မှောက်မှားသောဘာသာ၏ပြည့်တန်ဆာ လုပ်ရပ်
၁။ ပြည့်တန်ဆာလုပ်ငန်းကို အများသောသူတို့က အဘယ်သို့ယူမှတ်ကြသနည်း။
ပြည့်တန်ဆာ၊ ဇိမ်မယ် သို့မဟုတ် အပြာမယ်လုပ်ငန်းကို အချို့က ရှေးအကျဆုံး သက်မွေးမှုလုပ်ငန်းဟု ခေါ်ကြသည်။ ယေဘုယျအားဖြင့် ဤစကားလုံးတို့သည် အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ ယောက်ျားတို့အား အသုံးတော်ခံရန် မိမိတို့ကိုယ်ခန္ဓာကို ရောင်းစားသော အကျင့်စာရိတ္တပျက်သည့် မိန်းမကို ရည်ညွှန်းခြင်းဖြစ်သည်။ သို့ရာတွင် ဤလုပ်ငန်းကို ဂုဏ်အသရေရှိသော အသက်မွေးမှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အချိန်တစ်ချိန်ရှိခဲ့သည်။
၂၊ ၃။ ရှေးဗာဗုလုန်တွင် ယဇ်ပုရောဟိတ်မတို့ ထမ်းဆောင်ရသော အခန်းကဏ္ဍသည် ယောက်ျားမိန်းမပြည့်တန်ဆာလုပ်ငန်း နှင့်ပတ်သက်၍ ဣသရေလအမျိုးအား ယေဟောဝါပေးတော်မူသည့် ပညတ်တရားနှင့် အဘယ်သို့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သနည်း။
၂ ရှေးဗာဗုလုန် ယဇ်ပုရာဟိတ်အဖွဲ့ အကြောင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာဆိုင်ရာ ရှေးဟောင်း သုတေသနအာဏာပိုင်တစ်ဦးဖြစ်သော ပါမောက္ခ ဟွတ်ခ် (S. H. Hooke) က အောက်ပါအတိုင်း ဖေါ်ပြထားသည်။ “ယဇ်ပုရောဟိတ်အဖြစ် အမျိုးသားများသာ ပါဝင်ခွင့်ရှိသည်မဟုတ်ဘဲ ဘုရားကျောင်းကန်ကြီးများ၌ အမျိုးသမီးများကို ဝန်ထမ်းများအဖြစ် ဖွဲ့စည်းထားသည်။ ယဇ်ပုရောဟိတ်မအဖွဲ့တွင် ပါဝင်ရခြင်းကို ဂုဏ်ဒြပ်တစ်ရပ်အဖြစ် မှတ်ယူကြသည်။ ရှင်ဘုရင် တော်တော်များများက မိမိတို့၏သမီးတော်တို့ကို ယဇ်ပုရောဟိတ်လုပ်ငန်းအတွက် ဆက်ကပ်အပ်နှံကြသည်ကို ကျွန်တော်တို့ကြားရသည်။ . . . သူတို့ထမ်းဆောင်ရသော အရေးအကြီးဆုံးလုပ်ငန်းမှာ ရာသီပွဲတော်ကြီးများ၌ မြင့်မြတ်သော ပြည့်တန်ဆာများအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။ . . . အိရှတာ [Ishtar, ဖွံ့ဖြိုးထွန်းကားခြင်းနှင့် စစ်မက်ဆိုင်ရာ နတ်သမီး] ၏ဗိမာန်၌ ထိုသို့သော အမျိုးသမီးဝန်ထမ်း အများအပြားရှိသည်မှာ သဘာဝကျပေသည်။”
၃ ယင်းသည် ယေဟောဝါဘုရားသခင်အား ဣသရေလလူမျိုး ဝတ်ပြုကိုးကွယ်မှုနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည်။ ပညတ်တရားက ဤသို့ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းထားသည်။ “ဣသရေလအမျိုးသမီးတို့တွင် ကျောင်းကန်ဘုရားဆိုင်ရာ ပြည့်တန်ဆာမရှိရ။ ဣသရေလအမျိုးသားတို့တွင် ကျောင်းကန်ဘုရားဆိုင်ရာ၊ ထိုသို့သော ယောက်ျား [လိင်တူ ဆက်ဆံမှုပြုရန်] လည်းမရှိရ။ ပြည့်တန်ဆာအခငွေ၊ ခွေးအခငွေကို သစ္စာကတိပြေစေခြင်းငှာ၊ သင်၏ဘုရားသခင် [ယေဟောဝါ] ၏အိမ်တော်သို့ မဆောင်မသွင်းရ။ အကြောင်းမူကား သင်၏ဘုရားသခင် [ယေဟောဝါ] ရှေ့တော်၌ ထိုသို့သောငွေသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။” (တရားဟောရာ ၂၃:၁၇၊ ၁၈။ သမ္မာကျမ်းစာတော်] သို့ဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ ရသောအခငွေကို ဘုရားသခင့်သန့်ရှင်းရာ ဌာနတော်အတွက် အလှူငွေအဖြစ် လက်မခံပေ။ ဘာသာရေးအနှစ်သာရ မဆောင်သော ပြည့်တန်ဆာလုပ်ငန်းမျိုးပင် အသရေယုတ်သည်။ ဣသရေလအမျိုးအား ဤသို့အမိန့်ပေးထားသည်။ “ကိုယ်သမီးကို ပြည့်တန်ဆာဖြစ်စေခြင်းငှာ မရှုတ်မချရ။ သို့ပြုလျှင် တစ်ပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။” ပြည့်တန်ဆာလုပ်ခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့ကို “ရွံရှာဖွယ်သောအမှု” ဟု ဖေါ်ပြ၍ တားမြစ်ထားသော ပညတ်တရားသည် ဣသရေလလူမျိုးအတွက် ဝိညာဉ်ရေးဘက်တွင်ရော၊ ကာယရေးဘက်တွင်ပါ အကာအကွယ်တစ်ရပ်ဖြစ်ခဲ့သည်။—ဝတ်ပြုရာ ၁၉:၂၉။ ၂၀:၁၃။
ဝိညာဏပြည့်တန်ဆာလုပ်ငန်း သာ၍ဆိုးရွား
၄။ အဆိုးဆုံး ပြည့်တန်ဆာလုပ်ငန်းကား အဘယ်နည်း။
၄ သို့သော် ဘုရားသခင့်ရှုထောင့်မှကြည့်လျှင် သာ၍ဆိုးရွားသော ပြည့်တန်ဆာလုပ်ငန်းတစ်မျိုးရှိသည်။ ယင်းမှာ ဝိညာဏပြည့်တန်ဆာလုပ်ငန်း၊ သို့မဟုတ် မှန်သောဘုရားသခင်အား ကိုးကွယ်သည်ဟုဆိုလျက်နှင့် စင်စစ်၌ အခြားသောနတ်ဘုရားတို့ကို မြတ်နိုးကိုးကွယ်ခြင်းဖြစ်သည်။ ရှေးယေရုရှလင်မြို့သည် ပြည့်တန်ဆာလုပ်ရာတွင် ထိုထက်ပို၍ကဲသေးသည်။ သူမသည် မိမိနှင့် ဝိညာဏမတရားမေထုန်ပြုသော လူမျိုးတို့အား လက်ဆောင်ပဏ္ဏာပေး၍ စစ်မှန်သော ကိုးကွယ်မှုကို ညစ်ညူးစေ၏။—ယေဇကျေလ ၁၆:၃၄။
၅၊ ၆။ ဤ ၂၀ ရာစုနှစ်တွင် ဝိညာဏပြည့်တန်ဆာလုပ်ငန်းကို မည်သူတို့ ပြုလုပ်နေကြသနည်း။ ယင်းက အဘယ်မေးခွန်းများ မေးစရာဖြစ်လာသနည်း။
၅ ဤ ၂၀ ရာစုနှစ်အတွင်း၌ပင် ဝိညာဏပြည့်တန်ဆာလုပ်ငန်းကို ကမ္ဘာ့ဘာသာရေးစနစ်အတွင်း နေရာတိုင်း၌ တွေ့နေရသည်။ ထိုစနစ်၏ အထူးထင်ပေါ်သော အပိုင်းမှာ ခရစ်ယာန်ဘောင်ဖြစ်သည်။ ထိုစနစ်ကို သမ္မာကျမ်းစာက “ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သော အရာတို့၏အမိ” ဟူ၍ ခေါ်ဝေါ်သမုတ်ထားသည်။—ဗျာဒိတ် ၁၇:၅။
၆ သို့သော် မဟာဗာဗုလုန်၏ နောက်ဆုံးကြမ္မာ မည်သို့ရှိသနည်း။ ထိုနောက်ဆုံးအကျိုးရလဒ်သည် သင်နှင့်တကွ သင်မြတ်နိုးသူတို့အား မည်သို့ထိခိုက်မည်နည်း။ ရှေးဣသရေလအမျိုးတွင် ပြည့်တန်ဆာတို့ကို ဘုရားသခင်အပြစ်စီရင်တော်မူခဲ့လျှင် ခေတ်သစ်ဝိညာဏပြည့်တန်ဆာလုပ်ငန်းကို ကိုယ်တော်မည်သို့ပြုတော်မူမည်နည်း။ နောက်ဆက်တွဲ ဆောင်းပါးများ၌ ဤမေးခွန်းများနှင့်တကွ ဆက်နွယ်မှုရှိသော မေးခွန်းများကို စစ်ဆေးသုံးသပ်သွားမည်။