ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၄/၁၅ စာ. ၄-၁၀
  • သတင်းဆိုးသော ပြည့်တန်ဆာ—သူမ၏ ကျရှုံးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းဆိုးသော ပြည့်တန်ဆာ—သူမ၏ ကျရှုံးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီ ဘာသာရေးအင်ပါယာ
  • ယေဟောဝါ၏ တရားစီရင်ရာနေ့
  • “ငါ၏လူတို့ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။”
  • “ရွှံ့တွင် လူးပြန်၏”
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၄/၁၅ စာ. ၄-၁၀

သတင်းဆိုးသော ပြည့်တန်ဆာ—သူမ၏ ကျရှုံးခြင်း

“မိမိ၏မတရားသော မေထုန်ဆိုင်ရာ အမျက်ဒေါသစပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်သော မဟာဗာဗုလုန် ကျရှုံးပြီ၊ ကျရှုံးပြီ။”—ဗျာဒိတ် ၁၄:၈၊ NW။

ဤဆောင်းပါးနှင့် နောက်ဆက်တွဲဆောင်းပါးတို့သည် ၁၉၈၈ ခုနှစ်အတွင်း ယေဟောဝါသက်သေများ ကျင်းပခဲ့သည့် မြင့်မြတ်သောတရားမျှတခြင်း ခရိုင်စည်းဝေးပွဲကြီးများတွင် ဟောပြောခဲ့သော “ခန့်အပ်ချိန်နီးပြီ” ခေါင်းစဉ်ရှိ အခန်းဆက်ဟောပြောချက်၏ ဒုတိယအပိုင်းဖြစ်သည်။

၁။ သတင်းဆိုးသော “ပြည့်တန်ဆာ” ကား မည်သူနည်း။ သူမအကြောင်း သိထားဖို့ အဘယ်ကြောင့်လိုသနည်း။

သ တင်းဆိုးသော “ပြည့်တန်ဆာ” ကား မည်သူနည်း။ သူမအကြောင်း အဘယ်ကြောင့် ပြောစရာလိုသနည်း။ သဲထိတ်ရင်ဖိုဖွယ် ဝတ္ထု၊ တီဗွီနှင့် ဗွီဒီယိုတို့၌ အကျင့်စာရိတ္တပျက်ပြားမှုကို အော့နှလုံးနာစရာကောင်းလောက်အောင် အသားပေးရေးသား တင်ဆက်နေကြသည် မဟုတ်ပေလော။ မှန်ပါသည်။ သို့သော် ယခုပြောနေသော အမျိုးသမီးမှာ သာမာန်ရိုးရိုးအပြာမယ်မဟုတ်ပေ။ စင်စစ်အားဖြင့် သူမသည် သမိုင်းတွင် ဩဇာအာဏာအထက်မြက်ဆုံ၊ နာမည်အကြီးဆုံး နှင့် လူ့အသက်အများဆုံး သတ်ခဲ့သော ပြည့်တန်ဆာမဖြစ်သည်။ ပြည့်တန်ဆာလုပ်စားလာသည်မှာ နှစ်ပေါင်း ၄၀၀၀ ကျော်ရှိပြီ။ ကျွန်ုပ်တို့၏ အကာအကွယ်အတွက် သူမအကြောင်းကို ကျွန်ုပ်တို့သိထားဖို့လိုသည်။ ဗျာဒိတ် ၁၄:၈ ၌ ကောင်းကင်တမန်တစ်ပါးက နာမည်ဆိုးသော ဤအမျိုးသမီးအား “မဟာဗာဗုလုန်” ဟုခေါ်ဆိုပြီး လူမျိုးတို့ကို မြှူဆွယ်သူအဖြစ် သရုပ်ဖေါ်တင်ပြထားသည်။ သူမသည် ဤမျှအန္တရာယ်ကြီးမားသူဖြစ်သည့်အတွက် သူမအားစီရင်ဆုံးဖြတ်ရန် ယေဟောဝါ၏ ‘ချိန်းချက်သောအချိန် ရောက်လုနီးပြီ’ ဖြစ်ကြောင်း သိရသဖြင့် ကျွန်ုပ်တို့ရွှင်လန်းသင့်ပေသည်။—ဗျာဒိတ် ၁:၃။

၂။ ဤပြည့်တန်ဆာမသည် သူမ၏အမည်ကို အဘယ်မှရယူသနည်း။ မှောက်မှားသောဘာသာ ကမ္ဘာ့အင်ပါယာ အဘယ်သို့စတင်ခဲ့သနည်း။

၂ ဤပြည့်တန်ဆာသည် သူမ၏နာမည်ကို ရှေးဗာဗုလုန်မြို့မှ ရယူခဲ့ခြင်းဖြစ်သည်။ ယင်းမြို့မှာ မက်ဆိုပိုတေးမီးယားဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်က ‘ယေဟောဝါတစ်ဘက်၌ အားကြီးသောမုဆိုး’ ဖြစ်သည့် နိမ်ရောဒတည်ဆောက်ခဲ့သော မာနထောင်လွှားသည့်မြို့ဖြစ်သည်။ ဗာဗုလုန်လူမျိုးများ ဘာသာရေးရဲတိုက် စ၍တည်ဆောက်စဉ်က ယေဟောဝါသည် သူတို့၏ ဘာသာစကားကို ရှုပ်ထွေးစေပြီးလျှင် မြေကြီးအနှံ့ ကွဲပြားသွားစေတော်မူခဲ့၏။ သူတို့သည် မိမိတို့၏ ဘာသာတရားကို သယ်ဆောင်သွားကြသဖြင့် ဗာဗုလုန်ဘာသာရေးကမ္ဘာ့အင်ပါယာ စတင်ခဲ့လေသည်။ တကယ်ပင် မဟာဗာဗုလုန်ဖြစ်ပေသည်။ (ကမ္ဘာဦး ၁၀:၈-၁၀။ ၁၁:၁-၉) ကျွန်ုပ်တို့လက်ထက်တိုင်အောင် ရှေးဗာဗုလုန်၏ နက်နဲရာတို့သည် ကမ္ဘာ့ဘာသာတရားတို့၏ ယုံကြည်ချက်နှင့် လုပ်ဆောင်မှုတို့တွင် ရောင်ပြန်ထင်ဟပ်လျက်ရှိသည်။ (ဗျာဒိတ် ၁၇:၇) ထိုမြို့၏ ဟေဗြဲအမည် ဘေဘဲလ် (Babel) အဓိပ္ပာယ်မှာ “ရှုပ်ထွေးခြင်း” ဖြစ်ပြီး ယနေ့ မှောက်မှားသော ဘာသာရေးဟင်းလေးအိုးအတွက် ကိုက်ညီလှသော အမှတ်အသားတံဆိပ်ဖြစ်သည်။

