃) ကျွန်ုပ်တို့လက်ထက်တွင် ဘုရားရှင်၏စုသိမ်းထားသော “စကားတော်များ” ကိုသန့်ရှင်းသောသမ္မာကျမ်းစာတွင် ရရှိနိုင်ပြီး၊ “သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းခြင်းကိုခံရ” သောအမျိုးသားများ ရေးသားခဲ့လေသည်။ (၂ ပေတရု ၁:၂၁။ မာကု ၁၂:၃၆။ ၂ တိမောသေ ၃:၁၆) စိတ်နူးညံ့သူတစ်ဦးသည် ကျမ်းစာဖတ်သည့်အခါတိုင်း သန့်ရှင်းသောဝိညာဉ်တော်မှ သူအကျိုးခံစားရသည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့်ဟောပြောခြင်းလုပ်ငန်း
ယေဟောဝါသက်သေတစ်ဦးသည် နိုင်ငံတော်သတင်းကောင်းအကြောင်း ဟောပြောရန်သင့်ထံရောက်ရှိလာသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အသက်တာအားနောက်တစ်နည်းဖြင့် ထိခိုက်နိုင်လေသည်။ ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ အကြောင်းမှာ၊ ယေရှုခရစ်သည် သတင်းကောင်းကိုစတင်ဟောပြောခဲ့စဉ်က ပရောဖက်ဟေရှာယ၏စကားများဖြင့် သူ့ကိုယ်ကိုရည်ညွှန်းကာ “ထာဝရဘုရား [ယေဟောဝါ၊ NW] ၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ. . .။ ထာဝရဘုရား [ယေဟောဝါ၊ NW] ၏မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာ” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၄:၁၈၊ ၁၉။ ဟေရှာယ ၆၁:၁၊ ၂) မှန်ပါသည်၊ ယေရှုသည်သတင်းကောင်းကိုဟောရန် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံခဲ့ရသည်။
ထို့ပြင်၊ ယေရှုကသတင်းကောင်းဟောပြောခြင်းသည် ကိုယ်တော်သေဆုံးပြီးနောက် ဆက်လက်ရှိမည့်အကြောင်း ကြိုတင်ဟောပြောခဲ့သည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” (မဿဲ ၂၄:၁၄) ကောင်းကင်သို့မတက်မီအချိန်တိုလေးတွင် ကိုယ်တော်ကမိမိနောက်လိုက်များအား “သွား၍. . . လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ထို့ကြောင့်၊ ခရစ်တော်ကောင်းကင်သို့တက်ကြွပြီးနောက် ကိုယ်တော်၏တပည့်တော်များသည် ဝိညာဉ်တော်အပ်နှင်းခံလုပ်ငန်းများဖြစ်သော ဟောပြော၊ သွန်သင်ခြင်းလုပ်ငန်းကို ထမ်းဆောင်သွားခဲ့သည်။ ယနေ့ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းသတင်းကောင်းကြေညာရာ၌ ထိုရှေးတပည့်တော်များအား တုပကြခြင်းဖြစ်ပေသည်။
နှစ်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်
လူတစ်ဦးသည်၊ သတင်းကောင်းကိုနှစ်သက်စွာတုံ့ပြန်လျှင် ယေရှုကသူသည် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” နှစ်ခြင်းခံသင့်ကြောင်း မိန့်ဆိုခဲ့သည်။ ထို့ကြောင့်တပည့်သစ်များသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆက်လက်အကျိုးသက်ရောက်ထိခိုက်သည်။ “နာမ၌” အသုံးအနှုန်းသည်အမှန်တွင် “အခွင့်အာဏာဖြင့်” သို့မဟုတ် “နေရာအဆင့်ကိုအသိအမှတ်ပြုလျက်” ဟုဆိုလိုသည်။a