နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
‘နှစ်သက်ဖွယ်သောအရာများရောက်လာ’
ပရောဖက်ဟဂ္ဂဲသည် အောက်ပါစကားများကို ဘီစီအီး ၅၂၀ ခုတွင်ရေးသားခဲ့သည်။ “‘လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကိုဘုန်းနှင့်ငါပြည့်စုံစေမည်’ ဟုကောင်းကင်ဗိုလ်ခြေအရှင် [ယေဟောဝါ] ဘုရားမိန့်တော်မူ၏။” (ဟဂ္ဂဲ ၂:၇) ယေဟောဝါ၏အိမ်တော်ကို ဘုန်းတော်နှင့်ပြည့်စုံစေသည့် လူမျိုးအပေါင်းတို့မှ “နှစ်သက်ဖွယ်သောအရာများ” မှာ ဘုရားသခင်အားခန့်ညားသော ကိုးကွယ်သူတို့ဖြစ်သည်။ စိတ်နှလုံးရိုးသားသူတို့သည် အီတလီနိုင်ငံတွင်သတင်းကောင်းကို တုံ့ပြန်လျက်ရှိကြရာယခုအခါသက်သေခံ ၁၇၂၃၈၂ သည်ထိုနိုင်ငံတွင်လူတို့အား သမ္မာကျမ်းစာသင်ပေးနေကြသည်။ ကျွန်ုပ်တို့၏ထူးခြားသော တိုးပွားမှုကိုအီတလီမှ ဗရင်ဂျီဓမ္မဆရာတို့က သူတို့အတွက် “စိုးရိမ်သောကရတက်မအေးစရာ” “ကြီးထွားလျက်ရှိသော ထိတ်လန့်ဖွယ်ထူးခြားမှု” ဖြစ်သည်ဟု ယူဆကြသည်။ ထိုတိုင်းပြည်မှ အမှန်တရားရှာဖွေသူတစ်ဦး သူ၏ကိုယ်တွေ့ပြောပါစေ။
“ကျွန်မသည်ခရစ်ယာန်အမေးအဖြေ ဆရာမအဖြစ်ဆယ်နှစ်ကြာ ထမ်းဆောင်ခဲ့သည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်နှင့်အိမ်နီးချင်းတို့ကို ချစ်ရာရောက်သည်ဟု ကျွန်မခံယူခဲ့သည်။ ကျွန်မ၌ယေဟောဝါသက်သေဖြစ်သည့် သူငယ်ချင်းတစ်ယောက်ရှိသော်လည်း ကျမ်းစာသတင်းစကားကို နားထောင်ဖို့ဘယ်တော့မှ အချိန်မပေးခဲ့ပါ။ သို့သော်မကြာမီက သက်သေခံများကျွန်မဆီရောက်လာရာ ကျွန်မကအိမ်ထဲခေါ်သွင်းသည်။ ရည်ရွယ်ချက်မှာကျွန်မယောက္ခမသည် ဘာသာရေးနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးနေသဖြင့် သူမထံမသွားဖို့ပြောကြားရန်ဖြစ်သည်။ ကျွန်မက ‘အသက်ကြီးသူတွေဆီကို သွားမည့်အစားကျွန်မလိုလူမျိုးကို ပြောပြပါ’ ဟုဆို၏။ ထိုအချိန်မှစ၍သူမ ကျွန်မအိမ်ကိုမှန်မှန်ရောက်လာသည်။ သို့သော် ကျမ်းစာအယူဝါဒ တစ်ခုခုကိုတင်ပြတိုင်း ၄င်းအကြောင်းကို ကျွန်မလေ့လာရှာဖွေချိန်ရနိုင်ရန် လောလောဆယ်မဆွေးနွေးဘဲ ရွှေ့ဆိုင်းပါရန် အမြဲပြောခဲ့သည်။
“ဘုန်းကြီးအတော်များများဆီ တင်ပြအကူအညီတောင်းသော်လည်း ကျမ်းစာနှင့်အဖြေမပေးနိုင်ကြောင်း သတိထားမိသည်။ သာသနာပြုဘုန်းကြီးတစ်ပါးက ဝတ်ပြုစည်းဝေးတက်ဖို့ ထိုမျှအရေးမကြီးကြောင်း ပြောပြသည်။ သူက ‘ခြုံပြောရလျှင် ဘရာဇီးလ်ကဲ့သို့သောနိုင်ငံအများအပြား၌ လူတို့သည်ဝတ်ပြုစည်းဝေးတက်မည့်အစား အခြားအလုပ်လုပ်ကြသည်။ အရေးကြီးသည်မှာဘုရားသခင်ကို အတတ်နိုင်ဆုံးဝတ်ပြုရန်သာဖြစ်သည်’ ဟုပြောသည်။ ဤစကားတို့သည် ဗရင်ဂျီအသင်းနှင့်အဆက်အသွယ်ဖြတ်ရန် ကျွန်မကိုတွန်းအားပေးလိုက်သလိုရှိသည်။ နောက်ဘုန်းကြီးတစ်ပါးကလည်း ဗရင်ဂျီဘာသာဝင်ဖြစ်သည့် ကျွန်မယောက်ျားအား ကျွန်မယေဟောဝါသက်သေဖြစ်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါသက်သေတို့၌ အပြစ်ဆိုစရာတစ်ခုသာရှိကြောင်း၊ ၄င်းမှာအလွန်အမင်း စိတ်အားထက်သန်ခြင်းဖြစ်ကြောင်း ပြောပြသည်။ များမကြာမီက ကျွန်မသားတစ်ယောက်နှင့်အတူ ကျွန်မနှစ်ခြင်းခံသည်။ ကျွန်မယောက်ျားလည်း ကျမ်းစာကိုလေ့လာ၍ နိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားလာသည်။”
ယေဟောဝါသည် မိမိ၏တရားစီရင်ချက်တို့ကို ကမ္ဘာတစ်ဝှန်းကြေညာစေခြင်းအားဖြင့် လူမျိုးတို့ကိုလှုပ်ခါသည်နှင့်အမျှ ဖြောင့်မတ်ခြင်းဘက် တိမ်းညွှတ်သူအများတို့သည် ကျမ်းစာကျင့်စဉ်မူများအတိုင်း လိုက်လျှောက်နိုင်ရေးအတွက် မရိုးသားသည့်အကျင့်များကို စွန့်ပစ်လာကြသည်။ သမ္မာတရားမသိမီက အီတလီလူမျိုးတစ်ယောက်သည် အလွန်အမင်းကြွေးတင်နေသည်။ ပုံမှန်လစာဝင်ငွေနှင့် မရိုးသားသည့်နည်းဖြင့်ရရှိသည့် “လ္ဘက်ရည်ဖိုး” တို့ဖြင့်ပေးဆပ်နိုင်မည်ဟု တွက်ဆထားသည်။ သမ္မာတရားသိရှိလာပြီးနောက် ခက်ခက်ခဲခဲဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး မရိုးသားသည့် “လ္ဘက်ရည်ဖိုး” ကိုလက်မခံတော့ပေ။ မယားဖြစ်သူနှင့်အတူ နှစ်ခြင်းခံပြီးသည်နှင့် အချိန်ပြည့်ဓမ္မအမှုတွင် စတင်ထမ်းဆောင်လာသည်။ သူအလုပ်လုပ်သည့်ဆေးရုံတွင် မကြာခဏလူသေတို့ကို အဝတ်ချွတ်ပေးရသဖြင့် လူသေတို့ကိုယ်ပေါ်တွင် ငွေအမြောက်အမြားတွေ့ရလေ့ရှိသည်။ ဥပမာအားဖြင့်တစ်ခါက ၁၅၀၀၀၀ လီရယ် (၁၁၅ဒေါ်လာခန့်) တွေ့ရှိပြီး၊ နောက်တစ်ခါ၌ ၆၀၀၀၀၀ လီရယ် (၄၆၀ဒေါ်လာခန့်) တွေ့ရှိရသည်။ ရိုးသားမှုကြောင့်ထိုငွေကို ဆေးရုံသို့ပြန်အပ်သဖြင့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့်ဆရာဝန်တို့အား သမ္မာတရားပြောဆိုရန် အခွင့်အရေးရရှိခဲ့သည်။ သူ၏ရိုးသားမှုနှင့်တာဝန်သိသိ ပြုမူခြင်းအတွက် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ကသူ့အား ချီးကျူးဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့သည်။
အီတလီမှ ဤတွေ့ကြုံမှုက စာတန်၏စနစ်ကြီးကို အာမဂေဒုန်တွင်ဖျက်ဆီးပစ်ရန် ဘုရားသခင်မလှုပ်မီ “နှစ်သက်ဖွယ်သောအရာများ” သည်ဤဆိုးယုတ်ကြမ်းတမ်းသော စနစ်ကိုစွန့်ခွာပြီး ယေဟောဝါ၏သန့်ရှင်း၍ငြိမ်းချမ်းသည့် အဖွဲ့အစည်းတော်သို့ ကူးပြောင်းလာကြသည့် နမူနာမျှသာဖြစ်ပေသည်။