၃။ (က) ဗာဗုလုန်သည် ဘုရားသခင့်လူမျိုးတော်ကို မည်မျှကြာကြာသုံ့ပန်းအဖြစ် ချုပ်ထားခဲ့သနည်း။ သူတို့အား အဘယ်အရာတို့နှင့် ရင်းနှီးထိတွေ့စေခဲ့သနည်း။ (ခ) အဘယ်အချိန်တွင် ဗာဗုလုန်ကျဆုံးခဲ့သနည်း။ ထိုအချိန်၌ သူမ၏အဆုံး အဘယ်ကြောင့်မရောက်သေးသနည်း။

၃ ရှေးဗာဗုလုန်နိုင်ငံသည် ပထမရှုံးနိမ့်ခဲ့ရာမှ နလံထလာပြီး ဘီစီအီး ၆၃၂ ခုနှစ်တွင် အဆီးရီးယားကို အောင်နိုင်ခြင်းဖြင့် သမ္မာကျမ်းစာသမိုင်းတွင် တတိယကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်သော သက်တမ်းမှာ တိုတောင်းသည်။ နှစ်တစ်ရာပင် မပြည့်ချေ။ သို့သော် အနှစ် ၇၀ နီးနီး ဘုရားသခင့်လူမျိုးတော် ဣသရေလအမျိုးကို သုံ့ပန်းဘဝ၌ ချုပ်ထားခဲ့သည်။ ဤအခြေအနေကြောင့် ဣသရေလအမျိုးသည် ဗာဗုလုန်၏ ထောင်နှင့်ချီသော ဘုရားကျောင်းကန်ဗိမာန်များ၊ သုံးပါးပေါင်းတစ်ဆူဘုရားများနှင့် သုံးပါးပေါင်းတစ်ဆူ မာရ်နတ်များ၊ မယ်တော်နှင့် သားတော်အား ကိုးကွယ်ခြင်းနှင့် နိစ္စနတ်ဘုရားများအမှတ်ဖြင့် ကိုးကွယ်သည့် နက္ခတ်ပညာတို့နှင့် လက်ပွန်းတတီးရင်းနှီးထိတွေ့ကြရသည်။ ဤသို့ဖြင့် ဘီစီအီး ၅၃၉ ခုနှစ်တွင် ဗာဗုလုန်မြို့ ရုတ်တရက်ကျဆုံးသည့်အချိန်၌ ဣသရေလသုံ့ပန်းတို့သည် မှောက်မှားသော ဘာသာ၏ ကမ္ဘာ့ဗဟိုရ်အချက်အချာတွင် ရောက်ရှိနေခဲ့ကြသည်။ သို့သော် ဗာဗုလုန်၏အဆုံးကား မရောက်သေးချေ။ သူမအား တိုက်ခိုက်သိမ်းပိုက်သူတို့က သူမကို ဂုဏ်ရှိသော ဘာသာရေးဗဟိုရ်ချက်အဖြစ် ဆက်၍အသုံးပြုခဲ့သည်။

ကမ္ဘာချီ ဘာသာရေးအင်ပါယာ

၄။ (က) ယေဟောဝါ၏ပရောဖက်တို့က ဗာဗုလုန်မြို့နှင့်စပ်လျဉ်း၍ ဘာကြေညာခဲ့ကြသနည်း။ ဗာဗုလုန် ဘာဖြစ်သွားသနည်း။ (ခ) ကမ္ဘာသူကမ္ဘာသားတို့ အကျိုးထိခိုက်နစ်နာစရာဖြစ်သော အခြားအဘယ်ဗာဗုလုန် ဆက်လက်ရှင်သန်တည်ရှိလာသနည်း။

၄ ဗာဗုလုန်မြို့သည် “ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့” “ဖျက်ဆီးခြင်းတန်မြက်စည်းဖြင့်” လှည်းကျင်းခံရမည်ဟူသော ယေဟောဝါ၏စီရင်ဆုံးဖြတ်ချက်အကြောင်းကို ကိုယ်တော်.ပရောဖက်တို့က ကြေညာခဲ့ကြသည်။ ထိုပရောဖက်ပြုချက်များ နောက်ပိုင်းတွင် ပြည့်စုံခဲ့ပါသလော။ ဟုတ်ကဲ့။ အသေးစိတ်အထိပြည့်စုံခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ရှေးဗာဗုလုန်မြို့သည် အုတ်ကျိုးအုတ်ပဲ့ပုံကြီးဖြစ်သွားသည်။ တွားသွားတိရစ္ဆာန်နှင့် သားရိုင်းတိရစ္ဆာန်များမှအပ လူသူလုံးဝမနေသော နေရာဖြစ်သွားသည်။ ကြိုတင်ဟောပြောခဲ့သည့်အတိုင်း အတိအကျ ပြည့်စုံခဲ့သည်။ (ဟေရှာယ ၁၃:၉၊ ၁၉-၂၂။ ၁၄:၂၃။ ယေရမိ ၅၀:၃၅၊ ၃၈-၄၀) သို့သော်ငြားလည်း အခြားသောဗာဗုလုန်မြို့တစ်မြို့တည်းဟူသော ခေတ်သစ်မဟာဗာဗုလုန် ဆက်၍ရှင်သန်တည်ရှိလာခဲ့သည်။ မှောက်မှားသော ဘာသာရေးကမ္ဘာ့အင်ပါယာအနေနှင့် သူမသည် မူလဗာဗုလုန်၏ အယူဝါဒများ ဆက်၍ပြန့်ပွားစေပြီး ယင်း၏မာနထောင်လွှားသော စိတ်သဘောမျိုး ထွေးပိုက်ထားသည်။ သူမမှာ ယေဟောဝါ၏ နိုင်ငံတော်ရည်ရွယ်ချက်များကို မသိမမြင်စေရန် လူတို့၏ ဉာဏ်မျက်စိကို ဖုံးကွယ်ရာတွင် စာတန်အဓိကအသုံးပြုနေသော လက်ကိုင်တုတ်ပင်ဖြစ်သည်။—၂ ကောရိန္သု ၄:၃၊ ၄။

