ဘုရားသခင်အားဖြင့်အုပ်ချုပ်ရေး—အကောင်းဆုံးနည်းလမ်း
အု ပ်ချုပ်ရေးများ၏သမိုင်းက မစုံလင်သောလူသားများသည် အခြားလူသားများကိုလျောက်ပတ်စွာ မအုပ်ချုပ်နိုင်ကြောင်း ထင်ရှားသည်။ အင်္ဂလန်မှလော့ဒ်အက်တန်ပြောသကဲ့သို့ပင်။ “အာဏာသည်ယိုယွင်းစေပြီး အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ယိုယွင်းစေသည်။” ထို့ကြောင့်သမ္မာကျမ်းစာ ပြောသည့်အတိုင်းပင်၊ “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုးသော အချိန်လည်းရှိ၏။”—ဒေသနာ ၈:၉။
မူလကယေဟောဝါဘုရားရှင်သည် လူသားကိုမဟုတ်ဘဲ တိရစ္ဆာန်များကိုသာအုပ်စိုးခွင့်ပြုခဲ့သည်။ ဘုရားရှင်ကကောင်းကင်၌ မိမိ၏ပထမဆုံးဖန်ဆင်းခံရသူ သားတော်အားမိန့်ဆိုခဲ့သည်။ “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည်ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ အုပ်စိုးစေ။” (ကမ္ဘာဦး ၁:၂၆) လူ့ဖန်ဆင်းရှင်သည် သူ၏အုပ်စိုးရှင်ဖြစ်သည်။ သို့ဖြစ်လျှင်ယင်းသည် မည်သို့ပြောင်းလဲသွားသနည်း။
ဧဒင်ဥယျာဉ်တွင် လူသည် ပုန်ကန်ခဲ့စဉ် သူသည်ဘုရားရှင်အား မိမိ၏အုပ်စိုးရှင်အဖြစ်ငြင်းပယ်ခဲ့ပြီး ထိုအချိန်ကတည်းကဆက်လက်၍ ထိုအတိုင်းပင်ပြုခဲ့ကြသည်။ (ကမ္ဘာဦး အခန်းကြီး ၃) ဘုရားရှင်သည် မိမိ၏လူမျိုးအဖြစ်ရွေးချယ်ခဲ့သော ရှေးဣသရေလခေတ်တွင် ယင်းအကြောင်းထင်ရှားခဲ့သည်။ ဣသရေလလူများ၊ လူသားဘုရင် တောင်းဆိုခဲ့စဉ်က ယေဟောဝါရှင်သည်သူ၏ ပရောဖက်ရှမွေလအား ဤသို့မိန့်ဆိုခဲ့သည်။ “သူတို့သည်သင့်ကိုသာမပယ်၊ ငါသည်သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။”—၁ ဓမ္မရာဇဝင် ၈:၇။
ဣသရေလများအပေါ် ဘုရားရှင်၏အုပ်ချုပ်ရေးသည် ကြင်နာသောအထောက်အမ ဖြစ်ခဲ့သည်။ မိမိ၏ကိုယ်စားလှယ်မောရှေအားဖြင့် သူတို့၏ကောင်းကျိုးအတွက် မေတ္တာပါသောထောက်ထားမှုများ ပြသသည်။ ပညတ်များပေးခဲ့သည်။ ယင်းသည်သူတို့အား ရောဂါများစွာမှ ကာကွယ်ပေးခဲ့ပြီး သက်ကြီးရွယ်အိုများ၊ မုဆိုးမများနှင့် မိဘမဲ့များကို ထောက်ထားမှုပြခဲ့သည်။ ပညတ်တော်ကအခြားသူများ၏ပိုင်ဆိုင်ရာကို လေးစားရန်နှင့်စီးပွားရေးတွင် ရိုးသားရန်တောင်းဆိုခဲ့သည်။ မျက်နှာလိုက်ခြင်း၊ မမှန်သောသက်သေခံခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းကို ဒဏ်စီရင်သည်။ ဘုရား၏အုပ်ချုပ်ရေးသည် အမှန်ပင်တရားမျှတ၍ ဖြောင့်မတ်သည်။
ယေဟောဝါရှင်သည် ဣသရေလလူများကိုသာမကဘဲ လူသားအားလုံးကို အုပ်ချုပ်ရန်ကတိပေးခဲ့သည်။ ကိုယ်တော်သည် အပြစ်သားများထံမှ အခြားလူများအပေါ်အုပ်ချုပ်နေသည့် အာဏာကိုယူပြီး မိမိ၏တစ်ပါးတည်းသောသားတော်ကို အပ်နှင်းမည်။ ယင်းကိုဘုရားရှင်သည် ယေဇကျေလပရောဖက်ပြုချက်တွင် ဤသို့ကြိုတင်မိန့်ဆိုခဲ့သည်။ “အစိုးပိုင်သောသူ မရောက်မီတိုင်အောင်၄င်း . . . အစိုးပိုင်သောသူ၌ငါအပ်မည်။”—ယေဇကျေလ ၂၁:၂၇။
ယေဟောဝါ၏အချုပ်အခြာကိုယ်စားလှယ်အဖြစ် လူသားများအားတရားဝင်အုပ်ချုပ်ပိုင်ခွင့်ကို ဘုရားရှင်သည်ယေရှုခရစ်တော်၌ ပေးခဲ့သည်။ ခရစ်တော်အားဖြင့် ဘုရားနိုင်ငံတော်သည် လူသားအားလုံးကိုအုပ်ချုပ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သောကြောင့် ယေရှုကမိမိကိုနားထောင်သူတို့အား ယင်းအတွက်ဆုတောင်းရန် သင်ပေးခဲ့သည်။ “ထို့ကြောင့်သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်၌ ပြည့်စုံပါစေသော။”—မဿဲ ၆:၉၊ ၁၀။