ထို့ကြောင့်ခမည်းတော်နာမ၌နှစ်ခြင်းခံခြင်းသည် ဘုရားရှင်၏အချုပ်အခြာကို ကျွန်ုပ်တို့အသက်တာတွင် ချွင်းချက်မရှိလက်ခံခြင်းကိုဆိုလိုသည်။ သားတော်နာမ၌နှစ်ခြင်းခံသည်ဟုဆိုရာ၌ ယေရှုကိုရွေးနှုတ်ရှင်၊ ပုံသက်သေနှင့်ဘုရင်အဖြစ်လက်ခံခြင်းကို ဆိုလိုသည်။ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းခံသည်ဟုဆိုရာ၌ ဝိညာဉ်တော်အပေါ်မှီခိုခြင်းနှင့်ယင်း၏တန်ခိုးတော်အောက် ဝန်ခံခြင်းပါဝင်သည်။b
သင့်အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်
ဝမ်းနည်းဖွယ်ကား၊ “ခရစ်ယာန်” နိုင်ငံများတွင်တွေ့ရသောမရိုးသားမှု၊ စာရိတ္တယိုယွင်းမှု၊ အကြမ်းဖက်မှုနှင့်အဓမ္မမှုအမျိုးမျိုးက ထိုခရစ်ယာန်အခေါ်ခံအများစုသည် သန့်ရှင်းသောဝိညာဉ်တော်ကို အမှန်ပင်ငြင်းပယ်နေကြောင်း ပြသသည်။ သို့သော်ယင်းအောက်ဝန်ခံသူများသည် ကြီးစွာသောကောင်းချီးခံရသည်။ တစ်ခုမှာသူတို့သည် မှုတ်သွင်းခံသမ္မာကျမ်းစာမှ သူတို့ဖတ်ရှုရသည်ကို အလေးအနက်နာယူပြီး သူတို့၏အသက်တာတွင် အသုံးပြုကြသည်။ သို့ဖြင့်သူတို့သည်ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်ခြင်း၊ ဆုံးဖြတ်နိုင်ခြင်း၊ သတိရှိခြင်း၊ အသိပညာနှင့်စဉ်းစားစွမ်းရည်ရှိသူများ ဖြစ်လေသည်။ (သု၊ ၁:၁-၄) ယင်းတို့သည်ကျွန်ုပ်တို့၏ ဒုက္ခသမယတွင် တန်ဖိုးရှိအရေးပါအရာများဖြစ်လေသည်။
သန့်ရှင်းသောဝိညာဉ်တော်က ထိုသို့သောသူများကို ခက်ခဲသောပြဿနာများ ကျော်လွှားနိုင်ရန်လည်း ကူညီပေးသည်။ ရှေးအချိန်၌ဘုရားရှင်က မိမိ၏လူများအား သူတို့သည် အလွန်ခက်ခဲသော တာဝန်တစ်ရပ်ကို မည်သို့ပြီးမြောက်စေမည်အကြောင်း ပြသခဲ့သည်။ ယေဟောဝါရှင်ကယင်းသည် “ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်” ဟုမိန့်တော်မူသည်။ (ဇာခရိ ၄:၆) ကျွန်ုပ်တို့သည်ဘုရားရှင်နှင့်ကိုယ်တော်၏ ဝိညာဉ်တော်အောက် လက်အောက်ခံလျှင် ကျွန်ုပ်တို့အတွက်ကြီးလွန်းလှသည့် လုပ်ငန်းများနှင့်အခက်အခဲများကို ပြီးမြောက်စေရန် ကျွန်ုပ်တို့အားကူညီပေးပါလိမ့်မည်။—မဿဲ ၆:၃၃။ ဖိလိပ္ပိ ၄:၁၃။
ထို့ပြင်၊ ဘုရားဝိညာဉ်တော်သည် ကမ္ဘာတစ်ခွင်တွင်မသိရှိသော လွတ်ခြင်းချမ်းသာကို ကျွန်ုပ်တို့ခံစားရရန် ကူညီပေးလေသည်။ တမန်တော်ပေါလုက “သခင်ဘုရား [ယေဟောဝါ၊ NW] ၏ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကိုပေးတတ်၏။” (၂ ကောရိန္သု ၃:၁၇) ဘုရားဝိညာဉ်တော်အောက် လက်အောက်ခံသူများသည် မှောက်မှားသောဘာသာ၊ အယူသီးခြင်း၊ နောင်ရေးကိုကြောက်ရွံ့ခြင်းနှင့်အခြားချုပ်နှောင်ထားမှုများမှ လွတ်မြောက်မှုခံ စားရသည်။ ဘုရားရှင်ဝိညာဉ်တော်သည် အမှန်ပင်အကောင်းအတွက်တန်ခိုးဖြစ်သည်။ ယင်းသည်လူများကိုပင် ပြောင်းလဲစေနိုင်သည်။ သမ္မာကျမ်းစာကယင်းအကြောင်း ဤသို့ဆိုခဲ့သည်။ “ဝိညာဉ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ . . . ချုပ်တည်းခြင်းပေတည်း။” (ဂလာတိ ၅:၂၂၊ ၂၃) လူတိုင်းသည် သူတို့အပေါ်ဘုရားဝိညာဉ်တော်လွှမ်းမိုးရန် ခွင့်ပြုမည်ဆိုလျှင် ဤကမ္ဘာကြီးသည် မည်မျှကွာခြားနေပါမည်တကား။