၅။ (က) ဗာဗုလုန်ဘုန်းမီးနေလ အထွန်းတောက်ဆုံးအချိန်တွင် အဘယ်ဘာသာများပေါ်ထွန်းခဲ့သနည်း။ တစ်ကမ္ဘာလုံးကို မှောက်မှားသောဘာသာဖြင့် ဖုံးလွှမ်းစေရန် စာတန်အဘယ်ကြောင့် မအောင်မြင်ခဲ့သနည်း။ (ခ) ခရစ်ယာန်ဘာသာ ထွန်းကားလာပြီးနောက်ပိုင်းတွင် မှောက်မှားသောဘာသာကို စာတန် အဘယ်သို့အသုံးချသနည်း။

၅ ခရစ်တော်လက်ထက်တော်မတိုင်မီ ခြောက်ရာစုခန့်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံဗာဗုလုန် ဘုန်းမီးနေလအထွန်းတောက်ဆုံးအချိန်သမယတွင် ဘာသာအများအပြားလည်း ရှေ့တန်းသို့အသီးသီးရောက်ရှိလာကြသည်။ သို့သော်လည်း တစ်ကမ္ဘာလုံးကို မှောက်မှားသောဘာသာဖြင့် ဖုံးလွှမ်းသွားစေရန် စာတန်၏အားထုတ်မှုအောင်မြင်ခဲ့ပါသလော။ မအောင်မြင်ပါ။ အဘယ်ကြောင့်ဆိုသော် ယေဟောဝါ၏ရှေးသက်သေခံ အကြွင်းအကျန်တို့သည် ဗာဗုလုန်မြို့မှ ယေရုရှလင်မြို့သို့ ပြန်လာ၍ ယေဟောဝါ၏ ကိုးကွယ်ဝတ်ပြုမှုကို ပြန်လည်ထူထောင်ခဲ့ကြသောကြောင့်တည်း။ ဤသို့ဖြင့် သစ္စာရှိဂျူးတို့သည် ခြောက်ရာစု နောက်ပိုင်းတွင် မေရှိယကို ကြိုဆို၍ ခရစ်ယာန်အသင်းတော်၏ ပထမဦးဆုံး အသင်းသားများဖြစ်ခွင့် ရခဲ့ကြသည်။ ယေရှုနှင့် တမန်တော်များ သတိပေးခဲ့သည့်အတိုင်း မှောက်မှားသော ဘာသာသည် ဘုရားသခင့်သားတော်ကို ကွပ်မျက်ခြင်းအားဖြင့် မှန်သောခရစ်ယာန်ဘာသာကို ဆန့်ကျင်ရာတွင် စာတန်အသုံးပြုသော လက်ကိုင်တုတ်ဖြစ်လာခဲ့သည်။—မဿဲ ၇:၁၅။ တမန်တော် ၂၀:၂၉၊ ၃၀။ ၂ ပေတရု ၂:၁။

၆။ (က) ခရစ်ယာန်အယူဝါဒတို့ကို စာတန် အဘယ်သို့ယိုယွင်း ဖောက်ပြန်စေခဲ့သနည်း။ (ခ) ဗာဗုလုန်အယူအစား သမ္မာကျမ်းစာ သမ္မာတရားကို ယုံကြည်လက်ခံသူ ထောင်ပေါင်းများစွာ ဘာဖြစ်ခဲ့ကြသနည်း။

၆ အထူးသဖြင့် စီအီး ၇၀ ခုနှစ်တွင် ယေရုရှလင်မြို့ ဒုတိယအကြိမ်ပျက်စီးပြီးနောက် စာတန်သည် မိစ္ဆာတမန်များကို အသုံးပြု၍ ခရစ်ယာန်အယူဝါဒများကို ယိုယွင်းဖောက်ပြန်စေသည်။ ဗာဗုလုန်ဆိုင်ရာ နက်နဲသောအယူဝါဒ၊ ဂရိလူမျိုး၏ လောကီအတွေးအခေါ်တို့နှင့် ရောနှောလိုက်သည်။ ဤသို့ဖြင့် ‘မြင့်မြတ်သောသုံးပါးပေါင်းတစ်ဆူ” ဘုရားသည် သမ္မာကျမ်းစာ၏ ‘တစ်ဆူတည်းသော ယေဟောဝါ’ နေရာသို့ ဝင်ရောက်လာခဲ့သည်။ (တရားဟောရာ ၆:၄။ မာကု ၁၂:၂၉။ ၁ ကောရိန္သု ၈:၅၊ ၆) ဒိဌိအတွေးအခေါ်ပညာရှင်ပလေတို (Plato) သင်ကြားခဲ့သကဲ့သို့ လူ့ဝိညာဉ်စိုးလ် (soul) မသေနိုင်ခြင်းဟူသော အယူဝါဒကိုလည်း သွတ်သွင်းခြင်းအားဖြင့် ခရစ်တော်၏ ရွေးနှုတ်ဖိုးနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ သမ္မာကျမ်းစာ၏ အဖိုးတန်လှသော အယူဝါဒကို ချေဖျက်ခဲ့သည်။ ယင်းကြောင့် မီးငရဲနှင့် မီးငရဲလေး ယုံကြည်ချက်အတွက် လမ်းပွင့်သွားသည်။ (ဆာလံ ၈၉:၄၈။ ယေဇကျေလ ၁၈:၄၊ ၂၀) လူတို့၏ ကြောက်စိတ်ကို ဆွပေးပြီး အမြတ်ထုတ်သည့် ထိုသို့သော ဘုရားသခင့်ဂုဏ်တော် ညှိုးနွမ်းဖွယ် အယူဝါဒကြောင့် ဘုရားရှိခိုးကျောင်းများ၏ ဘဏ္ဍာတိုက် ပြည့်လျှံခဲ့ရသည်။ ထိုမျှမက အင်ကွီဇီရှင်း (Inquisition) ခေါ် ဗရင်ဂျီဂိုဏ်းက မိစ္ဆာဒိဌိဆိုသူတို့ကို စစ်မေး၍ ပြစ်ဒဏ်စီရင်ရာကာလနှင့် ရီဖေါ်မေးရှင်း (Reformation) ခေါ် ခရစ်ယာန်ဘာသာပြန်လည်ပြုပြင်ရာကာလတို့တွင် ဘာသာရေးခေါင်းဆောင်ပိုင်းသည် လူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် ငရဲမီး၏ မီးတောက်မီးလျှံကိုပင် မစောင့်ဆိုင်းနိုင်ခဲ့ကြချေ။ ဗာဗုလုန်အယူအစား သမ္မာကျမ်းစာသမ္မာတရားကို ယုံကြည်လက်ခံသူထောင်ပေါင်းများစွာကို တိုင်တွင် တုတ်နောင်ကာ အရှင်လတ်လတ်မီးရှို့ သတ်ခဲ့ကြသည်။ သို့သော် မဟာဗာဗုလုန်၏ ပြည့်တန်ဆာလုပ်ရပ်မှာ မိစ္ဆာအယူကို အားပေးမြှင့်တင်ရုံမျှသာမကကြောင်းကို ကျွန်ုပ်တို့တွေ့ရပေမည်။