လူများနှင့် ယေရှုဆက်ဆံပုံအားဖြင့် မိမိသည် မည်သို့သောအုပ်စိုးရှင်ဖြစ်မည်ကို ပြသခဲ့သည်။ ခရစ်တော်သည်အမှန်ပင် ကြင်နာမှုရှိခဲ့သည်။ အကြောင်းမှာ၊ “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။” (မဿဲ ၉:၃၆) ယေရှုကမိမိ၏နောက်လိုက်များအပေါ် မည်မျှချစ်ပုံကို ကိုယ်တော်၏စကားမှ ပြသခဲ့သည်။ “သင်တို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။” (ယောဟန် ၁၃:၃၄) ကိုယ်တော်သည်မိမိ၏အသက်ကို ရွေးဖိုးအဖြစ်ပေးသည့်တိုင်အောင် လူများကိုချစ်၏။ ထိုပူဇော်သက္ကာက လက်ခံသူများအတွက် အပြစ်၊ ဖျားနာခြင်းနှင့် သေခြင်းမှလွတ်မြောက်ရန် ဖြစ်ပေါ်စေသည်။—၁ ယောဟန် ၂:၁၊ ၂။ ဗျာဒိတ် ၂၁:၁-၄။
ယေရှုခရစ်အားဖြင့် ဘုရားအုပ်ချုပ်ရေးသည် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်မည့်အကြောင်း ကြိုတင်ဟောပြောရာ၌ ပရောဖက်ဟေရှာယက ဤသို့လှုံ့ဆော်မှုအောက်၌ရေးခဲ့သည်။ “အကြောင်းမူကား၊ ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကားအံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ် တရားတော်အတိုင်းဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ကောင်းကင်ဗိုလ်ခြေအရှင်[ယေဟောဝါ]သည် အလိုတော်အားကြီး၍ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်။”—ဟေရှာယ ၉:၆၊၇။
ဘုရားအုပ်ချုပ်ရေး၏ မြေကြီးဆိုင်ရာကိုယ်စားလှယ်များသည် စစ်မှန်သောခရစ်ယာန်အသင်းတော်တွင် ယေရှု၏မေတ္တာပါအရည်အချင်းများကို ယနေ့တင်ပြနေသော ကြီးကြပ်ရေးမှူးများကဲ့သို့ဖြစ်မည်။ ဓမ္မဆရာများကဲ့သို့မဟုတ်ဘဲ ဤသူများသည် ယေရှုခရစ်ကဲ့သို့ သိုးတော်စုအပေါ်မေတ္တာပါသော အကျိုးလိုလားမှုပြခဲ့သည်။ ထိုသို့သောဘုရားရေးရာလူများအပေါ် ပရောဖက်ဟေရှာယက “ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့်စီရင်ကြလိမ့်မည်။” (ဟေရှာယ ၃၂:၁) ထိုသို့သောဘုရားအုပ်ချုပ်ရေး ကိုယ်စားလှယ်များသည် ကမ္ဘာသစ်တွင်ဘုရားရှင်၏အလိုတော်ကျ ထမ်းဆောင်ကြဦးမည်။—ဆာလံ ၄၅:၁၆။
မဟာပြောင်းလဲမှုကြီးနီးပြီ
ဘုရားရှင်၏ပြိုင်ဖက်ကင်းသောအုပ်ချုပ်ရေး လူသားများအပေါ်မကျရောက်မီ မဟာပြောင်းလဲမှုကြီး ပြုလုပ်ရမည်။ ဤပြောင်းလဲမှုသည် လူမျိုးဆိုင်ရာခွဲခြားနေမှုများကို အဆုံးသတ်မည်။ ကွဲပြားနေသောလူသားအစိုးရ အမျိုးမျိုးအစား၊ လူသားများကိုလူတစ်မျိုးတည်းကဲ့သို့ ငြိမ်းချမ်းစွာနေရန် စုစည်းပေးမည့်ဖြောင့်မတ်သော ကောင်းကင်အစိုးရတစ်ခုရှိမည်။ ယင်းကိုကြိုတင်ဟောလျက် ပရောဖက်ဒံယေလဤသို့ရေးခဲ့သည်။ “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံ[လူ့အုပ်ချုပ်ရေးများ] ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”
ဘုရားအုပ်ချုပ်ရေးသည် ယနေ့လူသားများရင်ဆိုင်နေရသော အုပ်ချုပ်ရေးဆိုင်ရာပြဿနာများအတွက် တစ်ခုတည်းသောအဖြေဖြစ်သည်။ ယနေ့လူသားများမိမိတို့ကိုယ်ကို ကျရောက်နေစေသောအခြေအနေသည် သူတို့၏ဆက်လက်အသက်ရှင်ရေးကိုပင် ခြိမ်းခြောက်နေပါသည်တကား။ လူ့နည်းလူ့ဟန်ဖြင့် ဖြေရှင်းပေးနိုင်သောနည်းလမ်းလည်း မရှိချေ။ ထို့ကြောင့်သမ္မာကျမ်းစာ၏ ဖြေရှင်းပေးပုံကိုအာရုံစိုက်ပြီး စိတ်ထားမှန်သူများပျော်ရွှင်မည့် ပြိုင်ဖက်ကင်းသော ကောင်းချီးခံရမည့်မဝေးတော့သည် ဘုရားအုပ်ချုပ်ရေးကို စိတ်ချစွာဖြင့် မျှော်ကြည့်နေလျှင် ပညာရှိရာရောက်ပေမည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
“ဖြောင့်မတ်ခြင်းကိုယ်နှိုက်အတွက် ဘုရင်တစ်ပါးအုပ်စိုးမည်”