အုပ်စုတစ်စုအနေနှင့်ခရစ်ယာန်များသည် “အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့် . . . အချင်းချင်းစိတ်သဘောမခြားမနား တစ်လုံးတစ်ဝတည်းဖြစ်” မှုကိုလည်းခံစားရသည်။ (ဧဖက် ၄:၃) စည်းလုံးခြင်းနှင့်ငြိမ်သက်ခြင်းသည် ယနေ့တွင်ရှားပါးသည့်အရာများဖြစ်သည်။ သို့သော်ယင်းတို့သည် ဘုရားဝိညာဉ်တော်လှုပ်ရှားသည့်နေရာတွင်မူ တည်ရှိနေသည်။ အမှန်ပင်၊ ယေဟောဝါသက်သေများအတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ စည်းလုံးသောနှောင်ကြိုးသည် လူအမျိုးအနွယ်၊ ဘာသာစကားအသီးသီးအား စစ်မှန်သော “ညီအစ်ကိုများအသင်းအပင်းအဖြစ်” စုစည်းပေးခဲ့လေပြီ။—၁ ပေတရု ၂:၁၇။
သင်နှင့်ဘုရားဝိညာဉ်တော်
ဘုရားရှင်ပေးသော ဉာဏ်ပညာရရှိထားခြင်းနှင့် စစ်မှန်သောလွတ်မြောက်မှုကို ခံစားနိုင်ရခြင်းအကျိုးကို သင်မြင်ပါသလော။ ပြဿနာများဖြေရှင်းရာနှင့်၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းကို မွေးမြူရာတွင် ဘုရားရှင်အကူအညီရထားလျှင် မထူးမြတ်ပေလော။ သို့ဖြစ်လျှင်၊ ဘုရားရှင်၏သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အောက် လက်အောက်ခံပါလေ။ သို့သော်၊ လူတစ်ဦးသည်ယင်းကို မည်သို့ပြုမည်နည်း။
ဘုရားနှုတ်ကပတ်တော်သမ္မာကျမ်းစာသည် သင်၏စိတ်နှင့်နှလုံးကို လွှမ်းမိုးပါစေ။ သူတို့အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော် လွှမ်းမိုးစေသောသူများနှင့်ပေါင်းသင်းပါ။ ဘုရားအလိုတော်ကိုသင်အံ၍လုပ်ဆောင်ရန် ယခုပင်ခြေလှမ်းပါ။ သို့ဖြင့်၊ “သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှာ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း မျှော်လင့်ခြင်းအရှင်ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။”—ရောမ ၁၅:၁၃။
[အောက်ခြေမှတ်ချက်များ]
a “in the name of the law” ဟူသည့်အင်္ဂလိပ်စကားလုံးနှင့်နှိုင်းယှဉ်ပါ။ မဿဲ ၁၀:၄၁ကို “King James Version” တွင်ယေရှုအသုံးပြုသည့်“in the name of the prophet” နှင့် “in the name of a righteous man” ကိုလည်းကြည့်ပါ။
b စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဂျူးများအားပေတရုဟောပြောရှင်းပြခဲ့သည့် ယေရှုနှင့်နှစ်ခြင်းခံပြီးသူ ယုံကြည်သူများ၏အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ကဏ္ဍ အသီးသီးကိုလည်းကြည့်ပါ။ သူ၏ဟောပြောချက်ပြီးနောက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ၃၀၀၀ နှစ်ခြင်းခံကြ၏။—တမန်တော် ၂:၁၄-၄၂။