ယေဟောဝါ၏ တရားစီရင်ရာနေ့

၇။ (က) အခြေခံသမ္မာကျမ်းစာ သမ္မာတရားကို နဂိုနေအခြေသို့ ပြန်ရောက်စေရန်နှင့် မိစ္ဆာဗာဗုလုန်အယူတို့ကို လှစ်ဟဖေါ်ထုတ်စေရန် ယေဟောဝါ အဘယ်အချိန်နှင့် အဘယ်သို့စတင်ခဲ့သနည်း။ (ခ) အဘယ်အခြေခံ သမ္မာကျမ်းစာ သမ္မာတရားတို့ကို သမ္မာကျမ်းစာကျောင်းသားများ နဂိုနေအခြေသို့ ပြန်ရောက်စေခဲ့သနည်း။

၇ ဤပြည့်တန်ဆာအား ယေဟောဝါတရားစီရင်တော်မူမည့်နေ့ မုချရောက်လာမည်။ (ဟေဗြဲ ၁၀:၃၀) ၁၈၇၀ ပြည့်နှစ်များမှစ၍ ပဏာမပြင်ဆင်ရာကာလ စတင်ခဲ့သည်။ ထိုကာလအတွင်း ယေဟောဝါသည် မိမိ၏ “တမန်” တည်းဟူသော စိတ်ရင်းမှန်သည့် သမ္မာကျမ်းစာကျောင်းသားတစ်စုအား အခြေခံသမ္မာကျမ်းစာ သမ္မာတရားကို နဂိုနေအခြေ ပြန်ဖြစ်စေရန်လည်းကောင်း၊ ဗာဗုလုန်ဆိုင်ရာ မိစ္ဆာအယူတို့ကို လှစ်ဟဖေါ်ထုတ်စေရန်လည်းကောင်း စေလွှတ်တော်မူ၏။ (မာလခိ ၃:၁က) ဤ “တမန်” အုပ်စုသည် ဗျာဒိတ် ၄:၁၁ (သမာကျမ်း) မှ အောက်ပါပရောဖက်စကားကို ထောက်ခံကြသည်။ “[ယေဟောဝါ]၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသည့်အလျောက်၊ အရာခပ်သိမ်းသည် အလိုတော်ကြောင့် ဖြစ်ပွား၍ တည်ရှိသဖြင့် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်များကို ပိုင်ထိုက်တော်မူပါသည်။” ယင်း “တမန်” သည် လူသားတို့ကို ကယ်တင်ရန်အတွက် ဘုရားသခင်စီမံချက်တည်းဟူသော ယေရှု၏ ရွေးနှုတ်ဖိုးပူဇော်သက္ကာအကြောင်းကို အင်တိုက်အားတိုက် ထောက်ခံကြေညာသူဖြစ်လာသည်။ ကယ်တင်ခံရသူတို့တွင် ဦးဆုံးအဖြစ် ကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်အတူ စိုးစံကြမည့် “သိုးစုငယ်” ပါဝင်ပြီး နောက်ပိုင်းတွင် ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်မည့် သန်းပေါင်းများစွာသောသူများ ပါဝင်သည်။ ယင်းတို့အနက် အများသောသူတို့မှာသေရာမှ ရှင်ပြန်ထမြောက်လာကြသူများဖြစ်မည်။ (လုကာ ၁၂:၃၂။ ၁ ယောဟန် ၂:၂။ တမန်တော် ၂၄:၁၅) မှန်ပေသည်။ ထိုသမ္မာကျမ်းစာကျောင်းသားတို့သည် ဤအခြေခံ သမ္မာတရားတို့ကို နဂိုနေအခြေသို့ ပြန်ရောက်စေခြင်းအားဖြင့် ဗာဗုလုန်ဆိုင်ရာ ထာဝရညှဉ်းဆဲရာ ငရဲအယူကို တိုက်ဖျက်ပစ်လိုက်သည်။ တင်စား၍ဆိုရသော် ‘ငရဲမီးကို ရေဖြင့် ငြိမ်းသတ်လိုက်သည်။’a

၈။ (က) ခရစ်ယာန်ဘောင် ဓမ္မဆရာဘုန်းကြီးတို့သည် သမ္မာကျမ်းစာကျောင်းသားတို့ကို အစတုံးရှင်းပစ်ရန် ပထမကမ္ဘာစစ်ကို အဘယ်သို့ အသုံးချခဲ့သနည်း။ (ခ) ကင်းမျှော်စင်အသင်း၏အရာရှိရှစ်ဦးအား အာမခံမပေးဘဲ ထောင်ချခဲ့သော တရားသူကြီး ဘာဖြစ်သွားသနည်း။

၈ ၁၉၁၄ ခုနှစ်မှာ လူမျိုးခြားတို့၏ ကာလကုန်ဆုံးရာအချိန်ဖြစ်ကြောင်း သမ္မာကျမ်းစာကျောင်းသားတို့ အနှစ် ၄၀ ကျော် ရဲရင့်စွာ ကြေညာခဲ့ကြသည်။ မျှော်လင့်ထားသည့်အတိုင်း ထိုနှစ်တွင် ကမ္ဘာလှုပ်ခါသွားစေသည့် အဖြစ်အပျက်များ ဖြစ်ပျက်လာသည်။ အကြီးဆုံးမှာ ပထမကမ္ဘာစစ်ဖြစ်သည်။ သို့သော် မဟာဗာဗုလုန်၏ အထင်ရှားဆုံး အစိတ်အပိုင်းဖြစ်သော ခရစ်ယာန်ဘောင်၏ ဓမ္မဆရာတို့က ဖြစ်ပေါ်နေသော ကမ္ဘာ့အရေးအခင်းကို အသုံးချ၍ ပြောင်ပြောင်ပြောတတ်သော ထိုသမ္မာကျမ်းစာကျောင်းသားတို့ကို အစတုံး ရှင်းပစ်ရန် ကြိုးစားလာကြသည်။ နောက်ဆုံး၌ ၁၉၁၈ ခုနှစ်တွင် သူတို့သည် အကွက်ဆင်ကာ ကင်းမျှော်စင် အသင်း၏ အရာရှိရှစ်ဦးကို ပုန်ကန်ထကြွရန် လှုံ့ဆော်မှုစွဲချက်ဖြင့် ထောင်ချလိုက်သည်။ သို့သော် ကိုးလကြာပြီးနောက် အဆိုပါအရာရှိတို့သည် ထောင်မှလွတ်လာပြီးနောက်ပိုင်းတွင် တရားသေလွတ်မြောက်သွားသည်။ ဤကျမ်းစာကျောင်းသားတို့ကို အာမခံမပေးဘဲ ထောင်ချခဲ့သည့် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်တရားသူကြီး မန်တန် (Martin T. Manton) အား ပုပ်ရဟန်းမင်း ဧကာဒသမမြောက်ပိုင်းယပ်စ် (Pope Pius XI) က “Knight of the order of St. Gregory the Great” ဘွဲ့ချီးမြှင့်၍ သူကောင်းပြုလိုက်သည်။ သို့သော် သူ၏ဂုဏ်ကျက်သရေမှာ ရေပွက်ပမာမျှသာဖြစ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် သူသည် ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်အများအပြား စီရင်ချက်ချခံရသည်။ အဘယ်ကြောင့်နည်း။ အမှုခြောက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၈၆၀၀၀ လာဘ်စား၍ စီရင်ဆုံးဖြတ်ချက်ကို မှောက်လှန်ခဲ့သည့် ပြစ်မှုကြောင့်ဖြစ်သည်။

၉။ ယေဟောဝါလူမျိုးတော်၌ ဖြစ်ပျက်ပုံအကြောင်း မာလခိပရောဖက်ပြုချက်က အဘယ်သို့ရှင်းပြထားသနည်း။ ထိုကြောင့် တရားစီရင်ခြင်း မည်သူတို့ဖြင့် စတင်ခဲ့သနည်း။

၉ ကျွန်ုပ်တို့ ယခုလေးတင် ဖေါ်ပြခဲ့သည့်အတိုင်း ယေဟောဝါ၏ လူမျိုးတော်သည် ၁၉၁၈ ခုနှစ်တွင် ပြင်းထန်လှသော စမ်းသပ်မှုကာလတွင်းသို့ ဝင်ရောက်ခဲ့သည်။ မာလခိ ၃:၁-၃ ၌ ပရောဖက်ဆက်၍ ပြောထားသောစကားများက ဘာဖြစ်နေခဲ့သည်ကို ရှင်းပြသည်။ “သင်တို့ရှာသောသခင် [ယေဟောဝါ]၊ သင်တို့တောင့်တသော [အာဗြဟံ]၊ ပဋိညာဉ်တမန်တော် [ယေရှု] သည် မိမိဗိမာန်တော်သို့ ချက်ခြင်းလာလိမ့်မည်။” မှန်ပေသည်။ ယေဟောဝါသည် ခရစ်တော်နှင့်အတူ တရားစီရင်ခြင်းငှာ ကြွလာတော်မူလိမ့်မည်။ ထိုနောက် ယေဟောဝါ ဤသို့မေးတော်မူ၏။ “လာတော်မူသောနေ့ရက်ကို အဘယ်သူသည် ခံရပ်လိမ့်မည်နည်း။ ထိုသခင်သည် ငွေကိုစစ်သောသူ၏မီး၊ ခဝါသည်သုံးသော ဆပ်ပြာကဲ့သို့ ဖြစ်တော်မူမည်။” ၁ ပေတရု ၄:၁၇ အရ “ဘုရားသခင်၏ အိမ်တော်သား” ဆိုသူတို့ကို ရှေ့ဦးစွာ တရားစီရင်ခြင်းဖြင့် စတင်မည်ဖြစ်သည်။ ဤသို့ဖြင့် ခရစ်ယာန်စစ်တို့သည် ယေဟောဝါ၏အမှုတော်ထမ်းဆောင်ရန်အတွက် သန့်စင်ခြင်း၊ ဆေးကြောခြင်းခံရကြသည်။

“ငါ၏လူတို့ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။”

၁၀။ (က) ၁၉၁၉ ခုနှစ်တွင် ခရစ်ယာန်ဘောင်နှင့်တကွ မှောက်မှားသောဘာသာအားလုံးအပေါ် ဘုရားသခင်အဘယ်စီရင်ဆုံးဖြတ်ချက် ချခဲ့သနည်း။ မဟာဗာဗုလုန်အတွက် အဘယ်အကျိုးသက်ရောက်သနည်း။

၁၀ ခရစ်ယာန်ဘောင်မှ ဓမ္မဆရာတို့သည် မဟာဗာဗုလုန်၏ နောင်တမရနိုင်ကြသော အစိတ်အပိုင်းဖြစ်ရကား ယေဟောဝါ၏တရားစီရင်ခြင်းတွင် ခံရပ်နိုင်မည်မဟုတ်ပေ။ ကမ္ဘာစစ်ကြီး၏ သတ်ဖြတ်ခြင်းတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခြင်းအားဖြင့်လည်းကောင်း၊ စစ်မှန်သော ခရစ်ယာန်တို့အား ညှဉ်းပန်းခြင်းအားဖြင့်လည်းကောင်း သူတို့သည် မိမိတို့၏ ဝတ်ရုံတို့ကို ရစရာမရှိအောင် ညစ်ပတ်ပေရေစေခဲ့ကြသည်။ (ယေရမိ ၂:၃၄) သူတို့သည် ခရစ်တော်၏ ကောင်းကင်နိုင်ငံတော်ဝင်လာသည်ကို ဝမ်းမြောက်စွာ ကြိုဆိုမည့်အစား သူတို့ဖွဲ့စည်းတည်ထောင်သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို အားပေးထောက်ခံကြသည်။ သူတို့က ယင်းအသင်းကြီးကို “ဘုရားသခင့်နိုင်ငံတော်မြေကြီးပေါ်၌ နိုင်ငံရေးအသွင် ဖေါ်ပြချက်” အဖြစ် ခိုင်းနှိုင်းတင်ပြခဲ့ကြသည်။ ၁၉၁၉ ခုနှစ်အရောက်တွင် ယေဟောဝါသည် ခရစ်ယာန်ဘောင်အပေါ် စီရင်ချက်ချမှတ်ခဲ့သည်မှာ ထင်ရှားလှသည်။ မှောက်မှားသော ဘာသာအားလုံးအပေါ်လည်း စီရင်ချက်ချမှတ်တော်မူခဲ့သည်။ မဟာဗာဗုလုန်ပြိုလဲပြီ။ သေဒဏ်စီရင်ချက်ချခြင်း ခံရပြီ။ ယခုအချိန်မှာ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတရားတို့ကို ချစ်မြတ်နိုးသူအားလုံး ယေရမိ ၅၁:၄၅ မှ ပရောဖက်အမိန့်တော်နှင့်အညီပြုမူဆောင်ရွက်ရန် အပြည့်အဝအချိန်ကျရောက်နေပြီ။ “ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ [ယေဟောဝါ] ၏ပြင်းစွာသော အမျက်တော်မှ အသီးသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။”

၁၁၊ ၁၂။ (က) ဗျာဒိတ် ၁၇:၁၊ ၂ တွင် မဟာဗာဗုလုန်အပေါ် စီရင်ဆုံးဖြတ်ခြင်းအကြောင်း ကောင်းကင်တမန်တစ်ပါး ဘာပြောသနည်း။ (ခ) ပြည့်တန်ဆာကြီးထိုင်သော “ရေအများ” ကားအဘယ်နည်း။ မြေကြီးသားတို့အား ‘သူမ၏မတရားသောမေထုန်၏ စပျစ်ရည်နှင့် အဘယ်သို့ယစ်မူး’ စေပြီနည်း။

၁၁ မဟာဗာဗုလုန် ပြိုလဲပြီ။ သို့သော် ဖျက်ဆီးခြင်းမခံရသေးပေ။ မှောက်မှားသော ဘာသာရေးကမ္ဘာ့အင်ပါယာအနေနှင့် လူတို့ကို လိမ်လည်လှည့်ဖြားရာတွင် စာတန်၏ပြောင်မြောက်သော လက်ရာအဖြစ် အခိုက်အတန့်တည်ရှိနေဦးမည်။ သူမအပေါ် ဘုရားသခင်ချမှတ်သည့် နောက်ဆုံးစီရင်ချက်ကား အဘယ်နည်း။ ဤအချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ယုံမှားသံသယရှိစရာမလိုပါ။ သမ္မာကျမ်းစာမှ ဗျာဒိတ် ၁၇:၁၊ ၂ ကို ဖွင့်ကြည့်ရအောင်။ ဤနေရာ၌ ကောင်းကင်တမန်တစ်ပါးက တမန်တော်ယောဟန်အား ပြောနေခြင်းဖြစ်သည်။ ယနေ့ ပရောဖက်ပြုချက်ကို လေ့လာနေသူတို့အားလည်း ယောဟန်မှတစ်ဆင့် ပြောနေခြင်းဖြစ်သည်။ ဤသို့ဆို၏။ “လာခဲ့ပါ။ ရေအများပေါ်မှာထိုင်သော ပြည့်တန်ဆာကြီး၌ တရားစီရင်ခြင်းအမှုကို ငါပြမည်။ မြေကြီးဘုရင်တို့သည် မတရားသောမေထုန်ကို သူနှင့်ပြုကြလေပြီ။ မြေကြီးပေါ်မှာ နေထိုင်သော သူတို့သည်လည်း သူမ၏မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြလေပြီ။” “ရေအများ” မှာ ပြည့်တန်ဆာကြီး ကာလကြာမြင့်စွာ ဖိနှိပ်ချုပ်ချယ်လာခဲ့သော ထကြွလှုပ်ရှားနေသည့် လူသားထုကြီးကို ရည်ညွှန်းနေခြင်းဖြစ်သည်။ “မြေကြီးပေါ်မှာ နေထိုင်သောသူတို့” သည် သူမ၏စပျစ်ရည်နှင့် ယစ်မူးကြလေပြီဟုလည်းဆိုသည်။ သူတို့သည် မဟာဗာဗုလုန်၏ မိစ္ဆာအယူများနှင့် သီလပျက်သောလောကီလမ်းစဉ်တို့ကို သောက်၍ ဒရီးဒယိုင်ယိမ်းထိုးနေကြသည်။ တရားမဝင်သော အပေါစားအရက်များသောက်၍ မူးထိုးသကဲ့သို့ဖြစ်သည်။

၁၂ ယာကုပ် ၄:၄ (သမာကျမ်း) ၌ ဤသို့ဖတ်ရသည်။ “အချင်းမျောက်မထားသူတို့၊ ဤလောကနှင့် မိတ်ဖွဲ့ခြင်းသည်၊ ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်ကြောင်း မသိကြသလော။” ဤနှစ်ဆယ်ရာစုဘာသာတရားတို့သည် ဤလောကကို မျက်နှာချိုသွေး၍ အလိုလိုက်အကြိုက်ဆောင်ရန် အားသွန်ကြိုးပမ်းနေကြသည်။ အထူးသဖြင့် ခရစ်ယာန်ဘောင်ဖြစ်သည်။ ဓမ္မဆရာတို့သည် ဆိုက်ရောက်လာသော ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို ကြေညာရန်ပျက်ကွက်ကြသည်သာမက သမ္မာကျမ်းစာ စာရိတ္တသွန်သင်ချက်များကို လျှော့ပေါ့ပေးပြီး အသင်းသားများအတွင်း၌လည်း လော်လီဖောက်ပြားမှုတို့ကို ခွင့်လွှတ်ထားကြသည်။ ဓမ္မဆရာတို့ကိုယ်တိုင်လည်း ကိုယ်ကာယမတရားမေထုန်ပြုခြင်း၌ အပြစ်ကင်းသူများမဟုတ်ကြချေ။ ဤသို့သော လိင်သီလပျက်ပြားခြင်းကို တမန်တော်ပေါလု အောက်ပါအတိုင်း ပြောဆိုရာ၌ တုံးတိပင် ရှုတ်ချပြစ်တင်ထားသည်။ “အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကို ခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း ယခုတွင် . . . ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁။

“ရွှံ့တွင် လူးပြန်၏”

၁၃၊ ၁၄။ (က) အဘယ်ဥပမာတို့က မျက်မှောက်ခေတ် ဓမ္မဆရာဘုန်းကြီးတို့သည် ‘ဆေးကြောသန့်ရှင်း’ ပြီးခြင်းမရှိကြောင်း ပြသသနည်း။ (ခ) အင်္ဂလန်ဂိုဏ်းအစည်းအဝေးတစ်ခုက လိင်တူဆက်ဆံခြင်းအကျင့်နှင့်စပ်လျဉ်း၍ အဘယ်သဘောထား ထုတ်ပြန်ခဲ့သနည်း။ သတင်းစာဆရာတစ်ဦးက မည်သို့အမည်ပြောင်းရန် အကြံပြုသနည်း။ (ဂ) အယူဖောက်ပြန်သော ဓမ္မဆရာဘုန်းကြီးတို့သည် တမန်တော်ပေတရု၏ အဘယ်စကားနှင့် ကိုက်ညီသနည်း။

၁၃ မျက်မှောက်ခေတ် ဓမ္မဆရာတို့သည် ‘ဆေးကြောသန့်ရှင်း’ ပြီးပြီလော။ ဥပမာအဖြစ် တစ်ချိန်က ပရိုတက်စတင့်ဂိုဏ်း၏အမာခံ ခံတပ်ကြီးဖြစ်ခဲ့သော ဗြိတိန်နိုင်ငံ၏ အခြေအနေကို သုံးသပ်ကြည့်ပါ။ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဗြိတိန်ဝန်ကြီးချုပ်က ဓမ္မဆရာဘုန်းကြီးတို့အား ကိုယ်ကျင့်တရားဘက်တွင် ရှေ့ဆောင်ဦးရွက်ပြုပါရန် မေတ္တာရပ်ခံသောအခါ အင်္ဂလန်ဂိုဏ်းဘုန်းကြီးတစ်ပါးက “လိင်တူဆက်ဆံသူတို့အနေဖြင့် လိင်မှုကိစ္စဖေါ်ထုတ်ရာတွင် ကျန်အခြားသူတို့နည်းတူ တန်းတူအခွင့်အရေးရှိသည်။ ဤကိစ္စ၏ ကောင်းကျိုးကိုကြည့်၍ လိင်တူဆက်ဆံသူတို့အချင်းချင်း သစ္စာစောင့်သိရန် အားပေးသင့်သည်” ဟုပြောခဲ့သည်။ လန်ဒန်မြို့ထုတ် သတင်းစာတစ်စောင်က ဤသို့ရေးသား၏။ “အင်္ဂလန်ကျမ်းစာသင် ကောလိပ်ကျောင်းတစ်ကျောင်း၌ လိင်တူဆက်ဆံမှုအကျင့် မည်မျှသောင်းကျန်းသနည်းဟူမူကား အခြားကောလိပ်ကျောင်းတစ်ကျောင်းမှ ကျောင်းသားတို့ကို ထိုကျောင်းသို့ အလည်အပတ်မသွားရန် ဝန်ထမ်းတို့က တားမြစ်ယူရသည်အထိဖြစ်သည်။ လေ့လာမှုတစ်ရပ် ခန့်မှန်းချက်အရ “လန်ဒန်ခရိုင်တစ်ခု၌ လိင်တူဆက်ဆံမှုဘက် တိမ်းညွတ်သော ဓမ္မဆရာအရေအတွက်မှာ စုစုပေါင်း၏ ထက်ဝက်ကျော်ရှိသည်။” အစည်းအဝေးတစ်ခု၌ အင်္ဂလန်မှ တက်ရောက်သူ ဓမ္မဆရာ ၉၅ ရာခိုင်နှုန်းက မတရားမေထုန်နှင့် သူ့အိမ်ရာပြစ်မှားခြင်းတို့ကို အပြစ်ဒုစရိုက်အဖြစ် သတ်မှတ်သောအဆိုကို ထောက်ခံကြသော်လည်း လိင်တူဆက်ဆံမှုကိုမူကား အပြစ်ဟုမသတ်မှတ်ကြချေ။ လိင်တူဆက်ဆံမှုကို စံမမှီခြင်းအဖြစ်သာ သတ်မှတ်ကြသည်။ ဤအချက်တို့ကို ဝေဖန်ရာတွင် သတင်းစာဆရာတစ်ဦးက အင်္ဂလန်ဂိုဏ်းကို သောဒုံနှင့် ဂေါမောရမြို့ဟူ၍ အမည်ပြောင်းလျှင်ကောင်းမည်အကြောင်း အကြံပြုခဲ့သည်။ လန်ဒန်မြို့ထုတ် သတင်းစာနောက်တစ်စောင်က ဤသို့ကြေညာခဲ့သည်။ “ဗြိတိသျှပြည်သူများအနေဖြင့် ပေါက်လွှတ်ပဲစားမျိုးဆက်တစ်ဆက်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို အလေးအနက်တွေးတောကြည့်လိုက်သောအခါ အလွန်တရာတုန်လှုပ်ချောက်ချားမိကြသည်။”

၁၄ နှစ်ပေါင်းများစွာအတွင်း အယူဖောက်ပြန်သော ဓမ္မဆရာဘုန်းကြီးတို့သည် တမန်တော်ပေတရု၏ အောက်ပါစကားတို့နှင့် ကိုက်ညီလှပေသည်။ ‘ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှ ရွှံ့တွင်လူးပြန်၏’ ဟုမှန်သောစကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။—၂ ပေတရု ၂:၂၂။

၁၅။ (က) ခရစ်ယာန်ဘောင်အနှံ့အပြားတွင် အဘယ်စာရိတ္တတန်ဖိုး ကျဆင်းခြင်းဖြစ်ပျက်နေသနည်း။ (ခ) ဤစိတ်ပျက်ဖွယ်ဆိုးကျိုးအတွက် မည်သူတာဝန် မျှယူရမည်နည်း။

၁၅ ခရစ်ယာန်ဘောင်အနှံ့တွင်သာမက စင်စစ်အားဖြင့် ကမ္ဘာတစ်ဝှန်းတွင် စာရိတ္တတန်ဖိုးကျဆင်းမှုမှာ ကြောက်ဖွယ်လိလိကောင်းလှသည်။ အချို့လူ့ဘောင်အဖွဲ့အစည်းတို့၌ ယခုအခါထိမ်းမြားလက်ထပ်ခြင်းကို မလိုအပ်သောအရာအဖြစ် သဘောထားလာကြပြီး ထိမ်းမြားလက်ထပ်ထားသူတို့ကလည်း လင်မယားသစ္စာစောင့်သိခြင်းကို ခေတ်မစားတော့ဟု ယူဆလာကြသည်။ တရားဝင်လက်ထပ်ပေါင်းသင်းသူ နည်းပါးလာသည်။ တရားဝင်ပေါင်းသင်းသူတို့တွင် လင်မယားကွာရှင်းနှုန်း မြင့်တက်လာသည်။ အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သော ၂၅ နှစ်ကျော်အတွင်း ကွာရှင်းမှု သုံးဆကျော်လာပြီး တစ်နှစ်လျှင် တစ်သန်းကျော်လာသည်။ ၁၉၆၅ ခုနှစ်မှစ၍ အနှစ် ၂၀ အတွင်းဗြိတိန်နိုင်ငံတွင် ကွာရှင်းမှု ၄၁၀၀၀ မှ ၁၇၅၀၀၀ အထိလေးဆဖြစ်လာသည်။ တစ်ကိုယ်ရေသမားတို့သည် လိင်တူလိင်ကွဲ တစ်ကိုယ်ရေသမားတို့နှင့်သာပေါင်းသင်းလိုကြပြီး အများမှာ တစ်ယောက်ပြီးတစ်ယောက် ထည်လဲပေါင်းသင်းကြသည်။ သူတို့သည် ကြောက်စရာကောင်းသော လိင်ဆက်ဆံရာမှ ကူးစက်သောရောဂါများ၊ အထူးသဖြင့် အေအိုင်ဒီအက်စ်ပြန့်ပွားခြင်းအတွက် စုတ်တသပ်သပ်ဖြစ်ကြသည်။ ဤသို့ပြန့်ပွားရခြင်းမှာ သူတို့၏ စာရိတ္တပျက်ပြားသောဘဝပုံစံကြောင့်ဖြစ်သော်ငြားလည်း သူတို့၏ ယုတ်ညံ့သည့် လိင်ဆက်ဆံမှုအကျင့်ဆိုးတို့ကို မစွန့်ပယ်ဘဲ ဇွတ်လုပ်နေကြသည်။ ခရစ်ယာန်ဘောင်ဓမ္မဆရာဘုန်းကြီးတို့သည် လမ်းမှားလိုက်နေသော အသင်းသားများကို ဆုံးမပဲ့ပြင်ခြင်းမပြုကြချေ။ စာရိတ္တပျက်ပြားမှုကို မသိကျိုးကျွန်ပြုသည့်အတိုင်းအတာနှင့်အညီ ဖြစ်ပေါ်လာသော စိတ်ပျက်ဖွယ်ဆိုးကျိုးအတွက် သူတို့တာဝန်မျှယူကြရပေမည်။—ယေရမိ ၅:၂၉-၃၁။

၁၆။ (က) မဟာဗာဗုလုန်ပြိုလဲပြီဖြစ်ကြောင်း ဘာကအလေးအနက်ပြသနည်း။ ဗျာဒိတ် ၁၈:၂ မှအဘယ်ကောင်းကင်တမန်၏ ကြွေးကြော်သံသည် ဆီလျော်လှသနည်း။ (ခ) ဤကမ္ဘာ၏အဆုံးကို ကပ်ကျော်လိုသူအပေါင်း ဘာလုပ်ရမည်နည်း။

၁၆ မှောက်မှားသော ဘာသာရေးကမ္ဘာ့အင်ပါယာအတွင်းရှိ ဝမ်းနည်းဖွယ်စာရိတ္တအခြေအနေကလည်း မဟာဗာဗုလုန်ပြိုလဲပြီဟူသောအချက်ကို အလေးအနက်ပြသနေသည်။ သူမအား ဘုရားသခင်စီရင်ချက်ချမှတ်ပြီး ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ သို့ဖြစ်သောကြောင့် ဗျာဒိတ် ၁၈:၂ မှ ကောင်းကင်တမန်၏ကျယ်လောင်သော ကြွေးကြော်သံမှာ အလွန်သင့်လျော်လှပေသည်။ “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။” ဤကမ္ဘာ၏အဆုံးကို ကပ်ကျော်လိုသူအပေါင်းတို့အနေဖြင့် အခန်းငယ် ၄ မှ မေတ္တာရပ်ခံချက်ကို တုံ့ပြန်သောအားဖြင့် ယခုချက်ချင်းအရေးယူလုပ်ဆောင်ရန် အလွန်အရေးကြီးသည်။ “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့။” မှောက်မှားသောဘာသာမှ ထွက်လာခြင်းမှာ ကျရောက်လုသော “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်လှမ်းမျှသာဖြစ်သည်။ (ဗျာဒိတ် ၇:၁၄) ထိုထက်မကလိုအပ်ကြောင်း ကျွန်ုပ်တို့တွေ့ရပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၀၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ပင်စီလ်ဗေးနီးယားပြည်နယ်၊ ပစ္စပတ်မြို့၊ ကာနက်ဂျီ ခန်းမ၌ ရပ်ဆဲလ် (Charles T. Russell) နှင့် ဒေါက်တာအီတန် (E. L. Eaton) တို့နောက်ဆုံးအခြေအတင် ဆွေးနွေးပွဲအပြီး၌ တက်ရောက်သူ ဓမ္မဆရာတစ်ဦးက ညီအစ်ကိုရပ်ဆဲလ်အနိုင်ရကြောင်း အသိအမှတ်ပြု၍ “ခင်ဗျားငရဲဘက်ကို ရေပိုက်ခေါင်းဖွင့်ပြီး ငရဲမီးကို ငြိမ်းသတ်လိုက်တာကို တွေ့ရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်” ဟုပြောခဲ့သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ရှေးအီဂျစ်နှင့် ခရစ်ယာန်ဘောင်မှ သုံးပါးတစ်ဆူ ဘုရားရုပ်ပုံများ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာက အကျင့်ပျက်ဘာသာရေး ခေါင်းဆောင်များကို ဆေးကြောပြီးမှရွှံ့ပြန်လူးသောဝက်နှင့် နှိုင်းယှဉ်ထားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